book

Index 40

အပိုင်း (၄၀)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-------------------


သူမခေါင်းလျှော်ထားတာလားမသိဘူး...

ခေါင်းလျှော်ရည်ဘူးမရှိလို့ ရေနဲ့သာလျှော်

ထားပုံရတဲ့ သူမရဲ့ဆံကေသာက မွှေးပျံ့နေသည်။

အထူးသဖြင့် သူနှစ်သက်စွဲလမ်းရတဲ့ကြာပန်းရနံ့ကိုပေါ့။ 


"လိပ်ပြာကို အဲလိုမပြောခဲ့တော့ လိပ်ပြာ

လော့ခ်ချပြီး အေးအေးဆေးဆေးရေချိုးတာပေါ့လို့ ဟင် "


လိပ်ပြာသူ့ကို ဆူပုတ်ပုတ်လေးပြောနေချိန်

သူကလိပ်ပြာနားတိုးလာကာ လိပ်ပြာရဲ့ဆံပင်တွေကြား သူ့ခေါင်းကတိုးဝေ့လာရင်း လည်ပင်းသားနဲ့ ဆံပင်တွေကို သူ့နှာခေါင်းဖြင့် တရှိုက်မတ်မတ်နမ်းရှိုက်နေသည်။ 


ရုတ်တရက်ယောင်နနဖြစ်သွားရပြီး ရင်ခုန်သံတွေမြန်လာကာ လက်ဖျားခြေဖျားများရုတ်ချည်းအေးစက်လာရသည်။ လူက တောင့်တောင့်လေးကိုဖြစ်လို့။ သူ့ရဲ့ အထိအတွေ့တွေက ညင်သာနူးညံ့ပေမဲ့လိပ်ပြာအတွက် အစိမ်းသက်သက်

ဖြစ်နေသောကြောင့် သူ့ကိုအသာတွန်းလိုက်သည်။


ဒီတော့မှ သူလည်းသတိပြန်ဝင်လာကာ...


"ဟို ဟို sorry ကိုယ်သတိလွတ်သွားလို့ "


သူလည်ပင်းကိုမယားဘဲပွတ်နေပြီး သူမကို

မကြည့်ဘဲပြောလိုက်သည်။ လိပ်ပြာလည်း

ရှက်ကိုးရှက်ကန်းဖြင့် လက်နှစ်ဖက်ကိုဖိပွတ်

နေသည်။


" လိပ်ပြာဗိုက်ဆာနေရောပေါ့ လာ "


ဆိုပြီး သူမလက်ကိုလှမ်းဆွဲကိုင်ကာ အောက်ထပ်သို့ခေါ်လာသည်။ 


"ကိုယ်လိပ်ပြာကိုစောင့်နေတုန်း ချက်ထားတာ စားကြည့် တခြားဟင်းတွေမစားချင်ဘဲဖြစ်သွားမယ် စားနှင့်နော် ကိုယ်ရေသွားချိုးလိုက်ဦးမယ် "


" အင်း "


လိပ်ပြာရှေ့မှာရှိတဲ့ အုပ်စောင်းကိုဖွင့်ကြည့်လိုက်တော့ ထမင်းပန်းကန်နှစ်ပန်းကန်ရယ်ငါးသေတ္တာဟင်းရယ် 

အရွက်ကြော်ရယ်ကိုတွေ့လိုက်ရသည်။ 


ဟင်းတွေကပူနေတုန်းမို့လားမသိ ဟင်းနံ့တွေက မွှေးနေကာ စားချင်စဖွယ်ဖြစ်နေသည်။ လိပ်ပြာမစားနှင့်သေးဘဲ သူရေချိုးပြီးတာကို စောင့်နေလိုက်၏။

လိပ်ပြာသိပ်မစောင့်လိုက်ရ T-shirt အဖြူနှင့် နံသာရောင်ဘောင်းဘီအတိုကို ဝတ်ဆင်ထားသော ကိုယ်တော်ချောက လိပ်ပြာဆီလျှောက်လာသည်။ အရပ်ကထောင်ထောင်မောင်းမောင်း အသားက

မညိုမဖြူအဝါဘက်သို့သွားနေသူမို့ အကျီအဖြူဝတ်လိုက်တော့ လေးထောင့်မကျတကျမျက်နှာက

ထင်းလင်းနေကာ သန့်ပြန့်နေသည်။ 


သူလည်းခေါင်းလျှော်ထားတာမို့လားမသိ 

ရှေ့ဆံပင်တွေကနဖူးပေါ်နှင့် မျက်ခုံးပေါ်

ဟိုတစ်စဒီတစ်စကျနေသည်။ ခြုံပြီးပြောရရင် ကြည့်လို့ကောင်းသည်။ ဆွဲဆောင်မှုရှိတဲ့

ယောကျာ်းထဲမှာပါသည်။ သူ့ရှေ့မှာမိန်းကလေးဘယ်နှစ်ယောက်လောက် ကျရှုံးပြီးပြီလဲဆိုတာမသိ၊ လိပ်ပြာစိတ်ပူပန်လာရသည်။ 


သူကလိပ်ပြာနှာခေါင်းကို မနာအောင်ဖွဖွညှစ်လိုက်ပြီး....


"Baby ဘာတွေ အဲ့လောက်ကြည့်နေတာလဲ

ကိုယ်မနေတတ်တော့ဘူး..."


"ဟွန်း ဖြစ်ရတယ် ဒီမှာသူများကအတူတူစားဖို့စောင့်နေတာကို "


"ကိုယ်သိတာပေါ့ ဒါကြောင့်မြန်မြန်ချိုးပြီးဆင်းလာတာ နောက်တစ်ချက်ရှိသေးတယ်ဒီအိမ်မှာလူမနေတာကြာပြီဆိုတော့ babyတစ်ယောက်ထဲ...."


"ဟွန်းနော် ဘာတွေပြောနေမှန်းမသိ ဟင်းတွေအေးကုန်ပြီ "


"စားရအောင်လေ ကိုယ်ဘယ်မိန်းကလေးကိုမှမချက်ကျွေးခဲ့ဖူးဘူးနော် လိပ်ပြာကပထမဆုံးပဲ ကိုယ့်ရဲ့ မေတ္တာတွေစေတနာတွေပါထည့်ချက်ထားတယ် ဟင်းကနည်းပေမဲ့ "


"ရပါတယ် လိပ်ပြာဒီဟင်းတွေကိုကြိုက်ပါတယ်"


" မစားကြည့်ရသေးဘဲနဲ့ "


လို့ သူကပြောရင်း လိပ်ပြာထမင်းပန်းကန်ထဲ အရွက်ကြော်ကိုထည့်ပေးသည်။ ပြီးနောက် ငါးဟင်းကိုထည့်ပေးသည်။ 


"စားကြည့် "


လိပ်ပြာတစ်ဇွန်းခပ်စားကြည့်တော့ အံ့သြသွားရသည်။ ယောက်ျားလေးတစ်ယောက်က ဒီလောက်ကောင်းအောင်ချက်တတ်တာလား... လိပ်ပြာတောင်သိမ်ငယ်သွားရသည်။ လိပ်ပြာက ထမင်းကြော်ကိုသာ ဖြောင့်ဖြောင့်တန်းတန်း

ကြော်ဖူးတာ...။ 


"အရမ်းကောင်းတယ် နောက်လည်းချက်ကျွေးမယ်မလားဟင် "


သူကတစ်ဇွန်းခပ်စားလိုက်ပြီးမှ...


"လိပ်ပြာအပေါ်မူတည်တယ် "


" ဟင် "


"လိပ်ပြာကိုယ့်ကိုအချစ်တစ်ခုတည်းပေးပါ

ကိုယ်လိပ်ပြာလိုချင်တာ သက်မဲ့ရောသက်ရှိရောအားလုံးပေးနိုင်တယ် အဓိကကလိပ်ပြာကိုယ့်အပေါ်သစ္စာရှိဖို့ပဲ "


"ယုံပါတယ်ကိုရယ် လိပ်ပြာလည်းကို့ကိုချစ်ပါတယ် တစ်သက်မှာတစ်ခါပဲချစ်ခဲ့ဖူးတဲ့အချစ်နဲ့ချစ်တာပါ ဘယ်သူကိုမှလဲထပ်ချစ်ဖို့အချစ်တွေမရှိတော့ပါဘူး"


" ကိုယ်လည်းလိပ်ပြာကိုယုံတယ် "


"လိပ်ပြာကိုယ်ကုန်တော့မယ် "


"လိပ်ပြာလည်းကုန်တော့မှာပါ ထမင်းရှိသေးလားဟင်"


"မရှိတော့ဘူး "


" တကယ် "


" နှစ်ကယ် "


" ဟာ !!! "


" ရှိသေးတယ် စတာ "


လိပ်ပြာတို့နှစ်ယောက်စားရင်းသောက်ရင်း စကားပြောရင်းဖြင့် နေ့လည်စာထမင်းစားချိန်ကိုကုန်ဆုံးခဲ့ကြသည်။ 


"လိပ်ပြာ ပန်းကန်တွေမဆေးနဲ့နော် "


လိပ်ပြာတို့စားပြီးသား ပန်းကန်တွေကိုသိမ်းဆည်းနေစဉ် သူကပြောလာသည်။ 


"အပန်းမကြီးပါဘူး "


" ထားလိုက် လာ "


ကိုကလိပ်ပြာလက်ထဲမှ ပန်းကန်တွေကိုစားပွဲပေါ်သို့ ပြန်ချစေကာ လိပ်ပြာလက်ကိုဆွဲ၍ဧည့်ခန်းထဲခေါ်လာသည်။


" ကိုကလည်း "


"ဒီမှာထိုင်စောင့်နေနော် ကိုယ်ပြန်လာခဲ့မယ် "


" ဟို "


ကိုကလိပ်ပြာကိုမပြောနဲ့ဆိုတဲ့ပုံစံဖြင့် ကြည့်လာပြီး မီးဖိုချောင်ထဲဝင်သွားသည်။ တစ်အောင့်ကြာတော့ ကိုကသစ်သီးပန်းကန်ဖြင့်ပြန်ထွက်လာကာ လိပ်ပြာကိုစားခိုင်းပြီးပြန်ဝင်သွားပြန်သည်။ လိပ်ပြာကို့ကိုစောင့်နေရင်းဆိုဖာပေါ်တွင်လှဲနေရင်းက ထမင်းစားပြီးခါစမို့လားမသိ ထမင်းလုံးစီလျက် ခွေခွေလေးအိပ်ပျော်သွားသည်။ 


သူအိုးခွက်ပန်းကန်တွေဆေးကြောပြီး ပြန်ထွက်လာတော့ သူမကဆိုဖာပေါ်တွင် ကလေးတစ်ယောက်လိုအိပ်ပျော်နေပြီ။ သူပန်းကန်တွေဆေးတာကြာသွားလို့များလား... သူမကိုကြည့်ရတာ အေးချမ်းဖြူစင်ပြီး ဘာအပူအပင်မှမရှိတဲ့ကလေးတစ်ယောက်လိုပင်။ 


လမင်းကြီးက လူသားအားလုံးကို သူ့အလင်းရောင်တွေဖြန့်ကျက်ကာ အေးချမ်းစေတယ်၊ သူ့ရင်ထဲက လမင်းကတော့

သူ့ရှေ့မှာအိပ်ပျော်နေတဲ့ ပန်းလေးတစ်ပွင့်ပါပဲ.... သူမကိုချစ်မိလို့သူဘယ်တော့မှနောင်တရမှာမဟုတ်ဘူး...။ 


°°°°°°°°°°°°


သူမကိုအချိန်အတော်ကြာငေးကြည့်နေမိသည်။ တခဏကြာတော့...


"အူး...."


လိပ်ပြာအပျင်းကြောဆန့်လိုက်ချိန် လက်က

တစ်စုံတစ်ခုနဲ့တိုက်မိသွားသောကြောင့် ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။ လိပ်ပြာရှေ့တွင် 

လိပ်ပြာကိုပြုံးပြကာ ကြည့်နေသော ချစ်ရသူကိုတွေ့လိုက်ရ၏။ ကြည့်ရတာတစ်ချိန်လုံးထိုင်ပြီး လိပ်ပြာကိုကြည့်နေပုံပေါ်တယ်....

လိပ်ပြာထထိုင်လိုက်ပြီး...


"လိပ်ပြာအကြာကြီးအိပ်ပျော်သွားလားဟင် "


" ဟင့်အင်း "


"ဟင်း....ကိုဘယ်တွေသွားနေတာလဲ "


ကိုက လိပ်ပြာဘေးနားလာထိုင်ကာ...


"ကိုယ်မီးဖိုချောင်ထဲခဏဝင်နေတာ ပျင်းနေပြီလား "


"မပျင်းပါဘူး ဟိုလေ "


" အင်း ဘာပြောမလို့လဲ "


"လိပ်ပြာ ကို့မေမေကိုမမြင်ဖူးသေးဘူးလေ

ဓာတ်ပုံရှိလား လိပ်ပြာကြည့်ချင်တယ် "


"ဓာတ်ပုံ ဓာတ်ပုံကကိုယ့်အိမ်မှာ ဒီမှာမရှိဘူး "


" သြော် "


" လိပ်ပြာ "


" ရှင် "


" ကိုယ်တို့စေ့စပ်ထားရအောင် "


" ဟင် "


" ဟုတ်တယ် "


"ကိုရယ်မစောလွန်းဘူးလား လိပ်ပြာတို့ချစ်သူဖြစ်တာ တစ်လတောင်မပြည့်သေးဘူးလေ "


"အင်းလေ အဲလိုပြောမယ်မှန်းသိလို့ စေ့စပ်ရအောင်လို့ပြောတာပေါ့ ကိုယ့်သဘောဆိုလက်ထပ်ချင်ပြီ "


" ဗုဒ္ဓေါ စေ့စပ်ပွဲကဘယ်တော့လုပ်ချင်တာလဲ "


"မနက်ဖြန် "


"ဘုရားရေ ကိုရယ် အဲ့လောက်မြန်မြန်ကြီး

လိပ်ပြာအိမ်ကိုမပြောရသေးဘူး....လိပ်ပြာ

အဆင်သင့်မဖြစ်သေးဘူး... နော် "


"လိပ်ပြာကိုယ့်ကိုချစ်တယ်မလား...ချစ်ရင်

ပြီးတာပဲ ကိုယ်လိုချင်တာလိပ်ပြာဆီကအချစ်တစ်ခုတည်းပဲ..."


လို့ လိပ်ပြာလက်နှစ်ဖက်ကိုဆုပ်ကိုင်ကာပြောလာသည်။ 


"လိပ်ပြာ လိပ်ပြာစဉ်းစားပါရစေဦး "


"စဉ်းစားမနေပါနဲ့တော့နော် "


" လိပ်ပြာ "


လိပ်ပြာဘာလုပ်ရမှန်းမသိ ဘာပြန်ပြောရမှန်းမသိအောင် ကိုကစကားလုံးလှလှလေးတွေနဲ့ ချုပ်နှောင်ထားသည်။ 


"ဒါဆို နောက်လ နောက်လမှစေ့စပ်ရအောင် "


"နောက်လ အဝေးကြီးလိုသေးတယ် စေ့စပ်ထားရုံပဲလေ "


"ဟင်း....ဒီလထဲရော..."


"ရှေ့ထပ်တိုးပါဦး..."


" ကိုကလည်း..."


"နော် "


"ဟာ နောက်တစ်ပတ် ဒါနောက်ဆုံးပဲ ရှေ့ ထပ်မတိုးခိုင်းနဲ့တော့ တကယ်ပဲနော် "


" အင်းပါ "


လိပ်ပြာရဲ့ လက်ဖမိုးကို သူ့နှုတ်ခမ်းဖြင့် ဖွဖွနမ်းတော့ လိပ်ပြာသက်ပြင်းမျှင်းမျှင်းချလိုက်မိသည်။ ပြီးနောက် သူ့အနမ်းလေးတွေက လိပ်ပြာ မျက်နှာနား တဝဲလည်လည်ဖြင့် မျက်လုံးဖွဖွမှိတ်ထားတော့ သူက အကြိုက်တွေ့ကာ နှုတ်ခမ်းသားတွေကို အရောင်ခြယ်နေလေတော့သည်။ တစ်ချက်တစ်ချက် ပြန်နမ်းလိုက်မိသလားလည်း မသိတော့ပါ။ 


အလုပ်ဆင်းချိန်အမီပြန်ရန် လိပ်ပြာအဝတ်လဲနေချိန် ကိုကကားထဲမှာစောင့်နေသည်။ လိပ်ပြာအဝတ်လဲပြီးကားရှိရာလျှောက်လာတော့ ကိုကကားတံခါးကို အသင့်ဖွင့်ပေးထားသည်။ 


"ကို လိပ်ပြာကို hotel ပဲပို့ပေးနော် "


"ကိုယ်ကအိမ်အထိလိုက်ပို့ပေးမလို့ "


"Hotel မှာ ဆိုင်ကယ်ကျန်ခဲ့တယ်လေ

ကိုကကြိုမှမပြောထားတာ "


"ဟုတ်ပါပြီ လိပ်ပြာနဲ့ယှဉ်မပြောနိုင်ပါဘူး... 

ကိုအရှုံးပေးပါတယ်''


"ဟွန်းအဲလိုမှပေါ့ "


မေးဖျားလေးကို သူမ လှမ်းနားတော့ အံ့သြသွားသော မျက်နှာလေးဖြင့် သူမပါးပြင်ထက် ကျရောက်လာပြန်သော ညင်သာနွေးထွေးသည့် အနမ်းဖွဖွများစွာ။ 


°°°°°°°°°°


လိပ်ပြာဆိုင်ကယ်ဖြင့် အိမ်ကိုသွားတဲ့လမ်း

အတိုင်းမောင်းလာစဉ် ဖုန်းလာသောကြောင့်

ဆိုင်ကယ်ကိုဘေးနားချရပ် ဖုန်းပြောလိုက်သည်။


"ဟဲလို မြတ်လေးပြော "


"ဘယ်လို....အရေးကြီးလို့ "


" အင်း...အခုလာခဲ့မယ် "


မြတ်လေးရဲ့ အရေးကြီးတယ်ဆိုတဲ့စကားကြောင့် လိပ်ပြာဆိုင်ကယ်ကိုပြန်ကွေ့ပြီး လိပ်ပြာတို့စုံနေကြဆိုင်သို့ အလောတကြီးမောင်းလာခဲ့သည်။ လိပ်ပြာဆိုင်ရှေ့တွင်ဆိုင်ကယ်ကိုရပ်ထားခဲ့ပြီး 

ဆိုင်ထဲသို့အပြေးတပိုင်းဝင်လာခဲ့၏။ 


"ဟူး မောလိုက်တာ အရေးကြီးကိစ္စကဘာလဲပြောပါဦး " 


"တွေ့လား အဲတာကြောင့် ဒီအတိုင်းခေါ်လိုက်ပါလို့ပြောတာ မြတ်လေးကိုဘယ်လိုမှပြောမရဘူး အခုတော့လိပ်ပြာမောလာရပြီ "


"ဟင် ကြည့်စမ်း နင့်လက်ချက်ဟုတ်လားမြတ်လေး"


"အေး ဟုတ်တယ် ငါအခုပြောမဲ့ဟာကလည်း အရေးကြီးတာပဲလေ အဲဒါကြောင့်ပြောလိုက်တာ "


"တကယ်လား...ဘာပြောမှာလဲ "


လို့ စိုင်းကမေးလာသည်။ မြတ်လေးကလိပ်ပြာကို ကိုယ့်ဘာသာပြောလို့ မျက်စပစ်ပြနေသည်။ 


ဟုတ်သားပဲ....လိပ်ပြာတို့ကိစ္စကို မြတ်လေး

ကိုပဲပြောပြရသေးတာလေ.....လိပ်ပြာသူတို့ရဲ့သဘောဆန္ဒကိုလည်း သိချင်သေးတယ်လေ...။ 


"အားလုံးကိုလိပ်ပြာအသိပေးချင်တာတစ်ခုရှိပါတယ် အဲဒါကတော့...."


အားလုံးရဲ့ အကြည့်တွေက လိပ်ပြာဆီမှာမို့ 

လိပ်ပြာရှက်သလိုဖြစ်သွားရင်း...


"လိပ်ပြာမှာအခုချစ်သူရှိနေပြီ "


" ဟင် "


ဒီအာမေဋိတ်အသံကစိုင်းဆီကပေါ့...။ 


"ဘယ်သူလဲဟင် "


လို့မယ့်အမေးကို...


"သတိုးတေဇ တဲ့ လိပ်ပြာသူဋ္ဌေးလေ "


လို့ မြတ်လေးကဝင်ဖြေသည်။ မြတ်လေးရဲ့

အသံက ဘုဆက်ဆက်ဖြင့် အမြင်ကြည်ပုံမရ...။ တခဏအကြာ အားလုံးတိတ်ဆိတ်နေပြီးတော့မှ မယ်က....


"ဝမ်းသာပါတယ် လိပ်ပြာဒီပွဲကိုလိပ်ပြာရှင်းရမယ်နော်"


"သြော် အင်းရှင်းပါ့မယ် မယ်ကြိုက်တာမှာနော်"


မယ့်ရဲ့ အားပေးသဘောတူတဲ့စကားမှအပ ကျန်တဲ့သူတွေရဲ့ တုန့်ပြန်စကားကို မကြားရပေ...။ 

အထူးဆန်းဆုံးကတော့စိုင်းပင်...အရင်ဆို

စကားတွေရွှန်းရွှန်းဝေအောင် ပြောတတ်တဲ့သူက အခုတော့သူမဟုတ်တဲ့အလား တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒီကိစ္စကိုသဘောတူတယ် မတူဘူးလို့လဲမပြော သူတို့ရဲ့ဝေဖန်မှုကိုအနည်းအကျဉ်းတော့ရချင်သေးတယ်...အခုတော့...။ 


°°°°°°°°°°°°


လိပ်ပြာတို့စားသောက်ပြီး အပြန်လမ်းတွင်

မြတ်လေးနဲ့အတူပြန်လာခဲ့ပေမဲ့ နွေးထွေးမှု

မရှိအေးစက်နေသည်။ တစ်နေရာအရောက်တွင် မြတ်လေးကဆိုင်ကယ်ကိုရပ်လိုက်သောကြောင့် လိပ်ပြာပါရပ်လိုက်သည်။


"လိပ်ပြာငါတစ်ခုပြောမယ် နင်ကြိုက်ရင်ကြိုက် မကြိုက်ရင်နေ စိတ်ဆိုးရင်ဆိုးမဆိုးရင်နေဟာ"


မြတ်လေးသည် လောလောလတ်လတ်ဒဏ်ရာရထားလို့ နာကျင်နေသောလူတစ်ဦးလိုပြောလာသည်။ 


"နင်လုပ်ချင်ရာလုပ်ပြီးမှ ငါတို့ကိုအသိလည်းပေးသေးတယ် ငါတို့ရဲ့ တုန့်ပြန်မှုကိုလည်းလိုချင်သေးတယ်ဆိုတော့ နင်လောဘကြီးတယ် "


" မြတ်လေး "


" ခဏနေဦး နင်သူ့ကိုကြည့်လို့မရဘူး...

မျက်မုန်းကျိုးနေတယ်လို့ပြောနေတဲ့ကြားထဲက ဘယ်လိုချစ်သွားတာလဲ....အဲလိုလူတစ်ယောက်က နင့်တစ်ဘဝလုံးစိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်တယ်လို့ထင်လား...ကဲ နင်ပြောလိုရပြီ "


"အခုမှမြတ်လေးအစစ်ကိုမြင်ရတော့တယ် 

လိပ်ပြာစိတ်မဆိုးပါဘူး ဒါမှလိပ်ပြာသူငယ်ချင်းအစစ်လေ...နင်တို့ပြောရင်လည်းခံရမှာပဲ ငါကမှားခဲ့တာကို....ငါရဲ့ မအားလပ်တဲ့အချိန်တွေကိုပဲကြည့်ပြီး ငါအားလပ်မဲ့အချိန်ကိုစောင့်နေတဲ့ ငါ့သူငယ်ချင်းတွေကိုမေ့နေခဲ့တယ်၊ အရေးကြုံမှ တမိတာငါ့ကိုခွင့်လွှတ်ပါ၊ လိပ်ပြာ 

ရွေးချယ်ခဲ့တဲ့လမ်းကို လိပ်ပြာပျော်ပျော်ကြီးလျှောက်မှာပါ....ဘာလို့ဆိုလိပ်ပြာဆီကအချစ်တစ်ခုတည်းကိုပဲလိုအပ်ပါတယ်လို့ပြောခဲ့တဲ့သူ့ဆီ လိပ်ပြာရဲ့အချစ်တွေပေးခဲ့လို့ပေါ့ "


"ငါနင့်ကိုမယုံလို့ပြောနေတာမဟုတ်ပါဘူး 

အိန်ဂျယ်... ကြိုမသိနိုင်တဲ့ကံကြမ္မာကိုမြည်းစမ်းဖူးတဲ့ ငါကသိနေလို့ သတိပေးနေရတာ....အခုလိုကြားရတာဝမ်းသာပါတယ် "


လိပ်ပြာလက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ကာ

မြတ်လေးရှေ့ ကမ်းပေးလိုက်တော့မြတ်လေးက လိပ်ပြာကိုဖက်လာသည်။ 


"ငါတို့ကအရင်လိုမခွဲတမ်းအတူရှိနေမဲ့အချစ်ဆုံးသူငယ်ချင်းတွေပါပဲ "


"အတူတူပါပဲမြတ်လေး "


လိပ်ပြာကိုဖက်ထားတဲ့မြတ်လေးရဲ့ ကိုယ်လေးကိုအသာဆွဲခွာလိုက်ပြီး...


"နင့်နဲ့စိုင်းဝဏ္ဏအခြေအနေကရောဘယ်လိုလဲ"


"အေးဆေးပါ လက်မထပ်ရသေးသလို စေ့လည်းမစေ့စပ်ရသေးဘူးလေ...သူဘာလုပ်နိုင်မှာမို့လဲ "


မြတ်လေးစကားက လိပ်ပြာကိုသတိပေးလိုက်သလိုပင်... 


"မြတ်လေး လိပ်ပြာတို့ရှေ့အပတ်ထဲမှာစေ့စပ်ဖြစ်မယ်ထင်တယ် "


" ဘယ်လို "


မြတ်လေးက မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ လိပ်ပြာကိုကြည့်လာသည်။ 


"အဲ့လောက်အမြန်ကြီးလား...."


" အင်း "


"အေးပါ နင်ပျော်ရင်စိတ်ချမ်းသာရင်ပြီးတာပါပဲ အခုပြန်ကြရအောင် "


"အင်း...."


နှစ်ယောက်သား ပြန်တိတ်ဆိတ်သွားကြပြန်သည်။ သူမကိုယ်တိုင်လည်း သည်ကိစ္စဟာ ရုတ်တရက်ဆန်လွန်းသည်ဟု ထင်မိသည်။ သို့သော် တစ်စုံတစ်ရာက မလွန်ဆန်နိုင်အောင် ညှို့ငင်ထားလေတော့...။ 


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၄၁) ဆက်ရန် >>>


#Ruby Linn


rate now: