💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
---------------
"ဟင်း....ဘယ်လောက်လဲပြော "
"ပါးပါးလေးပါ ကိုယ့်အစ်မမလို့ နှစ်သောင်းလောက်"
"အေး ထူထူဆိုရင် "
"လုပ်ပါ ပြန်ဆပ်မှာပါ "
" အေးအေး "
လိပ်ပြာရဲ့ ဘေးလွယ်အိတ်ကိုနှိုက်ကာပိုက်ဆံ
ရှာနေရသည်။ အကုန်လုံးကိုထုတ်လိုက်လျှင်
သေချာတယ်ပြန်ဝင်တော့မည်မဟုတ်...။
အဂ္ဂကားမောင်းလာရင်း ဟိုးအဝေးကြီးကနေကြည့်လိုက်တာတောင် ထင်းနေတဲ့မိန်းကလေး
တစ်ယောက်ကိုတွေ့လိုက်သည်။ သေချာ
ကြည့်လိုက်တော့မှ မပန်းလိပ်ပြာဖြစ်နေသည်။
သခင်လေးကတော့ မတွေ့သေးတာမို့ ကားကိုသူအရှိန်မြှင့်လိုက်တဲ့အချိန်မှာပဲနောက်ကျသွားခဲ့ပြီ။
"အဂ္ဂ အဲဒါလိပ်ပြာမလား...."
"ဗျာ ဟုတ်ကဲ့ "
"ကားရပ်စမ်း အခုရပ် "
အချိန်တစ်ခုပေးထားတာ သူမကိုဒီလိုမျိုး
ယောကျာ်းတစ်ယောက်နဲ့အတူတွေ့ဖို့မှ
မဟုတ်တာ...၊ သူ့စိတ်တွေခဏအတွင်းမှာပဲ
ထူပူပြီး ဆူပွတ်လာကာ ကားပေါ်မှချက်ချင်း
ဆိုသလိုဆင်းလာလိုက်ပြီး သူမဆီလွှားခနဲဆိုသူရောက်သွားသည်။
"ရော့ ပြန်ဆပ်မယ်ဆိုတာသေချာတယ်နော် "
"သေချာတယ် အဲဒါကြောင့်အစ်မလိပ်ပြာကို
ချစ်နေရတာ "
"ဘာ ချစ်နေရတာဟုတ်လား "
ရုတ်တရက်ကြီး ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ဦးသတိုးကြောင့်လိပ်ပြာကြောင်ပြီးကြည့်နေဆဲမှာပင် လိပ်ပြာလက်ကိုဖမ်းဆုပ်ကိုင်ပြီးမေးနေသည်။
" အ "
လိပ်ပြာလက်ကို တအားဖျစ်ညှစ်ထားတာမို့
ညည်းသံလေးတောင်ထွက်လာရသည်။
"ခင်ဗျားကဘယ်သူလဲ ဘာလုပ်တာလဲ "
"လွှတ် နာတယ် လွှတ်ပြီးပြော "
လိပ်ပြာအတင်းရုန်းနေပေမဲ့ သူနဲ့နီးကပ်သွားအောင်လိပ်ပြာလက်ကို ဆောင့်ဆွဲလိုက်ပြီးအံကြိတ်သံဖြင့် ...
"မင်းအရှက်မကွဲချင်ရင် ငါနဲ့အသာတကြည်
လိုက်ခဲ့ "
ဆိုပြီး လိပ်ပြာကိုဆွဲခေါ်သွားသည်။
လင်းမြတ်လည်းဒီလိုတစ်ခါမှမကြူံဖူးသူမို့
ပါးစပ်ကလေးအဟောင်းသားနှင့်ကြောင်
ကြည့်နေပြီးမှ...
"အစ်မလိပ်ပြာ အစ်မလိပ်ပြာ "
လျှင်မြန်တဲ့အရှိန်ဖြင့် သူကလိပ်ပြာကိုကားထဲထိုးထည့်ကာ သူပါလိပ်ပြာဘေးဝင်ထိုင်လိုက်သည်နှင့် ကားကမောင်းထွက်သွားသည်။
"ဒီမှာ ရှင် တော်တော်လူမှုရေးခေါင်းပါးနေ
ပါလား...ရှင်လိပ်ပြာကိုလိုက်စေချင်ရင်
အသာတကြည်ခေါ်လေ အခုဟာကရှင်
တမင်သက်သက်အာဏာပြပြီး အရှက်ခွဲ
စေချင်လို့မဟုတ်လား...."
"လောလောဆယ်မင်းပါးစပ်ကို ခဏလေး
ပိတ်ထားလိုက် မဟုတ်ရင် ငါပိတ်ပေးလိုက်ရလိမ့်မယ် မင်းငါ့ကိုပိတ်စေချင်ရင်ငါကတော့ရိုးရိုးပိတ်ပေးမှာမဟုတ်ဘူးနော် "
" တောက် "
သူ့မျက်နှာကိုကြည့်ကာ တောက်ခေါက်လိုက်ပြီးမှ သူကလိပ်ပြာကိုပြန်လှည့်ကြည့်လာတာမို့ ဆတ်ခနဲဆိုမျက်နှာကိုတစ်ဖက်သို့ပို့လိုက်သည်။
အခုမှသတိရတယ် crystal crystal လေးကို
တစ်ယောက်ထဲထားခဲ့မိပြီ၊ ပြဿနာပဲ...။
အိတ်ထဲမှဖုန်းကို အမြန်ထုတ်ကာလင်းမြတ်
ဆီသို့ဆက်လိုက်သည်။
"ဟဲလို လင်းမြတ်အစ်မပါ "
"အခုဘယ်မှာလဲ "
"အတော်ပဲ လိပ်ပြာတို့စကားရပ်ပြောနေတဲ့ဆိုင်ထဲမှာ လိပ်ပြာညီမလေး crystal ကျန်ခဲ့တယ်၊ သူအိမ်ပြန်တတ်မှာမဟုတ်ဘူး...အဲဒါကူညီပေးပါဦး "
"သြော် အင်း လိပ်ပြာအလုပ်ကိစ္စနဲ့ hotel
ကို အရေးတကြီးသွားလိုက်တာလို့ ပြောပေးနော် စိတ်ချမယ် "
လိပ်ပြာဖုန်းပြောလို့မဆုံးမီ ကားကထိုးရပ်သွားပြီး သူကထုံးစံအတိုင်းရှေ့ကနေကော့ကော့ကော့ကော့နှင့်ဆင်းသွားသည်။
" အင်း ဒါပဲ "
လိပ်ပြာဖုန်းပြောပြီးတာနဲ့ ကားတံခါးကိုဖွင့်ကာဆင်းလာသည်။ အဂ္ဂကတော့လိုက်မဆင်းတော့ ကားကိုနောက်ပြန်လှည့်ကာ ခပ်လှမ်းလှမ်းတွင်သွားရပ်ထားကာ စောင့်နေသည်။ လိပ်ပြာဟိုဘက်ဒိီဘက်ဝေ့ကြည့်လိုက်တော့ လူသူရှင်းကာ တိတ်ဆိတ်ငြိမ်သက်နေ၏။
လူတွေပြောပြောနေတဲ့ စိတ်ကွယ်ရာနေရာဆိုတာ ဒီနေရာပဲဖြစ်ရမည်ဟု လိပ်ပြာစိတ်ထဲကောက်ချက်
ချမိသည်။ သူ့ပုံစံကိုကြည့်ရတာ အူတိုနေမှန်းသိသာပေမဲ့ သူ့ကိုအတော်စိတ်ပျက်နေပြီ။ သူ့လုပ်ရပ်ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုမချချင်ဘဲချရတော့မည်။
သူမကားပေါ်မှဆင်းဆင်းလာပြီးချင်း သူ့ကို
ပြောလိုက်တဲ့စကားက...
"လိပ်ပြာအလုပ်ထွက်တော့မယ် "
လိပ်ပြာသူ့ဘက်ကိုလှည့်ကာ ပြတ်သားကြည်လင်သောအသံဖြင့်ပြောလိုက်သည်။သူမမျက်နှာကို သူဆတ်ခနဲဆိုကြည့်လိုက်၏။ ဒီစကားက
သူ့ကိုခွင့်တောင်းတဲ့သဘောဖြင့်ပြောခြင်းမဟုတ် ဆုံးဖြတ်ပြီးသာကိစ္စတစ်ခုကို သူ့ကိုအသိပေးခြင်းသာဖြစ်မည်။ ဒီကိစ္စကိုအလွယ်တကူလက်ခံလိုက်ရင်သာ သူရူးနေလို့ဖြစ်လိမ့်မည်။
"ဘာပြောတယ် နေပါဦး မင်းဒီလိုလွယ်လွယ်
ပြောလို့ရလား..."
"လိပ်ပြာကသူများလိုစိတ်ခံစားချက်နောက်လိုက်ပြီးမဆင်မချင်ပြောတတ်တဲ့သူမျိုးမဟုတ်ဘူး...လိပ်ပြာဒီအလုပ်ကိုလုပ်ရတာ မပျော်တော့ဘူး နောက်ပြီးစိတ်ကုန်လာပြီ၊ အရာရာကိုလိုက်ချုပ်ချယ်ပြီး ပိတ်ပင်တားဆီးနေတာကို ဒီထက်ပိုပြီးလက်မခံနိုင်တော့ဘူး အဲ့တော့မနက်ဖြန်ကစပြီးအလုပ်ဆင်းမှာမဟုတ်တော့ဘူးလို့သိထားပေးပါ "
" နေဦး "
လိပ်ပြာစိတ်ထဲရှိတာ ပြောချလိုက်ပြီး လှည့်အထွက် သူကလိပ်ပြာလက်ကိုလှမ်းဆွဲကာသူ့ဘက်ပြန်လှည့်လိုက်သည်။
"မင်းဒီလိုပြောပြိီးထွက်သွားလို့ရအောင် ငါခေါ်လာခဲ့တာမဟုတ်ဘူး...ငါသိချင်တာရှိလို့
မင်းသိသင့်တာတွေကိုပြောပြမလို့ ငါခေါ်လာတာ"
လိပ်ပြာသူ့လက်ကိုဆောင့်ရုန်းလိုက်ပြီး...
"OK လေ ရှင်ပြောဖို့အတွက်အချိန်ဘယ်လောက်လိုမလဲ...ပြောပါ အဲ့ထက်မပိုစေနဲ့ "
"ငါပြောမဲ့စကားအခွန်းတိုင်းကိုမင်းလိုက်တွက်နေရင်ဒီမှာအိပ်သွားရလိမ့်မယ်...အဲ့တော့ငါပြောတာပဲနားထောင် "
လိပ်ပြာမျက်နှာကို ဆတ်ခနဲတစ်ဖက်သို့လွှဲလိုက်ပြီးပင့်ချီထားလိုက်သည်။
"ခုနကကောင်ကဘယ်သူလဲ မင်းနဲ့ဘယ်လိုပတ်သက်လဲ...မင်းမှာချစ်သူရှိရင်ဘာလို့အစထဲကမပြောခဲ့တာလဲ မင်းပြောလေ "
သူ့ရဲ့ ရင့်သီးတဲ့စကားကြောင့် လိပ်ပြာသူ့ဘက်သို့ ဖျတ်ခနဲပြန်လှည့်လာရသည်။ အံ့သြဖို့ကောင်းလိုက်တာ သူ့ပါးစပ်က ဒီစကားထွက်တာ လိပ်ပြာစိတ်ကထောင်းခနဲဖြစ်သွားရသည်။
သူ့ကိုအရွဲ့တိုက်ပြီးအမှားကိုအမှန်လုပ်ပစ်လိုက်ချင်ပေမဲ့ လိပ်ပြာရဲ့ ကိုယ်စောင့်နတ်ကခွင့်မပြု ...။
"ရှင်ထင်နေသလိုမဟုတ်ဘူး သူကစိုင်းရဲ့ ညီ
လင်းမြတ် ဒီအတိုင်းနောက်ပြီးစကားပြောနေကြတာ "
လိပ်ပြာ ဘာလို့သူ့ကိုသေချာရှင်းပြနေမိပါလိမ့်....။
" ဟူး ..."
လေးတွဲသောသက်ပြင်းရှည်ကြီးကို ချလိုက်ပြိီး....
"ဒါဆိုပြန်လို့ရပြီမလား..."
"နေဦး ငါမင်းကိုအလုပ်ထွက်ခွင့်မပေးနိုင်ဘူး ဘာဖြစ်လို့လဲဆိုတာ ငါပြန်ပြောစရာမလိုဘူးလို့ထင်တယ်....မင်းသိမှာပါ "
လိပ်ပြာမျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းထောင့်ကိုဖိကိုက်ထားမိသည်။ လိပ်ပြာသိတာပေါ့
သူဒီလိုအကျင့်ယုတ်ချင်လို့ စာချုပ်ကိုစီစဉ်ခဲ့တယ်ဆိုတာ...။
သူစိတ်ကိုလျော့လိုက်ရင်း မာထန်နေရင်းက ဖျော့တော့သောလေသံအဖြစ်ပြောင်းသွားကာ...
"မင်းကိုအချိန်တစ်ခုပေးထားတယ်ဆိုတာ
မင်းဆီကဒီလိုအဖြေမျိုးကြားရဖို့မှမဟုတ်တာ "
" ဒီမှာ "
"ကိုယ့်စကားကိုဆုံးအောင်နားထောင်ဦး
မင်းအထင်လွဲနေတဲ့ကိစ္စတွေရှိနေတယ်ဆိုတာသိတယ်...ကိစ္စတိုင်းကိုလိုက်မဖြေရှင်းနိုင်ပေမဲ့ ဟိုနေ့ကကိစ္စကိုမင်းစိတ်ထဲရှင်းအောင်ကိုယ်ပြောချင်တယ်...အရင်ဆုံးယုံတာမယုံတာကတော့ နားထောင်တဲ့သူအပိုင်းပေါ့....ကိုယ်မနေ့က
မင်းကိုကိုယ့်ချစ်သူပါလို့ လူအများရှေ့ မှာပြောပြီး မင်းကိုသက်သေပြမယ်လို့ရည်ရွယ်ထားတာ မှန်သောစကား...."
"ဒါပေမဲ့ ဖြစ်ပျက်သွားတာတွေကအရမ်းမြန်ဆန်သွားတယ်....ဒီအတွက်လည်းကိုယ်တောင်းပန်ပါတယ်...မင်းသိထားသင့်တာကမင်းဘာပဲဖြစ်နေဖြစ်နေ ဘာကိစ္စပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းအပေါ်အရင်ကဘယ်လိုပဲသဘောထားခဲ့ အခုလက်ရှိအချိန်
ကိုယ့်နှလုံးသားထဲမှာ မင်းတစ်ယောက်ပဲရှိတယ်ဆိုတာ အကြွင်းမဲ့ယုံ ဒီထက်ပိုပြီးကိုယ်ဖွဲ့နွဲ့ပြောမှာမဟုတ်သလို ပြောလည်းမပြောတက်ဘူး ..."
သူဖွဲ့နွဲ့မပြောတတ်ဖူးလို့ပြောပေမဲ့ သူ့စကားလုံးတိုင်းက လိပ်ပြာရင်ကိုလာထိမှန်ပြီး ပြောစရာစကားမရှိအောင် ဆွံ့အသွားခဲ့ရပါသည်။
သူပြောနေတာတွေက အမှန်လားအမှားလား
ဆိုတာမသိနိုင်ပေမဲ့ လိပ်ပြာမျက်လုံးစုံမှိတ်ပြီးယုံချင်နေသည်။ ရင်ထဲမှာလည်းတလှပ်လှပ်ဖြင့် အာခေါင်တောင်ခြောက်လာသလိုခံစားရသည်။ သူကပြောပြီးတာနဲ့လိပ်ပြာစကားကိုနားမထောင်တော့ဘဲ လှည့်ထွက်ဖို့ခြေလှမ်းပြင်လိုက်စဉ်
လိပ်ပြာခန္ဓာကိုယ်လေး ရုတ်တရက်တုန်ယင်
သွားရသည်။
ငါဘာဖြစ်တာလဲ....သူ့ရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေကို မခံမရပ်နိုင်အောင်ဖြစ်နေပြီလား...၊ ဒါဟာ သူများတွေပြောတဲ့ချစ်ခြင်းရဲ့ ညှို့ငင်ဖမ်းစားခြင်းကိုခံလိုက်ရပြီလား..။ မဖြစ်ရဘူး... လိပ်ပြာစိတ်
ကိုတင်းထားသည့်အနေဖြင့် လက်နှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။ ဒီအချိန်လိပ်ပြာရဲ့ စိတ်ကိုလွတ်ပေးလိုက်ရင် သူ့ဆီပြေးသွားပြီး သူ့နောက်ကျောကိုပြေးဆွဲဖက်ကာတားလိုက်မိမှာအမှန်ပင်။ ဒါပေမဲ့ အခုလိပ်ပြာရပ်နေတာပစ္စပ္ပုန်မှာလေ၊ အတိတ်မှာမဟုတ်သလို
အနာဂတ်မှာလည်းမဟုတ်ဘူး...၊ လိပ်ပြာသူ့ကိုယုံပြီး လိပ်ပြာစိတ်ကိုလွတ်ပေးရလောက်အောင်သူ့ကိုမချစ်မိသေးတာအမှန်ပင်...။
°°°°°°°°°
သူမပြောလာမဲ့တုန့်ပြန်စကားကိုမကြားနိုင်
တော့လို့ သူမရှေ့မှလှည့်ထွက်လာခဲ့သည်။
ကားဆီသို့တဖြည်းဖြည်းလျှောက်လာပြီး
အဂ္ဂအသင့်ဖွင့်ထားသောကားထဲသို့ဝင်
လိုက်ကာ...
" အဂ္ဂ "
" ဗျာ "
"ဗညားကိုလှမ်းခေါ်လိုက် သူမကိုအိမ်ပြန်လိုက်ပို့ပေးဖို့ "
" ဟုတ်ကဲ့ "
သခင်လေးသဘောအတိုင်း ဗညားဆီဖုန်းဆက်ပြီး
စံအိမ်သို့မောင်းလာခဲ့သည်။ စံအိမ်ရဲ့ အရိပ်က သူ့ရင်ထဲမှအပူကိုအေးမြသွားစေပေမဲ့ ခေတ္တသာ၊ သူ့ကိုမီးလောင်ရာလေပင့်ဖို့ ဧည့်ခန်းထဲတွင်စောင့်နေသူကိုတွေ့လိုက်ရသည်။
သူဧည့်ခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွား
သည်နှင့် ....
"သား အတော်ပဲ သားကိုအဖေပြောစရာရှိလို့
စောင့်နေတာ "
သူ့ရဲ့ စိတ်ကို အရှည်ဆုံးထိဆွဲဆန့်လိုက်ပြီး
ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"တကယ်တော့ အဖေအကူအညီတောင်းချင်လို့ပါ"
အကူအညီလို့ပြောလိုက်တာနဲ့ သူသိသိသာသာမျက်မှောင်ကြုတ်သွားရသည်။ အကူအညီတောင်းလို့မရရင် အတင်းဓားပြတိုက်ယူမယ်ဆိုတာလည်း သူသိနေတယ်လေ...၊ အဲဒါကို
လူကြားကောင်းအောင်အကူအညီကိုယူသုံး
နေရသေးတယ်...။
"ဖြူကဒီမှာမြေကွက်တစ်ကွက်ဝယ်ပြီးလုပ်ငန်းတစ်ခုလုပ်ချင်တယ်လို့ပြောလို့ အဖေလည်းဝယ်ပေးမယ်လို့ ကတိပေးလိုက်တယ် အဲဒါ..."
"လိုရင်းကိုပဲပြောပါ ဘာဖြစ်ချင်တာလဲ "
"အဲဒါသားအရင်းအနှီးထုတ်ပေးနိုင်မလားလို့ ဟိုမှာနေတဲ့ကာလအတွင်းမှာ အဖေသူ့ကို
ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး....အခုသူ့ဆန္ဒကိုအဖေဖြည့်ဆည်းပေးချင်လို့ "
" ဖြောင်း ဖြောင်း "
သူ့ခါးကို ဆတ်ခနဲမတ်လိုက်ရင်း လက်ခုပ်
နှစ်ချက်တီးလိုက်သည်။
"တော်ပါပေတယ် အိမ်ထောင်ရှင်ကောင်းပီသပါပေတယ်...အရင်းအနှီးကစတာပေါ့
ဟုတ်လား...."
"အဲလိုလဲ မဟုတ်ပါဘူး အဖေကအကူအညီတောင်းကြည့်ရုံပါ "
သူသက်ပြင်းတစ်ချက်ချကာ ခေါင်းကိုဆတ်ခနဲအပေါ်သို့မော့ထားလိုက်သည်။ သူငြင်းဆန်နိုင်စွမ်းမရှိမှန်းသိပါတယ်...၊ သူအရာရာကိုအလွယ်တကူအနိုင်ယူနိုင်ပေမဲ့ သူ့နှလုံးသားကိုတော့အနိုင်ယူလို့မရ...သူ့နှလုံးသားအရှေ့မှာ သူအကြိမ်
ကြိမ်ဒူထောက်ပြီး အရှုံးပေးရစမြဲပင်။ ဒါသူ့
ဝဋ်ကြွေးပဲလား ကံတရားပဲလား...။
ဒါတောင်သူ့ကိုအပြင်ပန်းကကြည့်ပြီး စိတ်ချမ်းသာနေတယ်လို့ ထင်နေတဲ့သူတွေရှိကြသေးတယ်နော်။
"အဂ္ဂ မင်းစီစဉ်ပေးလိုက် "
အဂ္ဂကိုပြောပြီးသည်နှင့် အိမ်ပေါက်ဝတံခါးကိုဖြတ်ကာ ကားဆီသို့လျှောက်သွားပြီး သူကိုယ်တိုင်ကားမောင်းကာ လောဘမီးတွေဖုံးလွှမ်းနေတဲ့အိမ်ထဲမှထွက်လာခဲ့သည်။ သူ့ရဲ့ တစ်ခုတည်းသော စိတ်ဖြေရာဖြစ်တဲ့သတိုးတေဇစံအိမ်သို့သာ ဦးတည်လာခဲ့သည်။
°°°°°°°
လိပ်ပြာအိမ်ပြန်ရောက်တော့ စိုင်းရောက်နေမှန်း အိမ်ရှေ့တွင်ရပ်ထားသော စိုင်းဆိုင်ကယ်ကိုတွေ့လိုက်တာနဲ့ သူမသိလိုက်သည်။ လိပ်ပြာဧည့်ခန်းထဲ လှည့်ဝင်လိုက်တော့မေမေနှင့်စိုင်းကစကားပြောနေသည်။
"စိုင်းရောက်တာကြာပြီလား..."
"အင်း လိပ်ပြာ "
လိပ်ပြာနာမည်ကိုခေါ်ရင်း စိုင်းကထိုင်နေရာမှဆတ်ခနဲထလာကာ လိပ်ပြာနားရောက်လာ၏။
"လိပ်ပြာ နင့်ကိုနင့်သူဋ္ဌေးဆွဲခေါ်သွားတယ်ဆို"
"ဟဲ့ ဘစိုင်းအသံနိမ့်ပြော မေမေကြားသွားလိမ့်မယ် ငါဘာမှမဖြစ်ဘူး...ဟုတ်ပြီလား "
"သားတို့ထိုင်ပြီးပြာကြဦး အန်တီအလုပ်လေးရှိလို့သွားလိုက်ဦးမယ်"
"ဟုတ် အန်တီ "
မေမေထွက်သွားပြီးသည်နှင့် စိုင်းကလိပ်ပြာ
လက်မောင်းကနေ ဆွဲခေါ်လာကာ ထိုင်ခုံတွင်ထိုင်စေသည်။ လင်းမြတ်နဲ့တွေ့ပြီးထဲက စိုင်းကိုသံတော်ဦးပြန်တင်တော့မယ်ဆိုတာသိနေတယ်လေ...။
"သူနင့်ကိုဘာလို့ဆွဲခေါ်သွားတာလဲ၊
နင်တို့ကြားမှာပြဿနာတစ်ခုခုရှိလိုလား၊
နောက်ပြီး...."
"ခဏလး ခဏလေး စိုင်းလိပ်ပြာပြောမယ်
dinner ပွဲပြီးထဲက သူနဲ့မတွေ့ဖြစ်တော့ဘူး
လိပ်ပြာအလုပ်လည်းမသွားဘူး....ဒီနေ့အမှတ်တမဲ့ လင်းမြတ်နဲ့တွေ့တော့ စကြနောက်ကြတာကိုတွေ့သွားပြီး အဲ့နေရာကဆွဲခေါ်သွားတော့တာပဲ ပြီးတော့စကားပြောကြတယ်ဒါပဲ ဒါနဲ့မေမေ့ကိုဘာတွေပြောလိုက်သေးလဲ "
"မပြောပါဘူး ရေးရေးရာရာမှမသိဘဲ နင်ရောသူ့ကိုဘယ်လိုသဘောထားလဲ "
" ဟင် "
လိပ်ပြာကိုယ်တိုင်တောင်မသိတာ ဒီမေးခွန်းကိုဘယ်လိုဖြေရမလဲ ....။
" မသိဘူး "
ဆိုပြီး လိပ်ပြာခေါင်းအသာယမ်းလိုက်သည်။
လိပ်ပြာဝေခွဲမရဖြစ်နေမှန်းသူသိပါတယ်....
ဒါပေမဲ့ အဓိပ္ပာယ်များစွာကိုပြောပြနေတဲ့လိပ်ပြာရဲ့မျက်ဝန်းတွေကတော့ လိမ်လို့မရပါဘူး...သူခံနိုင်ရည်ရှိရမှာပေါ့၊ လိပ်ပြာရဲ့အချစ်ကိုမှမတောင်းခံရဲတာ၊ ဒါပေမဲ့ လိပ်ပြာသူ့အချစ်ကိုဥပေက္ခာပြုတာတော့
မခံစားနိုင်ဘူး...။
"အင်းလေ လူပုံအလယ်မှာဒီလိုဆွဲလားရမ်းလားလုပ်တာတော့ဘယ်ကောင်းမလဲ "
"လိပ်ပြာသူ့ကိုအကြိမ်ကြိမ်အခါခါပြောပါတယ်၊ ကြက်တူရွေးကိုနှုတ်တိုက်သင်ပေးရင်တောင် ပိဋကတ်သုံးပုံအာဂုံဆောင်နိုင်နေပြီ "
"ဘာပဲဖြစ်ဖြစ် ဒီထက်ပိုဆိုးမလာရင်အကောင်းဆုံးပဲပေါ့၊ တစ်ကယ်တမ်းနစ်နာရင်ကိုယ့်ဘက်ကနစ်နာရမှာသူသိသင့်တယ် "
ဟူ၍ ညည်းညူသလိုလေး ပြောလိုက်သော စိုင်းရဲ့သတိပေးစကားတွေအောက် သူမ အလိုလို ငြိမ်ကျတွေဝေ၍သွားရ၏။
°°°°°°°°°
"သခင်လေး သောက်နိုင်တာလဲမဟုတ်ဘူး
ဖြစ်ပါ့မလား "
"အဂ္ဂ ငါ့လက်ထဲကပုလင်းကိုကြည့်လိုက်
တစ်ဝက်ကျိုးနေပြီ...ငါအခုဘာဖြစ်တာ
တွေ့လဲ ငါခံစားနေရတာပဲတွေ့တယ်မလား...
ငါခံစားနာကျင်နေရတာတွေကို ဟောဒီအရက်နဲ့တိုက်စားပစ်မှရမယ် အေ့ "
"သခင်လေး "
"ရတယ် ရတယ် အေးဆေး "
အဂ္ဂကို အရက်ပုလင်းထောင်ပြကာ သူဘာမှ
မဖြစ်ကြောင်းပြောနေသော်လည်း သူ့မျက်လုံးထဲမှာ အဂ္ဂနှစ်ယောက်နှင့် အိမ်ကြီးကချာချာလည်နေတာကိုတွေ့ရသည်။
သခင်လေးကို သူတားလို့မရမှန်းသိပါတယ်...သူ့စကားလည်းနားထောင်မှာမဟုတ်ချေ။ သခင်လေးကိုတားလို့ရမယ့်သူတစ်ယောက်တော့ရှိသည်။ ဒါပေမဲ့ အဲဒီသူကသခင်လေးကိုတားချင်ပါ့မလား....၊ တားပေးဖို့ဆန္ဒရှိပါ့မလား။ နောက်ဆုံးသူဗညားကိုဖုန်းလှမ်းဆက်လိုက်သည်။
"ဗညား ငါ့ဆီကိုအခုချက်ချင်းလာခဲ့ "
°°°°°°°°°°°
လိပ်ပြာတို့ ညနေဘက်ထမင်းစားသောက်ပြီးလို့ မေမေတို့ကိုကူပြီး ပန်းကန်တွေဆေးကြောပေးနေချိန်...
" သမီးရေ သမိီး...."
"ရှင် ဖေဖေ "
"သမီးကိုတွေ့ချင်လို့တဲ့ ဒီမှာဧည့်သည် "
"ဟုတ်ကဲ့ လာပြီ "
ဖေဖေလှမ်းခေါ်သောကြောင့် ဆေးလက်စပန်းကန်ကိုချကာ ဘေးနားတွင်ရှိသောအဝတ်စဖြင့်လက်ကိုသုတ်ပြီး မီးဖိုချောင်ထဲမှထွက်လာသည်။
" ကိုအဂ္ဂ "
"မပန်းလိပ်ပြာ ကျွန်တော်အရေးကြီးပြောစရာရှိလို့ ခဏလောက်လိုက်ခဲ့လို့ရမလား..."
"ကိုအဂ္ဂ သခင်လေးအကြောင်းပဲပြောမှာမလား"
လိပ်ပြာပြောပြီး ဖေဖေ့ကိုလှမ်းကြည့်လိုက်တော့ ဖေဖေကလိပ်ပြာတို့ဆီအကြည့်မရောက် tv က
လာနေတဲ့သတင်းကိုသာ အာရုံရောက်နေသည်။
"အရေးကြီးလို့ ခဏလေးပဲပြောမှာပါ၊ ပြီးရင်ပြန်လိုက်ပို့ပေးပါ့မယ် လုပ်ပါ "
ကိုအဂ္ဂပုံစံက တစ်ခုခုကိုစိတ်ပူနေပြီး ခြေမကိုင်မိလက်မကိုင်မိပုံစံမျိုးဖြစ်နေသောကြောင့် လိပ်ပြာရင်ထိတ်သွားရသည်။
"သမီး ဧည့်သည်ကိုထိုင်ခိုင်းလေ မတ်တပ်ကြီး "
"ဟိုလေ ဖေဖေအလုပ်ကလာခေါ်တာ အရေးကြီးလို့တဲ့ လိပ်ပြာလိုက်သွားရမလားဟင်..."
"အလုပ်ကဆိုတော့လိုက်သွားပေါ့ တော်ကြာဆိုမိုးချုပ်တော့မှာ မကြာဘူးမလား..."
ဖေဖေက ကိုအဂ္ဂကိုကြည့်ပြီး မေးလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်မိုးမချုပ်ခင်ပြန်ပို့ပေးပါ့မယ်ဗျ "
" အေး အေး "
လိပ်ပြာအဝတ်မလဲတော့ဘဲ အဖြူနှင့်အနက်စပ်ထားသည့် ဂါဝန်ကားကားလေးအတိုင်းလိုက်သွားလိုက်သည်။ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့လူရှင်းမဲ့နေရာမှာထိုင်လိုက်ပြီး စကားစလိုက်တဲ့သူမှာ အဂ္ဂပင်။
"ကျွန်တော်သခင်လေးဘက်ကလိုက်ပြောတာမဟုတ်ပါဘူး မပန်းလိပ်ပြာကိုသခင်လေးကနှစ်နှစ်ကာကာချစ်တာပါ၊ ကျွန်တော့်အသက်နှင့်လောင်းရဲပါတယ် "
"ဒီကိစ္စပြောဖို့ဆိုရင်တော့ "
"ကျွန်တော့စကားကိုနားထောင်ပြီးမှ မပန်းလိပ်ပြာဆုံးဖြတ်ပါ လူတိုင်းမှာအမှတ်ရစရာတွေနာကျင်စရာတွေ နာကျည်းစရာတွေ တစ်ခုထက်မကရှိတတ်ကြပေမဲ့ သခင်လေးစိတ်ထဲမှာတော့ ထိခိုက်နာကျင်ထားလို့ ကျန်ခဲ့တဲ့ဒဏ်ရာတွေနဲ့အမာရွတ်တွေပဲရှိပါတယ် "
လိပ်ပြာ ကိုအဂ္ဂစကားကိုစိတ်ဝင်စားစပြုလာပြီ။ လိပ်ပြာအမှန်အတိုင်းပြောရရင် ဦးသတိုးအကြောင်းကို လိပ်ပြာသိထားတာထက်ပိုသိချင်မိသည်။
"ဒီအကြောင်းတွေဟာ ကာယကံရှင်မပြောနဲ့
ဘေးကလူတောင် တခြားတစ်ယောက်ကို
ပြန်မပြောပြချင်တဲ့စကားတွေပါ...မပန်းလိပ်ပြာကို ကျွန်တော်ဂဃနဏမပြောပြပေးနိုင်ပေမဲ့ သခင်လေးကပြောပြပေးနိုင်ပါတယ်...သခင်လေး ဒီအဖြစ်အပျက်ကြီးကိုရှောင်ပုန်းနေပေမဲ့ မပန်းလိပ်ပြာကိုရင်ဖွင့်မှာပါ....ဒါကြောင့်သခင်လေးအကြောင်းကို လိုက်ပြီးနားထောင်စေချင်ပါတယ်၊ သခင်လေးအကြောင်းကို သခင်လေးကိုယ်တိုင်ပြောပြတာအကောင်းဆုံးပါ "
"ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ သခင်လေးငယ်ငယ်လေးတည်းက အချစ်ဆိုတာဘာလဲမသိသေးခင် အမုန်းဆိုတဲ့အရာကြီးကို သခင်လေးမလိုချင်ဘဲ သခင်လေးရင်ဘက်ထဲကိုထည့်ပေးလိုက်ကြတယ်...သခင်လေးချစ်တတ်လာတာတောင် အချစ်မှန်းမသိဘဲ အမုန်းလို့အထင်မှားပြီး
မပန်းလိပ်ပြာအပေါ်မုန်းတီးခဲ့ဖူးတယ်....ဒါ့ကြောင့် မပန်းလိပ်ပြာကသာ သခင်လေးကိုအချစ်ဆိုတာဘာလဲ နားလည်အောင်လုပ်ပေးနိုင်ခဲ့တဲ့တစ်ဦးတည်းသောသူပါ...၊ ကျွန်တော် မလိမ်ပါဘူးဗျာ၊ မှန်သောသစ္စာပါ၊ ကျွန်တော်တောင်းပန်ပါတယ်
သခင်လေးကိုလိုက်ကြည့်ပေးပါ သခင်လေးကိုတားပေးပါ... "
မျက်နှာချင်းဆိုင်စကားပြောနေရင်း လက်နှစ်ဖက်ဖိပွတ်ချေနေမိရာက စကားသံဆုံးတော့ ရင်ထဲလှပ်ဟာကျန်ခဲ့လို့ ဆို့နစ်သွားရပြန်ပါသည်။ ထပ်တူထပ်မျှ နာကျင်ရပါသည်ဆို ဒီခံစားချက်ကို မေတ္တာဟု ခေါင်းစဥ်တပ်မိမည်ထင်ပါရဲ့။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၃၇) ဆက်ရန် >>>
#Ruby Linn