book

Index 29

အပိုင်း (၂၉)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖


------------------


"အန်တီကိုလိပ်ပြာအရင်ဆုံးစိတ်အေးအေး

 ထားဖို့ပြောချင်ပါတယ်၊ ဒီရက်တွေမှာမြတ်လေးမရွှင်မလန်းဖြစ်နေတယ်ဆိုတာတော့မှန်ပါတယ်...၊ ဒါပေမဲ့ အန်တီတွေးထင်ထားသလိုအပြည့်အဝတော့မမှန်ပါဘူး...

 တစ်စိတ်တစ်ပိုင်းပဲမှန်တာပါ၊ မြတ်လေးမှာအလုပ်ကိစ္စပြဿနာတွေအပြင် အချစ်ရေးမှာလည်း အနည်းငယ်အဖုအထစ်တွေ

ရှိနေပါတယ်...၊ အဲဒါလည်းခဏတာပါ 

သူအခုတွဲနေတဲ့ကောင်လေးကိုလည်း 

အတည်ယူဖို့မရှိပါဘူး...၊ အရွယ်ရောက်လာတဲ့အချိန်မှာ ရွေးချယ်စရာတွေရှိလာတော့လည်း မိန်းကလေးတစ်ယောက်အတွက်အားကိုးရာရှာတဲ့သဘောပါပဲ၊ 

 အခုမြတ်လေးအဆင်ပြေပါတယ်အန်တီ "


"အေးပါ သမီးပြောမှပဲအန်တီမှာနည်းနည်းစိတ်အေးရတော့တယ်၊ ကျေးဇူးတင်ပါတယ်သမီးရယ် အခုလိုကူညီတာ "


"မဟုတ်တာ လိပ်ပြာကသာစောစောကြိုသိခဲ့ရင် အန်တီလည်းအခုလိုစိတ်မပူရတော့ဘူး...မြတ်လေးလည်းစိတ်ညစ်

 ရမှာမဟုတ်ဘူး..."


"ဒီလိုလည်းဘယ်ဟုတ်မလဲ ဒါနဲ့သမီးမျက်နှာတောင်ညှိုးနွမ်းနေပါလား၊ ဧကန္ဒမြတ်လေးကြောင့်များ..."


"ဟို မြတ်လေးနဲ့ဘာမှမဆိုင်ပါဘူး ဒီနေ့

အလုပ်မှာပင်ပန်းလာလို့ပါ၊ လိပ်ပြာပြန်လိုက်ဦးမယ်နော် အဘွားကိုနှုတ်ဆက်သွားတယ်ပြောပေးပါ "


" အေးအေး "


လိပ်ပြာလေးပင်သောခြေလှမ်းများဖြင့်

အိမ်သို့ပြန်လာခဲ့သည်။


"အိန်ဂျယ်သမီးမျက်နှာကမလန်းပါလား 

 မြတ်လေးနဲ့တွေ့ခဲ့လား...ဘာဖြစ်လာ

 လို့လဲ "


"မြတ်လေးကသူ့ခံစားချက်တွေ လိပ်ပြာကို

ရင်ဖွင့်လာလို့ပါ လိပ်ပြာတောင်မြတ်လေးတို့အိမ်မှာ တော်တော်ကြာသွားတယ်...

ဒါနဲ့အန်တီလေးတို့လာသွားပြီလား..."


"မလာဖြစ်ပါဘူး...မနက်မှပဲစောစောထလာတော့မယ်ပြောတယ်"


"ဟုတ်လား ဒါဆိုရင်တော့ လိပ်ပြာနဲ့တွေ့ရတော့မှာမဟုတ်ဘူး... မနက်ဖြန်ည hotel

 မှာ dinner လုပ်မှာ၊ အဲဒါ မနက်စောစောသွားပြင်ဆင်ပေးရမှာလေ "


"တခြားရက်တွေလည်းရှိပါသေးတယ် မနက်ဖြန်ပြန်မှာမှမဟုတ်တာ "


"ဟုတ်ပါတယ်လေ လိပ်ပြာသတိရပါတယ်လို့ပြောပေးနော် "


"အေးပါ သမီးကြည့်ရတာပင်ပန်းနေသလိုပဲ

 သွားနားလိုက်ဦး "


"ဟုတ် လိပ်ပြာသွားနားလိုက်ဦးမယ် "


လိပ်ပြာတံခါးဖွင့်ပြီး အခန်းထဲဝင်လာချိန် 

စားပွဲပေါ်တွင်တင်ထားသော လိပ်ပြာဖုန်းမြည်နေသောကြောင့် ဟန်းဖုန်းရှိရာခပ်သွက်သွက်လျှောက်လာသည်။ contact

တွင်ပေါ်နေသောနံပါတ်ကိုကြည့်လိုက်ပြီး 

အစိမ်းခလုတ်ကိုဆွဲလိုက်သည်။


" ဟဲလို "


"လိပ်ပြာနေမကောင်းဘူးလား...အသံကတစ်မျိုးပဲ"


"ကောင်းပါတယ်မယ်ရဲ့ လိပ်ပြာခေါင်းနည်းနည်းကိုက်နေလို့ပါ "


"ဟုတ်လား ဒါဆိုရင်တော့မယ်အဖော်မဲ့ပါပြီ "


"ဟင် ဘာဖြစ်လို့လဲ "


"သြော် မယ်ကြေးအိုးသွားသောက်မလားလို့ပါ အဲဒါလိပ်ပြာကိုသတိရတာနဲ့ဖုန်းဆက်လိုက်တာ "


"အားနာလိုက်တာ လိပ်ပြာလာခဲ့မယ်လေ "


"မဟုတ်တာ လိပ်ပြာနားနေပါ မယ်ကလိပ်ပြာကိုသတိရလို့ ဒီအတိုင်းလှမ်းခေါ်လိုက်တာ "


"အင်းပါ မယ်ရောနေကောင်းလား..."


" အင်းမယ်ကဒေါင်ဒေါင်မြည်ပဲ ဒါဆိုဒါပဲလေနော် "


" bye bye "


 ခေါင်းကိုက်နေတယ်လို့ ပြောလိုက်လို့လားမသိ တစ်ကယ်ပင်ခေါင်းကကိုက်ချင်လာသည်။ ကိုက်ခဲနေတဲ့ခေါင်းတစ်ခြမ်းကို 

လက်မဖြင့်အသာဖိကာ ခုတင်ပေါ်အသာလှဲနေလိုက်၏။ ဒီညအိမ်မက်လှလှ

မမက်ရင်နေပါ မြန်မြန်မိုးလင်းပါတော့လို့

ဆုတောင်းရင်း မျက်ဝန်းအစုံကိုမှေးမှိတ်

လိုက်သည်။ 


°°°°°°°°°°°°


ကြေးအိုးစားရန် ကားပါးကင်ရှိရှာလျှောက်လာပြီးကားစက်နိုးကာထွက်လာခဲ့သည်။

ဆိုင်မှာကြေးအိုးသောက်ပြီး အပြန်ကားက

ရုတ်တရက်ဆိုသလိုထိုးရပ်သွားသည်။


"ဟာ ကားကလည်းဘာဖြစ်သွားတာလဲမသိဘူး အာ ကားကိုစစ်မလာမိဘူး... ဆင်းကြည့်ဦးမှ..."


မယ်ကကားအကြောင်း ဂဃနဏမသိပေမဲ့

ဘယ်နေရာကပျက်နေလဲဆိုတာတော့ 

ကြည့်တတ်ပါသည်။


"သွားပြီ ဆီကဘယ်လိုလုပ်ယိုနေတာလဲ 

 ဖုန်း ဖုန်းက hotel မှာကျန်ခဲ့တာပဲ ငါကတော့လေ "


မယ်လောကြီး၍ ပိုက်ဆံကိုသာယူလာခဲ့ပြီး

ပိုက်ဆံအိတ်ပါမလာတဲ့အပြင် ဖုန်းပါမေ့ကျန်နေခဲ့သေးသည်။ မယ်ကတစ်နေ့ကိုတစ်ခါတော့ ကားစစ်တဲ့အထဲမှာပါသည်။ မနက်တုန်းကတောင်အကောင်းကြီး။ ထိုအချိန်ဆိုင်ကယ်၃ စီးက မယ့်ကားအနားတွင်ခေါက်တုန့်ခေါက်ပြန် ဖြတ်သွားဖြတ်လာလုပ်နေသည်။ ရုတ်တရက်

မယ်လည်းကြောက်စိတ်ဝင်လာကာ ကားထဲ

ပြန်ဝင်နေလိုက်၏။ တအောင့်ကြာတော့ 

မယ့်ကားအနား ဆိုင်ကယ်တွေရှေ့ဆင့်

နောက်ဆင့်ရပ်လိုက်ကြပြီး မယ့်ကားမှန်ကို

လာခေါက်သည်။ 


"ဟေ့ ညီမလေး အစ်ကိုတို့ဘာကူညီပေးရမလဲပြောလေ ကားပျက်နေတာလား..."


"အစ်ကိုတို့နဲ့လိုက်မလား အေးဆေးပေါ့ "


ပေါ့ပျက်ပျက်ယောက်ျားတွေရဲ့ပါးစပ်ကနေ

အခြေအမြစ်မရှိအပေါစားဆန်တဲ့စကားတွေ

ထွက်ကျလာသည်။ အမှန်တော့မြန်မာ

လူမျိုးအချင်းချင်းဒီလိုမလုပ်သင့်ပါ...၊ 

တိုင်းတစ်ပါးသားတွေအကူအညီလိုရင်တောင် ကိုယ့်ဘက်ကစေတနာသန့်သန့်နဲ့ကူညီပေးရသေးတာပဲ နှစ်မချင်းပဲဖြစ်ဖြစ် အစ်မချင်းပဲဖြစ်ဖြစ်စာနာသင့်ပါတယ်...။ 


ဒီလိုလူမျိုးတွေရှိနေတဲ့အတွက်ကြောင့် 

မိန်းကလေးတစ်ယောက်ထဲ မသွားရဲ

မလာရဲကာ အိမ်တွင်းပုန်းဘဝသို့ ရောက်ကြ

ရသည်။ အရည်အချင်းရှိတဲ့မိန်းကလေးတွေအတွက် ဒီလိုအဖြစ်မျိုးကြောင့် သိပ်ကို

နှမြောစရာကောင်းလှသည်။ ဒီလိုယောက်ျားမျိုးတွေကြောင့် ကိုယ့်မြို့နယ်ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကြီးဟာ မှေးမှိန်နေရပါသည်။


မယ်ဘာလုပ်ရမယ်မှန်းမသိကာ သမာဒေဝနတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး

ဘုရားစာရွတ်နေမိသည်။ သမာဒေဝနတ်ကောင်းနတ်မြတ်တွေကြောင့်လား 

တိုက်ဆိုင်မှုကြောင့်လားမသိ BMW

အမှတ်တံဆိပ်ဆိုင်ကယ်အနက်ရောင်

တစ်စီးက မယ်တို့ဆီတည့်တည့်မတ်မတ်

မောင်းနှင်လာကာ...


" တီ တီ တီ တီ "


ဆိုင်ကယ်ဟွန်းကို နှစ်ချက်သုံးချက်ဆင့်

တီးရင်း စက်ရပ်လိုက်သည်။ 


စောနကမယ့်ကိုနှောင့်ယှက်နေကြတဲ့

ဆိုင်ကယ်တစ်စုလည်း ဆက်မနှောင့်ယှက်

ကြတော့ဘဲ အလျှိုလျှိုမောင်းထွက်သွား

ကြသည်။ မယ်လည်းဝမ်းသာအားရဖြင့် ကားတံခါးဖွင့်ကာဆင်းလာသည်။


" စိုင်းလား..."


မယ်ကြည့်နေစဉ် ခေါင်းမှာဆောင်းထားတဲ့

ဆိုင်ကယ်ဦးထုပ်ကိုဆွဲချွတ်လိုက်တော့ 

မယ်မင်သက်သွားရသည်။ အောက်ခံ

T -Shirt အဖြူပေါ်လည်သာအကျီ

အနက်ရောင်နှင့် စတိုင်ပဲန်ဘောင်းဘီအနက်ရောင်ကို စတိုင်ကျကျတွဲဝတ်ထားတဲ့ မယ့်ရဲ့မသိစိတ်ကနေ မျှော်လင့်နေတဲ့စိုင်းပင်ဖြစ်သည်။


မယ်သူ့ကိုမျက်တောင်ခတ်ဖို့ မေ့လျော့စွာ

ငေးကြည့်နေဆဲမှာပင်...


"မယ်ဘာဖြစ်သွားသေးလဲဟင် "


"အာ မယ်ဘာမှမဖြစ်ပါဘူး...ဒါနဲ့စိုင်းက

 ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ "


"ကျွန်တော်ဒီနားကိုအဖြတ် ဒီနားမှာလူစုစုနဲ့ တစ်ခုခုဖြစ်နေသလားလို့ ခပ်လှမ်းလှမ်းကကြည့်လိုက်တော့ မယ်နဲ့တူတယ်ဆိုပြီး မောင်းလာခဲ့တာ ဒါနဲ့မယ်ကရော..."


"ဟို မယ်ကကြေးအိုးစားပြီးပြန်လာတာ 

ကားကဆီယိုနေလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အဲ့လိုတွေဖြစ်ကုန်တော့တာပဲ၊ 

ကျေးဇူးပဲနော်စိုင်း...စိုင်းအပေါ်မယ်ကျေးဇူးဆပ်လို့ကုန်မှာတောင်မဟုတ်တော့ဘူး..."


"မိုးလည်းချုပ်နေပြီ၊ ဒီမှာကြာကြာနေရင်မကောင်းဘူး မယ်ကျွန်တော့်ကိုယုံရင် 

ကျွန်တော်မယ့်ကိုပြန်လိုက်ပို့ပေးပါရစေ..."


"မယ်စိုင်းကိုအကြွင်းမဲ့ယုံကြည်ပါတယ်၊  

စိုင်းနဲ့လိုက်ခဲ့ပါ့မယ် စိုင်းကိုတော့ထပ်ပြီး

ကျေးဇူးတင်ရတော့မှာပဲ "


"မလိုပါဘူး...သူငယ်ချင်းတွေပဲဟာကို "


" အဟင်း..."


"ဘာဖြစ်လို့လဲ မယ့်မျက်နှာမှာတစ်ခုခု

ပေနေလို့လားဟင် "


စိုင်းကမယ့်မျက်နှာကိုထူးဆန်းသလို

ကြည့်နေသည့်အတွက်မေးလိုက်ခြင်းပင်...။ 


"သြော် မယ်ပြုံးတာသိပ်ပြီးမမြင်ရလို့ပါ "


" ဟင်း ဟင်း ဒါဆိုမယ်ကားသော့သွားယူလိုက်ဦးမယ်နော် ခဏလေး..."


"ရပြီ သွားရအောင် "


" ခဏလေး "


စိုင်းကဆိုင်ကယ်ဖင်ထိုင်ခံအောက်က 

ဆိုင်ကယ်ဦးထုပ်ကိုထုတ်ယူပြီး သူမအားဆောင်းပေးပါသည်။ လေတစ်ချက်ဝေ့အတိုက် စိုင်းဆီမှကိုယ်သင်းနံ့လိုမျိုး အနံ့သင်းသင်းလေးတစ်မျိုးက မယ့်နှာခေါင်းနားလာထိခတ်ကာကျီစယ်နေသဖြင့် ရင်ခုန်သံတွေတောင်မြန်လာရသည်။ 


လမ်းမီးတိုင်တွေကလာတဲ့ အလင်းရောင်က 

လမ်းမအလယ်တွင်ရပ်နေသောစိုင်းကို 

ထင်းလင်းမြင်သာစွာမြင်နေရသည်။ မျက်ခုံးတန်းထူထူကာညီညာစွာ နှာတံစင်းစင်း အညိုရောင်သမ်းနေတဲ့နှုတ်ခမ်းတစ်စုတင်းတင်းစေ့ထားပုံက မယ့်အမြင်မှာတခြားယောက်ျားတွေထက် သန့်ပြန့်ပြီးခန့်ညားနေပါသည်။


"OK အဆင်ပြေရဲ့လား..."


"အင်း...မယ်ကတော့စိုင်းကိုတစ်နေ့လောက်

 မုန့်လိုက်ဝယ်ကျွးရတော့မယ် "


"ဘာလဲ ကူညီလို့ကျွေးတာပေါ့၊ မကူညီရင်

မကျွေးတော့ဘူလား..."


"အဲ့လိုမဟုက်ပါဘူးရှင် မကြုံလို့ပါ၊ မယ့်စိတ်ထဲမှာအမြဲရှိပါတယ်..."


"ဝမ်းသာပါတယ်ဗျာ အခုလိုပြောတာနဲ့တင်

 ဗိုက်ပြည့်နေပါပြီ "


စိုင်းပုခုံးကို မယ့်လက်နှစ်ဖက်ဖြင့်မလွှတ်တမ်းဆုပ်ကိုင်ကာ hotel ထိလိုက်လာခဲ့သည်။ ဒီနေ့ညတာကထူးဆန်းစွာ တိုနေသလိုခံစားနေရသည်။ အချိန်တွေကိုသာရပ်တန့်ထားနိုင်ရင် ဘယ်လောက်တောင်ကောင်းမလဲ၊ နောက်ပြီးဒီညမှာကြယ်တွေလည်းအစုံထွက်နေသလို လမင်းကြီးလည်းဝိုင်းစက်နေအောင်သာနေပါသည်။ မယ်တို့နှစ်ယောက်ကိုတွဲမြင်လိုက်တော့ လမင်းကြီးတောင်မနာလိုဖြစ်သွားရတော့မည်။ အပြင်မှာလေတိုက်လို့အေးနေပေမယ့် မယ့်ရင်ထမှာတော့ အတိုင်းမသိနွေးထွေးလို့နေပါသည်။ 


°°°°°°°°°


လိပ်ပြာဒီနေ့ hotel သို့စောစောထွက်လာပြီး 

ပြင်ဆင်စရာရှိတာကို အသေးစိတ်ကအစ

ပြင်ဆင်နေရသည်။ ကိုယ့်ကိုယုံကြည်လို့ ပေးထားတဲ့အလုပ်ကို ဝတ်ကျေတန်းကျေ

မဟုတ်ဘဲ တာဝန်ကျေချင်ပါသည်။

နေ့လည်ထမင်းစားချိန်ရောက်တဲ့အချိန်ထိ 

အလုပ်တွေကမပြီးသေး...။ အလုပ်တွေ

လုပ်နေလို့လားမသိ ထူးဆန်းစွာပင်နေ့လည်ရောက်သည့်တိုင် သူ့အရိပ်အယောင်တောင်

မတွေ့ရသေး...။ 


"အစ်မလိပ်ပြာထမင်းသွားစားရအောင်လေ၊ 

 နေ့လည် ၁ နာရီတောင်ကျော်နေပြီ "


"အင်း သွားရအောင် "


"အစ်မကြိုက်တဲ့တို့ဟူးသုပ်ထည့်လာတယ် 

 သိလား..."


"ဟုတ်လား လိပ်ပြာ canteen မှာထမင်းဟင်းသွားဝယ်လိုက်ဦးမယ် စားနှင့်နော် "


"ဟုတ် ဖြည်းဖြည်းစားရင်းစောင့်နေမယ် "


ပြောပြီး ခပ်သွက်သွက်ပင် ပန်းလိပ်ပြာ လျှောက်ထွက်လာခဲ့သည်။


°°°°°°°


"သခင်လေး မင်းဒင်ကလောကိုရောက်နေတယ်လို့ကြားပါတယ် "


စာကြည့်ခန်းထဲတွင် သုံးယောက်သား

ဝိုင်းဖွဲ့ကာဆွေးနွေးနေကြသည်။


"ကြာပြီလား ဒါမဲ့သူ့အရိပ်အယောင်တောင်

 မတွေ့ရသေးပါလား..."


"ဟုတ်ကဲ့ ၁ ပတ်လောက်တော့ရှိပြီ

 သူမရှိပေမယ့် နယ်စပ်မှာရှိတဲ့သူ့တပည့်

တွေနဲ့အလုပ်တွေကတော့ ပုံမှန်လည်ပတ်နေပါတယ်...၊ နောက်ပြီး သူပိုင်တဲ့ hotel

လုပ်ငန်းတွေနဲ့ကုမ္ပဏီတွေကို ပစ်ထားတာလည်းကြာပြီဆိုတော့ ပြန်လာကြည့်တာနဲ့တူတယ်..."


"ခါတိုင်းဆိုသူပြန်ရောက်ပြီဆိုရင် လူလုံးထွက်ပြတာပဲဖြစ်ဖြစ် သူရောက်နေမှန်းသိအောင် တစ်ခုခုလုပ်ပြနေကျလေ၊ အခုတော့ငြိမ်နေပါလား...ဒါနဲ့စကားမစပ်

 အရောင်းအဝယ်ကိစ္စတွေရောအဆင်ပြေရဲ့လား... "


"အဓိကကလည်း အဲဒါပဲပြောချင်တာပါ၊ 

Thai ကနေအရင်လို လိုသလောက်

ပစ္စည်းတွေမရတော့ပါဘူး...၊ အကြောင်းအမျိုးမျိုးပြပြီး ဂဂျိုးဂချောင်လုပ်နေပါတယ်၊ ဒါပေမဲ့ သခင်လေးစိတ်မပူပါနဲ့ တရုတ်မှာရှိတဲ့ပါတနာတွေနဲ့ ချိတ်ထားပါတယ်၊ ကျွန်တော်သိချင်တာက Thai ဘက်က ဘာလို့အရင်လိုမဟုတ်တော့တာလဲဆိုတာပါ "


"တစ်ယောက်ယောက်လက်ချက်ထက်

ဒီကိစ္စတွေကိုအပြက်ဖြတ်ချင်နေပြီ၊ 

တခြားဘက်ကနေကြည့်ရင်တော့ 

 အကောင်းပဲ..."


"ဒါနဲ့သခင်လေး hotel မသွားဘူးလား "


"Hotel မှာအရေးကြီးကိစ္စရှိလို့လား "


အဂ္ဂမေးလိုက်တာကို ဗညားကနားမလည်

ဟန်ဖြင့် သူ့သခင်လေးကိုကြားဖြတ်ဝင်မေးလိုက်ခြင်းပင်။ 


"ဒီည hotel မှာ dinner ပွဲရှိတယ် "


"ဟင် ကျွန်တော်လည်းမသိရပါလား..."


ဗညားမေးတာကို သခင်လေးကမဖြေသောကြောင့် အဂ္ဂကကြားထဲကနေဝင်ဖြေလိုက်သည်။


"ဒီထက်ထူးဆန်းတာရှိသေးတယ် 

 သခင်လေးကအခုအချစ်နဲ့တွေ့နေပြီ "


"သခင်လေး... ကျွန်တော်အခုကြားတာ

တစ်ကယ်လား အိပ်မက်မဟုတ်ဘူးမလား..."


"အား...ဘာလုပ်တာလဲဟေ့ကောင် "


" ဟဲ ဟဲ "


"အိပ်မက်မဟုတ်ဘူးပဲ"


"ကိုယ့်အသားကိုယ်ဆိတ်ပါလား...၊ နာလိုက်တာ "


"သခင်လေး ဒီညဘာအစီအစဉ်ရှိလဲ "


" မင်းဘယ်လိုထင်လဲ "


အဂ္ဂအမေးကို သူကပြန်ပြီးမေးခွန်းပြန်ထုတ်

လိုက်သည်။ 


"ကျွန်တော်မသိလို့သခင်လေးကိုမေးပါတယ်ဆိုမှ "


"ဟွန်း surprise တစ်ခုရှိတယ်၊ ပွဲရောက်မှကြည့်"


" ဟုတ် "


"သွားလို့ရပြီ "


"သြော် ဒါနဲ့ ကျွန်တော်ပြောစရာတစ်ခုရှိသေးလို့၊ လာမဲ့အပတ်မှာ Royal City မှာလေလံတင်မဲ့ပစ္စည်းက ကြီးတယ်လို့သိရပါတယ်၊ လုပ်ငန်း partner တွေတော်တော်များများကိုဖိတ်မယ်လို့လည်း အတွင်းသတင်းသိရပါတယ်..."


"ဒါဆိုမတွေ့ချင်တဲ့သူနဲ့တွေ့ရဖို့ ကံကြမ္မာကအကြောင်းဖန်ပေးဦးမှာပေါ့၊ ဒါပဲမလား..."


"ဟုတ်ကဲ့ ခွင့်ပြုပါဦး "


အဂ္ဂနှင့်ဗညားနှစ်ယောက်သား စာကြည့်ခန်း

ထဲမှထွက်လာခဲ့ပေမယ့် စကားစကမပြတ်...။ 


"အဂ္ဂ... သခင်လေးက တစ်ကယ် "


" ဘာလဲကွာ "


"သခင်လေးမှာချစ်သူရှိသွားတာ ငါဖြင့်

 အခုထိမယုံနိုင်သေးဘူး... "


"ဟေ့ကောင် မြန်မာလိုပြောနေတာနားမလည်ဘူးလား..."


"မင်းကလည်းကွာ ဒါလေးမေးတာကို 

ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်လည်း

မဟုတ်ဘူးပေါ့၊ စျေးကိုင်လိုက်တာများ 

သခင်လေးအပြင်သူ့ပါကြောက်နေရတယ် "


"သခင်လေးမှာချစ်သူရှိနေတယ်လို့ မပြောမဘူး...အချစ်တွေ့နေတယ်လိုပဲပြောခဲ့တာ ငါပြောရင်လည်းပြောတယ်ဖြစ်ဦးမယ်၊ စိတ်နဲ့လူနဲ့ကိုမကပ်ဘူး...၊ ကြည့်လုပ် ဒီတစ်ခါနယ်စပ်မဟုတ်ဘဲ ရေဝေးကိုအကန်ခံရမယ်သတိထား "


"ဟုတ်ကဲ့ သားမှားသွားပါတယ်အဖေ

 ခွင့်လွှတ်တော်မူပါ "


"ဟင်း...."


"ဒါဆိုသခင်လေးကတစ်ဖက်သက်ပေါ့ "


"တစ်ဖက်သက်ဆိုတာထက် အဖြေပြန်မပေးသေးတာကွာ "


"မိန်းမတွေများမူနေရသေးတယ်၊ ချစ်ရင်ချစ်တယ်မချစ်ရင်မုန်းတယ်ပေါ့၊ သခင်လေးရဲ့အချစ်ကိုရတာ သူဘယ်လောက်ကံကောင်းလိုက်လဲ...သူ့နာမည်ကဘယ်သူလဲကွ တော်ရုံမဟုတ်တာတော့သေချာတယ်၊ 

အဲဒါကြောင့်မူနေတာဖြစ်ရမယ်..."


"မင်းထင်ရာစွတ်ပြောမနေနဲ့၊ ညရောက်ရင်သိလိမ့်မယ်...သခင်လေးရှေ့မှာမင်းစကားပြောဆင်ခြင် လာသွားမယ် "


အဂ္ဂက ဗညားနောက်ကျောကို လက်ဝါးဖြင့်

ရိုက်ကာအရှေ့မှထွက်သွားသည်။ ထို့နောက် ခြေလှမ်းတွေကို အရှိန်မြင့်၍... 


"စောင့်ဦး..."


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း (၃၀) ဆက်ရန် >>>


#Ruby Linn


rate now: