book

Index 1

Part-[ 1 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁

••••••••••• Part-[ 1 ] ••••••••••••

""🎶🎶🎶🎶🎶🎶🎶🎶🎶""

တိတ်ဆိတ်ခြင်းတို့ လွှမ်းခြုံနေသော ညခင်းအလယ်တွင် ဂစ်တာသံလေးက ငြိမ့်ညောင်းစွာ ပျံ့လွင့်နေ၏။ သံစဥ်ကို တီးခတ်နေသူရဲ့ မျက်နှာထက်မှာတော့ ဆွေးမြေ့ခြင်း နဲ့ လွမ်းဆွတ်တမ်းတခြင်းသရုပ်သဏ္ဌာန်က ပေါ်လွင်နေသလို သူ သီဆိုနေသည့် သီချင်းသံဟာလည်း လွမ်းမောဖွယ်ပင်။ အတိအကျ ဆိုရရင် သူဟာတကယ်လည်းတစ်စုံတစ်ယောက်ကို တမ်းတနေခြင်းပါ။ သို့သော် ကိုယ်မပိုင်သည့် လွမ်းဆွေးခြင်း...ကိုယ်မပိုင်သည့် တမ်းတခြင်းမျိုးပေါ့...။

""ဟင်း!!""

သီချင်းသံရဲ့ အဆုံးမှာ သက်ပြင်းချသံငွေ့ငွေ့နဲ့အတူ ဂစ်တာသံလေး ရပ်တန့်သွားပြီး အကြည့်တို့က ကောင်းကင်ဆီသို့ ရောက်ရှိသွားပြန်သည်။ သူ နေထိုင်ရာ ဒီကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းမှာ သိပ်ချစ်ခဲ့ရတဲ့ ဖြစ်တည်မှုလေးတစ်ခု ရှိနေပါရဲ့ ...။

၄နှစ်...။ မင်း အဝေးကြီးကိုထွက်သွားခဲ့တာ ၄နှစ်တောင် ကြာခဲ့ပြီပဲ....

""ဖွဲ့လေး...အခုအချိန်ဆို မင်းချစ်ရတဲ့သူ ရင်ခွင်မှာ သိပ်ပျော်နေမှာပဲနော်""

တိုးလျလျစကားသံလေးနဲ့ဆိုမိခြင်းကို ဘယ်သူမှတော့ ကြားနိုင်မည်မဟုတ်ပေ။ ငယ်စဥ်ကတည်းက မိဘဆိုတာ ဘာမှန်းမသိခဲ့တဲ့ဘဝမှာ တွယ်တာခြင်းသံယောဇဥ်ဆိုတာလည်း မသိခဲ့သူမို့ ပထမဆုံးအချစ်ဦးကို ရူးလောက်အောင် စွဲလမ်းခဲ့ဖူးသည်။ ကိုယ်ဟာ သူမအတွက် အပြစ်ရှိသူဖြစ်နေခဲ့ရသော်လည်း အသက်ပါ ပေးဆပ်ဖို့အထိရည်ရွယ်ခဲ့ဖူးတဲ့ ထိုချစ်ခြင်းရဲ့အဆုံးသတ်ဟာ စွန့်လွှတ်ခြင်းသာ ဖြစ်နေခဲ့တော့ အသည်းကွဲတယ်လို့တောင် ခေါင်းစဥ်မတပ်ဝံ့ခဲ့ပါဘူးလေ။ အစကတည်းက 'နှောင်ဖွဲ့ကြိုး'ဆိုတဲ့ မိန်းကလေးက ပိုင်ဆိုင်သူ နှလုံးသားရှိနှင့်ပြီးပြီပဲ မဟုတ်လား?

သူမ ဒီနိုင်ငံကနေ ထွက်သွားမယ့်နေ့မှာ 'အလင်းနှစ်'ဆိုတဲ့ ဒီလူသားကတော့ အဝေးတစ်နေရာကနေသာ ငေးကြည့်ခဲ့ရတဲ့အဖြစ်...။ ထပ်လည်းမတွေ့ဝံ့ခဲ့တာဆိုရင် ပိုမှန်မှာပါ...။ကိုယ်က အဲ့ဒီ့မိန်းကလေးအပေါ်မှာ အပြစ်တွေများခဲ့တယ်...မရိုးသားစွာချဥ်းကပ်ခဲ့တယ်...ဒုက္ခပေးဖို့ရည်ရွယ်ပြီး လျှောက်သွားခဲ့တဲ့လမ်းမှာ ဘယ်လိုပဲနှလုံးသားတစ်ခုလုံး ကျရှုံးသွားခဲ့သည်ဆိုပါစေ...အပြစ်ဟာ အပြစ်ပါပဲ။

'ခွင့်လွှတ်ပါတယ် ကိုကို'လို့ ပြောသွားခဲ့တဲ့ စကားသံလေးက လူကိုပိုလို့ပင် အကျဥ်းကျစေခဲ့သလိုပါ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ မင်း ချစ်တဲ့သူနဲ့ပျော်ရွှင်စွာပေါင်းဖက်ခွင့် ရသွားတဲ့အတွက် ကိုကိုကျေနပ်ပါတယ် ညီမလေး...။ မင်း ပျော်နေမှာပါ။

'တည်မြဲဂုဏ်'ကိုလည်း 'အလင်း'တကယ်ကိုလေးစားမိတာအမှန်ပါ။ အချစ်ကြောင့် အရာရာကို စွန့်လွှတ်နိုင်တယ်...ချစ်ရသူလက်ကိုတွဲလို့ အားလုံးကိုကျောခိုင်းပြီး ထွက်သွားခဲ့တယ်။ သူဟာ တကယ်ပဲ ဖွဲ့ကို အာလုံးထက်ပိုချစ်နိုင်သူပါ။ ဒါကြောင့်လည်း ဖွဲ့လေး လူရွေးမမှားခဲ့ဘူးလို့ စိတ်ချနိုင်တာပေါ့...။

အခုဆို 'အလင်းနှစ်'ရဲ့ဖြစ်တည်မှုဟာလည်း ရိုးရှင်းတဲ့ သာမန်ဘဝလေးတစ်ခုမျှသာ...။ အနုပညာအလုပ်ကို ဆက်လုပ်ရင်း ခပ်အေးအေးသာနေလာခဲ့ရတာ ဒီ၄နှစ်တာလုံးပါပဲ။ Lionက ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပြီးနောက် ဂိုဏ်းကလည်းပြိုကွဲသွားခဲ့သည်။ အလင်းလည်း အဲ့ဒီလောကကနေ အပြီးအပိုင်ထွက်လာခဲ့ပြီမို့ အရင်လို ဥပဒေနဲ့ငြိစွန်းတဲ့ အလုပ်တွေလည်း လုပ်စရာမလိုတော့ဘဲ မှောင်မိုက်ခဲ့တဲ့ အတိတ်စာမျက်နှာကို ပီပီပြင်ပြင်ပိတ်ဖုံးလိုက်နိုင်ခဲ့တာက ကံကောင်းခြင်းတစ်ခုပါ။သို့ပေမယ့်...

""📲📲📲📲""

စဥ်းစားတွေးတောနေရင်းမှပင် ရုတ်တရက်ဖုန်းဝင်လာသံကြောင့် အတွေးစတို့ပြတ်တောက် သွားရကာ...

""Hello!""

"".......""

""အင်း...အဆင်ပြေပါတယ်""

"".......""

""Scheduleအတိုင်းပဲ...ကျွန်တော့်မန်နေဂျာနဲ့ပြောလိုက်ပါ... နောက်လပြင်ဦးလွင်မှာရိုက်ရမယ့် sceneအတွက် သွားဖို့ရှိသေးလို့""

""......""

""Ok!""

ဖုန်းကို ပိတ်ချလိုက်ပြီးမှ ကောင်းကင်ဆီသို့ပြန်မော့ကြည့်မိသေး၏။ သူ့ဘဝမှာ ပြောင်းလဲသွားတာတစ်ခုတော့ရှိသည်။ အဲ့ဒါကတော့ အရင်လိုမဟုတ်တဲ့ နေထိုင်ပြုမူခြင်းပါပဲ။ ရင်ထဲမှာ တစ်စုံတစ်ခုကို ကြီးကြီးမားမားဆုံးရှုံးလိုက်ရသလို အခုထိ အနည်မထိုင်သေးတဲ့ ခံစားချက်က နှလုံးသားကို အေးခဲစေခဲ့တာလား မပြောတတ်ပေမယ့် လက်ရှိမှာတော့ 'အလင်းနှစ်'က ပရိတ်သတ်တွေရဲ့ပါးစပ်ဖျားမှာ အချေမင်းသားဖြစ်လာခဲ့သည်။ ဒီ၄နှစ်အတွင်း fan girlတွေဆီက ကြားနေကျစကားတစ်ခွန်းက 'ကိုကို အရင်လိုမဟုတ်တော့ဘူး ပြောင်းလဲသွားတယ်'တဲ့။ တချို့ကလည်း ပိုနာမည်ကြီးပြီး အရင်ထက်ပိုအောင်မြင်လာလို့ မာနကြီးသွားတယ်ဆိုတာမျိုးက ပါလာသေး။ သို့သော်လည်း ဘာကိုမှသိပ်ဂရုမထားစွာ ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေခဲ့၏။ အချစ်ကို သတိရမိတဲ့နေ့တွေမှာ လွမ်းတဲ့အကြောင်းတွေကို သီချင်းလေးတွေထဲ ထည့်ရေးဖြစ်ရင်း...လည်ပတ်လာသော နေ့၊ညတွေမှာ အလွမ်းနေ့စွဲတို့သာ အပ်ကြောင်းထပ်နေခဲ့သည်ပေါ့...။

သူများ ရင်ခွင်ထဲက ပန်းပွင့်လေးကို စိတ်နဲ့တောင် မတမ်းတသင့်တော့ပေမယ့် နှလုံးသားကမေ့မရနိုင်သေးသရွေ့တော့ လွမ်းမိဦးမှာပါပဲ။ ဒါဟာ အပြစ်တစ်ခုလို့ဆိုလာခဲ့ရင်လည်း ကိုယ်ကတော့ ကျေကျေနပ်နပ် ပြုံးနေမိမယ်ထင်တယ်...။

ကောင်းကင်ထက်မှာတော့ ကြယ်လေးတွေ တလက်လက်နဲ့ လှပစွာရှိနေပုံမှာ ကတ္တီပါစ ပေါ်၌ စိန်ပွင့်လေးတွေ ဖြန့်ခင်းထားသလိုပင်..။အခုက အချိန်အားဖြင့် ည(11:52)ဆိုတော့ ဒီနိုင်ငံရဲ့ နာရီနဲ့ဆို နောက်ထပ် 8မိနစ်နေရင် မင်းရဲ့မွေးနေ့ရောက်တော့မှာပဲ...။Happy birthdayနော် ညီမလေး...Happy sweet 23ဖြစ်ပါစေ...။

~~~~~🍁🍁🍁🍁🍁~~~~~

""(Happy birthday to you)×3""

""👏👏👏""

""ဖယောင်းတိုင်တွေ မှုတ်လေ... သမီးလေး""

"".....""

မီးရောင်စုံတွေဖြင့် လှပနေသော ခြံကျယ်ကြီးထဲတွင် မွေးနေ့ပွဲတစ်ခုကို ခမ်းနားစွာကျင်းပနေ၏။ ပြင်ဦးလွင်မြို့၌ နာမည်ကြီး ခြံလုပ်ငန်းတွေဖြစ်သည့် ကော်ဖီခြံ၊ လိမ္မော်ခြံတွေ အပါအဝင် Hotelနဲ့ Companyလုပ်ငန်းစုပေါင်းများစွာကို ပိုင်ဆိုင်သည့် 'ရွှေပတ္တမြား'စံအိမ်ရဲ့ ဖိတ်ကြားမှုဖြင့် လာရောက်ကြသူတွေဟာလည်း ဂုဏ်ဒြပ်တွေ တနင့်တပိုးရှိနေမည်မှာ မလွဲနိုင်သော အမှန်တရားတစ်ခုပင်။

သို့သော် ဘယ်လိုပင် ခမ်းနားတဲ့မွေးနေ့ပွဲဖြစ်စေကာမူ မပျော်နိုင်သော သူကတော့ မွေးနေ့ရှင်ဖြစ်သည့် စံအိမ်သခင်မလေးပါပဲ။ လူတွေများလှသည့် အထဲ အရုပ်လေးတစ်ရုပ်ချထားသလို ပြောသမျှနားထောင်ပြီး ခေါင်းငြိမ့်ပြရ ၊ ခိုင်းသလိုနေပေးရသည်မို့ စိတ်ထဲတော့ အတော်ပင်တင်းကျပ်နေချေပြီ။ သို့သော် စိတ်လိုရာကို ထထွက်သွားဖို့လည်း မစွမ်းနိုင်သည့် ဘဝရယ်ပါ...။ လွန်ခဲ့သော 7နှစ်တာ ကာလကတည်းက လမ်းမလျှောက်နိုင်သည့် ဒုက္ခိတမလေး ဖြစ်နေခဲ့ရပြီဆိုတော့လည်း သူများ အကူအညီရှိမှ ရပ်တည်နိုင်မယ့် အနေအထားမှာ ဘာကိုမှ အထွန့်တက်ပိုင်ခွင့်၊ ငြင်းဆိုပိုင်ခွင့် မရှိတော့ပြီပဲလေ...။

""သမီးလေး...ကိတ်မုန့်စားရအောင်""

စကားသံချိုချိုဖြင့် ကိတ်မုန့်ကို ဇွန်းဖြင့်ခပ်ကာ ပါးစပ်နားလာတေ့ပေးနေသည့် အမျိုးသမီးထံ မော့ကြည့်ကာ 'ဖွဲ့'ခေါင်းခါပြမိ၏။ ထိုင်ဆိုလို့သာ ထိုင်နေရတာ...တကယ်ပဲ ဒီလိုအစားအစာတွေ မစားချင်သလို တင်းကျပ်နေသည့်စိတ်ကြောင့် မျိုကျမှာလဲမဟုတ်ဘူးလေ...။သို့ပေမယ့် ခေါင်းခါပြသော်လည်း မရပ်တန့်သေးသောလက်တို့က ဆက်၍အနားကပ်လာပြန်သည်။ 'ဖွဲ့ 'လည်း စိတ်ညစ်စွာပင် ထိုလက်တစ်ဖက်အား အငြင်းအဆန်ပြုကာ တွန်းလိုက်မိတော့...

""ဟာ!""

ကိတ်မုန့်လှလှလေးက မြေပြင်ပေါ်သို့ကျသွားကာ လာကျွေးတဲ့အမျိုးသမီးကတော့ ပျာပျာသလဲအမူအရာဖြင့် လိုက်ကောက်နေလေ၏။ အနားကလူတွေ ဖွဲ့ကို ဘယ်လို မျက်လုံးတွေနဲ့ကြည့်နေကြသလဲဆိုတာ ဖွဲ့ ကောင်းကောင်းသိပါသည်။ 'ရိုင်းလိုက်တာ...ဘယ်လိုကလေးလဲ...ကိုယ့်အမေ့အပေါ်ဒီလိုဆက်ဆံရသလား'စသည် စသည်သော အဓိပ္ပာယ်ပေါင်းများစွာနှင့်...။

""သမီး...သမီးလေး မေမေ့ကို စိတ်ကောက်နေတာလား...ဘာလို့လဲ သမီးရယ်...မေမေ့ကိုကြည့်ပါဦး""

ဖွဲ့ ရဲ့ ပါးလေးနှစ်ဖက်ကို ဖွဖွကိုင်ကာ မေးလာသည့်အမျိုးသမီးထံ ကြည့်လိုက်ရင်း ရင်ထဲအနည်းငယ်တော့ လန့်လာမိသည်။ အများရှေ့မှာ ဖွဲ့သူ့ကို အရှက်ခွဲမိသလိုများ ဖြစ်သွားလား? အနားကလူတွေကလည်း ဖွဲ့တို့သားအမိနှစ်ယောက်ကို စူးစမ်းသလိုကြည့်နေကြစဥ်...

""မေမေ...ဘာဖြစ်တာလဲ?
ညီမလေး...ဘာဖြစ်လို့လဲ?""

အခုမှ လူကြားထဲတိုးဝှေ့ကာ ပြေးလာသူက ဖွဲ့ရဲ့အစ်မ 'လေညှင်းသွဲ့သာ'။ အစ်မဆိုပေမယ့် မွေးစားအစ်မလို့ပဲ ပြောရမလား...ဘာမှန်းမထုတ်ဖော်နိုင်သော အခြေအနေပါ။ သူ ဒီစံအိမ်ကိုရောက်လာတာလည်း လွန်ခဲ့တဲ့ ၇နှစ်ကပေါ့။ အားလုံးရဲ့အမြင်မှာတော့ သူဟာ ဒီစံအိမ်ရဲ့အမွေခံမဟုတ်ဘဲ မွေးစားကလေးသက်သက်ပါပဲ။

""ဘာမှမဖြစ်ဘူး...သမီး ညီမလေးက မေမေ့ကိုစိတ်ကောက်နေပြန်ပြီထင်တယ်""

""ကဲ! ဘာတွေစိတ်မကြည်နေလဲ ကလေးလေး
မွေးနေ့ရှင်က ကိတ်မုန့်တော့ စားမှပေါ့...လာ! မမခွံ့ကျွေးမယ်""

မမလေညှင်းက အသံချိုချိုလေးနဲ့အတူ ဖွဲ့ရဲ့ wheelchairလေးနားသို့ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကာ မျက်နှာလေးပြုံးနေလျက်ကပင် ကိတ်မုန့်တွေကို လာခွံ့ပေးပြန်၏။ ဖွဲ့လည်း ထပ်၍သာ ခေါင်းခါပြမိချိန်တွင်...

""အ!""

ဘေးသို့ချထားသည့်လက်တစ်ဖက်မှ နာကျင်သွားသည့်ခံစားချက်ကြောင့် ဖွဲ့ အသံတိုးတိုးလေးဖြင့် ညည်းမိတော့ ပွင့်ဟသွားသည့်နှုတ်ခမ်းလေးထဲသို့ ကိတ်မုန့်က ဝင်ရောက်လာလေ၏။ ကြည်ကြည်ဖြူဖြူ မစားမချင်း မုန့်ပန်းကန်ကွယ်ကာ ဆွဲလိမ်ထားသည့် လက်ကို မလွှတ်သေးတာကြောင့် မျက်ရည်ရစ်ဝိုင်းလာသော်လည်း အပြင်သို့ကျမလာအောင် ကျိတ်မှိတ်ခံရင်း ကျွေးသမျှအကုန်စားလိုက်ရသည်။ ဒီတော့မှ...

""လိမ္မာလိုက်တာ""

အပြုံးလေးနဲ့သာဆိုရင်း အောက်ကလက်ကိုလွှတ်ပေးလိုက်လေ၏။ ဒီလိုပါပဲ...သူတို့လုပ်နေကျအကျင့်တွေက အမြဲဒီအတိုင်းပါ။ ဖွဲ့က ဒီအိမ်ကြီးရဲ့ သခင်မလေးဆိုသော်ငြား ဘယ်သူမှမကြည်ဖြူချင်ကြတဲ့ အရှုပ်ထုပ် ဒုက္ခိတတစ်ယောက်ပါပဲ။ အစေခံတွေကအစ ဖွဲ့အနားမှာ ကြာကြာမနေချင်ကြတာလေ။ သူတို့ပြောတာတော့ ဖွဲ့က အရမ်းဆိုးလို့ ဒဏ်မခံနိုင်ဘူးတဲ့! အမြဲတမ်း အားလုံးရဲ့ အပယ်ခံပါ...။ဖွဲ့က ဘာမှအသုံးမဝင်တဲ့ အပိုလူသက်သက်ပဲ...။ပြီးတော့ စံအိမ်ပြင်ပကလူတွေကို စကားပြောပိုင်ခွင့်လည်း ဖွဲ့မှာမရှိ။ ကြာလာတော့ စကားတွေတောင်သိပ်မပြောဖြစ်ဘဲ နှုတ်ဆိတ်နေတတ်တာ အကျင့်လိုဖြစ်လာခဲ့သည်။ တချို့ကဆို ဖွဲ့ကို ဆွံ့အနေတယ်လို့တောင် ထင်မှတ်မှားကြသည်အထိ...။

""......""

""အဲ့လိုပဲ...သမီးလေးက ကျန်းမာရေးမကောင်းတော့ စိတ်ကလည်း တစ်ခါတစ်လေမကြည်ဘူး...အလိုလိုက်ထားတော့ နည်းနည်းဆိုးတယ်""

""လမ်းပြန်လျှောက်နိုင်ဖို့က မလွယ်တော့ဘူးလား""

""ကျမလည်း သမီးလေးကို ကြိုးစားပြီးကုပေးနေပါတယ်...အင်း! စံအိမ်မှာမီးလောင်မှု ဖြစ်ပြီးကတည်းက ကျမသမီးလေးဘဝ ကံဆိုးမိုးမှောင်ကျတာပါပဲ...""

""ဒါပေမယ့် ဧကရီရယ်...သမီးလေးနောက်တစ်ယောက်ရှိနေသေးတာပဲ...မွေးစားတယ်ဆိုပေမယ့် လေညှင်းလေးက လိမ္မာရေးခြားရှိတယ်...ပညာရေးလည်းထူးချွန်တယ် အခုဆိုလုပ်ငန်းခွင်တောင်ဝင်နေပြီမလား..အားကိုးရလိုက်တာ""

""ဟုတ်ပါ့... သမီးကြီးကိုပဲအားကိုးနေရတာ...မွေးစားတယ်လို့မသုံးပါနဲ့ရှင်...သူက ဧကရီရဲ့သမီးအရင်းလေးလိုပါပဲ""

""......""

တစ်ယောက်တစ်ခွန်းပြောနေကြတဲ့ စကားသံများကို ဖွဲ့ကတော့ အတိုင်းသားကြားနေရပါသည်။ ဒါဟာလည်း ကြားနေကျစကားတွေပဲမို့ ထူးပြီးဆန်းမနေတာ ပုံမှန်ပါပဲ။ ဒီမွေးနေ့ပွဲကြီး မြန်မြန်ပြီးသွားလိုက်ချင်ပါပြီ...ဟူး!!

""Happy birthdayနော် ညီမလေး
ကိုယ်လာတာ နောက်ကျသွားတယ်..ရော့! ဒါက bd present!""

စိတ်ရှုပ်နေစဥ်မှာပင် ဖွဲ့ရှေ့ပေါ်လာသည့် လူတစ်ယောက်ကို လှမ်းကြည့်နေမိရင်း ခပ်ယဲ့ယဲ့သာပြုံးပြလိုက်မိ၏။ 'စစ်ရန်မခ'ဆိုသော ထိုလူဟာ ဖွဲ့တို့မိသားစုအပိုင်ဖြစ်သည့် 'Shwe Padamyar'Companyရဲ့ shareဝင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မိဘချင်းတွေလည်းရင်းနှီးခဲ့ကာ ငယ်စဥ်ကတည်းက ဖွဲ့နဲ့သိကျွမ်းလာသူဖြစ်သည်။ သူကတော့ ဖွဲ့အပေါ် ညီမလေးတစ်ယောက်လိုသဘောထားချစ်ခင်ပုံရပြီး အမြဲလည်းဂရုတစိုက်ရှိပါသည်။ သို့သော် မမလေညှင်းဒီအိမ်ကိုရောက်လာပြီးနောက် သူက ထိုအစ်ကို့ကို အတင်းလိုက်ကပ်ကာ အရောတဝင်တွေလုပ်သည်။ ဖွဲ့ အရွယ်ရောက်လာတာနဲ့အမျှ သူက အစ်ကိုနဲ့ပတ်သက်ပြီး ပိုလို့ပင်ရန်လုပ်တတ်လာ၏။ ထို့ကြောင့် ဖွဲ့အနားသို့ အစ်ကို ရောက်လာတိုင်း မမ ရန်ရှာမှာကို ပိုကြောက်ရပါရဲ့ ...။

""နေကောင်းရဲ့လား ...ညီမလေး""

ခေါင်းလေးသာ ပြန်ငြိမ့်ပြရင်း ထိုသူ့အားပြန်ကြည့်မိစဥ်..

""ကိုကိုစစ် ရောက်လာပြီလား
နောက်ကျလိုက်တာ...""

""ဟုတ်တယ်...လေညှင်းရဲ့ companyက အစည်းအဝေးတစ်ခုရှိလို့လေ...ကိုယ်ကမီပါ့မလားတောင်ထင်တာ...နောက်ကျနေလို့ sorry""

""အို! ကိုကိုစစ် ကလည်း ပြောစရာမလိုပါဘူး
ကိုယ့်လူအချင်းချင်းပဲကို...လာ လေညှင်းနဲ့ဟိုဘက်ခဏသွားရအောင်""

ပြောပြီးတော့ လေညှင်း သူ့လက်ကို ဆွဲကာထွက်လာလိုက်သည်။ တကယ်ပါပဲ...ပြောရင်လည်းလွန်တယ်ဖြစ်ဦးမယ်..။ကိုစစ် တို့က ဘာတွေဘယ်လိုမှောက်မှားနေတယ်မသိ။ အိမ်လာတိုင်း အဲ့ဒီ့ဒုက္ခိတမ အနားပဲကပ်နေတတ်သည်။ ဂရုစိုက်လိုက်တာမှလည်းလွန်ရော..။ဟိုကသာ လေညှင်းအကြောင်းကိုသိလို့ သူ့ကိုအကပ်မခံဘဲ ခပ်လန့်လန့်ဖြစ်နေတတ်တာ။ ဒီဒုက္ခိတမ မြန်မြန်သေမှပါပဲ။ ဝဋ်ကြွေးကိုမကုန်နိုင်ဘူး။

မကျေမနပ်အတွေးတို့ဖြင့် 'မုန်းမဖွဲ့သာ' ရှိရာဘက်ဆီလှမ်းကြည့်ကာ မျက်စောင်းထိုးလိုက်သေး၏။

!ဟင်း...နာမည်ကသာ 'မုန်းမဖွဲ့သာ'
လူတိုင်းကတော့ နင့်အပေါ် အမုန်းတွေပဲ ဖွဲ့နေကြတာပါ...သနားစရာပဲ ကျွတ်..ကျွတ်!!

~~~~~🍁🍁🍁🍁🍁~~~~~




ဒီလိုနဲ့ မွေးနေ့ပွဲအချိန်က လွန်မြောက်သွားလေ၏။ စောစောက လုပ်မိလိုက်တဲ့ကိစ္စအတွက် ကျေနပ်မနေသည့် မျက်ဝန်းစူးစူးများကတော့ ဖွဲ့ထံရောက်လာနေပါသည်။ သူတို့...သူတို့ ဖွဲ့ကို တစ်ခုခုလုပ်ဦးမှာလား?

""လေညှင်း...သူ့ကို မေမေ့အခန်းထဲခေါ်လာခဲ့""

""ဟုတ်ကဲ့...မေမေ""

စိုးရိမ်စိတ်မှမဆုံးသေးခင် အမိန့်ပါပါလေသံဖြင့် အခေါ်တော်လွှတ်လေပြီ။ မေမေ့အခန်းဆိုသည်နှင့် ဖွဲ့ လက်ဖျားတွေပါအေးစက်သွားမိရင်း လက်လေးနှစ်ဖက်ကို ပွတ်သပ်ဆုပ်နယ်နေမိသည်။ မမလေညှင်းကတော့ ဖွဲ့နဲ့အတူ wheelchairလေးကိုတွန်းလာရင်း...တစ်နေရာအရောက်မှာရပ်လိုက်ပြီး

""မေမေ...ရောက်ပြီ""

""ဝင်လာ!""

အခန်းထဲရောက်သည်နှင့် ကုတင်ကြီးပေါ်မှာ အကျအနထိုင်ကာခြေကိုချိတ်လျက် ခပ်ပြုံးပြုံးစောင့်နေသည့် ဒေါ်ဧကရီကိုတွေ့လိုက်ရသည်။ အနောက်မှာ ရပ်နေသူကလည်း အခန်းတံခါးကိုပိတ်ချလိုက်တော့ မီးမထွန်းထားသည့် အခန်းတစ်ခန်းလုံး မှောင်ပျပျဖြစ်သွားချိန်တွင် ညအိပ်မီးသီးလေးရဲ့ အလင်းရောင်သာကျန်နေခဲ့၏။

အခန်းထဲ မှောင်နေတော့ ရှေ့မှာထိုင်နေသည့် အမျိုးသမီးရဲ့ နားရွက်၊လည်ပင်း၊ လက်ကောက်ဝတ်၊ လက်ဖျားနဲ့ခြေကျင်းဝတ်ပါမကျန် ဝတ်ဆင်ထားသော လက်ဝတ်ရတနာများက အရောင်တလက်လက်တောက်ပနေ၏။ နဖူးကိုအပြောင်သိမ်းကာ ခပ်မြင့်မြင့်ထုံးထားသည့် ဆံထုံးမှာလည်း ရွှေသားစစ်စစ်ဖြင့် ပြုလုပ်သော ဆံထိုးကိုပန်ထားသေးရဲ့ ။ ချောမောပြည့်စုံသော ရုပ်အဆင်းနဲ့ ကျစ်လျစ်သော ကိုယ်ဟန်အနေအထားရှိကာ ဘယ်လိုကြည့်ကြည့် ကျက်သရေရှိရှိ လှပသူပါပဲ။တန်ဖိုးကြီး ပိုးဖဲကတ္တီပါသားကိုသာ ဝတ်ဆင်ပြီး မျိုးရိုးဂုဏ်မြင့်မားသလောက် အထက်တန်းဆန်ဆန် နေထိုင်ပြုမူတတ်သော သူ့အသွင်ဟာ 'ဧကရီ'ဆိုသည့်နာမည်အတိုင်း တကယ့်ကို ဘုရင်မတစ်ပါးကဲ့သို့ပင်...။

""သမီးလေး...ဒီနေ့မေမေ့ကို လူကြားထဲမှာ ဘာလို့ပြသာနာရှာတာလဲ?""

"".....""

""ပြောလေ...မုန်းမဖွဲ့
အခုက ငါတို့ပဲရှိတာ နင်စကားပြောလို့ရပြီ""

ဆောင့်အော်လိုက်သည့် အသံကြောင့် ဒေါ်ဧကရီကတော့ လေညှင်းထံအလိုမကျစွာလှမ်းကြည့်လိုက်ပြီး...

""ရှူးး! ညီမလေးကိုမအော်ရဘူးလေ သမီး
ကလေးလန့်သွားမယ်...သွား! အထဲကိုခေါ်သွားနှင့်""

စကားဆုံးသည်နှင့် ခပ်လှမ်းလှမ်းရှိ စာအုပ်စင်က တစ်ဖက်သို့လှည့်သွားပြီး လျှို့ဝှက်အခန်းလေးကပွင့်သွားလေ၏။ မရောက်ဖူးတဲ့နေရာ မဟုတ်သော်လည်း ထိုအခန်းကိုတွေ့တိုင်း သွေးခဲသွားမတတ်ခံစားချက်က ကြောက်လန့်ဖွယ်အတိ။ ဒီအခန်းထဲမှာဆိုရင် ဖွဲ့ကို သူတို့ဘာလုပ်လုပ်...ဘယ်လောက်အော်အော် ကြားနိုင်မယ့်သူမရှိပါလေ...။

""ကဲ! ပြောစမ်း...နင်ငါ့ကို လူကြားထဲမှာပြသာနာရှာတဲ့ ကိစ္စ...မေမေ့ကို ကလန်ကဆန်မလုပ်ဖို့မှာထားတယ်လေ မုန်းမဖွဲ့...နင်ငါ့ကိုအာခံတာလား"'

""ဟင့်...အင်း...မ ဟုတ်ပါဘူး
ဖွဲ့...ဖွဲ့ မုန့်တွေမစားချင်လို့ပါ""

""နင့်ကို ငါလုံးဝမကျေနပ်ဘူး
နင် ကိုစစ် ကိုဘာတွေနဲ့မြှူဆွယ်နေတာလဲ ဟမ်! ပြောစမ်း!""

"".....""

လေညှင်းကပါ ဝင်ပြောရင်းဖြင့် wheelchairကိုအားနဲ့ဆောင့်တွန်းလိုက်တော့ တစ်ဖက်သို့ယိမ်းယိုင်သွားကာ ဖွဲ့လည်း ဘေးသို့လဲကျသွားရ၏။

""ဟဲ့...ဒဏ်ရာကြီးကြီးမားမား မရစေနဲ့
မဟုတ်ရင် နင်ပဲသံသယအဝင်ခံရလိမ့်မယ်""

""ကျစ်! ရှုပ်လိုက်တာ မေမေရာ
ဒီဟာမက သေပဲမသေနိုင်ဘူး""

""အချိန်သိပ်မလိုတော့ပါဘူး လေညှင်းရယ်
အခု သူ၁၉နှစ်ပြည့်ပြီလေ...နောက်နှစ်ဆို အမွေတွေအားလုံးကို သူ တရားဝင်ဆက်ခံခွင့်ရပြီ...သူ့ကိုအသက်ရှင်ခွင့်ပေးမှာကလည်း အဲ့ဒီအထိပဲ""

""အဘိုးကြီးကလည်း ထူးထူးဆန်းဆန်းနော် သူရဲ့ပိုင်ဆိုင်မှုထဲက အများဆုံးပမာဏကို ဒီကလေးသာသာကိုမှ လွှဲပေးသွားတယ်တဲ့ ...သူကဘာများတိုးတက်အောင်လုပ်နိုင်မှာမို့လဲ...ပညာတောင်ကောင်းကောင်းမတတ်ပဲနဲ့""

"'ဒါကတော့ သူ့မြေးလေးက သူ့အချစ်တော်လေးကိုး။ သားသမီးဖြစ်တဲ့သူကိုတောင် ဝေစုနည်းနည်းပဲပေးသွားတယ်""

""သူ့ကြောင့်စိတ်ရှုပ်ရတယ် မေမေ
ဒုက္ခိတသာဆိုတယ် ဘာတွေများစွမ်းနေလဲမသိ...ကိုစစ် ကသူ့အနားသိပ်ကပ်တယ်...သမီးမကြိုက်ဘူး""

""သြော်! အေ...ညည်းကလည်း...အချိန်တန်ရင်ရှင်းသွားမှာပဲဟာ...ပူမနေနဲ့...နင်မို့လို့သူနဲ့လိုက်ပြိုင်နေ""

ဖွဲ့ကတော့ လဲနေရာမှ ပြန်မထနိုင်သေးဘဲ ကြားနေရသော စကားများကို ရင်နာနာနဲ့နားထောင်နေရရင်း မျက်ရည်တွေသာကျလာမိသည်။ ဟုတ်ပါရဲ့ ...အဘိုးကလည်း ဘာလို့များ ဖွဲ့ဆီ ပိုင်ဆိုင်မှုအများကြီးလွှဲပေးခဲ့ရပါလိမ့်! ဒါတွေဟာ ဖွဲ့လို မသန်မစွမ်းအတွက် အဆိပ်ပဲဖြစ်နေပြီ အဘိုးရယ်။

""သမီး...နာသွားလား
လာထ...မေမေ့ဆီလာ!""

ပါးစပ်အပြောကချိုပေမယ့် လက်တွေကတော့ ဖွဲ့ကိုယ်လေးကို ခပ်ကြမ်းကြမ်း ဆွဲ'မ'ကာ ထူလိုက်ပြီး မေးစေ့လေးကို ဆွဲမော့ကာ...

""နောက်ဆို မေမေ့ပြောစကားကိုနားထောင်ရမယ်နော် သမီး...မေမေဒေါသမထွက်ချင်ဘူး..ကြားလား?""

"".....""

""ကြားလားလို့ ငါမေးနေတယ်""

မေးစေ့ကိုကိုင်ထားရင်းမှ ပါးလေးနှစ်ဖက်ကိုပါ စုညှစ်ရင်း မျက်လုံးစိမ်းစိမ်းတို့နဲ့ ဆောင့်အော်လိုက်စဥ် ရင်ထဲတုန်လှုပ်သွားရကာ ကြောက်ကြောက်လန့်လန့်အသံလေးဖြင့် တအင့်အင့်ရှိုက်နေမိရင်းမှ...

""ရှင်...လိမ်နေတာ
ထွက် သွား...ရှင်က လူလိမ်""

""ဒီစကားပဲထပ်ပြောပြန်ပြီလား သမီးရယ်...မေမေ့ကိုဘယ်လိုပြောလိုက်တာလဲ? သေချာကြည့်ပါဦး...မေမေလေ...ဖွဲ့လေးရဲ့မေမေ""

""ဟင့်...အင်း! မ ဟုတ် ဘူး
မေမေနဲ့ မျက်နှာချင်းပဲတူတာ...မေမေ မဟုတ်ဘူး...မဟုတ်ဘူး""

""ဟား...ဟား! ငါ့သမီးလေးက အဆန်းတွေပြောနေပြန်ပါပြီ...ဒါဖြင့် နင့်အမေရော?""

""ရှင်လေ...မေမေ့ကို ရှင်သတ်နေတာ
ဖွဲ့ မြင်တယ်...အဲ့နေ့က...မီးတွေ...""

""အ!!""

(အစပိုင်းမှာပါဝင်တဲ့အကြောင်းတွေကို 'ချစ်ခြင်း...ပြင်းရှချို' ဖတ်ခဲ့သူတွေပဲနားလည်မှာပါနော်။ရှေ့ဇာတ်လမ်းမှာ ဒုတိယမင်းသားဖြစ်ခဲ့တဲ့ အလင်းနှစ်ကို ဇာတ်ဆောင်မင်းသားအဖြစ်ထပ်ဆက်ရေးသားခြင်းဖြစ်ပါတယ်...ဒီနေ့က အစပဲဆိုတော့ ကိုကိုနဲ့မတွေ့ ဖြစ်လိုက်ဘူးနော်...နောက်တစ်ပိုင်းမှာမှတွေ့ကြမယ်။ ပြီးတော့ ဖွဲ့လေး လမ်းမလျှောက်နိုင်တာက ကောင်းသွားမှာပါ😁ကိုကိုကတော့ တကယ့်ဇာတ်ရှုပ်နဲ့တိုးတော့မှာ😅 ကဲ! ဒုတိယမြောက် အချစ်ကို ရွှေမင်းသားက ဘယ်လိုကယ်တင်ပေးမလဲဆိုတာကတော့...coming soon on Next part)
~~~~~🍁🍁🍁🍁🍁~~~~~
Continue to >>>Part-2

Readers/Writersလေးတွေအားလုံးက VIPပါ

Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: