💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-----------------
"ဟယ်တော် ဘယ်ရောက်ကုန်ကြတာလဲသခင်လေးထမင်းပွဲပြင်ခိုင်းလို့ပြင်ပြီးလာခေါ်တာ အခုမရှိတော့ဘူး... "
"ဟော သခင်မကြီးပြန်လာပြီလား "
" သခင်မကြီးလို့မခေါ်ပါနဲ့လို့ ပြောထားတာကို ကြီးမြကလည်း..."
"ကြီးမြနှုတ်ကျိုးနေလို့ပါ "
"ဒါနဲ့ ကိုကြီးရော "
"အပြင်သွားတာကြာပြီ ပြန်လာတော့မယ်နဲတူတယ်"
"သြော် ဟုတ်ကဲ့ "
လိပ်ပြာလေးက ဒီကိစ္စတွေနဲ့ဘာမှမသက်ဆိုင်ပါဘူး...။ သူ့ကိုအမုန်းကြီးမုန်းနေတဲ့ သတိုးတေဇတစ်ယောက် သူ့ကိုကလဲ့စားချေချင်တာနဲ့ လိပ်ပြာ
ကိုဓားစာခံမလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်...။
°°°°°°°°°°°
လိပ်ပြာတို့အိမ်ကိုမောင်းလာတဲ့တစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ ကားထဲမှာအပ်ကျသံတောင်မကြားရ။ လိပ်ပြာလည်းသူ့ကိုဘာမှမပြောချင်ဘူး...။
လိပ်ပြာတို့အိမ်ရှေ့ ကားရပ်သွားတော့ ကားပေါ်မှဆင်းလာပြီး...
"ကို အိမ်ထဲဝင်ပါဦးလား "
" မဝင်တော့ဘူး "
ဆိုပြီး ကားကိုမောင်းထွက်သွားသည်။
ဒီကိစ္စအတွက်နဲ့ လိပ်ပြာတို့နှစ်ယောက်ရဲ့
ဆက်ဆံရေးဟာ ပြောင်းလဲသွားတော့မှာလား၊ လိပ်ပြာကြောက်နေတဲ့အရာက တကယ်ဖြစ်လာတော့မှာလား..။ လိပ်ပြာကတော့ လိပ်ပြာအချစ်ကိုယုံတယ်...။
"သမီး မောင်သတိုးလိုက်ပို့တာမလား
အိမ်ထဲဝင်ဖို့မခေါ်လိုက်ဘူးလား "
"သူအလုပ်ပေါ်လာလို့ မဝင်တော့ဘူးတဲ့ဖေဖေ "
" အေး အေး "
"ဒါဆိုလိပ်ပြာအပေါ်တက်နားတော့မယ်နော် "
"အေး နား နား "
" ဟုတ်ကဲ့ "
°°°°°°°°°
လိပ်ပြာတို့ဒီနေ့စေ့စပ်မယ်လို့ပြောတယ်...။
လိပ်ပြာတို့စေ့စပ်ပွဲကိုရှေ့မျက်နှာနောက်ထားပြီး
မလာနိုင်တာခွင့်လွှတ်ပါ...။ ငါ့ကိုမျှော်နေမယ်ဆိုတာသိပါတယ်၊ အလုပ်ရှိလို့လို့အကြောင်းပြခဲ့ပေမဲ့ တကယ်လည်းသူခြံထဲမှာတစ်နေကုန်အလုပ်လုပ်နေသည်။ အလုပ်တစ်ခုပြီးတစ်ခုလုပ်သည်။
အလုပ်နဲ့လက်မပျက်အောင်လုပ်သည်။ နည်းနည်းလေးအလုပ်မအားလိုက်နဲ့ အလုပ်အားလိုက်တာနဲ့ စိတ်ကလိပ်ပြာတို့စေ့စပ်ပွဲကိုသာရောက်နေသည်။
လိပ်ပြာစိတ်ချမ်းသားတယ်ဆို သူလည်းစိတ်ချမ်းသာရမှာပေါ့၊ သူတို့နှစ်ယောက်ကအချစ်ဆုံးသူငယ်ချင်းတွေမဟုတ်လား...။ ဒါပေမဲ့ သူ့စိတ်ထဲမှာဘာလို့
နာကျင်နေရတာလဲ ထပ်တူထပ်မျှမခံစားပေးနိုင်ရတာလဲ...။ တယ်လည်းဆန်းကြယ်တဲ့အချစ်ပါလား။
°°°°°°°°°°
"သူဋ္ဌေးလေ မပန်းလိပ်ပြာဒီမနက်ပဲသတိုးတေဇနဲ့စေ့စပ်လိုက်ပါပြီ "
"အဲ့လောက်မြန်မြန်ကြီး "
" ဟုတ်ပါတယ် "
"လိပ်ပြာကိုသူတစ်ဝက်ပိုင်သွားပြီဖြစ်ကြောင်းပြလိုက်တာပဲ၊ ရတယ် သူကစေ့စပ်ပွဲလုပ်ရင် ငါကသူ့ထက်အရင်လိပ်ပြာနဲ့လက်ထပ်ပြမယ် "
" ဖြစ်ပါ့မလား "
"မင်းမယုံလို့လား ငါ့ကို "
"ကံကြမ္မာကိုပါ စေ့စပ်ပွဲကိုတောင်မှဘယ်သူမှဖိတ်တာမဟုတ်ဘူး...လက်ထပ်ပွဲကိုလည်း
ဘယ်သူမှမသိအောင် ကျင်းပလိုက်မှာစိုးလို့ပါ "
"မဖြစ်စေရဘူး ငါရအောင်ယူပြမယ်အနုနည်းနဲ့မရရင်အကြမ်းနည်းနဲ့ "
မင်းဒင်အပြောကြောင့် ရှိုင်းအနည်းငယ် စိုးထိတ်ရင်မောသွားရသည်။ မြှားနှစ်စင်းပြိုင်တူသွားနေစဥ် ဆုံမှတ်တူလာသည့်အခါ မြှားတစ်စင်းစင်းက ပစ်မှတ်နဲ့ လွဲချော်နိုင်သလို မြှားနှစ်စင်းလုံး ဆုံမှတ်ကို ရောက်ရှိဖို့ အခွင့်အရေးဟာလည်းနည်းလှ၏။
°°°°°°°°
နောက်တစ်နေ့မနက်တွင် အန်တီလေးက
အစောကြီးလိပ်ပြာတို့အိမ်ရောက်လာသည်။
" အန်တီလေး "
" လိပ်ပြာလေး "
"အန်တီလေးမနက်အစောကြီးပါလား "
"ဟုတ်တယ် အန်တီလေးပြောစရာရှိလို့
လိပ်ပြာခဏလောက်လိုက်ခဲ့လို့ရမလား..."
" ဟုတ်ကဲ့ "
အန်တီလေးနဲ့လိပ်ပြာ စားသောက်ဆိုင်တစ်ဆိုင်တွင် မနက်စာစားရင်းစကားပြောကြသည်။
"လိပ်ပြာ မနေ့ကသမီးကို သားဘာတွေပြောလဲ "
"အန်တီလေးနဲ့လိပ်ပြာ ဘယ်လိုပတ်သက်လဲဆိုတာမေးတယ် အဒေါ်လို့ပြောလိုက်ရော
ဘာလို့အစထဲကမပြောခဲ့တာလဲဆိုပြီး ဒေါသတွေဖြစ်တော့တာပဲ "
"အန်တီလေးအပြစ်တွေပါ သမီးကိုကြားထဲကမခံစားစေချင်ဘူး "
"အန်တီလေးကိုသူတော်တော်မုန်းနေပုံရတယ်"
"အဲဒါကြောင့်ပြောတာ အန်တီလေးကိုမုန်းတာနဲ့လိပ်ပြာကို တစ်ခုခုလုပ်လိုက်မှာစိုးတယ် "
"အဲလိုတော့မလုပ်နိုင်ပါဘူးအန်တီလေး သူလည်းခေတ်ပညာတတ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ....ဘယ်ဟာကလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ စဉ်းစားတတ်မှာပါ "
"လိပ်ပြာလေး သစ်ပင်ကောက်တာမြင်ရတယ် လူကောက်တာမမြင်ရဘူး...လိပ်ပြာလေးသတိထားဖို့ပြောတာ ဒီကိစ္စတွေကိုလိပ်ပြာမေမေတို့သိလား "
"မသိပါဘူး အန်တီလေးရောပြောပြမယ်လို့
စိတ်ကူးထားလား "
"အန်တီလေးရဲ့ အပူတွေကိုမကူးစေချင်ပါဘူး၊ ဒါပေမဲ့သမီးကိုတစ်ခုခုအန္တရာယ်ပေးလာမှာကိုပဲ..."
"စိတ်ချပါ လိပ်ပြာကလေးမဟုတ်တော့ပါဘူး သူလမ်းမှားရောက်နေရင် လိပ်ပြာဘေးနားကနေလမ်းမှန်ပေါ်တင်ပေးမှာပါ "
"တော်သေးတာပေါ့ သမီးလေးဆီကအခုလိုကြားရလို့ မတွေ့ရတဲ့နှစ်တွေကြာလို့လားမသိဘူး လိပ်ပြာလေးတောင်စေ့စပ်ပြီးလို့လူကြီးတစ်ယောက်ဖြစ်လာပြီ "
"အန်တီလေးကမှပိုနုပြီးပိုချောလာတာ
အရွယ်တင်တယ် "
"လိပ်ပြာလေးအတွက်လက်ဆောင်တွေယူလာတယ် အဲလိုပြောမယ်မှန်းသိလို့ "
"တကယ်ပြောတာပါနော် "
" ဟုတ်ပါပြီ ဟုတ်ပါပြီ "
တူမချောလေးအပြောကြောင့် သူ ကျေနပ်ပီတိဖြစ်ရပေမယ့် မမြင်နိုင်သည့် ကံကြမ္မာကြောင့် ဘယ်လိုမှ ရတက်မအေးနိုင်ပေ။
°°°°°°°°°°
အလုပ်ကိုတန်းသွားရမှာမို့ အန်တီလေးကို
လိုက်မပို့ခိုင်းတော့ဘဲ taxi တားနေစဉ်...
" လိပ်ပြာ "
" စိုင်း "
" လိပ်ပြာဘယ်သွားမလို့လဲ "
"အလုပ်သွားမလို့ "
"လာလေငါလိုက်ပို့ပေးမယ် "
" အင်း "
"ဒါနဲ့အချိန်ရလားစကားပြောရအောင် "
" နာရီဝက်လောက်တော့ရတယ် "
လိပ်ပြာတို့စကားပြောရန် သစ်ရိပ်ဝါးရိပ်ကောင်းသည့်နေရာကို ရွေးလိုက်ကြသည်။
"လိပ်ပြာ မနက်စာစားပြီးပြီလား "
"အင်း စိုင်းရော "
" မစားရသေးဘူး "
"အချိန်မရလို့လား မနက်စာတော့စားဖြစ်အောင်စားလေ "
"မဆာလို့ပါ လိပ်ပြာဆိုင်ကယ်ပါမလာဘူးလား"
"ဟုတ်တယ် အန်တီလေးခေါ်လာလို့ "
" သြော် "
"စိုင်း နင်ဘာဖြစ်နေတာလဲ တစ်မျိုးပဲ နေမကောင်းဘူးလား အလုပ်တွေချည်းစွတ်လုပ်မနေနဲ့၊ နင့်ကိုရတဲ့မိန်းကလေးတော့တော်တော်ကံကောင်းမှာပဲ "
"နင့်သူဋ္ဌေးကသာကံကောင်းတာပါ လိပ်ပြာလိုအစစအရာရာပြည့်စုံတဲ့သူကိုရထားတာ "
တဖြည်းဖြည်းနဲ့ မျိုသိပ်ထားတဲ့သူ့ရင်ထဲက
ခံစားချက်တွေပွင့်ထွက်လာတော့မည်။
သူလိပ်ပြာနဲ့မျက်လုံးချင်းဆုံအောင်မကြည့်ရဲ...။
" စိုင်း နင်ပြောစရာရှိတယ်ဆို "
" အင်း ငါပန်းပျိုးပြီးရောင်းရင်ကောင်းမလားလို့ "
"ကောင်းတာပေါ့ ဒါပေမဲ့နင်နိုင်ပါ့မလား ပန်းပျိုးတာလည်းလွယ်တဲ့အလုပ်မဟုတ်ဘူးနော် "
"ငါသိပါတယ် အိမ်ကလည်းအဲလိုပဲပြောတယ် "
"လိပ်ပြာပြောတာမှန်နေပြီနဲ့တူတယ် "
"ဖောက်မလာစမ်းပါနဲ့ဟာ နင်ရှယ်ယာဝင်မလားလို့မေးတာ "
"ရှယ်ယာ ဝင်ချင်တာပေါ့ "
"အိမ်နဲ့ပြန်မတိုင်ပင်တော့ဘူးလား အထူးသဖြင့် နင့်လူကြီးပေါ့ "
"သူက နားစမ်းပါ၊ လိပ်ပြာပန်းစိုက်ရတာဝါသနာပါတယ် အသက်ကြီးလာရင် ပန်းစိုက်ရင်းသေမယ်လို့တောင်စိတ်ကူးထားဘူးတယ်... ရှယ်ယာတစ်ဝက်ထည့်မယ်ဟာ အကူအညီလိုရင်လည်းပြောဘယ်လိုလဲ "
" နင့်အလုပ်ကရော "
"အေးဆေးပါ အဲ့အလုပ်ကိုလုပ်ချင်တဲ့စိတ်မရှိတော့ဘူး "
"ဒါအလုပ်မှာမဟုတ်လို့ပါ အလုပ်မှာဆိုရင်
ငါမရှိရင်မဖြစ်ဘူးလို့ပြောမှာမလား "
"ပေါက်တက်ကရ ဟုတ်တယ် "
" ဟား ဟား ဟား "
"စနေတာ လိပ်ပြာတကယ်ရှယ်ယာဝင်မှာနော်"
"အေးပါ ဆောက်ဖြစ်မှကျောင်းဒါကာပေါ့ဟယ်"
" အေးပေါ့ "
စိုင်းနဲ့စကားပြောပြီးတော့ စိုင်းကလိပ်ပြာကို
အလုပ်ထိလိုက်ပို့ပေးပါသည်။ အလုပ်မှာတော့ လိပ်ပြာကို အခုထိဒေါသထွက်နေတုန်းလား၊ စိတ်ဆိုးနေတုန်းလားဆိုတာမသိတဲ့ လိပ်ပြာရဲ့ချစ်ရသူကတော့ မျက်နှာကြီးမှုန်ကုပ်ပြီး ရုံးခန်းထဲမှာထိုင်နေလေရဲ့၊ လိပ်ပြာလည်းသူ့ကို မသိချင်ယောင်ဆောင်ကာ အလုပ်စားပွဲတွင်
ခပ်တည်တည်ဝင်ထိုင်လိုက်သည်။
သူရှိနေလျက်သားနဲ့ သူ့ကိုမနှုတ်ဆက်ဘဲ
ဝင်ထိုင်တာဘာသဘောလဲ...၊ သူ့ကိုတစ်ခုခု
ပြောလာလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူထင်ထားတဲ့အတိုင်းဖြစ်မလာခဲ့...။ သေချာပါတယ် သူမကသူ့အားနည်းချက်ဆိုတာ၊ သူမကိုစကားမပြောဘဲ နေလို့မရမှန်းသိပေမဲ့ ကြိတ်မှိတ်ကာနေနေသည်။ နောက်ဆုံး...
" လိပ်ပြာ ဒီကိုလာဦး "
လိပ်ပြာကို သူစကားပြောတယ်...ဒါဆိုသူစိတ်ဆိုးပြေပြီပေါ့၊ လိပ်ပြာစိတ်ထဲပျော်သွားပေမဲ့ မျက်နှာကိုကူးစက်မသွားစေရ။ ခပ်တည်တည်ပင် သူ့စားပွဲရှေ့ မတ်တပ်သွားရပ်လိုက်သည်။
"ကော်ဖီခါးခါးတစ်ခွက်ဖျော်ပေး "
" ဟုတ်ကဲ့ "
လိပ်ပြာသူပြောသလို black coffee တစ်ခွက်ဖျော်လာပြီး သူ့ရှေ့ကမ်းပေးတော့ တစ်ငုံသောက်ကြည့်ပြီး...
" ပေါ့လိုက်တာ ပြန်သွားဖျော်ချည် "
" ဟုတ်ကဲ့ "
နောက်တစ်ခေါက်သွားပြန်ဖျော်လာပြီး သူ့ရှေ့ချပေးလိုက်တော့လည်း...
"ခါးတူးနေတာပဲ မမြည်းကြည့်ဘူးလား "
" ဟင့်အင်း လိပ်ပြာမှအခါးမကြိုက်တာ "
" သံပုရာသီးညှစ်လာခဲ့ "
ဟင်း ဒါသူသက်သက်လိပ်ပြာရဲ့ သည်းခံနိုင်စွမ်းကိုစမ်းသပ်နေတာပဲ၊ လိပ်ပြာစိတ်မရှည်တော့ သံပုရာသီးတစ်ခြမ်းလုံးညှစ်ထည့်ပြီးပြန်ယူလာသည်။
" မြည်းကြည့်ပြီးပြီလား "
" ဟို "
ဒုက္ခပဲ လိပ်ပြာကိုယ့်လက်စကိုယ်သိတယ်
တော်တော်ခါးပြီးချဉ်စုပ်နေမှာ...။
" သောက်ကြည့် "
" ဟင် "
"လိပ်ပြာမကြိုက်ဘူး "
ဆိုပြီး လှည့်ထွက်ရန်အပြင် သူကလိပ်ပြာလက်ကိုဆောင့်ဆွဲလိုက်သောကြောင့်သူ့ပေါင်ပေါ်ထိုင်ရပ်သားဖြစ်သွားသည်။
"အ ကို ဘာလုပ်တာလဲ "
" ပြောကြည့်လေ "
" အဲဒါဆိုလွှတ်ပေး "
လိပ်ပြာကုန်းထပေမဲ့ သူကလိပ်ပြာကိုပေးမထ လိပ်ပြာစိတ်ညစ်လာရသည်။
"မနေ့ကကိစ္စကို ကိုယ်တောင်းပန်တယ်နော်
ကျေနပ်တော့ "
"အပြစ်လုပ်ပြီး တောင်းပန်တိုင်းကျေနပ်ရမယ်ပေါ့ "
လိပ်ပြာ သူ့ဘက်ခေါင်းလေးစောင်းငဲ့ကာပြောလိုက်သည်။
"Baby ကလည်းကွာ ကိုယ်သူ့ကိုမုန်းတာ
baby အသိပဲဟာကို "
" ဒါပေမဲ့ "
"ကိုယ်သူ့ကိုမုန်းပေမဲ့ လိပ်ပြာကိုချစ်တယ်
သက်သက်စီပါပဲ "
" ဒါပေမဲ့ အင့် "
ကိုက လိပ်ပြာနှုတ်ခမ်းကိုဖိကပ်ကာ နမ်းလိုက်သောကြောင့် ပြောမဲ့စကားများပြက်တောက်သွားရသည်။ လိပ်ပြာကို့ကိုတွန်းလည်းမတွန်းမိ ရုန်းလည်းမရုန်းမိ မျက်လုံးများမှိတ်ကာ ကို့အကျီလက်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
သူမကိုနမ်းနေပေမဲ့ သူမကတော့သူ့ကိုပြန်
မနမ်းဘဲ ငြိမ်သက်နေသောကြောင့် သူမနှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး ကြည့်လိုက်တော့ မျက်လုံးများမှိတ်နေတဲ့သူမက ကြောက်နေပြီး စိတ်လှုပ်ရှားနေတာကိုး...။ လိပ်ပြာမျက်လုံးများဖွင့်ကြည့်
လိုက်စဉ် ကိုကလိပ်ပြာကို ရွှန်းရွှန်းစားစားကြည့်နေသည်။
"ဘာလို့ကိုယ့်ကိုပြန်မနမ်းတာလဲ "
" ပြန်နမ်းရမယ် "
" အင်းလေ "
" လိပ်ပြာမှပြန်မနမ်းတက်တာ "
" ဟား ဟား..."
သူမအဖြေကို သူသဘောကျလွန်းလို့သွားတန်းလေးများပေါ်သည်အထိရယ်လိုက်မိသည်။ ပြီးမှ သူမနဖူးကို လက်သီးစုပ်လေးဖြင့်မနာအောင်ထုလိုက်ပြီး...
" ကိုယ်သင်ပေးမှာပေါ့ "
"ဟင့်အင်း "
လိပ်ပြာကုန်းထဖို့ကြိုးစားပေမဲ့မရ သူ့လက်တွေက လိပ်ပြာခါးကိုတင်းကျပ်စွာဖက်ထားသည်။ လိပ်ပြာခါးကိုဆက်ခနဲမတ်လိုက်ပြီး မျက်နှာကိုမော့ထားလိုက်၏။
"ဒေါက် ဒေါက် "
တံခါးခေါက်သံကြားတော့ လိပ်ပြာခါးပေါ်မှသူ့လက်များလျော့သွားသည့်အတွက် ဆတ်ခနဲဆို ထရပ်လိုက်သည်။
" ချလပ် "
ဆိုပြီး တံခါးဖွင့်လာတာနဲ့တစ်ပြိုင်နက် မိုးထက်မြင့်က ခပ်ဟော့ဟော့ပုံစံနှင့် ရုံးခန်းထဲဝင်လာသည်။
"ဟို သူဋ္ဌေးကျွန်မတားပါသေးတယ် "
"ဟုတ်တယ် မိုးမစောင့်နိုင်တော့လို့ဝင်လာခဲ့တာ"
ဝန်ထမ်းကောင်မလေးကို သွား ဟုသောသဘောဖြင့် မျက်စပစ်ပြလိုက်သည်။
" ဆို ဘာကိစ္စလဲ "
"ကိုကိုကလည်း မိုးကကိုကို့ကိုသတိရလို့ဟာကို"
အမလေး စိတ်ညစ်လိုက်တာ အသံကလည်း
ချွဲပျစ်နေတာပဲ...ရုံးပတေသီးတောင်အရှုံးပေးရမယ်။
"နေပါဦး သူကဘာလို့မသွားသေးတာလဲ"
ဆိုပြီး လိပ်ပြာကိုကြည့်ကာပြောလာသည်။
ဒီမိန်းမဘလိုင်းကြီးလာပြန်ပြီ။ လိပ်ပြာလည်း သူ့ကိုအမြင်ကပ်ကပ်ဖြင့် လက်ပိုက်ကာရပ်နေလိုက်သည်။
"မမိုးထက်မြင့် ကျွန်တော်စေ့စပ်ထားတဲ့ကျွန်တော့်ချစ်သူကို ဘာမှပြောစရာမလိုဘူး "
" ဘာ မိုးလည်းမသိရပါလား "
"မနေ့ကစေ့စပ်လိုက်တာ ဘယ်သူ့ကိုမှမဖိတ်ခဲ့ပေမဲ့ သတင်းစာထဲမှာတော့စေ့စပ်တဲ့အကြောင်းထည့်ခဲ့ပါတယ်... သတင်းစာဝယ်ပြီးဖတ်ကြည့်လိုက်ပါဦး"
"မဟုတ်ဘူး လိမ်နေတာမလား..."
"ဒီအကြောင်းပြောဖို့အတွက် အချိန်မပေးနိုင်တာ sorry ပါ သွားစရာလေးရှိသေးလို့ လာလိပ်ပြာ "
ကိုကလိပ်ပြာကိုခေါ်ပြီး ရုံးခန်းထဲမှထွက်လာခဲ့သည်။ မိုးထက်မြင့် တစ်ယောက်ဘယ်လိုပုံစံနဲ့ကျန်ခဲ့မလဲဆိုတာ ပြေးကြည့်တာထက်တွေးကြည့်ရုံနဲ့တင်သိပါတယ်...။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဒယ်ဒီ့ဆီဖုန်းဆက်ရမယ်"
"ဟဲလို ဒယ်ဒီ ကိုကို ကိုကိုစေ့စပ်ပြီးသွားပြီဆို "
"ဟုတ်တယ်လေသမီး ဒယ်ဒီသတင်းစာထဲမှာဖတ်လိုက်ရတယ်...ဘာဖြစ်လို့လဲ "
"ဘာဖြစ်ရမှာလဲ မိုးကိုကို့အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ဒယ်ဒီမသိတာလည်းမဟုတ်ဘဲနဲ့ "
"ဒယ်ဒီလည်းသေချာမသိပါဘူး ဦးဘုန်းတေဇတောင်ဒယ်ဒီကိုဘာမှမပြောဘူး "
"ဟာ ကိုကို့ဒယ်ဒီကလည်း မိုးနဲ့သဘောတူထားတာပါ အခုတော့ဟိုကောင်မချယ်လှယ်တာပဲဖြစ်ရမယ် "
"သမီးစိတ်အေးအေးထား သမီးဘာဖြစ်ချင်တာလဲ"
"မိုး ကိုကို့ကိုလိုချင်တယ် "
"ဖြစ်ရမှာပေါ့ သူတို့ကစေ့စပ်ထားရုံပဲရှိသေးတာ "
"ဒယ်ဒီမိုးလိုချင်တာရအောင်လုပ်ပေးမယ်မလားဟင်"
"ဒါပေါ့ အချိန်တွေရှိပါသေးတယ် "
ဟုတ်တယ် အချိန်တွေရှိပါသေးတယ်...
ဟိုကောင်မက ငါ့လောက်လှတာမှမဟုတ်တာ၊ အို ငါနဲ့ဘယ်နေရာမှကိုမယှဉ်နိုင်တာ ငါပဲပိုင်ရမယ် ဟုတ်တယ်ငါပဲပိုင်ဆိုင်ရမယ်...။
°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°
အပိုင်း(၄၃) ဆက်ရန် >>>
#Ruby Linn