💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-----------------
ဗိုက်ကဆာလာလို့လားမသိ လိပ်ပြာ
ဆတ်ခနဲလန့်နိုးလာသည်။ မျက်လုံး
ကို အသာပွတ်ကာ ဘေးဘီကိုဝေ့
ကြည့်လိုက်တော့ နေတောင်ဝင်
တော့မည်။ ဒါပေမဲ့ပြင်ဦးလွင်သို့
ရောက်သေးမည့်ပုံမပေါ်...။
"ဦးသတိုး...ဘယ်နေရာရောက်နေပြီ
လဲဟင် လိပ်ပြာ လိပ်ပြာဗိုက်ဆာလို့
တစ်ခုခုစားလို့ရတဲ့နေရာမှာ ကားခဏ
ရပ်ပေးပါလားဟင် "
"မင်းတစ်ယောက်ထဲ ဗိုက်ရှိတာမဟုတ်ဘူး
ငါ့မှာလည်းပါတယ် ခဏစောင့် တွေ့ရင်
ရပ်ပေးမယ် "
လိပ်ပြာလည်း ရပ်ပေးမယ်ဆိုတဲ့အတွက်
ကြောင့် ဘာမှထပ်မပြောဘဲ ငြိမ်နေလိုက်
သည်။ တစ်လမ်းလုံးစားလို့ရမဲ့နေရာဆို
လို့ တစ်နေရာမှမတွေ့....။
"ဦးသတိုး... ဟိုနားကဆိုင်မှာ ခဏလောက်
ရပ်ပေးပါလား...."
လမ်းဘေးခုံပုလေးတွေနဲ့ ဆိုင်တစ်ဆိုင်
ကို လှမ်းတွေ့သောကြောင့် ဦးသတိုးကို
ကားရပ်ခိုင်းလိုက်သည်။
" ကျွိ "
ကားရပ်သွားသည်နှင့် လိပ်ပြာလည်း
ဝမ်းသာအားရ ကားပေါ်မှဆင်းလာခဲ့သည်။
ရှေးဦးစွာ လိပ်ပြာက ဆိုင်ထဲဝင်သွား
ပြီးမှ နောက်ပြန်လှည့်ကြည့်လိုက်တော့
ဦးသတိုးက ကားပေါ်မှမဆင်းသေးပေ။
လိပ်ပြာက ကားနားသို့သွားကာ
ကားမှန်ကိုလက်ဖြင့်ပုတ်လိုက်သော
ကြောင့် ကားမှန်ချလာသည်။
"ဦးသတိုး ခဏလောက်ဖြစ်ဖြစ်ဆင်း
ခဲ့ပါလား...လိပ်ပြာတစ်ယောက်ထဲ
စားရမှာအားနာစရာကြီး..."
"ငါမစားဘူး...မင်းဘာသာဝအောင်စား..."
"ဟို မစားရင်လည်း ခဏလောက်တော့
အောက်ဆင်းခဲ့ပါလား...ကားပေါ်မှာ
တစ်ချိန်လုံးနေလာတော့ညောင်းနေမှာပေါ့ "
လိပ်ပြာက ခေါ်လွန်းမတက်ခေါ်မှပဲ ဦးစိတ်ပုတ်ကဆင်းတော်မူသည်။
ထိပ်ဆုံးဝိုင်းတွင် လိပ်ပြာတို့ထိုင်လိုက်စဉ်
အန်တီကြီးတစ်ယောက်က လိပ်ပြာတို့
နားလာကာ...
"ခရီးသွားတွေနဲ့တူတယ် နန်းကြီးသုပ် အသုပ်စုံ ကော်ရည်ခေါက်ဆွဲ ကလေးတို့ဘာစားကြမလဲ "
စားသောက်ဆိုင်လောက် အမယ်မစုံလင်လှ
ပေမဲ့ သူ့ဟာနဲ့သူတော့ မျက်နှာပန်းလှပါသည်။
နောက်ပြီး လိပ်ပြာရဲ့အကြိုက်တွေချည်းဖြစ်သည်။
"အန်တီလိပ်ပြာကို အသုပ်စုံတစ်ပွဲ
ဦးသတိုးကရော... "
အန်တီကြီးကိုပြောနေရင်း ဦးသတိုးဘက်
လှည့်ကာ မေးလိုက်တော့ ခေါင်းခါပြတာမို့...
"အသုပ်စုံတစ်ပွဲပဲပေးပါ ချဉ်ချဉ်စပ်စပ်လုပ်ပေးပါ"
အစကတော့ စားချင်စိတ်မရှိပေမဲ့ သူမကို
ငဲ့ကြည့်လိုက်တော့ ချဉ်ချဉ်စပ်စပ်အသုပ်စုံ
ကို ရှူးရှူးရှဲရှဲစားလိုက် ဘူးသီးဟင်းရည်ပူပူလေးကို မှုတ်သောက်လိုက်ဖြင့် အားရပါးရစားနေသောသူမကြောင့် သူ့ခံတွင်းထဲတွင်ချဉ်သွားရကာ သူမကိုခိုးခိုးကြည့်နေမိသည်။
°°°°°°°°
"အန်တီရေ လိပ်ပြာကိုအသုပ်စုံနောက်
တစ်ပွဲထပ်ပေးပါ "
လိပ်ပြာကိုကြည့်ပြီး စားချင်နေသော်လည်း
ယောကျာ်းတန်မဲ့ အိန္ဒြေဆည်နေသော
သူ့ကို မေးမနေတော့ဘဲ သူမဘာသာလှမ်းမှာလိုက်သည်။
"အန်တီ ဒါဘယ်နေရာရောက်နေတာလဲဟင် "
"ဒီနေရာက တောင်ကြီးမြို့အလွန်၊ ကလေးမ
တို့ကဘယ်သွားမှာလဲ "
"လိပ်ပြာတို့က ပြင်..."
"မန္တလေးသွားမလို့ပါ "
" ဟင် "
" အေး အေး..."
မုန့်လာချပေးတဲ့ အန်တီကြီးကို ဘာလို့
အမှန်အတိုင်း မပြောလိုက်တာပါလိမ့်...။
"ကဲ ဦးသတိုး ဒါဦးသတိုးအတွက်မှာလိုက်တာ ဘာမှရှက်မနေနဲ့ စား..."
"ဘယ်သူကရှက်နေလို့လဲ..."
"ဟဲ ဟဲ လိပ်ပြာ လိပ်ပြာကရှက်နေတာပါ "
လိပ်ပြာကရယ်သဲ့သဲ့ဖြင့် ပြောလိုက်သည်။
ဦးနှောက်က ငြင်းနေသော်လည်း လက်က
ဇွန်းကိုကိုင်မိလျက်သားဖြစ်သွားသော
ကြောင့် တစ်ဇွန်းခပ်စားလိုက်ချိန်...
"အား...စပ်တယ် စပ်လိုက်တာ... "
သေပါပြီ သူကအစပ်မစားဘူးလား...၊
သေချာမမေးလိုက်မိဘူး...။
"မထွေးနဲ့ မထွေးလိုက်နဲ့နော် "
သူကပါးစပ်ထဲက မုန့်တွေကို ဘေးနားသို့
ထွေးချဟန်ပြင်နေသောကြောင့် လိပ်ပြာ
အမီတားလိုက်သည်။
"ခဏလေး ရေနွေးသောက်လိုက် အစပ်ပြေတယ် "
လိပ်ပြာကပြောပြောဆိုဆိုဖြင့် ဘေးနားက
ရေနွေးအိုးထဲမှ ရေနွေးပူပူကို ရေဖန်ခွက်ထဲသို့ထည့်ကာ မှုတ်ပေးလိုက်ပြီး ပေးလိုက်၏။
"အား...စပ်လိုက်တာ ဒါကိုမင်းဘယ်လိုစားလဲ "
"ဒီလိုပဲ အစမို့လို့ တစ်ပန်းကန်လုံးစားကြည့်
မစပ်တော့ဘူး..."
" ဒီတစ်ပန်းကန်လုံး..."
သူကပြောရင်း မျက်နှာကရှုံ့မဲ့သွားသော
ကြောင့် လိပ်ပြာကပါးစပ်ကို လက်ဝါးဖြင့်
ပိတ်ကာ ခိုးရယ်လိုက်မိသည်။
" ဟီး...ဟီး..."
ဦးစိတ်ပုတ်ကြီးက အစပ်ပျောက်လိုပျောက်ငြားအောင့်အီးသည်းခံကာ စားနေရသောကြောင့် မျက်နှာတစ်ခုလုံးသာမက နှာသီးထိပ်ကလေးတွေပါ နီရဲလာသောကြောင့်လိပ်ပြာအိန္ဒြေမဆည်
နေနိုင်တော့ဘဲ ရယ်လိုက်မိသည်။
"ဦးသတိုးရယ်...မစားနိုင်ရင်မစားပါနဲ့တော့
လိပ်ပြာကစလိုက်တာပါ အဟင်း ဟင်း... "
" ဟင် မင်း..."
သူမက သွားတန်းလေးများပေါ်အောင်
မရယ်စဖူးရီနေသည့်အတွက် သူ့မှာဆူရခက်
ပြောရခက်ကာ လက်ထဲမှဇွန်းကို ပစ်ချ
လိုက်ပြီး ကားရှိရာထွက်သွားလိုက်သည်။
လိပ်ပြာလည်း လွန်သွားမှန်းသိ၍ ပိုက်ဆံ
အမြန်ရှင်းကာ သူ့နောက်အမြန်လိုက်
သွားပြီး...
"ဟို ဦးသတိုး ရေနည်းနည်းသောက်လိုက်
ပါလားဟင် "
လိပ်ပြာက ကားနောက်ခန်းထဲတွင်ပါလာ
သော ရေဘူးကို သူ့ထံကမ်းပေးလိုက်သော်
လည်း သူကမယူတဲ့အပြင် လိပ်ပြာကိုကြည့်
တောင်မကြည့်ပေ...။
လိပ်ပြာလည်း ရေဘူးကို ဘေးနားအသာချ
ထားလိုက်ပြီး တစ်ရှူးကိုထုတ်ကာ သူ့ကို
ပေးလိုက်သည်။
"ဦးသတိုး လိပ်ပြာကိုစိတ်ဆိုးနေတာလားဟင် "
တစ်အောင့်ကြာတော့ သူမဆီက ဘာအသံမှ
မကြားတော့ဘဲ ငြိမ်ကျသွားသည့်အတွက်
ဘေးကို စောင်းငဲ့ကြည့်လိုက်တော့ သူမက
အေးအေးလူလူအိပ်ပျော်နေပြီဖြစ်သည်။
မင်းကိုငါစိတ်မဆိုးပါဘူး၊ မင်းမှ ငါအစပ်မစားတာမသိတာ လိပ်ပြာ...။
°°°°°°°°°°°°°°
ကားရဲ့ ငြိမ့်ညောင်းမှုနဲ့အတူ ဗိုက်ပြည့်သွားတော့ နောက်တစ်ရေးအိပ်ပျော်သွားပြန်သည်။ လိပ်ပြာအိပ်ရာက နိုးလာတော့ပြင်ဦးလွင်ဆိုတဲ့ ဆိုင်းဘုတ်ကြီးကနှုတ်ခွန်းဆက်ကာ ကြိုဆိုနေသည်။
တဖြည်းဖြည်းနဲ့ အိမ်တွေဆိုင်းဘုတ်တွေကို
ကျော်လွန်ပြီး မြို့အလွန်တစ်နေရာတွင် ကားကထိုးရပ်သွားပြီး ဦးစိတ်ပုတ်ကကားပေါ်မှဆင်းသွားသည်မို့ လိပ်ပြာလည်းအလိုက်သင့်ဆင်းလာခဲ့သည်။ လိပ်ပြာတို့ ထိုနေရာကိုရောက်သောအချိန်သည် ညနေ ၆း၀၀ နာရီ ထိုးနေပြီမို့ အိမ်ကိုဖုန်းဆက်ရမည်။
ဒီအချိန်ဆို မေမေတို့မျှော်နေရောပေါ့...။
" ဒုတ် "
" အ "
လိပ်ပြာအတွေးလွန်နေသဖြင့် ခေါင်းအောက်ငုံ့လျှောက်လာတာမို့ သူ့ရင်ဘက်ကျယ်ကြီးနှင့် တိုက်မိသွားရသည်။
"မင်းချော်လဲနေဦးမယ် အောက်ကိုကြည့်လျှောက်"
" ရှင် ! ရွဲ့နေတာလား..."
ဟု သူမ မရည်ရွယ်ဘဲ ပက်ခနဲ ပြန်ပြောမိပြီးမှ ပါးစပ်အား လက်ဝါးဖြင့် ပိတ်ထားလိုက်၏။
"မင်းခြံထဲမှာပဲနေခဲ့ ငါအိမ်ထဲဝင်ပြီးစကား
ပြောလိုက်ဦးမယ် "
" ဟုတ်ကဲ့ "
ခြံဆိုတော့မှ ဘေးကိုဝေ့ကြည့်လိုက်တော့ မြတ်ရိုင်းရှည်ကြီးတွေ လွှမ်းခြုံထားတဲ့ခြံကျယ်ကြီး တစ်ခြံကိုတွေ့လိုက်ရသည်။
"ဧကန္တ ဒီခြံကြီးကိုဝယ်မှာလား...
ရောင်းမှာလား...၊ တစ်ခုခုပဲ ဒီခြံကြီးကို
ပြုပြင်လိုက်ရင် နေချင်စရာဖြစ်သွားမှာ
သေချာတယ်...၊ သူဋ္ဌေးတွေများနော်
ပိုက်ဆံရှိတော့ လုပ်ချင်ရာလုပ်လို့ရတာပေါ့ "
"သြော် မေ့တော့မလို အိမ်ကိုဖုန်းဆက်ဦးမှပဲ
နေဦး... နှစ်ယောက်ထဲသာ သွားမှန်းသိရင်မေမေတို့ဘာပြောမလဲ၊ နောက်ပြီး မိုးချုပ်နေပြီ ပြန်ရင်တော်တော်ညဉ့်နက်နေမှာ ဒုက္ခပဲ ငါဘယ်လိုပြောရပါ့မလဲ၊ အမှန်အတိုင်းပဲပြောရမလား...
စဉ်းစားစမ်း...စဉ်းစားစမ်း..."
" ဟုတ်ပြီ "
ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ အိမ်ကိုဖုန်းဆက်
လိုက်သည်။
"မေမေ လိပ်ပြာပါ "
"ဟုတ်ကဲ့ လိပ်ပြာတို့ပြင်ဦးလွင်မှာ ခြံတစ်ခြံလာကြည့်တာ "
"ဟုတ် နှစ်ယောက်ထဲမဟုတ်ပါဘူး...၊
အဖော်ကောင်မလေးရယ် သူဋ္ဌေးရယ်
စုစုပေါင်းသုံးယောက်ပါမေမေ စိတ်မပူပါနဲ့နော်"
"အခုမှရောက်တာဆိုတော့ အပြန်နောက်ကျ
မယ်နဲ့တူတယ် အဲဒါကြောင့်ဖုန်းလှမ်းဆက်
လိုက်တာပါ "
"ဟုတ်ကဲ့ ပြီးတာနဲ့ ချက်ချင်းပြန်လိုက်ပို့ပေး
မှာပါမေမေ "
"ဟုတ်ကဲ့ ဒါပဲနော် "
'မုသားမပါ လင်္ကာမချော' ဆိုတဲ့စကားပုံလည်းရှိတယ်မလား...၊ လိပ်ပြာမတက်သာလို့မုသားသုံးလိုက်ရတာပါ လိပ်ပြာလုံပါတယ်...၊ လိပ်ပြာရဲ့ကိုယ်ကျင့်တရားကိုလည်းယုံတယ်၊ ဒါပေမဲ့ မေမေပြောတဲ့ကံကြမ္မာကိုတော့မယုံဘူး...။
°°°°°°°°°°°
"သူဋ္ဌေး...ပြင်ဦးလွင်ကိုသူတို့ရောက်နေကြပါပြီ"
"ကောင်းတယ် မင်းဘာဆက်လုပ်ရမလဲ
သိတယ်မလား..."
" ဟုတ်ကဲ့ပါသူဋ္ဌေး ကျွန်တော်တို့လက်နက်တွေရော လူအင်အားပါတိုးထားပါတယ် ဒါပေမဲ့ အသေလိုချင်တာလား...အရှင်လိုချင်တာလား...သူဋ္ဌေး "
"အရှင်ပဲလိုချင်တယ် မင်းတို့အဖြစ်ရှိအောင်
တော့လုပ်ပေါ့ကွာ "
"သြော် သူဋ္ဌေး... သူတစ်ယောက်ထဲတော့
မဟုတ်ဘူး..."
" ဘယ်ကောင်ပါသေးလဲ..."
" မိန်းကလေးတစ်ယောက် ပါပါတယ် "
" မိန်းကလေး..."
သူခဏငြိမ်သွားပြီးမှ...
"မင်းတို့ သူမကိုမထိစေနဲ့ ကျန်တာကိုတော့
ငါပြောထားတဲ့အတိုင်းဆက်လုပ် "
"သူဋ္ဌေး ဒါဆိုခွင့်ပြုပါဦး "
နှုတ်ခမ်းတစ်ဖက် တွန့်ရုံပြုံးလိုက်ပြီး...
"စိတ်ချ ဒီနေ့ခင်ဗျားကိုအရှင်လတ်လတ်
မီးမြှိုက်ပြမယ် "
"ဟား...ဟား..."
°°°°°°°°°°°°°°°°°°°°
"ဘာလိုလိုနဲ့ ၈း၀၀ တောင်ရှိနေပြီ အခုထိ
ထွက်မလာသေးဘူး...ဒီမှာရပ်နေရတာ
လည်းညောင်းနေပြီ "
"ချွတ် ချွတ် ချွတ် "
လိပ်ပြာရဲ့ဘေး မလှမ်းမကမ်းချုံပုတ်နားက
အသံတစ်သံနှင့်အတူ မြတ်ပင်တွေလှုပ်ရှား
သွားသောကြောင့် လိပ်ပြာထိတ်ခနဲဖြစ်သွားရသည်။
ချုံပုတ်တွေက ထူထပ်တော့ မြွေပါးကင်းပါး
တော့ရှိမှာပဲ...သိပ်မသင်္ကာတာမို့ ခပ်လှမ်းလှမ်းတွင်သွားရပ်နေလိုက်ပါ၏။
"ပြီးပြီ သွားရအောင် "
" အင်း..."
"ဘာဖြစ်နေတာလဲ မင်းကြည့်ရတာမသက်မသာနဲ့ "
"ဟို ဟိုနားမှာ... "
လိပ်ပြာလက်ညိုးထိုးပြနေစဉ် ချုံပုတ်ထဲမှ
အနက်ရောင်မြွေတစ်ကောင်ထွက်လာသော
ကြောင့် အလန့်တကြားဖြစ်သွားကာ ဥိီးသတိုးရဲ့ လက်မောင်းကို ဖျတ်ခနဲ လှမ်းကိုင်လိုက်ပြီး သူ့ကိုယ်နောက်တွင် လိပ်ပြာ ကပျာကသီ ဝင်ပုန်းနေလိုက်သည်။
သူမရဲ့လျှပ်တပြက်အပြုအမူတွေကြောင့်
အခိုက်အတန့်ကြောင်သွားပေမဲ့ သူ့နှုတ်ခမ်း
ထက်တွင် မသိမသာပြုံးလိုက်မိရင်း...
သူမက မြွေကြောက်တာလား...။
" မြွေ မြွေရှိသေးလားဟင် "
"အင်း...ရှိသေးတယ် "
"ရှိသေးရင်ပြေးလေ ဘာလုပ်နေတာလဲ..."
လိပ်ပြာလည်း ပြောပြောဆိုဆိုပင် အပေါက်ဝနားထိပြေးသွားလိုက်ပြီးမှ ပြန်လှည့်ကြည့်
လိုက်ပြီး...
"လာလေ ဘာလုပ်နေတာလဲ... "
"ဟား...ဟား..."
" ဟင် "
ဦးစိတ်ပုတ်က အားရပါးရရယ်ရင်း လိပ်ပြာဆီလျှောက်လာနေသည်။
လိပ်ပြာအခိုက်အတန့်ကြောင်သွားပြီးမှ
ခုနကနေရာကို ပြန်ကြည့်လိုက်တော့
မြွေနဲ့တူတာဆိုလို့ တုတ်ချောင်းတစ်ချောင်း
တောင်ရှိမနေပေ...။
"မင်းတော်တော်ကြောက်တတ်ပါလား....
ရေမြွေလေးပါကွ ဟက် "
အမယ်လေး ရယ်နေလိုက်တာများ ခုနကသူ
မဟုက်တဲ့အတိုင်းပဲ...။
"ရေမြွေဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့ လိပ်ပြာဆီ
လာနေပြီမှတ်တာ၊ လန့်လိုက်တာ ဒါနောက်
စရာမှမဟုတ်တာ "
"မင်းလုပ်တာကျတော့ကောင်းတယ်ပေါ့ "
"ဟင် ဦးသတိုးက လက်စသတ်တော့
အမှတ်အတေးထားနေတာပဲ၊ ဒါပေမဲ့
အခုဟာက မတော်ရင် သတိတောင်မေ့သွား
နိုင်တယ်နော် "
"မင်းလည်း တစ်ခုခုမလုပ်ခင် အရင်စဉ်းစား
သင့်တယ်...ထားပါတော့တစ်ခုခုစားရအောင် ဝင်ဝယ်ပြီးပြန်ကြမယ် "
" ဟွန်း..."
လိပ်ပြာက ရင်ဘက်လေးကိုဖိပြီး ကားပေါ်တက်လိုက်တဲ့အထိ သူကပြုံးစိစိနဲ့ပင်၊ ဟွန်းဦးစိတ်ပုတ်...။
မြို့ထဲစားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ပြီးသည်နှင့် ပြင်ဦးလွင်မြို့မှ နှုတ်ဆက်ထွက်ခွာခဲ့ကြသည်။
လိပ်ပြာသူ့မျက်နှာကို တစ်ချက်တစ်ချက်ခိုး
ကြည့်စဉ် သူ့မျက်နှာကပြုံးစိစိပင်။ ဘာတွေ
သဘောကျနေလဲမသိ အလုပ်အဆင်ပြေလို့
ပဲလား...သူများကိုလက်စားချေလိုက်ရလို့လားမသိ မျက်နှာပိုးကမသေချင်ပေ...။ အခုလိုကျတော့လည်း ကြည့်ကောင်းသား၊ ပြုံးရယ်ရင်ကြည့်ကောင်းတာ သူ့ကိုယ်သူ မသိလို့ အမြဲတည်တံ့နေတာလား... ဒါမှမဟုတ် သူ့ပင်ကိုယ်ဗီဇကိုက သည်လိုပဲလား...။ အို ငါဘာတွေ တွေးနေတာလဲ...။
°°°°°°°°°°°°°
ထို့နောက် ပန်းလိပ်ပြာသည် earphone လေးကို နားမှာတပ်ကာ ထိုင်ခုံကို ခပ်လျောလျောမှီ၍ မျက်လုံးမှိတ်ကာလိုက်ပါလာခဲ့သည်။
အရှေ့ကိုကြည့်ကာ သတိထားမောင်းနေပေမဲ့ နောက်ကြည့်မှန်ကိုလှမ်းကြည့်လိုက်တော့
သူတို့နောက်ကနေ ကားတစ်စီးက ထပ်ကြပ်
မကွာလိုက်လာနေသည်။ နှုတ်ခမ်းတစ်ဖက်တွန့်တယ်ဆိုရုံလေး သူမဲ့ပြုံးလိုက်ပြီး ကားအရှိန်ကိုမြှင့်လိုက်သည်။
လိပ်ပြာစိတ်ထဲ ကားက ခါရမ်းလာတာမို့
ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်ချိန်
ဘေးနားတွင် ကားမောင်းနေသော သူ့
ထံမှ အရောင်လက်နေသော မျက်လုံး
တစ်စုံကိုတွေ့လိုက်ရ၏။ လင်းထိန်
ပြီး ဝိုင်းစက်နေသော လရောင်အောက်
တွင် လိပ်ပြာတို့ကားအပြင် နောက်ပါး
ဆီမှ ကားတစ်စီးက လိပ်ပြာတို့နောက်
လိုက်နေတာကိုတွေ့လိုက်ရသည်။
"ဦးသတိုး ဟိုနောက်ကကားက လိပ်ပြာ
တို့နောက်လိုက်နေတာလားမသိဘူးနော်"
နားက earphone ကိုဖြုတ်ကာ သူ့ကိုလှည့်
ပြောလိုက်သော်လည်း သူက ဘာမှဖြစ်ဟန်
မပေါ် ကားကိုသာ အရှိန်မြှင့်မောင်းနေပြီး...
"မင်း ခါးပတ်ကြိုးကိုသာသေချာပတ်ထား..."
ဟက် ပွဲကတော့လှပြီ၊ အဲ့လိုမှန်းသာသိရင်
ပြိုင်ကားစီးလာရမှာ...။
ကားကို သေချာမမောင်းဘဲ ကွေ့ကာကောက်ကာ မောင်းနေသည်မို့ လိပ်ပြာကားလက်ကိုင်ကိုမြဲမြဲကိုင်ကာ ဘုရားစာရွတ်ပြီးအထိတ်တလန့်လိုက်လာခဲ့ရ၏။ လူသူရှင်းသည့်နေရာသို့ မောင်းလာရင်း ဘယ်ဆီရောက်မှန်းမသိရောက်လာခဲ့သည်။ သူတို့လိုက်နိုင်ရင် လိုက်ဆိုတဲ့စိတ်နဲ့ ပတ်မောင်းနေတဲ့အတွက် ဘေးနားမှာ သူမပါလာခဲ့တယ်ဆိုတာ သူမေ့လျော့နေခဲ့မိ၏။
သူမကိုငဲ့ကြည့်လိုက်တော့ သူမက သူ့ကို
မျက်နှာငယ်လေးဖြင့် မော့ကြည့်နေရှာသည်။
" ဒိုင်း... "
" ဟင် !!! "
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥♥•°
အပိုင်း(၂၀) ဆက်ရန် >>>
#Ruby Linn