🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 19 ] •••••••••••
နန်းတော်တမျှ ခမ်းနားထည်ဝါသော စံအိမ်ကြီးရဲ့ ရှေ့၌ ကားလေးရပ်လိုက်သည်နှင့် ပန်းကနုတ်နွယ်များဖြင့် ဆန်းပြားစွာ ပုံဖော်ထားသော သံတံခါးအနက်ရောင်က အလိုအလျောက်ပွင့်သွားလေ၏။ ဘေးတစ်ဖက်မှာ မြင်သာသည့်စာလုံးများဖြင့် ထွင်းကာ လှပစွာချိတ်ဆွဲထားသည်က 'ရွှေပတ္တမြား'စံအိမ် မည်၍ ထိုစံအိမ်ကို ပတ်လည်ဝန်းရံထားသည့် အုတ်တံတိုင်းများကလည်း မြင်ဖူးနေကျ တခြားသော အိမ်တွေထက် များစွာ ပိုမြင့်ပြီး အထဲကို မြင်နိုင်ရန်ပင်မလွယ်ကူပေ။ ခြံဝကနေ အိမ်ကြီးဆီရောက်ဖို့ ကားမောင်းလာရသည့် ပတ်လမ်းအကွာအဝေးကပင် အတော်လေး လှမ်းသေး၏။ ခြံကျယ်ကြီးအတွင်းမှာတော့ ပန်းပင်တွေနဲ့ အရိပ်ရသည့် အပင်ကြီးတွေလည်း များစွာရှိနေပြီး အလုပ်လုပ်နေသည့် အစေခံအများအပြားလည်း ရှိနေသည်။ ကြည့်ရတာ ဤနေရာက အပြင်ဘက်လောကကို သွေဖယ်ထားသည့် သီးခြားနယ်မြေတစ်ခုပမာပင်။
အခုတော့ သူတို့ဒီနေရာကို ရောက်လာခဲ့ကြရပြီ။ နန်းတော်ကဲ့သို့ ခမ်းနားသည့် စံအိမ်ကြီးက အနည်းငယ် ရှေးဆန်သည့် ပုံစံမျိုးဖြစ်ကာ အိမ်အဆောင်တွေကလည်း များပြားသည့် ပုံပါပဲ။ ဒါဟာ အိန်ဂျယ်လ်နေခဲ့သည့် နေရာဖြစ်ပြီး လျှို့ဝှက်မှုတစ်ချို့ ရှိနေသည့် ရှုပ်ထွေးရာအရပ်ဟုလည်း ဆိုနိုင်မည်။ ကဲ! ဘာတွေဘယ်လိုဖြစ်မလဲ ကြည့်ရတာပေါ့လေ...။
စင်ဝင်အောက်မှာ ကားကိုရပ်လိုက်ချိန်တွင် အိမ်ထဲမှ များပြားလှသည့် အစေခံတွေ စီတန်းကာထွက်လာကြပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာယူထားကြလေ၏။ အလယ်၌ လျှောက်လမ်းတစ်ခု သဖွယ်ဖြစ်နေသည့် နေရာမှာတော့ အိန္ဒြေကြီးလှသည့် ခြေလှမ်းများဖြင့် လျှောက်လာကာ ကြိုဆိုလိုက်သူက အိန်ဂျယ်လ့်အမေဟု အများသိထားသည့် ဒေါ်ဧကရီ။
""အိန်ဂျယ်လ်""
ကားပေါ်မှ မဆင်းသေးဘဲ ထိုလူတွေနဲ့ အိမ်ရဲ့နေရာအနှံ့ကို ကြောင်ကြောင်လေး လိုက်ငေးနေသည့် အိန်ဂျယ်လ့်ကို ပခုံးလေးမှ ဖွဖွဆုပ်ကိုင်ကာ ခေါ်လိုက်တော့ ဖျတ်ခနဲ ငဲ့ကြည့်သည့်မျက်ဝန်းများက အင်အားမပါသလိုနှယ်...။ ဘယ်လိုပဲ သတ္တိမွေးခိုင်းပါစေ ငယ်ရွယ်တဲ့နှလုံးသားမှာ ဒဏ်ရာရခဲ့တာမို့ သူတို့ကို မြင်တာနှင့်လန့်သလိုလေးဖြစ်နေတတ်တာပါ။ ဒါကို ရှောင်လွှဲနေသမျှ ထိုဒဏ်ရာက အမြစ်တွယ်နေမှာဖြစ်ပြီး ကိုယ်တိုင်တွန်းလှန်ရင်ဆိုင်နိုင်မှ အဲ့ဒီ့ကြောက်လန့်စိတ်ကို ကုစားလွန်မြောက်နိုင်မှာ မဟုတ်လား။
""ဆင်းရအောင်လေ...""
""ဟုတ်""
"".......""
""မင်္ဂလာပါ...သခင်မလေးနဲ့ သခင်လေးရှင့်""
အိမ်တံခါးဝ ရောက်သည်နှင့် တန်းစီရပ်နေသူများက တစ်ညီတည်း ဦးညွှတ်ကာ အရိုအသေပေးလေ၏။ ထို့နောက် ဒေါ်ဧကရီက အိန်ဂျယ့်လ်အနားသို့ လျှောက်လာကာ လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း အင်မတန်ကိုမှ သတိရလွမ်းဆွတ်နေဟန်ဖြင့်...
""သမီးလေး...
သမီး ဒီစံအိမ်ကထွက်သွားတာ ဘယ်လောက်တောင်ကြာနေပြီလဲ...အခုမှပဲ မေမေ့သမီး သခင်မလေးကို ပြန်တွေ့ရတော့တယ်""
ဝမ်းနည်းဝမ်းသာပုံစံဖြင့် ငိုယိုကာပြောရင်း ဖွဲ့ကို လာဖက်ထားလေ၏။ အရင်ကတော့ သူ့အသားနှင့်ထိရတာကပင် လန့်စရာဖြစ်နေပေမယ့် အခုချိန်မှာတော့ ဖွဲ့ ကြောက်လန့်တကြား မရုန်းထွက်ဖြစ်တော့ဘဲ ငြိမ်လျက်သာရပ်နေလိုက်သည်။ အနောက်မှာ ကိုကို အမြဲရှိနေသည် ဟူသောအသိကလည်း အားအင်တစ်ရပ်လိုပင် စွမ်းကာ အစစအရာရာပိုပြီးသတိထားရမည်ကိုလည်း နားလည်တတ်ခဲ့ပြီ။ အမြဲကြောက်ပြီး အမြဲငိုနေတာက ဖြေရှင်းနည်းမှမဟုတ်ခဲ့ဘဲလေ။
""သမီး...လာလေ
အိမ်ထဲဝင်ရအောင်...ဟို!
သားလည်း လာ...""
လက်ဆွဲ ခေါ်ရာနောက်လိုက်လာကာ ရှည်လျားစွာ ဖြန့်ခင်းထားသည့် ကော်ဇောနီထက် ခြေကိုချမိစဥ် ရင်ထဲ ခံစားချက်ကတစ်မျိုးတစ်မည်။ ဒီတစ်ကြိမ်တော့ အိမ်ထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ် လှမ်းဝင်နိုင်ခြင်းမို့ ပျော်ရွှင်သည်လား...မနေလိုသည့် အရပ်ကို ပြန်ရောက်ရခြင်းမို့ စိတ်ညစ်သည်လားတော့ မဝေခွဲတတ်ပါချေ။
""သမီးတို့အတွက် အခန်းက အပေါ်ထပ်မှာပဲစီစဥ်ထားတယ်နော်""
""ဟုတ်...ဒါနဲ့ လေညှင်းရော""
""သူက သမီးသိတဲ့အတိုင်းပဲ ပိတ်ရက်ဆို အပြင်ထွက်လည်နေတာလေ""
""သြော်!""
""သမီးလေးက စာမေးပွဲပြန်ဖြေခဲ့တယ်ဆို
အဆင်ပြေရဲ့လား""
""ပြေပါတယ် အန်တီ
သူက တော်ပြီးသားပါ...စာမေးပွဲကလည်း အောင်မှာ""
ပြတ်သားသည့် လေသံဖြင့် ကြားထဲက ဝင်ဖြေလိုက်သော အလင်းနှစ်ကြောင့် ဒေါ်ဧကရီက မျက်နှာကို မသိမသာ မဲ့လိုက်ပြီးမှ ဟန်မပျက်ပြန်ပြင်လိုက်လေ၏။ ဒါကိုလည်း အလင်းက မြင်ဖြစ်အောင် မြင်ပါသည်။ သို့သော် မမြင်ဟန်ပဲဆောင်လိုက်ကာ...
"" အိန်ဂျယ်လ်...အကြာကြီးကားစီးလာတာ သွားနားလိုက်ဦး ကလေး""
""ဟုတ်တယ်..သမီးက ခရီးဝေးတွေသိပ်မသွားဖူးဘူးဆိုတော့ ပင်ပန်းနေမှာ...""
"".....""
""အစေခံတွေ ဒီကိုလာကြစမ်း
သခင်မလေးရဲ့ အခန်းကိုသေချာ ပို့ပေးလိုက်""
တစ်အိမ်လုံးကအစေခံတွေကတော့ အရင်လူတွေမဟုတ်တော့ပြီမို့ သူတို့ ဖွဲ့ကို တွေ့ဖူးမှာတောင်မဟုတ်သလို ဖွဲ့လည်း သူတို့နဲ့စိမ်းပါသည်။ အရှင်းဆုံးပြောရရင် ဒီအိမ်က ကိုယ့်အိမ်ဆိုသည့်ခံစားချက်တောင်မရှိဘဲ သူများအိမ်ကို ဧည့်သည်အဖြစ်လာရသည့် ခံစားချက်မျိုးပင်။
အိမ်ရဲ့အပေါ်ထပ်ဆိုတာကို မရောက်ဖူးသည်မှာ ကြာခဲ့ပြီပဲ။ လမ်းမလျှောက်နိုင်ခဲ့တဲ့ ၇နှစ်လုံးလုံးဆိုပါတော့။ အခုမှ အပေါ်ထပ် အခန်းက ဝရန်တာလေးဆီ ထွက်ကြည့်တော့ အောက်ထပ်က နေရာအတော်များများကို မြင်ရသည်။ မြင့်လွန်းသည့် စံအိမ်တံတိုင်းက အပေါ်ထပ်ကကြည့်ရင်တော့ အပြင်ဘက်ကို မြင်ရသည်မို့ သေချာလိုက်ကြည့်နေစဥ်...ကိုကိုက ဘေးနားလေးသို့ ရောက်လာ၏။
""အိန်ဂျယ်လ်...ခဏလေးအိပ်လိုက်လေ""
""မအိပ်ချင်သေးဘူး""
""ကြည့်! စကားနားမထောင်ပြန်ဘူး""
"" အိန်ဂျယ်လ်မှ မအိပ်ချင်သေးတာ""
""ဒါပေမယ့် တစ်လမ်းလုံး ကားမောင်းရတာ ကိုကိုပင်ပန်းတယ်...ဒါကြောင့်အိပ်ချင်တယ်""
""အင်း...ဒါဆို သွားအိပ်လေ""
""မရဘူး...ကိုယ်က မင်းကိုရင်ခွင်ထဲဖက်ထားမှ အိပ်ပျော်တာ""
""ပိုလိုက်တာရှင်!""
နှာခေါင်းလေးရှုံ့ပြကာ ပြောလိုက်စဥ် ခန္ဓာကိုယ်က လေထဲမြောက်သွားရပြန်သည်။ထို့နောက် မွေ့ယာဖြူဖြူထက် ညင်သာစွာ တင်ပေးပြီး သူ့ရင်ခွင်ထဲထည့်ဖက်ကာ မျက်ဝန်းတွေကို မှိတ်ထားလေ၏။ ဒီတော့လည်း ဖွဲ့ မလှုပ်ရှားတော့ဘဲ ငြိမ်ငြိမ်လေးပဲရှိနေလိုက်သည်နှင့် ခရီးပမ်းသည့်အရှိန်ကြောင့် ခဏချင်းလေးမှာပင် သူနဲ့အတူ အိပ်ပျော်သွားရပြန်၏။
""......""
အချိန်ခဏကြာတော့ သူ့ရင်ခွင်ထဲ ဖက်ထားလျက်မှ အသက်ရှူသံမှန်မှန်လေးဖြင့် ငြိမ်သက်နေသည်မို့ အိပ်ပျော်သွားပြီမှန်းသိလိုက်ပါသည်။ ခရီးကြောင့် ပင်ပန်းနေသည့် မျက်နှာလေးဖြစ်နေပေမယ့် ဘာကိုစိတ်မချစွာ မအိပ်ဘူးပြောနေသည် မသိပါ။ အိန်ဂျယ်လ်ဆိုသည်မှာလည်း သိတဲ့အတိုင်း...သူ့ကိုဇွတ်အတင်း ခိုင်းရင် နှုတ်ခမ်းစူတတ်တဲ့ အမျိုးမို့ မရမက သိပ်ရင် ဂျီကျမယ်မှန်းသိတာကြောင့် ကိုယ်အရင် အိပ်ပျော်ဟန်ပြပေးပြီး ငြိမ်နေလိုက်တော့ သူမလည်း အိပ်ပျော်သွားလေပြီ။
ဒီတော့မှ နေရာက ထကာ အိပ်ပျော်နေသည့်ကလေးကို စောင်လေးအသေအချာ ခြုံပေး၍ ဖုန်း ယူကာ ဝရန်တာဘက်ပြန်ထွက်လာခဲ့ပြီးတစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။
"".....""
""အခု ရောက်နေပြီ""
"".....""
""သိပါတယ်""
"".....""
""နည်းနည်းကြောက်နေပုံရပေမယ့် ကောင်းကောင်းသည်းခံနေလို့ အဆင်ပြေတယ် စိတ်မပူနဲ့...မင်း စုံစမ်းထားတာကိုပြော""
""......""
""ငါလည်း အဲ့လိုပဲထင်တယ်
မဟုတ်ရင် တထပ်တည်းတူစရာအကြောင်းမှမရှိဘဲ...ခိုင်လုံတဲ့သက်သေအမြန်ရှာမှဖြစ်မယ်..အချိန်ကြာလေ အိန်ဂျယ်လ်အတွက် ပိုအန္တရာယ်များတယ်""
"".....""
""Ok ok...ဒါပဲ""
ဖုန်းကို ချလိုက်ပြီးမှ mailဖြင့်ရောက်လာသော အချက်အလက်တစ်ချို့ကို ဖတ်ကြည့်လိုက်သည်။ ထိုအထဲမှာတော့ အိန်ဂျယ်လ်တို့ မိသားစုပိုင်သည့်် ကုမ္ပဏီလုပ်ငန်းစု၊ ခြံလုပ်ငန်းတွေအပြင် ဟိုတယ် ၊ ဆေးရုံနဲ့ လူမှုစောင့်ရှောက်ရေးဂေဟာတွေရဲ့ detailတွေ ရှိနေ၏။ ဒီလောက်များတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ငဲ့ညှာမှု အလျဥ်းမရှိစွာ လောဘတက်နေသည်ပဲ။ ထင်တာမမှားရင် ဒီထဲက တနေရာရာမှာတော့ သက်သေရှာတွေ့နိုင်မှာပါ...။
ဖုန်းကို သိမ်းလိုက်ပြီး အခန်းဘက်ပြန်ဝင်လာခဲ့ရင်း သူမဆီ လှမ်းကြည့်တော့ စောစောက ထားခဲ့သည့် အနေအထားမျိုးမဟုတ်ဘဲ အိပ်ရာထက် ကွေးကွေးလေးဖြစ်နေပြန်သည့် သူ့ရဲ့ချစ်စဖွယ်ကြောင့် ပြုံးမိသွားရကာ အနားသို့လျှောက်လာခဲ့သည်။ အချိန်ခဏလေးအတွင်း ဘယ်လိုတောင် လူးလှိမ့်အိပ်လိုက်သည်မသိ...ခြုံပေးထားသည့် စောင်က ကြမ်းပေါ် အပုံလိုက်ပြုတ်ကျကာ လူကလည်း ကုတင်ရဲ့အစွန်းဘက်ပင် ရောက်နေချေပြီ။ နောက်တဆင့်သာ ထပ်လှိမ့်ရင် လူပါ ပြုတ်ကျမည့်ကိန်း။
""အဟက်!
ကလေးလေးပဲကွာ!""
နှုတ်မှ တိုးတိုးရေရွတ်ကာ ကြမ်းပေါ်ကျနေသည့် စောင်လေးကိုကောက်ယူလိုက်ပြီး သူမကိုယ်ပေါ်သို့ ပြန်ခြုံပေးရင်း ကျောပေးထားသည့် ခန္ဓာကိုယ်လေး သေးသွယ်သွယ်ကို ပြုတ်ကျမည်စိုး၍ ဘေးနေရာလွတ်၌ ဝင်လှဲလိုက်ပြီး အနောက်မှ သိမ်းဖက်ထားကာ ပြန်မှေးစက်နေလိုက်သည်။ ထိုစဥ် ရှေ့က ကိုယ်လေးမှာ တစ်ချက်လူးလွန့်သွားရင်း လက်ကလည်း ခေါင်းအုံးကြီးကို သွားဖက်ထားပြီး ထွက်လာသည့်အသံလေးသဲ့သဲ့က 'ကိုကို'တဲ့!
သြော်! ခက်ပါ့...ဒီကလေးက ခေါင်းအုံးနဲ့လူကို သွားမှားနေသည်ပဲ။ သူလည်း မနေနိုင်စွာပင် ရယ်မိပြန်ကာ သူမလက်ထဲဖက်ထားသည့် ခေါင်းအုံးကို ဆွဲယူ၍ တစ်ဖက်သို့ပစ်ထုတ်လိုက်တော့ မျက်စိမဖွင့်လာဘဲ လက်လေးက တစမ်းစမ်းဖြင့် ရှာနေသည်မို့..
"" အဲ့ဒါ ကိုကိုမဟုတ်ဘူး
ကိုကိုက ခင်ဗျားလေး အနောက်မှာ...
လာ! ဒီဘက်လှည့်""
အသံကြားတော့မှ ကိုယ်လေးက သူ့ဘက်လှည့်လာကာ ရင်ဘတ်ထဲ ခေါင်းလေး လာတိုးဝင်၍ ပြန်အိပ်နေလေ၏။ စောစောက ခေါင်းအုံးကို ဖက်ထားသလိုလည်း ဇွတ်အတင်း တိုးဖက်ထားလေရဲ့။
! ဒီကလေးပေါက်စနက နောက်တစ်ပါတ်ဆိုရင်ပဲ အသက်၂၀ပြည့်တော့မယ်တဲ့...ဘယ်လိုယုံရပါ့ !
~~~~ 🍁🍁🍁🍁 ~~~~
ဒီနေ့ကတော့ ဖွဲ့ အသက်၂၀ပြည့်သည့်နေ့ဖြစ်ပြီး စံအိမ်သခင်ရဲ့ သတ်မှတ်ချက်အရ သူပေးခဲ့တဲ့ အမွေကို လက်ခံရတော့မည့်အချိန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဒေါ်ဧကရီတို့ မက်မောလှသော အရာတွေပင်။
အခုလည်း ရှေ့မှာထိုင်ကာ တပ်မက်မှုတွေတောက်လောင်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်က ထိုစာချုပ်တွေဆီသို့...။တကယ်ဆို မေမေနဲ့ မတူတဲ့ အဲ့ဒီမျက်လုံးတွေကြောင့်ပဲ သူဟာ မေမေမဟုတ်တော့မှန်း ဖွဲ့ ရိပ်မိခဲ့တာပါ။ မဟုတ်ရင် တူလွန်းသည့် ရုပ်ရည်က လုံးဝကိုခွဲခြားမရအောင်ပင်။ သူက မေမေနဲ့ဘာများပတ်သက်နေပါလိမ့်! မဟုတ်မှ...အမြွှာတွေ ဘာတွေလား? ဒီလိုဆိုလည်း မေမေနဲ့တူညီတဲ့ပိုင်ဆိုင်မှုကို သူ ရမှာပဲလေ...ဒီလိုလူစားဝင်ပြီး လုနေစရာမှမလိုတာ။ ပြီးတော့လည်း မိသားစုမှတ်တမ်းထဲမှာ မေမေက ဘိုးဘိုးရဲ့ တစ်ဦးတည်းသော သမီးပဲ...ဒါဆို...
""ကဲ! သမီးလေးက ဒီမှာလက်မှတ်ထိုးပေးပါ""
အတွေးတို့ မဆုံးသေးခင် ရှေ့နေရဲ့ အသံခပ်သြသြက ထွက်လာ၍ အတွေးစတို့ ပြတ်တောက်သွားရကာ ဘေးက ကိုကို့ဆီ ယောင်ယမ်းလှည့်ကြည့်မိတော့ သူက ဖွဲ့ရဲ့ လက်လေးတစ်ဖက်အားဆုပ်ကိုင်ပေးရင်း ပြုံးလျက်သာ ကြည့်နေ၏။
စာချုပ်စာတမ်းတွေပြကာ ပြောလာစဥ် ဖွဲ့ ထိုအပေါ်၌ ကိုကို သင်ပေးထားတဲ့လက်မှတ်လေးအတိုင်း ရေးထိုးပေးလိုက်တော့ ရှေ့နေကြီးက တစ်ချက်ပြုံးလိုက်ကာ...
""ဥပဒေအရ ဒီမှာsignထိုးပြီးတာနဲ့ company share 50% အပြင် စာချုပ်မှာပါတဲ့ တခြားသော ပိုင်ဆိုင်မှုပမာဏအားလုံးကို သမီး 'မုန်းမဖွဲ့သာ'တစ်ယောက်ကပဲ တရားဝင် ပိုင်ဆိုင်နိုင်ပါတယ်""
"".....""
""အခုကျန်းမာရေးလည်း ကောင်းသွားပြီဆိုတော့ company လုပ်ငန်းခွင်ကိုလည်း လေ့လာပြီး လုပ်ငန်းနဲ့ ပတ်သက်တာတွေသင်ယူတော့နော်""
ရှေ့နေရဲ့ စကားအဆုံး၌ သိသိသာသာ မဲ့ကျသွားသည်က ဒေါ်ဧကရီရဲ့မျက်နှာပင်။ တကယ်ဆို အရင်စံအိမ်သခင်က သူ့သမီးအတွက်လည်း ပိုင်ဆိုင်မှုပမာဏကို ခွဲပေးခဲ့ပါသည်။ သို့သော် မြေးဖြစ်သူနဲ့ ယှဥ်လိုက်ရင် နည်းလွန်းသည့်အတွက် မကျေမနပ်ဖြစ်နေရ၏။ ဒီတော့လည်း အများဆုံးဝေစုကို ရထားသည့် မုန်းမဖွဲ့ကိုပဲ ကိုယ့်လက်ထဲထည့်ထားပြီး ခြယ်လှယ်ချုပ်ကိုင်ရမည့်အနေအထား။ အရင်က အခြေအနေအတိုင်းဆို ပြသာနာမရှိစွာ အရာရာအဆင်ပြေပေမယ့် အခုတော့ သူမက အရှုပ်ထုပ်တွေ ခေါ်သွင်းလာသည့်အတွက် အနှောင့်အယှက်က ဖြစ်ရဦးမည်။
ကျစ်! တကယ်ကို စိတ်ပျက်ဖွယ်ကောင်းလိုက်ပါဘိ။
~~~~ 🍁🍁🍁🍁 ~~~~
ကျယ်ဝန်းလှသည့် ဆေးရုံရဲ့ car parking၌ ကားကို ရပ်ပေးလိုက်ပေမယ့် သူမက ကားပေါ်မှမဆင်းသေးဘဲ ပန်းစည်းလေး ကိုင်ကာ ခပ်ငိုင်ငိုင်လေးဖြစ်နေသည်မို့ ...
""အိန်ဂျယ်လ်...ကလေး
သွားလေ! မင်းပဲ သူ့ကိုတွေ့ချင်တယ်ဆို""
""ကိုကိုရော မလိုက်ဘူးလား""
""ဟင့်အင်း..ကိုယ်ဒီမှာစောင့်နေမယ်
မြန်မြန်ပြန်လာ""
""ဟုတ်""
ခပ်လေးလေးသာ ပြန်ဖြေလိုက်ပြီး ကားပေါ်မှဆင်းကာ အစ်ကိုစစ် ရှိသည့်အခန်းဆီ လျှောက်လာခဲ့သည်။ လတွေအတော်ကြာသည်အထိ comaအနေအထားဖြင့် သတိလစ်နေသည့် 'သူ'..။တကယ်ဆို ဒီကိစ္စဟာ ကိုယ့်အပြစ်မကင်းခဲ့သလိုမို့ သူ့မျက်နှာကို ကြည့်ရမှာပင် အားနာမိပါသည်။ သို့သော်လည်း မဝေခွဲနိုင်သည့် စိတ်အစဥ်ဖြင့် သူရှိရာဆီလျှောက်လာနေရပြီး ခဏအကြာမှာတော့ တွေ့ရမည့် အခန်း နံပါတ်ကိုရောက်ပြီမို့ သက်ပြင်းလေး ဖွဖွချကာ တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့လိုက်သည်။
ကုတင်ထက်မှာ လဲလျောင်းနေသူကတော့ ခပ်အေးအေးမျက်နှာဖြင့် ရှိနေကာ လောကကြီးကိုတောင် မေ့နေသလိုပင်။ ဖွဲ့ သူ့အနားလေးသို့ဆက်လျှောက်သွားကာ ဘေးရှိ ခုံနေရာလွတ်၌ ဝင်ထိုင်၍ လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်ရင်း...
""အစ်ကို...နေကောင်းရဲ့လား?
အစ်ကို့ ညီမလေးလာတယ်နော်
ဖွဲ့ အပြောတွေ မဆင်ခြင်လို့ အစ်ကိုအခုလိုဖြစ်ရတာ...တကယ်တောင်းပန်ပါတယ်...လာတွေ့တာ နောက်ကျလို့လည်း တောင်းပန်တယ်နော်""
သူ့လက်ကို ကိုင်ထားလျက် ဆိုနေသောစကားသံခပ်တိုးတိုးမှာ ငိုသံလေးတစ်ချို့တောင် ရောစွက်နေပေမယ့် သူကတော့ ကြားနိုင်ရဲ့လားမသိပေ။
""ဟင်!..နင် ဒီကိုဘာလာလုပ်တာလဲ?""
ရုတ်တရက်အခန်းတံခါးပွင့်သွားခြင်းနဲ့အတူ တံခါးဝ၌ ပေါ်လာသူက လေညှင်းသွဲ့သာ ပင်။ မျက်လုံးတွေကလည်း အတော်ကို မကျေမနပ်ဖြစ်နေဟန်ဖြင့် ဖွဲ့ ဒီနေရာကို လာခဲ့တာကပဲ တစ်ခုခုလွဲမှားနေသလိုလို...။
""ပြောလေ..နင်ကများ
ဘယ်မျက်နှာနဲ့ ကိုကိုစစ်ကိုလာတွေ့ရဲတာလဲ
သူ အခုလိုဖြစ်တာ ဘယ်သူ့ကြောင့်လဲ""
""ဘယ်သူ့ကြောင့်ရမှာလဲ
နင့်အမေကြောင့်လေ""
အေးစက်စက်စကားသံနဲ့အတူ ထိုင်နေရာမှထရပ်၍ လေညှင်းကို ရင်ဆိုင်ကြည့်လိုက်သည့်မျက်ဝန်းများက တစ်စက်မှ ကြောက်လန့်ဟန်မရှိတော့ပေ။ ဖြောင့်စင်းနေသည့် ဆံနွယ်တို့ကို ခပ်မြင့်မြင့် စည်းနှောင်ထားပြီး မျက်နှာထက်မှာလည်း လိုက်ဖက်စွာ ခြယ်သတတ်နေပြီဖြစ်သော အပြင်အဆင်နှင့် styleကျကျ ဝတ်စားထားသည့် designက မင်းသမီးတောင် ရှုံးလောက်မည်။ နဂိုကတည်းက လှပသည့် ရုပ်ရည်မို့ သူ့ရဲ့အခုလိုပုံစံက လေညှင်းအတွက် အတော်လေးကိုအမြင်ကပ်စရာပင်။
""ငါ..ပြန်တော့မယ်""
""နေဥွီး...နင်ကအခုဘာပုံစံဖြစ်နေတာလဲ?
ကြည့်ရတာ အမွေတွေရလိုက်ပြီဆိုပြီး မာန်တက်သွားတာလား...အဲ့ဒီ့အမွေတွေရတော့ရော နင်ကဘာများစွမ်းဆောင်နိုင်မှာမို့လို့လဲ""
""အဲ့ဒါကို နင်စိတ်ပူစရာမလိုဘူးထင်တယ်""
""ဘာ!""
""နင်က စံအိမ်ရဲ့မွေးစားသမီးပဲ
ပိုင်ဆိုင်မှုဆိုတာမျိုးတွေကို နင်ထည့်ပြောစရာမလိုပါဘူး..""
""အဟက်! ငါကြားမိပါတယ်
နင် စာမေးပွဲတွေ ဘာတွေပြန်ဖြေထားတယ်ဆို""
"".....""
""နင်ကတော်တော်ကံကောင်းတာပဲ
ဒါပေမယ့် အဲ့ဒီ့ကံကောင်းမှုတွေကြာကြာမခံမှာစိုးတယ်""
""ငါ့အတွက်စိုးရိမ်ပေးတယ်ဆိုတော့ နင့်ကိုကျေးဇူးတင်ရမှာပေါ့""
မျက်နှာကို ခပ်မဲ့မဲ့လေးပြုံးကာ ရွဲ့သလိုပြောလိုက်သည်မို့ လေညှင်းစိတ်တိုသွားရပြန်သည်။ သူ့ကြည့်ရတာ လောကကြီးတစ်ခုလုံးပိုင်ဆိုင်ထားသလို အောင်နိုင်သူ မျက်နှာထားနဲ့မို့ လေညှင်း အသားတွေဆတ်ဆတ်တုန်လာသည်အထိ ဒေါသတွေထွက်ကာ...
""နင် အရမ်းပြောင်းလဲသွားပြီပဲ မုန်းမဖွဲ့
မိုးမမြင် လေမမြင်ဖြစ်နေတဲ့စိတ်ကို သေချာလေးဂရုစိုက်လိုက်ဦး...အားကိုးရှိတော့ မာန်တက်ပြ နေတယ်ပေါ့""
""ငါ နင်တို့တွေကို အရင်လိုကြောက်နေတော့မှာမဟုတ်ဘူး လေညှင်းသွဲ့သာ...ငါက နင်တို့နှိပ်စက်တိုင်းခံရမယ့် ဒုက္ခိတလည်းမဟုတ်တော့ဘူး...နင်တို့ရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို အခုထိဆွဲမခွာသေးတာကိုပဲ ကံကောင်းတယ်မှတ်လိုက်""
""ဟား ဟား!
ဆွဲမခွာသေးတာလား...ဆွဲခွာနိုင်မယ့်သက်သေမရှိတာလား မုန်းမဖွဲ့သာ...စကားကို ရွေးပြောစမ်းပါ""
""ထားပါ..ဒါကိုပြောဖို့စောသေးတယ်
သိနိုင်မလား...သက်သေကအနီးအနားမှာရှိချင်ရှိမှာပေါ့""
"" နင်!
တော်တော်ကို မာန်တက်နေတဲ့ မိန်းမ...ကဲ!""
မီးတဝင်းဝင်းမျက်လုံးများဖြင့် ဖွဲ့ မျက်နှာဆီ လှမ်းရွယ်လာသည့်လက်ကို အားနဲ့ ဆီးဖမ်းထားလိုက်တော့ သူ့လက်က လေထဲ၌ပင် ရပ်တန့်သွားရလေ၏။ ပြီးတော့ သူ့လက်ကိုကိုင်ထားလျက်ကနေ အရှိန်ဖြင့်တွန်းလိုက်တော့ အနောက်သို့ ခြေနှစ်လှမ်းစာလောက် ယိုင်သွားရင်း မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်လာစဥ် သူ့အနားမှ ဟန်မပျက် လျှောက်ကာ အခန်းပြင်သို့ထွက်လာခဲ့လိုက်၏။
""......""
အခန်းထဲ ကျန်နေခဲ့သည့် လေညှင်းမှာတော့ စွေ့စွေ့ခုန်ကာ ဒေါသတွေထွက်နေချေပြီ။ မာန်အပြည့်ရှိနေသည့် မျက်ဝန်းများဖြင့် စိန်ခေါ်သလိုပြောသွားသော ထိုမိန်းကလေးသည် အရင်က 'မုန်းမဖွဲ့' မှဟုတ်ပါလေစ။ ဒီအတိုင်းဆို သူ့ကို လိုသလိုထိန်းချုပ်နိုင်ဖို့ မလွယ်တော့ဘူးပဲ။ ပျောက်သွားတဲ့ အချိန်ခဏလေးအတွင်း ဘယ်လိုကြောင့်များ ဤမျှအထိပြောင်းလဲသွားရပါလိမ့်! တကယ်ကို မယုံနိုင်စရာပါပဲလား မုန်းမဖွဲ့သာ..။နင့်ကိုတော့ ငါစိတ်ဝင်စားသွားပြီ..။ဟင့်အင်း...မဟုတ်သေးဘူး...နင့်လို တုံးအတဲ့ ငနုံမလေးကို ဒီပုံ ဒီပန်း ဒီအသွင်ဖြစ်လာအောင် ခွန်အားတွေပေးပြီး ပြောင်းလဲပေးထားတဲ့ 'အလင်းနှစ်'ကို စိတ်ဝင်စားရမှာပဲ...အဟင်း!!
ရုတ်တရက် တွေးမိသွားသော ကောက်ကျစ်မှုတို့ရဲ့ ဦးတည်ရာက ပြောင်းလဲသွားခိုက်...မျက်နှာထက်မှာလည်း မစင်ကြယ်သော အပြုံးတစ်ပွင့်က ခပ်ရေးရေး..။
"".....""
ထိုအဖြစ်အပျက်များအားလုံးကို တစ်နေရာမှ အာရုံတစိုက်ရှိနေသော လူတစ်ယောက်သည်လည်း ခပ်လွန့်လွန့်ပြုံးနေကာ မုန်းမဖွဲ့ ရဲ့ပြောင်းလဲသွားခြင်းအတွက် ကျေနပ်နေလေ၏။
! မင်း တော်သားပဲ...အလင်းနှစ်!
~~~~ 🍁🍁🍁🍁 ~~~~
Continue to >>>Part-20
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)