book

Index 11

Part-[ 11 ]

ကြင်နာသူ ... ရွှေမင်းသား

(or)

 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။


••••••••••• Part-[ 11 ] •••••••••••


ပြောပြီးတော့ လက်လေးတစ်ဖက်ကိုမြှောက်ပြလေ၏။ ထိုလက်ပေါ်၌ တွေ့လိုက်ရသော လက်စွပ်လေးကြောင့် သူမျက်မှောင်ကျုံ့မိသွားရကာ..


""အဲ့ဒါ ပြန်ထားလိုက်""


""ကိုကိုကလည်း..လှတဲ့ဟာကို

ဘာလို့သိမ်းထားမှာလဲ..အိန်ဂျယ်လ့်ကိုပေး""


""မဟုတ်ဘူး...အိန်ဂျယ်လ် အဲ့ဒါက မင်းနဲ့မဆိုင်ဘူး ပြန်ထား""


""ကိုကိုကလည်း...အိန်ဂျယ်လ်ကြိုက်တယ်လို့ဆိုနေ""


""ကြိုက်ရင် နောက်ထပ်အသစ်ဝယ်ပေးမယ်

ပြန်ချွတ်""


အင်းပေါ့လေ။ ပိုင်ရှင်မကြိုက်ဘူးဆိုရင်လည်း ပြန်ပေးရမှာပေါ့။ စိတ်က ထိုသို့ရည်ရွယ်ထားပေမယ့် မျက်နှာစူပုပ်နေသည့် ကိုကို့ကို စချင်တာကြောင့် အိန်ဂျယ်လ်လက်လေးနှစ်ဖက်ကို နောက်သို့ဝှက်လိုက်ပြီး...


""ပေးဘူး...ဘာဖြစ်လဲ

ဝတ်ထားမှာ""


ပြောမရသော အိန်ဂျယ်လ်ကြောင့် သူစိတ်မရှည်ဖြစ်လာရပါပြီ။ တကယ်ဆို ဒါက တခြားသူအတွက် ရည်ရွယ်ခဲ့ဖူးသော အရာမို့ သူမကိုမဝတ်စေလိုခြင်းပါ။ အခုတော့ ရအောင်ရှာတွေ့သွားပြီး ဇွတ်အတင်း ဂျီကျနေတော့၏။


""ပြန်ထားလိုက်လို့...ပြောနေတယ်လေ""


""ဟင့်အင်း""


""အိန်ဂျယ်လ်..ငါစိတ်မရှည်တော့ဘူးနော်

ဒီပစ္စည်းက မင်းနဲ့မဆိုင်ဘူး..မင်းအတွက်မဟုတ်ဘူး နားလည်လား?""


ခပ်စူးစူးစိုက်ကြည့်ရင်း ဒေါသဖြင့် အော်လိုက်သံက အတော်ပင်ကျယ်နေခဲ့တော့ အိန်ဂျယ်လ် ကိုယ်လေးတုန်တက်အောင်လန့်ဖျပ်သွားရကာ သူ့ရှေ့၌ တောင့်တောင့်လေးခြေစုံရပ်နေမိရင်း မျက်လုံးအိမ်၌လည်း ဝမ်းနည်းမျက်ရည်တို့ရစ်ဝိုင်းသွားရသည်။ တကယ် မရည်ရွယ်ပါဘူး...ကိုကိုမကြိုက်မှန်းသိလို့ ခဏလေး စနောက်ချင်ရုံပါ။ဘာလို့ ဒီလောက်ထိတောင် ဒေါသထွက်ရတာလဲ?


အဖြေမရှိသေးသော မေးခွန်းကြောင့် မျက်ရည်တွေကျလာပေမယ့် လက်၌ဝတ်ထားသည့်လက်စွပ်လေးကိုလည်း ချက်ချင်းပြန်ချွတ်ကာ သူ့ရင်ဘတ်ဆီ ပစ်ပေါက်လိုက်ရင်း...


""ရော့!! ပြန်ယူလိုက်...အဲ့လောက်ထိတောင်စိတ်ဆိုလိမ့်မယ်မထင်လို့...အိန်ဂျယ်လ်မှားတယ် ဟုတ်ပြီလား?""


ငိုယိုကာ ပြောခဲ့ပြီး အိန်ဂျယ်လ် ထိုနေရာမှပြေးထွက်လာခဲ့သည်။ ခြေလှမ်းတို့က လုံးဝမရပ်ဘဲ ခြံပြင်ထိပါ ပြေးထွက်သွားမိရင်း မျက်ရည်တို့ကလည်း မရပ်မနားစီးကျနေခဲ့၏။ ကိုကို တစ်ခါမှ အိန်ဂျယ်လ့်ကို ဒီလိုဒေါသမထွက်ခဲ့ဖူးတော့ အစိမ်းသက်သက်ဖြစ်နေသည့် ခံစားချက်က ရင်ထဲနေသားမကျနိုင်ခဲ့။ ဝမ်းနည်းမှုက ရင်မှာ ဆို့နင့်လို့ပါပဲ...။


အိမ်ကိုသာရောက်ဖူးပေမယ့် ကျွမ်းဝင်မှုမရှိသည့်လမ်းတွေပေါ် လျှောက်ပြေးမိလည်း ကြောက်ရကောင်းမှန်းတောင်မသိတော့ပေ။ ညနေစောင်းနေပြီမို့ ခပ်မှောင်မှောင်ဖြစ်လာ၍ လမ်းကွေ့တစ်နေရာမှ ထွက်လိုက်မိစဥ်...


""တီ...တီ!""


""အ!!""


ရုတ်တရက်မျက်နှာဆီ ကျရောက်လာသော အလင်းရောင်ကြောင့် အမြင်တွေ ဝါးသွားရကာ ရှေ့ကကားလာမှန်း သိပေမယ့် ရှောင်ချိန်လည်းမရလိုက်လေတော့...။


(ကိုကိုပေါ့...လူကိုအော်လား ဟစ်လားနဲ့

တော်ပြီ..စိတ်ဆိုးတယ်..အခုကားတိုက်မိပြီနော်

အတိတ်ကို သတိရပြီးထားပစ်ခဲ့တော့မယ် သူ့ကို)

"" အိန်ဂျယ်လ်!!""


ခေါ်သံက အတော်ပင် ကျယ်လောင်နေခဲ့၏။ မအော်စဖူး အော်လိုက်မိ၍ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းသွားမှာ သေချာပါသည်။ သို့သော် သူ မထင်လိုက်တာက အိမ်ထဲကပါ ပျောက်သွားမည်ကိုပင်။ အိမ်ထဲ..ဒါမှမဟုတ် ခြံထဲက တစ်နေရာမှာ သွားငိုနေမယ်လို့ပဲ ထင်မိပြီး ချက်ချင်းလိုက်မရှာမိတာ မှားချေပြီ။ ရှိသမျှအခန်း အနှံ့လိုက်ရှာပြီး ခြံထဲမှာပါ အရိပ်အယောင်မတွေ့ရတော့ သူ အခုမှ ရင်ထိတ်သွားကာ စိုးရိမ်စိတ်တွေများလာရသည်။


!အိန်ဂျယ်လ်...မင်းဘယ်ကိုထွက်သွားတာလဲကွာ!


ဖုန်းကိုဆက်ကြည့်တော့လည်း အိမ်ထဲရှိ မှန်စားပွဲပေါ်မှ Ringtoneသံထွက်လာသည်မို့...


""တောက်!!""


ကိုယ့်ကိုကိုယ် ဒေါသဖြစ်စွာ တက်ခေါက်ရင်း လက်ကလည်း ဖုန်းနံပါတ်နောက်တစ်ခုအား နှိပ်ပြီး ခြံပြင်ပြေးထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ကလည်း မှောင်စပြုနေပြီမို့ ဒီအချိန် အိန်ဂျယ်လ်တစ်ယောက်ထဲ လမ်းပေါ်မှာသာဆိုရင်...အန္တရာယ်များလိုက်မည့် အဖြစ်။ ပူလောင်သောအတွေးနဲ့ စိုးရိမ်လွန်းသည့်စိတ်ကြောင့် ခြေလှမ်းတို့ကလည်း မရပ်မနားပြေးလွှားနေမိရင်း...


""Hello!

အစ်မ အိမ်ပြန်ရောက်ပြီလား?

အိန်ဂျယ်လ် ပြန်လာသေးလား?""


"".....""


""ဟုတ်တယ်...ကျွန်တော်နဲ့အတူရှိတယ်

ဒါပေမယ့် အခုပျောက်သွားလို့""


"".....""


""အိမ်အနီးအနားမှာ ကျွန်တော်လိုက်ရှာနေတယ်""


"".....""


ရင်ထဲ တကယ်ကို ပူလောင်နေပါပြီ။ ကိုယ့်စိတ်ကို မထိန်းလိုက်နိုင်ခြင်းအတွက်လည်း နောင်တရမိသည်။ တကယ်ဆို အဲ့ဒီကိစ္စကြောင့် ကိုယ့်ချစ်သူအပေါ် ဒီလိုဆက်ဆံသင့်လို့လား...။ မှားတယ်...အတိတ်က အချစ်ကို မေ့ပစ်ခဲ့ပြီပဲ။ဒီလိုဆို ပတ်သက်သမျှ အရာအားလုံးကိုလည်း စွန့်ပစ်ခဲ့သင့်တယ်။ အခုတော့...အိန်ဂျယ်လ်လေး ဘယ်လိုထင်သွားလိမ့်မလဲ?


အခုဆို သူမ ပျောက်သွားတာ နာရီပိုင်းလောက်တောင်ရှိနေပြီ။ ပတ်ဝန်းကျင်ကလည်း အမှောင်ကျနေတော့ ကားကို ဂရုတစိုက်မောင်းရင်း ဘေးဘက်ကိုလည်း အသေအချာလိုက်ကြည့်နေမိသည်။ လမ်းတွေလည်း မသိတဲ့ ကလေးက ဘယ်ကိုရောက်သွားလိုက်ပါလိမ့်! စိုးရိမ်လွန်းလို့ ရူးတော့မယ် အိန်ဂျယ်လ်။ မင်း အန္တရာယ်ကင်းကင်းရှိနေရဲ့လား...။


""""


""Hello!""


""အလင်း...ငါ့ကိုအစ်မဖုန်းဆက်တယ်

အိန်ဂျယ်လ်နဲ့မင်း ဘာဖြစ်တာလဲ?""


""ငါ့အမှားပါ...ဟိုမိန်းကလေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို ယူကြည့်နေလို့ ငါဒေါသထွက်ပြီး အော်လိုက်မိတယ်""


""မင်းကလည်း... အဲ့ဒီကိစ္စကြောင့်နဲ့ ဆတ်ဆတ်ထိမခံဖြစ်နေတုန်းလား? အိန်ဂျယ်လ်က မင်းမျက်နှာအရိပ်ကို သိပ်ကြည့်တာ..မင်းကအခုလိုဆက်ဆံရင် သူပိုပြီးစိတ်မကောင်းဖြစ်မှာပေါ့""


""သိတယ်..ငါသိပါတယ်""


""စိတ်လျှော့..ရှာတွေ့မှာပါ""


ဖုန်းကိုပြန်ချလိုက်ပြီး ကားကိုမောင်းထွက်ရန်ပြင်လိုက်စဥ်...


""""


""Hello!""


""အလင်း..အစ်မဆီ ဆေးရုံက ဖုန်းဝင်လာတယ်

အိန်ဂျယ်လ်က...အိန်ဂျယ်လ်က ကားတိုက်မိလို့ဆေးရုံမှာတဲ့""


""....""


ငိုသံတွေစွက်လျက် ပြောနေသည့်စကားသံကြောင့် သူ ရုတ်တရက်ဆွံ့အသွားမိသည်။ ရင်ဘတ်ထဲမှာလည်း နှလုံးခုန်ခြင်းတို့ရပ်တန့်သွားရသလိုပင်။


""အစ်မ အခုဆေးရုံသွားနေပြီ

(***)ဆေးရုံ...နင်မြန်မြန်လိုက်လာခဲ့""


~~~~~~~~


ဆေးရုံကိုရောက်သည်နှင့် အိန်ဂျယ်လ်ရှိသည့် အခန်းကို အပြေးအလွှားလိုက်ရှာနေမိသည်။ ညဘက်တောင် ကားလမ်းတွေပိတ်နေ၍လမ်းမှာ အချိန်က ကြာနေသေး၏။ ပြောထားသည့်အခန်းနံပါတ်ရှေ့ရောက်တာနဲ့ တံခါးကို ဖွင့်ဝင်ရင်း မျက်လုံးများကလည်း အိန်ဂျယ်လ်ရှိရာဆီသို့ အလျင်အမြန်ရွေ့လျားသွားရစဥ်...မျက်နှာလေးလှမ်းမြင်လိုက်တော့မှ စိတ်အေးသွားရကာ...


""အိန်ဂျယ်လ်""


မြင်လိုက်ရသည့် မြင်ကွင်းက ရင်မှာ နင့်သည်းဆို့နင့်သွားစေ၍...နှုတ်ဖျားမှ ခေါ်လိုက်သံက မကျယ်ပေမယ့် တိုးလျခြင်းလည်း မမည်ပါ။ လူနာကုတင်ထက် ထိုင်လျက်လေးရှိနေကာ ဘေးမှာရပ်နေသော အစ်မနေခြည်ရဲ့ ရင်ခွင်ထဲ အားကိုးတကြီးဖက်တွယ်ရင်း ကလေးလေးသဖွယ် ရှိုက်ငိုနေတာက သူ၏ ချစ်ရသူ မိန်းကလေး။ မျက်နှာကွယ်နေ၍ မမြင်ရသေးသော်လည်း ခြေကျင်းဝတ်နဲ့ တံတောင်ဆစ်တို့မှာတော့ ပတ်တီးဖြူဖြူတို့ကအဖွေးသားပင်။ ထိုဒဏ်ရာတွေကို မြင်လိုက်ရချိန်... သူ့ရင်ဘတ်ထဲမှာလည်း ဆို့နင့်ကြေကွဲသွားကာ တဆစ်ဆစ် နာကျင်မှုက နင့်နင့်သည်းသည်း။


အိန်ဂျယ်လ် ဒဏ်ရာတွေ မကြာခဏ ရဖူးပါတယ်။ မျက်ရည်တွေလည်း ကျခဲ့ဖူးတယ်။ သို့ပေမယ့် အဲ့ဒီအရာတွေကို ကိုယ်က ဖန်တီးခဲ့သူမဟုတ်ပဲ ကုစားပေးခဲ့သူလေ။ အခုတော့...သူကိုယ်တိုင်ကြောင့် အိန်ဂျယ့်လ်ကို ဒဏ်ရာရစေမိပြီပဲ။ ပူလောင်သောအတွေးတို့က သူမဆီ လှမ်းမယ့် ခြေလှမ်းကိုတောင် ရှေ့ဆက်ဖို့ အင်အားမဲ့သွားစေသည့်နှယ်မို့ သူ အခန်းဝမှာတင် အသက်မဲ့သူပမာ ဒီအတိုင်းရပ် ငေးကြည့်နေမိစဥ်...


""အလင်း...ရောက်လာပြီလား?

အိန်ဂျယ်လ်..ညီမလေး..ဟိုမှာ ကိုကိုလာပြီ

စကားပြောကြဦး""


အစ်မက အလိုက်သိစွာ ရှောင်ပေးရန်ပြင်ပေမယ့် အိန်ဂျယ်လ်က လက်ကိုအတင်းဆွဲထားကာ မသွားစေလိုသော အမူအရာကိုပြနေလေ၏။ ဒီကလူကိုတော့ တစ်ချက်မှတောင် လှမ်းကြည့်မလာသည့်အပြင် ခေါင်းကိုပါ မဖော်စတမ်း ငုံ့ချထားလေတော့ သူလည်း အစ်မကို မသွားဖို့ အမူအရာပြလိုက်ပြီး အငိုမတိတ်သေးသော ကလေးဆီသို့လျှောက်သွားကာ အနားမှာဝင်ထိုင်လိုက်ရင်း...


""အိန်ဂျယ်လ်...အများကြီးထိခိုက်မိသွားလား

ကိုယ့်ကို ပြပါဦး""


ငုံ့ထားသည့် မျက်နှာလေးကို လိုက်ကြည့်ရင်း မေးမိတော့ ခေါင်းလေးခါပြရုံသာ။


""ကားနဲ့တော့မတိုက်မိဘူး...ပွတ်ဆွဲမိတဲ့အရှိန်ကြောင့် လဲကျသွားတာတဲ့! ကားမောင်းတာက မိန်းကလေးမို့ တော်သေးတယ်... အစ်မ သူနဲ့လည်းစကားပြော ညှိနှိုင်းပြီးပါပြီ...အိန်ဂျယ်လ်က အစ်မဖုန်းနံပါတ်ကို မှတ်မိနေတာ ကံကောင်းတယ်...ဆရာဝန်ကပြောတယ် ဒဏ်ရာသိပ်မပြင်းလို့ အခုအိမ်ပြန်ခေါ်သွားလို့ရပြီတဲ့""


ဘေးလူကပဲ အားလုံးကိုဝင်ရှင်းပြသွားတာကို နားထောင်ရင်း သူမ ပါးလေးကို ဖွဖွလှမ်းကိုင်လျက် မျက်နှာလေးကို ဖြေးညင်းစွာ ဆွဲမော့ယူ ကြည့်တော့ ပွန်းရှဒဏ်ရာတွေ ရှိနေသည့် မျက်နှာလေးနဲ့ ထိုဒဏ်ရာပေါ်မှ မျက်ရည်စီးကြောင်းတို့က နှလုံးသားကို တစ်စစီဆုတ်ခြွေလိုက်သလိုပင်။


""ကိုကို တောင်းပန်ပါတယ်

မင်းကို အဲ့လိုဒေါသမထွက်ခဲ့သင့်ဘူး...ကိုကိုမှားပါတယ်..ခွင့်လွှတ်ပေးပါ ကလေးရယ်""


"".....""


ပြောလိုက်မှပဲ မျက်ရည်မိုးက ပိုသည်းလာသဖြင့် သူ့မှာ ပြောစရာစကားတွေတောင် ပျောက်ရှရင်း သူမကိုပဲ ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်တော့ ဇွတ်အတင်းရုန်းထွက်လေ၏။ ပြီးတော့ မျက်ရည်တွေ ပြည့်အိုင်နေသည့် မျက်ဝန်းတို့ဖြင့် သူ့ထံ မော့ကြည့်လာကာ...


"" ရတယ်...တောင်းပန်စရာမလိုပါဘူး မမပြောပြလို့ အိန်ဂျယ်လ် အားလုံးသိပြီးပြီ...အဲ့ဒါ ကိုကိုသိပ်ချစ်ခဲ့တဲ့ မိန်းကလေးအတွက် ရည်ရွယ်ထားခဲ့တာ မဟုတ်လား...အိန်ဂျယ်လ်မသိလို့ ယူကြည့်လိုက်မိတာ..မှားသွားတယ်..တောင်းပန်ပါတယ်""


""မဟုတ်ဘူး..မင်းအမှားမဟုတ်ပါဘူး..ကိုကိုက...""


""မမ!

အိန်ဂျယ်လ် အိမ်ပြန်ချင်ပြီ""


စကားကိုဆက်နားမထောင်တော့ဘဲ ကုတင်ပေါ်မှ ဆင်းကာ ထောနဲ့နဲ့ခြေလှမ်းတို့ဖြင့် အခန်းဝဘက် ဦးတည်လိုက်လေ၏။ အထင်တလွဲ ပြောဆို ငိုယိုနေတဲ့ ကလေးကို ဒီအတိုင်းလွှတ်ပေးလို့မရတာကြောင့် သူ နေရာမှ ချက်ချင်းထရပ်ကာ သူမအရှေ့က ပိတ်ရပ်လိုက်ရင်း...


""အိန်ဂျယ်လ်..ခဏလေး

ကိုကို တောင်းပန်ပါတယ်...ရုတ်တရက်မို့ ကိုယ်ဒေါသထွက်မိသွားတယ်...ဒါပေမယ့် အဲ့ဒီကိစ္စတွေကို မေ့ပစ်လိုက်တာကြာပါပြီ..ကိုယ့်ကိုယုံပေးပါကွာ""


မေ့ပစ်လိုက်ပြီတဲ့လား? ကိုကို ညာနေတာပါ။ အခုချိန်ထိ လွှတ်မချနိုင်သေးလို့သာ ဒီအမှတ်တရတွေကို သိမ်းထားတာမဟုတ်လား။ တခဏလေးထိကိုင်ကြည့်ရုံနဲ့တောင် ဒေါသတွေထွက်နေခဲ့တာ... သူက အိန်ဂျယ်လ့်ထက်ပိုအရေးကြီးနေလို့ မဟုတ်လား? ကိုကို့ရင်ထဲမှာ ဒီလောက်တောင် ချစ်ရတဲ့သူရှိခဲ့ဖူးတယ်ပေါ့...။ဝမ်းနည်းစိတ်တွေကြောင့် ပါးပြင်ပေါ်မှာလည်း မျက်ရည်အိုင်က မခမ်းနိုင်ခဲ့။ တောင်းပန်စကားတို့ကို ကြားနေပေမယ့် ဒေါသတကြီးစိုက်ကြည့်ခဲ့သော စိမ်းသက်သက်မျက်ဝန်းတို့ကို မြင်ယောင်နေဆဲ...။


""ကလေး...ကိုယ့်ကိုကြည့်ပါဦး""


""ဟင့်အင်း! မကြည့်ဘူး...စိတ်ဆိုးတယ်

အိန်ဂျယ်လ် ကိုကို့ကိုမချစ်တော့ဘူး""


ထိုစကားကိုပြောပြီး သူ့ရှေ့မှထွက်သွားရန်ပြင်နေသည့် ကလေးကို ဘာတစ်ခွန်းမှ ချေပစကားမဆိုမိတော့ဘဲ ခန္ဓာကိုယ်လေးတစ်ခုလုံးကို ရင်ခွင်ထဲမြုပ်ဝင်အောင် သိမ်းဖက်ထားလိုက်ရင်း စကားမဆိုဖြစ်သော နှုတ်ခမ်းတို့က တစ်စုံတစ်ရာသော နှလုံးသားအလိုကို ခွင့်ပြုမိလေတော့...


""အွန့်!""


ငိုနေရင်းမှပင် ရှိသမျှအားနဲ့ အော်ပြောလိုက်သည့်စကားအဆုံး၌ ဒဏ်ရာရှိမနေသည့် လက်ကိုအရှိန်ဖြင့် ဖမ်းဆွဲခံလိုက်ရခြင်းနဲ့အတူ ရုတ်တရက်ပဲ ရင်ခွင်ကျယ်ထဲသို့ ပစ်ဝင်သွားရကာ နှုတ်ခမ်းပေါ်၌လည်း ပူနွေးနွေးခံစားချက်တစ်ခုက ထိကပ်လျက်။ ထင်မှတ်မထားသော အပြုအမူကြောင့် မျက်လုံးတို့ ဝိုင်းသွားကာ သူ့ရင်ဘတ်ကို လက်လေးနဲ့ တွန်းဖယ်ကြည့်သော်လည်း ပိုလို့ပင် တင်းကျပ်စွာ ထွေးဖက်ခြင်းခံလိုက်ရတာကြောင့် ရုန်းမထွက်နိုင်ပေ။ ရင်ထဲမှာလည်း အသည်းအိမ်တစ်ခုလုံး အရည်ပျော်နေသလိုလို...လူက လေထဲပဲရောက်နေသလိုလိုနဲ့ ဆောက်တည်ရာမရသည့်ခံစားချက်က အမြင့်တစ်နေရာမှ လွင့်ကျလာသည့်ပမာ...ဘယ်လိုအမည်ဖော်ရမည်ပင် မသိ။


အမည်ဖော်ရန်ခက်ခဲသော ခံစားချက်တို့ကို လိုက်လံဖမ်းဆုပ်နေရင်း...အခန်းဆက်ရှည်ကြာနေသည့် အနမ်းတို့ကလည်း နှုတ်ခမ်းဖူးလေး အနှံ့လှည့်ပတ်ပြေးလွှားနေသည့် ခဏတာမှာ ရူးသွပ်သွားလောက်စေသည့် ရင်ခုန်သံခပ်ကြမ်းကြမ်းတို့ကလည်း ခိုဝင်ရောက်ရှိနေခဲ့ပါ၏။


"".....""


'မချစ်ဘူး'လို့ပြောသည်မှာ စိတ်ဆိုး၍မှန်းသိသော်လည်း စကားအဖြစ်တောင် ကြားနိုင်စွမ်းမရှိခဲ့သော နှလုံးသားက ဒီကလေးရှေ့ အကြိမ်ကြိမ်ရှုံးနိမ့်ရပါသည်။ ဒီစကားတစ်ခွန်းကြားရုံနဲ့ ရင်ထဲက မခံရပ်နိုင်စွာ ပတ်ဝန်းကျင်ကိုတောင် မေ့လျော့သွားပြီး နှလုံးသားရဲ့ အလိုအတိုင်း ရှေ့ဆက်မိသော တဇွတ်ထိုးဆန်မှုကို သူ ထိန်းချုပ်မထားမိတော့ပေ။အမြတ်တနိုးငေးကြည့်ရင်း အကြိမ်ကြိမ်ရင်ခုန်ခဲ့ဖူးသော နှုတ်ခမ်းနုနုလေးကို ဒီတစ်ကြိမ်တော့ တကယ်ပဲ သိမ်းပိုက်ခဲ့ပါသည်။ နူးညံ့လွန်းတဲ့ နှုတ်ခမ်းလွှာလေးတွေကို ထိတွေ့မိသည့် ခဏ၌ ချိုမြိန်နွေးထွေးမှုလှိုင်းတို့က ရင်ထဲ တရိပ်ရိပ်စီးဆင်းကာ ယစ်မူးပျော်ဝင်မိသူမှာလည်း အသက်ရှူနှုန်းတို့ပင် မှားယွင်းနေသလိုပါ။


""အဟမ်း! ဒီမှာ နင့်အစ်မ ငါရှိသေးတယ်လေ အလင်း..တော်ပြီ တော်ပြီ နင့်ဘာသာစိတ်ကြိုက်ချော့တော့ ငါ...ဆေးရုံဆင်းဖို့သွားလုပ်ထားမယ်""


အသံကြားသည်နှင့် သူ့ရင်ဘတ်ကို အားသေးသေးလေးနဲ့ တွန်းကာ ရုန်းနေတာကြောင့် ဖက်ထားသည့် လက်တို့ကို ဖြေလျော့ပေးရင်း အနမ်းတို့ကိုလည်း ဖယ်ခွာပေးလိုက်ပါ၏။ အစ်မကတော့ ပြုံးစစဖြင့် ပြောကာ အခန်းပြင်ထွက်သွားလေပြီ။ ရင်ခွင်ထဲက ကလေးကို ပြန်ငုံ့ကြည့်တော့ ပါးပြင်နှစ်ဖက်ရဲရဲနီကာ အရှက်သည်းနေပုံက ချစ်စဖွယ် စတော်ဘယ်ရီသီးလေး ကဲ့သို့ပင်။


သူလည်း အသည်းယားစွာပင် ထိုပါးနီနီလေးကိုပါ ဖျတ်ခနဲငုံ့နမ်းလိုက်ပြီး...


""စတော်ဘယ်ရီလေး...ကိုကို့ကိုစိတ်မဆိုးပါနဲ့တော့ကွာ...နော်""


""ပြန်တော့မယ်""


လူကိုမော့မကြည့်ဘဲ ပြောချင်ရာပြောပြီးတာနဲ့ ရှေ့က ထွက်သွားပြန်သည်။ အခုချိန်ထိ စိတ်ဆိုးပြေတယ် မပြောသေးတဲ့ကလေးကို ထပ်ပြီး ရှင်းပြစရာတွေရှိဦးမှာပါ။ သို့ပေမယ့် လက်ရှိတွင်တော့ ရှေ့က မလှမ်းမကမ်းမှာ တရွေ့ရွေ့သွားနေသည့် စိတ်ကောက်babyလေးနောက်သို့ အမီလိုက်ရင်း သူမ ကိုယ်လေးကို ဆတ်ခနဲပွေ့ချီကာ ဆက်လျှောက်လာခဲ့၏။


Car parkingရောက်တော့ ကားထဲထည့်ရန် တံခါးကိုဖွင့်လိုက်စဥ် လက်လေးက သူ့အင်္ကျီရင်ဘတ်ကို တလှုပ်လှုပ်နဲ့လာဆွဲပြန်ရင်း...


""ဘာလို့ ရှင့်ကားလဲ

မမနဲ့ပြန်ရမှာလေ""


""ဘယ်သူနဲ့ပြန်ပြန်အိမ်ရောက်ရင်ပြီးရောပေါ့""


""ဟင့်! ဒါဆိုလည်း အနောက်မှာပဲထိုင်မှာ""


""ဟုတ်ပါပြီ..မင်းလေးသဘော""


သူမ ပြောသည့်အတိုင်း ကားနောက်ခန်းမှာပဲ ထိုင်စေလိုက်ပြီး ကားကိုမောင်းထွက်လာခဲ့၏။ ဦးတည်ရာကိုလည်း တွေးနှင့်ပြီးဖြစ်သလို...ပြင်ဆင်ရန် မရှိသည့် ဆုံးဖြတ်ချက်ကတော့ အိန်ဂျယ့်လ်ကို သူ့ရဲ့ အဝေးမှာမထားချင်တော့ပြီ။


~~~~~~~~


ခြံထဲကားရပ်ပြီးတော့ ကားနောက်ခန်းထဲ အိပ်ပျော်နေသည့် ကလေးကို ပွေ့ချီခေါ်ထုတ်ကာ အခန်းထဲ သိပ်ထားခဲ့ပြီးမှ အောက်ထပ်ပြန်ဆင်းလာခဲ့သည်။ အစ်မနေခြည်ကိုတော့ အသိပေးစရာကိစ္စအတွက် သူ မပြန်ခိုင်းသေးတာပါ။


""ကဲ! ပြောပါဦး

ဘာလို့ နင့်အိမ်လိုက်လာခိုင်းတာလဲ? ကလေးကအိပ်တောင်ပျော်နေပြီ""


""သူ့ကို ပြန်မလွှတ်တော့ဘူး

ကျွန်တော်ခေါ်ထားမယ်""


""ဟင်...အလင်း နင်တကယ်ပြောနေတာလား?""


""ဟုတ်တယ်..""


""ဒါပေမယ့်...အခု နင့်အခြေအနေတွေကရှုပ်ထွေးနေတာနော်..ဟိုနေ့က shootingမှာဖြစ်တဲ့ပြသာနာ နင့်fanတွေဆီမှာပြန့်သွားတယ်..socialမှာလည်း မိန်းကလေးပြသာနာကြောင့်ဖြစ်တာဆိုပြီး သတင်းတွေတက်နေတာ...နောက်နှစ်ရက်ဆိုAgencyဘက်ကစီစဥ်ထားတဲ့ စာနယ်ဇင်းရှင်းလင်းပွဲရောက်တော့မှာလေ..နင် အိန်ဂျယ်လ်နဲ့တစ်အိမ်တည်းအတူနေရင် ဒီသတင်းတွေကို အတည်ပြုလိုက်သလိုဖြစ်မှာ""


""အဲ့ဒီပြသာနာက ကျွန်တော့် ပျက်ကွက်မှုပဲလေ

ဖြေရှင်းရမှာပေါ့...သဘာဝကျပါတယ်..အိန်ဂျယ့်လ်ကိစ္စနဲ့က သပ်သပ်စီပါ""


""တကယ်ဆို ညှိနှိုင်းခဲ့သင့်တာ အလင်း

ငါ သိတဲ့ နင်က...အရင် ဒီလိုမဟုတ်ပါဘူး...အိန်ဂျယ့်လ်ကြောင့် နင်ပြောင်းလဲသွားတာပဲ""


""ဟုတ်တယ်...အဲ့လိုပဲထင်တယ်..အခုကျွန်တော်ဆုံးဖြတ်ပြီးပြီ...မနက်ဖြန်ကျ သူ့ပစ္စည်းတွေ ဒီကိုလာပို့ပေး""


""ဟင်း!! ပြောမရလည်း သဘောပဲဟေ့..ရှင်းရမှာတွေများတယ်...ဒါဆိုလည်း အစ်မပြန်တော့မယ်""


""ခဏ! မပြန်ခင် သူ့အဝတ်အစားကို တစ်ချက်လောက် လဲပေးသွား..ကျွန်တော့်အင်္ကျီထဲက အဆင်ပြေတာသုံးလိုက်...သူ့အဝတ်တွေ ပေနေလို့""


""အင်း..အင်း!""


~~~~~~


အစ်မပြန်သွားတော့မှ အိမ်တံခါးပိတ်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အိန်ဂျယ်လ်က သူ့အခန်းမှာပဲ အိပ်နေခြင်းမို့ ကုတင်နားလေးသွားကာ စောင် သေချာခြုံပေးပြီးမှ သူလည်း ရေချိုးအဝတ်အစားလဲသည့်အလုပ်ကိုလုပ်၍ သူမ အနားလေး ဝင်လှဲအိပ်လိုက်၏။ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေပါပြီ။ ဒီနေ့က နှစ်ယောက်သား လျှောက်လည်ဖို့စီစဥ်ထားပေမယ့် ရင်ထိတ်စရာ အခြေအနေတွေဖြစ်သွားခဲ့ရတာပဲ။


!တောင်းပန်ပါတယ်

ဒီနေ့ ကိုကို့ကြောင့် အများကြီးငိုခဲ့ရတဲ့ မျက်ရည်တွေအတွက် ကိုယ်တကယ်တောင်းပန်တယ်နော်... ကလေးလေး!


နားရွက်ဖျားလေးသို့ ကပ်ကာ ခပ်တိုးတိုးပြောလိုက်ပေမယ့် တစ်ချက်မှတောင်လှုပ်မလာသည့် သူမကြောင့် နှုတ်ခမ်းတို့က ပြုံးမိပြန်သည်။ ပြီးတော့ ကိုယ်ပေါ်က လျော့ကျနေသည့် စောင်လေးကို လုံအောင်ပြန်ဆွဲခြုံပေးလိုက်ပြီး သူမကိုတော့ စောင်ထုပ်လေးနဲ့ရောထွေးကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်ရင်း အနီးကပ်မြင်နေရသည့် မျက်နှာလေးကို အားမနာတမ်း ငေးစိုက်ကြည့်နေမိ၏။


!အိပ်ပျော်နေတာကအစ ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေး...!


နဖူးပေါ်က ဆံနွယ်စလေးတွေကို အသာအယာသပ်တင်ပေး၍ မျက်နှာလေးကိုငေးကြည့်နေရင်းကပင် အလိုလိုတိမ်းညွတ်မိသည့် နှလုံးသားခေါ်ဆောင်ရာနောက် အနမ်းနွေးနွေးတို့ကို ညင်သာစွာဖြန့်ခင်းလိုက်ပြန်သည်။ နဖူးပြေပြေလေးမှ စသည့်ခရီးက နှာတံစင်းစင်းလေး တစ်လျှောက်ကျော်လွန်ကာ နမ်းနေကျ ပါးပြင်လေးနှစ်ဖက်ကိုတော့ မကျန်လပ်စေဘဲ နှုတ်ခမ်းဖူးလေးသို့ အရောက်မှာ ရပ်တန့်ထားပြီး သေချာလေးစိုက်ကြည့်နေမိ၏။ နှုတ်ခမ်းလေးကတော့ သူဒီနေ့မှ စနမ်းဖူးခဲ့တာလေ...။ဒီနှုတ်ခမ်းလေးပေါ်မှာ ယစ်မူးမိတာ အနည်းငယ်ကြာသွားခဲ့၍ သွေးခြည်ဥသလို ခပ်ရဲရဲဖြစ်နေသည့် အရာလေးကိုတွေ့မိတော့ တဖြေးဖြေးတိုးကပ်သွားမိသည့် အနမ်းတို့က ထိုဧရိယာကို သက်ညှာစွာသွေဖယ်ရင်း နှုတ်ခမ်းအောက်က မေးဖျားလေး၌သာ အဆုံးသတ်သွားရ၏။


ကိုယ် နားလည်ပြီ အိန်ဂျယ်လ်။ လက်ရှိ မင်းအပေါ်ထားတဲ့ ခံစားချက်က အရင်တစ်ချိန်က အချစ်လို့ကိုယ်ထင်ခဲ့ဖူးတဲ့ ခံစားချက်နဲ့ ဘာကြောင့်ကွဲပြားနေခဲ့သလဲဆိုတာ ကိုယ် အခုသိပြီထင်တယ်။ ဒီနေ့ မင်းကိုယ့်ဆီက ပျောက်သွားတော့ ရင်ထဲ ကမ္ဘာပျက်ခဲ့ရတဲ့ ခံစားချက်က တကယ့်ကို ရူးလောက်တယ်။ မင်းကို အရာအားလုံးထက် ပိုချစ်တယ် အိန်ဂျယ်လ်...။ ကိုယ်သိခဲ့ဖူးသမျှ...ချစ်ခဲ့ဖူးသမျှ အရာရာထက် ပိုချစ်တယ်။


ဒါကြောင့် မင်း ကိုယ့်ဆီကနေ ခဏလေးတောင်ပျောက်ကွယ်မသွားပါနဲ့...။ မင်းကို ဘယ်သူကမှလာပြီး လုမယူနိုင်အောင် ကိုယ့်ရင်ခွင်ထဲမှာပဲသိမ်းထားချင်တယ်...။ကိုယ်ကတော့ အတ္တသမားကြီးဖြစ်နေပြီထင်ပါရဲ့...။


အတွေးတွေ ရှည်လျားနေသမျှမှာ ရင်ခွင်ထဲက ကောင်မလေးကတော့ မျက်ဝန်းတို့မှိတ်ယှက် အိပ်စက်ရင်း ငြိမ်သက်စွာပဲအဖော်ပြုနေပါ၏။ သူလည်း အတွေးတို့ကို ရပ်တန့်ကာ စောင်ထုပ်လေးကို ခပ်တင်းတင်း ပွေ့ပိုက်ထားရင်း မျက်လုံးတို့ကိုမှိတ်ချလိုက်မိသည်။


!မင်းကို သိပ်ချစ်တယ် အိန်ဂျယ်လ်

ကျေးဇူးပြုပြီး မင်း နိုးလာတဲ့အခါ ကိုယ့်ကို စိတ်ဆိုးပြေပေးပါတော့နော်!


~~~~~~~~


ရောင်စုံမီးတွေ တဖျတ်ဖျတ်လတ်နေသည့် အောက်၌လူတစ်ချို့စုဝေးကခုန်နေကြ၏။ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ပြင်ဆင်ထားသည့် ပါတီပွဲက လွတ်လွတ်လပ်လပ်ရှိကာ ကျယ်ဝန်းလှသည့်ခြံကြီးထဲ လူတွေကလည်းအများသားပင်။


လူကုံထံ အသိုင်းအဝိုင်းက သူဌေး သားသမီးတွေချည်းမို့ အချင်းချင်း brandedတွေ ယှဥ်ပြိုင်ကြတာ ဘယ်သူ ဘာကားစီးနိုင်သည်က အစ။ သူတို့ကြားထဲ ထင်ပေါ်ချင်ရင် ချမ်းသာသည်ထက် ပိုချမ်းသာသော ဘဝမျိုးနဲ့မှ အဆင်ပြေနိုင်မည်သာ။


""လေညှင်း ရောက်နေတာကြာပြီလား?

နင် မိုက်တယ်ဟာ..အရမ်းလှတာပဲ""


""thank you!""


"" နင်ကတော့ ငါတို့ထဲမှာ အချောဆုံး အတော်ဆုံး အချမ်းသာဆုံးပဲ...နင်ကမွေးစားသမီးဆိုပေမယ့် အရမ်းဦးစားပေးခံရတယ်နော် ကံကောင်းလိုက်တာ""


""သြော်..သမီးအရင်းဆိုတဲ့ဟာလေးက ဒုက္ခိတပဲလေ..ဘာအားကိုးလို့ရမှာလဲ""


လူရှေ့ရောက်တိုင်း တမင်ကိုနှိမ်ပြောပစ်တတ်တာ အကျင့်တစ်ခုလို စွဲနေတော့ ပြောမိပြန်၏။ ဒါနဲ့အခုအဲ့ဒီဟာမက ဘယ်သောင်မှာသွားတင်နေတယ်မသိ။ အခုဆို ပျောက်နေတာ သုံးလနီးပါးရှိပြီ။ ဒီလိုနဲ့ သူ့အသက်၂၀ပြည့်တဲ့အထိပြန်ပေါ်မလာသေးရင် အမွေလွှဲယူရမယ့် ကိစ္စတွေအကုန်ကြန့်ကြာကုန်တော့မှာပဲ။ မေမေကလည်း သူ့လျှို့ဝှက်ချက်ပေါ်ပေါက်မည်စိုး၍ သက်ဆိုင်ရာနဲ့အလုပ်မလုပ်ပေ။ နောက်ကွယ်က လူတွေသာ စေလွှတ်၍ တစ်မြို့လုံးအနှံ့ပိုက်စိပ်တိုက်ရှာနေပေမယ့် ဒီလောက်ကြာအောင် အစအနပေါ်မလာပုံထောက်...ဒီမြို့မှာမရှိတော့တာလား။ သို့မဟုတ်...တစ်နေရာမှာ သေသွားပြီလား။


မုန်းမဖွဲ့ပျောက်နေတဲ့ ကိစ္စကြောင့် လေညှင်းလည်းတော်တော်ခေါင်းကိုက်ရပါသည်။ အဓိကကတော့ အမြဲတမ်း သံသယမျက်လုံးနဲ့ကြည့်တတ်သည့် စစ်ရန်မခ။ သူက အတင်းအကျပ်လုပ်လာပြီး သတိထားမိသွားနိုင်သည်။ ခက်လိုက်တာနော်!!


""ဟယ်...အဲ့လိုဆိုစိတ်ညစ်သွားပြီ

အလင်းက တကယ်ကောင်မလေးရသွားတာလား..ဟိုတလောက သတင်းတွေထွက်တာအမှန်ပဲပေါ့""


""ဖြစ်နိုင်တယ်..သူက အခုနောက်ပိုင်း အရမ်းအနေတည်သွားတာ..ဘယ်လိုမိန်းကလေးကများ သူ့နှလုံးသားကိုပိုင်သွားတာလဲမသိဘူး""


လေညှင်းတစ်ယောက်ထဲ အတွေးတွေများနေစဥ် ဘေးနားက သူငယ်ချင်းနှစ်ယောက်အသံကြားမှသတိဝင်လာရသည်။ ပါတီထဲဆူညံနေပေမယ့် လေညှင်းတို့စားပွဲက musicသံတွေနဲ့ အနည်းငယ်လှမ်းတာကြောင့် စကားသံတို့ကိုပီပြင်စွာကြားရသည်။ သို့သော် လေညှင်းကတော့ အချိန်ပြည့် အမွေကိစ္စကိုသာစဥ်းစားနေ၍ ဘေးစကားများကိုလည်း သိပ်ဂရုမစိုက်မပေ။


""ကုန်ပါပြီဟယ်..fan girl lifeဆိုတာဒီလိုပါပဲ ဟူး""


""အဲ့ကောင်မလေးနဲ့ မင်းသမီးနဲ့ရန်ဖြစ်တဲ့ပြသာနာမှာ အလင်းက ဒေါသတကြီးနဲ့ရိုက်ကွင်းတစ်ခုလုံးဖျက်ပစ်တာတဲ့...အဲ့ကိစ္စကြောင့် စာနယ်ဇင်းရှင်းလင်းပွဲလုပ်မှာ""


""ကဲ! နင်တို့တွေ ပါတီလာပြီး အဲ့ဒါတွေပဲပြောနေမှာလား""


""သြော်..လေညှင်းရယ် ငါတို့က အလင်းနှစ်ရဲ့fan girlတွေလေဟာ...ဒီမှာ သူရည်းစားရတယ်ဆိုပြီး သတင်းတက်လာလို့ လောင်မြိုက်နေတာ""


""ဒီမှာဟဲ့...ကောင်မလေးပုံပါတယ်

အဲ့ကောင်မလေးမလား""


""ဟုတ်လား..ပြစမ်း!""


လေညှင်းလည်း လက်ထဲက သောက်လက်စဝိုင်ခွက်လေးကို ဖြေးညှင်းစွာ လှုပ်ရမ်းရင်း မော့သောက်လိုက်ပြီး ဘာရယ်တော့ မဟုတ်ပေမယ့် သူတို့အသည်းအသန် ပြူးကြည့်နေသည့် ဖုန်းscreenပေါ်သို့ အကြည့်ရောက်သွားရ၏။ ထိုစဥ် screenပေါ်၌လှမ်းတွေ့နေရသော မိန်းကလေးသည်...


(ဘယ်သူတဲ့တုန်း!အိမ်ပြေးလေးကို တွေ့သွားပြီထင်တယ်...ကိုကို့ဆီကလာဆွဲခေါ်ကြတော့မယ်...ဘယ်လိုကာကွယ်မလဲပေါ့နော့) 


See less


rate now: