book

Index 41

အပိုင်း (၄၁)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-------------------


လိပ်ပြာအိမ်ပြန်ရောက်ချိန်တွင်မေမေတို့က

လက်ဖက်သုပ်စားရင်းစကားပြောနေကြသည်။


" ပြန်လာပြီလား..."


" ဟုတ်ကဲ့ "


"ရေမိုးချိုး ပြီးရင်ထမင်းစားဟုတ်ပြီလား...."


" ဟုတ်ကဲ့ "


ဒီနေ့တော့ စေ့စပ်ဖို့ကိစ္စပြောလို့မဖြစ်သေး...

အချိန်ကောင်းကိုစောင့်ဖို့လိုလိမ့်မည်။ 

လိပ်ပြာအခန်းထဲရောက်တော့ဖုန်းသံမြည်

လာသည်။ contact number ကိုကြည့်

လိုက်ပြီး ပြုံးကာဖုန်းကိုင်လိုက်သည်။ 


" ဟဲလို "


"လိပ်ပြာဘာလုပ်နေတာလဲ အိမ်ပြန်ရောက်ပြီမလား"


"အင်း ပြန်ရောက်ပြီ "


"အသံကလည်းအားမရှိလိုက်တာ "


" ဒီလိုပါပဲ "


"ဘာဖြစ်ထားလို့လဲ "


"ဘာမှမဖြစ်ပါဘူး...ကိုရောအခုဘာလုပ်နေလဲ"


"ကိုယ်အခုအိမ်မှာ လိပ်ပြာကိုသတိရနေတယ်"


"ဟုတ်လား လိပ်ပြာမမြင်ရပေမဲ့ကြားရတာနဲ့တင်အမောပြေသွားပြီ "


"လူချင်းတွေ့ရင် ပိုတောင်အမောပြေဦးမယ်

ကိုယ်အခုလာခဲ့ရမလား..."


" ဟင့်အင်း မလာပါနဲ့ မေမေတို့ကိုမပြောရသေးဘူး"


"ဟုတ်ပါပြီ နားလိုက်ဦးနောက်မှတွေ့မယ် "


" ဟုတ်ကဲ့ "


" လိပ်ပြာအရင်ချလိုက် "


" အင်း "


လိပ်ပြာဖုန်းချလိုက်ပြီး ခုတင်ပေါ်ဘုန်းခနဲပစ်လှဲလိုက်သည်။


ဒီနေ့ နေ့တာရှည်သလိုပဲ....ဒါဆိုညတာတော့

တိုတော့မှာပေါ့။ လိပ်ပြာက ညတာကိုရှည်စေချင်တာ နေ့ခင်းဘက်ကပူလောင်လွန်းပါတယ်၊ လူတွေလည်းနေ့ဘက်ဆိုပြေးလွှားနေကြတာ၊ နောက်ပြီး ညတာရှည်ရင်လမင်းကြီးနဲ့ကြယ်လေးတွေကို တစ်ဝကြီးကြည့်လို့ရတာပေါ့...။ 


°°°°°°°°°°°°


မရဏစံအိမ် 🕍


သူအောက်ထပ်ဆင်းလာတော့သူ့အဖေက

ဧည့်ခန်းထဲမှာစောင့်နေသည်။ 


"သား အဖေမေးစရာရှိလို့ "


သူ့အဖေရဲ့ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။


"အဖေဟိုနေ့ကအပြင်သွားတုန်းကုမ္ပဏီရှယ်ယာရှင်တစ်ယောက်နဲ့တွေ့တယ်...သားကုမ္ပဏီကိုတစ်လလောက်နေမှ တစ်ခါလာတယ်ဆို "


"ဟုတ်တယ် အဲ့ကုမ္ပဏီကိုရောင်းသင့်ရင်ရောင်းဖို့ဆုံးဖြတ်ထားတယ် "


"ရောင်းတော့မရောင်းလိုက်ပါနဲ့ အဖေအဲ့ကုမ္ပဏီကို သွေးနဲ့ချွေးနဲ့ရင်းပြီး တည်ထောင်ထားခဲ့တာ သားမလုပ်ချင်ရင်အဖေဆက်လုပ်မယ်...ဖြူလည်းသမီးကျောင်းကိစ္စနဲ့ bangkok  ပြန်သွားတယ်ဆိုတော့ အဖေလည်းဒီမှာအလုပ်တစ်ခုလောက်လုပ်ချင်တာနဲ့အတော်ပဲ...."


ဟွန်း ဇာတ်လမ်းကတော့စပြီ။ အစကတော့အိမ် အိမ်ပြီးတော့ကုမ္ပဏီ၊ ကိစ္စမရှိပါဘူး... သူဒီကုမ္ပဏီကို အဖေ့လက်ထဲပြန်အပ်ချင်နေတာပါ...၊ သူ Diamond company ကိုအလိုမရှိဘူး....။


"ကောင်းပြီလေ သဘောပဲ၊ ဒါနဲ့ကျွန်တော်မရှင်းတာတစ်ခုမေးချင်လို့ ဒီကိစ္စကိုမတင်မကျကြီးနဲ့နေလာတာအခုချိန်ထိပဲ "


"ဘာများလဲ သားရဲ့ "


"လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော့်ဆီကို

မြေအောက်လောကကလူတွေရောက်လာ

ကြတယ် ကျွန်တော်ကသူတို့ရဲ့ ဘုရင်ဆိုပြီး

အဲဒါဘယ်လိုဖြစ်ရတာလဲ "


"ဟေ အဖေလည်းမသိရပါလား "


ဦးဘုန်းတေဇခဏစဉ်းစားဟန်ပြုပြီးမှ...


"နေဦး သူများဖြစ်နေမလား "


"ဘယ်သူလဲ "


"သား ဦးလေး လေ "


" ဦးလေး "


" ဟုတ်တယ် သားမှတ်မိသေးလား သတိုးတေဇစံအိမ်မှာတုန်းကလေ ဒဏ်ရာရပြီးသွေးတွေနဲ့အဖေတို့ဆီ ရောက်လာတဲ့ဦးလေးကြီးလေ၊ သူကသားဦးလေပေါ့၊ သူနဲ့မြေအောက်ဂိုဏ်းဆိုတဲ့ဟာနဲ့ အဆက်အသွယ်ရှိတယ်နဲ့တူတယ်၊ အဲ့တုန်းက သားက ၅ နှစ်သားလောက်ပဲရှိသေးတာပေါ့၊ အဲ့ထဲကသူပျောက်သွားလိုက်တာ သေလားရှင်လားလည်း အဖေမသိပါဘူး...ဒါနဲ့အရင်ခေါင်းဆောင်နာမည်က ဘယ်သူလဲ "


" ဦးမိုးကောင်း "


"မိုးကောင်း... ဟုတ်တယ် သားဦးလေးနာမည်ပဲ၊ သူဆိုးသွမ်းလွန်းလို့ အဖေတို့မိဘတွေကသူ့ကိုအမွေပြက်စွန့်လွှတ်ထားတာ  ငယ်ငယ်တည်းက "


"သြော် ရာဇဝင်ကဒီလိုကိုး၊ ဒါနဲ့ ဒီ ၁ ပတ်အတွင်း ကျွန်တော်လာစေ့စပ်မယ်လို့ပြောလိုက်ပြီ "


"အေးကောင်းတယ် အဖေဝမ်းသာပါတယ်၊ အင်း ဒါဆိုသားက ဥပဒေမဲ့လုပ်ငန်းတွေလုပ်နေတာပေါ့ "


"ဒါကလည်းလောလောဆယ်ပါ၊ ချက်ချင်းထွက်ဖို့ဆိုတာမဖြစ်နိုင်သေးဘူး... မလွယ်ကူဘူးဆိုပိုမှန်လိမ့်မယ် "


"အေး ဘာပဲဖြစ်ဖြစ် သတိတော့ထားပေါ့

သတိဆိုတာပိုတယ်မရှိပါဘူး..."


ဘာပဲဖြစ်ဖြစ်အခြေအနေတွေကတည်ငြိမ်စ

ပြုလာပါပြီ၊ အကောင်းဘက်ကိုရောက်လာပြီလို့ထင်တယ်၊ ညကိုဖြတ်ကျော်ပြီးမှနေ့ရောက်လာသလိုပေါ့...လူမှန်နေရာမှန်ရောက်အောင်ပို့ပေးရမဲ့အရာတွေရှိသေးတယ်။ နေ့ခင်းဘက်မှသာနေမင်းကထွက်ပေါ်လာသလို ညဘက်ရောက်မှ

လမင်းကထွက်ပေါ်လာသလိုပေါ့...။ 


°°°°°°°°°°°


"မင်းထက်အာကာ မင်းဘယ်သွားမလို့လဲ "


"ဒယ်ဒီကလည်းအထူးအဆန်းလုပ်လို့ အပြင်သွားမလို့ပေါ့ "


"ဒယ်ဒီသားအတွက် ဗီဇာလျှောက်ထားတာကြာပြီ ဒီတစ်ပတ်အတွင်းဗီဇာကျလာလိမ့်မယ် အဲ့တော့မင်းနိုင်ငံခြားမှာကျောင်းသွားတက်ဖို့ပြင်ထား "


"ဗျာ မဟုတ်တာ ကျွန်တော်ဒီမှာလုပ်ရမဲ့ကိစ္စတွေမပြီးပျက်သေးဘူး..."


"ဒီလိုလား ဒါဆိုမင်းကိုပေးထားတဲ့အခွင့်အရေးတွေအကုန်ငါပြန်ယူမယ်ဘယ်လိုလဲ "


"ဒယ်ဒီ ဒါသက်သက်ညစ်တာ "


"အေး ငါစကားကိုနှစ်မျိုးမပြောတက်ဘူး

သွားမှာလား မသွားဘူးလား "


"ဒယ်ဒီကလည်းမမိုက်ဘူးဗျာ "


ဆိုပြီး အပေါ်ထပ်သို့ခြေသံမြည်အောင်ဆောင့်အောင့်တက်သွားသည်။ ဒါအားလုံးသားအတွက်ပါ၊ မင်းမှအဖြစ်ရှိအောင်မလုပ်တာ ဒယ်ဒီကပြောပြီးရင် ဖြစ်အောင်လုပ်မှကြိုက်တာ....။ 


°°°°°°°°°°°


တနင်္ဂနွေနေ့မနက်(၁၀) နာရီတွင် လိပ်ပြာတို့

နှစ်ယောက်ရဲ့ စေ့စပ်ပွဲဟာ အဆင်ပြေပြေနဲ့

ပြီးစီးခဲ့ပါတယ်။ အန်တီလေးနဲ့ crystal တို့ကတော့ အလုပ်ကိစ္စနဲမို့ စေ့စပ်ပွဲအမှီမလာနိုင်ပေမဲ့ ညနေ

flight နဲ့ပြန်လာမယ်လို့ပြောတယ်။ 

လိပ်ပြာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြတ်လေးနဲ့မယ်ကတော့ လိပ်ပြာဘေးနားမှာရှိနေခဲ့တယ်၊ စိုင်းတစ်ယောက်သာ မနေ့ကတည်းက အလုပ်ကိစ္စနဲ့ ခရီးဝေးရောက်နေလို့ မလာနိုင်တဲ့အကြောင်းဖုန်းဆက်လာတယ်...။ 


စေ့စပ်ပွဲအပြီး ကိုအခုလက်ရှိနေနေတဲ့အိမ်ကို လိပ်ပြာမရောက်ဖူးတာမို့ လိပ်ပြာကိုအလည်လိုက်ခဲ့ရန် မိဘတွေကိုခွင့်တောင်းပြီး ညနေအစောပိုင်း ကိုကလိပ်ပြာကိုလာခေါ်သည်။ လိပ်ပြာခြံကြီးကို ဝေ့ကြည့်လိုက်တော့ လူနှစ်ရပ်စာတံတိုင်းကြီးများဖြင့် ခြံကြီးကိုကာရံထားပြီး အိမ်ကြီးကိုအဖြူနဲ့အမဲသုံးကာ ဆေးချယ်ထားသည်။ ခြံထဲတွင်သစ်ပင်ပန်းမန်ဆိုလို့ ဘာတစ်ခုမျှမရှိ 

သစ်ပင်အိုကြီးများသာ မင်းမူနေသည်။ 


လိပ်ပြာအိမ်ထဲဝင်လာတော့ စိတ်ကချောက်ခြားသွားရသည်။ ကိုတို့ခြံကကျယ်သလောက် အိမ်ကြီးကလည်းအကြီးကြီးပင်...။ အိမ်ကြိီးကို အနက်ရောင်လိုက်ကာများ မဟော်ဂနီရောင်ကျွန်းခုံများ

ပန်းချီကားများဖြင့် ဖွဲ့စည်းထားပုံမှာ ခမ်းနားထည်ဝါသလောက် မှောင်မိုက်၍ ရဲတိုက်ကြီးသဖွယ်ဖြစ်နေသည်။ 


ပန်းချီကားတွေက လိပ်ပြာတွေ့ဖူးသလို ကဗျာဆန်ဆန် အနုအရွအလှအပတွေမဟုတ် ခြင်္သေ့ပုံ လင်းယုန်ပုံတွေ နောက်ပြီးစူးရှတဲ့အလင်းတန်းပုံ

တွေသာဖြစ်သည်။


"လိပ်ပြာ လာထိုင် "


" အင်း "


ကိုကလိပ်ပြာကို ဧည့်ခန်းကကျွန်းထိုင်ခုံတွင်

ထိုင်စေသည်။ 


"သခင်လေး ပြန်လာပြီလား ဧည့်သည်လည်းပါလာတာပဲ "


"ဧည့်သည်မဟုတ်ဘူးကြီးမြ သူမကမကြာခင် ဒီအိမ်ရဲ့ သခင်မဖြစ်လာမဲ့သူ "


"ဒါဆိုသခင်လေးဒီနေ့ပဲစေ့စပ်လိုက်တဲ့သခင်လေးချစ်သူပေါ့ ချစ်စရာလေး..."


"အဲလောက်လည်းမဟုတ်ပါဘူးရှင့် "


"ကြီးမြတစ်ခုခုသွားပြင်လိုက်ဦးမယ် ခဏလေးနော် "


"လိပ်ပြာ ခဏထိုင်နေဦးနော် ကိုယ်အရေးကြီးဖုန်းဆက်စရာရှိလို့ "


" ရပါတယ် သွားလေ "


ကိုတို့အိမ်အောက်ထပ်က လိပ်ပြာတို့အိမ်တစ်အိမ်စာလောက်ရှိတယ်...အပေါ်ထပ်ဆိုဘယ်လောက်များကျယ်လိုက်မလဲ....အရင်တုန်းက ဒီအိမ်အကျယ်ကြီးမှာ ကိုယ်တစ်ယောက်ထဲနေခဲ့ရမှာပေါ့...။ 


°°°°°°°°


တိုက်ဆိုင်တာပဲလား...ကြောက်စရာကောင်း

လောက်အောင်လှည့်စားတက်တဲ့ကံကြမ္မာ 

ကြောင့်ပဲလားမသိ တစ်ခါမှမတွေ့ဖြစ်ကြသေးတဲ့ ပန်းလိပ်ပြာနဲ့ဒေါ်စံပယ်ဖြူတို့ မရဏစံအိမ်တွင် တွေ့ဆုံကြရန်အကြောင်းဖန်လာသည်။ 


ဒေါ်စံပယ်ဖြူ တစ်ယောက် bangkok က

ပြန်လာလာချင်း အထုပ်အပိုးတွေဝင်ထားရန် စံအိမ်သို့ဝင်လာခဲ့သည်။ အပေါ်ထပ်သို့

တက်မယ်အလုပ် ဧည့်ခန်းထဲတွင်တစ်ယောက်ယောက်ရှိနေဟန်တူသောကြောင့် လှည့်ကြည့်လိုက်စဉ် ဘေးတစ်စောင်းထိုင်နေတဲ့ မိန်းကလေးတစ်ယောက် ' လိပ်ပြာလေးများလား...' ဟု

ရေရွတ်မိရင်း သေချာအောင်လှမ်းခေါ်လိုက်သည်။


" လိပ်ပြာလေး "


ကျောဘက်ဆီမှ လိပ်ပြာနာမည်ခေါ်သံကြား

သောကြောင့် လှည့်ကြည့်လိုက်ချိန်...


" အန်တီလေး..."


ဟု ခေါ်ရင်းထိုင်ရာမှထကာ အန်တီလေးဆီ

ပြေးသွားမိသည်။ 


"အန်တီလေး ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"


"ဒီအိမ်ကအန်တီလေးယောက်ျားအိမ်လေ "


" ဟင် "


"လိပ်ပြာလေးကရော..."


"လိပ်ပြာက... ဒီအိမ်ကလိပ်ပြာချစ်သူအိမ်

လိပ်ပြာတစ်ခါမှမရောက်ဖူးလို့သူခေါ်လာတာ "


"ဘယ်လို ဒါဆိုသားသတိုးတေဇက "


"ဟုတ်တယ် လိပ်ပြာဒီနေ့ပဲစေ့စပ်လိုက်တဲ့

လိပ်ပြာချစ်သူ "


"ဒါဆို အန်တီလေးယောက်ျားရဲ့သားနဲ့စေ့စပ်လိုက်တာပေါ့ အန်တီလေးလည်းမသိရပါလား..."


ဘုရားရေ ကိုအရမ်းမုန်းတယ်လို့ပြောတဲ့ 

ကို့မိထွေးက လိပ်ပြာရဲ့ အန်တီလေး...။ 

ဘာတွေဖြစ်ကုန်တာလဲ...။ 


"အန်တီလေး ကိုကအန်တီလေးယောက်ျားရဲ့သားမှန်းလိပ်ပြာမသိခဲ့ဘူး "


"အင်းပေါ့ လိပ်ပြာလေးဘယ်သိမလဲ...အန်တီလေး ညီမတွေကိုတောင် ဖအေပါသားရှိပါတယ်လို့ ပြောဖို့နေနေသာသာ အန်တီလေးယောက်ျားရဲ့နာမည်ကိုပဲပြောပြခဲ့တာ အခုထိ လူမတွေ့ဖူးသေးဘူး၊ ဒါပေမဲ့ လိပ်ပြာနဲ့စေ့စပ်မဲ့ကိစ္စကို ကိုကြီးက အန်တီလေးကိုပြောပြမထားဘူး...အန်တီလေးလည်းအခုမှသိတာ " 


°°°°°°°°°°°


သူဖုန်းပြောပြီးလို့ အပေါ်ထပ်မှဆင်းလာစဉ် 

ဧည့်ခန်းထဲမှ စကားပြောသံတွေကို တီးတိုး

ကြားနေရသည်။ သူမဘယ်သူနဲ့စကားပြော

နေပါလိမ့်...လှေကားခြေရင်းရောက်တော့ 

ပြောနေတဲ့စကားသံတွေကို ပီပီပြင်ပြင်ကြား

လိုက်ရသည်။ 


"အန်တီလေး crystal လေးရော ပြန်ပါမလာဘူးလား"


"အင်း သူကျောင်းတက်ဖို့ကိစ္စတွေလုပ်လို့မပြိီးသေးဘူးလေ သူငယ်ချင်းတွေနဲ့တွေ့တော့ ခေါ်လို့ကိုမရတော့ဘူး...."


"သြော် ..."


အန်တီလေး... ဘာတွေလဲ...။ ဟိုမိန်းမနဲ့သူမကဘယ်လိုပတ်သက်တာလဲ...။ 


"လာ မတ်တပ်ကြီးထိုင်ပြီးပြောရအောင် "


" ဟုတ်ကဲ့ "


တံခါးအကွယ်က နားထောင်နေရာကနေ 

သူစိတ်မထိန်းနိုင်တော့ဘဲ ဧည့်ခန်းထဲသို့

ဒိုင်းခနဲဝင်လာပြီး သူမလက်ကိုဆွဲကာ အပြင်သို့ခေါ်ထုတ်သွားသည်။ 


"အ ကို နာတယ် "


"သား အေးဆေးပြောပါ "


"ခင်ဗျား ပါးစပ်ပိတ်ထား ဝင်မပါနဲ့ "


" လွှတ် "


ခြံထဲရောက်တော့ ကိုကလိပ်ပြာလက်ကို

လွှတ်ပေးပါသည်။ 


"ကိုသိပ်မိုက်ရိုင်းတယ် လူကြီးတစ်ယောက်ကိုဒီလိုပြောစရာလိုလို့လား..." 


"လူကြီးတစ်ယောက်ဟုတ်လား...သူ့ကိုရှိတယ်လို့တောင်မထင်ဘူး ဒီလိုပြောမှနားလည်မဲ့သူကို ဒီလိုပဲပြောရမယ်၊ မင်းနဲ့ဟိုမိန်းမနဲ့ဘယ်လိုပတ်သက်လဲ "


"လိပ်ပြာကိုရင့်ရင့်သီးသီးစကားတွေမပြောပါနဲ့ "


"ဒေါ်စံပယ်ဖြူ က လိပ်ပြာရဲ့ အဒေါ် "


"ဘာ ဘာပြောလိုက်တယ် "


"လိပ်ပြာကိုမအော်ပါနဲ့ လိပ်ပြာမကြိုက်ဘူး 

ဟုတ်တယ် အန်တီလေးကလိပ်ပြာရဲ့အဒေါ် "


"ဒါဆိုမင်းအစထဲကပြောခဲ့ရောပေါ့ "


"လိပ်ပြာမသိခဲ့ဘူး...လိပ်ပြာဘာမှမသိခဲ့ဘူး

အန်တီလေးယောက်ျားကဘယ်သူလဲဆိုတာ

နောက်ပြီး ကို့ရဲ့မိထွေးကဘယ်သူလဲဆိုတာရော "


" မဖြစ်နိုင်တာ "


"ဘာလဲ မယုံလို့လား လိပ်ပြာကိုမယုံတာလား လိပ်ပြာပြောတဲ့စကားတွေကိုမယုံတာလား "


"ဟာကွာ တောက် "


"ကြိုသိခဲ့ရင် လိပ်ပြာကိုစေ့စပ်တော့မှာမဟုတ်ဘူးမလား "


လိပ်ပြာလည်း သူနဲ့ထပ်တူအံ့သြနေရသည်။ 

လိပ်ပြာမှားတာ သူ့အိမ်ကိုလိုက်လာမိတဲ့

လိပ်ပြာကသာမှားတာ...။ 


မာကြောသော လေသံက သူမဆီ နွေဦးလေနှင့်အတူ လွင့်ဝဲလာသည်။ 


" လာ အိမ်ပြန်လိုက်ပို့ပေးမယ် "


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၄၂) ဆက်ရန် >>>


#Ruby Linn


rate now: