book

Index 34

အပိုင်း (၃၄)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


----------------


"ပန်းလိပ်ပြာ ရောက်ပြီလား "


"မရောက်သေးပါဘူး သူဋ္ဌေး "


သူသိချင်တာသိပြီးတာနဲ့ ဖုန်းကိုဆတ်ခနဲဆို

ချလိုက်သည်။ သူ့မျက်နှာတွင်အလိုမကျမှု

များနှင့်အတူ မဲနက်နေတဲ့မျက်ခုံးတန်းများ

အလယ်တွင်စုသွားရသည်။ 


"သခင်လေးစိတ်မဆိုးဘူးဆိုရင် ကျွန်တော်

တစ်ခုလောက်ပြောချင်လို့ပါ "


" ပြော "


သခင်လေးကသူ့ကိုပြောဆိုတာနဲ့ အဂ္ဂ

အရဲကိုးကာပြောချလိုက်သည်။ 


"အဖြစ်အပျက်ကမျက်စိတစ်မှိတ်အတွင်း

မြန်ဆန်သွားတော့ သူမအတွက်လုံလောက်တဲ့အချိန်တစ်ခုပေးသင့်တယ်လို့ထင်ပါတယ်၊ နောက်ပြီးသခင်လေးရောပဲ  သွေးအေးအေးနဲ့စဉ်းစားပြီးတဲ့အခါ ဘာလုပ်သင့်လဲဆိုတာသိသွားမှာပါ "


"ဘာလဲ ငါနဲ့ဝေးကွာနေတဲ့အချိန်အတွင်း 

 ငါ့ကိုသူပိုမုန်းသွားအောင်လို့လား...."


"အဲလိုမဟုတ်ပါဘူး မပန်းလိပ်ပြာသွေးအေးသွားတဲ့အခါမှ သခင်လေးသေချာရှင်းပြလိုက်ရင်ပိုထိရောက်မယ်ထင်လို့ပါ "


အဂ္ဂပြောတာလည်းဟုတ်နေတာပဲ...

အရာရာတိုင်းမှာသေချာတဲ့အဖြေတစ်ခုရဖို့ 

လုံလောက်တဲ့အချိန်လိုအပ်စမြဲပဲလေ...။ 

အဂ္ဂနှင့်သခင်လေးစကားစပြက်သွားတော့မှ 

ဗညားကစကားဆက်လိုက်သည်။ 


"သခင်လေးစုံစမ်းခိုင်းထားတဲ့သခင်ကြီးအကြောင်း ကျွန်တော်စုံစမ်းလို့သိရပါပြီ "


သခင်ကြီးအကြောင်းလို့ ပြောလိုက်တာမို့ 

ဗညားမျက်နှာကိုကြည့်ကာ စိတ်ဝင်တစား

နားထောင်နေသည်။ 


"သခင်ကြီးတို့က bangkok မြို့လယ်ခေါင်မှာနေခဲ့ကြတာပါ၊ သခင်ကြီးရဲ့ လက်ရှိမိန်းမဒေါ်စံပယ်ဖြူ ရဲ့ပိုင်ဆိုင်မှုကမသေးဘူးလို့ပြောလို့ရတယ်၊ မြို့ထဲမှာ electronics ဆိုင်နှစ်ဆိုင်ကိုလည်းဖွင့်ထားတယ် ပြီးတော့ fashion ဆိုင်တစ်ဆိုင်ကိုလည်းပြန်ဝယ်ထားတယ်လို့သိရပါတယ်...

သခင်ကြီးကတော့ဒေါ်စံပယ်ဖြူပိုင်တဲ့ ဆိုင်တွေကိုတစ်လှည့်စီအုပ်ချုပ်နေတယ်လို့ကြားပါတယ်....သူတို့ရဲ့သမီး crystal

က အထက်တန်းကျောင်းပြီးထားတာ

လပိုင်းလောက်ပဲရှိပါသေးတယ်...ကျွန်တော်

စုံစမ်းလို့ရသမျှဒါအကုန်ပါပဲ..."


" အဟွန်း "


နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးကာ စားပွဲခုံ

ပေါ်ကစီးကရက်ဘူးကိုယူလိုက်ပြီး စီးကရက်တစ်လိပ်ထုတ်လိုက်တော့ ဗညားကအသင့်မီးညှိပေးသည်။ စီးကရက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်ဖွာပြီးမှ....


"နေနိုင်စားနိုင်တာထက်ပိုတယ်ပေါ့...ဒါနဲ့များမဝသေးလို့ ရန်ကုန်အထိနယ်ချဲ့ချင်နေကြသေးတယ် လောဘတွေများအတောကိုမသက်နိုင်ကြဘူး ...သူတို့မိသားစုကိုစောင့်ကြည့်ထား နည်းနည်းမှအလှုပ်မခံနဲ့ "


"ဟုတ်ကဲ့ စောင့်ကြည့်နေပါတယ်သခင်ကြီးနဲ့ဒေါ်စံပယ်ဖြူ ကတော့ အိမ်မှာပဲနေကြပါတယ်၊ အပြင်သိပ်မထွက်ကြပါဘူး...ဒါပေမဲ့သူတို့ရဲ့သမီးက အခုတလောအဝင်အထွက်များလို့ နောက်ကလိုက်ကြည့်တော့ သူ့အမေဘက်ကအမျိုးအိမ်ကိုခဏခဏသွားနေတာတွေ့ရပါတယ် "


"အကောင်သေးတယ်ဆိုပြီး အဆိပ်မရှိဘူးလို့မထင်နဲ့ ဒီအဖေဒီအမေကမွေးထုတ်ထားတာမလား..."


"ဟုတ်ကဲ့ သြော် သခင်လေးဖိတ်စာ "


ဗညားကသူ့လက်ထဲမှာ အသင့်ပါလာသော

ဖိတ်စာကို ထိုးပေးနေတာကြောင့် သူဆတ်ခနဲ လှမ်းဆွဲယူကာ စာအိတ်ထဲမှရွှေရောင်ဖိတ်စာကတ်ကို ဖွင့်ဖတ်ကြည့်လိုက်သည်။ သူထင်ထား

သည့်အတိုင်း Royal City မှာပြုလုပ်မဲ့

လေလံပွဲဖိတ်စာပင်...အချိန်ကတော့လာမဲ့

သောကြာနေ့နံနက် ၁၀ နာရီဖြစ်သည်။ဖိတ်စာကို

စာအိတ်ထဲပြန်ထည့်လိုက်ပြီး သူတို့ကို

တစ်ချက်ကြည့်ကာ...


" ရပြီ ဒါပဲမလား..."


" ဟုတ်ကဲ့ သွားခွင့်ပြုပါ "


သူခေါင်းတစ်ချက်ဆတ်ပြကာ ဘေးနားတွင်

ရှိသောထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် သွေးအေးစွာ တီးတိုးရေရွတ်လိုက်သော ကြိမ်းဝါးသကဲ့သို့ စကားသံများ...။ 


"ဟွန်း အဲ့ပွဲမှာလေလံတင်မဲ့ပစ္စည်းက 

ဘယ်လောက်တန်ဖိုးကြီးကြီး ဘယ်

လောက်ပဲခက်ခဲနေပါစေ ငါ့အပိုင်ပဲဖြစ်ရမယ်...၊ မကြာခင်ငါပိုင်ဆိုင်တဲ့အရာကိုလာယူမှာမို့လို့ ယခုလက်ရှိရှိနေတဲ့နေရာမှာ အန္တရာယ်ကင်းကင်းနဲ့စောင့်နေပါ "


°°°°°°°°°°°°°


"သမီးနေမကောင်းဘူးဆို မေမေလာနိုးတော့မလို့ သမီးပင်ပန်းလို့မထနိုင်တာပဲလို့တွေးမိပြီးလာမနိုးတော့တာ "


"ရပါတယ် ချွေးထွက်သွားရင်နေလို့ကောင်း

 သွားမှာပါ "


"ကော်ဖီနဲ့မုန့်စားပြီး ဆေးသောက်လိုက် 

 ပြီးရင်အလုပ်သွားမနေတော့နဲ့  "


"မသွားပါဘူး ဆေးလည်းမသောက်တော့ဘူး ချွေးထွက်ရင်ကောင်းသွားမှာပါဆို "


"ကဲတွေ့လား crystal သမီးအစ်မက ဘယ်လောက်ပြောရဆိုရလက်ပေါက်ကပ်လဲဆိုတာ "


 "ဟုတ်ပါ့ crystal တောင် ဆေးထိုးဆေးသောက်မကြောက်ဘူး...မမက ကလေးလည်းမဟုတ်ဘဲနဲ့"


"ပြောတော့ crystal လူတစ်ကိုယ်စိတ်တစ်မျိုးတဲ့ မကြားဖူးဘူးလား...."


"အန်တီရေ crystal လည်း လက်မြှောက်လိုက်ပြီ၊ ဘာဟင်းချက်လဲဟင် "


"ငါးခူစင်းကော ကြက်သားသုပ် ပြီးတော့အရည်ဟင်းတစ်ခွက်ချက်မလားလို့ "


"ဟုတ်လား ဒါဆိုဒီနေ့တော့အဝစားပြီးမှပြန်မယ်"


"ဟုတ်ပါပြီ ညီအစ်မနှစ်ယောက်စကားပြောနှင့်ကြ၊ အန်တီဟင်းသွားချက်လိုက်ဦးမယ် "


"Yes boss "


Crystal လေးနဲ့လိပ်ပြာတစ်နေကုန်စကားပြောနေကြပြီး ညနေစောင်းလို့ crystal လေး ညနေစာ

စားပြီးပြန်သွားတော့မှ လိပ်ပြာအပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ အခန်းထဲမှာဖင်ပူ

အောင်မထိုင်ရသေးဘဲ အောက်ထပ်မှဧည့်သည်ရောက်နေတယ်လို့ လှမ်းခေါ်တာကြောင့် ပြန်ဆင်းလာခဲ့ရပြန်သည်။ 


"ဘယ်သူလဲ မေမေ "


"သြော် ကိုသီဟမင်းဒင် ထိုင်ပါဥိီး၊ လန့်သွားတာပဲ ဘယ်သူများလဲလို့ "


"လိပ်ပြာကဘယ်သူလို့ထင်လို့လဲ "


"တခြားမဟုတ်ပါဘူး ဒီအတိုင်းပါ "


"မေမေ မေမေနဲ့မိတ်မဆက်ပေးရသေးဘူးပဲ 

ဒါ ကိုသီဟမင်းဒင်တဲ့ လိပ်ပြာကိုလမ်းမှာ

တစ်ခါကူညီခဲ့ဖူးတယ် "


"အေး အန်တီကတော့ သမီးရဲ့ အမေ

 ဒေါ်သစ်ခွဖြူ ပါ၊ သမီးကအဲလိုပဲ လမ်းသွားရင်းနဲ့ သူငယ်ချင်းမိတ်ဆွေတိုးလာတာများတယ်... နောက်ပြီးဘာလုပ်လုပ်နမော်နမဲ့နဲ့ "


" မေမေကလည်း..."


"မဟုတ်လို့လား စကားပြောကြဦး၊ အန်တီတစ်ခုခုသွားစီစဉ်လိုက်ဦးမယ် "


"နေပါစေအန်တီ ကျွန်တော်စကားခဏပြောရုံလောက်ပါ "


"အေး ဒါဆိုလည်းမေမေအနောက်မှာရှိနေမယ် သမီးတစ်ခုခုလိုရင်ခေါ်လိုက် "


" ဟုတ်ကဲ့ "


"လိပ်ပြာနေမကောင်းဘူးလား "


"ဟုတ်တယ် ဟင် ဘယ်လိုလုပ်သိနေတာလဲ 

 မဟုတ်မှ ကိုသီဟမင်းဒင်ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေတယ်နဲ့တူတယ် "


"ဒီလောက်ကတော့ ကိုယ့်ဗိုက်ထဲမှာပုဏ္ဏားရှိစရာမလိုပါဘူး...လိပ်ပြာကိုတစ်ချက်ကြည့်လိုက်တာနဲ့သိတယ် မျက်နှာမှာသွေးရောင်တွေမရှိသလို နှု​တ်ခမ်းတွေကလည်းဖြူဖျော့နေတာပဲလေ "


"ဟုတ်ပါပြီ ဒါဆိုရင်တော့ဆရာဝန်လုပ်ဖို့ကောင်းတယ် ဒါနဲ့အရေးကြီးကိစ္စရှိလို့လားဟင် "


"အရေးတကြီးတော့မဟုတ်ပါဘူး ဟိုတစ်ခါ

လိပ်ပြာကတိပေးထားတာမေ့သွားမှာစိုးလို့ 

သတိလာပေးတာ "


"အင်း သြော် ထမင်းစားဖို့ဖိတ်ထားတာကိုမလား...အခုတစ်ခါတည်းစားသွားပါလား 

အဆင်ပြေရင်... "


"ဟွန်း ကိုယ်ကအဲဒါကိုပြောင်းပြန်လုပ်မလားလို့လာခဲ့တာ အခုတော့ "


သူပြောလိုက်တဲ့စကားကို လိပ်ပြာနားမလည်ဟန်ဖြင့် မျက်လုံးများပြူးကျယ်ကာ ဝိုင်းစက်သွားရင်းသူ့ကိုမော့ငေးကြည့်နေမိသည်။ 


ပြီးမှခပ်သဲ့သဲ့ရယ်လိုက်ရင်း...


"ကိုသီဟမင်းဒင်က နောက်တတ်တယ်နော် "


"ကိုယ်နောက်တာမဟုတ်ဘူးလိပ်ပြာရဲ့၊ 

မိဘတွေကိုခွင့်တောင်းပြီး လိပ်ပြာကို

အပြင်မှာတစ်ခုခုလိုက်ကျွေးမလို့ အခုတော့

လိပ်ပြာနေမကောင်းဘူးဆိုတော့ နောက်မှပဲလိုက်ကျွေးတော့မယ် "


မထင်မှတ်ထားတဲ့စကားကြောင့် လိပ်ပြာသူ့ကိုအံ့အားသင့်စွာကြည့်နေမိပြန်သည်။ 


"ရပါတယ် လိပ်ပြာကိုတကူးတကကြီးလိုက်ကျွေးစရာမလိုပါဘူး...."


"ကိုယ်ကလုပ်မယ်လို့ဆုံးဖြတ်ပြီးရင် 

ဘာအခက်အခဲရှိရှိမရှိရှိ မဖြစ်ဖြစ်အောင်လုပ်တတ်တယ် အဲဒါကိုယ့်အကျင့် "


"နောက်ပြီး ကိုယ့်နာမည်အပြည့်အစုံခေါ်နေတာ မမောဘူးလား..."


လိပ်ပြာကသူ့နာမည်ကို မောတာမမောတာ

အသာထား ယဉ်ကျေးမှုအရခေါ်ရမည်ဆို

သောစိတ်ကြောင့် ခေါ်နေခြင်းပင်။ 


"လိပ်ပြာကဘာမှမဖြစ်ပါဘူး...ကိုသီဟမင်းဒင်ကြားရတာတစ်မျိုးကြီးဖြစ်နေရင် လိပ်ပြာဘယ်လိုပြောင်းခေါ်ပေးရမလဲ၊  တခြားသူတွေကရောဘယ်လိုခေါ်ကြလဲ "


သူခေတ္တခဏငြိမ်သက်နေပြီးမှ လှုပ်လှုပ်

ရှားရှားဖြစ်လာကာ ...


"ကိုယ့်ကိုလူတော်တော်များများကသူဋ္ဌေးလေး ဒါမှမဟုတ်သူဋ္ဌေးလို့ခေါ်ကြတယ်...တစ်ယောက်သောသူကလွဲလို့ပေါ့ "


သူဒီစကားပြောနေချိန်တွင် ဟိုကောင့်မျက်နှာကိုမြင်ယောင်လာကာ ဒါသများထွက်လာ၍ အံကြိတ်သလိုဖြစ်သွားရသည်။ 


"သူကဘယ်လိုခေါ်လို့လဲဟင် လိပ်ပြာသိခွင့်

 ရမလား..."


"ဟွန်း ရပါတယ် မင်းဒင်တဲ့ "


"သြော် ဒါဆိုလိပ်ပြာလည်း ကိုမင်းဒင်လို့

ခေါ်မယ်လေ ဖြစ်ရဲ့လား..."


"လိပ်ပြာသဘောပါ လိပ်ပြာလည်းနေကောင်းတာမဟုတ်တော့ ကိုယ်ပြန်တော့မယ် လိုက်မပို့နဲ့တော့နော် "


" ဟုတ်ကဲ့ "


ကိုမင်းဒင်ပြန်သွားပြီးလိပ်ပြာအပေါ်ပြန်

မတက်ချင်တော့လို့ ဧည့်ခန်းထဲမှာပဲထိုင်

နေမိသည်။ မေမေကဆန်ပြုတ်ပန်းကန်ကို

ကိုင်လာပြီး လိပ်ပြာဆီလာနေတာကိုတွေ့နေ

ရသည်။ 


"ငါ့သမီးတို့ ဆန်းပွင့်ချက် အိမ်တော့ချောင်းပေါက်တော့မယ်နဲ့တူတယ်ဟေ့ "


"မေမေနော် သူများကို "


"သူများကိုမဟုတ်ဘူး မေမေ့သမီးအချောလေးကိုပြောနေတာ "


လိပ်ပြာမေမေယူလာတဲ့ ဆန်ပြုတ်ပန်းကန်ကိုလက်လှမ်းယူလိုက်စဉ် မေမေကလိပ်ပြာဆံပင်ကိုသပ်ကာပြောနေသောကြောင့် လိပ်ပြာအောက်နှုတ်ခမ်းကိုစုထော်ထားမိသည်။ 


"ဒါနဲ့သူကဘာအလုပ်လုပ်တာလဲ "


လိပ်ပြာဆန်ပြုတ်တစ်ဇွန်းကို ခပ်စားလိုက်ရင်းက... 


"အမှန်အတိုင်းပြောရရင် လိပ်ပြာလည်းမသိဘူး လမ်းသရဲတွေလက်ထဲကလိပ်ပြာကိုကူညီပြီးသူ့လိပ်စာကတ်ပေးတယ်... ပြီးတော့ တစ်ခုခုလိုက်ကျွေးဖို့ခေါ်တယ် "


" အဲ့တော့ "


"လိပ်ပြာငြင်းလိုက်မိတယ် ဒါပေမဲ့အိမ်မှာထမင်းလာစားဖို့တော့ ကျေးဇူးဆပ်တဲ့အနေနဲ့ဖိတ်လိုက်မိတယ် မေမေ " 


"ဒါဆိုဘာလို့မစားဘဲပြန်သွားတာလဲ..."


"လိပ်ပြာလည်းအဲဒါပဲပြောချင်တာ မေမေတို့ကိုခွင့်တောင်းပြီး လိပ်ပြာကိုအပြင်မှာတစ်ခုခုလိုက်ကျွေးမလို့တဲ့လေ အခုလိပ်ပြာနေမကောင်းလို့ပြန်သွားတာ "


" သြော် "


လိပ်ပြာလည်းပုခုံးတစ်ချက်တွန့်ပြရင်း လက်ထဲကဆန်ပြုတ်ကိုသာ ကုန်အောင်ခေါင်းငုံ့သောက်နေသည်။ ပူပူလေးမို့ သောက်လို့ကောင်းကာ အဝင်ဖြောင့်နေ၏။ 


"စကားမစပ် သမီးနေကောင်းသွားပြီလား ဆေးခန်း"


"ကောင်းတယ် နေကောင်းသွားပြီမယုံရင်စမ်းကြည့် "


မေမေ့ကိုစကားဆက်ပြောမခံဘဲ ကိုယ်ပူစမ်းရန် လိပ်ပြာမျက်နှာကို မေမေ့ရှေ့အတင်းထိုးပေးနေသည်။ မေမေကတော့... 


"ကိုယ်ငွေ့လေးတော့ကျန်သေးတယ် ကြည့်လုပ်နော် "


" ဟဲ ဟဲ "


မေမေ့ကိုမျက်နှာပြောင်ပြရင်း ပန်းကန်လေးကိုကိုင်ကာ မီးဖိုချောင်ထဲပြေးဝင်သွားသည်။ 


°°°°°°°°°°°


သောကြာနေ့ နံနက်


ခါးအောက်ပိုင်းကို အဖြူရောင်တဘက်ဖြင့်

ပတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းကာ 

ခေါင်းကိုတဘက်တစ်ထည်ဖြင့်သုတ်နေရင်း 

ရေချိုးခန်းထဲမှ သတိုးထွက်လာသည်။ အဝတ်ဗီရိုရှေ့တွင် ရပ်လိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ အဖြူနှင့်အနက်များပြည့်နေသည့်အထဲမှ အဖြူရောင်လက်ရှည်အကျီကိုထုတ်ယူလိုက်ပြီးဝတ်လိုက်သည်။ အောက်ကအနက်ရောင်စတိုင်ပဲန်ဘောင်းဘီရှည်ကို ဝတ်ဆင်ကာ ဗီရိုတံခါးကိုပြန်ပိတ်လိုက်ပြီး ခုတင်ဘေးသို့လျှောက်လာခဲ့သည်။


စားပွဲခုံပေါ်တွင်တင်ထားသောတန်ဖိုးကြီး

စိန်ပွင့်များဖြင့် အနားကွပ်ထားသည့်အဖြူရောင်လက်ပတ်နာရီကို ဘယ်ဘက်လက်တွင်် သေချာဝတ်ဆင်လိုက်၏။ ဆံပင်ကိုလက်ဖြင့် တစ်ချက်နှစ်ချက်သပ်တင်ပြီးမှ ဖုန်းကိုကောက်ကိုင်ကာ တစ်နေရာကိုဆက်လိုက်သည်။ 


"ငါခိုင်းထားတဲ့အတိုင်းတိတိကျကျလုပ် 

 အမှားအယွင်းမရှိစေနဲ့ "


" ကောင်းပြီ "


ဖုန်းပြောပြီးသည်နှင့် လက်ရှည်အကျီကို

တံတောင်ဆစ်နားထိ ခေါက်တင်လိုက်ပြီး 

အောက်ထပ်သို့ ခပ်မှန်မှန်လေးဆင်းလာခဲ့သည်။


အောက်ထပ်တွင် သူ့တပည့်ကျော်နှစ်ယောက်နှင့် ကြီးမြကမနက်စာဝိုင်းနှင့်အတူ စောင့်နေတာ မြင်ရလေသည်။ 


"သခင်လေး good morning "


ထုံးစံအတိုင်း ဗညားကတော့ ခပ်သွက်သွက်ပင်။ ဗညားကိုအသိအမှတ်ပြုသလိုတစ်ချက်ကြည့်ပြီး ထမင်းစားဝိုင်းရဲ့ထိပ်ဆုံးခုံတွင် သူဝင်ထိုင်လိုက်သည်။ 


"သခင်လေး ဒီနေ့မနက်စာကတော့ သခင်လေးကြိုက်တဲ့ရန်ကုန်မုန့်ဟင်းခါးကို ကြီးမြရှယ်ချက်ထားတယ် "


ကြီးမြကပါးစပ်ကပြောနေပေမဲ့ လက်ကိုလည်းအနားမပေး မုန့်ပန်းကန်ထဲသို့ဟင်းရည်နှင့်အကြော်မျိုးစုံထည့်ပေးနေသည်။ 


ထူးဆန်းစွာပင် ဒီနေ့အိမ်အခြေအနေမှာ

မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ မသင်္ကာတာနဲ့ သူ အဂ္ဂကိုမေးဆတ်ပြလိုက်တော့ အကင်းပါးတဲ့အဂ္ဂက...


"အေးအေးဆေးဆေးပါပဲသခင်လေး...

ဘယ်မှမသွားကြပါဘူး တစ်ယောက်ကတော့ခါတိုင်းလိုပါပဲ "


အဂ္ဂပြောတာကို သူသဘောပေါက်သွားသည်။ ဟိုကောင်မလေးကလွဲလို့ အကုန်အိမ်ထဲမှာရှိတယ်ဆိုတဲ့သဘောပဲ၊ ဒါလည်းထူးဆန်းတာပဲ ဘာလို့တစ်ချိန်လုံးအိမ်ထဲအောင်းနေကြတာလဲ....။ 


"သခင်လေးစားလေ ကြီးမြလုပ်ထားတာမကောင်းလို့လား..."


" သြော် မဟုတ်ပါဘူး "


မုန့်ကိုတစ်ဇွန်းခပ်စားလိုက်ပြီးမှ...


"ကောင်းပါတယ် "


"တော်သေးတာပေါ့ "


မနက်စာစားပြီးတာနဲ့ လေလံပွဲကျင်းပရာ

နေရာဖြစ်တဲ့ Royal City hotel သို့ထွက်လာ

ခဲ့ကြသည်။ ဗညားကိုတော့အိမ်ကအခြေအနေကို မျက်ခြေမပြက်ကြည့်ရန်ထားခဲ့သည်။ 


Royal City hotel ရဲ့မြေအောက်ထပ်ကား

ပါကင်တွင် ကားကိုရပ်ထားခဲ့ကြပြီး ပွဲကျင်းပရာခန်းမထဲသို့ အဂ္ဂနှင့်အတူလျှောက်လာခဲ့သည်။ 


ပွဲစချိန်ကနီးကပ်လာလို့ပဲလားမသိ ခန်းမထဲသို့ လူအဝင်အထွက်များနေသည်။ ခန်းမထဲတွင် စီတန်းထားသောခုံများကအလုံး ၃၀ လောက်ရှိမည်။ ပွဲစီစဉ်သူရဲ့ ညွှန်ကြားချက်အရ ရှေ့ဆုံးခုံတွင်ဝင်ထိုင်လိုက်ပြီး အဂ္ဂကိုတော့ခပ်လှမ်းလှမ်းတွင်စောင့်နေရန်မှာလိုက်သည်။ သူ့ရှေ့မှဂါဝန်နက်ပြာရောင်စက ဝဲသွားသည်နှင့်တစ်ပြိင်နက် အနံ့ခပ်စူးစူးကိုပါပူးတွဲရလိုက်သဖြင့် ဘေးကို

ဝေ့ကြည့်လိုက်တော့ သူနဲ့ယှဉ်ရပ်ခုံတွင် ဝင်

ထိုင်လိုက်သူက ခုနကသူ့မျက်စိရှေ့တွင်ဝဲ

သွားသည့်နက်ပြာရောင်ဂါဝန်ပိုင်ရှင် 

မိုးထက်မြင့်ပင်ဖြစ်သည်။ တစ်ချက်ငဲ့ကြည့်

ပြီးမှ ဆတ်ခနဲဆို အကြည့်လွှဲလိုက်ပေမယ့် 

နောက်ကျသွားပြီ။ 


"ကိုကို နောက်ကျတယ်နော် မိုးကမျှော်နေတာ အခုတော့စကားပြောဖို့တောင်အချိန်သိပ်မရတော့ဘူး... " 


သူကတစ်ခွန်းဆို ဒင်းကဆယ်ခွန်းလောက်

ပြောမဲ့မိန်းမမလား....မထူးပါဘူးလေ။ 


"မမိုးထက်မြင့်က ကိုယ့်ပစ္စည်းရောင်းမထွက်မှာစိုးလို့လာကြည့်တာလား..."


"မိုးလို့ပဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့ကိုကိုရဲ့၊ 

လေလံတင်မဲ့ထဲမှာမိုးတို့ပစ္စည်းပါတယ်ဆိုတာကိုကိုကသိတယ်၊ အင်းပေါ့ 

ဒီလောက်ကလေးကတော့ ကိုကို့အတွက်အသေးအဖွဲဆိုတာသိပါတယ်....နောက်ဆုံး

လေလံတင်မဲ့ပစ္စည်းက မိုးတို့ဖေဖေပိုင်တဲ့

ပစ္စည်းလေ မိုးကိုလက်ဆောင်ပေးပါလို့

ပူဆာတာတောင်မရဘူး....ဒါနဲ့ကိုကို မိုးအတွက်လေလံဆွဲပေးမယ်မဟုတ်လားဟင် "


"ပွဲပြိီးတဲ့အထိစောင့်ကြည့်လိုက်ပါဦး ဆန္ဒမစောပါနဲ့"


" အင်း ဟီး ဟီး "


စိတ်ပျက်စရာပဲ ရေလာအောင်မြောင်းပေးရင်းနဲ့ သူပေးတဲ့မြောင်းထဲပြုတ်ကျပြီး လျောနေဦးမယ်...။ သူ့စိတ်ထဲပြောနေရင်းကပင် လေလံပွဲကစတင်နေပြီဖြစ်သည်။ 


"ယခု ပထမဦးဆုံးလေလံတင်မဲ့ပစ္စည်းကတော့ ရှေးဟောင်းချိန်သီးနာရီပဲဖြစ်ပါတယ်....၊ အဖွင့်စျေးကတော့ ၅ သိန်းပါ၊ စတင်စျေးခေါ်နိုင်ပါပြီ..."


အရှေ့မှာရောင်းရဖို့ပစ္စည်းကို အမွှန်းတင်နေပေမဲ့ သူ့စိတ်တွေကတော့ လက်ထဲကဖုန်းကိုကြည့်နေပြီး ချီတုံချတုံဖြစ်နေသည်။ သူမဆီဖုန်းဆက်လိုက်ရင်ကောင်းမလား...ဒီအချိန်ဘာများလုပ်နေမလဲ သူမကရောသူ့လိုပဲသတိရနေမလား...။ 

သူ့စိတ်တစ်ခုလုံးကိုသူမကထိန်းချုပ်ထားသည်။ 


°°°°°°°°°°°


မနက်အစောကြီးနိုးနေပေမဲ့ မထချင်သေး...

ခန္ဓာကိုယ်တစ်ခုလုံးလေးပင်ကာထမရအောင် ကမ္ဘာမြေကြီးရဲ့ ဆွဲအားက ကြီးမားလွန်းလှသည်။ မနက်ခင်းနေရောင်ခြည်နုနုလေးက ပြတင်းပေါက်မှန်တံခါးကိုဖြတ်သန်းကာ လိပ်ပြာရဲ့စာကြည့်စားပွဲပေါ်သို့ဖြာကျနေ

သည်။ စိတ်ပြေလက်ပျောက်ဘေးနားတွင်ရှိသော ဖုန်းကိုလှမ်းယူကာ လိုင်းသုံးနေသည်။ 

လိပ်ပြာရင်ထဲမှာ တစ်ခုခုလိုနေသလို ဟာတာတာကြီးဖြစ်နေပြီး မကြာမီမုန်တိုင်းလာတော့မှာမို့ လေပြေတိုက်ခတ်နေသလိုမျိုးကိုလည်းခံစားနေရသည်။ 


လိပ်ပြာရှေ့တည့်တည့်မှ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ၈ နာရီ ထိုးနေပြီမို့ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊သွားတိုက်ပြိီး မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့စဉ် အခုရက်ပိုင်းတွင်ကြားနေရမြဲဖြစ်သည့်အသံစာစာလေးကို ကြားလိုက်ရတော့ လိပ်ပြာစိတ်ချမ်းသာသွားရသည်။ 


"မမ morning "


"morning ပါရှင့်၊ crystal လေးကလန်ထွက်နေတာပဲ ရိုးမှရိုးရဲ့လားမသိဘူး..."


Crystal လေးကို ကြည့်လိုက်တော့ ခါတိုင်းလိုဂါဝန်တိုလေးနဲ့မဟုတ်ဘဲ ဂျင်းဘောင်းဘီ

၃ quarter လေးနဲ့ T-shirt အဖြူလေးကို 

လူငယ်ဆန်ဆန်တွဲဝတ်ထားတာမို့စလိုက်ခြင်းပင် ...။ 


"Crystal ကဒီမြို့အနှံ့ရောက်ဖူးတာဆိုတော့လေ ဒီကလူတွေက crystal ကိုတော်တော်သိမှာကိုး၊ အခုဟာက shopping ထွက်မလို့ blf ကိုလာခေါ်တာ...ငြင်းမယ်မကြံနဲ့နော်၊ ဒါ crystal ရဲ့တစ်ချက်လွှတ်အမိန့် "


" ဟွန်း "


Crystal လေးက လူကြီးတစ်ယောက်လို

ခါးထောက်ရင်း လိပ်ပြာကိုအမိန့်ပေးနေတာမို့ လိပ်ပြာအသံထွက်အောင်ရယ်လိုက်မိသည်။


ဘုံမဝင်စုံမဝင်များပြားလှတဲ့အဝတ်တွေနဲ့ 

ပြည့်နေသော လိပ်ပြာဗီရိုကြီးကိုဖွင့်လိုက်ပြီး 

ဟိုဟိုဒီဒီလှန်လျောကြည့်ကာ မိုးပြာရောင်အကျီပေါ်မှာ အနက်စင်းလေးတွေပါတဲ့ချည်သားအကျီလက်ရှည်နှင့်အတူ ဂျင်းဘောင်းဘီကိုထုတ်ယူကာဝတ်ဆင်လိုက်သည်။ မျက်နှာက ပြောင်သလင်းခါနေတာမို့  uv ပါတဲ့မိတ်ကပ်ပါးပါးလေးကို လိမ်းလိုက်ပြီး နှုတ်ခမ်းကိုပန်းနုရောင်လေးတင်လိုက်ကာ ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူ

ကာပြန်ဆင်းလာခဲ့သည်။ 


"Wow so beautiful "


"မြှောက်နေမှန်းသိတယ်နော် "


"No ဘာလို့လဲသိလား...အဲဒါ crystal နဲ့တူလို့ချောတာလေ ဟီး "


"ဟုတ်ပါပြီ ဒါနဲ့မေမေ့ကိုပြောပြီးသွားပြီလား အပြင်သွားမယ်လို့ "


"Yes ပြောပြီးပြီ လာသွားမယ် "


လိပ်ပြာနဲ့ crystal တို့နှစ်ယောက်ဆိုင်ကယ်လေးဖြင့် ကလောမြို့ရဲ့ အထင်ကရနေရာများနှင့်အကျီဆိုင်များကိုပတ်ခဲ့ကြသည်။ 


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၃၅) ဆက်ရန် >>>


#Ruby Linn


rate now: