✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
------------
" ဟဲ့ ဘောပင်တစ်ချောင်းလောက် "
" ယွန်းယွန်း "
မသိရင် သူမကို မြတ်သောမောင် စတိုးဆိုင်နဲ့ အမြင်မှားနေသည်ထင်ရဲ့။ ဒါ့ကြောင့် မသိချင်ယောင်ဆောင်ကာ စာသာ ကုန်းရေးနေလိုက်ပါ၏။
"ဘောပင်တစ်ချောင်းလောက် ငှားစမ်းပါ "
" မရှိဘူး "
တိုတိုတုတ်တုတ်သာ ပြောလိုက်ရင်း ပန်းယွန်းသည် ဘေးနားချထားသည့် ဘောပင်နဲ့ အတိုအထွာပစ္စည်းထည့်နေကျ အိတ်ကို လက်တစ်ဖက်က ဝှက်ထားလိုက်သေးသည်။
" ကိုယ့်ဘက်က ပေးလိုက်ရတာ ဘောပင်တစ်ချောင်းပေမယ့် လိုအပ်နေတဲ့သူအဖို့မှာတော့... "
" ရော့ ရော့ နားငြီးတယ်... ကျောင်းလာတာ ဘောပင်ယူမလာဘူးလား "
" ဒီလိုမှပေါ့ ယူလာပါတယ်ဟ၊ မှင်မလိုက်လို့ပါ "
မြတ်သောမောင်တို့ စတင် ဇယားရှုပ်ပြီ။ ကြည့်နေ ဒီလောက်နဲ့ ပြီးမှာမဟုတ်သေးဘူး။ ဒီဘက်မှာနေမိတာ ငါးပါးမှောက်တာပဲ။ သက်ပြင်းလေး ခိုချလိုက်ကာ သူ့ဘက်လှည့်ကြည့်တော့ စာလည်းမရေးပါ။ သူမဘောပင်ကို လက်ထဲမှာ လှည့်နေ၏။ တစ်အောင့်ကြာတော့...
" ယွန်း... ကော်ရက်ရှင် "
" ဟာ! နင် လွန်လာပြီနော်၊ စာလည်းမရေးဘဲနဲ့ ဒီ့ပြင်သူဆီကသွားငှား "
" တွန့်တိုရန်ကော... ကုန်သွားရင် ဒါဇင်လိုက်ပြန်ဝယ်ပေးမယ်ဟာ "
" နေစမ်းပါ၊ မရှုပ်နဲ့ဟာ စာရေးနေတယ် မြင်လား... "
" အေး ငါလည်းရေးမလို့ "
" ကဲ ငမောင်... နင်ဟာလေ ယွန်းယွန်းကိုပဲ သွားသွားစနေတယ်၊ ငါ့ဆီကယူ "
ပန်းယွန်းကိုကျော်၍ နဒီလှိုင်က သူမကော်ရက်ရှင်ကို မြတ်သောမောင်ကို ကမ်းပေးရင်း ပြောလာသည်မို့ သူခေါင်းတစ်ချက်ယမ်းလိုက်ရင်း...
" နေပါ နင့်သူငယ်ချင်းက အူပုတ်လိုက်တာ၊ ဒါလေးတောင် မငှားချင်ဘူး... "
" ဟာ ဒါ သူသက်သက်မခံချင်အောင် လုပ်နေတာ တွေ့လားနဒီ... "
ပန်းယွန်း ဒေါသထွက်လာကာ နဒီလှိုင့်ကိုပါ စစ်ကူးခေါ်လိုက်ရာ နဒီက တဟားဟားဖြင့် ရယ်နေသည်။ မြတ်သောမောင်ကို မျက်စောင်းတစ်ချက်ခဲလိုက်ကာ ပန်းယွန်း အောက်နှုတ်ခမ်းသားလေးကို ဖိကိုက်လိုက်ပါ၏။
မြတ်သောမောင် အကြည့်လွှဲ၍ ဗလာစာအုပ်ကိုဖွင့်လျက် ဘောပင်ကောက်ကိုင်ကာ စာရေးဖို့ပြင်တော့ လက်ဝါးမှာချွေးတွေစို့နေတာမို့ ဘောပင်က ချော်ထွက်သွားကာ စားပွဲပေါ်မှ လှိမ့််ကျသွားလေသည်။ သူကြည့်လိုက်တော့ ပန်းယွန်း ခြေထောက်နားမှာ ရှိနေ၏။
" ယွန်းယွန်း... "
" ဘာလဲဟာ "
သူမက သူ့အား ဆောင့်အော်လိုက်ခြင်းပင်။ သူ မျက်မှောင်ကြုတ်၍ မျက်နှာ တည်သွားလျက်က ပုံမှန်လေသံဖြင့်သာ ပြောလိုက်သည်။
" နင့်ခြေထောက်နားမှာ ငါ့ဘောပင် "
သူမပြောလိုက်သော စကားက အနည်းငယ် ထန်သွားမှန်းသတိပြုမိချိန် လွန်သွားခဲ့ပြီ။ မျက်နှာလေး ဖျော့တော့စွာဖြင့် ဘောပင်အား ကုန်းကောက်ပေးလိုက်သည်။ သူက လှမ်းယူ၍ မျက်နှာလွှဲကာ စာဆက်လုပ်နေတာ တွေ့ရတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားရ၏။ ဘယ်တတ်နိုင်မလဲ။ သူက အမြဲပြဿနာလုပ်နေကြကိုး...။ ဒါလည်း တမင်လုပ်တာ မဟုတ်ဘူးလို့ ဘယ်သူသိနိုင်မှာလဲ။
" ကလောင် ကလောင် "
ညနေ ၃နာရီ ကျောင်းဆင်းခေါင်းလောင်းအသံက နွမ်းလျညှိုးငယ်၍ ရွှင်လန်းမှု ပျောက်နေသော ကျောင်းသူကျောင်းသား အားလုံးရဲ့စိတ်ကို တက်ကြွစေခဲ့သည်။ ကျောပိုးအိတ်ကိုယ်စီလွယ်လျက် အလုအယက် ပြေးလွှား၍ ကျောင်းဆင်းလာကြပြီ။
" နောက်နေ့မှတွေ့မယ်ဟေ့ "
" ဘိုင်ဘိုင်၊ စောစောလာခဲ့နော် "
ကျောင်းဝင်းထဲမှ စက်ဘီးနင်း၍ ထွက်လာသည်မှာ လမ်းတစ်ပြည့် ပုရွက်ဆိတ်ကလေးတွေ ထန်းလျက်ခဲကို အုံခဲနေသလိုပင်။
" ငါ့ကိုစောင့်ပါဦးဆိုတာ မစောင့်ဘူး "
" ဘာလို့စောင့်ရမှာလဲ "
" အန်တီလိပ်ပြာက တူတူပြန်လို့မှာလိုက်တယ်လေ "
" သိသား...ပဲ၊ အဲဒါ နင်ကြာနေတာလေ၊ ယောကျာ်းလေးဖြစ်ပြီး လေးကွေးနေတာ "
အနောက်မှတက်လာသော မြတ်သောမောင် စက်ဘီးက ပန်းယွန်းရဲ့ဘေးမှာ ယှဥ်နင်း၏။
" အိမ်မပြန်ဘူးတာကျလို့၊ ငါတို့က အေးဆေးပဲပြန်တယ် "
သူ့အပြောကြောင့် သူမက နှုတ်ခမ်းမဲ့သည်။ ပြီးတော့ သူ့အား ခေါင်းငဲ့ကြည့်လာရင်း...
" ဟဲ့ ဆရာမဒေါ်စန်းစန်းမြင့်က သဘောကောင်းမဲ့ပုံမပေါ်ဘူးနော် "
" ဘာကြောင့် "
" ဒီပြင်ဆရာမတွေ တစ်ယောက်မှစာမသင်တာကို အဲ့ဆရာမက သင်တယ်လေ၊ ပြီးတော့ မျက်နှာက ခပ်တည်တည်နဲ့၊ ကြောက်စရာကြီးနော် "
" ဟင် နင်တို့မိန်းကလေးတွေများ ကြံဖန်ပြီးနော် "
" တကယ်ပြောတာ သူက အင်္ဂလိပ်စာဆရာမဆိုတော့ စာတွေဘာတွေ မေးရင် ဘယ့်နှယ်လုပ်မလဲ "
" သြော် ဒါကြောင့် ကြောက်တာကိုး... "
" အေးပေါ့ "
" မြတ်သောမောင်... မနက်ဖြန် စောစောလာခဲ့နော် "
" အင်း သွားပြီ "
ပန်းယွန်းတေဇ အိမ်ရှေ့ရောက်တော့ သူမက အိမ်ထဲဝင်သွားပြီး သူက ရှေ့ဆက်နင်းလာခဲ့သည်။ သူတို့အိမ် ဆင်ဝင်အောက်မှာ စက်ဘီးရပ်ထားခဲ့ပြီး အိမ်ပေါ်ပြေးတက်ကာ အခန်းထဲတန်းဝင်သွားပြီး ကျောင်းစိမ်းအဝတ်စားလဲ၍ အိမ်နေရင်းအဝတ်စားဖြင့် အပြင်ပြေးထွက်တော့ အခန်းဝမှာ မေမေ့ကို တိုက်မိမလိုဖြစ်သွားသောအခါ...
" ကန်တော့ ကန်တော့ မေမေ... သား ကျောင်းရှေ့က ဘောလုံးကွင်းထဲ သွားလိုက်ဦးမယ်၊ ဒါနဲ့ ကိုကိုက အချိန်ပိုရှိလို့ ၄နာရီမှ ကျောင်းဆင်းရမယ်တဲ့ "
" အေးပါ အေးပါ၊ မိုးမချုပ်စေနဲ့ သားအဖေပြန်လာလို့ မတွေ့ရင် အကြောင်းသိတယ်မလား... "
" သိပါတယ် မေမေရာ "
မြတ်သောမောင် စက်ဘီးပေါ် အသာလေးခွစီးကာ အိမ်ပြင်သို့ ခပ်မြန်မြန် နင်းထွက်လာခဲ့သည်။ ဒီညနေ ထ(၂) က ကျောင်းသားတွေနဲ့ သူတို့အဖွဲ့ ဘောလုံးချိန်းကန်မှာပင်။
°°°°°°°
ပန်းယွန်းသည် ကျောင်းသွားခါနီးမှ စက်ဘီးက လေလျော့နေမှန်းသိသဖြင့် လေထိုးတံဖြင့် ကိုယ်တိုင်လေထိုးနေ၏။ နောက်ဘီးက လေတင်းနေသော်လည်း ရှေ့ဘီးက လေထိုးတုန်းခဏပင် နောက်တော့ ပြန်ပြန်လျော့သွား၏။
" ကျစ်... ဘာဖြစ်တာလဲဟာ "
" ဟဲ့ သွားမယ် "
ထိုစဉ် မြတ်သောမောင် အိမ်ထဲဝင်လာပြီး သူမအနားရောက်လာကာ စက်ဘီးပေါ်ထိုင်လျက် သူမကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ ပြီးနောက် စက်ဘီးကို အရှေ့ဘက် ပြန်ကွေ့လိုက်၏။
" နေဦး... ရှေ့ဘီးလေလျော့နေလို့၊ လေထိုးလည်း ခဏပဲ မရဘူး... "
" ပေးစမ်း "
စက်ဘီးပေါ်က ဆင်းလိုက်ကာ သူမဆီက လေထိုးတံဆွဲယူလျက် သူလေထိုးကြည့်လိုက်၏။ ပြန်လျော့သွားသည်။
" ဘီးပေါက်သွားတာ၊ စက်ဘီးနင်းတာကြာပြီ ဒါလေးတောင် မသိဘူးလား၊ အပင်ပန်းခံပြီး ထိုးနေတယ်၊ တုံးပါ့ "
" နို့ ဘယ်သိမလဲ၊ အပေါက်ကလည်းဆိုးလိုက်တာ "
" တက် ငါ့စက်ဘီးပေါ်၊ ကျောင်းနောက်ကျ မခံနိုင်ဘူး "
" ဟွန့် "
ရှေ့ခြင်းထဲက လက်ဆွဲအိတ်ကို သူ့ခြင်းထဲ ပြောင်းထည့်ကာ စက်ဘီးပေါ် အသာအယာတက်ထိုင်လိုက်သည်။
" သြော် ယွန်းကို နဒီ ဘုရားပန်းမှာလိုက်တယ်၊ ဟိုနေ့က ဂန္ဓမာပန်းခင်းဘက် လှည့်ဝင်ရအောင်၊ အဲ့မှာ စျေးချိုမယ်ထင်တယ် "
" မဝင်နိုင်ဘူး "
" ဟာ! မရဘူး ဝင်ရမယ် "
" မဝင်ဘူး၊ ငါမနင်းနိုင်ဘူး ခြေထောက်ညောင်းတယ် "
" မဝင်လို့မရဘူး၊ ယွန်းက သေချာဝယ်ခဲ့မယ်လို့ ပြောခဲ့တာ၊ ကျောင်းမှာ ဘုရားပန်းမရှိရင် ဘယ်လိုလုပ်မလဲ "
" မသိဘူး... ဒါဆို နင် လာနင်းလေ "
" ဟမ် "
" စိတ်ပုပ်၊ တွက်ကပ်လိုက်တာ၊ နင် ကုသိုလ်မယူချင်ဘူးလား "
" နေစမ်းပါ၊ ကျောင်းက ပန်းခင်းနဲ့ တစ်လမ်းစီပဲ၊ ကျောင်းနောက်ကျလိမ့်မယ်၊ အဲ့လောက် နင်းမပို့နိုင်ဘူး "
အဲ့ဆိုးတဲ့ပါးစပ်ကို ပိတ်ရိုက်ချင်လိုက်တာလေ၊ ပန်းယွန်း အနောက်ကနေ လက်တယားယားဖြင့်။ ဒေါသကို ခဏမြိုသိပ်ကာ ပျော့ပျောင်းသော အသံဖြင့်...
" မောင်ကလည်း... ကျောင်းတက်ဖို့ မိနစ် ၄၀ လောက်လိုပါသေးတယ်၊ မောင်က လိမ္မာပါတယ်နော်၊ စိတ်ကောင်းလည်းရှိတယ်လေ၊ သူတို့ ယွန်းကို စောင့်နေမှာ "
သူ့အကြောင်းအထာနပ်လေတော့ သူမ နည်းနည်းလေး ချော့ပြောလိုက်တာနဲ့ စိတ်ပျော့သွားကာ အလိုလို အလျော့ပေးလာသည်။ သို့သော်...
" ကောင်းပြီ ဒါဆို နင်အသွားနင်း ငါအပြန်နင်းမယ် "
" ဟမ် "
" မဟမ်နဲ့ ကြာတယ်၊ နင်းမှာလား မနင်းဘူးလား... မဟုတ်ရင် ကျောင်းကိုပဲ သွားမှာနော် "
" ဆင်း ဆင်း နင်းမယ်၊ တကယ်တဲ "
စိတ်ပျက်စွာ ပန်းယွန်း ရေရွတ်မြည်တမ်းကာ သူ့ကို တင်နင်းလိုက်ရသည်။ တောင့်တောင့်ကြီးလိုက်လာတဲ့ သူ့ကိုယ်ကြီးကို သူမ မနည်းအားယူနင်းရ၏။ မိန်းကလေးကို ညှာတာရမှန်းမသိတဲ့ အကောင်စုတ် ကိုကိုနဲ့ သိပ်ကွာတာပဲ။
" ကဲ ဆင်းတော့ "
ခြံဝမှာ စက်ဘီးရပ်၍ နှစ်ယောက်သား စမ်းတဝါးဝါးဖြင့် ခြံထဲဝင်ဝင်ချင်းမှာပင်...
" ဝုတ် ဝုတ် ဝုတ်... "
တစ်ကိုယ်လုံး မဲနက်နေသည့် ခပ်ထွားထွား ခွေးကြီးတစ်ကောင်က ဇက်ကြိုးတန်းလန်းဖြင့် လွှတ်လာပုံထောက်သည်။ သူတို့ကို သဲကြီးမဲကြီး ကိုက်စားတော့မတက် နားရွက်တကားကား မျက်လုံးနီကြီးဖြင့် ကျယ်လောင်စွာ အော်၍ ပြေးလာနေ၏။
" ယွန်းကြောက်တယ် ပြန်ရအောင် လာ... "
မြတ်သောမောင်ရဲ့ လက်မောင်းအား အားကိုးတကြီးဆုပ်ကိုင်လျက် ပြောလိုက်ချိန်မှာ သူမခြေလှမ်းတွေက လှည့်ပြေးဖို့ ပြင်ပြီးနေပြီ။
" နေပါဦး... ပန်းဝယ်ချင်လို့ပါဗျို့၊ ဘယ်သူရှိလဲ "
" ဟီး ကြောက် တယ် "
သူမက သူ့လက်အားဆွဲယူကာ တစ်ချိုးတည်း လှည့်ပြေးချိန် သူကြောင်နနဖြင့် သူမနှင့်အတူ လိုက်ပြေးရင်း ထိတ်ထိတ်ပျာပျာဖြင့် ကြောက်အားပိုနေသည့် မျက်နှာကိုသာ ငဲ့ကြည့်နေမိတော့သည်။
" ဟိတ် ကလေးတွေ ကလေးတွေ နေဦး... "
ဦးလေးကြီးတစ်ယောက်ရဲ့ လှမ်းခေါ်သံကြောင့် သူမတို့တွေ အလန့်တကြား လှည့်ကြည့်လိုက်မိကြသည်။
" ပန်းလာဝယ်တာလား၊ လာခဲ့ "
" ဟင် ဟင့်အင်း ခွေးကြီးကြောက်တယ် "
ပန်းယွန်း ခေါင်းခါခါ လက်ခါခါဖြင့် ပြောတော့ ထိုဦးလေးကြီးက ...
" မျက်နှာစိမ်းလို့ပါကွာ၊ မကိုက်ပါဘူး ဦးကြီးရှိတယ် လာခဲ့ ရတယ်၊ စိတ်ချ လာ "
မျက်နှာလေး မဲ့ရှုံ့လျက် မြတ်သောမောင်ကို မော့ကြည့်ရင်း မျက်ခုံးပင့်ပြလိုက်တော့ သူက ရှေ့က ရဲရဲဝင့်ဝင့် လျှောက်သွားတာမို့ သူမ သူ့နောက်က ဖြည်းဖြည်းလိုက်သွားမိသည်။
" ဝုတ် ဝုတ် "
သူတို့ကို စူးစူးရဲရဲ ကြည့်ကာ ဟောင်နေသေးသည်မို့ သူမ မြတ်သောမောင်ရဲ့လက်ကိုကိုင်ထား၍ သူ့ကျောနောက်မှာ ဝင်ပုန်းနေမိ၏။ သူကတော့ သတ္တိရှိရှိ ရပ်နေဆဲ။
" ဘယ်လောက်ဖိုးယူမှာလဲ "
" ဟို တစ်စည်းဘယ်လောက်လဲ "
ရှေ့သို့ နည်းနည်းထွက်ကာ ပန်းယွန်း ပြောလေလျှင်...
" အစည်းလိုက်က ဖောက်သည်ပေးတာ၊ မင်းတို့ ကျောင်းမှာ ဘုရားပန်းထိုးမလို့မဟုတ်လား... "
" ဟုတ်ကဲ့ "
" သုံးရာဖိုးယူသွား ပိုထည့်ပေးလိုက်မယ် "
" ရပါတယ် "
" အေး ဒီမှာစောင့်နေကြ "
ဦးလေးကြီးက ခွေးကိုခေါ်၍ ထွက်သွားတာမို့ သူမ ရင်ထဲက အလုံးကြီးကျသွားလေ၏။ ပါးလေးတစ်ဖက်ဖောင်းလျက် မြတ်သောမောင်ရဲ့ လက်ကနာရီကို ဖျတ်ခနဲ ယူကြည့်လိုက်တော့ ၉ နာရီထိုးဖို့ ၂၀ မိနစ် လိုသေးသည်။ ပန်းဝယ်ပြီး အပြန်မှာ မြတ်သောမောင်ကို မြန်မြန်နင်းခိုင်းရပြန်သည်။
" ပန်းတွေလှလိုက်တာ၊ ကျေးဇူးပါ ယွန်းရယ် "
" ရပါတယ်၊ ကျောင်းမတက်ခင် မြန်မြန်လဲလိုက်ဦး "
" အေးပါ "
နဖူးပေါ်က ချွေးတွေကို လက်ဖမိုးဖြင့် ပင့်သုတ်လျက် သူမ ပီတိပြုံးလေး ပြုံးလိုက်သည်။ တစ်ပါးသူ၏ ချီးကျူးစကားက ပင်ပန်းလို့ပင်ပန်းမှန်းကို မသိတော့ပါ။ နေ့လည် အားလပ်ချိန်မှာ နဒီလှိုင်နဲ့အတူ ကျောင်းကို လေ့လာရေးထွက်ခဲ့ကြ၏။ လမ်းမှာ ကိုကိုနဲ့တွေ့ရင် ကောင်းမှာပဲလို့ ဆုတောင်းနေတုန်း တကယ်လည်းတွေ့တော့ ပြောမပြတတ်အောင်ပင်။
" ယွန်းလေး... ဘယ်လဲ "
" ဟီး ကျောင်းတစ်ပတ် လျှောက်ကြည့်တာ၊ ကိုကိုကရော... "
" ကိုကိုက ကာယဆရာခေါ်ထားလို့ "
" ဟုတ်လား... "
" ကြုံတုန်း ကိုကို ယွန်းတို့ကို မုန့်ဝယ်ကျွေးမယ်လေ "
" ဟုတ်ကဲ့ "
နောက်ပြန်လှည့်၍ မုန့်စျေးတန်းသို့ ကိုကိုနဲ့အတူ ထပ်သွားခဲ့၏။ ကိုကို့အိတ်ထဲ ပိုက်ဆံဘယ်လောက်ပါသလဲ သူမမသိပေမယ့် ပန်းယွန်း လက်ညှိုးထိုးစရာမလိုဘဲ သူမအကြိုက်တွေချည်း ကိုကိုက မညည်းမညူ ဝယ်ကျွေးတာမို့ သူမ အားနာနာနဲ့ စားလိုက်ရသည်။ ကိုကိုက လက်သုပ်ချဥ်တွေနဲ့ အသင့်ဖျော်အအေးတွေကိုတော့ ဝယ်မကျွေးပါ။
ဆိုင်ခန်းတွေကို မျက်နှာချင်းဆိုင်ဖွင့်ထားပြီး သပ်ရပ်စွာ ခင်းကျင်းထား၍ လျှောက်လမ်းကိုလည်း ခပ်ကျယ်ကျယ်ထားပေး၏။
" ဘာထပ်စားဦးမလဲ၊ အားမနာနဲ့နော် ကိုကို ဝယ်ကျွေးချင်လို့ "
လက်ထဲမှာ မစားရသေးသည့် အာလူးကြော်ထုပ်တွေ၊ ပဲနို့တွေ၊ ချောကလက်တွေ၊ ဝေဖာချောင်းတွေနဲ့မို့ ပန်းယွန်း နဒီလှိုင်ကို တံတောင်နဲ့တွတ်ကာ အချက်ပြလိုက်တော့...
" ဟို... ကိုရီးယားကြော် ဝယ်ကျွေးပါလားဟင် "
" ဟင် "
တိမ်ယံခ မျက်ခုံးတွန့်သွား၍ ပန်းယွန်းကို ကြည့်လိုက်ရာ မျက်နှာချိုသွေးသည့် အမူအယာဖြင့် လက်နှစ်ဖက်လိမ်ကျစ်ထားရင်း သူ့အား မော့ကြည့်နေသည်မှာ ပြုံးစိစိဖြင့်။
သူ ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်းက...
" ယွန်းလေးရော စားချင်လို့လား... "
သူမက နှုတ်ကမဖြေဘဲ ခေါင်းလေးသာ လေးပင်စွာ ညိတ်ပြလာ၏။ သူ သူမရဲ့ ခေါင်းကို လှမ်းပုတ်လိုက်ရင်း...
" အများကြီးတော့ မရဘူးနော် "
" Yes, sir "
ထို့နောက် သူ့ဆီက ခွင့်ပြုချက်ရသည်နှင့် ကိုရီးယားအကြော်ဆိုင် ပြေးသွားသည်မှာ လှစ်ခနဲပင်။ ကလေး သဘာဝ သူတို့လုပ်ချင်တာ လုပ်ခွင့်ရရင် ပျော်နေတတ်တာပဲ မဟုတ်လား...။ ဘာပဲဖြစ်ဖြစ် အရေးကြုံလာရင် သုံးရအောင် ဆောင်လာခဲ့သည့် တစ်ထောင်တန်အပြင် ငါးထောင်တန်တော့ အကြွေပျက်သွားပြီ။
°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၇) ဆက်ရန် >>>
#Ruby Linn