book

Index 17

Part-[ 17 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 17 ] •••••••••••


ရန်ကုန်မြို့ရှိ ခမ်းနားကြီးကျယ်သော Hotelတစ်ခုတွင် ခမ်းနားသော လက်ထပ်မင်္ဂလာပွဲကို ကျင်းပနေ၏။ သတို့သားဘက်က ကျယ်ပြန့်တဲ့ အနုပညာအသိုင်းအဝိုင်းဖြစ်သည့်အပြင် သတို့သမီးဘက်ကလည်း ဂုဏ်မြင့်တဲ့ အလွှာဖြစ်တာကြောင့် မင်္ဂလာပွဲက ထင်ရှားသည့် ပြယုဂ်တစ်ခုဖြစ်နေခဲ့သည်။ မှတ်တမ်းယူမည့် သတင်းmediaအများအပြားလည်း ရှိနေကာ ပွဲတက်ရောက်သူတွေကလည်း အတော်လေးကို များပြားလှ၏။


အားလုံးက ကျေနပ်ဝမ်းသာစွာ ကောင်းချီးပေးကြသည့် ဤမင်္ဂလာပွဲမှာ ဝမ်းမသာနိုင်သူတစ်ယောက်ကတော့ ရှိနေတာအမှန်။ အမေဆိုတဲ့ နေရာက စစ်မှန်ခဲ့ရင်တော့ ဒါဟာ ကိုယ့်သမီးလေးအတွက် ဝမ်းသာဂုဏ်ယူရမယ့် ဖြစ်အင်ပါ။ သို့သော် ကိုယ်က အမေမှမဟုတ်ခဲ့လေပဲ။ 'မုန်းမဖွဲ့သာ'ဆိုတဲ့ မိန်းကလေးအနားမှာ အားကိုးရာရှိနေခြင်းက တကယ်ကို အဆင်မပြေတာပင်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူမက ဒုက္ခိတဘဝနဲ့ ကိုယ့်လက်ခုပ်ထဲက ရေလိုနေခဲ့ရပြီး ထိုအနေအထားမှာအာလုံးလည်း အဆင်ပြေခဲ့တာကို...အခုတော့လွတ်ထွက်သွားတဲ့ ခဏလေးမှာ အားလုံးရှုပ်ထွေးကုန်ရသည်။ နောက်ထပ်မကြာခင်လပိုင်းလောက်ဆို သူမရဲ့ အမွေဆက်ခံခွင့်ရမယ့်အချိန်ရောက်လာတော့မှာမို့ ဘာတစ်ခုမှလွဲချော်သွားလို့မဖြစ်ပေ။ အခု မင်္ဂလာပွဲကိုလည်း မလွှဲသာစွာ ခွင့်ပြုလိုက်ရခြင်းပါ။ သူ့ချစ်သူဆိုတဲ့ ရွှေမင်းသားက  နောက်ခံအင်အားသုံးပြီး လူသိရှင်ကြားဖြစ်အောင်လုပ်ခဲ့တာ မဟုတ်လား...။


ဘာပဲဖြစ်ဖြစ် အမွေဆက်ခံခွင့်ရပြီးတာနဲ့ ငါ နင့်ကို ဒီအတိုင်းလွှတ်မထားဘူး မုန်းမဖွဲ့ ။မကြာခင် ငါ့လက်ခုပ်ထဲပြန်ရောက်စေရမယ်။ နင်သိထားတဲ့ ငါ့အကြောင်းတွေ ထပ်ပြီး မပျံ့ပွားခင် နှုတ်ပိတ်ထားမှဖြစ်မယ်။


""📲📲📲""


မလှမ်းမကမ်းမှာ ရှိနေသော သတို့သမီးထံလှမ်းကြည့်ပြီး ကောက်ကျစ်မည့်ဥာဏ်ကိုထုတ်နေစဥ် ဖုန်းလာသံကြောင့် အပြင်သို့ရှောင်ထွက်လာခဲ့၏။


""......""


စောစောကတည်းက ဒေါ်ဧကရီတစ်ယောက် အိန်ဂျယ်လ်ရှိရာဆီ စူးစူးနစ်နစ် စိုက်ကြည့်နေသည်ကို အလင်း မြင်နေပါသည်။ ဘေးမှာတော့ အိန်ဂျယ်လ့်လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားကာ အနီးဝန်းကျင်ကိုလည်း မကြာခဏသတိထားကြည့်သည်။ ပြောရရင် ဒေါ်ဧကရီ သူမအနားကပ်တာကိုပင် သူစိတ်မချနိုင်ပါ။ လေညှင်းဆိုတဲ့ မိန်းကလေးကတော့ စစ်ရန်ရဲ့ accidentသတင်းကိုကြားသည့်နေ့ကတည်းက ပြန်သွားတာမို့ တစ်ရန်ငြိမ်းတာပါပဲ။ ရှေ့ဆက် ဘာတွေကြံစည်ကြဦးမလဲ မသိနိုင်ပေမယ့် ဖြစ်လာသမျှကို သူပဲ ရင်ဆိုင်ဖြေရှင်းမှာမို့ ဒီအတောအတွင်းမှာတော့ အိန်ဂျယ်လ် အထိအခိုက်ကင်းအောင် ကာကွယ်ရမှာပင်။


သူ လေးနက်စွာတွေးနေသလောက် ဘေးကသူမကတော့ ဟိုငေး ဒီငေးလေးကြည့်နေကာ လာနှုတ်ဆက်သမျှသူတွေကို စကားပြန်ပြောနေလေရဲ့။ ဖြူလွှနေသည့် ဂါဝန်အရှည်ကြီးက လူတစ်ကိုယ်လုံးဖုံးနေတာကြောင့် လမ်းလျှောက်တိုင်း စိတ်မရှည်သလိုလေး ဆွဲ'မ'နေသည့် သတို့သမီးလေးကို သူ သဘောကျစွာပြုံးကြည့်နေမိ၏။ ကြွေရုပ်လေးလိုလှပနေသည့် မျက်နှာထက်က ပန်းနုရောင်သမ်းသည့် ပါးမို့မို့လေးနှင့် ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးက ငေးကြည့်မိတိုင်း တိမ်းညွတ်ချင်ဖွယ်။ ပန်းရောင်ကိုသာ အသားပေးခြယ်သထားသည့် အပြင်အဆင်က သူမနဲ့လိုက်ဖက်လွန်းလှပြီး နတ်သမီးလို အဆင်းသဏ္ဌာန်နဲ့ ဤမျှလှပသော အဖြူရောင်သတို့သမီးလေးက ကိုယ်ပိုင်သည့် မိန်းကလေးဆိုတာ အိပ်မက်ဆန်သည့် လက်တွေ့ပါပဲ...။ 


"" ကဲ! သတို့သား၊ သတို့သမီးရေ အဲ့လိုပဲနေတော့မှာလား""


""ဟမ်! အဲ့လိုမနေလို့ ဘယ်လိုနေရမှာလဲ?""


""ပွဲလေးဆူသွားအောင် တစ်ယောက်နဲ့တစ်ယောက်အကြင်နာပေးပြပါ""


""Wow! ဟုတ်တယ်..ဟုတ်တယ်

ဒီလောက်လှတဲ့ သတို့သမီးလေးကိုရှာထားတာပဲ အကြင်နာပေးတာလောက်ကမခက်ပါဘူးနော်""


""ဟုတ်တယ်...ငါတို့လည်းထောက်ခံတယ်""


ရုတ်ချည်း ဆူညံလာသော ထောက်ခံသံတွေကြောင့် ဖွဲ့မျက်လုံးလေး ပြူးကျယ်သွားရသည်။ လူတွေဒီလောက်အများကြီးကို...ဒါဘယ်လိုတောင်းဆိုမှုကြီးလဲ။ သူတို့ပြောသလိုမှမလုပ်ရသေးခင် စိတ်ထဲအတွေးကြောင့် ပါးနှစ်ဖက်ရော၊ တစ်ကိုယ်လုံးပါ ထူပူလာကာ ချွေးများပင်စို့ချင်လာရသည်။ မဝံ့မရဲလေးဖြင့် သူ့မျက်နှာကိုမော့ကြည့်တော့ ဖွဲ့ထံသို့ ငုံ့ကြည့်နေသည့် မျက်ဝန်းများဖြင့်ဆုံ၏။ အနားက ဆူညံသံတွေကလည်း ရပ်မသွားဘဲ စည်းချက်မှန်မှန် လက်ခုပ်တီးနေသည့် အသံတွေကိုတောင် ကြားနေရတာကြောင့် ယောင်ချာချာဖြင့် ဘေးပတ်ဝန်းကျင်ကို ငဲ့ကြည့်မိစဥ်...


""အို့!!""


ရုတ်တရက် ခါးလေးမှလှမ်းပွေ့ကာ ဖက်တွယ်ခြင်းခံလိုက်ရတော့ ဖွဲ့ကိုယ်လေးက သူ့ရင်ခွင်ဆီပစ်ဝင်သွားရသည်။ နီးကပ်စွာ ရပ်နေပေမယ့် အနည်းငယ်ခြားနေသေးသည့် အကွာအဝေးက အခုတော့ တင်းကျပ်စွာဆွဲဖက်ထားလိုက်သည့် အင်အားကြောင့် နေရာလပ်မရှိစွာ ထိကပ်သွားပြီး ရွှန်းရွှန်းစားစား စိုက်ကြည့်နေသည့် မျက်ဝန်းများက စူးရှစွာညှို့ငင်နေ၏။ ဘုရားရေ! သူ... သူ တကယ်ပဲ...သူများတွေပြောသလိုလုပ်တော့မလို့လား...


""ကိုကို! ""


""ဘာလို့လဲ...မနမ်းဖူးတာလည်းမဟုတ်ဘဲနဲ့""


""အဲ့ဒါက...ဒီမှာက ဟို!

လူ...လူတွေအများကြီး""


နီရဲနေသည့် စတော်ဘယ်ရီမျက်နှာနဲ့ မျက်လုံးလေးဝိုင်းစက်ကာ စကားတွေပါ အဆီအငေါ်မတည့်ဖြစ်နေသော အိန်ဂျယ်လ်ကြောင့် ရယ်ချင်ရပြန်သည်။ တကယ်ပဲ ဘယ်လိုချစ်စဖွယ်လေးမှန်းကိုမသိ။ လူကို အမျိုးမျိုးအသည်းယားအောင် သူပဲစွမ်းနိုင်လွန်းသည်။ ချစ်စရာလေးရေ!...မင်းက ကိုယ်ပိုင်တဲ့ အိန်ဂျယ်လ်ပါ...အဲ့တော့ မင်းရဲ့နှုတ်ခမ်းလေးကိုလည်း ကိုယ်သိမ်းပိုက်ခွင့်ရှိတာပေါ့...။


အတွေးနဲ့အတူ တဖြေးဖြေးချင်းတိုးကပ်သွားမိသည်က သူမရဲ့ပန်းဆီရောင် နှုတ်ခမ်းလွှာလေးဆီသို့..။ဒါကိုပင် သူမလေးက ရှက်လန့်တကြား ရုန်းရန်ပြင်လေတော့ ပိုလို့တိုးဖက်လိုက်ပြီး...


""ဘေးကိုမကြည့်နဲ့...ဘယ်သူမှမရှိဘူးလို့သဘောထား...ကိုယ့်ကိုပဲကြည့်""


နှုတ်ခမ်းဖျားချင်းမထိကပ်မီ ခပ်တိုးတိုးဆိုလိုက်ပြီးမှ နှုတ်ခမ်းဖူးလေးကို အပိုင်သိမ်းသွားလေ၏။ ထိုခဏ၌ ဖွဲ့တစ်ကိုယ်လုံး လေဟာနယ်ဆီလွင့်စင်သွားသလို နှလုံးသားတစ်ခုလုံးလည်း တလှပ်လှပ်အခုန်မြန်ကာ ရုန်းဆန်ချင်ပါသော်လည်း မလွတ်မြောက်တော့ပေ။ တဖြေးဖြေးနဲ့ သိပ်သည်းစွာ ညှို့ငင်နေသော အနမ်းများအောက် အလိုက်သင့်မျောပါမိတော့ ဘေးနားကလက်ခုပ်တီးအားပေးသံတွေကလည်း ဆူညံလို့ ...။


သူက ထိုအသံတွေကိုလည်း ဂရုမထားသယောင်နှင့် ညင်သာသောအနမ်းတို့ကို ဆက်၍အသက်သွင်းနေပေမယ့် ဖွဲ့ကတော့ ထိုအသံတွေကြားမှ ကိုယ်လေးတုန်တက်သွားကာ ထားစရာမရှိဖြစ်နေသည့်အေးစက်စက်လက်ဖျားတို့ကို သူ့ကျောပြင်ဆီဖက်တွယ်လိုက်ရင်း ပြူးကြောင်ကြောင်လေးဖြစ်နေသော မျက်လုံးအစုံကိုလည်း မှိတ်ချလိုက်တော့၏။


သူပြောသလို...

ဤအရပ် ဤဝန်းကျင်၌ ဖွဲ့တို့နှစ်ယောက်ထဲသာရှိနေသည်ဟု မှတ်ယူလိုက်ရင်း ကြင်သူခြွေသော ထိုအနမ်းများကိုလည်း သူ့အလိုကျ စေစားခွင့်ပြုလိုက်သည့် ခဏတွင် ကြားနေရသော ဆူညံသံတို့ဝေးလွင့်ကာ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ငြိမ်သက် တိတ်ဆိတ်သွားခဲ့၏။


~~~~ 🍁🍁🍁🍁 ~~~~


""ဒေါက်တာ..သူဘယ်တော့လောက် သတိရမလဲဟင်""


""ဦးခေါင်းကို ထိခိုက်တဲ့အခြေအနေက ပြင်းထန်လို့ ခန့်မှန်းရတော့ခက်ပါတယ်...coma caseလည်းဖြစ်သွားနိုင်လို့ အခြေအနေကို စောင့်ကြည့်ရမှာပါပဲ""


ရှင်းပြပြီးသည်နှင့် ဒေါက်တာပြန်ထွက်သွားမှ ကိုကိုစစ်ရဲ့ ကုတင်ဘေးထိုင်ကာ မျက်နှာကိုငေးကြည့်နေမိ၏။ သူ့အမေကလည်း အနားမှာ နေ့နေ့ညညငိုယိုနေတာပါပဲ။ အက်စီးဒင့်ဖြစ်ပြီးကတည်းက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လုံးဝကိုသတိလည်လာခြင်းမရှိခဲ့။ လေညှင်းလည်း သိရသည်နှင့်ချက်ချင်း ပြန်လာခဲ့တာပါ။ ဟိုမှာလည်း ဆက်နေချင်စရာအကြောင်းမရှိတော့ပြီလေ။ ဂုဏ်ယူစရာလက်ထပ်ပွဲကြီးကို တိုင်းသိပြည်သိ ကျင်းပတော့မယ့်အရေးကို ဘယ်မှာရှုစိမ့်နိုင်ပါ့မလဲ ။ နင်ကံကောင်းနေလိုက်ဦး မုန်းမဖွဲ့ ...။မကြာခင်မှာ အဲ့ဒီ့ကံကောင်းမှုတွေ ပျောက်ကွယ်သွားအောင် ငါလုပ်ပစ်မယ်...။


မကျေနပ်စွာတွေးရင်း လဲလျောင်းနေသူရဲ့ လက်တစ်ဖက်အား ဆုပ်ကိုင်ထားလိုက်သည်။ သူဟာ တော်တော်စိတ်ပျက်ဖို့ကောင်းပြီး နုံအတဲ့ ယောကျ်ားတစ်ယောက်ပါပဲ။ ဘာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်အတွက် အသက်ကိုတောင်မမှုနိုင်ဘဲ အန္တရာယ်ကို ဇွတ်တိုးဝင်ခဲ့တာကိုး။ လေညှင်းအတွက်ကိုတော့ ဘယ်တော့မှ မကြည့်ခဲ့တဲ့ သူ...


ရှင်ချစ်တဲ့ သူကို ကျမ မုန်းတယ်။

ပြီးတော့ ရှင့်ကိုလည်း မုန်းတယ် စစ်ရန်မခ။


~~~~ 🍁🍁🍁🍁 ~~~~


အခန်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့် ပန်းရောင်ဘောလုံးလေးတွေ ချိတ်ဆွဲထားသည့် နံရံကိုတွေ့ရပြီး အရင်က အပြာရောင်အိပ်ရာခင်းအစား ပန်းရောင်ဆင်ထားသည့် မွေ့ယာပေါ်မှာ အနီရောင်နှင်းဆီပွင့်ဖတ်တွေလည်း ပြန့်ကျဲ၍ အလယ်နားမှာ ပွင့်ဖတ်လေးတွေကို အသည်းပုံစံတောင်ဖော်ထားလိုက်သေးရဲ့။ လှေကားတက်လာသည့်လမ်းတစ်လျှောက်မှာလည်း ပန်းအလှလေးတွေ ဆင်ထားတာ သတိပြုမိသည်။ ဒါတွေကို ဘယ်တုန်းက ပြင်လိုက်တာပါလိမ့်!


အခန်းလေးထဲ လှမ်းဝင်လာရင်း တစ်ခန်းလုံးကို အထူးအဆန်းသဖွယ် လိုက်ငေးနေမိသည်။ မရောက်ဖူးတာလည်း မဟုတ်ပေမယ့် အခုအနေအထားက အရင်နဲ့မတူတော့ပြီမို့ ဖွဲ့ သဘောတကျလေးပြုံးကာ မှန်တင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ ဒါ အရင်က ကိုကို့ အခန်းမှာမရှိဘူးလေ...။


မှန်ထဲ ပြန်ပေါ်နေသည့် ကိုယ့်ပုံရိပ်ကို ကြည့်ရင်း ရုတ်တရက် မေမေ့ကိုသတိရမိသည်။ အဲ့ဒီ့ညကတည်းက ထပ်မတွေ့ရတော့သည့် မေမေ...။အစ်ကိုစစ်ပြောသလို...တကယ်ပဲအသက်ရှင်နေခဲ့မလား? ဒါဆိုရင်ရော နှစ်တွေဒီလောက်အကြာကြီး ဘာလို့ပေါ်မလာတော့တာလဲ...။သူတို့များ တစ်နေရာမှာ ဝှက်ထားတာလား...။


ဒီကိစ္စတွေက ရှုပ်ထွေးနက်နဲလွန်းတာ အစတောင်ရှာမရအောင်ပင်။ အခုလည်း ဒါတွေကိုဖော်ထုတ်ဖို့ကြိုးစားလို့ အစ်ကို ထိခိုက်သွားရသည်။ ဆေးရုံပေါ်မှာ အခုထိတိုင် သတိမရသည်အခြေအနေလို့ ကြားမိပေမယ့် ဖွဲ့ကတော့ သွားမတွေ့နိုင်ပေ။ နောက်ဆိုရင် ကိုကို့ကိုပါ ဒုက္ခပေးဖို့ သူတို့ကြံစည်လာနိုင်သည်။တကယ်ပဲ ဒီအကြောင်းတွေ စဥ်းစားလိုက်တိုင်း ထိတ်လန့်လွန်းလို့ အသက်ရှူတွေတောင်ကျပ်ရသည်အထိ။


မင်္ဂလာပွဲပြီးသည်နှင့် ဒေါ်ဧကရီက စံအိမ်ဆီပြန်သွားနှင့်လေ၏။ လေညှင်းကတော့ အစကတည်းက ပြန်သွားခဲ့ပြီမို့ လောလောဆယ်တော့ နှစ်ရန်လုံးငြိမ်းသွားတာပင်။ တကယ်ဆို လက်ထပ်ပွဲကို ပြင်ဦးလွင်မှာကျင်းပဖို့စီစဥ်ထားပေမယ့် ဖွဲ့က သူတို့ရှိတဲ့မြေကို ခြေမချချင်တာရော ကိုကို့ရဲ့scheduleတွေ အချိန်မလပ်တာရောကြောင့် ထပ်မလုပ်ဖြစ်တော့ပေ။ ရန်ကုန်မှာလုပ်ရတဲ့ပွဲကပင် အတော်လေး ပင်ပန်းရတာမဟုတ်လား။ ညဘက်dinner partyအထိပါ ပွဲလုပ်ရသည်မို့ အခုညနက်မှသာ အိမ်ပြန်ရောက်ရ၏။ Honeymoonအတွက်လည်း sponsorကမ်းလှမ်းသည့် ပြည်တွင်းပြည်ပခရီးစဥ်တွေက အများကြီးပင်။ ပြည်ပသွားဖို့ လေယာဥ်စီးတာ မပြောနဲ့...မြန်မာနိုင်ငံထဲတောင် စုံလင်အောင်မရောက်ဖူးသည့် ဖွဲ့က ရန်ကုန်ကိုတောင် အခုမှရောက်ဖူးတာပါ။ ကျန်တဲ့နှစ်တွေတစ်လျှောက် စံအိမ်ထဲမှာ ပိတ်မိနေခဲ့သည့် ဒုက္ခိတဘဝလေ။


ဒါကြောင့် Honeymoonအတွက် မြန်မာနိုင်ငံထဲက အဆင်ပြေတဲ့ခရီးတစ်ခုကိုသာ ကိုကို ရွေးပေးထားပြီး မနက်ဖြန်မှသွားရမှာဖြစ်သည်။ မှန်လေးထဲ စိုက်ကြည့်နေရင်းမှ အတွေးလွန်ခြင်းကို ရပ်တန့်ကာ ဆံထုံးမှာ ထိုးထားသည့်ကလစ်လေးတွေ တစ်ခုချင်းဖြုတ်နေစဥ် အခန်းတံခါးက ချပ်ခနဲ ပွင့်သွားလေ၏။ အပေါ်အင်္ကျီကို ချွတ်ကာ လက်ကကြယ်သီးတွေ ဖြုတ်ရင်း အခန်းထဲဝင်လာသည့် ကိုကိုက စောစောက ပွဲတုန်းကနဲ့ ခြားနားစွာ မျက်နှာတည်ကြီးဖြစ်နေလေ၏။


""ကိုကို..!""


""အင်း""


""......""


""ခေါ်ပြီးရင်...ပြောလေ""


""ဟင့်အင်း...ဘာမှမဟုတ်ပါဘူး

ခေါ်ကြည့်တာ...ကိုကို့မျက်နှာက စိတ်ဆိုးနေသလိုမို့""


ဟုတ်ပါတယ်...စိတ်ဆိုးနေတာပဲလေ။ အဲ့ဒီ့နေ့က ဓာတ်ပုံကိစ္စကို သူအခုထိမကျေနပ်သေးတာအမှန်။ သို့ပေမယ့် ကြားမှာ ကိစ္စများစွာပေါ်ပေါက်သွားသည်မို့ ကောင်းကောင်း စိတ်မဆိုးလိုက်ရပေ။ တကယ်ဆို အဲ့ဒီ့ကိစ္စတွေ အမှတ်ရကတည်းက ချစ်သူဖြစ်တဲ့ ကိုယ့်ကို အရင်ဆုံးအသိပေးခဲ့ရမှာ မဟုတ်လား။ အခုတော့ ကိုယ့်ကိုချန်လှပ်ထားခံရပြီး သူများတကာကို အားကိုးတကြီးပြောကာ သွားငိုနေတယ်လေ။ ကိုယ်ကကျ သူများပြောပြမှ ပြန်သိရတာ ကောင်းသေးရဲ့လား..။ ဟိုဘက်ကခြိမ်းခြောက်ထားတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်..အခုချိန်ထိ ကိုယ့်ကိုတစ်ခွန်းမှ ဖွင့်ဟမပြောသေးဘဲ တစ်ယောက်တည်းကျိတ်ခံစားနေတာ တကယ့်ကို သတ္တိခဲလေးလုပ်ချင်နေတာပဲ..မင်းက..။


""ကိုကို...အဲ့ဒီ့ကိစ္စအခုထိစိတ်ဆိုးနေတာလား""


ကြည့်! မေးတော့လည်းမဖြေဘဲ မျက်နှာလွှဲသွားပြန်ပါသည်။ သူတကယ်ပဲ အစ်ကိုစစ်နဲ့သွားတွေ့သည့်ကိစ္စကို မကျေနပ်သေးတာကိုး။ အဲ့ဒီ့ကိစ္စဖြစ်ပြီးကတည်းက စကားကိုကောင်းကောင်းမပြောခဲ့တာ ဒီနေ့အထိ။ သူများတွေရှေ့မှာတော့ အရင်လိုပဲဆိုပေမယ့် နှစ်ယောက်ထဲဆို အခုလိုမျက်နှာတည်ကြီးဖြစ်သွားတာပင်။ တကယ်ပါပဲနော်...အဲ့ဒါက သူနဲ့မဝေးချင်လို့ ညာမိခြင်းဆိုတာ တကယ်ပဲ မသိလို့လား...။ သူ့ကို အရင်ဆုံးပြောပြဖို့လည်း ကြိုးစားခဲ့ဖူးတာပဲလေ...။


""မနက်ဖြန် honeymoonသွားပြီးတာနဲ့ ပြန်လာတဲ့အခါ မင်း စာသင်ရမယ်""


""ရှင်...စာ.. စာသင်ရမယ်""


""အင်း...မင်း ဆယ်တန်းမဖြေရသေးဘူးမဟုတ်လား

နောက်ဆို မင်းက ငါနဲ့ပတ်သက်ပြီးလူသိများလာမှာ..အထက်တန်းတောင်မအောင်သေးရင် ရှက်စရာမကောင်းဘူးလား""


""ကိုကိုကအဲ့လိုထင်လို့လား""


""အင်း...နောက်တစ်ပတ်ကျရင် guideနဲ့စာသင်ဖို့ စီစဥ်ထားပြီးပြီ...စာကျက်ဖို့လုပ်""


""ဟုတ်""


သူပြောချင်တာသာပြောပြီး ရေချိုးခန်းဘက်ဝင်သွားလေ၏။ စာမေးပွဲပြန်ဖြေရမယ်တဲ့! အင်း...ဖြေဆိုလည်း ဖြေရမှာပေါ့...။ဒါနဲ့ သူ ဖွဲ့အကြောင်းတွေ စုံစမ်းထားတာနဲ့တူတယ်...။ဒီလိုဂရုစိုက်သေးတယ်ဆိုတော့ နည်းနည်းလေးစိတ်ဆိုးတာကို ဒီမိန်းကလေးက တာဝန်ယူရမှာပေါ့ ဟင်း!


တစ်ယောက်တည်းတွေးကာ ပြုံးလျက် သူပြန်ထွက်လာတာကို မစောင့်တော့ဘဲ အောက်ထပ်ကအခန်းကို ဆင်းကာ ရေချိုးခေါင်းလျှော်ပြီးမှ ပြန်တက်လာခဲ့တော့ ကုတင်ပေါ်လက်နောက်ပစ်ထိုင်ကာ မျက်မှောင်ကျုံ့လျက်ရှိနေပြန်သည့် သူ...


""ကိုကို...ဘာဖြစ်လို့လဲဟင်""


""ဘယ်တွေသွားနေတာလဲ""


""အောက်ထပ်အခန်းမှာ ရေသွားချိုးတာလေ""


""မင်းအခန်းက အဲ့ဒီ့မှာမဟုတ်တော့ဘူးလေ""


""သြော်..အဲ့ဒါဘာပြသာနာရှိလို့လဲ ကိုကိုရယ်'"


""အဲ့လောက်တောင် အဲ့ဒီ့အခန်းကိုကြိုက်ရင် အဲ့မှာပဲသွားအိပ်တော့...ဒီမှာလာမအိပ်နဲ့""


ဟယ်တော်! တကယ်ကို အံ့သြစရာပါလား။ မင်္ဂလာဦးညမှာ အခန်းထဲက နှင်လွှတ်ခံရတဲ့ မိန်းကလေးက မုန်းမဖွဲ့သာ တစ်ယောက်ပဲရှိဦးမည်။ ဘာမှမဟုတ်တဲ့ ကိစ္စလေးအတွက် ကလေးလေးလိုစိတ်ကောက်ပြနေတာကြောင့် ဖွဲ့ ရယ်လည်းရယ်ချင်ပါသည်။ ကိုကိုက ဒီလိုလည်းချစ်ဖို့ကောင်းတတ်တာကိုး..


""ကိုကိုကလည်း...""


ခပ်နွဲ့နွဲ့အသံလေးဖြင့် သူ့ထံလျှောက်လာကာ ပေါင်ပေါ်သို့ ဘေးတစောင်းလေးဝင်ထိုင်လိုက်ပြီး လက်လေးတွေကလည်း လည်ပင်းဆီသိုင်းဖက်ရင်း ရင်ဘတ်မှာခေါင်းလေးလာမီထားလေ၏။ ဒီလိုမျိုးလည်း ချွဲတတ်ပြန်သည့်ကလေးကြောင့် ရင်မှာ ကျေနပ်မှုကြီးဖြစ်ထွန်းသွားရပေမယ့် မျက်နှာကိုတော့တည်လိုက်ကာ...


""ဘာလာလုပ်တာလဲ...မင်းသိပ်ကြိုက်တဲ့အခန်းကိုသွားလေ""


""ဟင့်အင်း...မသွားပါဘူး""


""ဒီမှာထိုင်နေတာ နှစ်နာရီရှိပြီ

ဘာလို့ဒီလောက်ကြာတာလဲ""


""အင်း...ခေါင်းလျှော်တယ်..ရေချိုးတယ်လေ""


""ဒီအချိန်ကြီး ဘာခေါင်းလျှော်တာလဲ

သေချင်လို့လား""


""သြော်! စကားကိုကောင်းကောင်းပြောပါ..ခြောက်အောင်လည်းလုပ်ခဲ့ပြီးပါပြီ...အဲ့ဒါကြောင့် နည်းနည်းကြာတာ""


""......""


""ကိုကို...အိန်ဂျယ့်လ်ကိုစိတ်မဆိုးပါနဲ့တော့

တောင်းပန်တယ်နော်..မှားသွားပါတယ်""


""သူ့ကို သွားတွေ့ပြီးဘာပြောခဲ့တာလဲ""


""အင်း..အဲ့ဒါက..သြော်!

အိန်ဂျယ့်လ်ကို ဒီမှာတွေ့တဲ့အကြောင်းအိမ်ကိုပြန်မပြောဖို့ပြောခဲ့တာ..သူနဲ့လက်မထပ်ချင်လို့လေ""


ဖုံးကွယ်နေတုန်းပဲ...။မင်းကိုယ့်ကို ဘယ်အချိန်မှ ယုံကြည်အားကိုးစွာ ဖွင့်ပြောလာမှာလဲ အိန်ဂျယ်လ် ။ ခင်ပွန်းဖြစ်တဲ့ ကိုယ့်ကိုအသိမပေးဘဲ မင်းတစ်ယောက်ထဲ ဘာတွေကို ဘယ်လိုလုပ်မလို့လဲ...။ စိတ်တိုင်းမကျစွာတွေးလိုက်ရင်း သူမကို ပခုံးလေးမှတွန်းလွှတ်ကာ...


""ဆင်းတော့...အိပ်ချင်ပြီ

ပြောထားတယ်နော်..မင်းအခန်းမှာသွားအိပ်""


""ဟင့်! ကိုကို""


ခေါ်တာကိုပင်ဂရုမစိုက်။ နှင်းဆီခင်းတဲ့ မွေယာထက် သူတစ်ယောက်တည်း ကန့်လန့်ဖြတ်ကာ လှဲချလိုက်လေ၏။ မျက်လုံးတွေကိုလည်း မှိတ်ထားကာ ငြိမ်သက်နေသည်မို့ ဖွဲ့လည်း ထပ်မခေါ်တော့ဘဲ တကယ်ပင် အောက်ထပ်ကိုပြန်ဆင်းလာကာ ကိုယ့်အခန်းကိုယ်ပြန်အိပ်နေလိုက်သည်။ တနေကုန်ပင်ပန်းထားတာကြောင့် ခဏချင်းလေးမှာပင် မျက်လုံးက စင်းကျသွားကာ အိပ်ပျော်သွားတော့၏။


"".....""


အခန်းထဲကျန်ခဲ့သူတစ်ယောက်ကတော့ တစ်နာရီကြာသည့်တိုင် သူမ ပြန်ပေါ်မလာ၍ မနေနိုင်စွာပင် အောက်ထပ်သို့လိုက်ဆင်းလာမိသည်။ သူမအခန်းတံခါးကို ဖွင့်ကြည့်တော့ ကုတင်ပေါ် ပုံကျပန်းကျလေးအိပ်ပျော်နေပြီဖြစ်သော သူ့ရဲ့အိန်ဂျယ်လ်။ တကယ်ပဲ သွားအိပ်ဆိုတာနဲ့ အိပ်လိုက်တာပဲကိုး..။ဘယ်သူက အတည်ပြောနေလို့လဲ...။ အဲ့လိုကလေးဆန်လွန်းနေလို့ မင်းကို သူများအလွယ်တကူအနိုင်ယူတာပဲ...


အသည်းယားစရာပါးနုနုလေးကို ဖွဖွဆွဲညှစ်ကာ ကုတင်ပေါ် ကွေးကွေးလေးအိပ်ပျော်နေသည့် သူမကို ပွေ့ချီလိုက်ပြီး သူတို့ရဲ့ မင်္ဂလာဦးအခန်းဆီပြန်ခေါ်လာကာ မွေ့ယာထက်အသာအယာတင်ပေးပြီးမှ စောင်လေးပါ ဆွဲခြုံပေးလိုက်သည်။ သူလည်းအနားမှာ လှဲအိပ်ရင်း ချစ်ရသူမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ အိပ်စက်ခြင်းသို့ ရောက်ရှိခဲ့၏။


~~~~ 🍁🍁🍁🍁 ~~~~


မနက်မိုးလင်းလောက်သည့် အချိန်၌ ဖွဲ့ ကိုယ်လေးတစ်ချက်လူးလွန့်ကာ နိုးသွားရသည်။ နိုးလာချိန်တွင် အရင်ဆုံး ခံစားလိုက်ရသည်က နှင်းဆီရနံ့ ။ မျက်လုံးက ရုတ်တရက်ဖွင့်မရသေးဘဲ လူခန္ဓာကိုယ်ကလည်း တစ်ခုခုကထိန်းချုပ်ထားသလို လှုပ်မရပေ။ ဒီတော့မှ မျက်လုံးကို ဖွင့်ကြည့်မိစဥ်...အံ့အားသင့်သွားရပြန်သည်။


ငါ...ငါဘယ်လိုလုပ် ဒီအခန်းကိုပြန်ရောက်နေတာလဲ

ညက ဟိုအခန်းမှာ သွားအိပ်တာပါ။ အပေါ်ကိုမော့ကြည့်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေသည့်သူ...။ငါ့ခြေထောက်နဲ့ငါ ပြန်တက်လာတာတော့မဟုတ်နိုင်ဘူး...သူ ပြန်ခေါ်လာတာပဲနေမယ်။ အဲ့လိုလာခေါ်မှာများ အစကတည်းက နှင်ရတယ်လို့...ဘယ်လိုလူကြီးမှန်းကို မသိဘူး...။


မကျေနပ်အတွေးလေးနဲ့ မော့ကြည့်နေစဥ် သူက တစ်ချက်လူးလိမ့်ကာ အနေအထားပြောင်းအိပ်လေ၏။ ဖွဲ့လည်း သူ့မျက်နှာ ချောချောလေးကို အားမနာစတမ်းငေးကြည့်ရင်း စတွေ့ခဲ့တဲ့အချိန်လေးကို ပြန်စဥ်းစားမိသည်။ အဲ့ဒီ့အချိန်တုန်းကတော့ တစ်နေ့မှာ သူ့ရဲ့မိန်းကလေးဖြစ်ခွင့်ရမယ်လို့ မတွေးခဲ့မိတာအမှန်ပါ။


"" ပိုင်ဆိုင်ခဲ့ရခြင်းက အိပ်မက်လိုပဲ ကိုကို

အိန်ဂျယ်လ် ချစ်သလို ပြန်ချစ်ပေးခဲ့ပြီး...အခုလိုလက်တွဲပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်...ပြီးတော့ စိတ်လည်းမဆိုးပါနဲ့တော့နော်""


အိပ်ပျော်နေတဲ့သူ့ကို ကြည့်ရင်း တိုးလျလျလေသံလေးဖြင့်သာဆိုမိ၏။ မင်းသားလေးမို့လို့လားမသိ... ချောမွေ့နေသော မျက်နှာအသားအရေက ကြည်တောက်နေကာ နှာခေါင်းလုံးလုံးလေးကလည်း ဆွဲညှစ်ချင်စရာပင်။ မထူမပါးနှုတ်ခမ်းသားရဲရဲလေးကလည်း ဆွဲဆောင်မှုရှိပြီး ပြုံးလိုက်တိုင်း နွေးထွေးစေတဲ့ညှို့ဓာတ်နဲ့ စူးရှတဲ့မျက်ဝန်းအကြည့်မှာ ကျရှုံးသူမိန်းကလေးတွေ အများသား။


""ကိုကိုက အရမ်းချောတာပဲ

ဘာလို့များအဲ့လောက်တောင် ကြည့်ကောင်းရတာလဲမသိဘူး...""


သူ့ရင်ဘတ်ပေါ် ခေါင်းလေးတင်၍ စဥ်းစားခန်းဝင်နေရင်းမှ ရုတ်တရက်အကြံဆိုးလေးဝင်ကာ မျက်နှာလေးက တဖြေးဖြေးတိုးကပ်သွားပြီး နဖူးလေးပေါ် ဖွဖွနမ်းရှိုက်လိုက်မိသည်။ ထို့နောက် နှာတံလေးတစ်လျှောက် လက်ညှိုးလေးနဲ့ ဖွဖွဆွဲကာ ပါးလေးကိုလည်း ဖျတ်ခနဲခိုးနမ်းလိုက်သေးရဲ့ ။ ပြီးတော့ မေးလေးထောက်ကာ သူ့နှုတ်ခမ်းကို ငေးမိသွားရပြန်သည်။ ငေးနေရင်းမှ ထိုနှုတ်ခမ်းလေးပေါ်ကိုလည်း လက်နဲ့ဖွဖွစမ်းကြည့်ရင်း တသိမ့်သိမ့်ခုန်လာသော နှလုံးသားသံစဥ်နဲ့အတူ ထိုနေရာသို့ တဖြေးဖြေးချင်း ဦးတည်တိုးကပ်သွားမိသည့် အခိုက်...။


မိုးလင်းတာနဲ့ သူ့မျက်နှာပေါ်လက်ဆော့ကာ အနမ်းသူခိုးမလေးလုပ်နေသည့် ကလေးမကြောင့် ရင်ထဲအသည်းတွေယားလွန်းနေပါပြီ။ ပြောစကားများ အားလုံးကိုလည်း အတိုင်းသားကြားသည်။တကယ်တော့ သူမ မနိုးခင်ကတည်းက အလင်း နိုးနေခဲ့ပြီးသားပါ။ အခုတော့ နမ်းရဲပြီပေါ့...ပွဲမှာတုန်းကတော့ ရှက်နေလိုက်တာ သူ မဟုတ်တဲ့အတိုင်း။ တွေ့မယ်...လူလည်လေး...


""အွန့်!!""


တကယ်ကို မထင်မှတ်လိုက်ပါ။ ဖွဖွလေးထိရုံခိုးနမ်းမယ် ကြံရွယ်ခဲ့ပေမယ့် နှုတ်ခမ်းလေးထိထိချင်းမှာပဲ ရုတ်တရက် ဆွဲညှို့ခံလိုက်ရသောအသိကြောင့် လန့်သွားရပြန်သည်။သူက လုံးဝကိုအလွတ်မပေးတော့ဘဲ ဖြားယောင်းသော အနမ်းများက ပိုမိုအသက်ဝင်လာလျက်...ဖွဲ့ ကိုယ်လေးကို ဖက်ကာ တစ်ပတ်လှည့်လိုက်တာကြောင့် စောစောက အနေအထားနဲ့ ဆန့်ကျင်စွာ ဖွဲ့က သူ့ရင်ခွင်အောက်ရောက်သွားရပြီး အနမ်းတို့ရဲ့ အခန်းဆက်သည်လည်း ဆုံးခန်းမတိုင်။


ခဏကြာတော့ အသက်ရှူရခက်လာသည်မို့ သူ့ရင်ဘတ်ကို လက်လေးနဲ့တွန်းကာ အသိပေးလိုက်မှ လွှတ်ပေးလိုက်ပြီး အပေါ်စီးမှ ငုံ့မိုးလျက်သာရှိနေပြန်၏။


""ကိုကို ဘယ်တုန်းကနိုးနေတာလဲ""


""မကြာသေးပါဘူး..မင်းပြောတဲ့ ဟိုနား..

ပိုင်ဆိုင်ရခြင်းက အိပ်မက်လိုဆိုတာလေ""


""အား!!""


သူ့စကားဆုံးသည်နှင့် မျက်စိစုံမှိတ်ကာ အော်ချလိုက်ပြီး နှစ်ယောက်ကြားညပ်နေသည့် သူမကိုယ်ပေါ်ကစောင်ကို မရမက ဆွဲယူ၍ ခေါင်းလေးတိုးဝင်နေသည်မို့...လက်နဲ့ပြန်ဆွဲဖယ်လိုက်ကာ


""ဘာလို့အဲ့လောက်အော်တာလဲ

နားတောင်ပျက်စီးတော့မယ်""


""ဘာလို့ ခိုးနားထောင်တာလဲ""


""နားမထောင်ပါဘူး...မင်းက အနားမှာကပ်ပြောတာလေ""


""ထားပါတော့...ကြားတယ်ဆိုလည်း မတတ်နိုင်ဘူး

ကြားရင်လည်း စိတ်ဆိုးပြီးမျက်နှာတည်ကြီးမလုပ်နဲ့တော့""


""စိတ်မဆိုးပါဘူး...ချစ်တဲ့စိတ်က အပြစ်မြင်စိတ်ထက်အဆပေါင်းအများကြီးကွာနေတာ...ကိုယ်ဒီလောက်ချစ်တဲ့သူကို အဲ့လိုကိစ္စလေးအတွက်နဲ့ စိတ်မဆိုးဘူး...မင်းက ကိုယ့်အပြင် သူနဲ့ထပ်တွဲပြီး လူလည်မကြီးလုပ်နေတယ်ဆိုလည်း ခွင့်လွှတ်တယ်...အဆုံးသတ်မှာ ကိုယ့်ကိုရွေးချယ်မယ်ဆိုရင်ပေါ့""


""တကယ်စိတ်မဆိုးဘူးလား

ဒါဆို အရင်ရက်တွေကဘာလို့စကားကောင်းကောင်းမပြောလဲ""


""အဲ့ဒါက စိတ်ဆိုးဟန်ဆောင်တာ""


""ဟင်..ဘာလို့""


""ကိုယ်လည်း အချော့ခံချင်လို့""


""အဟက်! တကယ်ဆို အိန်ဂျယ်လ်စိတ်ဆိုးရမှာနော်

ကိုကိုက လက်ထပ်ခွင့်လည်းမတောင်းဘဲ ပိုင်စိုးပိုင်နင်းတွေလုပ်တယ်""


ဒါတော့ ဟုတ်ပါသည်...။သူမကို စိုးရိမ်လွန်းသည့်စိတ်က များနေပြီး လက်ထပ်တဲ့ကိစ္စတွေကို သူ့သဘောအတိုင်းသာစီစဥ်ခဲ့သည်။ဘယ်လိုပဲ ချစ်သူတွေဆိုပေမယ့် အခွင့်ကိုတောင်းရမှာလည်းအခြေခံစည်းမျဥ်းပါ။ သူဒါကို ဘာကြောင့်မေ့နေခဲ့ပါလိမ့်!


""ကိုကိုတောင်းပန်ပါတယ်

အဲ့ဒါ မင်းအပေါ်အလေးမထားလို့မဟုတ်ဘူးနော်...ကိုယ်တကယ်စိတ်လောသွားလို့""


""အင်းပါ""


""အိန်ဂျယ်လ်...ဒါဆို ကိုယ်အခုခွင့်တောင်းမယ်

မင်းကို ကိုယ့်အပိုင်ဖြစ်တစ်သက်လုံးအနားမှာခေါ်ထားချင်တယ်...ခွင့်ပြုပေးနော်""


""ရှင်! လက်တောင်ထပ်ပြီးပြီပဲ

အိန်ဂျယ်လ်က ဒီတစ်သက်လုံး ကိုကို့အပိုင်""


""အင်း...ကျေးဇူးတင်တယ် ကလေးလေး""


""......""


ကြားရုံလေးသာ ပြောရင်း နွေးထွေးသည့်အနမ်းများက နောက်တစ်ကြိမ်သက်ဆင်းခဲ့ပြန်၏။ မျက်နှာအနှံ့နေရာလပ်မရှိအောင် ထိတွေ့ဆော့ကစားနေသည့် အနမ်းများက နှုတ်ခမ်းလေးပေါ်၌ ခဏတာရစ်ဝဲကာ လည်တိုင်လေးအထိပါ သက်ဆင်းသွားရင်း ချိုမြိန်သည့် အထိအတွေ့တို့က တဖြေးဖြေးနဲ့ ပြင်းရှရှဖြစ်လာခဲ့သည်။ ရုတ်ချည်းအေးစက်သွားပြန်သော လက်ဖျားတွေက သူ့ကျောပြင်ဆီ ဖက်တွယ်လိုက်ရင်း အရင်က ရင်ခုန်နှုန်းအတိုင်းအတာထက် စံချိန်ကျော်လွန်သော နှလုံးခုန်သံတွေကလည်း ထိန်းမရအောင်ဆူညံကာ သူဖန်ဆင်းသော ချစ်ခြင်းကွန်ယက်အောက် ရုန်းမရစွာ ပိတ်မိရင်း တစ်စ တစ်စနဲ့ နစ်မြောမိသည်က ထိုချစ်ခြင်းရဲ့ ဆန်းကြယ်သော ဝင်္ကပါ..။


ထိုစဥ် ငြိမ့်ညောင်းသည့်သံစဥ်ချိုချိုလေးက နားထဲတိုးဝင်လာခဲ့၏။ ဖုန်းလာနေတာပဲ...


""ကိုကို ဖုန်းသံကြားတယ်

ဖုန်းကိုင်လိုက်ဦးလေ""


အသိပေးသလိုလေး ဆိုမိပေမယ့် သူက ဖွဲ့ရဲ့နားရွက်ဖျားလေးနားသို့တိုးကပ်၍ လေငွေ့လေးတစ်ချက်မှုတ်ကာ ကျီစယ်လိုက်ရင်း တိုးတိုးပြောသွားသည့်စကားသံလေးက...


""ဂရုမစိုက်နဲ့

ဒါ ကိုကိုတို့ရဲ့ မင်္ဂလာဦးမနက်လေ""


""ဟမ်!!""


စကားသံတို့ထပ်မံတိတ်ဆိတ်သွားရပြန်သည်။ ဘေးနားရှိ စားပွဲခုံပေါ်က ဖုန်းလေးကို ယူပေးရန်လှမ်းလိုက်သော လက်လေးကိုပါ ခွင့်မပြုသည့်သဘောဖြင့် ပြန်ဆွဲယူ၍ လက်ဖဝါးချင်း ထပ်ကာ မွေ့ယာနှင့်ဖိကပ်ထားလိုက်လေ၏။ 


ဤသို့နှင့် အချစ်ဖြင့် အစပြုသောမနက်ခင်းလေးသည် အနမ်းမိုးတို့သည်းထန်နေခဲ့ပြီး ထိုမိုးကြောင့်ပင် အနမ်းပန်းတို့ ပွင့်ပါသည်။


နှင်းဆီပန်းရနံ့တို့သည်လည်း ယခင်ကထက် ပို၍ မွှေးပျံ့ကျီစယ်နေခဲ့၏။


(ဘာတဲ့!..မင်္ဂလာဦးမနက်🙈👀👀)


~~~~ 🍁🍁🍁🍁 ~~~~

Continue to >>>Part-18


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: