💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
"သခင်မလေးလာပြီပဲ လာ လာ သခင်မလေးအတွက်ကြီးမြအားလုံးပြင်ဆင်ပေးထားတယ် "
"ရပြီကြီးမြ လိုအပ်ရင်ခေါ်လိုက်မယ် "
" ဟုတ်ကဲ့ "
"ကိုယ့်နောက်လိုက်ခဲ့ "
လိပ်ပြာနည်းနည်းလေးတောင်မရင်းနှီးတဲ့အိမ်မှာ လိပ်ပြာရဲ့ ကျန်ရှိနေတဲ့ဘဝကိုဆက်လက်ရှင်သန်သွားရမှာလား...။ လိပ်ပြာရဲ့ အဖြစ်က အခုမှလူ့လောကထဲကိုဝင်ရောက်လာတဲ့ကလေးတစ်ယောက်
လိုပါပဲ အရာရာဟာအသစ်အဆန်းတွေဖြစ်လိုနေပါတယ်...။
လှေကာထိပ်ဆုံး တွေ့တွေ့ချင်းအခန်းထဲ သူဝင်သွားပေမဲ့ လိပ်ပြာလိုက်မဝင်သွားဘဲ အခန်းဝမှာရပ်နေမိသည်။
"လာလေ ဝင်ခဲ့ "
လိပ်ပြာတော်တော်နဲ့အထဲမဝင် ကြာတော့
သူစိတ်မရှည်တော့သည့်ပုံစံဖြင့် လိပ်ပြာလက်ကိုဆွဲကာ အခန်းထဲခေါ်လာသည်။
ကို့ရဲ့ အခန်းက လိပ်ပြာရဲ့အခန်းထက်အများကြီးကျယ်တာပဲ။ ပြီးတော့ ကျွန်းခုတင်ကြီးကလည်း အခန်းရဲ့ အလယ်မှာဝံ့ထည်စွာရှိနေသည်။ အခန်းကိုအနက်ရောင်အသုံးအဆောင်ပစ္စည်းများဖြင့် ပြင်ဆင်ထားသည်။ အနက်ရောင်တော်တော်ကြိုက်တဲ့သူပဲလို့ လိပ်ပြာစိတ်ထဲကောက်ချက်ချလိုက်၏။ လိပ်ပြာနဲ့တော့တခြားစီပင် လိပ်ပြာကတော့ အဖြူရောင်မှအဖြူရောင်...။
သေချာကြည့်လိုက်မှ ကို့အခန်းထဲတွင်အသုံးအဆောင်ပစ္စည်းရယ်လို့ များများစားစားမရှိ မီးခလုတ်ကိုဖွင့်လိုက်တော့မှ တစ်ခန်းလုံးလင်းထိန်သွားသည်။ ပြီးနောက် ကိုက ခုတင်ပေါ်တွင်တင်ထားသောဂါဝန်ကိုဝတ်ကြည့်ခိုင်းသည်။
"ဒီနေ့ကစပြီး ဒီအခန်းထဲမှာကိုယ်နဲ့အတူနေရမယ် အကျီကိုဝတ်ကြည့်ထား ကိုယ်ရေသွားချိုးလိုက်ဦးမယ် "
သူအကျီကြယ်သီးကိုဖြုတ်ရင်း ရေချိုးခန်းထဲဝင်သွားသည်။
လိပ်ပြာသူဝင်သွားတော့မှ ခုတင်ခြေရင်းတွင်ထိုင်လိုက်သည်။ ကိုလိပ်ပြာကိုဆက်ဆံပုံကအေးစက်မနေပါ အရင်လိုမနွေးထွေးတော့တာတော့အမှန်ပင် ကိုဝတ်ကြည့်ခိုင်းတဲ့ ဂါဝန်ကိုဝတ်ကြည့်လိုက်သည်။ အနီရောင်ပဲ သူလည်းအနီရောင်ဝတ်မှာပဲဆိုတာသေချာသွားသည်။
လည်ပင်းအဝိုင်းနှင့် အကျီလက်ရှည် ဂါဝန်ကပျော့ဖက်ကာ ခြေမျက်စိဖုံးအထိရှည်လောက်သည်။ ရိုးရိုးရှင်းရှင်းလေးပေမဲ့ လှသည်။ အနောက်ကဇစ်ဆွဲပဲ လိပ်ပြာဝတ်ကြည့်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင်
ရပ်လိုက်၏။ လိပ်ပြာစိတ်ထဲတစ်စုံတစ်ခုကို
ပြောလိုက်သည်။
" မှန်လေးရေ မှန်လေးရေ ဒီကမ္ဘာမှာဘယ်သူအလှဆုံးလဲ "
သူရေချိုးပြီးပြန်ထွက်လာတော့ အနီရောင်နတ်သမီးလေးကသူ့ကိုကြိုဆိုနေသည်။ အကျီက သူမနဲ့ကွတ်တိပဲ မင်းသာ ဒီကမ္ဘာပေါ်မှာအလှဆုံးပါပန်းလေးရယ်...။
Shampoo နံ့ရလို့ လိပ်ပြာနောက်လှည့်ကြည့်လိုက်စဉ် အပေါ်ပိုင်းဗလာကျင်းနှင့် ခါးအောက်ပိုင်းကို တဘတ်ဖြင့် ပတ်ထားသောသူက လိပ်ပြာကိုကြည့်နေသည်။ ရုတ်တရက် သူ့ကိုဒီလိုပုံစံဖြင့်မြင်လိုက်ရတဲ့အတွက် လိပ်ပြာဘယ်ထွက်ပြေးရမှန်းမသိဖြစ်သွားသည်။
လိပ်ပြာ သူ့ကိုကျောခိုင်းထားလိုက်သည်။
"မင်းနဲ့လိုက်တယ် အတော်ပဲ"
ဆိုပြီး ဗီရိုဘက်လျှောက်သွားသည်။ ဗီရိုထဲမှပေါ့ပါးသည့်အကျီနှင့် ဘောင်းဘီရှည်ကိုထုတ်ဝတ်လိုက်ပြီး သူမဆီလျှောက်သွားသည်။
"အခန်းထဲမှာစိတ်ချလက်ချနေလို့ရတယ် ကိုယ်အပြင်ခဏသွားလိုက်ဦးမယ် "
"နေဦး လိပ်ပြာပြောစရာရှိတယ် "
"ကိုယ်အချိန်မရတော့ဘူး ပြန်လာမှပြောတော့ "
ဆိုပြီး လိပ်ပြာကိုထားခဲ့ကာ ထွက်သွားပြန်သည်။
လိပ်ပြာအခန်းထဲမှာတစ်ယောက်ထဲမနေရဲ
အဝတ်စားလဲပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။ အောက်ထပ်မှာအလုပ်ရှုပ်နေတဲ့ကြီးမြဆိုသူကိုသာတွေ့ရသည်။
"သခင်မလေးဘာစားမလဲ ကြီးမြဘာပြင်ပေးရမလဲ"
"ရပါတယ် လိပ်ပြာလို့ပဲခေါ်ပါ "
"သခင်လေးဆူနေပါဦးမယ် "
"မဆူပါဘူး ကြီးမြလို့ပဲခေါ်မယ်နော် "
"ရတယ် ခေါ်ပါ "
"ကြီးမြကိုမဆူပါဘူး ဒါနဲ့အန်တီလေးရောဟင် "
" အန်တီလေး "
ကြီးမြကနားမလည်ဟန်ဖြင့် လိပ်ပြာကိုပြန်မေးသည်။
"ဦးဘုန်းတေဇရဲ့ မိန်းမက လိပ်ပြာရဲ့ အဒေါ်ပါ "
"သြော် သခင်ကြီးနဲ့အပြင်လိုက်သွားပါတယ် "
" ဟုတ်ကဲ့ "
"ကြီးမြကိုလိုအပ်ရင်ခေါ်လိုက်နော် "
" ဟုတ်ကဲ့ "
လိပ်ပြာခါးညောင်းလာသလို မျက်လုံးလည်းစင်းလာသည့်အတွက် ဆိုဖာပေါ်တွင်အိပ်ရန်ပြင်လိုက်သည်။
°°°°°°°
"ဗညားမင်းပြောတာသေချာလား "
" ဟုတ်ကဲ့ သေချာပါတယ် "
"အေး အဲ့ကိစ္စကိုနောက်မှရှင်းမယ် "
သတိုးတေဇနဲ့ဗညားစကားပြောရင်း အိမ်ထဲဝင်လာကြသည်။
" သခင်လေး ဟိုမှာ "
ဧည့်ခန်းဘက်သို့ ကြီးမြလက်ညှိုးထိုးပြသောကြောင့် သူကြည့်လိုက်မိသည်။
" လိပ်ပြာ "
လို့တီးတိုးရေရွတ်ရင်း သူမရှိရာလျှောက်သွားသည်။
"ညနေ ၆း၀၀ နာရီထိုးနေပြီ၊ ဖျားတော့မှာပဲ
ကြီးမြဘာလို့မနိုးတာလဲ "
"သခင်မလေးကိုကြည့်ရတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ပါ "
" သွားတော့ "
သူမရှေ့ခြေဖျားထောက်ထိုင်လိုက်ပြီးမှဆဆ်ခနဲပြန်ထပြီး ခါးအောက်ကနေ သူမကိုပွေ့ချီလိုက်စဉ် သူ့လက်ပေါ်မှာတင် သူမကနိုးသွားသည်။
"အင်း ဟာ ချပေးပါ လိပ်ပြာဘာသာလျှောက်မယ်"
"ငြိမ်ငြိမ်နေ မနေရင်လှေကားပေါ်ရောက်မှပစ်ချလိုက်မယ် "
"ဘယ်သူကပွေ့ခိုင်းထားလို့လဲ ချပေး အခုချ "
လိပ်ပြာပြောနေပေမဲ့ သူကလှေကားထစ်တွေအတိုင်း လိပ်ပြာကိုပွေ့ချီသွားသည်။
လိပ်ပြာကို့ကိုယုံပေမဲ့ ပြုတ်ကျမှာကြောက်သောကြောင့် ကို့အကျီကျောပြင်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လိပ်ပြာကိုမှန်တင်ခုံရှေ့ ထိုင်ခုံတွင်
ချပေးလိုက်ပြီး....
"ခဏနေရင်အလှပြင်ပေးမဲ့သူလာလိမ့်မယ် "
"ဟို လိပ်ပြာဗိုက်ဆာတယ် "
"တစ်ခုခုပြင်ခိုင်းပြီးလာပို့ခိုင်းလိုက်မယ် "
ဆိုပြီး လိပ်ပြာကိုတစ်ယောက်ထဲထားခဲ့ပြန်သည်။
သူလိုရင်းတိုရှင်းပြောကာထွက်လာခဲ့သည်။
သူမအနားမှာကြာကြာဆက်နေရင် သူမအပေါ်ယိမ်းယိုင်ချင်တဲ့ သူ့စိတ်ကိုထိန်းလို့ရမှာမဟုတ်ဘူး...၊ တစ်နာရီလောက်ကြာတော့ သူ့ဆီကိုအနီရောင်ကြွေရုပ်လေးအလားလှပနေတဲ့ ပန်းလေးတစ်ပွင့်က
လွင့်လာသည်။ သူ့အနားရောက်လာသည့်တိုင် မှင်သက်စွာကြည့်နေမိသည်။ ခါတိုင်းလိုသူမဆံပင်တွေကိုစည်းနှောင်မထားဘဲ ဖြန့်ချထားခြင်းက သူမအလှကိုပိုပေါ်လွင်စေသည်။
ထိုစဉ် သူတို့ဆီသို့ဦးတည်ကာလျှောက်လာသူတစ်ဦး...
" ကိုမင်းဒင် "
လို့ လိပ်ပြာတိုးတိုးရေရွတ်လိုက်သည်။ လိပ်ပြာအံ့သြနေဆဲမှာပင် ကိုမင်းဒင်ကလိပ်ပြာရှေ့ ရောက်လာသည်။
"လိပ်ပြာကမဖိတ်ပေမဲ့ ကိုယ့်သူငယ်ချင်းက
ဖိတ်တော့လည်းလာရတာပေါ့ "
"မင်းကဒီလိုပွဲမျိုးဆိုစိတ်ဝင်စားတယ်မလား
လက်လွှတ်သွားမှာစိုးလို့ပါ "
"ဟုတ်ပါပြီ ငါ့သူငယ်ချင်းကိုမစွန်တော့ဘူးမှတ်နေတာ ရမဲ့ရတော့လည်းတော်ရုံယောက်ျားလေးတွေ မကပ်နိုင်တဲ့တန်ဖိုးရှိတဲ့မိန်းကလေးကိုမှရခဲ့တာကိုး "
သူပြောတော့ ကိုမင်းဒင်ကသူ့ရဲ့ရန်သူဆို
အခုတော့လည်း လိုလိုလားလားနဲ့ဖိတ်လို့ပါလား တစ်ခုခုတော့တစ်ခုခုပဲ...။
"တော်တဲ့ယောက်ျားတစ်ယောက်ရဲ့ ဘေးမှာ
ထက်မြတ်ပြီးတန်ဖိုးရှိတဲ့မိန်းကလေးဘဲရှိသင့်တာပေါ့ ဘယ်သူရှိရဦးမှာလဲ "
"ဝမ်းသာပါတယ် နောင်နှစ်ပေါင်းများစွာအထိကြာအောင် လက်တွဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် "
"လာ baby တခြားအရေးကြီးတဲ့ဧည့်သည်တွေကိုဧည့်ခံရဦးမယ် "
"ကိုမင်းဒင် အေးဆေးနေပါ "
"ရပါတယ် လိပ်ပြာလုပ်စရာရှိတာသာလုပ်ပါ "
ကိုကလိပ်ပြာခါးကိုဖက်ကာ ကိုမင်းဒင်ရှေ့ကနေဆွဲခေါ်လာသည်။
"အန်ကယ့်ကိုမလာတော့ဘူးလို့ထင်ထားတာ"
"လာရမှာပေါ့ အချင်းချင်းတွေပဲ "
"ဒါနဲ့ မိုးရောမပါဘူးလား "
"သမီးလေးကနေသိပ်မကောင်းတဲ့အတွက် မလာနိုင်တဲ့အကြောင်းမှာလိုက်တယ် "
"သြော် ကျန်းမာရေးဆိုတာဒီလိုပါပဲ ငယ်တယ် ကြီးတယ်မရွေးဘူး မထင်မှတ်ထားတဲ့အချိန်မှာလည်းဖြစ်တတ်တယ် "
" ဟုတ်ပါ့ ဟုတ်ပါ့ "
သူခေါ်ရာနောက်တကောက်ကောက်လိုက်ကာ သိလည်းပြုံးပြ မသိလဲပြုံးပြနှုတ်ဆက်ရင်း သူ့အလိုကျ dinner ပွဲကအောင်မြင်စွာပြီးမြောက်
သွားသည်။ လိပ်ပြာတို့နှစ်ဖက်မိဘတွေကို
ကန်တော့တဲ့အခါမှာလည်း လိပ်ပြာရဲ့ မိဘတွေကိုသာကန်တော့ပြီး အန်ကယ်နဲ့အန်တီလေးကိုကျမကန်တော့ဘဲ သူကထထွက်သွားသည်။
နောက်နေ့ကစပြီး လိပ်ပြာမေမေတို့နဲ့အတူမနေရတော့ဘူးဆိုတဲ့စိတ်က လိပ်ပြာကိုဒုက္ခပေးနေသည်။ တစ်နယ်စီဝေးနေတာမှမဟုတ်တာပဲဆိုတဲ့ အကြောင်းပြချက်နဲ့ပင်ဖြေသိမ့်လိုက်ရသည်။
°°°°°°°
မင်္ဂလာဦးအခန်းထဲသို့ လိပ်ပြာဝင်လာခဲ့သည်။ ပထမအကြိမ်တုန်းကနဲ့ခြားနားစွာတစ်ခန်းလုံးကို ပန်းများဖြင့်အလှဆင်ထားသည်။ အထူးခြားဆုံး
ကတော့ မင်္ဂလာခုတင်ပင်။ အနီရောင်နှင်းဆီပွင့်ချပ်တွေကို ဖြန့်ခင်းထားပြီးမင်္ဂလာခန်းဝင်ပစ္စည်းများကလည်း အနီရောင် လိပ်ပြာကလည်း အနီရောင်
ဝတ်စုံကိုဆင်မြန်းထားသည်။
ဘယ်မှာလဲ သတိုးသားက...လိပ်ပြာအားငယ်စိတ်တွေဝင်လာသည်။ မိဘရဲ့ အရိပ်အာဝါသအောက်ကနေထွက်လာတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ခင်အားပေးအဖော်ပြုပေးမဲ့သူ့ရဲ့ လက်တွဲဖော်က
ဘယ်မှာလဲ...။
ဒါနင်ရွေးချယ်ခဲ့တဲ့လမ်းပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆက်လျှောက်ရမှာ နင့်တာဝန်ပဲလို့ပြောကြမှာ။ လိပ်ပြာခုတင်ရဲ့ ဘယ်ဘက်အခြမ်းမှာ လှဲအိပ်ရန်ပြင်လိုက်သည်။ သို့သော် လိပ်ပြာကျောချမ်း
လာသည်။ အခုချက်ချင်းအိမ်ကိုပြန်ပြေးပြီးအမေ့ရင်ခွင်ထဲပြေးဝင်ပစ်လိုက်ချင်သည်။
ဘယ်လိုပုံစံမျိုးနဲ့လဲ သမီးတစ်ယောက်အနေနဲ့လား ခင်ပွန်းရှိတဲ့မိန်းမတစ်ယောက်အနေနဲ့လား...။ လိပ်ပြာကိုအိပ်မရအောင်အတွေးများကနှိပ်စက်နေသည်။
°°°°°°°°°
"သခင်လေး အရင်တုန်းကလည်း ဒီအလုပ်တွေကိုကျွန်တော်တို့လုပ်နေကြတာပဲလေ "
"အဲဒါဘာဖြစ်လဲ "
"သခင်လေးကိုသခင်မလေးစောင့်နေမှာစိုးလို့ပြောတာပါ နောက်ပြီးမင်္ဂလာဦးညဆိုတော့ "
"ပန်းလေးတွေရှာခိုင်းရင်ရှာမပေးနဲ့တော့
ဒီကိစ္စကိုအဆုံးသတ်လိုက်တော့ "
"ဒါဆိုကျွန်တော်တို့နောက်လည်းရှာပေးစရာမလိုတော့ဘူးပေါ့ "
" ဟုတ်တယ် ပစ္စည်းတွေရောစစ်ဆေးပြီးပြီလား"
"ဟုတ်ကဲ့ လမ်းကြောင်းလည်းရှင်းပါတယ် "
"ဒါဆိုသွားဖို့ပြင်တော့ "
" ဗျာ "
" ငါနှစ်ခါမပြောဘူး "
"သြော် ဟုတ်ကဲ့ "
ဒီတစ်ခါလုပ်ရှားမှုမှာ သခင်လေးပါလိုက်မည်ဆိုတော့ ဗညားအံ့သြသွားရသည်။အရေးကြီးကိစ္စဆိုရင်တောင် လိုက်ချင်မှလိုက်တဲ့သခင်လေးက
ဒီလိုအသေးအမွှားကိစ္စကို လိုက်မယ်ဆိုတော့ ဟုတ်မှဟုတ်ရဲ့လား...အဂ္ဂကိုတော့ Bar နဲ့ club မှာလွှတ်ထားသည်။
°°°°°°°°°
" ဖေဖေ "
လိပ်ပြာဧည့်ခန်းမှာထိုင်နေတဲ့ဖေဖေ့ကိုခေါ်လိုက်ပေမဲ့ ဖေဖေကလိပ်ပြာကိုတစ်ချက်လှည့်ကြည့်ပြီး စားပွဲပေါ်မှသတင်းစာကိုယူဖက်လိုက်သည်။ လိပ်ပြာကိုအခုထိစိတ်ဆိုးမပြေသေးဘူးနဲ့တူတယ်...။
"အိန်ဂျယ်အစောကြီးဘာလာလုပ်တာလဲ
ညည်းထွက်လာတာ အိမ်ကရောသိရဲ့ လား "
"လိပ်ပြာထွက်လာတာ ကြီးမြတော့တွေ့တယ်ထင်တာပဲ လိပ်ပြာအိမ်လိပ်ပြာပြန်လာတာမလာရဘူးလား "
"ညည်းကအရင်လိုအပျိုလေးမဟုတ်တော့ဘူး သူများအိမ်ကချွေးမဖြစ်သွားပြီ သူတို့မသိဘဲ ထွက်လာတာကောင်းတဲ့အရာမဟုတ်ဘူးနော် အိမ်ကမဆုံးမဘူးလားလို့မေးငေါ့လာလိမ့်မယ် "
"မေမေကလည်း လိပ်ပြာအရေးကြီးတဲ့ပစ္စည်းတွေကျန်ခဲ့လို့ပြန်လာယူတာပါ သွားယူလိုက်ဦးမယ်"
လိပ်ပြာအခန်းလေးထဲဝင်လာတော့ နွေးထွေးသွားရသည်။ လွတ်လပ်သွားရသည်။လုံခြုံသွားရသည်။ ဒါပေမဲ့ခဏပဲနေရတော့မှာလို့တွေးလိုက်ချိန် ရင်ထဲမှာမီးလိုပူသွားရသည်။ လိပ်ပြာလိုချင်တဲ့ပစ္စည်းတွေကို အိတ်ထဲထည့်ပြီး အောက်ထပ်သိုပြန်ဆင်းလာသည်။
"မေမေ လိပ်ပြာဗိုက်ဆာတယ်ဘာရှိလဲဟင် "
" ဘာမှမရှိဘူး "
" ဘာမှမရှိလဲစားမှာပဲ "
"ညည်းကဒီမှာစားတော့ ညည်းယောက်ျားကိုဘယ်သူကမနက်စာပြင်ပေးမှာလဲ "
" ဟွန်း "
လိပ်ပြာနှုတ့ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။
မနေ့ညကနေ ဒီမနက်အထိ သူ့ရဲ့ အရိပ်တောင်မမြင်ရသေးတာ မနက်စာတဲ့လား ရီချင်လိုက်တာ...။
" ပြန်တော့ "
"မေမေကလည်း လိပ်ပြာကိုသမီးလို့တောင်မခေါ်တော့ဘူးလား တညည်းညည်းနဲ့လိပ်ပြာခိုဖြစ်တော့မယ် "
"ဖြစ်ဖြစ် ပြန်တော့ ဟိုကဖုန်းဆက်ပြီးမတိုင်ခင် "
" မေမေကလည်း...."
"မေမေ့ကိုသူများပြောတာမခံစေချင်ရင်ပြန်တော့နော်"
လိပ်ပြာကိုနှင်နေသောမေမေ့ကြောင့် လိပ်ပြာရင်ထဲလှိုက်ကာဝမ်းနည်းလာရသည်။ လိပ်ပြာမေမေ့ကိုဖက်လိုက်မိသည်။ အဲ့အချိန်လိပ်ပြာမျက်ရည်ကျသွားသလားမသိ လိပ်ပြာပါးပြင်စိုစွတ်သွားရသည်။ မေမေစိတ်ချမ်းသာအောင် လိပ်ပြာပြန်လာခဲ့သည်။
လိပ်ပြာတို့မင်္ဂလာဆောင်ပြီးတာ ၇ ရက်ရှိပြီ
။ သူ့ကိုဒီနေ့အထိအရိပ်အယောင်တောင်မတွေ့ရသေးပေမဲ့ သူ့အမိန့်တွေကိုတော့လက်ခံရရှိပါတယ်။ ဥပမာ အလုပ်မသွားဖို့ အပျိုလေးလုပ်ပြီးတစ်ယောက်
ထဲအပြင်မထွက်ဖို့ပေါ့။ လိပ်ပြာသူပြောတာတွေနဲ့ ဆန့်ကျင်ပြီးအလုပ်ကိုတစ်ယောက်ထဲသွားခဲ့သည်။ ဒါပေမဲ့ လိပ်ပြာနေရာမှာမိန်းကလေးတစ်ယောက်ကို
အစားထိုးထားနှင့်ပြီလေ တစ်ကိုယ်ကောင်းဆန်လိုက်တာ၊ သူဘာကြောင့်ဒီလိုတွေလုပ်နေလဲဆိုတာလိပ်ပြာဒီနေ့သိခဲ့ရပါတယ်...။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၄၇) ဆက်ရန် >>>
#Ruby Linn