✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
-----------
ပန်းယွန်းတေဇသည် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ စသည့် အတန်းအလိုက် လအလိုက် ကျင်းပပြုလုပ်လေ့ရှိသော ပြိုင်ပွဲများတွင် အစဥ်အမြဲ ဝင်ပြိုင်လေ့ရှိပြီး ပြိုင်တိုင်းလည်း တိုင်းအဆင့်အထိ ရောက်ကာ ပထမဆုရနေကြပင်။
မြတ်သောမောင်ကလည်း အားကစားပြိုင်ပွဲတွေမှာဆို ထိပ်ဆုံးကဝင်ပြိုင်၍ ပဒုတ ဆုတစ်ခုရအောင် ယူလေ့ရှိသည်။ စာတော်သော သူတို့နှစ်ယောက် လစဥ်စာမေးပွဲတွေ ဖြေအပြီးမှာ အမှတ်ကောင်းသဖြင့်( A) ခန်းသို့ ပြောင်းရွေ့ခဲ့ရ၏။
တစ်နေ့မှာတော့ ကျောင်းကပြန်လာသော ပန်းယွန်းက ပါးလှပ်သော နှုတ်ခမ်းလေးတွေကို စုထော်ထားလျက် အမေဖြစ်သူအား ပြောလာသောစကားက...
" မေမေ မေမေ... "
" အင်း "
" ဒီနေ့ မုန့်စားကျောင်းဆင်းချိန်ရောက်တော့ မုန့်စျေးတန်းမှာလေ ယွန်းနဲ့မသိတဲ့ အစ်မတစ်ယောက်က ယွန်းကို ယောင်းမ ယောင်းမလို့ ခေါ်ပြီး မုန့်တွေအတင်းဝယ်ကျွေးတာ သိလားမေမေ... "
" အဲ့တော့ "
ပန်းလိပ်ပြာ သူမရဲ့ ဘလောက်စ်အကျီကို မီးပူတိုက်နေရင်း ပြုံးစိစိဖြင့် ပြောလိုက်တော့ ချက်ချင်း မကျေမနပ် အသံလေးဖြင့် တုန့်ပြန်စကားဆိုလာတဲ့ ပန်းယွန်းတေဇ...။
" ဟာ မေမေကလည်း... ယွန်းမှာမှ အစ်ကိုမရှိတာလို့၊ အဲဒါ ကိုကို့ကို ရည်ညွှန်းပြီး ပြောတာဖြစ်ရမယ်၊ ဘယ်လိုလုပ်သိလဲ မသိဘူး... ဟွန့် "
ပြောပြောဆိုဆို သူမက နှုတ်ခမ်းလေးမဲ့သွား၍ အနားလွတ်နေသည့်နေရာမှာ အသာဝင်ထိုင်လိုက်ကာ ခေါက်ထားသော အကျီတွေကို လျှောက်ဖွနေလေတော့ အငြိမ်မနေသည့် သူမလက်ကို အရိုက်ခံလိုက်ရ၏။
" ရေချိုးတော့ ပြီးရင် ထမင်းစားပြီး စာလုပ်ကြမယ် "
ကျူရှင်မနေသည့် ပန်းယွန်းကို မေမေက စာပြပေးသည်။ ပြီးတော့ စာအန်၍ စာစစ်ပေးသဖြင့် သက်သောင့်သက်သာ စာအေးဆေးလုပ်နိုင်သည်။ စာစစ်ပေးနေသည့်အချိန်ဆို မေမေက သူမအတွက် ဂိုက်ဆရာမပေါ့။ ရိုရိုသေသေ ပြုမူပြောဆိုရ၏။
၅ တန်း စာမေးပွဲဖြေပြီး နွေရာသီအားလပ်ရက်မှာတော့ ပန်းယွန်း အားချိန်နားချိန်မရ အလုပ်တွေရှုပ်နေ၏။ အကြောင်းမှာ ရွှေသွေးတို့ တွတ်ပီတို့ တေဇတို့သာ ဖတ်လေ့ရှိသော သူမသည် ဝတ္ထုတိုလေးတွေကို မြည်းစမ်းဖတ်ကြည့်နေပြီး ခဲပန်းချီသင်တန်းကိုလည်း တက်ရောက်နေပြီဖြစ်သည်။
ပန်းယွန်း ၆တန်းတက်ရချိန်မှာ တိမ်ယံခက ၁၀ တန်းရောက်နေပြီ။ ကျောင်းစာကို တစ်ဖက်လေ့လာကျက်မှတ်၍ တစ်ဖက်ကလည်း ဝတ္ထုရှည်တွေကိုပါ တိုး၍ဖတ်နိုင်နေပြီဖြစ်သည်။ တစ်ခါတစ်ခါ စာကျက်သည်ဟုပြောပြီး ဝတ္ထုခိုးဖတ်သည့်အခါတွေလည်း ရှိတာပေါ့။ မေမေတို့က သိရက်နဲ့ မသိချင်ယောင်ဆောင် နားလည်ပေးသည်ဟု ထင်မိ၏။ သူမဘက်ကလည်း စာတော်အောင်ကြိုးစားသည်။ ထိပ်ဆုံးမှာ အမြဲရှိအောင် ကြိုးစား၏။ နှနှစ်ဆက်တိုက် ပညာရည်ချွန်ဆုကို သူမ ထိန်းသိမ်းထားနိုင်ပါသည်။
၆ တန်းစာမေးပွဲ ဖြေပြီးချိန်မှာတော့ သူမ မေမေ့ကို ပူဆာကာ book shop ဆိုင်တွေကနေ စာအုပ်တွေ ဝယ်ခိုင်းသည်အထိ ဖြစ်လာ၏။ ညဘက်ညဥ့်နက်သည်အထိပင်
ဖတ်လေ့ရှိလာသောအခါ မေမေက နည်းနည်းတော့ မာန်မဲချင်လာသည်။ အခန်းထဲက မထွက်တော့တဲ့အထိ ဖြစ်လာသောကြောင့်ပင်။ တစ်နေ့ ခြံထဲမှာ ဝတ္ထုစာအုပ်ထဲ နစ်နေသော ပန်းယွန်းကို လာဆွဲထုတ်ခဲ့သူမှာ ကိုကိုပင်။
" ယွန်းလေး... "
" ဟင်! "
အနားလာထိုင်သော ကိုကို့ကြောင့် သူမ အနည်းငယ် အံ့သြမှုလေးဖြင့် ဘေးကပ်ထိုင်လိုက်ကာ လက်ထဲက စာအုပ်ကိုပိတ်လိုက်ရင်း သဲ့သဲ့ပြုံးလိုက်မိကာ...
" ယွန်းဆီလာတာလားဟင် ကိုကို "
" ဒါပေါ့ အိမ်တွင်းပုန်းနေတဲ့ ကိုကို့ညီမလေးကို လာကြည့်တာလေ "
ထိုအခါ မရည်ရွယ်ဘဲ ရှက်ပြုံးလေးပြုံးမိလျက်...
" အိမ်တွင်းပုန်းတယ်လည်း မဟုတ်ပါဘူး ကိုကိုရာ ...၊ ကိုကိုကသာ ပျောက်နေတာပါ၊ ယွန်းလာတိုင်း ကိုကိုမရှိဘူးလေ "
" အဲဒါလား... တိုက်ဆိုင်သွားတာပါကွာ "
ကိုကိုက အောက်နှုတ်ခမ်းပါးလေး တစ်ချက် ကွေးညွတ်သည်အထိ ပြုံးရယ်လိုက်ရင်း ပြောတော့ သူမ မျက်မှောင်ကုပ်သွား၏။ သူမ စကားမှာ ရယ်စရာမှမပါဘဲ။ ဘာကြောင့် ရယ်သလဲ ကိုကိုသာ သိပါလိမ့်မည်။
" အောင်စာရင်းတွေတောင် ထွက်တော့မယ်နော် ကိုကို၊ ကိိုကိုက ဘာတက်မှာလဲဟင် "
ကိိုကို့ဆီက သက်ပြင်းချသံ မျှင်မျှင်လေးကို ကြားရသဖြင့် သူမ ကိိိုကို့ဘက် တည့်တည့်လှည့်ထိုင်လိုက်ပြီး မျက်နှာရိပ်ကို စွမ်းသလောက် အကဲခတ်ကြည့်နေရင်း ကိိုကိုက တိုးတိုးစကားဆို၏။
" အမှတ်မီရင်တော့ ဆေးကျောင်းတက်မှာပေါ့ "
ကိိုကို့စကားကြောင့် သူမ အလိုလို ပြုံးရယ်မိရင်းက တလက်လက်တောက်သွားသော မျက်လုံးဝိုင်းဝိုင်းတွေက စကားတွေ ပြောနေဟန်ဖြင့် နှုတ်ခမ်းပါးလေးက ပွင့်ဟလာသည်။
" ကိုကိုက ဆရာဝန်ဖြစ်ချင်တာလား... အင်း ယွန်း မြင်ယောင်ကြည့်လိုက်ဦးမယ်၊ အားပါးပါး... ကိုကိုက ဂျူတီကုတ်နဲ့လည်း အတော်ခန့်မှာ သိလား... အဟင်း "
လက်နှစ်ဖက် ရှေ့ဆန့်ထုတ်ကာ သူ့ဘက်မှာ လက်ဖဝါးကိုထောင်လျက် မျက်လုံးတစ်ဖက်မှိတ်၍ ပန်းယွန်းပြောလိုက်သောကြောင့် တိမ်ယံခ သဘောကျစွာ တဟားဟားရယ်ရင်း သူမခေါင်းကိုပုတ်လိုက်မိသည်။
" ဟုတ်ပါပြီကွာ ငတိမလေး... "
" ကိိုကိုနော် အဲ့အခါကျ ယွန်းကို မေ့သွားမှာလား... စိမ်းကားသွားမှာလား ပြော ပြော "
" အင်း အခြေအနေအရပဲပေါ့ကွ "
" ကိုကိုနော် ဇာတိကပြပြီ "
" ဟား ဟား... ချစ်လို့စတာပါကွာ၊ ဘယ်မေ့မလဲ ကိုကို့မှာ ဒီညီမလေးတစ်ယောက်ပဲရှိတာကို "
" ဒါပဲနော် ယွန်းမှာလည်း ကိုကိုတစ်ယောက်ပဲရှိတယ်၊ ကိုကိုက ယွန်းအတွက် အစ်ကိုတစ်ယောက်လိုပဲ၊ ဟုတ်ဘူး ဟုတ်ဘူး အစ်ကိုတစ်ယောက်ထက်တောင် ပိုသေးတယ် သိလားလို့ "
" ဟာ အချွဲမလေး... သိပါပြီဗျာ သိပါပြီ "
" အဟွင်း... "
" ဒီလောက်စကားတတ်တဲ့ ညီမလေးကို ကိုကိုက မုန့်လိုက်ဝယ်ကျွေးရ ကောင်းမလားမသိဘူးနော် "
" ကောင်းတယ် ကောင်းတယ်ကိုကို "
လက်မကလေးနှစ်ချောင်းထောင်၍ ချစ်စရာအပြုံးပိုင်ရှင် နှင်းစက်ကလေးလို ကြည်လင်သော မျက်နှာလေးဖြင့် အပြစ်ဟုဆိုရက်စရာတစ်ကွက်မရှိသော သူ့ရဲ့ တစ်ဦးတည်းသော သွေးမတော်သားမစပ်သည့် ညီမလေးက သူ့အတွက် အမောပြေပေါ့။
°°°°°°°°°°°°°°
ကလော View Point ကို မရောက်တာကြာပြီဖြစ်တဲ့ ပန်းယွန်း အရမ်းပူဆာသဖြင့် တိမ်ယံခ ကလောဘူတာကနေ ဆိုင်ကယ်ဖြင့် ခရီးနှင်ခဲ့ကြသည်။ မနက်ခင်း နှင်းမြူတွေကြား အုပ်ဆိုင်းဆိုင်းဖြင့် ရမ်းသန်းမှန်းသန်းဖြင့် ကျွမ်းကျင်မှုကို အခြေခံရင်း အေးစိမ့်စိမ့် ရာသီဥတုမှာ ထူထူထဲထဲ အဝတ်စားတွေဖြင့် ခိုက်နေအောင် ချမ်းနေသော်လည်း ကိိုကိုရှိနေရင် ပန်းယွန်းတို့က မမှုပါလေ။
ဆောင်းရာသီဆို အမြဲအနုတ်အောက် ပြနေတတ်သည့် ကလောမှာ အခုချိန် အသည်းထဲ ရိုးတွင်းချဥ်ဆီထဲ စိမ့်နေအောင် အေးခဲနေမည်ဖြစ်သည်။ ပန်းယွန်း မျက်နှာမှာ အပြုံးတစ်ချက်မပျက်ခဲ့။ ပါးစပ်ထဲက အငွေ့တွေထွက်နေသည့်တိုင်အောင် နှာသီးဖျားတွေ နီရဲနေသည့်တိုင်အောင် လက်တွေကျဥ်ခဲနေသည့်တိုင်အောင်ပင်။
ကိိုကိုက သူမလက်ကို သူ့ရဲ့ အနွေးအကျီအိတ်ထောင်ထဲထည့်ပေးကာ နွားနို့ပူပူတစ်ခွက်ဖြင့် နွေးထွေးအောင် လုပ်ပေးခဲ့ပါ၏။ သစ်သားခုံတန်းလေးပေါ်မှာ ထိုင်ရင်း နေထွက်လာတာကို ကြည့်ခွင့်ရတဲ့အချိန်ဟာ ဘဝမှာ နိဗ္ဗာန်ဟု ပြောလည်း ပိုမည်မထင်။ ထိုပုံရိပ်ကို စိတ်ကူးထဲမှာ ပန်းချီဆွဲ၍ မှတ်တမ်းတင်နေမိသည်မှာ အကြိမ်ကြိမ်ပါ။
သည်လိုအခိုက်အတန့်မျိုး ရခဲလှပေစွ။ သဘာဝရဲ့ အလှအပအဖုံဖုံကလည်း မြင်သူပကတိ ကြည်နူးစရာပင်။ အရာအားလုံးက စိတ်နှလုံးမှာ တေးမှတ်ဖို့ တိုက်တွန်းနေသကဲ့သို့ ဖြစ်နေ၏။ ဒါဟာ ငယ်ဘဝရဲ့ ကောင်းသော အမှတ်တရ ဖြစ်သွားလိမ့်မည်ထင်သည်။
°°°°°°°°°°°°°
ပန်းယွန်းတေဇ ၇ တန်း စတက်သည့် ပထမဆုံးနေ့မှာပင် အပျိုဖော်စဝင်သဖြင့် ကျောင်းပျက်ခဲ့ရ၏။ စသိသိချင်းမှာ ရှက်အားပိုကာ ကြောက်ရွံ့မိပါသည်။ မေမေက...
" မေမေ့သမီးလေး... အပျိုဖြန်းလေး ဖြစ်ပြီပေါ့ "
လို့ ပြောတော့ သူမ မျက်နှာ ဘယ်မှာသွားထားရမည်မသိတော့။ လုပ်ရိုးလုပ်စဥ် အားလုံး မေမေက ပြောပြကာ ကိုယ်တိုင်သင်ပြပေး၏။ သူမကတော့ အနေခက်ကာ ကလေးဆန်ဆန် ငိုချမိခဲ့ပါသေးသည်။
မေမေက ပြောထားသည်မဟုတ်လား။ 'အပျိုဖော်ဝင်သည့်အချိန်ကစပြီး ပါပါးအပေါ်မှာ တက်မထိုင်ရတော့ဘူး၊ အသွားအလာကအစ ညင်သာပြီး အနေအထိုင်း မပက်စက်ရဘူး၊ ဘယ်ယောကျ်ားလေးနဲ့မှ ထွေးရောယှက်တင်မနေရဘူး' တဲ့။
အနေကျဥ်းကြပ်သည်ဟု ထင်မိ၏။ လွတ်လွတ်မှုတို့မရှိတော့၊ မိန်းကလေးမဖြစ်ချင်ဘူးဟု အကျယ်ကြီး အော်ငိုမိတော့ မေမေက သူမကျောအား နာနာတီးလေသည်။
၅ တန်းတက်တုန်းကလည်း သူမအား ရင်ဖုံးအကျီအောက်မှာ အတွင်းခံအကျီ(ရှင်မီး) ကို ဝတ်ခိုင်းသဖြင့် မဝတ်ချင်ဘူးဟုဆိုကာ ရိုက်ပုတ်မတက်ဝတ်ခိုင်းရာ တစ်ပတ်လောက် အိမ်ဆူခဲ့ရသေးတာ သွားအမှတ်ရမိပါသေး၏။ စိတ်ညစ်တာ သေချင်ရောပါပဲ။
နောက်နေ့ကျောင်းတက်တော့ လေးလံထိုင်းမှိုင်း၍ ငူငိုင်ကာ ငြိမ်ချက်သားကောင်းနေသော ပန်းယွန်းအနား ယောကျ်ားတန်မဲ့ စပ်စပ်စုစုနိုင်သော မြတ်သောမောင်တစ်ယောက် ရောက်လာကာ ခုံပေါ်လက်တင်၍ တစ်စောင်းအိပ်နေသော ပန်းယွန်းနဖူးကို စမ်းကြည့်လျက်...
" ကိုယ်လည်းမပူဘဲ အပျင်းကြီးနေတာလား... "
တကယ်ပင် သူနဲ့ စကားဖက်ပြိုင်ဖို့ အားအင်များ ကုန်ခမ်းနေပါသဖြင့် မျက်လုံးတို့အား မှိတ်ထားလိုက်ပါ၏။
" ဟဲ့ "
နဖူးကို လက်ညှိုးဖြင့် ဖိထောက်ကာ ပြောလိုက်တော့ သူမက မျက်နှာရှုံ့မဲ့ကာ ခေါင်းထောင်လာပြီး တိုးလျသောအသံဖြင့်...
" ဝေးဝေးသွားစမ်းပါ "
ကျောခိုင်းကာ တစ်ဖက်သို့လှည့်လိုက်တော့ မြတ်သောမောင် ပခုံးတစ်ချက်တွန့်လျက် ဘေးက နဒီလှိုင်ကိုကြည့်မိတော့ သူအား နေရာတွင် ပြန်ထိုင်ခိုင်းနေသဖြင့် ပခုံးတစ်ဖက်ထပ်တွန့်ပြလိုက်မိပြန်၏။ ပြီးနောက် သွားပြန်ထိုင်နေလိုက်သည်။ ဘာဖြစ်နေကြတာပါလိမ့်။ တစ်မျိုးပေပဲ...။
ကျောင်းဆင်းတော့ နဒီလှိုင့်စက်ဘီးနောက်တွင် ပန်းယွန်းက ထိုင်လိုက်ကာ မြတ်သောမောင် စက်ဘီးက ကပ်လျက်ဘေးကပင်။ သူမ ရာသီလာတာ နှစ်ခါရှိပြီ။ တစ်ခါမှ မသက်သာ။ နေမထိထိုင်မထိဖြင့် တစ်ချက်တစ်ချက် ဗိုက်က ထိုးအောင့်သေးသည်။ အစားတွေလည်း ရှောင်ရ၏။ အဆိုးဆုံးကတော့ လက်ဖက်ပင်။ အချဥ်အစပ်လည်း လာနေချိန်မစားရဘူးတဲ့။ ရေခဲရည်ကတော့ အစထဲက သောက်ရတာမကြိုက်ပါ။ လက်ဖက်ချဥ်စပ်ကတော့ အသည်းစွဲပင်။ ခိုးစားထား၍ ယခု ဗိုက်အောင့်နေခြင်းသာ။ မအီမအာ မျက်နှာပေးဖြစ်နေစဥ် စိတ်အနှောင့်အယှက် ဖြစ်စရာတွေနှင့် ကြုံရ၏။
" ငမောင်... ဘာလဲ မင်းက သက်တော်စောင့်လားကွ၊ ယွန်းယွန်းဘေးနား အမြဲကပ်နေတာ "
ခပ်လှမ်းလှမ်းမှ အတန်းထဲက ခပ်ဆိုးဆိုး ခပ်ပေပေ ကျောင်းသားတစ်ဦးဆီက ထွက်လာသောအသံ။ သူ လျစ်လျူရှုလျက် ဆက်နင်းနေဆဲ။ ဒါကို ထပ်ထွက်လာသော စကားများ...။
" အေးကွာ ငါ့မှာတော့ နှမ,မရှိဘူး... မင်းနှမ ငါ့ပေးပါလား ဟင် မြတ်သောမောင် ယောက်ဖကြီး ဟေ ယောက်ဖ "
" အဟား ဟား ဟား... "
သူမ စိတ်ထဲ ဖျင်းခနဲ ဒေါသထွက်သွားရသည်။ သို့သော် မြတ်သောမောင်က ယောက်ဖလို့ အခေါ်ခံရတာ နည်းနည်းမှ စိတ်ဆိုးပုံမပြ။ တည်တည်ငြိမ်ငြိမ်မို့ သူမ ပို၍ စိတ်တိုလာရ၏။
" ယောက်ဖကြီးက ငြိမ်နေတယ်ဆိုတော့ သဘောတူလို့ပေါ့နော်၊ ဒါဆို မင်းနှမ ယွန်းယွန်းကို လိုက်ပြီကွာ "
" တောက် "
သူမ အားအင်တချို့ စုစည်းကာ တောက်ခေါက်လိုက်သောအသံက ကျယ်လောင်စွာ။ မျက်စောင်းခဲလျက် ဝေ့ဝဲကြည့်လိုက်တော့ အနည်းငယ် ရှဲသွားကြသည်။ ပြီးတော့ ဘေးက သူ့ကိုပါ တဆတ်တည်း ကြည့်လိုက်၏။ ထိုအခါမှ အသည်းပုံနှုတ်ခမ်းပုံစံရှိသော သူ့ဆီက ထွက်လာသည်က...
" ငါနဲ့ယွန်းယွန်းနဲ့က ဘာမှမတော်ဘူး၊ အဲ့တော့ နာစရာမရှိဘူး "
စက်ဘီးနင်းရင်း မြတ်သောမောင် သက်သောင့်သက်သာ ပြောလိုက်၏။ တကယ့်ကို အေးအေးလူလူပင်။
" ဒါဆို ငါတို့မျက်နှာပူစရာ မလိုတော့ဘူးပေါ့ကွ၊ မိုက်တယ်ဟေ့၊ ဟေ့ ယွန်းယွန်း... နင့်ကို ငါကြိုက်တယ် သိလားဟေ့ "
သူမ မျက်နှာကြောတည်သွားကာ အံကြိတ်ထားရင်း ဦးစွာ မြတ်သောမောင်ကို မကျေမနပ် ဖြစ်သွားမိ၏။ တကယ်ဆို သူ စောနက ခပ်လွယ်လွယ် စကားမျိုးပြောစရာလား...။
အံခဲထားလျက်ကပင်...
" နက်ဖြန် နင်တို့ကို ဆရာမနဲ့ ပြန်တိုင်မယ် "
သူမ ဒေါသထွက်သွားပြီး တကယ်လုပ်မည်ဆိုတာသိတော့ သူတို့တွေ သူမအား လိုက်၍တောင်းပန်တိုးလျှိုးကြ၏။ အကြိမ်ကြိမ် တောင်းပန်စကားဆိုကြသည်။
သူမအား သူတို့လို စကားကို ဗလောင်းဗလဲ ပြောတတ်သည့် သူမျိုးဟု ထင်နေကြသည်ထင်ပါရဲ့။ မှတ်လောက်အောင် လုပ်ထားမှ မဟုတ်ရင် ဒုတိယအကြိမ် ဖြစ်လာနိုင်သည်မဟုတ်ပါလား။
ပန်းယွန်းသည် နဂိုနဲ့မတူဘဲ သိသာစွာ အသားလတ်လာ၍ အရပ်လည်းရှည်လာကာ ထွားလည်းထွားလာသဖြင့် ဘာရယ်မဟုတ် စိတ်ကစားချင်သူအတွက် မျက်စိကျစရာဖြစ်လာခဲ့သည်ပင်။ ဒါကို ကာယကံရှင်က သိလိမ့်မည်မဟုတ်ပါ။
°°°°°°°°°°°°°°°°°°
" ကိုဇော်က စတော်ဘယ်ရီဝိုင်လုပ်ငန်းပါ ပူးတွဲလုပ်ချင်တယ်လို့ ပြောတယ် လိပ်ပြာရေ "
" ဟုတ်လား... ကောင်းတာပေါ့၊ လိပ်ပြာတော့ အားပေးတယ်၊ အခု ဘယ်လိုစီစဥ်လဲဟင် "
" စိတ်ကူးရုံပါပဲကွာ၊ အရင်းအနှီးစိုက်ထုတ်နိုင်ပေမယ့် စက်ကိရိယာတွေ နည်းပညာတွေက ရှိသေးတယ် မဟုတ်လား၊ အဲ့ဘက်မှာမှ မကျွမ်းကျင်တာ "
" အင်း... ဒါဆို ကိုပြန်လာရင် သူနဲ့ဆွေးနွေးကြည့်ပါလား၊ သူမှာက အသိမိတ်ဆွေ ခပ်များများရယ် "
" အဲ့လိုပဲ စိတ်ကူးထားတာပါ၊ ကိုသတိုးတေဇ ပြန်လာမှ သူနဲ့တိုင်ပင်ခိုင်းရမယ် ကိုဇော့်ကိုလေ "
" အင်းပါ "
ပန်းလိပ်ပြာတို့ စကားကောင်းနေချိန် ပန်းယွန်း အထဲသို့ဝင်လာသည်။ မျက်နှာက သိသာစွာ ပျက်ယွင်းနေတာမို့ သူမ သမီးဖြစ်သူအား လှမ်းခေါ်လိုက်၏။
" ယွန်းယွန်း ဒီကိုလာပါဦး၊ မျက်နှာက မှုန်သုန်နေတာပဲ... ဘာဖြစ်လာတာလဲ "
" ဘာမှမဖြစ်ပါဘူး "
" ဟယ် တစ်ခုခုဖြစ်လာတယ်မလား၊ အန်တီမြတ်တို့ကို ပြောလေ သမီးရဲ့ "
ငိုချင်ရဲ့လက်တို့ဖြင့် ဘာမှမပြောရသေးခင် နဂိုစိတ်အခံက ဝမ်းနည်းတတ်တာမို့ ပန်းယွန်း မျက်ဝန်းအိမ်ထဲ မျက်ရည်ကြည်တွေ ရစ်သီလာ၍ မြတ်လေးဟန်ကိုလည်း အားနာသောအကြည့် တစ်ချက်ကြည့်ကာ အမေဖြစ်သူဘက်လှည့်လိုက်ရင်း ငိုသံလေးဖြင့် ပြန်တိုင်မိသည်။
" လမ်းမှာလေ ကောင်လေးတွေက ယွန်းကို ထိကပါး ရိကပါး ပြောကြတယ်၊ လိုက်စကြတယ် သိလား မေမေ "
" ဟင် "
" အဲ့မှာ ဘယ်သူမှမရှိဘူးလား သမီး၊ သားငယ်ကရော "
အန်တီမြတ်က မေမေ့အစား သွက်သွက်ဝင်ပြောလိုက်တော့ အတော်ဖြစ်သွား၏။
" သူလည်းရှိနေပါတယ် "
" သူက ဘာမှဝင်မပြောဘူးပေါ့၊ သမီးကို ကာကွယ်မပေးဘူးလား ဟင် "
" ဟင့်အင်း "
ခေါင်းလေးပါခါ၍ ပြောလိုက်တော့ အန်တီမြတ် မျက်စိမျက်နှာပျက်သွားကာ သက်ပြင်းလေးချလျက် ပန်းလိပ်ပြာကို အားနာသောဟန်ဖြင့်ကြည့်လိုက်မိပါသည်။ ထိုအခါ မေမေက...
" သူတို့က သမီးကိုစတော့ သမီးက ဘာပြန်ပြောလိုက်သေးလဲ "
" ဆရာမနဲ့ပြိုင်တိုင်််မယ်လို့ ပြောလိုက််တယ်၊ အဲလိုပြောတော့ သူတို့က မတိုင်ပါနဲ့ဆိုပြီး ယွန်းကို ပြန်တောင်းပန်ကြပါတယ်၊ ပြီးတော့ ယွန်းနဲ့အတူ နဒီလှိုင်ပါရှိနေတာ "
" သြော် ကိုယ့်ဘက်က အနေအထိုင်မှန်အောင်နေ၊ မှန်ရင် ဘယ်သူ့မှ ကြောက်စရာမလိုဘူးနော် သမီး၊ သမီးဘက်မှာ မေမေအမြဲရှိမယ် "
" ဟုတ်ကဲ့ "
မေမေ့ရင်ခွင်ထဲ ရောက်ချိန် သူမ မျက်ရည်တစ်ပေါက်ကျခဲ့ရပြန်ပါသည်။ အရင်တစ်ခါက ကိုကို့ကြောင့်၊ ယခုတစ်ခါကတော့...။
ထိုခဏ၌ပင် အန်တီမြတ်ဆီက ကြုံးဝါးသံလေး တစ်ချက်ပေါ်ထွက်လာ၏။
" မြတ်သောမောင်! အိမ်ရောက်ရင်သိမယ် "
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၈) ဆက်ရန် >>>
#Ruby Linn