✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
------------
" ခဏနားပြီး ရေချိုးနော် မ ၊ မိုးမချုပ်စေနဲ့၊ မောင် ညကျဖုန်းဆက်လိုက်မယ် "
" ဟုတ်ပါပြီမောင်ရယ်၊ မနက်တွေ့မယ်နော် "
" အင်း မောင်သွားပြီနော် "
တိမ်ယံခ မိုးထက်ကုဋေကို သူမအဆောင်ရှေ့ထိ လိုက်ပို့ပြီးမှ သူ့အဆောင်ရှိရာသို့ ဆိုင်ကယ်မောင်းကာ ထွက်လာခဲ့လေသည်။
လေလေး တချွန်ချွန်ဖြင့် ညနေခင်းက သူ့အတွက် အင်မတန် သာယာနေတာပေါ့။
' ကိုကိုကြီး ' ဘော်ဒါဆောင်ရဲ့ရှေ့ မြေကွက်လပ် ဆိုင်ကယ်တွေရပ်ထားသည့် နေရာမှာ သူ့ဆိုင်ကယ် နက်ပြာရောင်ကို သေချာထိုးရပ်လိုက်ပြီး ဆိုင်ကယ်သော့ကို လက်ညှိုးဖျားတွင် လှည့်လျက် ကျွန်းတံခါးမကြီးရဲ့ ဘေးတစ်ဖက်မှာရှိသည့် လူတစ်ကိုယ်စာ ဝင်ဆန့်သော သစ်သားလှေကားလေးအတိုင်း အပေါ်ထပ်သို့ ပေါ့ပါးသွက်လက်စွာ တက်သွားလိုက်၏။ ညာဘက် သုံးခန်းမြောက်တွင် ခြေစုံရပ်ကာ ဆိုင်ကယ်သော့နဲ့တွဲထားသည့် အခန်းသော့ဖြင့် ဖွင့်ဝင်သွားလိုက်သည်။
အနက်ရောင် ကျောပိုးအိတ်ကို စာကြည့်စားပွဲပေါ်တင်လိုက်ပြီး ခါးကြောဖြေလျော့ရန် တိမ်ယံခ ကုတင်ပေါ် ပစ်လှဲလိုက်၏။ ထိုစဥ်...
" ဒေါက် ဒေါက် "
" ဝင်ခဲ့ "
" အခုမှ ပြန်ရောက်တာလား "
" ဟုတ်တယ် မင်းက ရေတောင်ချိုးပြီးပြီပေါ့ "
အခန်းထဲဝင်လာတဲ့ သော်ဇင် မချိုမချဥ်ပြုံး၍ စာကြည့်စားပွဲရှေ့က သစ်သားကုလားထိုင်မှာဝင်ထိုင်ရင်းက သူ့အမေးကို ပြန်ဖြေသည်။
" တို့က တချို့တချို့တွေလို အကြိုအပို့တွေ မလုပ်ရတော့ စောစောပြန်ပြီး ရေချိုးဖို့အချိန်ရှိတာပေါ့ကွာ ဟုတ်လား... "
သော်ဇင်က ခနိုးခနဲ့စကားဆိုတော့ တိမ်ယံခ အပေါ်အကျီရင်ဘက်က ကြယ်သီးနှစ်လုံးကို ဖြုတ်ရင်း သဘောကျစွာ ပြုံးလျက် တိတ်ဆိတ်နေမိ၏။
" ခု ရေချိုးတဲ့နေရာမှာ လူပြည့်နေပြီ ငါ့လူရေ၊ နောက်တစ်နာရီလောက်မှ သွားပေတော့ "
ရေချိုးဖို့ ပြင်ဆင်နေပုံရသော တိမ်ယံခကို သော်ဇင်ပြောရင်း စားပွဲပေါ်က လွယ်အိတ်ဆီအကြည့်ရောက်သွားတော့...
" ဒီနေ့သင်တဲ့ adenoids နဲ့ပတ်သက်ပြီး ငါနည်းနည်းလိုက်မမိီလိုက်လို့ ငါ့ကို မင့်စာအုပ် ခဏငှားပါလား "
" အေး ယူလေကွာ... လွယ်အိတ်ထဲမှာ "
ကျောင်းစိမ်းဝတ်စုံကို အိမ်နေရင်းဝတ်သည့် ပုဆိုးကွက်စိပ် အပေါ်ကစွပ်ကျယ်လေး လဲဝတ်ကာ ကုတင်ခြေရင်းကခြင်းထဲ လျှော်ရမည့်အဝတ်တွေ ထည့်လိုက်သည်။
" မနက်ဖြန် ဗိုလ်ချုပ်မွေးနေ့ဆိုတော့ ချစ်သူများနေ့အတွက် မင့်မှာ ဘာအစီအစဉ်ရှိလဲ "
" မင်းက သူများအကြောင်းစိတ်ဝင်စားတာလား "
သော်ဇင် စာအုပ်ထုတ်ယူကာ လွယ်အိတ်ဇစ်ပြန်ပိတ်ရင်း သူ့အား မကြည့်ဘဲ ပခုံးတွန့်ပြ၍ စကားဆက်သည်။
" ပူပူနွေးနွေး ချစ်သူဖြစ်ခါစ စုံတွဲတွေကို အားကျလို့ပါကွာ မမတို့ မောင်တို့ တီတီတာတာ ဘာညာပေါ့ကွာ အဟား... "
သူ့စကားကြောင့် တိမ်ယံခ အသံထွက်၍ ရယ်မိသည်အထိပင်။ ဒီကောင် စပ်စုတတ်တာ ခုမှသိတော့တယ်။
" ထမင်းတူတူစားမယ်နော် ငါ့ကောင် "
" အေး "
ပြောပြောဆိုဆိုဖြင့် သော်ဇင်က သူ့အခန်းထဲမှ ထွက်သွား၏။ သော်ဇင့်အခန်းက သူ့ဘေးခန်းမှာပင်။ အဆောင်နေပြီး အဆောင်ပိုင်ရှင်ကို ထမင်းစရိတ်ပေးစားရမှ အိမ်ရဲ့တန်ဖိုး မိသားစုတန်ဖိုးကို သိလာရ၏။ တစ်အောင့်နားပြီး သူ ရေချိုးဖို့ အသုံးအဆောင်ပစ္စည်းတွေနဲ့ လျှော်စရာတွေယူ၍ အောက်ထပ် အနောက်ဘက် ရေချိုးဆောင်သို့ ဆင်းလာခဲ့တော့သည်။
°°°°°°°°°°°°
" ကို... "
" ဗျာ "
ရေချိုးခန်းထဲမှ ထွက်လာသော သတိုးတေဇကို ပန်းလိပ်ပြာ ခေါင်းသုတ်တဘတ်လှမ်းပေးရင်း ခေါ်လိုက်ပြီးနောက် နံရံကပ်ကျွန်းဗီရိုကြီးဆီ လျှောက်သွားတာမို့ တမူထူးခြားနေဟန်ရှိသည့် မိန်းမဖြစ်သူနား ချက်ချင်း ရောက်သွားကာ နားနားကပ်၍ သူထူးလိုက်၏။ တဆက်တည်း ခါးသိမ်သိမ်လေးကိုပါ သိုင်းဖက်လိုက်တော့ သူမက လည်ပြန်လှည့်ကြည့်လာရာ နဖူးလေးကို ကြင်နာစွာ မွှေးလိုက်သည်။
" ကိုယ့်ကို ဘာပြောချင်လို့လဲ ပြောလေ "
" မြတ်လေးတို့ကိစ္စပါ "
" အင်း ပြောပါဦး "
သူမထုတ်ပေးသည့် အဝတ်စားကို သူကျနစွာ ဝတ်ဆင်ပြီးမှ သူမက စကားစ၏။
" မြတ်လေးရဲ့ခင်ပွန်းက စတော်ဘယ်ရီဝိုင်လုပ်ငန်းပါ တိုးချဲ့လုပ်ချင်တယ်တဲ့၊ စောနကတင် မြတ်လေး လိပ်ပြာနဲ့ လာတိုင်ပင်တယ် "
" အဲဒီတော့ ဘာအကူအညီလိုလို့လဲ "
နှစ်ယောက်သား စကားတပြောပြောနှင့် လသာဆောင်သို့ လျှောက်သွားကာ နှစ်ယောက်ထိုင်ခုံ၌ ပူးကပ်၍ ထိုင်လိုက်ကြသည်။
" သူတို့က လုပ်ချင်တဲ့စိတ်နဲ့ အရင်းအနှီးပဲရှိတာပါ၊ လုပ်ငန်းပိုင်းမကျွမ်းကျင်တဲ့အပြင် စက်ပစ္စည်းကိရိယာတွေပါ အစုံအလင်မရှိတော့ ကိုနဲ့တိုင်ပင်ကြည့်ဖို့ ပြောလိုက်တယ်...ကိုယ်မှာက လုပ်ငန်းပိုင်းဆိုင်ရာမှာ မိတ်ပေါတယ်လေ "
" ကိုယ်ကကူညီပေးလို့ရပါတယ်၊ သူတို့က တကယ်ရော ကိုယ့်အကူအညီလိုတယ်ပြောလား... ကိုယ်ပြောချင်တာက သူတို့ရဲ့ အသိမိတ်ဆွေထဲမှာ ဝိုင်လုပ်ငန်းလုပ်တဲ့သူတို့၊ ဗဟုသုတရှိတဲ့သူတို့ ရှိချင်ရှိနေမှာလေ၊ လိပ်ပြာ ကိုယ်ဆိုလိုချင်တာ နားလည်လား... "
" လိပ်ပြာနားလည်ပါတယ် "
ခဏငြိမ်သက်သွားတဲ့ မိန်းမဖြစ်သူရဲ့ မျက်နှာကို မျက်တောင်မခတ်တမ်း သူ ကြည့်နေတော့ သူမက သူ့အား ငဲ့ကြည့်လာလျက် ရှက်ပြုံးပြုံးလိုက်သောအခါ သူပါ အလိုလို ရယ်လိုက်မိပါရဲ့။ ပြီးတော့ သူမရဲ့ လက်ကလေးကို အပေါ်ကနေအုပ်ကိုင်၍ ပခုံးသားကို သူ့နှာခေါင်းဖြင့် မထိတထိ ကျီစယ်တော့ သူမဆီက ဆူပူသံလေး ထွက်လာသည်။
" ကိုနော် "
တဲ့...။
" မြတ်လေး သူ့ခင်ပွန်း ကိုဇွဲထက်နဲ့ စကားပြောပြီးရင် ဖုန်းပြန်ဆက်မယ်တဲ့၊ အဲ့အခါ ကိုကူညီပေးလိုက်နော် "
" ဟုတ်ပါပြီဗျာ... ခုတော့ ကိုယ်ဗိုက်ဆာပြီ "
" ဟုတ်လား ဒါဆို လိပ်ပြာထမင်းပွဲပြင်ပေးမယ် "
" ကိုယ်ပါ ကူမှာပေါ့ "
ချစ်ရတဲ့ မိန်းမဖြစ်သူ ပန်းလိပ်ပြာရဲ့ ပခုံးတစ်ဖက်ကိုဖက်၍ သတိုးတေဇ ပျော်ရွှင်စွာ အောက်ထပ်အတူဆင်းလာခဲ့၏။
°°°°°°°°°°°°°°°
" မေမေကလည်းဗျာ... "
" ဘာမေမေကလည်းလဲ ဘာမေမေကလည်းလဲ... "
" တုတ်ကြီးတကားကားနဲ့ ချထားပါမေမေရာ...၊ မေမေပြောတော့ သားအရွယ်က တုတ်နဲ့ရိုက်ပြီး ဆုံးမရမယ့်အရွယ်မဟုတ်တော့ဘူးဆို "
ညစာစားပွဲခုံရှည်ကို မြတ်သောမောင် ပတ်ပြေးရင်း ငှက်တောင်မွှေးတုတ်ရှည်ကိုကိုင်လျက် သူ့အား တရွယ်ရွယ်လုပ်နေသော မိခင်ကို လက်တကာကာဖြင့် ပြောနေခြင်းပင်။
" ရပ်စမ်း ငါခေါင်းမူးလာပြီ "
" မေမေ့လက်က တုတ်ကိုအရင်ချလိုက်လေ "
မြတ်လေးဟန် သူမလက်ထဲကတုတ်ကို စားပွဲပေါ်ချထားလိုက်ရာ သူလည်း အနားကထိုင်ခုံမှာ အမောတကော ဝင်ထိုင်လိုက်၏။ ရေတကောင်းထဲမှ ရေအား ခွက်ထဲ ငှဲ့သောက်လိုက်သေးသည်။ ပြီးမှ မေမေ့အား မျက်နှာငယ်ဖြင့် မော့ကြည့်တော့ သူ့အား မျက်စောင်းခဲထားတာတွေ့ရသဖြင့် သူ အသာမျက်လွှာချထားလိုက်၏။
" ပြေးကြည့်မှ လူရင်းတွေဆိုလို့ လိပ်ပြာတို့ပဲရှိတယ်၊ မေမေ မင်းကို အမြဲတဖွဖွပြောတယ်၊ စကားနားမထောင်ဘူး... အဲဒါ မင်း မေမေ့ကို မလေးစားတာပေါ့ကွ၊ ဟုတ်လား... "
သူ ခေါင်းခါပြလိုက်သည်။ နှစ်ယောက်လုံး အသံတိတ်သွားပြီးမှ မေမေက ဒေါသလျော့ကာ ပုံမှန်လေသံဖြင့် ပြော၏။
" ယွန်းယွန်းကို ညီမလေးလို သဘောထားပြီး ကာကွယ်စောင့်ရှောက်၊ ပန်းလိပ်ပြာအပေါ်မှာ မေမေတို့ ကျေးဇူးမကင်းဘူး၊ နောက် ဒီလိုဖြစ်တယ် ကြားရလို့ကတော့ အခုလို အေးအေးဆေးဆေး ပြီးမသွားဘူး... မင်းမလွယ်ဘူးမှတ် "
" မေမေ... သားပြောပြမယ်၊ အခုဖြစ်တဲ့ကိစ္စက မေမေပြောသလောက်ကြီး မဟုတ်ပါဘူး၊ သူတို့တွေက သားကို ယောက်ဖ ယောက်ဖလို့ခေါ်ကြတယ်ဗျာ... သားက မင်းတို့ ငါ့ညီမကို မထိနဲ့ ဘာညာဝင်ဖြဲလိုက်ရင် သူတို့ဂွင်ထဲဝင်သွားပြီး စနောက်လို့ဆုံးမှာမဟုတ်တော့ဘူး... ပြီးတော့ သူတို့ပုံစံက အပြောင်အပျက်သဘောမျိုး ပြောနေကြတာပါဗျာ၊ အလကားကောင်တွေ၊ ကိုယ်ထိလက်ရောက် ဣန္ဒြေပျက်အောင် လုပ်လာရင်တော့ မေမေ့သားက ငြိမ်ကြည့်နေမလားဗျ "
" မင်းအပြောလေကွ၊ မေမေပြောထားပြီးသားနော် "
" ဟုတ်ကဲ့ပါဗျာ... ပြီးတော့ ယွန်းယွန်းက သားညီမအရင်း မဟုတ်ဘူးမေမေ၊ အဲဒါတော့ မေမေမငြင်းနဲ့ "
သားရဲ့အပြောအောက်မှာ မြတ်လေးဟန်တစ်ယောက် ဆွံ့အသွားကာ ဘာမှပြန်မပြောတတ်တော့ပါ။ မြတ်သောမောင်ကတော့ စားပွဲခုံအားလက်ဆစ်ဖြင့် ဖွဖွခေါက်ကာ ဒူးနဲ့နေ၏။
°°°°°°°°°°°
" သမီးချစ်လေး... ပါပါးသမီးချောလေး ထတော့လေ မနက် ၈ နာရီထိုးပြီ၊ နေမြင့်မွန်းတည့်မအိပ်ရဘူး... ကလေးလေးရဲ့ "
လေပြည်ထိုးနေတာမို့ အချစ်တော်လေးက တုတ်တုတ်မျှမလှုပ်။ ထို့ကြောင့် ချစ်စိတ်ဖြင့် ညီညာသော သွားတန်းဖြူတွေပေါ်သည်အထိ ပြုံးရယ်လိုက်ပြီးမှ မျက်နှာပိုးသတ်ကာ...
" အခုမထရင် ပါပါး သမီးအတွက်ချန်ထားတဲ့ ပဲပြုတ်နဲ့နံပြား စားလိုက်တော့မယ်နော် "
" ဟင် "
ထိုအခါ ကျဥ်စက်နဲ့တို့လိုက်သလို ငေါက်ခနဲ ထထိုင်၍ ပန်းယွန်း မျက်လုံးတို့က ပြူးကျယ်သွားပြီး လှုပ်လှုပ်ရှားရှားဖြင့်...
" ပါပါးကလည်း... ဒီနေ့ ဗိုလ်ချုပ်မွေးနေ့လေ ပဲပြုတ်နဲ့နံပြား စားရမှာပေါ့ "
" စားချင်ရင် ထတော့ မျက်နှာသစ်၊ ပြီးရင် ပါပါးတို့တွေ ဗိုလ်ချုပ်ပန်းခြံသွားကြမယ် "
" ယေး... ၅ မိနစ်စောင့် ဟုတ်ဘူး ၁၀ မိနစ်၊ ၁၅ မိနစ် ၁၅ မိနစ်စောင့်နော် ပါပါး... "
ချက်ချင်း ပျာယာခတ်သွားကာ အိပ်ရာထဲမှ လူးလဲထပြီး ရေချိုးခန်းသို့ ခုန်ပေါက်ပြေးလွှား၍သွားသော ပန်းယွန်းတေဇအား သတိုးတေဇ ပြုံးကြည့်ရင်း ခက်ခက်ခဲခဲမွေးထားရသည့် တစ်ဦးတည်းသောသမီးလေးရဲ့ လိမ္မာရေခြား သိတတ်မှုအပေါ် ကျေနပ်နေမိ၏။
မိသားစုသုံးယောက်အတူ ပန်းခြံသို့သွား၍ ဗိုလ်ချုပ်ကြေးရုပ်တုအား အလေးပြုပြီးနောက် လမ်းတစ်လျှောက် စတုဒီသာကျွေးသည့် အလှူရှင်တွေထံ ပျော်ပျော်ပါးပါး လှည့်ပတ်စားသောက်ကာ ပြန်လာခဲ့ကြသည်။
°°°°°°°°°°°°
" ယွန်းယွန်း ဒီကိုမြန်မြန်လာ "
" ဘာလဲဟ "
ကျောင်းစောစောရောက်နေသည့် နဒီလှိုင်က အခုမှ ကျောင်းရောက်လာသည့် ပန်းယွန်းကို အပြူးအပြဲ လက်ယပ်ခေါ်တော့ သူမ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အနားသို့ ရုတ်ခနဲ ရောက်သွားပြီး လွယ်အိတ်တောင်မချွတ်နိုင်သေးဘဲ မျက်မှောင်ကုပ်၍...
" ဘာဖြစ်တာလဲ အလန့်တကြား... "
" ဒီမှာကြည့်စမ်း "
နဒီလှိုင် မြှောက်ပြလိုက်သော လက်နှစ်ဖက်တွင် ချောကလက်တွေ၊ နှင်းဆီပန်းတွေ၊ သော့ချိတ်တွေရှိနေတာကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလျက် လွယ်အိတ်ချွတ်ကာ စာရေးသည့်စားပွဲအောက်က အကန့်ထဲထိုးထည့်လိုက်ရင်း...
" နင် ဝယ်လာတာလား... "
ဟု သူမ ပြော၍ ထမင်းချိုင့်အိတ်ကို အနောက်ဘက် ချိုင့်တွေထားသည့်နေရာမှာ အပြေးတပိုင်းသွားထားလိုက်သည်။ နေရာမှာ ပြန်ထိုင်တော့ နဒီပြောလာသည်က...
" ဟဲ့ အဲဒါ ငါဝယ်လာတာမဟုတ်ဘူး၊ ငါကျောင်းရောက်တော့ နင့်ပုံးထဲမှာတွေ့တာ "
" ဟမ် "
ပန်းယွန်း ပါးစပ်အဟောင်းသားဖြင့်။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိပါသည်။ ပြီးတော့ တစ်ချက်ရယ်ရင်း ခေါင်းယမ်းခါလျက်...
" မ ဖြစ် နိုင် တာ "
" သြော် ငါကပဲ လုပ်ကြံပြောရဦးမယ်၊ နင့်ပုံးထဲမှာ တွေ့တာပါဆို၊ ငါ သူများတွေ မေးကြည့်သေးတယ်ဟ၊ သူတို့လည်း မသိဘူးတဲ့ "
သူမ ခေါင်းကုပ်မိသည်။ ချက်ချင်းကြီး ဝမ်းတော့မသာမိပါ။ အူကြောင်ကြောင် ဖြစ်သွားရင်း ချောကလက်ကို အကြည့်ရောက်မှ သွားရည်ယိုချင်လာ၏။ နှင်းဆီနီက သုံးပွင့်။
အဝါရောင် ဝက်ဝံရုပ်သော့ချိတ်လေးက ချစ်စရာပါ။ သူမကို ပေးတာရော ဟုတ်ရဲ့လား။ ဘယ်သူပေးတာလဲ...။
" ငါဖောက်လိုက်မယ်၊ နင်စားမယ်မလား "
" နေစမ်းပါဦးဟယ်၊ သက်သက်စတာဆိုရင်ရော အရှက်ကွဲနေပါဦးမယ်၊ ပြန်ထားလိုက်ပါ "
" ယွန်းကလည်း... ချစ်သူများနေ့မှာ ချောကလက်ရတာ အဆန်းလား...၊ နင့်ကို ခရပ်ရ်နေတဲ့သူ တစ်ယောက်ယောက် ဖြစ်မှာပေါ့၊ ဘယ်သူလဲ မသိချင်ဘူးလား... "
" အို စိတ်မဝင်စားပါဘူးအေ "
" ငါယူလိုက်ရမလား "
" အေး "
" တော်ပါဟယ်... သူများပေးတာ မလိုချင်ပါဘူး "
" ယွန်းဝယ်ကျွေးပါ့မယ် အဲ့လောက်စားချင်နေရင် "
" တကယ်နော် "
ဘယ်သူပေးတာမှန်းမသိဘဲ မလိုချင်ပါဘူး။ ကိုယ့်ဘာသာ ဝယ်စားနိုင်တာပဲဟာ။ နှမြောတော့ နှမြောစရာရယ်...။
" ယွန်းယွန်းလည်း ချောကလက်ရတာလား၊ ဟိုကောင်လည်းရတယ် "
" ဘယ်ကောင်လဲ "
သက်ထက်အောင်က ဝမ်းသာအားရပြောတော့ နဒီလှိုင် သိချင်စိတ်ဖြင့် စပ်စုလိုက်၏။
" မြတ်သောမောင် "
" အံမယ် "
မယုံသည့်သဘောဖြင့် နဒီလှိုင် ပြောလိုက်ရာ သက်ထက်အောင်က မျက်နှာပျက်သွားပြီး မြတ်သောမောင် ပုံးထဲက အသဲပုံသကြားလုံးနဲ့ tengo ချောကလက်တွေ လက်တစ်ဆုပ်မက နှိုက်ယူလာကာ သူတို့စားပွဲပေါ်တင်လိုက်၏။
" တွေ့လား "
" ဟုတ်ပါ့ "
သူတို့စကားပြောနေစဥ် မြတ်သောမောင်က မင်းသားအိုက်တင်ဖြင့် တစ်လှမ်းချင်း လျှောက်ဝင်လာကာ အနားရောက်တော့ သူမစားပွဲပေါ်က ချောကလက်တွေ သကြားလုံးတွေကို တွေ့ရသဖြင့် မျက်ခုံးလေးပင့်တက်သွားကာ ကိုယ့်နေရာမှာကိုယ် ဝင်ထိုင်လိုက်၏။ သူ ဘေးသို့ မျက်လုံးစွေကြည့်လျက်...
" မိုက်လှချည်လား "
" အဲဒါ မင့်ဥစ္စာတွေကွ "
" ဘယ်လို "
" ဟုတ်တယ် ဘယ်သူပေးတာလဲဆိုတာတော့ မမေးနဲ့မောင် "
သူ ပခုံးနှစ်ဖက်တွန့်၍ လက်လှမ်းမှီရာဆွဲယူလိုက်တော့ သကြားလုံးတစ်လုံးပါလာ၏။ ထို့နောက် ဖောက်၍ ပါးစပ်ထဲ ငုံထားလိုက်သည်။
ပန်းယွန်း သူ့အပြုအမှုကို အထူးအဆန်း အံ့အားသင့်စွာ တွေကြည့်နေမိသည်။ သူ့မှာတော့ သူမလို တွေဝေတွန့်ဆုတ်နေမှုတို့မရှိ။ ဘာမှစိတ်ထဲမရှိသလို ပေါ့ပါးစွာ တွေ့ရသည်။ ယောကျ်ားလေးတစ်ယောက်ကို မိန်းကလေးတစ်ယောက်က ပစ္စည်းလက်ဆောင်ပေးတယ်ဆိုတာ တော်ရုံသတ္တိတော့မဟုတ်။ ပေါ်တင်ပေးပေး မသိအောင်ပေးပေး။ သူမဆိုလျှင် ဘယ်နည်းနဲ့မှ ထိုသို့လုပ်နိုင်မည်မထင်။ မျက်နှာပူစွာ ရှက်ရွံမိပါ၏။
" ဟဲ့ နင်နဲ့ငမောင်နဲ့ မခေါ်ကြပြန်ဘူးလား "
နဒီလှိုင်က တံတောင်နဲ့တွတ်ပြီးပြောသဖြင့် သူမ မသိချင်ယောင်ဆောင်လိုက်သည်။ ကျောင်းတက်ခေါင်းလောင်းထိုးတော့ သူမတို့ ဘုရားရှိခိုးကာ မြန်မာစာစသင်ရ၏။
ညနေကျောင်းဆင်းချိန်ရောက်သောအခါ မိုးက ဖွဲဖွဲစရွာသည်။ တချို့က ထီးဆောင်လာသဖြင့် ထုတ်ဆောင်းကြပြီး တချို့က မိုးကာဝတ်ကာပြန်ကြသည်။ တချို့က ဦးထုပ်ဖြင့်သာ။ ထိုထဲတွင် ပန်းယွန်းတစ်ယောက် အဆောင်းပါမလာခဲ့။ နဒီလှိုင်ကလည်းမပါ။ မိုးမသည်းခင် အိမ်ပြန်ရောက်ရန်အတွက် သူမတို့နှစ်ယောက် စက်ဘီးရှိရာ ပြေးထွက်လာစဥ် မြတ်သောမောင်က ထီးတစ်ဖက်ဖြင့် စက်ဘီးပေါ် လှမ်းတက်၏။
သူ့အလိုကျဆို ထီးယူလာမှာမဟုတ်ပေမယ့် ရှေ့ရေးကြိုမြင်သည့် မေမေက တကူးတက ထည့်ပေးလိုက်လို့သာ မြတ်သောမောင် မိုးမစိုခြင်းသာ။ စိတ်ထဲကနေ မေမေ့အား ကျေးဇူးတင်ရင်း ဘေးက ဖြတ်သွားသော ပန်းယွန်း အဆောင်းမပါတာ လှမ်းတွေ့လိုက်ရသည်။ ထို့နောက် သူ စက်ဘီးအား နင်းထွက်ခဲ့ပြီး သူမနဲ့မလှမ်းမကမ်းနား ရောက်လာတော့ သူမစက်ဘီးကို ရပ်ခိုင်းလိုက်ကာ သူ့ထီးအား ပေးခဲ့လိုက်ပြီး တခြားဘာမှမပြောဘဲ ခပ်သွက်သွက် နင်းထွက်ခဲ့၏။
" အမယ်... ဒီလိုကျ ငမောင်က ဘယ်ဆိုးလို့လဲ သွားမယ် "
နဒီလှိုင်က ထိုသို့ပြောလျက် ရှေ့မှနင်းထွက်သွားပြီးမှ သူမ နောက်ကနင်းသွားလိုက်၏။
မြတ်သောမောင် ယခုလိုပြုမူတာ အန်တီမြတ် သူ့ကို အတော်လေးဆူလိုက်လို့ဖြစ်ရမည်။ ဒီအတွက် သူမ နည်းနည်းတော့ ကျေနပ်မိပါ၏။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၉) ဆက်ရန် >>>
#Ruby Linn