ကြင်နာသူ ... ရွှေမင်းသား
(or)
 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။
••••••••••• Part-[ 15 ] •••••••••••
".ring ring""
""ကျစ်!""
စောစောကတည်းက ဆက်တိုက်ဝင်နေသော msg notiသံကြောင့် သူ စိတ်မရှည်စွာ စုတ်သပ်၍ ကားဆီသို့ ခပ်သွက်သွက်လျှောက်နေရင်းမှ လက်ကဖွင့်ကြည့်လိုက်မိစဥ်...ရုတ်တရက် ခြေလှမ်းက တုံ့ခနဲရပ်သွားရ၏။ screenပေါ်မြင်နေရသော မြင်ကွင်းက နှလုံးသားတစ်ခုလုံးဆုတ်ဖြဲခံလိုက်ရသလို အသက်ရှူပင်ရပ်သွားစေသည့်နှယ်...။
""အိန်ဂျယ်လ်...""
အမြင်တွေမှားသွားသည်ဟုပဲထင်မှတ်လိုက်ချင်ပါသည်။ သို့သော် ဆုတောင်းတွေမပြည့်မှန်းလည်း သိသည်။
စစ်ရန်မခနဲ့ မင်းက တကယ်ပတ်သက်မှုရှိနေတာပဲ။
မင်း ငါ့ကို လိမ်ညာရက်တယ် အိန်ဂျယ်လ်...
""တောက်!!""
(လာခေါ်တော့မယ်ဆိုမှ ကိုကိုကစိတ်ဆိုးသွားပြီ)
ဖြောင့်ဖြူးနေသော လမ်းမ ထက်၌ ကားလေးကို ပုံမှန်အရှိန်နှုန်းအတိုင်း မောင်းနှင်လာရင်း အတွေးစတို့က မငြိမ်သက်စွာ ပျံ့လွင့်နေ၏။ ဖွဲ့ ဆီက ကြားခဲ့ရသော ထူးဆန်းဖွယ်အကြောင်းအရာတွေဟာ အမှန်ပဲလား...။ အမေနေရာမှာရှိနေတဲ့သူက အမေမဟုတ်ဘူးတဲ့! ယုံနိုင်ရန်ခက်ပေမယ့် ယုံလည်းယုံချင်ပါသည်။ ချစ်သူနဲ့ မခွဲလိုတာ၊ အိမ်မပြန်ချင်တာလောက်နဲ့တော့ ဒီလိုနက်နဲတဲ့စကားမျိုးပြောထွက်မှာ မဟုတ်ပေ။ ဖွဲ့က မညာတတ်တဲ့ကလေးပါ...။သူပြောတာအမှန်ပဲဆိုရင် စံအိမ်ထဲမှာဘယ်လို လျှို့ဝှက်မှုတွေရှိနေခဲ့တာလဲ?
""ဟူး!""
ဝေခွဲမရခြင်းများစွာနဲ့ လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း ဘေးကိုငဲ့ကြည့်တော့ သူမကလည်း ကားမှန်ပြတင်းမှတဆင့် အပြင်ဘက်သို့ငေးကြည့်ရင်း တစ်စုံတစ်ခုကို တွေးနေသယောင်ဖြင့် ကျောက်ရုပ်လေးပမာ ငြိမ်သက်နေလေ၏။ အတော်ကြာသည်အထိ ဘာစကားမှမပြောဖြစ်ဘဲ တိတ်ဆိတ်နေရင်း ဦးတည်ထားသည့် နေရာသို့ရောက်မှ ပခုံးလေးကို ခပ်ဖွဖွ ကိုင်ကာ...
""ညီမလေး!
အိမ်ရောက်ပြီ""
""သြော်! ဟုတ်...ကျေးဇူးတင်ပါတယ်""
""ဒီမှာအဆင်ပြေရဲ့လား?""
""အဆင်ပြေပါတယ်...ကိုကိုနဲ့အတူရှိခွင့်ရတာ ဖွဲ့ ပျော်တယ်လေ...အရင်အနေအထားအတိုင်းဘာမှမသိခဲ့တာက ပိုကောင်းတယ် အခုတော့...""
""မင်းမှာ နောက်ထပ်နာမည်တစ်ခုနဲ့ဘဝရှိနေတာ ကောင်းတယ်...ဒီမှာ အန္တရာယ်ကင်းတယ်ဆိုရင် ခဏလေးစောင့်နေပါ...စံအိမ်က အကြောင်းကို ကိုယ်ပြန်ပြီး စုံစမ်းမယ်""
""ဟင်...သူတို့ကအန္တရာယ်များတယ် အစ်ကို
ရင်ဆိုင်ဖို့မလွယ်ဘူး...သူ့နောက်ကွယ်မှာ လျှို့ဝှက်လူတွေလည်းရှိတယ်...အဲ့ဒီ့အကြောင်းတွေကိုပြန်ပြီး မတူးဆွပါနဲ့တော့လား...ဖွဲ့ ဒီအတိုင်းလေးပဲ နေသွားပါရစေ...သူတို့နဲ့ပြန်မပတ်သက်ချင်ဘူး""
""ရှောင်နေတာက နည်းလမ်းအမှန်မဟုတ်ဘူး
မင်းရဲ့နာမည်အမှန်နဲ့ ဘဝအမှန်အတိုင်းပဲနေသွားရမယ်...အဲ့ဒီ့အတွက်ရင်ဆိုင်ပြီးဖြေရှင်းသင့်တယ်""
""ဒါပေမယ့်...""
""သူ့ကိုလည်း ပြောပြလိုက်ပါ
သူကမင်းရဲ့ချစ်သူပဲ...ဘာဖြစ်ဖြစ် မင်းဘက်ကရပ်တည်မယ့်သူလေ""
""ဟုတ်...သူပြန်လာရင် ပြောပြမှာပါ""
""အင်း!""
ကားပေါ်က ဆင်းလိုက်ပြီး အိမ်ထဲပြန်ဝင်ခဲ့တော့ ဧည့်ခန်းထဲမှာ စောင့်နေသူတစ်စုံတစ်ယောက်။ ကိုကို ပြန်မရောက်သေးတာကြောင့် အိမ်ထဲဘယ်သူမှရှိမနေဘူး ထင်ပေမယ့် ရုတ်တရက်လူရိပ်တွေ့လိုက်ရတော့ မျက်လုံးလေးဝိုင်းကာ လန့်သွားရသည်။ ဟုတ်သားပဲ...ကိုကို့အိမ်သော့က မမနေခြည်ဆီမှာလည်း ရှိတာကိုး။
""မမ ဘယ်တုန်းကရောက်နေတာလဲ
ကားရော မပါဘူးလား""
""အင်း...မမ ကားပျက်လို့ဝပ်ရှော့ပို့ခဲ့တယ်""
""ကိုကို့ဆီ လိုက်မသွားရဘူးလား""
""ဒီနေ့က သူ studioမှာအသံသွင်းဖို့ပဲ ရှိတာလေ
မမက နောက်လ scheduleအတွက် PDဆီရက်သွားညှိပြီး ပြန်လာခဲ့တာ...အလင်းက သူ့အိန်ဂျယ်လ်တစ်ယောက်တည်းပျင်းနေမယ် သွားကြည့်ပေးဆိုလို့""
""....""
""ဒါနဲ့ အိမ်မှာမနေဘဲ ညနေစောင်းမှ ဘယ်ကပြန်လာတာလဲ အိန်ဂျယ်လ်...ခုန လိုက်ပို့တာဘယ်သူ့ကားလဲ?""
""ရှင်...အဲ့ဒါက...""
""ညီမလေးမှာ တခြား အသိရှိသေးလို့လား
ဒါမှမဟုတ်...""
မမက အကဲခတ်သလိုကြည့်ကာပြောရင်း တစ်စုံတစ်ရာကို သဘောပေါက်သွားဟန်ဖြင့်...
""မမ ထင်တာမှန်လား?""
မငြင်းဖြစ်တော့ပေ။ပြောပြဖို့ရည်ရွယ်ခဲ့ပြီးသားပဲမို့ ခေါင်းကို ခပ်ဖြေးဖြေးငြိမ့်ချလိုက်မိ၏။
""ဟုတ်တယ် မမ
ဖွဲ့ ပြန်သတိရပြီ""
~~~~~~~~
တစ်ဖက်မှာတော့ လမ်းတစ်လျှောက် ကားကို အရှိန်ပြင်းစွာမောင်းနှင်လာနေရင်း နားမလည်နိုင်သော အခြေအနေတစ်ခုကို ရှုပ်ထွေးစွာ အဖြေထုတ်နေမိ၏။ ဘာလို့လဲ...မင်း ကိုယ့်ကို ဘာလို့ညာခဲ့တာလဲ အိန်ဂျယ်လ်...မင်းဘယ်အချိန်ကတည်းက ညာနေခဲ့တာလဲ?
""""
စောစောကတည်းက ဆက်တိုက်မြည်နေသောဖုန်းကို သူစိတ်မရှည်စွာဘဲ ကောက်ကိုင်လိုက်မိသည်။ တစ်ဖက်ကတော့ မပွင့်တပွင့်ရယ်သံလေးထွက်ပေါ်လာကာ..
""ပုံလေးတွေက ကြည့်လို့အဆင်ပြေရဲ့လား အလင်း ဆွိက ဒီနေ့ပဲ ဖုန်းအသစ်လေးဝယ်လာလို့ cameraကောင်းရဲ့လားစမ်းကြည့်လိုက်တာ""
""မင်းနဲ့ဆိုင်တဲ့ကိစ္စကိုပဲ အာရုံစိုက်ပါ ဟန်နီဆွိ
ငါ့ဒေါသကိုလာမဆွနဲ့""
""အဟက်! ဆွိက ရှင့်ကိုသိစေချင်ရုံပါ..ရှင်ကတော့ လူသိရှင်ကြား ဆတ်ဆတ်ထိမခံအောင် ကာကွယ်ပေးခဲ့တဲ့ ကလေးမက ရှင့်ကွယ်ရာမှာ တခြားသူနဲ့ဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတာ မြင်တယ်မလား?""
""ငါ့ချစ်သူက ငါ့အပေါ်ဘာပဲလုပ်လုပ် မင်းနဲ့မဆိုင်ဘူး...""
"".....""
ယတိပြတ်သာပြောချရင်း ဖုန်းကိုပိတ်ပစ်လိုက်၏။ အိန်ဂျယ်လ်နဲ့ပြသာနာဖြစ်ပြီးကတည်းက ကျေနပ်မနေသောကြောင့် အခုလို လိုက်နှောက်ယှက်နေတဲ့ မင်းသမီး...အခုလည်း သူရှို့တဲ့မီးကြောင့် ရင်ထဲအတော်ကို လောင်သွားရပါရဲ့။ ကိုယ့်ချစ်သူက ကိုယ့်ကို လိမ်ညာနေတာ သိရတဲ့ခံစားချက်က တော်တော်လေးကိုမှ မသက်သာခဲ့။ လိမ်ညာခံရခြင်းထက်ပိုဆိုးတာက တခြားယောကျ်ားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ မျက်ရည်ကျနေတဲ့ မြင်ကွင်း။
ဘယ်လိုလဲ အိန်ဂျယ်လ်
မင်း လျှို့ဝှက်ထားတဲ့ သရုပ်အမှန်က ဘာများလဲ။
~~~~ ~~~~
""ဘယ်တုန်းက ပြန်မှတ်မိခဲ့တာလဲ ညီမလေး
မမကို သေချာပြောပြ""
""မကြာသေးပါဘူး မမ
ပြပွဲမှာ မီးလောင်တဲ့ ကိစ္စတုန်းကပါ""
""ဘာလို့ အဲ့ဒီထဲက မမတို့ကိုမပြောပြခဲ့တာလဲ?
အလင်းရော...သိလား""
""ဟင့်အင်း...မပြောပြရသေးဘူး မမ
ပြောလိုက်ရင် ဖွဲ့အရင်ကကိစ္စတွေနဲ့ ပြန်ပတ်သက်ရမှာ စိုးရိမ်ခဲ့လို့...ဒီအတိုင်းလေးပဲရှိနေချင်လို့တွေဝေခဲ့တာပါ..မမစိတ်မဆိုးပါနဲ့နော်""
""အရင်ကကိစ္စတွေနဲ့ ပြန်ပတ်သက်ရမှာစိုးရိမ်တယ်ဆိုတာ...ဘာကိုပြောတာလဲ...ညီမလေးအိမ်က ဘယ်မှာလဲ..မိဘတွေကရော""
""ဖွဲ့ နာမည်က 'မုန်းမဖွဲ့သာ'
ပြင်ဦးလွင်မှာရှိတဲ့ 'ရွှေပတ္တမြား'စံအိမ်ကနေ ထွက်လာခဲ့တာ...အဲ့ဒီအိမ်က...""
""မင်းလည်း သရုပ်ဆောင်တာ တော်သားပဲ
မုန်းမဖွဲ့သာ""
ဘာစကားမှဆက်မပြောရသေးခင် အနောက်မှကြားလိုက်ရသော အသံကြောင့် ဖွဲ့ ကျောလေး ဆတ်ခနဲ မတ်သွားရသည်။ ပုံမှန်ထက် တင်းမာနေသောအသံကြောင့် ရင်ထိတ်သွားကာ နောက်သို့လှည့်ကြည့်တော့ စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက စူးစူးရဲရဲ။ ဘုရားရေ! ကိုကို ဘာဖြစ်တာပါလိမ့်
""ကိုကို""
""မင်းဘာလို့ ငါ့ကိုလိမ်ခဲ့တာလဲ
အားလုံးကို သိနေလျက်နဲ့...""
""မဟုတ်ဘူး...မဟုတ်ပါဘူး
အိန်ဂျယ်လ် ကိုကို့ကိုလိမ်တာမဟုတ်ဘူး...ဒီအကြောင်းကိုလည်း ပြောပြတော့မလို့ပါပဲ...ဒါပေမယ့်...""
""ဒါပေမယ့် မင်းမပြောခဲ့ဘူးလေ
ငါမေးခဲ့တုန်းကတောင် မင်း သူ့ကိုမသိပါဘူးလို့ဖြေခဲ့ပြီး ငါ့ကွယ်ရာမှာ ဒီလိုအခြေအနေတွေဖြစ်နေတာကို ငါ့မှာသည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဘူးကွ..မင်းနားလည်လား?""
ပါးစပ်က အော်ပြောရင်း ဖွဲ့ ရှေ့က စားပွဲထက် တစ်စုံတစ်ခုကို ပစ်တင်လိုက်လေ၏။ ပွင့်လျက်သားရှိနေတဲ့ ဖုန်းscreenလေးပေါ်မှာတော့ စစ်ရန်မခနဲ့ ဖွဲ့ အတူတွေ့ခဲ့သော ဓာတ်ပုံများဖြစ်နေသည်။
""မင်းကို ငါပြောခဲ့တယ်
ဘယ်လိုအကြောင်းမျိုးနဲ့မှ မလိမ်ညာဖို့ ကတိလည်းထားခဲ့တယ်...မင်းက လွယ်လွယ်မေ့ပစ်တတ်တာပဲ""
""ကိုကို!""
""အလင်း...အစ်မပဲကြားကတောင်းပန်ပါတယ်
နင်တို့ချင်း ပြေပြေလည်လည်ပြောပါ""
""ပြောစရာမရှိတော့ဘူး အစ်မ
သူအခုအားလုံးသိနေပြီပဲ...သူ့အိမ်သူပြန်လို့ရပြီ ပြန်ခိုင်းလိုက်ပါ""
ပြောပြီး ထိုနေရာမှ လှည့်ထွက်မည်အပြု သူမက လက်ကိုလှမ်းဆွဲကာ ရှေ့မှာပိတ်ရပ်လိုက်ပြီး..
""ကိုကို...အဲ့လိုမလုပ်ပါနဲ့
အိန်ဂျယ်လ် ရှင်းပြတာနားထောင်ပေးပါ..သူနဲ့အိန်ဂျယ်လ်က ဘာမှမပတ်သက်ဘူး...ကိုကို့ကိုတမင်ညာခဲ့တာလည်း မဟုတ်ပါဘူး""
"" အိန်ဂျယ်လ်ဆိုတဲ့ နာမည်ကိုမသုံးနဲ့တော့
မင်းနာမည်အရင်းကို သိရပြီပဲ...""
""ကိုကို!""
"" အားလုံးကိုပြန်မှတ်မိနေရက်နဲ့ ဘာလို့ ငါ့ကိုလိမ်ညာပြီး အနားမှာတွယ်ကပ်နေခဲ့တာလဲ...ဘာရည်ရွယ်ချက်လဲ""
""ဖွဲ့ အရင်က ဘဝကိုမပြန်ချင်လို့ပါ...ဒီအတိုင်း ကိုကို့ရဲ့ အိန်ဂျယ်လ်အဖြစ်ပဲနေချင်လို့..ပြောပြဖို့တွေဝေခဲ့တာ...ယုံပေးပါ ကိုကိုရယ်..ဖွဲ့မှာတခြားဘာရည်ရွယ်ချက်မှမရှိပါဘူး""
""အခု ငါမင်းနဲ့ပြောစရာစကားမရှိတော့ဘူး""
ဆုံကြည့်နေတဲ့ မျက်လုံးတို့ကိုလွှဲပစ်ကာ ဆုပ်ကိုင်ထားသည့် လက်တို့ကိုလည်း ဖြေချပစ်လိုက်ရင်း ဖွဲ့ကို သူကျောခိုင်းလိုက်လေ၏။ ခက်ထန်တဲ့ အပြောနဲ့ အကြည့်တွေအောက် ဖွဲ့ စကားလုံးတွေတောင်ပျောက်ရှကာ မျက်ရည်တွေသာစီးကျရင်း...
""ကိုကို!""
""သွားတော့!...အခု ငါမင်းကို မမြင်ချင်တာမို့လို့""
ကျောခိုင်းထားလျက်ကပဲ အေးစက်စက်စကားသံက ထပ်ထွက်လာခဲ့၏။ ပြီးတော့ ခြေလှမ်းကျဲများက အပေါ်ထပ်ဆီသို့ ဦးတည်လျှောက်သွားကာ တံခါးကို ပိတ်ပစ်လိုက်သည်။ ဘာကြောင့်ဖုံးကွယ်မိတယ် ဆိုတာကို ရှင်းပြတဲ့ဆီ မရောက်နိုင်ဘဲ နှင်လွှတ်ခံရခြင်းအတွက် ဝမ်းနည်းစွာ ငိုရှိုက်နေမိတော့ မမက အနားသို့ရောက်လာကာ...
""လာ...မမနဲ့လိုက်ခဲ့
အခု သွေးပူတုန်းဘာမှဆက်ရှင်းလို့ရမှာမဟုတ်ဘူး""
""မမ!
ကိုကို စိတ်ဆိုးသွားပြီ..
သူ ဖွဲ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ
ဟင့် အဟင့် ဟီး!!""
""မမုန်းပါဘူး...သူက ညီမလေးကို သိပ်ချစ်တာ အခုလည်း ခဏစိတ်ဆိုးတာပါ..ပြီးရင် သူစိတ်ပြေသွားမှာ""
""အဟင့်!""
တံခါးကို ပိတ်ထားပေမယ့် အောက်ထပ်က ငိုနေသံအကျယ်ကြီးမို့ ကြားနေရပါ၏။ အပြစ်လုပ်တုန်းကလုပ်ပြီး အခုမှ ကလေးလိုအော်ငိုနေလေတော့လည်း သူ့မှာမနေသာပါ။ အခန်းထဲက ပြန်ထွက်ရန် ခြေလှမ်းကိုပြင်မိပေမယ့် ပုံထဲက မြင်ကွင်းကို ပြန်မြင်ယောင်တော့ ခြေလှမ်းကိုရပ်လိုက်မိ၏။
ဝဋ်လည်တယ်လို့ပဲ ယူဆရမှာပါ။ ကိုယ်က တစ်စုံတစ်ယောက်အပေါ် လိမ်ညာဟန်ဆောင်ခဲ့ဖူးတော့ ကိုယ့်ကိုလည်း လိမ်ညာမယ့်သူပေါ်လာတာ ဆန်းသလားလေ။ နှောင်ဖွဲ့က ကိုယ့်ကိုအေးဆေးစွာ ခွင့်လွှတ်ပေးနိုင်ခဲ့သလောက် ကိုယ့်အလှည့်ကျတော့ မခံရပ်နိုင်အောင်သွေးဆူမိသည်ပဲ။ ကွာခြားချက်က ဘာလဲ...နှောင်ဖွဲ့က ကိုယ့်ကိုမချစ်ခဲ့ဘဲ ကိုယ်ကတော့ အိန်ဂျယ့်လ်အပေါ် အသည်းအသက်မက မြတ်နိုးခဲ့၍ပါပဲ။ ကိုယ်ချစ်တဲ့သူဆီက လိမ်ညာလှည့်ဖျားခြင်းခံရတာလောက် ခံရခက်တာမရှိမှန်း သူ အခုမှနားလည်ခဲ့မိသည်။
တကယ်တော့ သူမ အတိတ်ကို ပြန်သတိရတဲ့အခါ အရင်ဆုံးသိခွင့်ရတဲ့သူက ကိုယ်သာဖြစ်ချင်ခဲ့တာပါ။ အလင်းနှစ်နဲ့ ပတ်သက်သမျှကို အိန်ဂျယ်လ်ပိုင်သလို အိန်ဂျယ်လ်နဲ့ပတ်သက်သမျှကိုလည်း ကိုယ်တစ်ယောက်သာ ဆိုင်ချင်ခဲ့တာက ဒီလူသားရဲ့အတ္တသက်သက်။ နောက်ဆုံးတော့ သူမက ကိုယ့်ကိုသာ ချန်လှပ်ထားပြီး တခြားသူတွေကိုတော့ လွယ်လင့်တကူသိခွင့်ပေးနေခဲ့တာပဲ မဟုတ်လား?
(အင်း...တလွဲတွေးနေလိုက်)
~~~~~~~~
အိပ်ရာနိုးသည်နှင့် ဧည့်ခန်းထဲက တရှုံ့ရှုံ့ငိုသံလေးကို ကြားနေရသဖြင့် နေခြည် သက်ပြင်းချကာ အခန်းထဲကထွက်လာခဲ့၏။ မနေ့က အလင်း စိတ်ဆိုးနေတာကြောင့် ခဏလေးပြေငြိမ်းစေရန် အိမ်ကို ပြန်ခေါ်လာခဲ့ပြီး မငိုအောင်ချော့မော့ပြောပေမယ့် မရ။ ကိုကို မုန်းသွားပြီလို့ပဲ ဆက်တိုက်ပြောကာ ငိုယိုနေ၍ မနည်းအိပ်ပျော်အောင်နားချထားရသည်။ အခုလည်းကြည့် အစောကြီးနိုးကာ မျက်ရည်နဲ့ မျက်နှာသစ်နေတာပင်။
""အိန်ဂျယ်လ်...တိတ်ပါတော့ ညီမလေးရယ်
မနေ့ကတည်းက ဆက်တိုက်ငိုနေတာ..မျက်လုံးတွေလည်း ဖောင်းအစ်နေပြီ..ညကရောအိပ်ပျော်ရဲ့လား?""
""ကိုကိုက ဖုန်းမကိုင်ဘူး မမ
တကယ်စိတ်ဆိုးသွားပြီ""
""သူ့ကို အချိန်ခဏလေးပေးလိုက်ပါ
အိန်ဂျယ်လ်လေးက လိမ္မာတယ်""
""Ring Ring ""
""ခဏလေး အခန်းbellမြည်သံကြားတယ်
ဘယ်သူလဲ မသိဘူး မမသွားကြည့်လိုက်ဦးမယ်""
အိန်ဂျယ့်လ် ခေါင်းလေးကို ခပ်ပွပွပုတ်လိုက်ပြီး တံခါးအနားသို့ ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်။ စိတ်ထဲမှာလည်း အလင်းက အိန်ဂျယ့်လ်ကိုပြန်လာခေါ်တယ်လို့ပဲ ထင်မှတ်ထားကာ အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အထင်နဲ့ကွဲလွဲစွာ အခန်းရှေ့ရပ်နေသူက အမျိုးသမီးနှစ်ယောက် သူတို့ဘေးမှာလည်း တကိုယ်လုံး အနက်ရောင်တွေ ဝတ်ထားသည့် လူနှစ်ယောက်။ ခပ်တည်တည်မျက်နှာနဲ့ လက်နောက်ပစ်လျက် သတိအနေအထားရပ်နေပုံက Men in Blackထဲက ဇာတ်လိုက်တွေလိုလို bodyguard typeတွေနဲ့မို့ နေခြည် အံ့အားသင့်သွားရသည်။ အသက်ငယ်ပုံရသည့် အမျိုးသမီးကလည်း ခေတ်ဆန်လွန်းသည့် အပြင်အဆင်ဖြစ်ကာ နောက်တစ်ယောက်ကတော့ တစ်ကိုယ်လုံးဖိတ်ဖိတ်တောက်နေသည့် ပြင်ဆင်ဝတ်စားမှုဖြင့် မျက်လုံးတွေကလည်း တစ်စုံတစ်ရာကို အကဲခတ်ရှာဖွေနေသယောင်။ နှစ်ယောက်လုံးရဲ့ မျက်နှာထားတွေကတော့ တင်းမာခက်ထန်နေကာ ကြည့်လိုက်ရုံနှင့် မည်သည့်အသိုင်းအဝိုင်းကလာခဲ့မှန်း နှစ်ခါပြန်ဝေခွဲနေစရာမလိုပေ။
""ဘာကိစ္စရှိလို့လဲ မသိဘူး""
"" အလင်းနှစ်ရဲ့ မန်နေဂျာ...နေခြည်ဆိုတာ မင်းလား""
""ဟုတ်ကဲ့...ဟုတ်ပါတယ်""
"" ဒီမှာ အိန်ဂျယ်လ်ဆိုတဲ့မိန်းကလေးနေတယ်မလား
မင်းရဲ့ညီမလို့ သိထားကြတဲ့ အိန်ဂျယ်လ်လေ""
"".....""
ဧည့်ခန်းထဲရှိနေရင်းမှ အရှေ့ကစကားသံသဲ့သဲ့ကိုကြားမိတော့ ဖွဲ့ ခေါင်းလေးဆတ်ခနဲထောင်သွားရသည်။ ဒီအသံက...ဖွဲ့နဲ့ရင်းနှီးလွန်းသည့်အသံလေ...ဖွဲ့ ကြောက်ရတဲ့ အသံဆိုပိုမှန်မည်။ မဟုတ်သေးဘူး...မဖြစ်နိုင်ဘူး။
ခေါင်းလေးတခါခါဖြင့် တွေးနေရင်းမှ လက်ဖျားတွေအေးစက်သွားကာ ရင်တွေလည်းတလှပ်လှပ်တုန်လာပြီး ထိုင်နေရာမှထရပ်လိုက်ချိန်တွင်တော့ အိမ်ထဲသို့ရောက်လာခဲ့ပြီဖြစ်သော အန္တရာယ်အငွေ့အသက်များက ဖွဲ့ ရှိနေရာနှင့်မျက်နှာချင်းဆိုင်...။ မျက်စိရှေ့တည့်တည့်ကြီး ရောက်လာပြီမို့ ပြေးစရာမြေလည်းမရှိတော့...နေရာမှာသာ တောင့်တောင့်လေးရပ်နေရင်း ခြေလှမ်းတို့က တရွေ့ရွေ့နဲ့ နောက်သို့ဆုတ်နေမိပေမယ့် ဆုတ်လေ တစ်ဖက်ကပိုလို့တိုးကပ်လာလေဖြစ်နေခဲ့၍ ဖွဲ့ကျောပြင်လေးပင် နံရံဆီထိကပ်သွားခဲ့၏။
""ဟင်!""
""သမီး..သမီးလေး""
ဖွဲ့ကို မြင်သည်နှင့် သဏ္ဌာန်လုပ် သရုပ်တူစွာ မျက်ရည်တို့ဝဲတက်လာရင်း အစမှာတော့ ပြောစရာမရှိအောင် အံ့သြဆွံ့အ ဝမ်းသာခြင်းအရိပ်အယောင်ပြကာ တရွေ့ရွေ့တိုးလာရင်း ခန္ဓာကိုယ်လေးကို သိမ်းကျုံးဖက်ထားလိုက်လေ၏။ ဖွဲ့မှာတော့ သူ့အသားနဲ့ထိကပ်ရတာကပင် သွေးပျက်ဖွယ်ဖြစ်ကာ နောက်တစ်ကြိမ်သေမိန့်ကျပြီဟူသော အသိက ခြောက်ခြားစွာတိုးဝင်နေသည်။ လူတစ်ယောက်ကို ယုံမိတာ မှားချေပြီပဲ..စစ်ရန်မခ...ရှင် လူလိမ်!!
""သမီး...မေမေ့ကိုကြည့်ပါဦး
သမီး အိမ်ကထွက်သွားတာ ဘယ်လောက်ကြာနေပြီလဲ
မေမေ ဘယ်လောက်စိတ်ပူနေလဲသိရဲ့လား?""
""အိန်ဂျယ်လ် ...ညီမလေး
တကယ်ပဲ...အမေလား?""
""မမ...""
""အို! ဒါဆို မင်းက ငါတို့ကိုလူလိမ်လို့ပြောချင်တာလား
သမီးကို ပိုင်စိုးပိုင်နက်ခေါ်ထားတဲ့ကိစ္စတောင်မရှင်းရသေးဘူး...အခုအမေအရင်းကိုပါ လူလိမ်လို့ပြောချင်တာလား...ကြိုက်တဲ့နေရာက ကြိုက်သလိုစုံစမ်းလို့ရတယ်...သူက ငါ့သမီးပဲ""
အတည်ပြုသည့်သဘောနှင့် ဝင်မေးမိသည့်နေခြည့်ကိုလည်း မျက်နှာထားတင်းတင်းဖြင့် ချေပလိုက်သည်မို့ ဘာမှဆက်မပြောနိုင်တော့ပေ။ သို့သော် သူတို့ကို မြင်လိုက်သည်နှင့် အိန်ဂျယ့်လ်မျက်နှာက ချက်ချင်းပင်သွေးဆုတ်ဖြူရော်သွားကာ ကြောက်အားလန့်အားဖြစ်နေသလိုမို့ မေးကြည့်မိခြင်းပါ။ အိန်ဂျယ်လ်ကလည်း ဘာမှဆက်မပြောတော့ သူ့အမေနဲ့ တစ်ခုခုစိတ်ဆိုးစရာကိစ္စရှိနေတယ်လို့ပဲ ကောက်ချက်ချကာ...
""မဟုတ်ပါဘူး အန်တီ
အိန်ဂျယ်လ်က မိသားစုနဲ့ပတ်သက်ပြီးတစ်ခါမှမပြောပြဖူးလို့ မေးမိတာပါ""
""အင်း...သမီးက အိမ်မှာအငယ်ဆိုတော့ နည်းနည်းဆိုးတယ်ကွယ်...အခုလည်းသူ့ကို အန်တီသဘောတူတဲ့သူနဲ့ လက်ထပ်ပေးဖို့စီစဥ်လို့ သူအိမ်ကထွက်ပြေးတာ...အတင်းအကျပ်လုပ်တာမျိုးကိုမကြိုက်ဘူးဆိုပြီးလေ""
ယုံလောက်မည့် အကြောင်းပြချက်ကို လိုရာဆွဲပြောကာ လက်တစ်ဖက်ကလည်း ဖွဲ့ရဲ့လက်ဖဝါးတစ်ဖက်ကို အားနဲ့ဖိညှစ်ထားတာကြောင့် ရုန်းမရဘဲ ငြိမ်သက်နေမိသည်။ မမကတော့ နားလည်သွားသည့်ပုံစံဖြင့်ခေါင်းကိုငြိမ့်ကာ...
""သြော်! အိန်ဂျယ်လ်က ဒီကိုစရောက်တုန်းက ဘမှမမှတ်မိခဲ့ဘူးလေ..အဲ့ဒါကြောင့် နေခြည်တို့က သူ့အိမ်ကိုဆက်သွယ်ပေးလို့မရဖြစ်နေတာပါ""
""အခုအိမ်က လိုက်လာပြီဆိုတော့ တို့ကလေးကိုပြန်ခေါ်သွားတော့မယ်...စောင့်ရှောက်ပေးထားတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမလဲပြောပါ""
""မလိုပါဘူးရှင့်...ရပါတယ်""
""မတောင်းဆိုလည်း ကျေးဇူးကြွေးအတင်မခံနိုင်တဲ့အတွက် တစ်ခုခုစီစဥ်ပေးလိုက်ပါမယ်...အခုတော့ခွင့်ပြုပါဦး..""
"".....""
""လာ...သမီး
သွားမယ်""
""ဟင့်အင်း..မလိုက်ဘူး
ပြန်မလိုက်ချင်ဘူး...မလိုက်ဘူး""
လက်ကိုဆွဲခေါ်သည်နှင့် ချက်ချင်းအော်ဟစ်ရုန်းကန်နေတဲ့ အိန်ဂျယ်လ်ကြောင့်နေခြည်အံ့သြသွားရသည်။ သူ့ကို သတ်ကွင်းဆီဆွဲခေါ်သွားခံရသည့်နှယ် အတင်းလူးလွန့်ရုန်းထွက်နေတာမို့ အမေဖြစ်သူရဲ့အားနဲ့ မဆွဲထားနိုင်တော့ ရှေ့က အနက်ရောင်ဝတ်စုံနဲ့လူတွေပါပြေးဝင်လာကာ လက်နှစ်ဖက်မှ အားနဲ့ဆွဲထုတ်ခေါ်နေကြလေ၏။
""မလိုက်ဘူး...မလိုက်ဘူး
အား! မမ..ကယပွါဦး""
ဆွဲလေ အကြောက်အကန်ရုန်းလေဖြင့် အခြေအနေက ရုတ်ရုတ်သဲသဲ။ ငိုယိုကာ လူးလွန့်နေ၍ ယောကျ်ားအားတွေဖြင့် မညှာမတာ ဖိဆုပ်ထားသော လက်နုနုလေးနှစ်ဖက်မှာလည်း သွေးထွက်မတတ် နီရဲလာတော့ မဆွဲသာဘဲ ရပ်ကြည့်နေရသည့် နေခြည့်မှာလည်း ရင်ထဲမကောင်းလှပေ။ သို့ပေမယ့် သူ့အမေက အိမ်ပြေးသည့်သမီးကို လာခေါ်ခြင်းပဲမို့ ကိုယ်လိုသူစိမ်းတစ်ယောက်မှာ ရပ်ကြည့်နေရုံမှတစ်ပါး တားနိုင်စွမ်းတို့မရှိ။ ခက်လိုက်တာနော်...။
""သမီး...မေမေ သမီးမကြိုက်တာကိုမလုပ်တော့ဘူးနော်..အေးအေးဆေးဆေးနဲ့အိမ်ကိုပဲပြန်လိုက်ခဲ့..ဟုတ်ပြီလား?""
""ဟင့်အင်း..ဟင့်အင်း
မလိုက်ဘူး...မမ...ဖွဲ့ သူတို့နဲ့မလိုက်ချင်ဘူး""
""ညီမလေးရယ်...မေမေကလာခေါ်တာပဲ
မမဆီကို အချိန်မရွေးလာလို့ရပါတယ်..အခုတော့ပြန်လိုက်သွားလိုက်နော်""
""မေမေ?
ဟင့်အင်း..မမ ဖွဲ့မလိုက်ချင်ဘူး
သူက...""
""ညီမလေး
မမက ညီမလေးကိုစိတ်ဆိုးနေမှာကြောက်လို့လား
ဘာမှမဖြစ်ဘူးနော် မမအခုနေကောင်းသွားပြီ သိလား
အိမ်ကိုသာ ပြန်လိုက်ခဲ့""
စကားကို မဆက်လိုက်နိုင်ခင်မှာပင် ဘေးမှာရပ်ကြည့်နေသည့်လေညှင်းက ဖွဲ့ ကိုယ်လေးကို ဖက်ထားလိုက်ပြန်ကာ ခွင့်လွှတ်ပေးကြောင်းကို ချိုသာစွာပြောလာ၏။ ထိုစကားကိုပြောနေရင်းမှပင် ကျောကိုဖွဖွပွတ်သပ်နေသည့် လက်တို့က တင်းကျပ်သွားကာ ဖွဲ့ရဲ့နားရွက်ဖျားလေးနားသို့ တိုးကပ်ပြောသွားသည့် စကားသံက...
""အကျိုးမရှိတာတွေထပ်မလုပ်နဲ့တော့ မုန်းမဖွဲ့
သတ္တိရှိရင် ဆက်ပြောစမ်း! နင့်အသက်အတွက် အာမခံချက်မရှိဖြစ်သွားလိမ့်မယ် ""
ခြိမ်းခြောက်သလိုပြောသွားသည့်စကားသံကြောင့် ဖွဲ့ ဆွံ့အသွားရသည်။ နှစ်တွေများစွာတိုင်အောင် စွဲကပ်နေခဲ့သည့် ကြောက်ရင်းစွဲဝေဒနာက နှလုံးသားထဲအမြစ်တွယ်နေခဲ့တော့ နှုတ်ခမ်းလေးတွေပါ ဆတ်ဆတ်တုန်လာရင်း စကားတို့က မဆက်နိုင်ဘဲ တအင့်အင့် ရှိုက်သံကသာ ကျယ်လောင်နေခဲ့၏။ ထို့နောက် မလွန်ဆန်နိုင်တော့သော ကြောက်ရွံ့ခြင်းတို့ကြား နှလုံးသွေးရပ်မတတ် တုန်လှုပ်ကာ လက်ရှိပတ်ဝန်းကျင်တစ်ခုလုံးနှင့် အဆက်အသွယ်ပျက်သွားတော့သည်။ အမြင့်တစ်နေရာမှ ဟင်းလင်ပြင်ဆီသို့ဇောက်ထိုးမိုးမျှော် ပြုတ်ကျသွားရသလိုခံစားချက်ဖြင့် အသိအာရုံတို့ ခေတ္တပြတ်တောက်သွားရသည့် ခဏ...။
""ဟင်! ညီမလေး""
""သမီး...သမီးလေး""
အစပိုင်းမှာတော့ ခေါ်သံတွေကို သဲ့သဲ့မျှကြားမိပေမယ့် နောက်တော့ အရာအာလုံးသည် တဖြေးဖြေးနဲ့အမှောင်ထုဆီသို့ ဆွဲခေါ်သွားကြလေရာ...။
~~~~~~~~
""ဘယ်လို!""
""ဟုတ်တယ်..အလင်း
အိန်ဂျယ်လ် အခု ဆေးရုံမှာ...သူ့အိမ်က ပြန်လာခေါ်တာ..သူက မလိုက်ဘဲအတင်းရုန်းကန်ရင်း...သတိပါလစ်သွားတဲ့အထိပဲ""
""ဘယ်ဆေးရုံမှာလဲ?""
""(***)ဆေးရုံ..နင် သွားလည်းပေးတွေ့မှာမဟုတ်ဘူး
သူ့အခန်းရှေ့မှာ အစောင့်တွေရှိတယ် ငါ့ကိုတောင်ပေးအဝင်မခံတော့ဘူး...တော်တော်ချမ်းသာတဲ့အသိုင်းအဝိုင်းကပဲ...သက်တော်စောင့်တွေအထိပါရှိတယ်...အိန်ဂျယ်လ်က မိဘသဘောတူတဲ့သူနဲ့လက်မထပ်ချင်လို့ ထွက်ပြေးခဲ့တာတဲ့""
ကြားလိုက်ရတဲ့အခြေအနေကြောင့် အလင်း ရင်ထဲဗြောင်းဆန်ကာ ဘာလုပ်ရမှန်းပင်မသိ။ တစ်ညတစ်မနက်ထဲနဲ့တင် သူမနဲ့ပတ်သက်ပြီးအဆင်မပြေစရာတွေချည်း ဆက်တိုက်ဖြစ်နေပါရောလား။
"" သွားခိုင်းလိုက်တော့!""
""ဟေ့ကောင်! မင်းဘယ်လိုပြောလိုက်တာလဲ
အိန်ဂျယ်လ်က မင်းရဲ့ချစ်သူလေ...ဒီအတိုင်းကြီးမျက်နှာလွှဲလိုက်မှာလား?""
ထူးဆန်းစွာထွက်ပေါ်လာသော သူ့စကားကြောင့် ဘေးမှာ နားထောင်သူသာလုပ်နေသော Alexကပါမျက်လုံးကြီး ပြူးပြူးဖြင့် ဝင်ပြောလေ၏။ ဟုတ်တယ်လေ...လက်ရှိအခြေအနေမှာ သူဘာများတတ်နိုင်မည်နည်း။ အိမ်ပြေးလေးတစ်ယောက်ကို သူ့မိသားစုက ရှာတွေ့လို့ ပြန်သိမ်းသွားတော့မှာကို ကိုယ်က ဘယ်လိုအကြောင်းပြချက်နဲ့ဆွဲထားနိုင်မည်နည်း။ ဘယ်လိုအသိုင်းအဝိုင်းက ရွှေမင်းသမီးလည်းဆိုတာ သိရပြီပဲလေ။ မနေ့ကတည်းက သူစုံစမ်းခဲ့ပြီးသားပါ။ 'ရွှေပတ္တမြား'စံအိမ်ဆိုတာ ပြင်ဦးလွင်မှာမသိသူမရှိ...။လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်မှုပေါင်းမြောက်မြားစွာနဲ့ မိုးလောက်မြင့်မားတဲ့ ရွှေအိမ်စံ သခင်မလေး 'မုန်းမဖွဲ့သာ'။ အဲ့ဒီလိုရွှေရောင်ဘဝထဲ ပြန်သွားဖို့ သူမ ဘာလို့ဒီလောက်ကြောက်ရွံနေတယ် ဆိုတာတော့သူလည်း မသိပေ။
""မေးနေတယ်လေ..အလင်း
မင်းသူ့ကို စိတ်ဆိုးနေတာမှန်ပေမယ့် ဒါအချိန်ကောင်းမဟုတ်သေးဘူး...အစ်မပြောသလိုဆို အိန်ဂျယ်လ်က အဲ့ဒီ့လူတွေဆီပြန်ရမှာ အရမ်းကြောက်နေသလိုပဲ...normalမဟုတ်ဘူးလို့ ငါထင်တယ်""
""အစ်မလည်းအဲ့လိုပဲထင်တယ်""
""ကျွန်တော်တော့မထင်ဘူး
သူ့မိသားစု ပြသာနာက သူတို့အချင်းချင်းပဲရှင်းလိမ့်မယ်..သူအားလုံးကိုသတိရနေပြီပဲ..သူ့အိမ်သူပြန်သွားပါစေ""
""အလင်း...မင်းဘာဖြစ်နေတာလဲ?
ငါတို့ သူ့ကိုတွေ့တဲ့ညကို မင်းပြန်စဥ်းစားကြည့်
အခုသူ့အခြေအနေနဲ့ အဲ့ဒီ့ညကသေပြေးရှင်ပြေးဖြစ်နေတဲ့ အခြေအနေက ကွဲလွဲနေသလိုပဲ...ဒီထဲမှာ အကြောင်းအရာတစ်ခုခုရှိနေရင် အိန်ဂျယ်လ့်ကိုပြန်ထည့်ပေးလိုက်တာ အန္တရာယ်များတယ်""
ဒါကိုတော့ သူလည်းတွေးမိပါ၏။ အိန်ဂျယ့်လ်ကို စတွေ့တဲ့ ညက 'သတ်လိမ့်မယ်...ကယ်ပေးပါ'လို့ ကျိန်းသေပြောခဲ့တာ..။ အခုလည်း အချက်အလက်တွေ ထပ်ပြီးစုံစမ်းကြည့်ရသလောက် မုန်းမဖွဲ့သာက မတော်တဆမှုတစ်ခုကြောင့် လမ်းမလျှောက်နိုင်ဘူးလို့ပဲ ဖော်ပြထားပေမယ့် သူမက ညမှောင်မှောင်မှာ အသက်လုပြေးလွှားနေရတဲ့ အခြေအနေ ဘာကြောင့်ဖြစ်နေခဲ့သလဲ။ လက်မထပ်ချင်လို့ အိမ်ကထွက်ပြေးတယ်ပဲဆိုပါစေ...အဲ့လောက်ရက်စက်တဲ့ နည်းနဲ့တော့မဖမ်းသင့်ဘူးမဟုတ်လား။
""မနက်ဖြန်ပဲ အလင်း
သူတို့ မနက်ဖြန်ဆို အိန်ဂျယ့်လ်ကိုပြန်ခေါ်သွားတော့မှာ""
""သူ ဘယ်လိုနေသေးလဲ
သတိရောရနေပြီလား""
""ဟင့်အင်း..ဒါပေမယ့်
မကြာခင်တော့ သတိရလာမှာလို့ပြောတယ်
သူ့အခန်းနားမှာ လူတွေအပြည့်ဆိုတော့ ဝင်ကြည့်လို့မရဘူးလေ""
သုံးယောက်သားကြား စကားသံတို့တိတ်ဆိတ်သွားရ၏။ ရင်တွေကွဲမတတ် ပူလောင်နေရတာလည်း မီးတမျှပါပဲ။ ဘယ်လိုပဲ စိတ်အခန့်မသင့်စရာဖြစ်ထားပါစေ...ချစ်တာတော့ ရင်နှင့်မဆံ့အောင်မို့ သူမ ရှိရာဆီ ပြေးသွားကြည့်ချင်သည်။ မနက်ဖြန်ဆိုရင်ပဲ အပြီးတိုင်ဝေးသွားရတော့မလား မသိနိုင်တာလေ..။
""ဟင်..မင်းဘယ်သွားမလို့လဲ?""
""သူ့ဆီ..""
""""
အဖြေစကားနဲ့အတူ နေရာမှချက်ချင်းထရပ်လိုက်စဥ် ဖုန်းကလည်း မြည်လာခဲ့၍ သူလက်တစ်ဖက်နဲ့ကောက်ကိုင်ကာ
""Hello!""
""....""
""ဟုတ်တယ်...ကျွန်တော်ကအလင်းနှစ်ပဲ""
"".......""
~~~~~~~~
*At the Hospital*
ဖွဲ့ သတိပြန်ရနေပေမယ့် မျက်လုံးတို့ကို လုံးဝဖွင့်မကြည့်၊ လှုပ်လည်းမလှုပ်ဘဲ သတိမရချင်ယောင်ဆောင်ကာ ထွက်ပြေးဖို့အခွင့်အရေးကို ချောင်းနေမိသည်။ အရင်ကတော့ ခြေထောက်တွေကလိုရာမသွားနိုင်၍ ပြေးဖို့မလွယ်ပေမယ့် အခုတော့ ဖွဲ့ ပြေးလို့ရနေပြီပဲလေ...ဒီတော့ အခန်းရှေ့က လူတွေလစ်ဖို့သာလိုသည်။ စောစောက အခန်းထဲမှာ ဒေါ်ဧကရီရော လေညှင်းပါ ရှိနေပေမယ့် အခုတော့ နှစ်ယောက်လုံးအပြင်ထွက်သွားသည်မို့ ဖွဲ့ မျက်လုံးဖွင့်ကာ ထထိုင်လိုက်ပြီး ပြေးဖို့အကြံထုတ်နေမိသည်။
ခဏကြာတော့...
မ်းး!!
"" အား!""
စားပွဲပေါ်ရှိ ရေဖန်ခွက်ကို ချခွဲပြီးသည်နှင့် ပါးစပ်ကအကျယ်ကြီးအော်ကာ လူကတော့အခန်းတံခါးနား သို့လျင်မြန်စွာ ပြေးကပ်နေလိုက်ပြီး...တံခါးပွင့်လာသည်နှင့်တပြိုင်နက် ပြေးဝင်လာသူတွေကို တွန်းတိုက်ကာ အားကုန်ပြေးထွက်လာခဲ့၏။
""ဟင်..သခင်မလေး
ဟိုမှာ..ပြေးသွားပြီ""
""လိုက်ဖမ်း..""
ဆေးရုံစင်္ကြံလမ်းတစ်လျှောက် ပြေးထွက်လာခဲ့ပေမယ့် အားနည်းနေသည့် ခန္ဓာကိုယ်ကြောင့် ဘေးပတ်ဝန်းကျင်ဟာလည်း ဝေဝါးကာ ထင်သလောက် ခရီးမရောက်ပေ။ ဆေးရုံအပြင်ဘက်ရောက်ဖို့ရန်တောင် ခဲယဥ်းလွန်းသည်မို့ ကံမကောင်းစွာ မိသွားနိုင်တော့မည့်အခြေအနေ။
""သခင်မလေး..ရပ်လိုက်ပါ
ကျွန်တော်တို့ကို ခက်ခဲအောင်မလုပ်ပါနဲ့""
ပါးစပ်ကလည်းအော်နေကာ မရပ်မနားပြေးလွှားနေကြသူတွေကို ဖွဲ့ ပြန်လှည့်ကြည့်ရင်း ပြေးရင်းဖြင့် မောဟိုက်လာကာ တစ်နေရာအရောက်မှာတော့...
""အ!""
နောက်သို့လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြေးလာရင်း ရှေ့က တစ်စုံတစ်ရာနဲ့ ပစ်တိုက်မိကာ ထိုလူက အရှိန်ဖြင့် ပြေးလာနေသည့်ဖွဲ့ကိုယ်လေးကို ဆီးဖမ်းထားလိုက်သလို ခံစားချက်ကြောင့် အလန့်တကြားမော့ကြည့်မိစဥ်...
""ကိုကို!""
တကယ်ပဲ ကိုကို့ကို တွေ့လိုက်ရသည်မို့ ဖွဲ့အံ့သြဝမ်းသာသွားကာ သူ့ကို အတင်းတိုးဖက်ထားပြီး ငိုချလိုက်မိ၏။ နောက်ကလိုက်လာသူတွေကိုလည်း ဂရုမစိုက်တော့ပါ။ ရှေ့မှာက အားကိုးရာရင်ခွင်တစ်ခုလုံးရောက်လာခဲ့ပြီမဟုတ်လား။
""သခင်မလေး...ကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့ပါ""
""သမီး..လာစမ်း!""
အခုတော့ အမေဖြစ်သူကိုယ်တိုင်ရောက်လာခဲ့လေပြီ။ ဆေးရုံထဲမှာပဲမို့ လူတွေကလည်း အာရုံစိုက်စွာကြည့်လာကြလေ၏။ အထူးသဖြင့် အလင်းနှစ်က သာမန်လူတစ်ယောက်မဟုတ်ခြင်းကြောင့် စိတ်ဝင်တစားကြည့်သူတွေများလာရပြီး တစ်ချို့ကဆို ဖုန်းcameraကိုယ်စီနှင့် သူတို့ရှိရာဘက်ဦးတည်ထားကြသည်။ အလင်းကလည်း အခြေအနေကိုသိပေမယ့် ဘာကိုမှဂရုမစိုက်ဘဲ အားကိုးတကြီးဖက်တွယ်ထားသော အိန်ဂျယ့်လ်ကိုယ်လေးကို ပြန်ဖက်ထားလိုက်ရင်း...
""သူ့ကို ပြန်ခေါ်သွားဖို့ ကျွန်တော်ခွင့်မပြုနိုင်ပါဘူး""
""ဘာ..မင်းက ဘာတားပိုင်ခွင့်နဲ့လာပြောနေတာလဲ
ငါက သူ့အမေနော်...မင်းအခွင့်အရေးနဲ့တားရဲသလဲ""
""ဟုတ်ပါတယ်...မုန်းမဖွဲ့သာက အန်တီ့သမီးဟုတ်သလို ကျွန်တော့်ဇနီးလည်းဖြစ်နေတဲ့အတွက် အဲ့ဒီလိုတားပိုင်ခွင့်နဲ့ပါ...""
""ဘာ!!""
(အိုက်စ်! ကျွန်တော့်ဇနီးတဲ့
သူဘယ်လိုပြောလိုက်တာ)
~~~~~~~~
Continue to >>>Part-16
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(Lëmoñ)
See less