book

Index 45

အပိုင်း (၄၅)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-------------------


နောက်တစ်နေ့မနက် နေမင်းကြီးထွက်ပြူမလာခင်အိမ်သို့ပြန်လာခဲ့ကြသည်။ လိပ်ပြာအိမ်ထဲဝင်ဖို့တွန့်ဆုတ်နေမိ၏။ လိပ်ပြာမိဘတွေကိုဝန်ချတောင်းပန်ပြီးရှိခိုးရမည်။ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာလေးတွဲသောခြေလှမ်းများဖြင့် လှမ်းဝင်လာခဲ့သည်။ အိမ်ထဲဝင်ဝင်ချင်း

လိပ်ပြာပထမဆုံးရင်ဆိုင်လိုက်ရသူက...


"မိအိန်ဂျယ် ညည်းဘယ်တွေသွားနေတာလဲ

အကျိုးအကြောင်းတော့ပြောဦးမှပေါ့ အခုဟာက "


ဟု ဆိုပြီးမေမေ့စကားပြက်တောက်သွားခြင်းက လိပ်ပြာအနောက်မှဝင်လာတဲ့သတိုးတေဇကြောင့်ပင်...။ 


" ပန်းလိပ်ပြာ !!! "


လိပ်ပြာနာမည်အပြည့်အစုံကိုတစ်ခါမှမခေါ်ဖူးတဲ့မေမေက လိပ်ပြာနာမည်ကိုဒေါသသံပါပါအော်ခေါ်လိုက်ချိန် လိပ်ပြာတုန်တက်သွားရသည်။ 


မေမေအော်လိုက်တဲ့အသံကြောင့် အိမ်ထဲမှ

ဖေဖေနှင့်လိပ်ပြာအဒေါ်တို့ထွက်လာကြသည်။ တီလေးကလိပ်ပြာအနားရောက်လာကာ လိပ်ပြာလက်မောင်းကို ဆောင့်ယူဖျစ်ညစ်၍ဆွဲကိုင်ရင်း...


" နင်တို့တွေညကအတူတူနေလာခဲ့ကြတယ်လို့မပြောနဲ့နော် "


တကယ်လည်းဟုတ်နေတာမို့ လိပ်ပြာတိတ်နေကာခေါင်းငုံ့နေမိသည်။


"ဟဲ့ ငါမေးတာဖြေလေ ငါပြောတာများဟုတ်နေပြီလားမသိဘူး အစ်မကိုယ့်သမီးကိုမေးကြည့်ဦး"


"မိအိန်ဂျယ် နင့်ကိုမေးနေတယ်လေ ဘာလို့အခုမှတိတ်နေတာလဲ ဖြေလေ "


လိပ်ပြာဖြေနိုင်စွမ်းမရှိတော့ ခေါင်းသာအသာငြိမ့်မိတော့သည်။ 


" ဟာ "


ဆိုပြီး ဖေဖေကဆိုဖာပေါ်ပစ်လှဲကျသွားသည်။ လိပ်ပြာဖေဖေ့ဆီပြေးသွားကာ...


"ဖေဖေ လိပ်ပြာတောင်းပန်ပါတယ် မိဘတွေရဲ့အရှက်ကိုခွဲတဲ့သမီးမိုက်ကို ခွင့်မလွှတ်ပါနဲ့ "


"မိအိန်ဂျယ် ညည်းမိုက်လှချည်လားငါတို့မျက်နှာကိုမမြင်နိုင်လောက်အောင် ညည်းဘာတွေမွှန်နေတာလဲ ဟမ် ငါတို့ကသဘောမတူဘဲခွဲထားလို့လား "


ပြောပါတော့မေမေရယ် လိပ်ပြာအားလုံးရဲ့ အလယ်မှာဒူးထောက်ပြီး ခေါင်းမဖော်နိုင်အောင်ငိုနေမိသည်။


ထိုအချိန် သူကလိပ်ပြာအနားရောက်လာသည်။


"ကျွန်တော့်အပြစ်တွေလည်းပါပါတယ် ဘာပဲဖြစ်ဖြစ်ကျွန်တော်လိပ်ပြာကိုတာဝန်ယူမှာပါ အခုချက်ချင်းလက်ထပ်ဆိုလည်းလက်ထပ်မှာပါ "


"မင်းတကယ်လက်ထပ်ချင်ပါတယ် အိန်ဂျယ့်ကိုတန်ဖိုးထားတယ်ဆိုရင် မင်းဒီလိုမလုပ်သင့်ဘူး မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲ "


မေမေ့ရဲ့ အမေးကို သူပြန်မဖြေ။ ဖေဖေကတော့ဆိုဖာပေါ်တွင် လက်မှိုင်ချကာလုပ်ရက်လေချင်းဆိုတဲ့အကြည့်နဲ့ လိပ်ပြာကိုကြည့်နေသည်။ 


"လိပ်ပြာကိုဘာမှမပြောပါနဲ့ ကျွန်တော်တောင်းပန်ပါတယ် "


"အေး ကောင်းတယ် လူကြားလို့ကောင်းတယ် ဘယ်လိုကြောင့်များဒီလိုစိတ်ကူးရပြီးလုပ်လိုက်လည်းဆိုတာ ငါတော့မတွေးတတ်တော့ဘူး "


လို့ ကြီးခင်ကပြောရင်း အခန်းထဲ ခေါင်းတစ်ခါခါ စုတ်တသပ်သပ်ဖြင့်ဝင်သွားသည်။


"အေး ငါကတော့တစ်ရှက်ကနှစ်ရှက်မဖြစ်ရအောင် မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်ဖို့ပဲပြောချင်တယ် "


" ဟုတ်ကဲ့ပါအန်ကယ် အမြန်ဆုံးဖြစ်စေရပါ့မယ် "


°°°°°°°°°


မရဏစံအိမ် 🕍


"သားမနေ့ညကသမီးလေးကိုခေါ်သွားပြီး 

ဒီမနက်မှပြန်ပို့ပေးတယ်ဆို ဘာလုပ်တာလဲ "


"ကြားတဲ့အတိုင်းပဲ စိတ်မပူပါနဲ့ ကျွန်တော်

 တာဝန်ယူမှာပါ မနက်ဖြန်ပဲလက်ထပ်မယ် "


ဆိုပြီး အပေါ်ထပ်သို့တက်သွားသည်။


"ကိုကြီး ဒါသက်သက်ဖြူ့ကိုမုန်းလို့  ကလဲ့စားချေချင်လို့လုပ်တာ လိပ်ပြာလေးမှာဘာအမှားရှိလို့လဲကိုကြီး လုပ်ချင်ရင်ဖြူ ကိုလုပ်ပေါ့ အခုတော့ဘာမှမဆိုင်တဲ့ "


"မပူပါနဲ့ ခင်ဗျားဆန္ဒအတိုင်းဖြစ်လာမှာပါ

အလှည့်ကျရင်မနွှဲ့စတမ်းပေါ့ အဲ့ကျမှခံနိုင်ရည်ရှိအောင်ပြင်ဆင်ထား "


စိတ်ထဲပြောရင်း သတိုးတေဇရဲ့ ခြေလှမ်းတွေက အောင်နိုင်သူတို့၏ ခြေလှမ်းကဲ့သို့ပင်။ စကားသံတွေက ဝေး၍သာကျန်ခဲ့သည်။ 


°°°°°°


ညနေစောင်းကျေးငှက်တို့အိပ်တန်းတက်ချိန် 

လိပ်ပြာတို့အိမ်၌လူစည်ကားနေသည်။ 


"မင်္ဂလာလက်ဖွဲ့အတွက်ဘယ်လောက်သတ်မှတ်ပါသလဲ ကျွန်တော်ဒီကတောင်းဆိုတဲ့အတိုင်းဖြည့်ဆည်းပေးပါ့မယ် "


ဟု ဦးဘုန်းတေဇက စကားစလိုက်သည်။ 


လိပ်ပြာသိထားရသလောက် ခိုးရာလိုက်ပြေးတဲ့မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ နှစ်ဖက်သောမိဘတွေသဘောတူညီလို့ လူပုံအလယ်မှာဝံ့ဝံ့ကြွားကြွားမင်္ဂလာဆောင်ရတဲ့မိန်းကလေးလောက် တန်ဖိုးမရှိဘူးလို့သိရတယ်...၊ ကိစ္စတိုင်း

ကိုလည်း ယောက်ျားလေးရှင်ဘက်ကပြောတဲ့အတိုင်း လိုက်လုပ်ရတယ်လို့ ကြားသိခဲ့တာပါ...၊ မေမေတို့ရင်ထဲမှာ အပူမီးတွေဘယ်လောက်တောင်ဝေနေလိုက်မလဲ...၊ မိဘမျက်ရည်တစ်စက်ဟာ

သားသမီးဆင်းရဲတစ်သက်တဲ့...။ 


"ကျွန်တော်တို့ဘက်ကအထွေအထူးပြောစရာမရှိပါဘူး ယောက်ျားလေးဘက်ကသဘောအတိုင်းပါပဲ "


"မဟုတ့တာ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်က စိန်တစ်စင်စာ ရွှေတစ်စင်စာ တိုက်တစ်လုံးကားတစ်စီး ငွေသိန်း ၅၀၀ နဲ့ တင်တောင်းပါတယ် ဘာများလိုအပ်တာရှိသေးလဲခင်ဗျာ အားမနာပါနဲ့ပြောပါ "


မေမေတို့ကဘာတစ်ခွန်းမှမပြောဘဲ ငြိမ်နေကြသည်။ တခဏကြာမှဖေဖေက ...


" မရှိပါဘူး "


လို့ ပြောလာသည်။ 


"ဒါဆိုကျွန်တော်ညနေကျရင် လိပ်ပြာအတွက်မင်္ဂလာဝတ်စုံပို့ပေးလိုက်ပါ့မယ်၊ တော်မတော်ဝတ်ကြည့်ဖို့ပါ မတော်ရင်မနက်အမီပြန်ပြင်ရမှာမလို့ "


"လိပ်ပြာမြန်မာလိုပဲဆောင်မှာ "


သတိုးတေဇ ခဏတွေသွားပြီးမှ....


"ကောင်းပါပြီ လိပ်ပြာသဘောပါ ဒါပေမဲ့ dinner ပွဲကိုတော့ ညကျရင်ခြံထဲမှာကျင်းပရလိမ့်မယ် "


သူ့စကားကိုကောင်းသည်ဆိုးသည်လို့ လိပ်ပြာတစ်ခွန်းမှထောက်ပြပြောဆိုခြင်းမရှိ...။ 


"လိပ်ပြာမင်္ဂလာပွဲကို အကျဉ်းရုံးပြီးလုပ်ချင်ပါတယ် "


"တစ်သက်မှာတစ်ခါပဲဆောင်ရတာမို့ သားတို့ကို ခမ်းခမ်းနားနားဆောင်ပေးချင်တာ  အန်ကယ့်သေဘာအရဆို "


အန်တီလေးကတော့ ဘာမှဝင်မပြော လိပ်ပြာကို သနားဂရုဏာသက်တဲ့အကြည့်တွေနဲ့ကြည့်နေသည်။


°°°°°°°°°


မနက်ပိုင်းမင်္ဂလာပွဲကိုဘုန်းကြီးကျောင်းတွင်

ဆွမ်းကပ်ပြီး ရင်းနှီးတဲ့လူများကိုဖိတ်ကျွေးကာ အကျဉ်းရုံးသာကျင်းပလိုက်သည်။ 


တစ်သက်မှာတစ်ခါပဲမင်္ဂလာဆောင်ရတာလေ မိန်းကလေးတိုင်းမှာ ကိုယ့်မင်္ဂလာပွဲအတွက် မျှော်မှန်းကာရည်ရွယ်ထားတဲ့အိမ်မက်တွေကိုယ်စီရှိကြပါတယ်...။ 


တစ်ချို့ မိန်းကလေးတွေက လှပပြီးတင့်တယ်တဲ့ ခန်းမကြီးအလယ်မှာကြီးကျယ်ခမ်းနားစွာ မဂ်လာဆောင်ချင်ကြတယ်...။  ဘာမှမရှိရင်နေပါ၊ 

ကိုယ်ချစ်တဲ့သူရဲ့ လက်ကိုတွဲပြီး ရိုးရိုးလေးပဲ မင်္ဂလာဆောင်ချင်ကြတဲ့ သာမန်မိန်းကလေးတွေလည်းရှိကြတယ်...၊ တချို့ romantic ဆန်တဲ့ မိန်းကလေးတွေဆိုရင် ပြာလဲ့နေတဲ့ပင်လယ်ကြီးကို သက်သေထားပြီး ကမ်းခြေမှာလူနည်းနည်းလေးနဲ့ ကိုယ့်မင်္ဂလာပွဲကို ကိုယ့်ချစ်သူနဲ့အတူဖြတ်သန်းချင်ကြတယ်...။ 


လိပ်ပြာရော လိပ်ပြာကရော ဘယ်ထဲမှာပါတာလဲ...၊ ကြီးကျယ်ခမ်းနားတာကို ကြိုက်တာလား လူမသိသူမသိဘဲရိုးရိုးရှင်းရှင်းလေးကိုကြိုက်တာလား။ 

ဒါမှမဟုတ် romantic ဆန်တာကို ကြိုက်တာလား လိပ်ပြာတစ်ခါမှမတွေးဖူးသလို ကိုယ့်ကိုကိုယ်လည်းပြန်မမေးခဲ့ဖူးပါဘူး...။ 


အမှန်အတိုင်းပြောရရင် စိတ်ကူးမယှဉ်ခဲ့ဖူးဘူးဆိုပိုမှန်လိမ့်မယ်...သူများမင်္ဂလာပွဲကိုသွားလို့ အပြင်အဆင်အခမ်းအနားတွေကိုကြည့်ပြီးအားမကျခဲ့ဖူးပါ။ ငါ့အလှည့်ကျရင်ဒိီထက်သာအောင်လုပ်ရမယ် ဘယ်လိုပုံစံမျိုးလေးဆိုလှသွားမှာပဲဆိုပြီး 

စိတ်မကူး စိတ်မဝင်စားခဲ့ပေ...။ 


တစ်ခုပဲ သူတို့မင်္ဂလာဆောင်ပြီးလို့ ကျန်ရှိနေတဲ့ဘဝကို နှစ်ယောက်သားဘယ်လိုမျိုးလျှောက်လှမ်းမလဲဆိုတာတော့ စိတ်ဝင်စားခဲ့သည်။ ဥပမာ မင်္ဂလာဆောင်တုန်းကလိုမျိုး နှစ်ယောက်သားပျော်ပျော်ရွင်ရွင်နဲ့ဖြတ်သန်းသွားကြမှာလား...။ 


အခုလည်းဒီလိုပဲ လိပ်ပြာတို့နှစ်ယောက်လက်ထပ်ပြီးရင် ဘယ်လိုစခန်းသွားကြမလဲ...၊ အခုတည်းကလိပ်ပြာရင်မောနေရပြီ။ 


"လိပ်ပြာ ဘာတွေစဉ်းစားနေတာလဲ "


"ဟင် မယ် ဘာမှမဟုတ်ပါဘူး "


"စိုင်း အိန်ဂျယ်ကိုကြည့်ရတာတစ်မျိုးပဲ မရွှင်မပျနဲ့"


" ပင်ပန်းနေလို့ဖြစ်မှာပါ "


"လက်ထပ်ပြီးခါစ မိန်းကလေးတစ်ယောက်ကဒီလိုပဲလား ငါတော့မထင်ဘူး အခုလည်းကြည့်လိုက် အိန်ဂျယ်ကသူ့အိမ်မှာပြန်နေပြီး သတိုးသားကဘယ်ရောက်နေမှန်းမသိဘူး "


သူတို့နှစ်ယောက်အခန်းတံခါးဝတွင်ရပ်ပြီး 

လိပ်ပြာကိုကြည့်ကာ တီးတိုးပြောနေကြသည်။ 


"ငါထင်သလိုတော့မဟုတ်နိုင်ပါဘူးနော် "


" ဘာလဲ "


"အိန်ဂျယ်က လက်မထပ်ချင်သေးတာကို

အတင်းလက်ထပ်ခိုင်းတာကြောင့်များလား "


မြတ်လေးပြောတာဟုတ်များနေမလား...

ပုံမှန်ဆို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လိပ်ပြာက အခုသူမဟုတ်တဲ့အတိုင်းပဲ...။ 


" လာ အိန်ဂျယ်ဆီသွားရအောင် "


"အိန်ဂျယ် နင်ကလည်းထိုင်နေလိုက်တာ

ကျောက်ရုပ်ကြီးကျနေတာပဲ နင့်သတိုးသားရော "


"ဟင် သြော် သူလား ညကျရင်လုပ်မဲ့ပွဲအတွက်သွားစီစဉ်နေတယ် "


" ဟုတ်လား "


"ကလေးတွေစကားပြောနေကြတာလား

မုန့်တွေစားကြဦးလေ မယ်လေး သမီးမစားရသေးဘူးမလား လာလိုက်ခဲ့ "


"ဟုတ်ကဲ့အန်တီ လိပ်ပြာခဏလိုက်သွားလိုက်ဦးမယ်"


"အင်း အင်း တစ်ဝစားလာခဲ့နော် "


မေမေနဲ့မယ်တို့ထွက်သွားတော့ အခန်းထဲတွင် စိုင်းနဲ့မြတ်လေးသာကျန်ခဲ့သည်။ 


°°°°°°°°°


မရဏစံအိမ် 🕍


မီးဖိုချောင်ထဲတွင် ကြီးမြနှင့်အလုပ်သမား

ကောင်မလေးများအလုပ်ရှုပ်နေကြသည်။


"အဂ္ဂ သခင်လေးဘာတွေလုပ်နေတာလဲ

ငါကတော့လိုက်မမီတော့ဘူး "


"ငါသိတယ် သခင်လေးမှာအကြောင်းပြချက်တစ်ခုပဲရှိတယ် အဲ့အတွက်အချိန်လွန်မှနောင်တရမှာကိုပဲငါစိုးရိမ်တယ် "


ဟု ဆိုပြီး သခင်လေးခြံထဲဆင်းသွားသောကြောင့် သူနောက်မှလိုက်သွားသည်။ 


" အဂ္ဂ စောင့်ဦး "


"အဂ္ဂ ဒီနေရာမှာ ခုံတွေတန်းစီချ ဖိတ်ရမဲ့လူစာရင်းတွေမင်းကိုပြောပြီးပြီနော် "


" ပြောပြီးပါပြီ "


"တစ်ယောက်ပဲ အဲ့တစ်ယောက်ကိုကျိန်းသေဖိတ်ရမယ် "


"စိတ်ချပါသခင်လေး သေချာအောင် ကျွန်တော်ကိုယ်တိုင်သွားဖိတ်လိုက်ပါ့မယ် "


အားလုံးဟာ သူ့အစီအစဉ်အတိုင်းဖြစ်လာခဲ့ပြီ၊ အကျိုးဆက်ကိုပဲစောင့်ရတော့မယ်...။ 


"လိပ်ပြာနင်ဘာဖြစ်နေတာလဲ ငါတို့ကိုပြောလေ "


ကိုယ်လုပ်ခဲ့တဲ့အကျိုးဆက်ကိုလိပ်ပြာခံရဲပါတယ် မျက်ရည်လေးစမ်းစမ်းနဲ့ပြန်ပြောပြပြီး အသနားခံမဲ့အထဲမှာလိပ်ပြာမပါဘူး...။ 


"ဘာမှမဖြစ်ပါဘူး လိပ်ပြာရုပ်တည်ကြီးနဲ့နေရင် လိပ်ပြာသူငယ်ချင်းတွေဘယ်လိုနေမလဲသိချင်လို့စမ်းကြည့်တာ "


" နင်ဟာလေ "


သူသိတာပေါ့ လိပ်ပြာစိတ်ထဲမှာတစ်ခုခုခံစားနေရရင် သူများမသိရအောင် အတင်းလုပ်ယူပြီး ပျော်ချင်ယောင်ဆောင်မယ်ဆိုတာ...။ 


"ကဲ ကဲ နားလိုက်ပါဦး သတိုးသမီးအသစ်စက်စက်လေး ညကျရင်လည်းပွဲတစ်ခုရှိသေးတယ်ဆိုတော့ သွားတော့မယ် "


" အင်း လာပေးတာ ကျေးဇူးပဲနော် "


"မလိုပါဘူး တစ်ယောက်တစ်လှည့်ပေါ့ "


မြတ်လေးအပြောကြောင့် လိပ်ပြာပြုံးတယ်ဆိုရုံသာပြုံးလိုက်သည်။ 


"လာ စိုင်းသွားရအောင် ဟဲ့ ငစိုင်းငါပြောတာ

ကြားလား "


" အင်း အင်း "


လိပ်ပြာအခုထိနားမလည်သေးဘူး...သူဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲဆိုတာ ဒီကိစ္စကို သူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး မေးမှရမယ်...။ 


°°°°°°°


"သမီးရေ မောင်သတိုးလွှတ်လိုက်တာတဲ့ ဒီမှာ "


လိပ်ပြာမနက်တည်းကဘာမှမစားရသေးတာမို့ မီးဖိုချောင်ထဲဝင်ကာ ထမင်းတစ်လုတ်နှစ်လုတ် စားနေတုန်းရှိသေး ဖေဖေလှမ်းခေါ်သောကြောင့် 

လက်ထဲမှဇွန်းကိုချပြီး ထွက်လာခဲ့သည်။ 


"ကျွန်တော့်နာမည်ဗညားပါ သခင်မလေးကိုအခေါ်လွှတ်လိုက်လို့ပါ "


"လိပ်ပြာလို့ပဲရိုးရိုးခေါ်ပါ လိပ်ပြာအခုမလိုက်နိုင်သေးလို့ပြန်လို့ရပါပြီ "


" သမီး "


လိပ်ပြာဘုဆက်ဆက်ပြောလိုက်တာမို့ ဖေဖေ့ရဲ့ဟန့်တားမှုကိုခံလိုက်ရသည်။ 


"အဲလိုမလုပ်ပါနဲ့ သခင်မလေးမလိုက်ရင်

ကျွန်တော့်ကိုသခင်လေးအပြစ်ပေးပါလိမ့်မယ် "


"လိပ်ပြာကမလိုက်တာလို့ပြောလိုက်ပါ "


သခင်လေးကလည်း ဒါဆိုဒါပဲလိုချင်တယ်

သခင်မလေးကလည်းခေါင်းမာမာနဲ့

ဗညားတစ်ယောက် ကြားကစိတ်ညစ်နေရသည်။ နောက်ဆုံးသခင်လေးဆီဖုန်းဆက်လိုက်သည်။ 


တစ်အောင့်ကြာတော့ လက်ထပ်ပြီးထဲက

ပျောက်နေတဲ့ လိပ်ပြာရဲ့သတိုးသားကပေါ်လာပါတော့သည်။


"လိပ်ပြာကကိုယ်လာခေါ်မှာကိုစောင့်နေတယ်နဲ့တူတယ် လာသွားရအောင် "


" လာလေ "


ဆိုပြီး လိပ်ပြာနားရောက်လာကာ လိပ်ပြာလက်ကိုလှမ်းဆွဲခေါ်သည်။ 


"လိပ်ပြာမေမေတို့နဲ့အေးဆေးစကားမပြောရသေးဘူး"


"ကလေးလေးကျနေတာပဲကွာ ညကျရင်တွေ့ရမှာပဲလေ အန်ကယ်တို့ကထွက်မပြေးပါဘူး "


"သမီးလိုက်သွားလိုက်ပါ ဖေဖေတို့ညနေကျရင်လာခဲ့မယ် လိုက်သွား "


"ဖေဖေ "


လိပ်ပြာဝမ်းနည်းလာရသည်။ လိပ်ပြာအဆင်သင့်မဖြစ်သေး...ဖေဖေတို့နဲ့နည်းနည်းတောင်ခွဲပြီးမနေနိုင်ဘူး...လိပ်ပြာဘာလုပ်ရမလဲ ရူးတော့မယ်။ 

မျက်ဝန်းထဲတွင် မျက်ရည်များကအရည်လည်လာသည်။


"လာ လိပ်ပြာ လာ "


လိပ်ပြာသူခေါ်ဆောင်ရာနောက် တရွေ့ရွေ့နဲ့လိုက်ပါလာရသည်။ ကားမှန်ပြတင်းပေါက်သို့ မျက်နှာကိုပို့ထားပေမဲ့ လိပ်ပြာလက်ပေါ်သို့မျက်ရည်များကပေါက်ခနဲကျနေသည်။ 


မငိုပါနဲ့ကွာ မင်းငိုရင်ကိုယ့်အသည်းတွေနာကျင်လွန်းလို့ပါ၊ မင်းမိဘတွေလက်ထဲကအတင်းခေါ်လာတဲ့ ကိုယ့်ကိုနာကျည်းတော့မှာလား မုန်းတော့မှာလား...မင်းကိုအလျော်အနေနဲ့ ကိုယ့်အချစ်တွေပုံပေးပါလို့ပြောရင်လည်း ကိုယ်ပွင့်ပွင့်လင်းလင်းပေးနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်မင်းကို

စောင့်ရှောက်သွားမှာပါ ထာဝရ...။ 


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၄၆) ဆက်ရန် >>>


#Ruby Linn


rate now: