book

Index 16

Part-[ 16 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 16 ] •••••••••••


ပြတ်သားစွာ ထွက်ပေါ်လာသော အဖြေစကားအောက် ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားရသလိုပင်။ ရှေ့မှာရပ်နေတဲ့ သူတွေလည်း ကြောင်အ နှုတ်ဆိတ်သွားရသလို ဖွဲ့ ကိုယ်တိုင်တောင် မျက်လုံးပြူးသွားကာ ယောင်နနလေးဖြင့် သူ့မျက်နှာကိုမော့ကြည့်မိတော့ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိသည့်မျက်နှာက ခပ်တည်တည်ဖြင့်သာ...။ ဖွဲ့ ကိုလည်း တစ်ချက်မှ ငုံ့မကြည့်ဘဲ ရှေ့သို့သာ ဦးတည်နေသော သူ့မျက်ဝန်းများက တစ်ဖက်လူကို စိန်ခေါ်နေသယောင်..။


"" မင်း...အဓိပ္ပာယ်မရှိတာမပြောပါနဲ့

ငါ့သမီးက ဘယ်တုန်းက မင်း ဇနီးဖြစ်ခဲ့လို့လဲ

အို! ဖြစ်ဖြစ် မဖြစ်ဖြစ်...စကားရှည်ရှည်ဝေးဝေးမပြောချင်ဘူး...မင်းတို့ကြားမှာ ပတ်သတ်မှုရှိနေရင်လည်း အဲ့ဒါက တရားမဝင်တဲ့အတွက် ငါ့သမီးကို ငါပိုင်တယ်""


"".....""


""လာခဲ့စမ်း! သမီးကို ခေါ်သွား""


ထိုအမျိုးသမီးက အမိန့်ပေးသည်နှင့် နောက်ကလူတွေက အိန်ဂျယ်လ့်ကို ဆွဲခေါ်ရန်ရှေ့သို့တိုးလာခဲ့လေ၏။ သူကလည်း အလျှော့မပေးစွာပင် အိန်ဂျယ့်လ် အရှေ့မှ ကာရပ်လိုက်ပြီး လက်တစ်ဖက်မှလည်း ကိုင်ထားသည့် တစ်စုံတစ်ရာကို မြင်သာအောင် မြှောက်ပြကာ..


"" တရားဝင်တယ်ဆိုရင်ရော""


ခပ်အေးအေးပင် ပြောလိုက်တော့ အနောက်မှရောက်လာသည့် လေညှင်းက ကိုကို့လက်ထဲကိုင်ထားသော အရာအား ဆတ်ခနဲဆွဲယူကာ ဖွင့်ကြည့်လေ၏။ ထို့နောက် မျက်လုံးတို့က ပြူးကျယ်သွားပြီး..


""မေမေ...ဒါက...""


နှစ်ယောက်သား အံ့အားသင့်သည့်မျက်နှာတွေဖြစ်နေပေမယ့် ကိုကို့နောက်ကျောမှာ ကပ်လျက်အသံတိတ်နေသည့် ဖွဲ့ကတော့ ဘာမှနားမလည်စွာ ကြည့်နေမိ၏။ ဘာကိုပြလိုက်လို့ သူတို့ ဒီလိုဖြစ်တာပါလိမ့်! 


""မုန်းမဖွဲ့...ဒါ အမှန်ပဲလား

ပြောစမ်း!""


ဒေါသမျက်ဝန်း စူးရဲရဲတွေက အိန်ဂျယ့်လ်ဆီကျရောက်သွားကာ လူကိုပြာကျမတတ်စိုက်ကြည့်နေလေ၏။ အလင်းလည်း သူ့နောက်ကျောမှာ ကပ်လျက်ရပ်နေသည့်သူမကို ပြန်လှည့်ကြည့်တော့ ဘာကိုမှ ပြန်မဖြေသေးဘဲ ကြောက်လန့်နေသည့် မျက်ဝန်းတို့မှာ မျက်ရည်စတွေတွဲခိုလျက် ထိုလူတွေဆီသို့ မဝံ့မရဲလေးပြန်ကြည့်နေသည်။ လက်လေးတွေက သူ့လက်ကို ထိကိုင်သည်လည်းမဟုတ်ဘဲ အင်္ကျီလက်ဖျားအစလေးကိုသာ ကျစ်ကျစ်ပါအောင် လာဆွဲဆုပ်ထားရင်း နှုတ်ခမ်းပါးလေးတွေ တဆတ်ဆတ်တုန်နေပုံကိုကြည့်တာနဲ့ ဘယ်လောက်တောင်ကြောက်နေမှန်းသိသာပါ၏။


သူလည်း အင်္ကျီစကိုလာဆွဲထားသည့် သူမလက်လေးအား အပေါ်မှထပ်ကိုင်ပေးလိုက်တော့ အေးစက်နေသည့် အထိအတွေ့ကြောင့် ပိုမိုတင်းကျပ်အောင် ဆုပ်ကိုင်ရင်း သူမနဲ့ မျက်လုံးချင်းဆုံအောင် ရင်ဆိုင်ကြည့်နေမိသည်။ မျက်ရည်တွေ အပြည့်နဲ့ မျက်ဝန်းတို့ကလည်း သူ့အားတန်ပြန်ငေးကြည့်လာစဥ်...


""ဖြေလို့ ငါပြောနေတယ် မုန်းမဖွဲ့သာ

နင်နဲ့သူ လက်ထပ်ပြီးတာအမှန်ပဲလား""


ဘေးက မေးခွန်းကိုကြားသော်လည်း ဆုံနေသောမျက်ဝန်းများကမလွှဲဖယ်ဖြစ်သေးပေ။ 


မငြင်းလိုက်နဲ့...အိန်ဂျယ်လ်

ကိုယ်မင်းကို ဒီလူတွေနဲ့ပြန်မထည့်လိုက်ချင်ဘူး

အဲ့ဒီ့အတွက်လည်း ဒီနည်းလမ်းတစ်ခုပဲရှိတယ်...ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့..။


""ဟုတ်""


စိတ်ထဲက အကြိမ်ကြိမ်တောင်းဆိုလျက် သူမဆီငေးကြည့်နေမိစဥ် တစ်ဖက်သို့မျက်လုံးတစ်ချက်ရွှေ့ကြည့်ကာ ခေါင်းလေးကို ဆတ်ခနဲညိတ်ပြလိုက်တာကြောင့် စိတ်အေးသွားရပြီး နှုတ်ခမ်းတစ်စုံကလည်း အလိုလိုပြုံးမိသွားရသည်။ ထို့နောက် တစ်ဖက်သို့ပြန်လှည့်ကာ...


""ကျွန်တော်တို့က နှစ်ဦးသဘောတူလက်ထပ်ထားပြီးသားပါ...ဒီလိုဆို လက်ရှိမှာ ဘယ်သူကပိုင်ပြီး ဘယ်သူကဆိုင်သလဲ ထပ်ရှင်းပြဖို့မလိုတော့ဘူးထင်ပါတယ်""


"".....""


""မင်္ဂလာပွဲကိုလည်း ခွင့်ပြုပေးဖို့မျှော်လင့်ပါတယ်

ထပ်ပြီး ပြောစရာတွေရှိသေးတော့ ဒီနေရာမှာအဆင်မပြေဘူးနော်...ဖြေးဖြေးလိုက်ခဲ့ကြပါ...အရင်ဆုံးတော့ ကျွန်တော့်ဇနီးကို ခေါ်သွားခွင့်ပြုပါဦး""


ပြောပြီးသည်နှင့် အိန်ဂျယ့်လ်လက်ကို ဆွဲကာ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။ ထွက်လာရာလမ်းတစ်လျှောက်၌လည်း စိတ်ဝင်တစားကြည့်နေသူတွေရှိကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်နေသူတွေလည်း ရှိနေ၍ မကြာခင် ဒီအကြောင်းက socialပေါ် ပျံ့သွားတော့မှာပင်။ 


~~~~🍁~~~~


နေရာတွင် ရပ်ကျန်ခဲ့သူနှစ်ယောက်ကတော့ ဒေါသတွေတောက်လောင်နေသည်မှာ အသားများပင် ဆတ်ဆတ်တုန်သည်အထိ။ လူတွေဝိုင်းကြည့်နေသည်မို့ ချက်ချင်းဆွဲခေါ်ရန်မဖြစ်တာကြောင့် လွှတ်ပေးလိုက်ရတာပင်။ မရ ရတဲ့နည်းနဲ့ ခေါ်သွားပါမယ်ဆိုခါမှ ရုတ်တရက်နှောက်သွားသော အခြေအနေကြောင့် စဥ်းစားရခက်သွားလေပြီ။ အလုပ်တွေ ရှုပ်ရဦးတော့မှာပါလား။


""မေမေ..လုပ်ဦးလေ

ဟိုမှာခေါ်သွားပြီ""


"" စိတ်အေးအေးထားစမ်းပါ

ကြည့်ပြီး စီစဥ်ကြတာပေါ့""


လတ်တလောဘာမှမတတ်နိုင်သေးသည့် အခြေအနေကြောင့် သက်ပြင်းကိုချကာ နေရာမှရွှေ့ရန်ပြင်လိုက်စဥ်...


""📲📲📲""


""Hello!""


""ဟိုကလေးမကို ရှာတွေ့ပြီဆို ပြန်ခေါ်မလာသေးဘူးလား""


""အင်း..ဒီမှာ အရှုပ်တစ်ခုပေါ်နေလို့""


""အေး..ငါ့ဘက်မှာလည်း အရှုပ်ပေါ်နေပြီ

......""


တစ်ဖက်က ပြောသွားသောစကားများကိုငြိမ်သက်စွာနားထောင်နေရင်းမှ ဟက်ခနဲရယ်ချလိုက်ကာ...


""ရှာစမ်းပါစေ..ဘာသက်သေမှတွေ့ရမှာမဟုတ်ဘူး""


"'ဒါပေမယ့် အဲ့ဒီကလေးမ သိသလို သိတဲ့သူနောက်တစ်ယောက်ရှိတာ မကောင်းဘူး...မင်းအတွက်အန္တရာယ်များတယ်...ဘာမှရှာမတွေ့နိုင်ဘူးဆိုပေမယ့် ကြိုရှင်းထားတာကောင်းမယ်""


""ရှင့်သဘောပဲ...ရှင်းလိုက်ပေါ့

သတိတော့ထားနော်..သူကပါးနပ်တယ်""


~~~~🍁🍁🍁🍁~~~~


ဆေးရုံကထွက်လာခဲ့ပြီးနောက် ကားပေါ်ရောက်ကတည်းက စကားတစ်လုံးမှထပ်မပြောတော့ဘဲ တိတ်ဆိတ်နေသည့် ကိုကို့ကြောင့် ဖွဲ့ ဘာပြောရမှန်းပင် မသိတော့ပေ။တကယ်ဆို စောစောက အခြေအနေကိုလည်း နားမလည်။ ဖွဲ့နဲ့ကိုကိုက ဘယ်တုန်းက နှစ်ဦးသဘောတူလက်ထပ်ခဲ့လို့လဲ? မနေ့ကလေးတင် ဖွဲ့ ညာမိလို့ ကိုကိုစိတ်ဆိုးနေသေးတာ။ မဟုတ်ဘူး..အခုလည်း စိတ်ဆိုးနေသေးတဲ့ ပုံပါ။ ဒါပေမယ့်...လက်ထပ်စာချုပ်ကဘယ်လိုလုပ်ပြီး...


""စဥ်းစားမနေနဲ့...အဲ့ဒီ့စာချုပ်ကအစစ်မဟုတ်ဘူး""


""ရှင်!""


တွေးနေတာကို ချက်ချင်းပင်ဖြေလိုက်လေတော့ ဖွဲ့ မျက်လုံးလေးဝိုင်းကာ သူ့ကိုကြည့်မိပြန်၏။


"" အဲ့ဒါဆို သိသွားရင်ဘယ်လိုလုပ်မလဲ?""


""သိသွားလည်း နောက်ကျသွားပြီ

အဲ့ဒါကို အစစ်ဖြစ်အောင် အခုပဲလုပ်တော့မှာမို့လို့""


""ဟင်!""


""အဲ့ဒါက လူတွေရှေ့မှာ မင်းကို ခေါ်ထုတ်လာနိုင်ဖို့ ခိုင်လုံတဲ့ပြယုဂ်ဖြစ်အောင် ကိုယ့်ရဲ့private lawyerနဲ့တိုင်ပင်ပြီးဖန်တီးထားတာ..ဒါပေမယ့် အဲ့ထဲမှာ မင်းရဲ့အချက်အလက်တွေကို အမှန်အတိုင်းပဲဖြည့်ထားတာလေ..မင်းနာမည်အမှန်နဲ့...signကတော့ကိုယ်ပဲထိုးထားတာ...ဘာပဲဖြစ်ဖြစ်မင်းမှာကိုယ်ပိုင်လက်မှတ်လည်းမရှိဘူး မဟုတ်လား...ဒီတော့အစစ်နဲ့မခြားပါဘူး""


"".....""


""ဒါပေမယ့် ကိုယ်အဲ့ဒီစာချုပ်ကိုပြတဲ့အချိန် မင်းက အမှန်မဟုတ်ပါဘူးလို့ ငြင်းလိုက်ရင်တော့ နည်းနည်းအခက်တွေ့သွားနိုင်တယ်""


""ကိုကိုကလည်း အိန်ဂျယ်လ် အဲ့လိုမပြောပါဘူး""


""မသိဘူးလေ...မင်းက ယုံရတာမှမဟုတ်တာ""


""ကိုကို...အိန်ဂျယ်လ့်ကိုစိတ်ဆိုးနေတုန်းပဲလား""


""အင်း!""


""ဟို..အဲ့ဒါကလေ..""


""ထားပါ...အခု အဲ့ဒီ့ကိစ္စမပြောချင်ဘူး

အခုစလိုက်တဲ့ ဇာတ်ကရှင်းစရာတွေများလိမ့်မယ်""


""စိတ်ဆိုးနေရက်နဲ့ အိန်ဂျယ့်လ်ဆီဘာလို့လာရှာတာလဲ? ""


""မင်းက အိမ်မပြန်ချင်ဘူးဆိုလို့ ကူညီပေးရုံပဲ""


အဖြေစကားကြောင့် မျက်နှာလေးငယ်ကာ ခေါင်းငုံ့သွားတဲ့ အိန်ဂျယ့်လ်ကို သူဘာမှထပ်မရှင်းပြဖြစ်ပေ။ အရင်ဆုံးတော့ မင်း ကိုယ့်အနားမှာပဲရှိနေမှဖြစ်မယ် အိန်ဂျယ်လ်။ ဘာတွေပဲဖြစ်ဖြစ် ကိုယ်မင်းကို ရအောင်ခေါ်ထားမယ်...မင်းကတော့ ကိုယ့်မျက်စိရှေ့မှာပဲ ရှိနေပေးရင်ဖြစ်တယ်။ ဒါပေမယ့် မင်းကို မကျေနပ်သေးတာကလည်း အမှန်ပဲ။


""ကိုကို!""


မကျေနပ်စွာတွေးနေစဥ် ခေါ်သံတိုးလျလျလေးထွက်ပေါ်လာမှ အတွေးတို့ရပ်သွားရကာ...


""ဘာလဲကွာ""


""အခုဘယ်ကိုသွားနေတာလဲဟင်""


""ရောက်ရင်သိမှာပေါ့...တိတ်တိတ်နေ""


ဒီလိုနဲ့ ဖွဲ့လည်းဘာမှဆက်မပြောဖြစ်ပဲ ငြိမ်ငြိမ်လေးသာလိုက်လာရသည်။ သူပြောသလိုပါပဲ...လက်ထပ်စာချုပ်ကိုအစစ်ဖြစ်အောင်လုပ်ဖို့ သူအားလုံးစီစဥ်ထားပြီးသားမို့ အဲ့ဒီနေ့မှာပဲ ဖွဲ့နဲ့ကိုကို နှစ်ဦးသဘောတူလက်ထပ်စာချုပ်မှာ တကယ်ပဲလက်မှတ်ထိုးဖြစ်ခဲ့သည်။ ထို့နောက်...


~~~~🍁🍁🍁🍁~~~~


""ဘယ်လို...မင်းဘာပြောလိုက်တယ်""


""ကျွန်တော်တို့ရဲ့လက်ထပ်ပွဲကို ၁လအတွင်းစီစဥ်မှာပါ""


""ဘာလို့မင်းသဘောအတိုင်းလျှောက်ပြီးစီစဥ်နေတာလဲ အလင်းနှစ်..ငါ့သမီးက မိဘမဲ့မဟုတ်ဘူး..ဟင်းရွက်ကန်စွန်းလည်းမဟုတ်ဘူး..ဘယ်သူကသဘောတူတယ် ပြောလို့ မင်းကပိုင်စိုးပိုင်နင်းတွေလုပ်နေတာလဲ?""


"" ကျွန်တော်တို့က ချစ်သူတွေဖြစ်ပြီး တရားဝင်လက်ထပ်ပြီးသားပဲလေ..မင်္ဂလာပွဲလုပ်တာကအဆန်းမှမဟုတ်ဘဲ အန်တီ""


""နှစ်ဦးပဲသဘောတူတူ..ဘယ်နှဦးပဲသဘောတူတူ အမေဖြစ်တဲ့ ငါက သဘောမတူဘူး..လက်မှတ်ထိုးထားလည်း ဂရုမစိုက်ဘူး...သူ့ကိုပြန်ခေါ်သွားမှာ""


အခြေအနေကတော့ တင်းမာလျက်ပါပဲ။ လုံးဝကိုအလျှော့မပေးသော အမေဖြစ်သူက လက်ထပ်ပွဲကို တူးတူးခါးခါးဆန့်ကျင်နေလေရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေအရ အိန်ဂျယ်လ်က အလင်းနှစ်ရဲ့ဇနီးဖြစ်ခဲ့ပြီမို့ သူ့ဘက်ကလည်း တရားဝင်ပြောဆိုခွင့်ရှိတာပဲလေ။ ဒီတော့ ဘယ်သူအနိုင်ရမလဲ ကြည့်ရသေးတာပေါ့...။အခုဆို သူတို့နှစ်ယောက်အကြောင်းက socialပေါ်ပျံ့နှံ့နေပြီးဖြစ်သလို မနက်ဖြန်ဆိုရင်ပဲ လက်ထပ်ပွဲသတင်းကို တရားဝင် ရှင်းလင်းပွဲလုပ်ပြီးကြေညာတော့မှာပါ။ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် သူ့ဘက်ကလည်း လုံးဝနောက်ဆုတ်ပေးဖို့ တွေးမထားပေ။


~~~🍁~~~


""အခုဘယ်လိုလုပ်ကြမလဲ မေမေ

သူတို့လက်ထပ်မယ့်သတင်းက onlineမှာပျံ့နေပြီ သမီးတို့ သူ့ကိုဘယ်လိုခေါ်သွားကြမလဲ""


""အလုပ်တွေရှုပ်ရအောင်လုပ်နေတာပဲ""


""သူတို့က လက်ထပ်ပြီးသားဆိုတာ ဟုတ်ကြောင်းလည်း အလင်းနှစ်ကဝန်ခံထားတယ်..မနက်ဖြန်ဆို လက်ထပ်မယ့်ရက်ကိုကြေညာတော့မှာတဲ့""


အခြေအနေကတော့ ရှုပ်ထွေးလွန်းနေပါပြီ။ သွားပတ်သက်နေတဲ့သူက သာမန်လူမဟုတ်တော့ ထစ်ခနဲဆိုတာနဲ့ သတင်းက ပျံ့လွယ်သည်။ အခုလည်းကြည့် လက်ထပ်ပွဲသတင်းက လူတွေအာရုံစိုက်စရာဖြစ်လာရပြန်သည်။ အကြောင်းပြငြင်းဆန်ဖို့ကလည်း သူတို့က အသက်မပြည့်ကြသေးတာလည်း မဟုတ်။ ချစ်သူတွေဆိုတာလည်း အများသိပြီးသားအခြေအနေမို့ ဘယ်လိုခေါ်ထုတ်ရမယ်မှန်းပင်မသိ။ ဒီကိစ္စကို ခဏလေးငြိမ်သက်အောင်လုပ်တာကသာ အဆင်ပြေတော့မည်မို့...


""ထားလိုက်တော့""


""ဟမ်...ဘာကိုထားရမလဲ မေမေ

သူ့ကို ရတဲ့နည်းနဲ့ဆွဲခေါ်ရမှာမဟုတ်ဘူးလား""


""အခုအခြေအနေကို နားမလည်သေးဘူးလား လေညှင်း..ငါတို့က တအားရုပ်ပျက်ဆင်းပျက်ကန့်ကွက်နေရင် သံသယဝင်စရာတွေဖြစ်ကုန်လိမ့်မယ်...အခုက လူတွေအာရုံစိုက်စောင့်ကြည့်နေကြတဲ့အချိန်ဆိုတော့ လှုပ်ရှားဖို့မလွယ်သေးဘူး""


""ဒါဆို သူလက်ထပ်မှာကိုဒီအတိုင်းကြည့်နေရမှာလား""


""ခဏစောင့်ကြည့်မယ်...သူအမွေဆက်ခံရမယ့်အချိန်ကလိုသေးတာပဲ...ဒီကြားထဲမှာတစ်ခုခုစီစဥ်လို့ရတယ်..အခုလောက်အာရုံမစိုက်ကြတော့မယ့် အခြေအနေကို စောင့်မယ်""


လေညှင်းကတော့ နည်းနည်းမှမကျေနပ်နိုင်တော့ပါ။ အိမ်ကထွက်ပြေးသွားတာတောင် ကောင်းစားမယ့်အနာဂါတ်နဲ့ပဲကိုး။ နာမည်ကြီးမင်းသားနဲ့တောင် လက်ထပ်ရတော့မှာပဲ။ ဘယ်လိုကံတရားလဲ မုန်းမဖွဲ့သာ...ငါတော့ နင့်ကို မျက်မုန်းကျိုးလွန်းလို့ရူးမတတ်ပဲ။


~~~~🍁🍁🍁🍁~~~~


""အလင်း..မင်းဘယ်လိုတွေလုပ်လိုက်တာလဲ

ငါ့မှာသတင်းတွေ တွေ့ပြီးမျက်စိတောင်လည်သွားတယ်...ပြောတော့ ပြန်ပါလေ့စေဆို""


သူ့လုပ်ရပ်ကြောင့် အားလုံးအံ့အားသင့်သွားမှာအမှန်ပါ။ သူငယ်ချင်းဖြစ်သူတောင် မျက်လုံးကြီးပြူးကာမေးနေပြီလေ။ အရင်က အိန်ဂျယ်လ်ဆိုတဲ့ကောင်မလေးနဲ့ ချစ်သူတွေဆိုတာလောက်ပဲ သိကြပြီး ထိုသတင်းကလည်း အတည်မပြုရသေး၍ အထင်သဘောမျိုးလောက်သာဖြစ်နေခဲ့၏။ အခုတော့ ချစ်သူတွေတင်မဟုတ်ဘဲ လက်ထပ်တဲ့သတင်းကိုပါ တန်းပြီး confirmတာကြောင့် အလင်းရဲ့ fandomတွေမှာလည်း ရုတ်ရုတ်သဲသဲဖြစ်သွားရချေပြီ။


""မင်းရဲ့ fangirlတွေတော့ အသည်းကွဲပါပြီ""


""idolလည်း နှလုံးသားရှိတယ်လေကွာ""


""အင်းပါ...မပြောတော့ဘူး""


""အလင်း...အောက်မှာ သတင်းထောက်တွေရောက်နေပြီ..ဆင်းလာခဲ့တော့""


""အိန်ဂျယ်လ်ရော..အစ်မ""


မေးလိုက်ခါမှ နောက်မှပေါ်လာသာ ပုံရိပ်လေးထံအကြည့်ရောက်မိသွားရစဥ် ရင်ဘတ်ထဲ ဆူညံသွားရပြန်၏။ ဒီကောင်မလေးကိုတွေ့တိုင်း ၊ အနားကိုရောက်သွားတိုင်း ဒီနှလုံးသားက ခုန်ပဲခုန်နိုင်လွန်းပါသည်။ အခုလည်း အနီရောင် ကိုယ်ကျပ်dressလေးကို ဝတ်ထားကာ နှုတ်ခမ်းပေါ်မှာလည်း အနီရောင်ကာလာရဲရဲဖြင့် ဖိနပ်အထိပါ အနီရောင် high-heelလေးစီးထားသည့် သူမက ရဲရဲတောက်နေသည့် နှင်းဆီပန်းလေးတစ်ပွင့်လိုပင် လှပလွန်းနေ၏။ အရင်က ဘာဆိုဘာမှထူးခြားစွာ ပြင်ဆင်ခြယ်သခြင်းမရှိခဲ့သည့်အတွက် အခုလို ပြင်ဆင်ထားတာမျိုးက တစ်မျိုးလေးဆန်းကြယ်စွာရင်ခုန်စေ၏။


အစ်မကတော့လေ ကြည့်ကောင်းရုံလေးပြင်ပေးလိုက်ပါဆို..အဲ့လောက်လှအောင်ပြင်ပေးရတယ်လို့။ လက်ထပ်မယ့်သတင်းကို mediaရှေ့ကြေညာရုံပဲလေ...မင်္ဂလာပွဲလည်းမဟုတ်သေးတာကို..။


""ဟဲ့! သွားလို့ရပြီ

ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ..သတိလေးလည်းထားဦး""


""သြော်! အင်းပါ""


အခုမှပဲ သတိဝင်သွားတဲ့သူလို သူမအနားသို့လျှောက်သွားလိုက်ပြီး လက်လေးတစ်ဖက်ကို သူ့လက်မောင်း၌ ချိတ်တွယ်ပေးကာ အခန်းထဲမှထွက်လာခဲ့သည်။ အောက်ထပ်မှာတော့ mediaနဲ့သတင်းသမားတွေစောင့်နေကာ သူတို့နှစ်ဦး ဝင်လာသည်နှင့် cameraမီးတွေ တဖျတ်ဖျတ်လက်လာပြီး လူတွေရှုပ်ထွေးသွားလေ၏။


ဖွဲ့လည်း မျက်နှာဆီတဖျတ်ဖျတ်လာထိသော မီးရောင်တွေကြောင့် မျက်စိတောင်ဖွင့်မရအောင် ကျိန်းစပ်လာကာ ခေါင်းတွေလည်းမူးလာရသည်။ ကိုကို့shootingတွေကို လိုက်ဖူးပေမယ့် cameraရှေ့တော့မနေခဲ့ဖူးတာမို့ အနေခက်လာကာ စီးလေ့မရှိသော ဒေါက်မြင့်ဖိနပ်ကလည်း ခြေလှမ်းတွေမှားစေသည့်အခိုက်...


""အ!""


""သတိထား..ကိုယ့်ခြေလှမ်းနဲ့ညီအောင်လျှောက်""


ဘေးသို့ယိမ်းယိုင်သွားသည့် ကိုယ်လေးကို လက်နဲ့ဖမ်းထိန်းလိုက်ရင်း ထိုတစ်ခွန်းသာပြောသွားလေ၏။ လက်ထပ်မယ်သာပြောပေမယ့် ဒီရက်တွေအတွင်း ကိုကိုက ဖွဲ့ကို စကားသိပ်မပြောခဲ့ပေ။ လိုအပ်သည့်စကားအနည်းငယ်သာပြောပြီး လက်ထပ်ပွဲကိစ္စတွေကို သာစီစဥ်နေခဲ့သည်။ သူ အခုထိစိတ်ဆိုးမပြေသေးတာပါလား...။ 


"" မင်္ဂလာပွဲသတင်းက အမှန်ပဲလား

ဘယ်တော့လောက်ကျင်းပဖို့စီစဥ်ထားလဲ ခင်ဗျ""


""ဒီလထဲပဲ ပွဲလုပ်မှာပါ""


"" နှစ်ယောက်သားက ဘယ်လိုဆုံခဲ့ကြတာလဲ""


""ကျွန်တော်တို့က ဆန်းကြယ်တဲ့ရေစက်လေးလို့ပဲ ဆိုရမှာပါ...သူက ကျွန်တော့်ရှေ့ကို နတ်သက်ကြွေခဲ့သလိုပဲ...ထူးခြားမှုလေးနဲ့ဆုံတွေ့ခဲ့တာပါ""


"" ချစ်သူတွေလို့ပြောနေရာက အခုလက်ထပ်မယ့်သတင်းပါ အတည်ပြုလိုက်တော့အားလုံးအံ့သြသွားခဲ့ရတာ..ပရိတ်သတ်တွေကိုဘာများပြောချင်သေးလဲရှင့်""


""အစကတည်းက ချစ်သူတွေဆိုတာ officialပြောပြမလို့ပါပဲ...ဒါပေမယ့် အခုမှပဲ သတင်းနှစ်ခုလုံးတစ်ခါတည်းပြောဖြစ်သွားတာပါ...အခုအားလုံးကို ကျွန်တော်တစ်ခါတည်း မိတ်ဆက်ပေးချင်ပါတယ်..သူ့နာမည်က မုန်းမဖွဲ့သာပါ..အရင်ကအားလုံးထင်ထားကြတဲ့ ကျွန်တော့်ချစ်သူလည်းဟုတ်သလို...အခုကျွန်တော်လက်ထပ်မယ့် သတို့သမီးလည်းဟုတ်ပါတယ်""


"".....""


မေးသမျှအားလုံးကို သူပဲဖြေပေးကာ ဖွဲ့ကတော့အလိုက်သင့်လေးပြုံး၍ ရပ်နေရ၏။ အခုတော့ လူတွေအများကြီးရှေ့မှာ ကိုကို့ရဲ့သတို့သမီးအဖြစ် အသိပေးခံရခြင်းအတွက် တကယ်ပဲပျော်ရပါသည်။ အရင်က ဘာတွေပဲဖြစ်ဖြစ် အခုဆို ဟိုသားအမိကလည်း ဖွဲ့ကို အတင်းပြန်ဆွဲခေါ်ဖို့မကြိုးစားကြတော့ပေ။ ဘာတွေကြံစည်ဦးမလဲ မသိပေမယ့် ကိုကိုနဲ့အတူနေရမှာမို့ သိပ်ပြီးကြောက်စရာမရှိတော့ပြီမဟုတ်လား။ သူတို့နဲ့ ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကို ပြောပြချင်ပေမယ့် ကိုကို့အတွက် အန္တရာယ်များမှာစိုးရိမ်တာကြောင့် အခုထိတော့မပြောရသေးပေ။ 


""လာ...သွားရအောင်""


အတွေးတို့ပျံ့လွင့်သွားစဥ် လက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင် တွဲခေါ်မှသတိဝင်သွားရကာ သူခြေလှမ်းရာနောက် လိုက်ပါခဲ့ရသည်။ ဒီလိုနဲ့ cameraမီးရောင်တွေအောက်မှာရှိနေရတာ အချိန်တွေလည်း အတော်ကြာခဲ့ပြီးမှ အိမ်သို့ပြန်လာခဲ့ရလေ၏။


~~~🍁~~~


""မေမေ..ဘယ်လိုလုပ်လိုက်တာလဲ

ကိုကိုစစ်မှာ ဘာအပြစ်ရှိလို့လဲ""


""ရှိတယ်..သူက လွန်ခဲ့တဲ့၇နှစ်ကအကြောင်းတွေကိုလိုက်တူးဖော်နေတယ်..အဲ့လိုကနေငါ့အကြောင်းတွေပါ လိုက်ဆွနေရင်မခက်ဘူးလား""


""အဲ့ဒီသက်သေတွေအားလုံးကိုဖျောက်ပစ်ပြီးပြီမဟုတ်လား..ဘာမှရှာတွေ့နိုင်တာမဟုတ်ဘဲနဲ့""


""ဒါပေမယ့် သူငါ့အကြောင်းကိုသိသွားပြီလေ

စည်းကမ်းမရှိတဲ့ပါးစပ်ကို နောက်ထပ်မဟရဲအောင် ဒီလိုပဲဖြစ်ဖြစ် ဥပမာပြရမယ်""


""ဒါတော့ မေမေ မတရားဘူး

မေမေကြိုက်တာလုပ်...သမီးတော့ ကိုစစ်ဆီပြန်မှာပဲ""


""ဒေါက်..ဒေါက်!""


""ဝင်ခဲ့""


လာခဲ့ဖို့ခေါ်ထား၍ သေမလောက်ကြောက်သည့်မျက်နှာတွေရှေ့ရောက်လာရပြန်သည်။အခန်းထဲ ငိုယိုနေသည့် လေညှင်းက ဖွဲ့ကို တွေ့သည်နှင့် အနားသို့ရောက်လာကာ...


""နင်တော်တော် လျှာရှည်ပါလား

အိမ်ထဲကအကြောင်းတွေကို..ဘာကိစ္စအပြင်မှာလျှောက်ပြောတာလဲ ဟမ်!...နင်ရူးနေလား""


""လေညှင်း..နင်ဘာတွေပြောနေတာလဲ""


""ဘာတွေပြောရမလဲ သမီးရယ်

ဒီမှာကြည့်""


ဖွဲ့လည်း သူလှမ်းပေးလာသည့် ဖုန်းကိုလှမ်းယူကာကြည့်လိုက်စဥ် မျက်လုံးတို့ပြာဝေသွားရကာ ခြေလှမ်းတို့ပင် ယိုင်နဲ့သွားရသည်။ ဖုန်းထဲမှာတော့ ပြင်းထန်သည့်ယာဥ်တိမ်းမှောက်မှု သတင်းတစ်ခုရှိနေပြီး နောက်တော့ ဒဏ်ရာရသူအဖြစ်တွေ့နေရသူက အစ်ကိုစစ်ရန်မခပင်။ သူ..သူဘယ်လိုဖြစ်ရတာလဲ...


""မြင်လား...နင်ရဲ့မဆင်မခြင်အပြောကြောင့်လေ အဲ့ဒါ...တကယ်ပဲမတော်တဆမှုလို့ထင်လား""


""ရှင်...ရှင်ဘာလို့ဒီလို့လုပ်တာလဲ?""


""ငါ့ကိုမေးခွန်းမထုတ်နဲ့...

နောက်တစ်ခါ နင့်ပါးစပ်ကိုမဆင်ခြင်ဘဲ လျှောက်ပြောမယ်ဆိုရင် ဒီနေရာမှာလှဲနေရမယ့်သူနောက်တစ်ယောက်က နင့်ရဲသတို့သားဖြစ်သွားလိမ့်မယ်..သူဆိုရင်တော့ ငါကသက်ညှာမှာမဟုတ်ဘူးနော်""


""ကိုကို့ကို မထိပါနဲ့""


""မထိစေချင်ရင် အေးဆေးနေလိုက် မုန်းမဖွဲ့သာ

ငါစကားအပိုတွေမပြောချင်ဘူး""


""အိန်ဂျယ်လ်...""


အခန်းထဲရှိနေရာမှ အပြင်ကခေါ်သံကြောင့် မျက်ရည်တွေကို အမြန်သုတ်လိုက်မိသည်။ ထို့နောက် အခန်းထဲမှ ပြန်ထွက်မည်အပြု...


""ငါပြောတာမှတ်ထားနာ်

နင်ချစ်တဲ့သူ ဒုက္ခမရောက်စေချင်ရင် ပါးစပ်ကိုလုံအောင်ထိန်းပါ""


ကြောက်လန့်ဖွယ်စကားများက ခြိမ်းခြောက်ရုံမဟုတ်တာ ဖွဲ့ ယုံပါသည်။ အခုပဲ စစ်ရန်မခက သေလုမြောပါးအခြေအနေဖြစ်နေပြီ။ ရက်စက်လိုက်တာ...တော်တော်ကြောက်ဖို့ကောင်းတဲ့ လူတွေပါလား။ ဒီလိုမှန်းသာ သိရင် ဖွဲ့ ရှင့်ကိုလည်းမပြောခဲ့ဘူး အစ်ကို...။တောင်းပန်ပါတယ်။


"".....""


အခန်းထဲဝင်သွားတာ ကြာနေ၍ သူ အပြင်ကနေ တမင်အသံကျယ်ကာ ခေါ်ထုတ်လိုက်ခြင်းပါ။ အိန်ဂျယ်လ်က အထဲကနေ မျက်ရည်စက်လက်နဲ့ပြေးထွက်လာပေမယ့် သူ့ကိုမြင်သည်နှင့် ချက်ချင်းမျက်ရည်တွေ မရှိသလိုလုပ်ပစ်ပြီး ပျက်ယွင်းနေသည့် မျက်နှာလေးကို ဘာမှမဖြစ်ဟန် ဆောင်လိုက်ရင်း အနားသို့လျှောက်လာကာ..


""ဘာဖြစ်လို့လဲ ကိုကို""


""သတို့သမီးဝတ်စုံအတွက် fittingချဖို့ အစ်မက မင်းကို ရှာနေတယ်...""


""သြော်! ဟုတ်""


အငိုမျက်လုံးတွေကို ဖုံးကွယ်ပြီး သူ့အနားကြာကြာမနေချင်လို့ပဲထင်ပါသည်။ ဖြေပြီးတာနဲ့ အနားကခပ်သွက်သွက် လျှောက်သွားလေ၏။ သို့သော် သူက မရိပ်မိပဲနေပါ့မလား...။ အခန်းထဲ ဘာတွေဖြစ်ခဲ့မှန်း သူအားလုံးသိပါသည်။ ဒီကလေးငယ်ငယ်လေးကို ဘယ်လောက်တောင်ထိတ်လန့်စေရမှ ကျေနပ်နိုင်မှာလဲ။ တကယ်ကို ရက်စက်လွန်းတဲ့ လူတွေပဲ...။


ကိုယ်အစကတည်းက သိခဲ့ပြီးသားပါ အိန်ဂျယ်လ်...ဒါကြောင့်လည်း မင်းကိုသူတို့လက်ထဲ ပြန်မထည့်နိုင်ခဲ့တာ...။ နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုသေချာမသိရသေးပေမယ့် သူတို့က မင်းရဲ့အသက်ကိုရန်လိုမယ့်သူတွေမှန်းကိုယ်သိတယ်။ အချိန်တွေအကြာကြီး ကိုယ့်ကလေးလေး အရမ်းကြောက်နေခဲ့ရမှာပဲ။ နောက်ထပ်မဖြစ်စေရပါဘူး ...မင်းကို ဘယ်သူကမှ လာမထိနိုင်အောင် ကိုယ်စောင့်ရှောက်မယ်...။တစ်သက်လုံးပဲ...


အနားကဝေးကွာသွားသည့် ကျောပြင်လေးကိုလှမ်းကြည့်ရင်း လေးနက်စွာတွေးနေမိသည်။ တကယ်လည်း အလင်း အားလုံးကိုသိနှင့်ခဲ့ပါ၏။ အိန်ဂျယ့်လ်ကို ဆေးရုံမှာသွားမရှာခင်ကတည်းက စစ်ရန်မခနဲ့ ကြိုတွေ့ခဲ့ပြီး သူ့ဆီကတစ်ဆင့် အိန်ဂျယ့်လ်အကြောင်းတွေသိခဲ့ကာ သူမနဲ့လက်ထပ်မယ့်သူဆိုတာလည်း သိခဲ့သည်။ ကျန်တဲ့ သူသိသမျှအားလုံးကိုရောပေါ့။ ဒေါ်ဧကရီဆိုသူက မရိုးသားကြောင်း၊ အိန်ဂျယ်လ်က ဘယ်လောက်ထိကြောက်နေကြောင်း ပြောပြသွားခဲ့သည်။ အမှန်စင်စစ် လျှို့ဝှက်တဲ့အရာကို တိတိကျကျအဖြေမထုတ်နိုင်သေးပေမယ့် အိန်ဂျယ့်လ်ကိုတော့ လုံးဝ ပြန်ထည့်ပေးဖို့မဖြစ်နိုင်တာကြောင့် လက်ထပ်တဲ့အထိပါ အမြန်စီစဥ်ခဲ့ရခြင်းပါ။ စစ်ရန်ကတော့ စံအိမ်ကအကြောင်းအရာတစ်ချို့ကို စုံစမ်းဖို့ ပြန်သွားခဲ့ပြီး သူကတော့ အိန်ဂျယ်လ်ကိုကာကွယ်ဖို့သာ အာရုံစိုက်နေခဲ့မိသည်။ အခုတော့ စစ်ရန်မခ အက်စီးဒင့်ဖြစ်သည့်ကိစ္စကို သူလည်းသိပါသည်။ ဒီလိုဖြစ်သွားခြင်းကိုက သူတို့သံသယမှန်ကန်နေတာကို ပြနေပြီပဲမဟုတ်လား...။ စစ်ရန်တစ်ယောက်တည်းသိထားတယ်လို့ ယူဆပြီး လက်စဖျောက်ဖို့လုပ်ခဲ့ကြတာဖြစ်မည်။ ဒီတော့ သူပါသိနေတယ်ဆိုတာ ရုပ်လုံးဖော်လို့မဖြစ်ပေ။


အခုလည်း ထပ်ပြောရင် ဒုက္ခပေးမယ်ဆိုပြီး ကိုယ်နဲ့အကျပ်ကိုင်နေခဲ့တာ သူကိုယ်တိုင်ကြားခဲ့တာပင်။ ရပါတယ်...မင်း ထုတ်ပြောစရာမလိုဘူး..ကိုယ်သိတယ်။ ဒါပေမယ့် ဒီအခြေအနေကို ဘယ်ကစပြီးအဖြေရှာရပါ့မလဲ...။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံးတော့ မင်းကိုယ်တိုင် သူတို့နဲ့ရင်ဆိုင်ရဲတဲ့ သတ္တိရှိလာအောင် ပြုပြင်ပေးရလိမ့်မယ်...။


~~~~🍁🍁🍁🍁~~~~

Continue to >>>Part-17


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: