book

Index 9

အပိုင်း(၉)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨ Black Verse ✨

[ကာရန်မဲ့ကဗျာ]


------------


မကွေးမြို့ ဆေးတက္ကသိုလ် ကန်တင်းတစ်ခု၌ တစ်ယောက်တည်းထိုင်လျက် အပြင်ဘက်ကို လှမ်းမျှော်ငေးကြည့်နေသော မိုးထက်ကုဋေသည် စိတ်မရှည်စွာ လှပသေသပ်သည့် ပန်းရောင်နှုတ်ခမ်းလေးက တစ်ချက်တစ်ချက် မဲ့သွားရင်းက မျှော်လင့်စောင့်စားနေသည့် အကြည့်တွေ ရုတ်သိမ်းကာ အိတ်ထဲမှ ထောင်တန်နှစ်ရွက်ထုတ်၍ စားပွဲပေါ်တင်လိုက်ပြီး မတ်တပ်ရပ်လိုက်စဥ်ခဏဝယ်... 


" ဆောရီး... မောင်နည်းနည်းနောက်ကျသွားတယ် " 


အပြေးအလွှား ရောက်ရှိလာသော တိမ်ယံခ မောဟိုက်နေသော လေသံဖြင့်ပြောလိုက်ရာ စကားသံကို လေးလုံးကွဲအောင် မနည်းနားထောင်နေရ၏။ 


မိုးထက်ကုဋေ သူ့အားကြည့်၍ ပြစ်တင်စကားမပြောရက်တော့။ သူ့လက်ထဲမှာ ပန်းစည်းတစ်စည်းနဲ့ အထုပ်တစ်ထုပ်ပါလာတာကို ရုတ်ခနဲ လှမ်းတွေ့လိုက်ရ၏။ 


" Happy valentine day " 


သူယူလာသည့် နှင်းဆီနီပန်းစည်းနဲ့ စက္ကူအိတ်ကို သူမအား ကမ်းပေးရင်း အချစ်တွေ ရွှန်းဝေနေသည့် မျက်ဝန်းတစ်စုံဖြင့် ချိုမြစွာ တိမ်ယံခ ပြောလိုက်တော့ သူမက ချက်ချင်း ရှက်သွေးဖြာသောအသွင် ​ပြောင်းသွားကာ မခို့တရို့ပြုံးလျက် သူ့မျက်နှာအား မကြည့်ပါဘဲ လှမ်းယူ၏။ ပြီးတော့ သူမက ရင်ခုန်ချင်စရာ အသံလေးဖြင့် မကြားတကြားပြောလာသည်။ 


" ကျေးဇူးပါ မောင် " 


ရုတ်တရက် သူ ကြက်သီးတွေဖြာထသွားရသည်။ သူမရဲ့ ကျက်သရေရှိလှသည့် မျက်နှာလှလှလေးအား သူလိုက်ကြည့်နေရင်းက...


" နှင်းဆီပန်းစည်းက အခုမှလာပို့လို့ မောင်နောက်ကျသွားတာပါ၊ မ တော်တော်စောင့်လိုက်ရမှာပဲ " 


" အင်း...၊ ဟို မ သွားတော့မယ် "


" မောင်လိုက်ပို့မယ်လေ " 


သူမက အောက်နှုတ်ခမ်းဖျားလေးကို အသာဖိကိုက်ရင်း ခေါင်းကိုဖြည်းညင်းစွာ ညိတ်ပြတော့ သူမလက်ထဲက ပစ္စည်းတွေကူသယ်ပေးရင်း ထွက်လာခဲ့ကြသည်။ သူမ အခန်းထဲဝင်သွားပြီး နေရာမှာထိုင်သည်အထိ သူက အပြင်ကနေ ဂရုတစိုက် လိုက်ကြည့်ပြီးမှ ပြန်ထွက်သွားတာ တွေ့ရသည်။ 


" ဝိုး... မိုးထက်တို့က မိုက်တယ်ဟေ့၊ မောင်ချောချောလေးက ဘာတွေပေးလိုက်လဲ ကြည့်ရအောင် ပြစမ်းပါဦး " 


" အို ကိုယ်တောင်မကြည့်ရသေးဘူး ယူတို့က တော်တော်ကဲ " 


အတူထိုင်သည့် အခန်းဖော်သူငယ်ချင်း မိန်းကလေးနှစ်ယောက်က သူမပါလာသည့် ပစ္စည်းတွေကိုစပ်စုနေသဖြင့် လက်တွေကိုပုတ်ထုတ်ရင်း သူမကိုယ်တိုင် ပန်းစည်းကိုသေချာကြည့်လိုက်တော့ အနီရောင်နှင်းဆီပန်းတွေနဲ့ ကြယ်တာရာပန်းတွေဖြင့် အလှဆင်ထားသည့်ကြား ချောကလက်တွေ ညှပ်ထည့်ထားတာတွေ့ရသဖြင့် ကျေနပ်ပီတိဖြင့် ပြုံးလိုက်မိရင်း စက္ကူအိတ်ကို အသာဖွင့်ကြည့်မိတော့ သူမ တအံ့တသြဖြင့် ပါးစပ်အား လက်နှစ်ဖက်ဖြင့် အုပ်ကာလိုက်မိ၏။ 


" စာအုပ်တွေဟ "


" ဟုတ်ပါ့ အများကြီးပဲ " 


ကလျာနဲ့ စုကလည်း တစ်ယောက်တစ်ခွန်း ရေရွတ်ကြသည်။ ကျောင်းသုံးစာအုပ်တွေပါသလို သူမလိုချင်သည့် အပြင်စာအုပ်တွေလည်း ပါသည်မို့ အင်မတန် ကြည်နူးမိခြင်းပင်။ 


" သူများမောင်တွေများ အလိုက်သိချက်တော်၊ ကိုယ့်ထက်တစ်နှစ်ကြီးတဲ့သူနဲ့တွဲနေတဲ့ စုတောင် သူ့လောက် ဂရုစိုက်တာ မခံရဖူးဘူး " 


" မောင်တိုင်း ကောင်းတာမဟုတ်ပါဘူးဟယ်၊ ကလျာ အထက်တန်းတုန်းက တွဲခဲ့တဲ့ ဟိုအနာကောင်လေးဆို ကလျာ့ထက်ငယ်ပေမယ့် တစ်ခုခုဆို သူကချော့မယ်မရှိဘူး ကလျာကပဲ လိုက်ချော့နေရတာလေ၊ မိုးထက်ကိုက ကံကောင်းတာ " 


သူတို့တွေက မိုးထက်ရဲ့ အချစ်ရေးကို သူတို့အချစ်ရေးနဲ့ နှိုင်းယှဥ်ကာ အမျိုးမျိုး ဝေဖန်သုံးသပ်နေကြသည်။ 


မိုးထက်ကုဋေက နှင်းဆီပွင့်ချပ်တွေထံ နှာဖျားလေးဆင်း၍ ရနံ့ကို ခပ်ဖွဖွ ရှူရှိုက်ရင်း အချစ်ရဲ့ထုံသင်းသော ရနံ့မှာ တခဏနစ်မွန်းသွားတော့သည်။ နှင်းဆီတွေက ဆူးမရှိတော့ သူတကာ နမ်းရှိုက်လို့ရပေမယ့် ပိုင်ရှင်ရှိပြီးသားကို ဘယ်သူကများ နမ်းရှိုက်ပါဦးမည်နည်း။ 


°°°°°°°°°°°°° 


အတန်းပိုင်ဆရာမ၏ တိုက်တွန်းချက်ဖြင့် ကျောင်းသားစုံညီပွဲတော်၌ ကပြဖျော်​ဖြေဖို့ တစ်ပတ်လုံးလုံးအကတိုက်ပြီး ပိတ်ရက်မှာတော့ ပန်းယွန်းတေ​ဇသည် မလှုပ်နိုင်ဘဲ အိပ်ရာထဲ တနေကုန်အိပ်၍ ခွေနေရတော့သည်။ 


သူမ အိပ်ရာနိုးလာတော့ ဗိုက်ဆာသဖြင့် မီးဖိုခန်းထဲက အိုးတွေခွက်တွေ အုပ်စောင်းတွေ လှန်လှောကြည့်မိ၏။ တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ ဘယ်သူမှ မတွေ့။ ထမင်းဟင်းလည်း မစားချင်ဘဲ သရေစာသာ စားချင်သည့် အာသီသရှိနေ၏။ ထို့ကြောင့် ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံးကို ထုတ်ယူကိုက်စားပြီး အမြင့်မှာရှိသည့် မုန့်ဘူးတွေထားသည့် ဗီရိုကို ဖွင့်ရန် အနားကထိုင်ခုံပေါ်တက်လိုက်ရင်း ခြေဖျားပါထောက်၍ ခေါင်းပေါ်က ဗီရိုကိုဖွင့်လိုက်တော့ ဖန်ပုလင်းအကြည်တွေ စီထားတာကို တွေ့ရသည်။ 


အိုဗာတင်းတွေ၊ ပုဇွန်ခြောက်တွေ၊ ထန်းလျက်ခဲတွေ၊ အုန်းယို ဇီးယို နာနတ်ယို ဖရုံယို၊ ဇီးသီး မက်မန်းသီးတွေကို ပုလင်းအပြည့် ထည့်ထားသဖြင့် အကြံဆိုးဖြင့် ပြုံးလိုက်ရင်း လက်ထဲက မကုန်သေးသည့် ပန်းသီးခြမ်းအား ပန်းယွန်း စားပွဲခုံပေါ်ရောက်အောင် လှမ်းပစ်တင်လိုက်ကာ ထိုပုလင်းတွေထဲက သူမ မျက်စိကျနေသည့် ပုလင်းနှစ်ပုလင်းကို ရှေ့သို့ ဆွဲထုတ်လိုက်သည်။ လိပ်ပြာမလုံစွာ အနောက်မှာ လူရှိမရှိ လှည့်ကြည့်မိပါသေး၏။ 


" ဟိ ဟိ " 


ကလေးလိုလို ကြမ်းပိုးလိုလို ညစ်ထေ့ထေ့ ကြိတ်ရယ်လိုက်ရင်း ပန်းယွန်းသည် ဘေးမှာရှိသည့် ဇွန်းခြင်းထဲက ဇွန်းတစ်ချောင်းနှိုက်ယူကာ အိုဗာတင်းပုလင်းကို အဖုံးဖွင့်ပြီး တစ်ကလော်စာ ကလော်၍ ပါးစပ်ထဲ အမြန်ထည့်စားလိုက်၏။ အမလေး ခိုးစားရတဲ့အရသာက တော်တော်အရသာရှိပါကလား။ 

နှစ်ဇွန်းခပ်စားလိုက်တော့ ပါးစပ်တစ်ပြည့်ဖြစ်သွား၏။ 


ပုလင်းကိုပြန်ထားလိုက်ကာ နောက် လက်မလောက်ရှိသည့် ပုဇွန်ခြောက်ပုလင်းထံ လက်လှမ်းမိပြန်ပါ၏။ ပုလင်းအပြည့် ပုဇွန်ခြောက်ကို သူမ နှိုက်ယူလိုက်တာ အနည်းငယ် လျော့သွားသည်။ အကျီအိတ်ကပ်ထဲ ထည့်လိုက်ရင်း တစ်ဆုပ်ထပ်နှိုက်စဥ် ခြေသံကြားရသဖြင့် လူက လန့်ဖျပ်သွားကာ အဖုံးကိုကမန်းကတန်းပိတ်နေတဲ့ လက်တွေက တုန်တုန်ရီရီဖြင့်။ ထိုအခါမှ ပါးစပ်ထဲငုံထားသည့် အိုဗာတင်းတွေ မြိုချဖို့သတိရသည်။ ပန်းယွန်းသည် ပျာယာခတ်သွားပြီး ဗီရိုပြန်ပိတ်ကာ အောက်ဆင်းရုံရှိသေး အခန်းထဲဝင်လာသော မေမေ့ကြောင့် သူမ တံတွေးတွေ သီးကုန်ရသည်အထိပင်။ 


" အဟွတ် အဟွတ် "


" ယွန်းယွန်း ဘယ်လိုတွေဖြစ်နေတာလဲ " 


အပြစ်ကိုဖုံးကွယ်ချင်စိတ်ဖြင့် သူမ ခေါင်းတဆတ်ဆတ်ယမ်းပြမိရင်း မျက်လုံးအဝိုင်းသားဖြင့် လက်ထဲကပုဇွန်ခြောက်ကို ကျစ်ကျစ်ဆုပ်၍ အနောက်မှာဖွတ်ထားမိ၏။ သူမ တစ်ခုမေ့နေသည်က ကိုယ့်ကိုယ်ကိုယ်သာ လိမ်လို့ရချင်ရမယ် ကမ္ဘာပေါ်မှာ လိမ်ညာလို့မရသည့် တစ်ခုတည်းသော သူက မိခင်ပင်။ 


" ဘာတွေခိုးစားထားလဲ " 


" ဟင့်အင်း " 


ပါးစပ်မဖွင့်ဘဲ လည်ချောင်းသံဖြင့် ဖြေလိုက်တော့ မေမေက အနားရောက်လာကာ သူမ နှုတ်ခမ်းထောင့်စွန်းမှာ ပေနေသည့် အိုဗာတင်းမှုန့်တွေကို လက်ညှိုးနှင့်သုတ်ယူ၍ သူမကို ပြ၏။ ထိုအခါမှ ငိုမဲ့မဲ့လေး ဖြစ်လာရသည်။ 


" မေမေ့ကို ဘာလို့အမှန်အတိုင်းမပြောတာလဲ၊ မေမေက သမီးကို အနာတရဖြစ်အောင် ရိုက်ဖူးလို့လား၊ ရုပ်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ ပြောဆိုဖူးလို့လား... " 


ပန်းယွန်း ခေါင်းခါပြသည်။ ခေါင်းငုံ့ထားသည်မို့ သမီးဖြစ်သူကို မေးစေ့ကနေ ဆွဲမော့ပြီး သူမအား ကြည့်စေလျက်... 


" ဘယ်လောက်ကြီးတဲ့ အမှားဖြစ်ပါစေ သမီးလုပ်ခဲ့ရိုးမှန်ရင် မေမေတို့ကို ပြောပြ ဘယ်ကိစ္စမဆို၊ အဓိကက သမီးဆီက အဖြစ်မှန်ကြားရဖို့ပဲ၊ တခြားသူပြောမှ ကြားရတာထက် သမီးဆီက အရင်ကြားချင်တာ၊ သမီးကို မေမေဘယ်တော့မှ ရိုက်ပြီးမဆုံးမဘူး ဘယ်တုန်းကမှ အဲလိုမဆုံးမခဲ့ဖူးဘူး၊ သမီးက ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး အသေးဖွဲပါဆိုပြီး မေမေတို့ကို ထိန်ချန်ထားခဲ့ရင် နောက်ကိစ္စတွေရှိလာလည်း အဲလိုပဲဖြစ်လာလိမ့်မယ်၊ မေမေက သမီးကို ယုံကြည်တယ်၊ အဲ့ယုံကြည်မှုကို သမီးတန်ဖိုးထားရင် ဘာကိစ္စပဲရှိရှိ မကြောက်နဲ့ မေမေ့ကို အားလုံးပြောပြ ဟုတ်လား " 


" ဟုတ် ကဲ့ ပါ " 


" ဒါဘယ်လဲ "


" ပန်းချီသွားဆွဲမလို့ပါ "


" လက်ထဲက ဘာလဲ "


" ဟို ပုဇွန်ခြောက် နည်းနည်းပါ မေမေ " 


အပြင်ထွက်ခါနီး မေမေက ဆုပ်ထားသည့် သူမလက်ကိုဖြန့်ပြခိုင်းနေသဖြင့် ဖြန့်လည်းဖြန့်ပြ အပြင်ကိုလည်း ပြေးထွက်တော့ မေမေ့ရဲ့ဒေါသသံစွက်နေသည့် အသံက နောက်ပါးဆီမှ လိုက်၍လာခဲ့၏။


" ဒီကလေးတော့ ကြည့်စမ်း ငါ့ပုဇွန်ခြောက်တွေ နည်းတာမဟုတ်ဘူး ယူသွားတာ " 


°°°°°°


" ပါပါး ယွန်းကိုအိတ်ပေး " 


" ဒီမှာခဏထိုင် ယွန်းရေသွားယူလိုက်ဦးမယ်နော် " 


အလုပ်ကပြန်လာသော သတိုးတေဇကို ပန်းယွန်း လောကွတ်ပြုရင်း ပျာပျာသလဲဖြစ်နေ၏။ ထို့နောက် ပန်းလိပ်ပြာ ရောက်လာသည်။


" ကိုပြန်လာတာ လိပ်ပြာမသိလိုက်ဘူး၊ ရေသွားယူလိုက်မယ် " 


" နေနေ သမီးလေးသွားယူတယ် "


သူတို့လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ပြုံးကြည့်စဥ် ပန်းယွန်း ရောက်လာကာ သတိုးတေဇနားဝင်ထိုင်၍ ကိုယ်တိုင်ရေတိုက်ပြီး လက်မောင်းကိုဖက်ထားကာ ကပ်ပါးလေးလိုကပ်နေလေတော့ ဇနီးကို သူ မျက်လုံးစွေကြည့်ရာ သူမက သူ့အား အပြုံးလေးဖြင့် အသာခေါင်းယမ်းပြသည်။ 


" ပါပါး ယွန်းအတွက် မုန့်ရော "


" ဟေ သမီးက မုန့်စားချင်လို့ ပါပါးကို အခုလိုလုပ်ပေးတာပေါ့ ဟုတ်လား... " 


" ဟုတ်ပါဘူး... ခါတိုင်း ယွန်းအတွက် မုန့်ဝယ်လာနေကျမို့ မေးကြည့်တာပါနော် " 


ခါးလေးဖက်၍ အချွဲပိုနေသော ကလေးကို သူပြုံးကြည့်ရင်း ...


" ပါပါးအိတ်ထဲမှာ ယူလိုက်၊ ပြီးရင် အိတ်ကို အခန်းထဲသွားထားပေးမယ်မလား " 


" ဟုတ်ကဲ့ " 


ပါပါးရဲ့ ပါးတစ်ဖက်ကို သူမ မွှေးမွှေးလှမ်းပေးပြီး အိတ်ကိုဆွဲကာ အနောက်သို့ ပြေးထွက်သွားလိုက်ပါသည်။ 


" ဒီကောင်မလေး တစ်ခုခုပဲ "


သတိုးတေဇ ပြောရင်း ပန်းလိပ်ပြာကိုကြည့်မိရာ သူ့ကို တစ်ခုခုမေးချင်နေတာ ရိပ်မိသဖြင့် သူမ မမေးခင် သူပြောလိုက်သည်။ 


" မြေနေရာက အဆင်သင့်ပဲ၊ ဒီပိတ်ရက် ရန်ကုန်မှာ စက်ပစ္စည်းတွေ သွားကြည့်ဖို့ ကိုဇွဲထက်နဲ့ ဆိုင်တွေကို ချိတ်ပေးထားတယ် ဟုတ်ပြီလား... " 


" အင်းပါ သွားရင် ကိုပါလိုက်သွားနော် " 


" လိုက်သွားမှာပါကွာ စိတ်ချမိန်းမ " 


ထိုအခါမှ ပြုံးသည့် သူ့မိန်းမရဲ့ မျက်နှာကို သူ တမေ့တမော ငေးကြည့်ရင်း အပျော်တွေကူးစက်ရသည်။ 


°°°°°°°°°°°°°°°°°°°


" တို့မျက်နှာမှာ စာမရှိဘူးနော်မောင်၊ စာလုပ်ရင် အာရုံများလို့မရဘူး " 


" နည်းနည်းခေါင်းပူသွားလို့ အာရုံပြောင်းတဲ့သဘောပါ မရာ၊ မ မျက်နှာကြည့်ပြီး စာလုပ်ရင် စာပိုရတယ် " 


" မဟုတ်တာကွာ " 


ကျောင်းစာကြည့်တိုက် အောက်ထပ်က ညာဘက်ထောင့်စွန်းခုံမှာ မျက်နှာချင်းဆိုင်ထိုင်၍ နှစ်နာရီခန့်စာလုပ်ပြီးချိန် တိမ်ယံခ ခါးကြောဆန့်ကာ ဇက်ကို ဟိုဘက်ဒီဘက် လှည့်ချိုး၍ အကြောလျော့ပြီး စာလုပ်မပြတ်သေးသည့် မိုးထက်ကုဋေရဲ့မျက်နှာကို လက်ပိုက်လျက် တစိမ့်စိမ့်ကြည့်နေမိ၏။ 


" ကဲ တို့အတန်းသွားတက်တော့မယ်၊ မောင်ရော "


" မောင်လည်းသွားတက်မှာ "


" မောင်နားမလည်တဲ့ စာတွေရှိရင် တို့ကိုမေးနော် တို့သိသလောက်ဖြေပေးမယ်၊ အားတဲ့အချိန် သူများတွေနဲ့ လက်ဖက်ရည်ဆိုင်တွေ ဘာတွေ ထိုင်မနေနဲ့ဦး စာလုပ်နော်၊ စာမေးပွဲနီးပြီဆိုတာ မမေ့နဲ့ " 


" ဟုတ်ကဲ့ပါဗျ " 


စာအုပ်တွေ သိမ်းနေရင်း စကားပြောလိုက်ရင် အဆုံးမှာ ' ဗျာတို့ ဗျတို့ ' ယဥ်ကျေးစွာ ထည့်ပြောတတ်သည့် သူ့ကြောင့် သူမ သဲ့သဲ့ပြုံးလိုက်မိ၏။ 


သူမတို့နှစ်ယောက်ရဲ့ relationship ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုသာ ပေးသိသည်။ ကျောင်းချိန်မှာ တွေ့ရသည့်အချိန်က နည်း၍ ပြင်ပမှာတွေ့ဖြစ်ကြရင်လည်း ကြာကြာမတွေ့ရ။ သူမက ဘယ်သွားသွား ကျောင်းစာအုပ်သယ်၍ စာလုပ်လေ့ရှိသည်။ ထို့ကြောင့် တွေ့ရသည့်အချိန်နည်းနည်းကို သူတန်ဖိုးထား၏။ သူမကို ပိုတန်ဖိုးထားသည်ဆို ပိုမှန်မည်။


°°°°°°°°°°°°°°°


၂၀၁၈-၂၀၁၉ ပညာသင်နှစ်

ကျောင်းသားစုံညီပွဲတော်

မြစ်ဖျားဧရာခန်းမ

ဗုဒ္ဓဟူးနေ့ (၂- ၃- ၂၀၁၉ )


" ကြွရောက်လာသော ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ မိဘဆရာအသင်း ဥက္ကဋ္ဌ အားလုံးပဲ မင်္ဂလာပါရှင်... ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် ကျောင်းသားစုံညီပွဲတော်ကို အစီအစဥ် ၅ ရပ်ဖြင့် ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်ရှင်၊ အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ အစီအစဥ်(၂) ကျောင်းအုပ်ဆရာမကြီးမှ မိန့်ခွန်းပြောကြားခြင်း၊ အစီအစဥ်(၃) အတန်းအလိုက် ကျောင်းသားကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ အစီအစဥ်(၄) ဆုချီးမြှင့်ခြင်း၊ အစီအစဉ်(၅) အခမ်းအနားပြီးစီးကြောင်း ကြေညာခြင်းတို့ပဲ ဖြစ်ပါတယ်ရှင် " 


" အစီအစဥ်(၁) အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်ရှင် " 


" ဖြောင်း ဖြောင်း ဖြောင်း... " 


ဧည့်ပရိသတ်ရဲ့ လက်ခုပ်သံများ ညံစီသွား၏။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ မိန့်ခွန်းပြောကြားသောအခါ ကျောင်းသားတွေ ဆူညံစွာ စကားပြောနေသဖြင့် ဆရာဆရာမများထံမှ မာန်မဲဟန့်တားသံများ ထွက်လာရသည်။ ပြီးနောက်မှာတော့ အတန်းအလိုက် ကပြဖျော်ဖြေကြရသည်။ သူမတို့ ၇ တန်းကတော့ တိုင်းရင်းသားအကကို ပြည်ထောင်စုသစ္စာသီချင်းဖြင့် ဖျော်ဖြေရ၏။ 


ပန်းယွန်းက ဗမာဝတ်စုံဝတ်၍ တွဲဖက်က မြတ်သောမောင်ပင်။ ကျောင်းမှာ အကတိုက်နေစဥ်တစ်လျှောက်လုံး မြတ်သောမောင်က သူမ​ခြေထောက်ကို လိုက်နင်းသဖြင့် စင်ပေါ်မှာ ယခုလိုတက်နင်းမိလို့ အရှက်ကွဲရင် ပြဿနာလို့ ပူပန်မိသေးပေမယ့် တကယ်တမ်း စင်ပေါ်ရောက်တော့ အစစအရာရာ အဆင်ပြေခဲ့သည်။ စည်းလုံး၍ လှပသေသပ်စွာ ကနိုင်ခဲ့ပါသည်။ သူမက စင်မကြောက်ပါ။ စင်ပေါ်တက်၍ ခဏခဏပြိုင်ပွဲများ ဝင်ပြိုင်ရသောကြောင့်ဖြစ်သည်။ 


၅ တန်းကနေ ၉ တန်းအထိ အခန်းတိုင်းလိုလို ဝင်ကကြသော်လည်း ၁၀ တန်းတစ်တန်းတော့ မတွေ့ရ။ ဝင်လည်းမကသလို လာလည်းမကြည့်ရပါ။ ၁၀ တန်း ကျောင်းသားအစ်ကိုကြီးတချို့ အစ်မကြီးတချို့ကတော့ အိမ်သာသွားသလိုလိုနဲ့ ရစ်သီရစ်သီ လာကြည့်တာကို ရိပ်ခနဲ တွေ့ရတတ်သည်။ 


ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ကပြဖျော်ဖြေသွားသည့်အထဲမှ ပဒုတ ဆုချီးမြှင့်သောအခါ သူမတို့အုပ်စုက ဒုတိယရသည်။ ပထမက ဦးရွှေရိုးနဲ့ ဒေါ်မိုး ကသည့် ၅ တန်းကလေးတွေပင်။ သူတို့လေးတွေကတာ ချစ်စရာလည်းကောင်းသည်။ ရယ်လည်းရယ်ရ၏။ ဦးရွှေရိုးက ကနေရင်း ပုဆိုးကျွတ်ကျတာလည်းအခါခါပေါ့။ ခါးပတ်မှမဝတ်ဘဲကိုး။ တတိယဆုကိုတော့ ၉တန်းအစ်မကြီးတွေက ဆွတ်ခူးသွား၏။ သူတို့က ကောက်စိုက်သမသီချင်းနဲ့ ကပြဖျော်ဖြေကြတာ၊ သီချင်းတစ်ဝက်လောက်ရောက်မှ စက်ချို့ယွင်းမှုကြောင့် အသံမလာတဲ့အခါ အစ်မကြီးတွေက ကိုယ်တိုင်သီဆိုပြီး ဖျော်ဖြေသွားတာလေ၊ လှလည်းလှတယ် ညီလည်းညီတယ်။ အစ်မကြီးတွေ ဆုရသင့်တယ်လို့ ပန်းယွန်းတင်မကဘူး အားလုံးက ထင်ကြ၏။ 


အခမ်းအနားပြီးလို့ ခန်းမထဲက သူများတွေ အလျှိုအလျှို ထွက်လာကြချိန်မှာ ပန်းယွန်းက ထွက်မလာနိုင်သေးပါ။ ခြေထောက်ကျဥ်နေသောကြောင့်ပင်။ သက်သာလို့ထွက်လာတော့လည်း ဖိနပ်ကပေါက်၏။ 


" မေမေ... ယွန်းဆက်လျှောက်လို့မရတော့ဘူး၊ ခြေထောက်တအားနာတယ် " 


သူမဝတ်ထားသည့် နှစ်လက်မသာသာထူသည့် ကတ္တီပါ ကြိုးအနက်ရောင်လေးက အသစ်စက်စက်ပါ၊ ထို့ကြောင့် ဖိနပ်ပေါက်တာဖြစ်ရမည်။ အမှန်တော့ စင်ပေါ်မှာထဲက ခြေညှိုးနဲ့ခြေမကြားက နာနေတာပင်။ အောင့်ခံနေခြင်းသာ။ ခုတော့ မရတော့ပါ။ 


" အဲဒါပြောတာပေါ့၊ မစီးခင်ကတည်းက ဖိနပ်သည်းကြိုးကို ပါးစပ်နဲ့ ကိုက်လိုက်ပါလို့၊ ညစ်ပတ်တယ်လေး ရွံသလေးနဲ့ ချွတ် ချွတ် မေမေ့ဖိနပ်စီး " 


" ရပါတယ် ဒီတိုင်း ခြေပြောင်နဲ့လည်းရတယ် မေမေ့သမီးက သိလား "


" ဟဲ့ ဟဲ့ နင်မရှက်ဘူးလား "


ပြောပြောဆိုဆို ဖိနပ်ချွတ်ပြီး ဘယ်ဘက်လက်မှာ ကိုင်လိုက်သော ပန်းယွန်းကို သူမ တိုးတိုးကြိတ်ကြိတ်ပြောလိုက်ပြီး သူ့ဖိနပ်အား စီးခိုင်းလိုက်သည်။ ဒါကို ပန်းယွန်းက... 


" ရပါတယ် ပြေးသွားလိုက်ရင် အရှေ့ရောက်ပြီ၊ ပါပါး ကားနဲ့လာကြိုမှာဆိုတော့  အဆင်ပြေတယ် မေမေ " 


" ကြည့်စမ်း နင်မရှက်ပေမယ့် ငါရှက်တယ် " 


တိုးတိုးလည်းပြောမရ ကျယ်ကျယ်လည်းပြောမရသည့် ပန်းယွန်းတေဇသည် ခြေဗလာ ချိတ်ထဘီလေး တကားကားဖြင့် ပျော်မြူးကာ ရှေ့မှပြေးထွက်သွားပါတော့သည်။ ပန်းလိပ်ပြာ ဟင်းချမိ၏။ ဘာပဲပြောပြော ကလေးစိတ်မကုန်သေးတာလည်း ခပ်ကောင်းကောင်းရယ်ပါ။ 


ပန်းယွန်းရဲ့ ပုံပန်းသွင်ပြင်ကို မလှမ်းမကမ်းနေရာကနေ လှမ်းမျှော်ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်တော့ အပေါ်နှုတ်ခမ်းထက် အနည်းငယ် ထူအမ်းသည့် အောက်နှုတ်ခမ်းတွေ ကွေးညွတ်သွားသော  တစ်စုံတစ်ယောက်က ပန်းယွန်းနှင့် မတည့်အတူနေသော သူဖြစ်သည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၁၀) ဆက်ရန် >>>


#Ruby Linn


rate now: