book

Index 2

Part-[ 2 ]

ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁

••••••••••• Part-[ 2 ] ••••••••••••

""အ...အဟွတ်!""

ပြောစကားမှ မဆုံးသေးခင် ဖွဲ့ရဲ့လည်တိုင်လေးကို အားပါပါ ဆုပ်ညှစ်ခြင်းခံလိုက်ရတော့ မျက်လုံးထဲပြာဝေကာ အသက်ရှူများပင် ကျပ်လာသည်အထိ။ ဘယ်လိုပဲဖြစ်နေပါစေ...ဆုပ်ကိုင်ထားသော ထိုလက်တို့ကတော့ ပြေလျော့မသွားခဲ့ပေ။ သေအောင်သတ်မှာတော့ မဟုတ်မှန်းသိပြီးသားမို့ ဖွဲ့ မရုန်းတော့ဘဲ ငြိမ်သက်၍သာနေမိသည်။ အသက်၂၀မတိုင်ခင်အထိ ဖွဲ့ရဲ့ရှင်သန်ခြင်းက သူတို့အတွက် အကျိုးရှိသည်လေ...။ ဖွဲ့ အသက်၂၀ပြည့်တဲ့အခါ အဘိုး ချန်ထားရစ်ခဲ့သော အမွေကို ဥပဒေအရ တရားဝင်လွှဲပြောင်းယူရမည်ဖြစ်သည်။ ဘယ်လိုကြောင့်ရယ်မသိ အဘိုးက သူပိုင်သမျှစည်းစိမ်ရဲ့သုံးပုံနှစ်ပုံကို တစ်ဦးတည်းသော မြေးဖြစ်တဲ့ ဖွဲ့တစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည်ဟု စီစဥ်ထားခဲ့ပြီး အဲ့ဒါကိုလည်း ဖွဲ့အသက်၂၀တိတိပြည့်တဲ့နေ့မှသာ ရှေ့နေတွေကတဆင့်လွှဲအပ်မှာဖြစ်သည်။

လွန်ခဲ့တဲ့ ၇နှစ်က ဒီစံအိမ်ကြီးတစ်ခုလုံး ဗြောင်းဆန်ခဲ့ရသော မီးလောင်မှုရဲ့နောက်မှာ...ဖွဲ့ရဲ့ဘဝလည်း အခုလိုဖြစ်သွားခဲ့ရခြင်းပါပဲ။ အရမ်းချစ်ပေး အလိုလိုက်ပေးခဲ့တဲ့ အဘိုးဖြစ်သူက ရောဂါတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး...လပိုင်းလောက်သာ ကြာသည့်အချိန်အတွင်း အေးချမ်းနေသည့် 'ရွှေပတ္တမြား'စံအိမ်မှာ မီးမုန်တိုင်း တိုက်ခဲ့သလိုပင်...အရာရာ ပြောင်းလဲသွားခဲ့သည်က ဆိုးရွားသော ဦးတည်ဘက်သာဖြစ်နေခဲ့၏။

""အဟွတ်!""

""စကားကိုဆင်ခြင်ပြော...မုန်းမဖွဲ့
ငါက နင့်အမေဆိုတာ လူတိုင်းသိတဲ့အမှန်တရား..နင်လည်းလက်ခံရမယ့်အမှန်တရား။ ဒါမျိုးတွေ လျှောက်ပြောလည်း နင့်လိုလူရဲ့စကားကိုဘယ်သူကယုံမှာတဲ့လဲ...သမီးလေးရယ် မေမေ့ကို စကားတွေအများကြီးပြောရအောင် မလုပ်စမ်းပါနဲ့""

အခုမှပဲ လက်တွေကိုလွှတ်ပေးလိုက်တော့ အသက်ကို ခက်ခက်ခဲခဲရှူရင်း ဖွဲ့ ငြိမ်သက်နေမိသည်။ အမေတဲ့! သူ့လိုလူမျိုးက ဖွဲ့ရဲ့အမေတဲ့လား? မေမေက သိပ်ကို သိမ်မွေ့ပြီးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်...သူ့လို အတ္တကြီးတဲ့ ငွေမက်တဲ့ မိန်းမရိုင်း မဟုတ်ဘူး။ သူက အရေခြုံ...ဟန်ဆောင်ထားတဲ့ လူလိမ်! ဖွဲ့ သိတယ်...သူက မေမေမဟုတ်ဘူး...

""မဟုတ်ဘူး""

စိတ်ထဲက အော်သံသဲ့သဲ့က အပြင်သို့ခုန်ထွက်သွားခဲ့လေတော့ မျက်လုံးစူးစူးများဖြင့်ကြည့်ကာ ချက်ချင်းလှည့်ထွက်သွားလေ၏။ လေညှင်းကလည်း အတူတူလိုက်ထွက်သွားပြီး အခန်းတံခါးကိုတော့ အပြင်ကပိတ်ပစ်လိုက်သည်။ အမှောင်ထုထဲမှာ ကျန်နေခဲ့ပေမယ့် ထူးပြီးကြောက်မနေတော့ပါ။ ရိုးနေပြီပဲ...ဘဝကိုက မှောင်မိုက်နေခဲ့တာ...။အမှောင်ဆိုတာ 'မုန်းမဖွဲ့သာ'အတွက် အသားကျနေပြီးသား အရာတစ်ခုပဲလေ။

ဖွဲ့ကို ကြည့်သွားတဲ့ အဲ့ဒီ့မျက်လုံးတွေကအစ မေမေနဲ့မတူတာပါ။ သိမ်မွေ့ခြင်းအရိပ်အယောင်မရှိတဲ့ မျက်လုံးတွေက ဒေါသမာန်အပြည့်ဖြင့် စူးရဲနေတတ်တာ တကယ့်ကိုမှကြောက်မက်ဖွယ်ပင်။ ဒါပေမယ့် မျက်နှာနဲ့ အရပ်အမောင်း အသွင်သဏ္ဌာန် အားလုံးကတော့ မေမေနဲ့ခွဲမရအောင်တူလွန်းနေသည်က ဘာကြောင့်ပါလဲ။ မေမေက 'ရွှေပတ္တမြား'စံအိမ်သခင် ဘိုးဘိုး ဦးနေရှိန်ဝါရဲ့ တစ်ဦးတည်းသော သမီးဖြစ်သလို ဖွဲ့ကလည်း တစ်ဦးတည်းသော မြေးပါ။ မီးလောင်မှုဖြစ်စဥ်အတွင်းက ထိုမြင်ကွင်းကိုသာ ဖွဲ့မမြင်မိခဲ့ပါလျှင် မျက်စိရှေ့က ဒီအမျိုးသမီးကို မေမေလို့ပဲ ထင်နေမိဦးမှာ...။

!မေမေ...
မေမေ ဘယ်ကိုရောက်သွားခဲ့တာလဲ?
တစ်နေရာရာမှာ အသက်ရှင်နေသေးလားဟင်
ဒါမှမဟုတ် ဒီလောကမှာမရှိတော့တာလား?!

ဆွေးမြေ့သော ခံစားချက်နဲ့အတူ ပါးပြင်ထက်သွင်သွင်စီးကျနေသော မျက်ရည်တွေကတော့ အတားအဆီးမဲ့နေခဲ့၏။ ဘာတွေပြောင်းလဲသွားမှန်း နားမလည်ခဲ့သော အခြေအနေတွေကြား နှုတ်ဆိတ်ရှင်သန်လာခဲ့ရတာ ၇နှစ်တာပင် လွန်မြောက်ခဲ့လေပြီ။ သိနေသမျှအမှန်တရားကို ဖွင့်ဟပြောပြီး အကူအညီတောင်းဖို့ရန်လည်း အင်အားမရှိ။ ဘာသက်သေမှမရှိ...အခြေအမြစ်မရှိတဲ့စကားကို ဘယ်သူက ယုံပေးမှာတဲ့လဲ? အားလုံးရဲ့အမြင်မှာတော့ အခုအနေအထားဟာ နေရာတကျပဲလေ။ ဒီအခန်းလိုပဲ မှောင်မိုက်လွန်းတဲ့ ဖွဲ့ဘဝက ရှေ့မှာ ဘယ်လိုတွေ ဆက်ဖြစ်လိမ့်မလဲ? သေချာသည်ကတော့ ဒီဘဝကို အလင်းရောင်ပေးမယ့်သူဆိုတာလည်း ရှိနိုင်တော့မယ်မထင်ပါဘူးလေ။
(ရှိပါတယ်...ကလေးရယ်😁)

~~~~~🍁🍁🍁🍁🍁~~~~~

""သခင်မလေး...ထမင်းစားချိန်ရောက်ပါပြီရှင့်""

အချိန်မှန်ထမင်းကျွေးနေတော့ တကယ်တော်ပါသေးရဲ့ ။ ဟိုတစ်နေ့က မွေးနေ့ပွဲကိစ္စကြောင့် အဲ့ဒီလျှို့ဝှက်ခန်းထဲမှာ မိုးလင်းပေါက်နေခဲ့ရသေးပေမယ့် အများရှေ့မှာဆိုရင်တော့ တကယ့်ကို စံပြမိခင်ပါပဲ။ ဒီနေ့ အိမ်မှာဧည့်သည်ရှိနေတယ်ထင်ပါရဲ့ ...။ 'မေမေ' ဆိုသူကထမင်းကို ကိုယ်တိုင်တောင် တယုတယခွံ့ပေးဖို့ စောင့်နေလေ၏။ သူများတွေရဲ့ အမြင်မှာတော့ ဖွဲ့က သိပ်ကိုအချစ်ခံရတဲ့ မင်းသမီးလေးတစ်ပါးလိုပင်။

""သမီးလေး ...လာ
ဒီနေ့ နေကောင်းရဲ့လား?""

ခေါင်းကိုသာ ငြိမ့်ပြမိရင်း ခွံ့ပေးသောထမင်းကို အသာတကြည်စားနေလိုက်၏။ အနားက သူ့မိတ်ဆွေ ဧည့်သည်အမျိုးသမီးဆိုသူကတော့ ခပ်ပြုံးပြုံးလေးကြည့်နေရင်း...

""ဒီအရွယ်အထိ သမီးကို ကိုယ်တိုင်ထမင်းခွံ့ပေးတယ်နော်...ဧကရီကစိတ်ရှည်လိုက်တာ""

""သြော်...နှင်းရယ် သွေးသားဆိုလို့ဒီသမီးလေးတစ်ယောက်ပဲရှိတာလေ...ပြီးတော့ သမီးလေးကသူများနဲ့မတူဘဲ အားနည်းချက်ရှိတဲ့ကလေးဆိုတော့ အစေခံတွေနဲ့လည်း စိတ်ချထားလို့မရဘူးရယ်...သူစိမ်းတွေဆိုတော့ သိတယ်မလား...ကွယ်ရာမှာ ကလေးကိုအနိုင်ကျင့်မှာစိုးလို့ အမြဲကြည့်နေရတာ""

""အင်း...သမီးလေးကတော့ ဒီလိုအမေမျိုးရထားတာသိပ်ကံကောင်းတာပဲနော်""

ခေါင်းလေးကို ဖွဖွလှမ်းပုတ်လျက်ဆိုလာသော စကားသံကို ဖွဲ့ အသိအမှတ်ပြုတယ်ဆိုရုံလေးတောင် ဟန်ဆောင်မပြုံးပြမိ။ မျက်နှာသေလေးသာဖြစ်နေတော့ တစ်ဖက်လူကလည်း အပြုံးတို့ရပ်သွားလေ၏။

""နဒီ...လာခဲ့ဦး!
ထမင်းကျွေးပြီးရင် သမီးလေးကိုခြံထဲခဏခေါ်သွားလိုက်...အပြင်လေလေးရှူရအောင်""

""ဟုတ်ကဲ့ပါ...သခင်မကြီး""

""သမီးလေး...ပန်းချီမဆွဲတာကြာနေပြီလေ
အပျင်းပြေ ပန်ချီလေးဆွဲပါဦးလား...မေမေ့သမီးလေးလက်ရာကို ကြည့်ရအောင်""

""သမီးက ပန်းချီဆွဲတော်တာလား""

""ဟုတ်တယ်....နှင်းရဲ့
သမီးက ပန်းချီဆွဲ သိပ်တော်တာ""

""သြော်!""

""......""

ထမင်းစားပြီးပြီမို့ ထိုနေရာကနေထွက်လာရတော့ အနောက်ကစကားပြောသံတွေနဲ့ ဝေးကွာလာခဲ့သည်။ ညနေခင်းလေးတွေတိုင်းတော့ ဖွဲ့ ခြံထဲတစ်ခေါက် ဆင်းရပါသည်။ ပုံမှန်အချိန်တွေမှာတော့ အခန်းထဲမှာသာ နေရသည်ပေါ့။ ဒီအိမ်ကြီးရဲ့ အုတ်တံတိုင်းစည်းရိုးက အတော်လေးကိုမြင့်မားတာကြောင့် အပြင်ဘက်ကို လှမ်းမြင်ရဖို့သိပ်မလွယ်လှပေ။ အပေါ်ကကြည့်ရင်တော့ မြင်ရပေမယ့် ဖွဲ့ကတော့ အပေါ်ထပ်ကို မရောက်တာကြာပြီပဲလေ။

ကိုယ့်အခန်း၊ အိမ်ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ ခြံထဲကလွဲရင် ဘယ်နေရာမှမရောက်ဖြစ်။ စံအိမ်ကြီးရဲ့အပြင်ဘက်ကိုဆို မရောက်ဖူးတာ နှစ်နဲ့ချီခဲ့ပြီ။ အဲ့ဒီအုတ်တံတိုင်းရဲ့ တစ်ဖက်မှာ ဘာတွေရှိလဲ...ဘယ်သူတွေရှိလဲ...လောကကြီးက ဘယ်လိုလည်ပတ်နေလဲ...ဘာဆိုဘာမှ ဖွဲ့ မသိခဲ့ပေ။ တစ်ခါတစ်လေတော့လည်း အဲဒီ့အတားအဆီးကို ကျော်လွန်ပြီး အဝေးကြီးကို ပြေးထွက်သွားချင်မိသည်။ လက်တွေ့မပါဝင်တဲ့ စိတ်ကူးတွေထဲမှာလည်း အကြိမ်ကြိမ်ကို ကျော်ဖြတ် ပြေးထွက်ခဲ့ဖူးတာပေါ့။ သို့ပေမယ့် စိတ်ကူးသက်သက် ၊ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေပါပဲ။ ဖွဲ့အတွက်ကတော့ ဒီစံအိမ်က လေးဘက်လေးတန် ပိတ်လှောင်နေတဲ့ အကျဥ်းထောင်ကြီးတစ်ခုလိုပင်။ တစ်နေ့ကျရင်တော့ ကိုယ်မမြင်ဖူးတဲ့ အပြင်ဘက်လောကမှာ လွတ်လပ်စွာ ပျံသန်းခွင့်ရချင်ပါသေးရဲ့ ။

""သခင်မလေးက တော်လိုက်တာ
ပန်းချီလေးက အရောင်တွေစုံနေတာပဲ""

အတွေးတို့နစ်မြောကာ ရှေ့က စာရွက်ဖြူဖြူပေါ်၌ ရေးခြယ်ထားသည့် ဆေးရောင်စုံတို့က ဘာပုံမှန်း ရည်ညွှန်းမရအောင်ပင်။ ဒါကို လှတယ်ဆိုပြီး စိတ်ချမ်းသာအောင် ပြောလာပေးသည့် နဒီက ဖွဲ့အပေါ်သံယောဇဥ်အရှိဆုံး အစေခံမလေးပါ။ သူ့ကြောင့်လည်း ဖွဲ့မကြာခဏဆိုသလို ပြုံးဖြစ်ရတာ..။အခုလည်း သူ့အပြောလေးကြောင့် ဖွဲ့ သဘောတကျလေးပြုံးကာ မညီညာသည့်ဆေးရောင်လေးတွေကို ညှိလိုက်တော့ လှပသည့် ရှုခင်းလေးအသွင်ဖြစ်သွားလေ၏။

""ဟယ်...ပိုလှသွားပြီ""

""ညီမလေး...ပန်းချီဆွဲနေတာကိုး
ပြပါဦး...လက်ရာလေး""

အသံနဲ့အတူ ကနွဲ့ကလျဟန်ပန်ဖြင့် လျှောက်လှမ်းလာသူကတော့ 'လေညှင်းသွဲ့သာ' ပင်။ ခေတ်မီမီအပြင်အဆင်ရှိကာ ပညာရည်လည်းပြည့်ပြီး ဘွဲ့ရပညာတတ်ဖြစ်သည့်အပြင် ပွင့်လင်းသွက်လက်သော အမူအရာကြောင့် သူမကတော့ အများအမြင်မှာ ထက်မြက်လှသည့်သမီးရတနာပေါ့။

ဖွဲ့ကတော့ ခန္ဓာကိုယ်ရဲ့ အားနည်းချက်ကြောင့် အတန်းပညာကိုတောင် မနည်းကြိုးစားသင်ယူခဲ့ရတာလေ။ ၈တန်းနှစ်ကစပြီး လမ်းမလျှောက်နိုင်တော့တဲ့ ဖွဲ့က ရင်းနှီးသည့် Private Schoolက ကျောင်းအုပ်ရဲ့ အကူအညီဖြင့် ဆေးခွင့်နဲ့ပညာသင်ခဲ့ရသည်။ စာမေးပွဲဖြေချိန်သာ ကျောင်းသွားရပြီး ကျန်တဲ့စာသင်ချိန်တွေကိုတော့ ပါမောက္ခတွေနဲ့ အိမ်မှာသာ သင်ခဲ့ရသည်။ ဒီလိုနဲ့ ၈တန်း၊ ၉တန်း ပြီးခဲ့ပြီး ၁၀တန်းနှစ်မှာတော့ စာတွေသာသင်ရပေမယ့် စာမေးပွဲမဖြေခဲ့ရတော့ပေ။ ဘာလို့မှန်းမသိပေမယ့် ဒေါ်ဧကရီပြောတာကတော့ နေမကောင်းတဲ့ သမီးလေးကို စာတွေပိပြီး မပင်ပန်းစေချင်လို့တဲ့လေ။ ပညာရေးမပြည့်စုံလည်း မေမေ့ရင်ခွင်မှာပဲ တစ်သက်လုံးစောင့်ရှောက်မယ်တဲ့။ ဒီအပြောက တကယ်ရောရိုးသားပါရဲ့လား...။ဖွဲ့ ပညာတတ်နေရင် သူတို့ စိတ်ကြိုက်ခြယ်လှယ်ခွင့်မရမှာ စိုး၍လား...မသဲကွဲနိုင်စရာပင်။

""ညီမလေး...ဒီနားမှာ အပြာရောင်လေးထည့်လေ""

"".....""

""နဒီ...ငါ့ကားထဲမှာ ညီမလေးအတွက်မုန့်ဝယ်လာတယ်...သွားယူပေးပါလား""

""ဟုတ်ကဲ့...မမလေး""

ပြောကာ ထွက်သွားသည့် အစေခံကိုကြည့်ရင်း လေညှင်း နှာခေါင်းရှုံ့လိုက်သေး၏။ အလကား...မူလတန်းကလေး လျှောက်ခြစ်သလောက်ရှိတဲ့ ပန်းချီကို မြှောက်ပင့်ပြီးလျှောက်ပြောနေတာပဲ...နားခါးလိုက်တာ။

""ဟင်!""

မကြည်သာသော အတွေးတို့မဆုံးသေးခင် မုန်းမဖွဲ့ရဲ့ လည်ပင်းဆီသို့ အကြည့်ရောက်မိတော့ စိတ်ထဲ ဖျင်းခနဲဖြစ်ကာ ဒေါသစိတ်တို့ရောက်လာပြန်၏။ ဆွဲကြိုး...။ လေညှင်းထင်တာမမှားရင် အခုသူ့လည်ပင်းမှာ ရှိနေတဲ့ ဆွဲကြိုးက ကိုကိုစစ်ပေးထားတာပဲ။ မွေးနေ့မတိုင်ခင် နှစ်ရက်က စစ်ရန်မခ ကို လက်ဝတ်ရတနာဆိုင်တစ်ခုမှာ တွေ့ခဲ့သည်။ jewelleryအများကြီးထဲမှာ 'Love'လို့ အဓိပ္ပာယ်သက်ရောက်သည့် ဆွဲကြိုးလှလှလေးကို သူဝယ်သွားခဲ့တာပဲ။ ခပ်လှမ်းလှမ်းက ဆိုပေမယ့် လေညှင်းအသေအချာကိုတွေ့လိုက်ပါသည်။အစကတော့ ကိုယ့်ကို ပေးလေမလားလို့ လိုရာဆွဲတွေးခဲ့သေးပေမယ့် အခုတော့ကြည့်...ဒီကလေးမဆီရောက်နေပြန်ပြီ။

နင်ကလေ...အမြဲတမ်း ငါပိုင်ရမယ့်အရာတွေကို လုယူတယ် မုန်းမဖွဲ့ ။ လက်ရှိ ဒီစံအိမ်ရဲ့ သခင်မကြီးက ငါ့အမေဖြစ်လျက်နဲ့ အားလုံးက နင့်အမေလို့ပဲသိကြတယ်။ သမီးအရင်းဖြစ်တဲ့ ငါက...မွေးစားသမီးဆိုပြီး မျက်နှာငယ်ငယ်နဲ့နေရတယ်။ တကယ်ဆို ငါကလည်း ဒီအိမ်ရဲ့သခင်မပဲဖြစ်ရမှာ...အခုတော့ နင်တစ်ယောက်ထဲကပဲ ရွှေအိမ်စံလေးလို နေတယ်...။ပြီးတော့ ငါချစ်တဲ့ 'စစ်ရန်မခ'...။သူရဲ့စိတ်အာရုံကလည်း နင့်ဆီမှာပဲရှိတယ်..။ဘာလို့လဲ ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား...ဘာလို့နင့်လိုလူကို မယှဥ်နိုင်ရတာလဲ??

ပူလောင်ပြင်းပြသော စိတ်တို့ကြောင့် အတွေးတို့ကရုတ်ချည်းမှောင်မိုက်သွားသည့် ခဏ...ညီမဖြစ်သူကို ခေါ်ကာ ခြေလှမ်းတို့ကို ရှေ့ဆက်လိုက်မိ၏။ စံအိမ်ရဲ့ ဘေးဘက်မှာ ပန်းပင်တွေ အမျိုးစုံ၊ အရောင်စုံပျိုးထားသည့် ပန်းရုံလေးရှိပြီး ထိုနေရာရဲ့ မလှမ်းမကမ်းမှာတော့ ရေကူးကန်ကြီးရှိနေသည်။

မကျေနပ်နိုင်သည့်စိတ်တို့က လောင်မြိုက်နေသဖြင့် မျက်လုံးထဲလည်း ဘာကိုမှမြင်နိုင်ပေ။ သနားညှာတာစိတ် အလျဥ်းကင်းမဲ့ကာ အမှား၊အမှန်ဆုံးဖြတ်နိုင်စွမ်းတို့သည်လည်း ဝေဝေဝါးဝါးနဲ့ ခြေလှမ်းတွေကိုသာရှေ့ဆက်နေမိ၏။

""......""

ဖွဲ့လည်း သူခေါ်လာသည့်နေရာသို့ ဒီအတိုင်းလေး ပါလာရပေမယ့် ဘာလုပ်ချင်မှန်း နားမလည်နိုင်ပေ။ ထို့ကြောင့် မျက်လုံးလေးအဝိုင်းသားနဲ့ ရှိနေစဥ်...

""နင် ဒီအနားကိုမရောက်ဖူးတာကြာပြီ မလား
ကြည့်ပါဦး...ရေတွေကကြည်နေတာပဲ...ဆင်းပြီးတော့ ကစားချင်လား...သွားလေ!""

""ဟင်! လေညှင်း...နင် ဘာလုပ်...""

""အ!....ဗွမ်း!""

စကားမှမဆုံးသေးခင် အနောက်က ကိုင်ထားသည့်လက်ကို အရှိန်ထည့်လိုက်ပြီးမှ တွန်းလွှတ်လိုက်တော့ ကူကယ်ရာမဲ့စွာပင် မျက်စိရှေ့က ရေကန်ကျယ်ထဲ ကျရောက်သွားရတော့...

""အဟွတ်..!!""

""ဟား...ဟား! ကူးလေ..ကူးစမ်း
စိတ်ချပါ...နင့်ကို မသတ်ဘူး...ခဏလေးပဲ သည်းခံ...ဟား..ဟား..ဟား!""



ဖွဲ့ ကြောက်အားလန့်အားဖြင့် ရေထဲ၌ အသက်လုရုန်းကန်နေပေမယ့် ကယ်သူမဲ့စွာ နစ်မွန်းနေသည့် ခံစားချက်နဲ့အတူ ရုန်းကန်နိုင်စွမ်းမရှိသောခြေထောက်တွေက ရေကန်ရဲ့ကြမ်းပြင်ဆီသို့သာ ဆွဲခေါ်နေသလိုပင်။ သို့သော် တတ်နိုင်သမျှအစွမ်းကုန် ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းမှ အသိတို့ဝေဝါးလာကာ ခပ်ရေးရေး အတိတ်ပုံရိပ်တို့က တဖျတ်ဖျတ်နဲ့ အာရုံမှာ တိုးဝင်လာကြလေ၏။

လွန်ခဲ့သော(7)နှစ်ခန့်က...

""မီး...မီး....စံအိမ်ထဲမှာမီးလောင်နေတယ်
သခင်ကြီးရဲ့ စာဖတ်ခန်းမှာလည်း အော်သံကြားတယ်""

""သခင်မလေး...ဘယ်မှာလဲ?""

""သခင်မလေး...""

တိတ်ဆိတ်နေသော ညနက်နက်အချိန်မှာ 'ရွှေပတ္တမြား'စံအိမ်ကတော့ မီးပင်လယ်ဝေနေခဲ့၏။ မီးခိုးငွေ့တွေကြား ပြေးလွှားလှုပ်ရှားနေသည့် လူသံတွေက ဆူညံနေသလို...ထိုအထဲတွင် ဘယ်ကိုခြေလှမ်းရမှန်းမသိစွာ လမ်းပျောက်ရင်း ငိုယိုနေသော ကလေးငယ်တစ်ယောက်လည်း ရှိနေသည်။

""မေမေ...မေမေ ဘယ်မှာလဲ?
အဟင့်...ဟင့်...ဟီး!!""

မီးခိုးငွေ့တွေကြားမှာ အပြေးတစ်ပိုင်းခြေလှမ်းတို့ဖြင့် အမေကို လိုက်ရှာနေရင်းမှ အခန်းတစ်ခုထဲသို့ ဖွင့်ဝင်မိချိန်တွင်...

""ပေးစမ်း...ငါ့ကိုပေးလို့ပြောနေတယ်""

""မပေးနိုင်ဘူး...နင်နဲ့ဒီစံအိမ်က ဘာမှမပတ်သက်တော့ဘူး...ဒါ ငါ့အဖေပိုင်တဲ့ မြေ""

""ငါကလည်း ရသင့်လို့ယူတာ
ဘာဖြစ်လဲ""

""နင်တော်တော်ယုတ်မာပါလား
ဒါ အားလုံးနင့်အကြံတွေလား""

""အေး! ငါ့အကြံက အခုနေ ငါဒီမီးလောင်တိုက်ကထွက်သွားသင့်နေပြီ...အခုတော့နင်ဝင်ရှုပ်လို့ငါပါသေရတော့မယ်...ဖယ်စမ်း!""

""ဟင့်အင်း...မရဘူး
နင်မသွားနဲ့...သူ့ဆီပြန်မသွားပါနဲ့...နင် ဒါတွေ သူ့ကိုပေးမလို့ မဟုတ်လား...ငါပြောတာနားထောင်ပါ...အခုနင်ပြန်လာရင် ငါအားလုံးခွင့်လွှတ်ပေးမယ်""

""တော်စမ်းပါ
ယုံတမ်းစကားတွေ...နင်တို့သတ်မှတ်ထားသလို ငါဆိုတာ မိန်းမရိုင်းပဲ...တရားချဖို့မစဥ်းစားနဲ့""

""နင်...""

""အ!""

ပြောဆိုငြင်းခုံနေရင်းမှပင် ထိုမိန်းမက မေမေ့ကိုတွန်းလှဲချကာ လည်ပင်းကိုညှစ်ထားလေ၏။ တံခါးပေါက်ကို ကျောခိုင်းထားသည့်အတွက် ဖွဲ့ကိုတော့ သူမြင်မှာမဟုတ်ပေ။

ဖွဲ့ ထိုနေရာသို့ပြေးဝင်မည်အပြု မီးစွဲနေသည့် အရာတစ်ခုက မျက်နှာရှေ့သို့ ပြုတ်ကျလာချိန်တွင်...

""အား!!...မေမေ""

ဖွဲ့လည်း ဘေးတစ်ဖက်သို့လဲကျသွားကာ ကြောက်လန့်တကြားဖြင့် အသံကုန်အော်ချလိုက်စဥ် မေမေရဲ့အပေါ်စီးမှာရှိနေသည့် မိန်းမက စူးတောက်နေသည့် မျက်လုံးများဖြင့် ချာခနဲ လှည့်ကြည့်လာသည့်အခိုက်မှာတော့ ဖွဲ့ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်အောင် အံ့သြသွေးပျက်သွားရ၏။

""မေမေ...နှစ်ယောက်လုံးက မေမေ""

""သမီး...ပြေးတော့
အပြင်ကိုထွက်...ဒီမှာမနေနဲ့ သွား...သွား!""

အောက်မှာလဲကျနေသူက ထိုသို့အော်လိုက်လေတော့ အပေါ်ကတစ်ယောက်ကလည်း ဖွဲ့ထံ ခပ်စူးစူးကြည့်ကာ...

""သမီး...ဒီမှာမေမေလေ
ဒီကိုလာ...လာခဲ့""

ဘုရားရေ! ကိုယ့်ကိုကိုယ် မေမေ လို့သုံးနှုန်းကာတစ်ပုံစံတည်းတူတဲ့ မျက်နှာနဲ့ မိန်းမနှစ်ယောက်ကို ကြောင်ငေးဆွံ့အစွာ ကြည့်နေမိရင်း...မီးခိုးငွေ့ မွှန်နေသည့် ခံစားချက်တို့နဲ့အတူ ...ရုတ်တရက်နှလုံးခုန်ခြင်းတို့ရပ်တန့်သွားရသည့်အလား...တစ်ကိုယ်လုံးပျော့ခွေသွားကာ အာရုံတို့မှောင်မိုက်သွားခဲ့သည့် နောက်မှာတော့....။

ရေတွေနစ်မွန်းကာ အတိတ်ဆီသို့ မျောလွင့်နေသည့်ခံစားချက်တို့နဲ့အတူ ဖွဲ့ရဲ့ကိုယ်လေးလည်း တဖြေးဖြေးနဲ့ ရေကန်ရဲ့ အောက်ကြမ်းပြင်သို့ ထိုးစိုက်ကျဆင်းနေချိန်တွင် မပွင့်တပွင့် မျက်လုံးတို့ရဲ့ ခပ်ရေးရေး အမြင်အာရုံ၌ ဖွဲ့ထံသို့ ကူးခတ်လာနေသော အဖြူရောင် သဏ္ဌာန်တစ်ခုကို တွေ့လိုက်ရသည်က...နောက်ဆုံးသော အသိ...။

ထို့နောက်....

(ဟမ်! ကိုကိုနဲ့တွေ့မလို့ပါဆိုနေမှ...တစ်ပိုင်းလုံးလုံးမင်းသားပါ ပျောက်နေသောအခါ😅)
~~~~~🍁🍁🍁🍁🍁~~~~~
Continue to >>>Part-3

Readers/Writersလေးတွေအားလုံးက VIPပါ

Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: