book

Index 18

Part-[ 18 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 18 ] •••••••••••


လက်ထပ်ခဲ့ပြီး နောက်ရက်တွေကတော့ 'မုန်းမဖွဲ့သာ'ဆိုသော ဤမိန်းကလေးရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးနေ့စွဲတွေဖြစ်လိမ့်မည်။ အင်း! တကယ်တမ်း ပိုပြီး တိကျအောင် ပြောရရင်တော့ ပျော်ရွှင်မှုကို ရှာတွေ့ခဲ့တာ'ကိုကို'ဆိုတဲ့လူသားတစ်ယောက်ဆီ အမှတ်မထင်ရောက်သွားချိန်ကတည်းကပေါ့။ လောကကြီးအကြောင်းကို ဘာမှမသိ၊ နားမလည်စွာ နေလာခဲ့ရပြီး ရှင်သန်ခဲ့တဲ့ နေ့ရက်တွေမှာလည်း လေးဘက်လေးတန်ပိတ်လှောင် အကျဥ်းကျနေတဲ့ သနားစရာသတ္တဝါလေးပမာပင်။ လူတစ်ချို့က သနားသလိုကြည့်ခဲ့ကြပြီး တစ်ချို့ကတော့ စိတ်ပျက်စရာလို သဘောထားခဲ့ကြတယ်...။ ဒီလို မှောင်မိုက်နေတဲ့ဘဝကြီးနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ် ထင်ခဲ့ပေမယ့် တစ်နေ့မှာ အဲ့ဒီ့ဘဝကို နွေးထွေးစွာ အလင်းပေးမယ့် အကြင်နာရောင်ခြည်တန်းလေး ပေါ်ပေါက်လာခဲ့မယ်ဆိုတာ ဘယ်သူ ထင်မှတ်ခဲ့ပါ့မလဲ...။


"" အိန်ဂျယ်လ် ""


ဝရန်တာလေး၌ ရပ်၍ တွေးရင်း ငေးရင်းရှိနေစဥ် ခေါ်သံချိုချိုလေးကြားလိုက်ရခြင်းနဲ့အတူ နောက်ကျောပြင်ဆီမှ နွေးထွေးသွားသည့် ခံစားချက်လေးရောက်ရှိလာ၏။ သူ့လက်က ဖွဲ့ ကိုယ်လေးကို ကျော်ကာ ဝရန်တာလက်ရန်းဆီ တင်ထားတာမို့ ကြားမှာ ပိတ်မိသလိုလေးဖြစ်သွားရစဥ် လေအေးတစ်ချက် တိုးဝှေ့သွားတာကြောင့် ကိုယ်လေးတွန့်သွားတော့ သူက လက်တစ်ဖက်နဲ့ သိမ်းပွေ့ထားလိုက်ပြန်ရင်း...


""လေတွေတိုက်နေတာကို

ဘာလို့ အပြင်ထွက်ရပ်လဲ?""


"" မအေးပါဘူး""


""မအေးဘူးပြောနေသေးတယ်

ဒီမှာ အသားတွေအေးစက်နေတာပဲ""


ပြောရင်းပင် ပါးလေးကို ဖွဖွစမ်းလျက် အလိုမကျသလိုဆိုလိုလာတော့ ဖွဲ့ သဘောကျစွာပြုံးမိပေမယ့် နောက်ကျောမှာရပ်နေသူက မြင်မှာဟုတ်ပေ။ သူဆိုတာလည်း အဲ့လိုပါ ။ ဒီလောက်အသေးအဖွဲလေးက အစ...ဘဝနဲ့သက်ဆိုင်သည့် ကိစ္စ အဆုံး..အားလုံးကို အမြဲ ဂရုတစိုက်ရှိလွန်းပြီး မသိသေးတဲ့အကြောင်းအရာတွေကိုလည်း ပြောပြပေးသည်။ သူအမြဲပြောနေကျစကားက 'ဘယ်အရာကိုမှ မကြောက်နဲ့...အနားမှာ ကိုကိုအမြဲရှိနေမယ်'တဲ့။ ဒီလိုစကားအရာလေးကအစ နွေးထွေးစွာ ပြောတတ်သည့် 'သူ'..။ သူကလေ ဖွဲ့ ဘဝအတွက် ကံကောင်းခြင်းလေးပါပဲ။


""လာလေ...အထဲဝင်ရအောင်""


""ဟင့်အင်း...မဝင်ချင်သေးဘူး

ခဏနေဦးမယ်...ကိုကိုသွားနှင့်""


""ဟာ! ပြောရခက်လေးရယ်...

လာပါကွာ...မင်းက နုနုနယ်နယ်လေး

လေစိမ်းတွေထိတာကြာရင် နေမကောင်းဖြစ်လိမ့်မယ်...အဲ့ခါကျ ကိုကိုပဲစိတ်ပူရမှာ""


""အမလေး! ရှင် သိပ်ပိုတာပဲ

အိန်ဂျယ်လ်က ဒီလောက်လည်း မနု...""


""ဟတ်ချိုး!!""


ပြန်ပြောမယ့်စကားလေးမှ မဆုံးလိုက်ခင် နှာချေမိသွားရတော့ သူက 'ပြောသားပဲ'ဆိုသည့်သဘောဖြင့် မျက်စပင့်ပြလေ၏။ ဖွဲ့လည်း ကိုယ့်စကားနဲ့ကိုယ်မို့ ငြိမ်နေလိုက်ရကာ သူလက်ဆွဲခေါ်သည့်နောက် လိုက်လာခဲ့ရသည်။ အိမ်ထဲရောက်တော့ ကော်ဖီပူပူလေးတစ်ခွက် ဖျော်ကာ လက်ထဲသို့လာထည့်ပေးပြီး ...စာအုပ်တွေကိုလည်းယူလာသေးတာကြောင့် ဖွဲ့ မျက်လုံးပြူးသွားရပြန်၏။


""မျက်လုံးပြူးမပြနဲ့

စောစောနိုးရင်လည်း စာကျက်မှပေါ့""


""ညက ၂နာရီထိုးအထိကျက်ထားတာကို""


""ဒါပေမဲ့ အခုနိုးနေပြီပဲ

ပြန်ကျက်မယ် လာ!""


စာကျက်ဖို့ပဲ အတင်းခေါ်နေတာကြောင့် ဖွဲ့ နှုတ်ခမ်းလေးစူချင်လာရသည်။ မင်္ဂလာပွဲတွေအပြီး  honeymoonကပြန်လာကတည်းက Guideနဲ့ အိမ်မှာစာသင်ခဲ့ရတာ...။ မိုးလင်းမိုးချုပ် စာပဲလုပ်ခိုင်းနေပြီး ညဘက်စာကြည့်ချိန်တွေဆိုလည်း အနားမှာ ထိုင်စောင့်ကာ သူ့အလုပ်အတွက် ဇာတ်ညွှန်းဖတ်တာ ၊ သီချင်းရေးတာမျိုးလုပ်နေတတ်သည်။ အိမ်ထောင်ရှင်ဆိုပေမယ့်လည်း အိမ်ရှင်မ လုပ်ရမည့် အိမ်တာဝန်ကို 'ဖွဲ့' ဒီနေ့အထိ ဘာတစ်ခုမှမလုပ်ရ။ သူ့မှာကလည်း အစစအရာရာစီစဥ်ပေးမယ့် manager , artist , stylistတွေနဲ့မို့ ကလေးက စာပဲလေ့လာပါတဲ့လေ။


""ကိုကို ဒီနေ့ studio recordingရှိတယ်မလား""


""အင်း...အဲ့ဒါနေ့လည်မှ""


""ကိုကိုရော ဘာလို့အစောကြီးနိုးတာလဲ""


""ဘေးမှာ အနွေးဓာတ်လေး 'မင်း'မရှိရင် ကိုယ်အိပ်မပျော်တော့ဘူးလေ""


""ကိုကို အရင်ကရော အမြဲတစ်ယောက်တည်းပဲနေခဲ့တာလား...အိန်ဂျယ်လ် မေးကြည့်ချင်တာကြာပြီ..ဟို...ဟိုလေ!""


""မင်း မေးချင်တာ ကိုယ့်မိဘတွေလား""


""ဟုတ်""


""ကိုယ်က မိဘမဲ့ပါ...အရင်ကတည်းက မိဘတွေမရှိတာ...တွေ့လည်းမတွေ့ဖူးဘူး""


""ဟင်!""


ထိုစကားကို ဖြေလိုက်ပြီး မျက်နှာလေးကအရိပ်အယောင်တစ်မျိုးပြောင်းသွားတာကြောင့် မေးမိတာကိုပင် နောင်တရချင်သွား၏။တကယ်လည်း သိချင်ခဲ့တာပါ။ ဖွဲ့ သူနဲ့စဆုံကတည်းက သူ့အနားမှာ လူတွေအများကြီးရှိတာတွေ့ပေမယ့် သွေးသားရင်းချာ ဆွေမျိုးရယ်လို့မတွေ့ဖူးသလို ပြောသံလည်း မကြားခဲ့ဖူးဘူးလေ...။ 'မိဘမဲ့'တဲ့လား...ဒါဆို သူဒီလို အောင်မြင်တဲ့ ဘဝမျိုးရအောင် ဘယ်လိုများကြိုးစားခဲ့ပါလိမ့်!


"".....""


မေးတုန်းကမေးပြီး အခုမှမျက်နှာငယ်နဲ့အသံတိတ်သွားတဲ့ ကောင်မလေးကို သူ အသေအချာကြည့်နေပြီးမှ အနားလေးသို့သွားထိုင်၍ ကိုယ်လုံးသေးသေးပိစိလေးကို ပေါင်ပေါ်ပွေ့တင်လိုက်ပြီး နဖူးကို လက်နဲ့ ခပ်ဖွဖွလေးတောက်ကာ...


""ဘာလဲ...စာမကျက်ချင်လို့ စကားလမ်းကြောင်းတွေလွှဲတာလား""


""ဟင်! မဟုတ်ပါဘူး

တကယ်မသိလို့ မေးကြည့်တာ

ကိုကို...အဲ့ဒါဆိုလေ...တစ်ယောက်တည်းဘယ်လိုရပ်တည်ခဲ့တာလဲ""


""တစ်ယောက်တည်းတော့မဟုတ်ပါဘူး

ကိုယ့်မှာ မွေးစားအဖေရှိခဲ့တယ်...သူ့အတွက်အလုပ်လုပ်ပေးရင်းနဲ့ပဲ အနုပညာအသိုင်းအဝိုင်းကို ရောက်ခဲ့တယ်ဆိုပါတော့""


""ရှိခဲ့တယ်ဆိုတော့...အခုရော""


""အခုမရှိတော့ဘူး...သူ့ကိုရန်ဘက်တစ်ယောက်ကသတ်ခဲ့တာ...အဲ့ဒီ့ကိစ္စကြောင့်ပဲ...""


ပြောပြနေရင်းမှ အကြောင်းအရာတစ်ချို့ကိုသတိရမိသွားကာ စကား စ ကိုရပ်၍ သူမကို ငုံ့ကြည့်မိတော့ ဘာဆက်ပြောမည်ကို စိတ်ဝင်တစားနားစိုက်ထောင်ရင်း မော့ကြည့်နေသော မျက်လုံးဝိုင်းလေးများနှင့် ဆုံ၏။ အဲ့ဒီကိစ္စကြောင့်ပဲ ဘဝအတွက် ပထမဆုံး ချစ်ဦးသူကို တွေ့ခဲ့တယ်ဆိုသည့်စကားကို သူ ဆက်မပြောပြချင်တော့ပါ။ လိုမှမလိုအပ်တော့ဘဲလေ...။ အသစ်ဖြစ်အောင် ထပ်ပြောပြရင် တွေးချင်ရာလျှောက်တွေးပြီး သက်သက်မဲ့ စိတ်မကောင်းဖြစ်နေဦးမှာ...။ဒီတော့ မင်း နားမထောင်တော့တာပဲကောင်းပါတယ်...

(ဒီအကြောင်းအပြည့်အစုံက ရှေ့ဇာတ်လမ်းမှာပါခဲ့ပြီးသားပါနော်☺)


"" အဲ့ဒီ့ကိစ္စကြောင့်ဘာဖြစ်လဲ ကိုကိုရဲ့

ဆက်ပြောလေ""


""ဘာမှမဖြစ်ဘူး...ကလေးတွေကအဲ့ဒါမျိုးသိဖို့မလိုဘူး""


""ဟင့်! ကလေးမဟုတ်ပါဘူးနော်

ရှင့် ဇနီးပါ""


နှုတ်ခမ်းစူ၍ ငြူငြူစူစူလေးပြောလိုက်တာကြောင့် သူ ဟက်ခနဲရယ်မိသွားရကာ ပါးလေးကို ဖွဖွငုံ့နမ်းလိုက်ပြီးမှ...


""ဟုတ်ပါပြီ...ကျွန်တော့်ဇနီးလေးရယ်

နောက်တော့ဆက်ပြောပြမယ် ဟုတ်ပြီလား

အခုတော့ စာကျက်ဦး""


""မရဘူး...အခုပဲပြောပြ""


""တော်တော်ဆိုးတဲ့ ကလေးပါလား

နောက်တော့ပြောပြမယ်ဆိုနေ...ဘာပဲဖြစ်ဖြစ် အရှင်းဆုံးအဖြေကတော့ ကိုယ့်ဘဝက အရာရာအဆင်ပြေခဲ့တာမဟုတ်ဘူး...ခက်ခဲကြမ်းတမ်းတာတွေအများကြီးကြုံခဲ့ဖူးတယ်...မင်းကတော့ ရွှေစံအိမ်က မင်းသမီးလေးမို့ ဒါတွေနားလည်မှာမဟုတ်ဘူး""


သူ့စကားကြောင့် ဖွဲ့ ခေါင်းလေးငုံ့ကာ ငြိမ်နေလိုက်မိ၏။ ဟုတ်ပါတယ်...သူပြောတဲ့ ခက်ခဲကြမ်းတမ်းမှုဆိုတာကို ဖွဲ့ မကြုံခဲ့ဖူးဘူးဆိုသည့်တိုင် ရွှေလှောင်အိမ်ထဲမှာ နှစ်ပေါင်းအကြာကြီး ညှဥ်းဆဲနှိပ်စက်ခံခဲ့ရဖူးပါတယ်...။နေ့တိုင်း ရက်တိုင်း ကြောက်ရွံ့ထိတ်လန့်နေရပြီး နာကျင်စွာဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဘယ်လောက်တောင် များခဲ့သလဲ။ ဒီလိုဆိုတော့ ဖွဲ့ နဲ့ ကိုကိုက တစ်နေရာစီမှာ ဒဏ်ရာကိုယ်စီနဲ့ ရှင်သန်နေခဲ့ကြတာပဲ ...။ အခုတော့ အဲ့လိုလူနှစ်ယောက်ရဲ့ ဆုံစည်းခြင်းဟာ အချစ်ဆိုတဲ့ ထူးဆန်းမှုလေးနဲ့ငြိတွယ်ချည်နှောင်ခဲ့ပြီမို့ နောက်ဆိုရင် နာကျင်စရာတွေ ထပ်မရှိနိုင်လောက်တော့ဘူးနော်...ကိုကို။


""ဟိတ်! အိန်ဂျယ်လ်ပိစိလေး ဘာတွေစဥ်းစားနေပြန်တာလဲ""


""ကိုကို့အကြောင်း""


""ကိုယ့်အကြောင်းနောက်မှ စဥ်းစား

စာသာကျက်...ကိုယ်ခဏနေအလုပ်သွားရတော့မှာ""


""သွားပေါ့""


""📲📲📲""


ဘေးမှာနေရာလွတ်ရှိပေမယ့် ကိုယ့်ရဲ့ ကမ္ဘာငယ်လေးအား လက်ထဲပွေ့ထားကာ ချစ်စနိုးကြည့်၍ စကားတွေပြောနေစဥ် ဖုန်းလာသံကြောင့် လှမ်းယူကြည့်မိတော့ သူနဲ့အမြဲ contactရှိနေသော နံပါတ်မို့ ဖွင့်ကိုင်ရန်ပြင်လိုက်ပြီး...


""ကလေး...ခဏ!

ကိုကို ဖုန်းပြောလိုက်ဦးမယ်နော်""


သူမကို ပြောခဲ့ပြီးမှ အိမ်အရှေ့ဘက်သို့ထွက်လာကာ ဖုန်းကို ကိုင်လိုက်ပြီး တစ်ဖက်က အသံကိုနားစွင့်နေလိုက်၏။


""......""


""အင်း! ""


"".......""


""အခြေအနေကိုကြည့်ပြီးလှုပ်ရှား

ရိပ်မိသွားရင် အန္တရာယ်များလိမ့်မယ်""


"".....""


""အချိန်တန်ရင် သူ့ကိုခေါ်လာခဲ့မှာပါ

အခုက ဘာမှလက်ဆုပ်လက်ကိုင် သက်သေမရှိသေးလို့...ပြီးတော့ သူစာမေးပွဲဖြေရဦးမှာ...အဲ့ဒီလူတွေက အိန်ဂျယ်လ့်ကို သူတို့စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့ ပညာရေးကိုပါ ပိတ်ပင်ပြီး...အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာ...သူတို့ရှေ့မှာ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ဖို့ အားလုံးပြင်ဆင်ပေးရမယ်..သူ့အတွက်အချိန်ခဏလေးလိုသေးတယ်""


""......""


""အင်း! မင်းလည်းဂရုစိုက်

မကြာခင်တွေ့မယ်""


ဖုန်းကို ပိတ်လိုက်ပြီး အိမ်ထဲဘက်ပြန်လှည့်ဝင်ခဲ့တော့ ဧည့်ခန်းထဲက ဆိုဖာထက် အကျအနထိုင်ကာ လိလိမ္မာမ္မာလေး စာကျက်နေပြီဖြစ်သော သူ့ရဲ့ အိန်ဂျယ်လ်..။ ပါးစပ်လေး တလှုပ်လှုပ်နဲ့ စာအုပ်လေးထဲ ကြည့်လိုက်၊ စာဆိုလိုက်ဖြင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသော ထိုချစ်စဖွယ်လေးအား ပြုံး၍ ငေးကြည့်နေမိကာ နေရာ၌ ရပ်လျက်သားဖြင့် အိမ်ထဲလည်း ဆက်မဝင်ဖြစ်။


ဟုတ်တယ်...အိန်ဂျယ်လ်။ စာကြိုးစားနော်...

မင်းကို သူတို့ထပ်ပြီး မနှိမ်ချရဲအောင်၊ အနိုင်မယူရဲအောင် မင်းက ရင့်ကျက်ရမယ်၊ သတ္တိရှိရမယ် ကလေးလေး..။ကိုယ်က အနားမှာရှိနေမယ်ဆိုပေမယ့် မင်းကို အနိုင်ကျင့်စော်ကားတဲ့ အဲ့ဒီ့လူတွေကို မင်းလက်နဲ့ပဲ တုံ့ပြန်ရမယ်...။ အဆုံးသတ်မှာ မင်းပဲ အနိုင်ရ ရမယ်။


~~~~ 🍁🍁🍁🍁 ~~~~


လ အနည်းငယ်ခန့်ကြာပြီးနောက်...


လက်ထဲရှိနေသော စာရွက်ဖြူဖြူလေးအား ကြည့်ကာ ရင်ထဲ တလှပ်လှပ်တုန်လာရသည်။ ဖွဲ့ အကြောက်ဆုံးသောအချိန်၊ ရင်မဆိုင်ချင်တဲ့အချိန်က ရောက်လာခဲ့ပြီပဲ။ ကြောက်လန့်စရာတွေ ပြည့်နှက်နေတဲ့ အဲ့ဒီ့အိမ်၊ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ပြုံးပြမယ့် အဲ့ဒီလူတွေကို ထပ်ပြီး မတွေ့ချင်ပါ။ ပြောရရင် အဲ့ဒီစံအိမ်ကြီးရဲ့ အရိပ်ကိုပင် မနင်းချင်။ အခုတော့ တကယ်ပဲ အဲ့ဒီ့လူတွေနဲ့ရင်ဆိုင် ရတော့မှာလား...။


"" အိန်ဂျယ်လ်လေး...လက်ထဲက ဘာလဲ?""


ဖွဲ့ တစ်ယောက်တည်း စိတ်မအေးစွာတွေးနေစဥ် အခန်းထဲ ဝင်လာသည့် ကိုကိုက လှမ်းမြင်သွားကာ အနားမှာလာထိုင်၍ မေးခွန်းထုတ်လေပြီ။ ဖွဲ့လည်း သူ့ကိုပြောပြမှဖြစ်မှာမို့ မျက်နှာချင်းဆိုင်လှည့် ထိုင်ကာ...စာရွက်ကိုလည်း သူ့လက်ထဲထည့်ပေးလိုက်ပြီး...


"" ဘိုးဘိုးရဲ့ ရှေ့နေဆီက တရားဝင်အကြောင်းကြားစာတဲ့!""


"" အင်း...အိမ်ကခေါ်နေတာပေါ့""


"" ကိုကို...အိန်ဂျယ်လ် သူတို့ဆီမသွားချင်ဘူး""


ငိုသံဝဲဝဲလေးနဲ့ပြောကာ သူ့ရင်ခွင်ဆီတိုးဝင်လာတာကြောင့် အလိုက်သင့်လေးပြန်ဖက်ထားပေးရင်း ခေါင်းလေးကို ဖွဖွပွတ်ပေးနေမိ၏။ မကြာခင်ဆို အိန်ဂျယ်လ်လေး အသက်၂၀ပြည့်တော့မှာမို့ သူတို့မိသားစုရဲ့ သတ်မှတ်ချက်အရဆို မျိုးရိုးရဲ့ ပိုင်ဆိုင်မှုပမာဏ အတော်များများကို အမွေဆက်ခံရမှာပင်။ ဒီအမွေတွေကြောင့်ပဲ သူမကို စိတ်တိုင်းကျခြယ်လှယ်ကာ လက်ခုပ်ထဲကရေ လုပ်ချင်နေကြတာလေ။ ဘာမှမသိ နားမလည်တဲ့ အရုပ်လေးဖြစ်နေမှ နောက်ကွယ်က စိတ်ကြိုက် ကြိုးကိုင်နိုင်မှာကိုး။


ဒီအတိုင်းလေး ချော့နေရင်းမှပင် ရင်ဘတ်ဆီသို့ စိုစွတ်စွတ်ဖြစ်လာတဲ့ ခံစားချက်ကြောင့် ငိုနေပြီမှန်းသိလိုက်ပါ၏။ အရွယ်ငယ်ငယ်လေးနဲ့မမျှအောင် ဘယ်လောက်များ ထိတ်လန့်ခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲ့ မြင်နိုင်တာပင်။


""ဘာမှမကြောက်နဲ့လို့ပြောထားတယ်လေကွာ

ကိုယ့်အိမ်ကိုယ်ပြန်တာ အဲ့လောက်တောင်ကြောက်စရာရှိလို့လား?""


"" မပြန်ချင်ဘူး...ဘာမှလည်းမလိုချင်ဘူး

ဒီအတိုင်း ကိုကိုနဲ့ပဲနေချင်တယ်""


""ကိုယ်ကတော့ ကိစ္စမရှိပါဘူး

ဒီခန္ဓာကိုယ်သေးသေးလေးအတွက် လုံလောက်အောင် ရှာကျွေးနိုင်ပါတယ်..အဲ့လောက်တော့ ချမ်းသာတယ် ဒါပေမဲ့ တစ်ချို့ကိစ္စတွေက အမြဲရှောင်လွှဲနေရုံနဲ့ ပြီးမသွားဘူး အိန်ဂျယ်လ်""


""ဟင်! ကိုကိုဘာကို ဆိုလိုတာလဲ""


သူ့စကားကြောင့် အံ့သြသလိုလေး မော့ကြည့်ကာ မေးလာတော့ မျက်ရည်တွေစိုလူးနေတဲ့ ပါးပြင်လေးကို လက်နဲ့ဖွဖွ သုတ်ပေးလိုက်ပြီး စိုစွတ်နေတဲ့ မျက်တောင်ဖျားလေးထက်က မျက်ခွံလေးပေါ် ဖိကပ်နမ်းလိုက်ရင်း သူမကိုယ်လေးကို ရင်ခွင်ထဲပြန်ဖက်ထားကာ...


"" အဲ့ဒီ့အကြောင်းတွေ ကိုကိုသိတယ်""


""ဟင်! ဘာ..ဘာအကြောင်းကိုလဲ""


""မင်း ကိုယ့်ကိုဘယ်တော့မှပြောမပြတဲ့အကြောင်း..""


""အိန်ဂျယ်လ် ကိုကို့ကိုမပြောပြတဲ့အကြောင်းက ဘယ်မှာရှိလို့လဲ ကိုကိုရဲ့...မရှိပါဘူး""


ပါးစပ်ကငြင်းနေပေမယ့် မျက်ဝန်းလေးများကတော့ မငြိမ်သက်စွာ ရွေ့လျားပြေးလွှားနေလေ၏။ ဒီအချိန်အထိ ကိုယ့်ကိုဆို ဖုံးကွယ်ဖို့လောက်ကြိုးစားနေတဲ့ သူမကြောင့် စိတ်က အလိုမကျစွာ မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားရသည်။ ပြီးတော့ ငုံ့သွားတဲ့ မျက်နှာလေးကို မေးဖျားမှပြန်ဆွဲမော့ယူတော့ ကြည့်လာသည့် မျက်ဝန်းများက မဝံ့မရဲအသွင်နှင့်..။


""မပြောနဲ့...ကိုယ့်ကိုဆိုအမြဲဖုံးကွယ်ထားလိုက်!!

မင်း ဒီတစ်သက်လုံးမပြောဘဲ နေတော့မလို့လား""


လေးနက်စွာကြည့်၍ ပြောလာသည့် သဘောကို ဖွဲ့ နားလည်ပါသည်။ သူ..သူ အကုန်လုံးကိုသိနေခဲ့တာပဲ။


""ကိုကို...ဘယ်လိုလုပ် အဲ့ဒါတွေကို..""


တအံ့တသြမေးမိပေမယ့် ကိုယ့်ဘာသာလည်း ဘယ်ကသိမှန်း ခန့်မှန်းမိပါ၏။ ဒီအကြောင်းတွေကို အစ်ကိုစစ်တစ်ယောက်ထဲကိုသာ ပြောပြခဲ့ဖူးတာလေ။ ကိုကို့ကို ပြောပြခဲ့တာ သေချာပေါက် သူပေါ့။ မဖြစ်ဘူး..အစ်ကိုတောင် သူတို့ကိုသွားထိလို့ ဘယ်လိုဖြစ်သွားခဲ့ရလဲ..။ကိုကိုသိနေမှန်းသာ ဟိုလူတွေ ရိပ်မိသွားရင်...


အတွေးက မဆုံးခင် မျက်ရည်တို့က ဒလဟောစီးကျလာကာ ကိုကို့လက်ကို ဆုပ်ကိုင်လိုက်မိ၏။


""ကိုကို မသိသလိုပဲနေပါနော်

သူတို့ကလေ...""


""ရှူးး!!""


စကားကိုအဆက်မခံဘဲ နှုတ်ခမ်းဖူးလေးပေါ်သို့ လက်ညိုးဖြင့် ကန့်လန့်ဖြတ်တင်ကာ ဆက်မပြောရန်တားသည်မို့ ဖွဲ့ စကားကိုရပ်လိုက်ရသည်။ သူ့ပုံစံကတော့ ခပ်အေးအေးပါပဲ။


""မင်းပြောပြရင် သူတို့က ကိုယ့်ကိုဒုက္ခပေးမယ်လို့ပြောတယ်မဟုတ်လား?""


"".....""


""အဲ့ဒါနဲ့ပဲ ကြောက်ပြီး တစ်ချိန်လုံးဖုံးကွယ်ထားတယ်ပေါ့...မင်းက ကိုကို့ကို ယုံတာလား မယုံတာလား""


""ဘာမှမထိခိုက်ဘဲ အန္တရာယ်ကင်းစေချင်တာပါ""


""ကိုကိုက အဲ့လောက်ထိမပျော့ညံ့ပါဘူးကွာ

အရင်ကလေ မင်းရဲ့ကိုကိုက လူဆိုးလေးပါ..မင်းနဲ့က ကိုယ်လိမ္မာသွားတဲ့အချိန်မှဆုံတာ..ဒီတော့ ဘာမှမပူနဲ့ ဟုတ်ပြီလား""


""ဒါပေမဲ့...""


"" မင်းသွားရမယ်...အဲ့ဒီ့ညကဘာတွေဖြစ်ခဲ့လဲ၊ မင်းအမေနဲ့သူ တစ်ထေရာတည်းတူတဲ့ မျက်နှာရှိနေတာ ဘာကြောင့်လဲ မင်းမသိချင်ဘူးလား...သူတို့ကမကောင်းတဲ့သူတွေမှန်းသိလျက်နဲ့ မင်းပိုင်တဲ့အခွင့်အရေးကိုပေးပြီး သူတို့ကိုပျော်ခိုင်းမယ်ပေါ့""


""....""


""ငတုံးလေးလား..မင်းက

ဒီလောက် အနိုင်ယူခဲ့တဲ့သူတွေကို ကြောက်ပြီးပုန်းနေဖို့ပဲ တွေးတတ်တယ်...အမှန်တရားကိုရှာဖွေပြီး လက်တုံ့ပြန်ဖို့မတွေးဘူးလား...ဘာမှမကြောက်ဖို့၊ သတ္တိရှိဖို့ ကိုယ်သင်ပေးထားတာကို မှတ်မထားဘူး""


ဘာဆက်ပြောရမည်ပင်မသိ၊၊ သူပြောသမျှက အမှန်တွေမို့ အမြဲရှောင်ပြေးဖို့ ကြိုးစားနေတဲ့ ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်မိသလိုပါ။ 


""လောလောဆယ်က စာမေးပွဲဖြေဖို့နီးနေပြီ

စာကို အာရုံစိုက်...မင်းရဲ့မွေးနေ့က အဲ့ဒီ့နောက်မှလေ..ဒီတော့ စာမေးပွဲဖြေပြီးမှ သွား""


""ကိုကို..ကိုကိုကရော""


""မပူပါနဲ့...အန္တရာယ်များတဲ့နေရာကို ကိုယ့်ကလေးလေး တစ်ယောက်တည်းမလွှတ်ဘူး စိတ်ချ...ကိုယ့်scheduleတစ်ချို့ရှင်းထားမယ်..ဒီက ကိုယ်ရံတော်နဲ့ အတူတူသွားမယ်ဟုတ်ပြီလား""


""ဟုတ်""


သူ ဒီလိုဖြေလိုက်မှပဲ မျက်လုံးလေးက အရောင်လက်သွားကာ ပခုံးထက် ခေါင်းလေးလာမီထားလေ၏။


မင်း အဲ့ဒီ့နေရာကိုပြန်သွားရမယ် အိန်ဂျယ်လ်။

မင်းဘဝနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ အဲ့ဒီ့နေရာမှာရှိတယ်။ သိနိုင်မလား...ပျောက်ဆုံးသွားတဲ့ မင်းအမေက သက်ရှိထင်ရှားရှိရင် ရှိနေနိုင်တယ်လေ။ စိတ်မပူပါနဲ့...။အန္တရာယ်အရိပ်တွေကို မြင်လည်းပဲ ဒီလမ်းကို ကိုယ်က အတူလျှောက်ပေးမှာမို့ မင်းအန္တရာယ်ကင်းစေရပါမယ်...။


ကိုယ်က ယုံကြည်လို့ရပါတယ်။


~~~~ 🍁🍁🍁🍁 ~~~~

Continue to >>>Part-19


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: