💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
"အခုငါမေးတာဖြေဦးလေ ဘာဖြစ်ခဲ့တာလဲ
နောက်ပြီးလိပ်ပြာနဲ့ဟိုသူဋ္ဌေးနဲ့ကရောဘယ်လိုပတ်သက်မှုရှိလဲ...တစ်မျိုးမထင်နဲ့နော် "
လိပ်ပြာက ယောက်ျားတစ်ယောက်ကြောင့်
အရှက်ကွဲခဲ့ပါတယ်လို့ တခြားယောက်ျားကို
စိတ်ပျက်အားငယ်စွာပြောမယ့်အထဲမှာမပါဘူး... ဒါပေမဲ့စိုင်းကလိပ်ပြာသူငယ်ချင်းလေ သူငယ်ချင်းပေမဲ့ တချို့ကိစ္စတွေကတော့ မိန်းမချင်းပြောတာပိုကောင်းမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ်စိုင်းကိုကျေးဇူးတင်ပါတယ် တကယ်ပါ...။
"ဟို အဲဒါက သူလိပ်ပြာကိုချစ်ရေးဆိုလို့ပါ "
"လိပ်ပြာ ငါ့မျက်လုံးကိုတည့်တည့်ကြည့်ပြီး
ပြောလေ...."
စိုင်းပြောသလို လိပ်ပြာစိုင်းမျက်လုံးကို
တည့်တည့်ကြည့်လိုက်ပြီး...
"ဘာလဲ လိပ်ပြာပြောတာကိုမယုံလို့လား..."
"ငါမြင်ခဲ့တဲ့ဟာနဲ့ အခုငါကြားနေရတဲ့ဟာက
တစ်လွဲဖြစ်နေသလားလို့ပါ "
လိပ်ပြာလက်နှစ်ဖက်ကိုဖိပွတ်ရင်း...
"ဟို ဟိုလေ ဟုတ်တယ် လိပ်ပြာ လိပ်ပြာသူ့ကိုပါးချပြီးထွက်ပြေးလာတာ သူကလိပ်ပြာကိုလိုက်ရှင်းပြပြီးတောင်းပန်နေတာ အဲလို "
"ဟွန်း လိပ်ပြာကကြောက်စရာကြီးနော်
ငါတောင်မသိဘူးလိပ်ပြာအဲ့လောက်ကြောက်စရာကောင်းမှန်း..."
" ဟင် ဘာလို့ "
"ချစ်လို့ချစ်တယ်လို့ပြောတာ ပါးရိုက်ခံရတယ်လေ ဧကန္တ လိပ်ပြာပါးရိုက်အောင်သူကတစ်ခုခုလုပ်လိုက်လို့နေမှာ...နောက်ပြီးငါ့ကိုစကားအဆန်းတွေလည်းမေးပြီး ငိုတာဘယ်သူလဲမသိဘူး..."
"ဘယ်မှာငိုလို့လဲ စိုင်းနော် "
လိပ်ပြာစိုင်းကိုစိတ်ကောက်ချင်ယောင်ဆောင်ပြီး လမ်းမကြီးရဲ့တစ်ဖက်တစ်ချက်ကိုမျက်နှာမူကာကြည့်နေမိသည်။
နင်ဘာလို့ငါ့ကိုလိမ်တာလဲ လိပ်ပြာ...
ငါ့ကိုမယုံလို့လား...နင်ခံစားနေရတာတွေ
ကိုငါ့ကိုတောင်ရင်မဖွင့်နိုင်ဘူးလား...
ဒါဆိုနင့်သူငယ်ချင်းအဖြစ်ဘေးမှာရှိနေတဲ့
ငါကဘာအဓိပ္ပာယ်ရှိတော့မှာလဲ...အဆိုး
အကောင်းကိုမျှဝေခံစားပေးနိုင်မယ်လို့
ထင်ထားတာ....နင်စိတ်လှုပ်ရှားရင်
လက်နှစ်ဖက်ကိုဖိပွတ်နေတတ်တာ နင့်အကျင့်လေ ဒါကိုနင်မေ့နေတာလား...။
နင်လက်နှစ်ဖက်ကိုဖိပွတ်နေကတည်းက
နင်လိမ်နေတယ်ဆိုတာ နင့်သူငယ်ချင်း
ဖြစ်တဲ့ငါကသိတာပေါ့....။
°°°°°°
ဒီအိမ်လေးရဲ့ အငွေ့အသက်တွေက ဘယ်
တော့မှပြောင်းလဲမသွားဘူး...သူ့ကိုဘယ်
အချိန်ပဲဖြစ်ဖြစ်နွေးထွေးစွာကြိုဆိုဆဲပင်။
သူ,မကွယ်ဝှက်ဘဲဝန်ခံရရင်နွေးထွေးတဲ့
ဒီအိမ်လေးကိုထားခဲ့ရတဲ့အတွက် သူ
နောင်တရတာပေါ့...။ နောင်တရလို့နာကျင်
ခံစားနေရတဲ့ ဟောဒီအသည်းကလည်း
အခုထိမကျက်သေးပါဘူး...နာကျင်နေတဲ့
အသည်းနှလုံးကို အစိတ်စိတ်အမြွာအမြွာ
ခွဲဖို့ နောက်ထပ်ရိုက်ခတ်လာမဲ့မုန်တိုင်းတွေကိုသူခံနိုင်ရည်ရှိရဦးမယ်လေ...။
ပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီး လူသူကင်းမဲ့
ကာ လတ်ဆက်တဲ့လေထုကိုရှူရှိုက်လိုက်ရ
သောကြောင့် သူ့စိတ်တွေတခဏတာ
အပန်းပြေခဲ့ရသည်။ အရင်လိုပဲအိပ်ခန်း
ထဲတွင် သွားမအိပ်ဘဲ ဧည့်ခန်းထဲတွင်သာ
အိပ်ပျော်သွား၏။ ထူးဆန်းစွာပင်
သူအိပ်ပျော်နေစဉ် ရင်းနှီးနေတဲ့အနံ့တစ်ခု
သူ့နှာခေါင်းထဲဝင်လာသည်။ သူဒီအနံ့ကို
သိတာပေါ့ ကမ္ဘာပေါ်မှာနှစ်ယောက်မရှိနိုင်တဲ့
သူ့အမေရဲ့ ကိုယ်သင်းနံ့လေ...၊ သူအထိတ်တလန့်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တွင် သူ့အမေကမားမားကြီးရပ်နေသည်။
°°°°°°°°°
လိပ်ပြာခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မှ
နီညိုရောင်ဂါဝန်ကလွဲလို့ဘာမှပါမလာခဲ့။
"သြော် စိုင်းလိပ်ပြာကိုကူညီလက်စနဲ့တစ်ခုလောက်ထပ်ကူညီပေးပါလား..."
" ပြောလေ "
"လိပ်ပြာအကျီရောဖုန်းရောလွယ်အိတ်တွေရော hotel မှာကျန်ခဲ့ပြီ၊ ဘယ်လိုလုပ်ရမလဲ...ဒီပုံစံအတိုင်းတော့အိမ်မပြန်ချင်ဘူး...."
"ဒါလား...ရတာပေါ့ ငါသွားပြန်ယူပေးမယ်လေ "
"လိပ်ပြာကိုအထည်ဆိုင်တစ်ဆိုင်ဆီအရင်ပို့ပေးပါနော် ဒါမှတစ်ခါတည်းအဝတ်လဲပြီး
ပြန်ပို့ပေးလို့ရမှာ "
"OK OK ဒါဆိုအထည်ဆိုင်ကိုအရင်သွားတာပေါ့"
" အင်း "
စိုင်းက hotel ကနေ လိပ်ပြာပစ္စည်းတွေပြန်ယူလာပြီးအိမ်ပြန်လာခဲ့ကြသည်။
"စိုင်းအိမ်ထဲဝင်ပါဦးလား..."
"မဝင်တော့ပါဘူး လိပ်ပြာသာအပြည့်အဝနားလိုက်နော် ဘာမှမတွေးတော့နဲ့ ဒါနဲ့
မနက်ဖြန်အလုပ်သွားဖို့အဆင်ပြေရဲ့လား...."
"မသွားတော့ဘူး ဘာပဲဖြစ်ဖြစ်လိပ်ပြာကို
ကူညီပေးခဲ့တာတွေအတွက်ကျေးဇူးပါနော် "
"လိပ်ပြာ နင်ငါ့ကိုခင်ရင်အဲ့လိုနောက်ထပ်
မပြောတော့နဲ့ "
"အေးပါဟယ် စိတ်မဆိုးပါနဲ့ဂရုစိုက်မောင်းဦးနော် တာ့တာ "
" အင်း သွားပြီ "
လိပ်ပြာအိမ်ထဲဝင်လာတော့ မေမေကမအိပ်
သေးဘဲ လိပ်ပြာကိုဧည့်ခန်းမှာထိုင်စောင့်
နေသည်။
"မေမေ မအိပ်သေးဘူးလား..."
"ပြန်လာပြီလား...စောသားပဲ ပွဲကပြီးသွားပြီလား "
"လိပ်ပြာလည်းမသိဘူး ဒီအတိုင်းထွက်လာခဲ့တာ "
"အဆင်ရောပြေရဲ့လား မျက်ခွံတွေကဘာလို့
အစ်မို့နေတာလဲ ပြီးတော့ ဒီအကျီကသွားတုန်းကဝတ်သွားတဲ့အကျီမဟုတ်ဘူးမလား..."
အကျီအဖြူနဲ့ဂျင်းဘောင်းဘီပွပွကိုဝတ်ထားသောလိပ်ပြာကို မေမေ့မျက်စိထဲထင်းနေအောင်မြင်သွားသည်။
"ဟို လိပ်ပြာကိုယ်ပေါ်အချိုရည်တွေမှောက်ကျလို့အကျီလဲလိုက်တာ မျက်လုံးဖောင်းအစ်နေတာက မီးချောင်းအောက်နေရင်းမျက်လုံးထဲပိုးကောင်ဝင်သွားလို့ပါ ဘာမှမဖြစ်တော့ပါဘူး "
အမြန်ပြောပြီး မေမေ့မျက်လုံးအောက်က သုတ်ခနဲ ထွက်လာရသည်။ အပေါ်ထပ်လိပ်ပြာအခန်းထဲရောက်သည်နှင့်
ခုတင်ပေါ်ဝုန်းခနဲပစ်လှဲလိုက်ရင်း မျက်လုံးပါတစ်ခါတည်းမှိတ်ထားလိုက်သည်။ ထိုအချိန် မတွေးပါဘဲ မျက်လုံးထဲပုံရိပ်များကဝင်ရောက်လာသည်။ စိတ်မရှည်တော့ဘဲလက်ထဲကလွယ်အိတ်ကို အဝေးသို့လွင့်ပစ်လိုက်သည်။
လွယ်အိတ်ကိုသာလွင့်ပစ်လို့ရပေမယ့် လိပ်ပြာရဲ့အတွေးတွေကိုတော့ လွင့်ပစ်လို့မရပါ၊ ပုံရိပ်များကိုမြင်လာတိုင်း အသည်းထဲမှာတဆစ်ဆစ်နာကျင်လာရသည်။
အိပ်ရာပေါ်ဝမ်းလျားမှောက်လိုက်ပြီးခေါင်းအုံးပေါ်မျက်နှာအပ်လိုက်ချိန် မျက်ရည်မိုးများက အတိုင်းမသိရွာကျလာရသည်။
ရှက်လိုက်တာ ဒီလိုအဖြစ်မျိုးကြုံရလိမ့်မယ်
လို့ဘယ်သူကထင်မိမှာလဲ...၊ လိပ်ပြာဝဋ်
ကြွေးများရှိခဲ့ရင် ဒီဘဝဒီမျှနဲ့သာကြေပါလို့
ဆုတောင်းလိုက်ပေမဲ့ လိပ်ပြာရဲ့ဆုတောင်းသံကိုဘယ်သူမှမကြား။ လိပ်ပြာဘယ်သူနဲ့မှ
ရင်မဆိုင်ရဲတော့ဘူး...လူတွေကချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက််ပေမယ့် တကယ်တမ်း
ခံရတဲ့သူမှာ အဲ့ ၇ ရက်က ၇ ဘဝလောက်
ခံစားရတာ သူတို့မှကိုယ်ချင်းမစာနိုင်တာ၊ ထိုအခိုက် မေမေ့စကားသံများ လိပ်ပြာနားထဲပြန်ကြားယောင်လို့လာသည်။
"အခက်အခဲဖြစ်တိုင်းရှောင်ပုန်းနေရင် ဒီကမ္ဘာမှာဘယ်သူမှရှိတော့မှာမဟုတ်ဘူး... ပြဿနာတွေကို လှေကားထစ်လိုသဘောထားပြီးနင်းတက်သွားမှ လိုရာပန်းတိုင်ကိုရောက်နိုင်မယ်သမီး...စိတ်ဓာတ်လည်းကြံ့ခိုင်ဖို့လိုတာပေါ့ "
မေမေ့စကားသံများက လိပ်ပြာကိုအားအင်
များပြန်လည်ပြည့်လာစေသည်။ လိပ်ပြာ
ရင်ဆိုင်မှာပါ ထွက်မပြေးပါဘူး....ဒါပေမဲ့
အချိန်တစ်ခုတော့လိုတာပေါ့၊ ပြီးတော့အချိန်အတိုင်းအတာတစ်ခုထိ သူ့မျက်နှာကိုလည်းမမြင်ချင်ဘူး... အခုချိန်မှာ သူ့မျက်နှာကိုမြင်လိုက်ရရင် လိပ်ပြာစိတ်မထိန်းနိုင်ဘဲဘာလုပ်မိမယ်မပြောတတ်ဘူး...။
ညစ်ထွေးနေတဲ့စိတ်ရောလူပါလန်းဆန်းသွားရန် ရေဗန်းအောက်တွင်ဝင်ကာ အချိန်ကြာမြင့်သည်အထိရပ်နေမိသည်။ အချိန်ဘယ်လောက်ကြာကြာရပ်နေမိမှန်းမသိ
ခန္ဓာကိုယ်ကလှုပ်ရှား၍မရ တစ်ကိုယ်လုံး
တဆတ်ဆတ်တုန်ကာချမ်းစိမ့်လာသည်။
ဘေးနားတွင်ရှိသော တဘက်တစ်ထည်ကို
ဆွဲယူကာရင်လျားလိုက်ပြီး ထုံကျင်နေတဲ့
ခြေထောက်ကိုသယ်ကာ ဗီရိုရှေ့တွင်ရပ်
လိုက်ပြီး ညအိပ်ဝတ်စုံအပေါ်က အနွေးထည်ထူထူကိုထပ်ဝတ်လိုက်ကာ ခုတင်ဘက်သို့ပြန်လျှောက်လာ၍ အိပ်ရာပေါ်ဖြေးညှင်းစွာလှဲလိုက်သည်။ ထိုအချိန်ဗိုက်ထဲက ဂွိခနဲအော်သံက လိပ်ပြာကိုအချက်ပေးနေသည်။
"ဟုတ်သားပဲ ငါဘာမှမစားရသေးဘူး
အောက်လည်းမဆင်းချင်တော့ဘူး
အိပ်ပျော်သွားရင်ဆာတော့မှာလည်း
မဟုတ်ပါဘူး မြန်မြန်အိပ်လိုက်တာပဲကောင်းတယ် "
တစ်ကိုယ်လုံးနုံးချိနေပြီး ငိုထားသောကြောင့် အစ်မို့နေတဲ့လိပ်ပြာမျက်ဝန်းများခဏအတွင်းမှိတ်သွားကာအိပ်ပျော်သွားလေ သည်။
°°°°°°°°
သတိုးတေဇသည် ဆိုဖာပေါ်မှဆင်းလိုက်ပြီးသူ့မိခင်ရှေ့ ဒူးထောက်ကာ ဖမ်းဆုပ်မထားရင်ပျောက်ကွယ်သွားတော့မယ့်
လမင်းကြီးလို သူ့မိခင်ရဲ့ခါးကိုလက်နှစ်ဖက်
ဖြင့် တင်းကျပ်စွာဖက်ထားရင်း ပါးစပ်မှမနားတမ်းရေရွတ်နေမိသည်။
"မေမေ မေမေ သားဆီလာတယ် ဘာလို့သားကိုအကြာကြီးပစ်ထားတာလဲ သားအမေ့ကိုစောင့်နေတာ ဘယ်လောက်ကြာနေပြီလဲ သိရဲ့လားပြောပါဦး..."
သူ့မိခင်က သူ့ခေါင်းကဆံပင်တွေကိုဖွဖွပွတ်
သပ်ပေးရင်း...
"သားရယ် မေမေဘယ်မှမသွားပါဘူး သားရဲ့အနားမှာ သားနှလုံးသားထဲမှာ အမြဲရှိနေခဲ့တာပါ...သားမြင်အောင်မကြည့်လို့ပါ၊ သားမျက်လုံးတွေမှိတ် နားတွေပိတ်ပြီး ကိုယ့်နှလုံးသားကပြောလာတဲ့အတိုင်းလုပ်ကြည့်ပါ ဦးနှောက်ကပေးပို့နေတာတွေ အမုန်းတွေရန်ငြိုးတွေကိုခဏမေ့ထားလိုက်၊ ဒါဆိုသားဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာထက် ဘာလိုချင်နေလဲဆိုတာသိလာပါလ်ိမ့်မယ် ဇွဲမလျော့လိုက်ပါနဲ့သား..."
သူဖက်တွယ်ထားတဲ့အရာက သူ့မိခင်
မဟုတ်ဘဲ တဖြည်းဖြည်းလေဟာနယ်
တွေကိုသာသူဖမ်းဆုပ်ထားမိသည်။ ခေါင်းထောင်ကြည့်လိုက်ပြီး ဘေးကိုဝေ့ကြည့်လိုက်တော့သူ့မိခင်ကမရှိတော့...။
"မေမေ မေမေသားကိုမထားခဲ့ပါနဲ့ သားဆီပြန်လာခဲ့ပါ အမေ... "
ဆိုပြီး ဆတ်ခနဲ လန့်နိုးလာတော့ သူ့တစ်ကိုယ်လုံးဇောချွေးပြန်ကာ မောဟိုက်နေသည်။
" မေမေ "
သူပါးစပ်ကနေ တီးတိုးရေရွတ်လိုက်မိသည်။
ဒါအိမ်မက်ပဲ....လက်ပေါ်မှနာရီကိုငုံ့ကြည့်
လိုက်စဉ် မနက် ၄နာရီ၊ နံနက်ရောက်ဖို့အဝေး
ကြီးလိုသေးပေမယ့် သူပြန်အိပ်ရင်လည်းအိပ်ပျော်မဲ့ပုံမပေါ်တော့သည့်အတွက် အိမ်ပေါက်ဝတံခါးဆီလျှောက်လာကာ အိမ်မကြီးတံခါးကိုဆွဲဖွင့်လိုက်ပြီး ခြံထဲဆင်းလာခဲ့၏။ အေးစက်နေသည့်လေစိမ်းတွေက သူ့ခန္ဓာကိုယ်ကြားတိုးဝေ့ကာကြိုဆိုနေသည်။ ဒီနေ့မှာ လမင်းကြီးကလည်းဝိုင်းစက်နေကာကမ္ဘာမြေကြီးတစ်ခွင် အေးချမ်းတဲ့သူ့အလင်းတွေဖြန့်ကျက်ပေးနေသည်။ သူ့လိုပဲတစ်ကိုယ်တည်း အဖော်မဲ့စွာသာနေတဲ့လမင်းကြီးကိုလက်ပိုက်ကာ မော့ကြည့်နေသည်။ ဟုတ်တယ် နှလုံးသားနဲ့ကြည့်ပြီးနှလုံးသားနဲ့ဆုံးဖြတ်ရမယ်....။
°°°°°°°
မနက် ၆ နာရီ ပေမယ့် မရဏစံအိမ်တစ်အိမ်လုံးဆူပူလှုပ်ရှားနေကြကာ ဂနာမငြိမ်ဖြစ်နေကြသည်။
"မင်းတို့သားဘေးနားမှာနေပြီး သားကိုလည်းဂရုမစိုက်ကြဘူး...အခုသူဘယ်သွားလဲဆိုတာတောင်မသိရင် မင်းတို့ဒီမှာဘာလုပ်ဖို့ရပ်နေကြသေးတာလဲ အမြန်သွားမစုံစမ်းကြသေးဘူးလား...."
"သခင်ကြီး...သခင်လေးကအချိန်လိုနေလို့ပါ အချိန်တစ်ခုကြာပြီးတာနဲ့ သူကိုယ်တိုင်ပြန်ရောက်လာပါလိမ့်မယ် "
"မင်းတို့ကထိုင်စောင့်နေတာပေါ့၊ သူတစ်ခုခုဖြစ်ပြီးပြန်အလာကို...တော်တော်အသုံးကျတဲ့ကောင်တွေပဲ ကျွေးမွေးရကျိုးနပ်တယ်
မနေ့ညကဖြစ်တဲ့ကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ....သူမမိဘတွေကရောဘယ်သူလဲ သားနဲ့ကရောဘယ်လိုပတ်သက်လဲ... မိန်းကလေးတစ်ယောက်ကို လူပုံအလယ်မှာလုပ်ချင်ရာလုပ်ပြီးရင် တာဝန်ယူရမှာပေါ့၊
မင်းတို့ပါးစပ်တွေပိတ်မထားကြနဲ့ ပြောကြစမ်း "
"ဟို အဲဒါက အဲ..."
"ဘာမှပြောနေစရာမလိုဘူး....ကျွန်တော့်ပြဿနာကျွန်တော်ရှင်းနိုင်တယ် "
ကားသံတောင်မကြားလိုက်ရဘဲ ရောက်
လာကာ သူပြောချင်ရာပြောပြီးတာနဲ့ သတိုး အပေါ်ထပ်သို့တက်သွားသည်။
"နေဦး သားနေဦးလို့ပြောနေတယ်လေ "
သူ့အသံကိုမြှင့်ကာအော်ပြောနေပေမဲ့ သူ့ကို
တစ်ချက်မျှပြန်လှည့်မကြည့် အပေါ်သို့သာ
တက်မြဲတမ်းတက်သွားသောကြောင့် ဦးဘုန်းတေဇ ဒေါသ
များနှင့်ကျန်နေရစ်ခဲ့ရသည်။
သခင်လေးအပေါ်တက်သွားသောကြောင့်
အဂ္ဂနှင့်ဗညားပါသခင်လေးနောက်လိုက်
သွားသည်။
ဧည့်ခန်းထဲတွင် ဆူညံအော်ဟစ်သံ
များကြားနေရသောကြောင့် ဒေါ်စံပယ်ဖြူ
တစ်ယောက်မီးဖိုချောင်ထဲတွင် ဟင်းချက်နေရာမှထွက်လာပြီး ဦးဘုန်းတေဇဆီလျှောက်လာသည်။
"ကိုကြီး ဘာဖြစ်ကြတာလဲဟင် "
"ဘာဖြစ်ရမှာလဲ ဘာဖြစ်ရမှာလဲကိုကြီးသားပဲပေါ့ တခြားရှိဦးမလား..."
"သားဘာဖြစ်လို့လဲ "
"မနေ့ညကလုပ်တဲ့ dinner မှာ ကောင်မလေးတစ်ယောက်ကို အလိုမတူဘဲလူရှေ့မှာမဖွယ်မရာလုပ်လိုက်တယ်လေ...နောက်ပြီးသူ့ချစ်သူပါလို့ပြောပြီး သူ့ကိုပါးချထွက်ပြေးသွားတဲ့ အဲ့ကောင်းမလေးနောက်လိုက်သွားတာပဲ၊ ခုမှပြန်ရောက်လာတယ်... ဒါကိုမေးနေတာမဖြေဘဲ အပေါ်တက်သွားတယ်လေ၊ ဟင်း ဒါသက်သက်ကိုယ့်ကို အရွဲ့တိုက်နေတာပဲဖြစ်ရမယ်...."
"ကိုကြီးကိုအရွဲ့တိုက်ရင်တောင် မိန်းကလေးကိုဒီလိုမလုပ်သင့်ဘူး....မိန်းမချင်းကိုယ်ချင်းစာမိတယ် သမီးတစ်ယောက်ရလာတော့ပိုဆိုးတာပေါ့ အဲ့မိန်းကလေးနေရာမှာဖြူသမီးလေးသာဆိုမတွေးရဲစရာပဲ...."
"အဲဒါကြောင့် မိန်းကလေးအကြောင်းစုံစမ်းခိုင်းနေတာပေါ့ ဖြူဖြူစင်စင်ကောင်းကောင်းကန်းကန်းလေးဆို ပေးစားသင့်ပေးစား တောင်းပန်သင့်တောင်းပန်ရမှာပေါ့၊ အဲဒါကိုသူနဲ့စကားစလို့မရဘူးဖြစ်နေတာ ဒါနဲ့ ဖြူ ဂျိုးတူးနံ့ရတယ်နော် ဟင်းချက်နေတာလား "
"သြော် ဟုတ်တယ် စကားကောင်းနေတာနဲ့
မေ့သွားတာ "
စကားစဖြတ်လိုက်ပြီး ဒေါ်စံပယ်ဖြုတစ်ယောက်မီးဖိုချောင်ထဲပြေးဝင်သွားသည်။
ဦးဘုန်းတေဇလည်း သက်ပြင်းအခါခါ
ချရင်း သူ့အခန်းရှိရာအပေါ်ထပ်သို့တက်လာ
ခဲ့တော့သည်။
°°°°°°°°
" ဒေါက် ဒေါက် "
" မမ "
" blf "(blf ဆိုတာ အဂ်လိပ်လိုလိပ်ပြာကိုအတိုကောက်ခေါ်ခြင်းပါ)
" blf "
"What are you doing? "
"Please, open the door blf "
" ဒုန်း ဒုန်း "
အပြင်ကနေ တံခါးခေါက်သံခေါ်သံတွေကို
ကြားနေရပေမဲ့ ထလို့မရတဲ့အပြင် ခေါင်းထောင်လို့တောင်မရ၊ ခေါင်းတစ်ခုလုံးအုံခဲကာကိုက်ခဲနေသည်။ ချမ်းစိမ့်စိမ့်ဖြင့်လိပ်ပြာဖျားပြီလားမသိ
ခေါင်းကိုလက်ဖနှောင့်ဖြင့် တစ်ချက်နှစ်ချက်ရိုက်လိုက်ရင်း....
" လာပြီ အား..."
ကိုယ်ပေါ်မှစောင်ကိုဖယ်ခွာကာ ခုတင်အောက်ခြေထောက်ချလိုက်တော့ ကျင်ခနဲဖြစ်သွားကာ အားခနဲအော်လိုက်မိသည်။ ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကိုထိန်းကာ တံခါးဆီသယ်လာရင်းတံခါးဂျက်ကိုအောက်သို့ဆွဲချကာ ဖွင့်လိုက်တော့...
"Hello...good morning "
အရှိန်မထိန်းနိုင်ဘဲ လိပ်ပြာကိုယ်လေး
နောက်သို့ယိုင်သွားသည်အထိ အဖက်ခံ
လိုက်ရသည်။
"အို ကိုယ်တွေပူခြစ်နေတာပဲ လာ လာ "
Crystal လေးက လိပ်ပြာကိုခုတင်ဆီတွဲခေါ်
လာပြီးအသာထိုင်စေသည်။
"Crystal က blf ကိုရေချိုးနေတယ်မှတ်တာ
ကြည့်စမ်းပါဦး ကိုယ်တွေလည်းပူခြစ်လို့ ဆေးမသောက်ထားဘူးလား...၊ ကြည့်ရတာ ဆေးသောက်ဖို့နေနေသာသာ မျက်နှာတောင်မသစ်ရသေးဘူးမလား...."
လိပ်ပြာနဖူးကိုစမ်းလိုက် စိတ်ပူစကားတွေ
တတွတ်တွတ်ပြောနေတဲ့ ဟိုတလောကမှ
အသက်ပြည့်ပြီးတဲ့ လိပ်ပြာရဲ့ညီမလေးကို
ပြုံး၍သာကြည့်နေမိသည်။
" blf... ပြောနေတာကြားလား...."
" အင်း ကြားတယ်မနက်အစောကြီးလာလည်တယ်ပေါ့ "
"မနက်အစောကြီး နာရီလေးဘာလေးကြည့်
ပါဦး....မနက် ၉ နာရီကမနက်စောစောလားလို့ "
"ဟုတ်ပါပြီ မမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ ဘယ်အချိန်ရှိလို့ရှိမှန်းတောင်မသိလိုက်ဘူး"
"ဒါဆိုလည်းမျက်နှာသစ် အောက်ထပ်မှာ
စောင့်နေမယ် ok နော် "
"OK OK အန်တီလေးရောမပါဘူးလား "
"No only one "
ပန်းနုရောင်ဒူးအထက်ဂါဝန်လေးကို ဝဲခနဲ
ခါလိုက်ပြီးထွက်သွားသည်။ လိပ်ပြာလည်း
မျက်နှာသစ်ကာ ညအိပ်ဝတ်စုံကိုမလဲတော့ဘဲအောက်ထပ်ဆင်းလာခဲ့တော့၏။
°°°°°°°°°°°
" သခင်လေး "
"ဝင်ခဲ့ "
"ကျွန်တော်တို့သခင်လေးကိုစိတ်ပူနေတာ "
"အခုငါဘာဖြစ်နေလို့လဲ "
"ဟုတ်ကဲ့ သခင်လေးဘာမှမဖြစ်ဘူးဆိုတာသိလို့ ကျွန်တော်တို့သခင်လေးနောက်မလိုက်လာခဲ့တာပါ "
အဂ္ဂတို့ပြောနေတာကိုနားထောင်နေပေမဲ့
လက်ကတော့ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီးဆက်နေသည်။
"ပန်းလိပ်ပြာ ရောက်ပြီလား "
°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°
အပိုင်း(၃၄) ဆက်ရန် >>>
#Ruby Linn