book

Index 5

အပိုင်း(၅)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨ Black Verse ✨

[ကာရန်မဲ့ကဗျာ]


-----------


သရဖီပန်းတွေကြွေပြီး တန်ခူးလသို့ ကူးပြောင်းလာသောအခါ ပိတောက်တွေ သစ္စာမရှိပေမယ့် ကံ့ကော်တွေကတော့ သစ္စာမပျက်ယွင်းဘဲ လှိုင်လှိုင်ပွင့်လို့နေသည်။ သင်္ကြန်အခါသမယမှာ ကိုကို့ကို ဦးဆုံး ရေလောင်းခွင့်ရခဲ့သူက ပန်းယွန်းဖြစ်ပေမယ့် သူမကို ပထမဆုံး ရေလောင်းသူက တိမ်ယံခ မဟုတ်ပါ။ အရှေ့ဘက်ကနေ ရေပုံးဖြင့် ရည်ရွယ်ချက်ရှိရှိ လှမ်းပတ်တာကို မောင်တော်ချောက မတော်တဆဖြစ်အောင် ဖန်တီးယူလိုက်တာလေ။ သိပ် စိတ်တိုတာပဲ။ 


ကဆုန်လမှာ အဝါရောင်ဝတ်ဆံလေးတွေပါရှိတဲ့ စံကားဝါပန်းတွေ ဖူးပွင့်လာတော့ သူမ အဝါရောင်ကို ချစ်တတ်လာတယ်။ 


" ကိုကို happy birthday... "


ကိုကိုက ကဆုန်လမှာ မွေးတာမို့ သူမအတွက် ထိုလက တစ်မူထူးခြားလို့နေသည်။ ကိုကို့အတွက် ရည်ရွယ်ပြီး ကိုယ်တိုင်ပြင်ဆင်လာခဲ့တဲ့ ဖဲပြားတွေ၊ အမှတ်တရ စာလေးတွေရေးထည့်ထားသည့် နီညိုရောင် အဖုံးအုပ်ထားသော ဒိုင်ယာရီစာအုပ်လေးကို အပေါ်ကနေ အပြာရောင်ဖဲပြားလေးချည်၍ မွေးနေ့ လက်ဆောင်အဖြစ်ပေးတော့...


" ကျေးဇူးပါ ညီမလေး " 


ဟူသော ကိုကို့ဆီက ကြားရတဲ့ တစ်ခွန်းတည်းသော စကားက သူမအတွက်တော့ ဘာနဲ့မှ မလဲနိုင်ခဲ့၊ တန်ဖိုးမဖြတ်နိုင်ခဲ့ပါ။ 


" ပန်းယွန်းတေဇ! ငါ့အတွက် လက်ဆောင်ကရော "


" ဟမ်! "


ရင့်သီးစွာ ပြောလာသော မြတ်သောမောင် စကားကို ပန်းယွန်း ဟမ်ခနဲ အူကြောင်ကြောင် တုန့်ပြန်လိုက်မိပါ၏။ 


" ငါနဲ့ ကိုကိုနဲ့က မွေးနေ့ မွေးရက်တူတူပဲ၊ နင်က ကိုကို့ကို လက်ဆောင်ပေးပြီး ငါ့ကျ မသိချင်ယောင်ဆောင်လို့ရတယ်ပေါ့ "


" ဟမ်! "


" ဘာကွ "


" အ့ နင် ကိုယ်ထိလက်ရောက် မလုပ်နဲ့နော် "


သူက သူမရဲ့နဖူးကို လက်ညှိုးနှင့် ခပ်ဆတ်ဆတ် ဖိတွန်းလိုက်တာမို့ အနောက်သို့ ယိုင်သွားကာ နာသွားရသဖြင့် ခါးတစ်ဖက်ထောက်လျက် လက်ညှိုးထိုးရင်း ရန်တွေ့လိုက်၏။ 


" ဒါဆို ပေးလေ "


" အို ယွန်းမှမသိတာ၊ သိလည်း ပေးချင်မှပေးမှာပေါ့ "


" ဒီမှာ နင်က မျက်နှာလိုက်တာပဲ၊ ငါက နင့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးနော်၊ စဥ်းစားကြည့်ရင် ကိုကို့ထက်တောင်ပိုရင်းသေးတယ်၊ ကျောင်းတက်ရင် နင့်မျက်နှာကို မမြင်ချင်အဆုံးပဲ "


" အောင်မာ "


ခါးနှစ်ဖက်ထောက်၍ သူမထက် အရပ်မြင့်သော မြတ်သောမောင်ကို ဒေါသထောင်းထောင်းဖြင့် မော့ကြည့်ရင်း ထပ်ပြောလိုက်၏။ 


" နင့်ကို ပေးချင်တဲ့စိတ်ပျောက်အောင် လာမလုပ်နဲ့နော် မြတ်သောမောင် "


" ဒါဆို အခုပေးလေ "


" လေသံနည်းနည်းလျော့၊ ယွန်းမှာ ပေးစရာဘာမှမရှိဘူး "


" နင်တကယ် ပေးချင်တာလား... "


" ဘာပဲဖြစ်ဖြစ် နောင်နှစ်မှယူ "


" အခုလိုချင်တာ "


" ဟမ်! မြတ်သောမောင် ဘယ်လဲ ဟာ... "


သူမရဲ့လက်ကိုဆွဲယူ၍ သူက အိမ်ရှေ့သို့ ခေါ်သွားတာမို့ ယောင်နနဖြင့် သူ့အား ငဲ့ကြည့်ရင်း လက်တွေကို ဆွဲဖြုတ်ကာ မေးသော်လည်း သူက မဖြေပါ။ ထို့နောက် ခြံရှေ့ တရုတ်စံကားပန်းပင်ကို မှီနွဲ့ရပ်ထားသော စက်ဘီးကို တစ်ဖက်က ဆွဲယူလိုက်ပြီး သူမကို စက်ဘီးပေါ် အတင်းတက်ခိုင်းနေသဖြင့်...


" ဘာလုပ်မလို့လဲ၊ ဘယ်သွားမှာလဲ၊ ကိုကိုနဲ့ ပြန်တိုင်ပြောမှာနော်၊ မဟုတ်တရုတ်လုပ်မယ်မကြံနဲ့ "


" ဘာတွေလာပြောနေတာလဲ၊ မွေးနေ့လက်ဆောင်တောင်းမလို့၊ ခုတက် " 


သူ့ပုံစံက မတက်ရင် ပွေ့ချီတော့မည့်ပုံမို့ အနည်းငယ် လန့်နေသဖြင့် မျက်နှာပုပ်သိုးသိုးလုပ်ကာ မတက်ချင်တက်ချင် ခပ်ရို့ရို့တက်ထိုင်ရုံရှိသေး သူက နင်းထွက်သွားတာမို့ ကြမ်းတမ်းသည့်သူ့ကြောင့် ပြုတ်ကျတော့မလိုဖြစ်သွားရာ သူ့ခါးကို အလျင်အမြန် လှမ်းဖက်ထားလိုက်ရလေသည်။ 


" မြတ်သောမောင်... ယွန်းမှာ ပိုက်ဆံပါမလာဘူးနော် "


" ဖြည်းဖြည်းနင်း၊ စက်ဘီးနဲ့ဆိုင်ကယ် မှားများနေသလား... "


အနောက်မှ တတွတ်တွတ်ပြောလာသည်မို့ သူ အမြင်ကပ်စွာ ရွဲ့၍ နှစ်ဆနင်းလိုက်တော့ သူ့ခါးပေါ်က လက်တွေ ပို၍တင်းကြပ်သွားရပြီးနောက် ဗိုက်သားတွေ ဆစ်ခနဲ နာကျင်သွားရတာက တအားလိမ်ဆွဲခံလိုက်ရခြင်းကြောင့်သာ။ 


" ဘယ်လိုဖြစ်သလဲ၊ ဖြည်းဖြည်းနင်းဆို "


" အေးပါ "


အရှိန်လျော့လိုက်တော့ သူ့ခါးပေါ်က လက်တွေကလည်း လျော့ရဲသွားရတော့သည်။ သူငုံ့ကြည့်လိုက်ရင်း သူမလက်ကို ထိကိုင်ချင်လာသည့် စိတ်တွေကို ကမန်းကတန်း ချုပ်ထိန်းလျက် ခေါင်းပြန်မော့လိုက်ကာ အသက်ကို မရဲတရဲ ပင့်ရှုလိုက်မိသည်က လေးပင်စွာ...။ 


" ကြည့်စမ်း ပန်းတွေလှလိုက်တာ "


တစ်ဖက်မှာ ဂန္ဓမာအဖြူတွေကို တကူးတကစိုက်ပျိုးထားသည့် ပန်းခင်းကြီးက မျက်စိတစ်ဆုံး ရှိနေပြီး ဝဲယာမှာတော့ 

ကောင်းကင်နှင့်အပြိုင် တစ်ညီတည်းရှိနေသည်က အဝါရောင်နေကြာခင်းတွေပင်။ 


သူမစကားကြောင့် သူစက်ဘီးကို ရပ်လိုက်တော့ ပန်းယွန်းက စက်ဘီးပေါ်က အသာအယာ ဆင်းသွားလေရဲ့။ လက်ကလေးနှစ်ဖက် အနောက်မှာယှက်လျက် ဂန္ဓမာပန်းတစ်ပွင့်ကို ငုံ့နမ်းနေသည့်ပုံရိပ်လေးက မိုးရွာပြီးခါစ ကောင်းကင်မှာ သက်တန့်ကြီး ပေါ်ထွက်လာသလိုပင်။ အပြုံးတို့က မဖိတ်ခေါ်ပါဘဲ သူ့နှုတ်ခမ်းထက် ကျူးကျော်ကာ ရောက်ရှိလာစဥ် သူမက သူ့အား လှည့်ကြည့်လာ၍...


" ဒီကိုလာလေ "


ဆံနွယ်တချို့ နားရွက်နောက် သိမ်းလိုက်ရင်း အပြုံးဖြင့် လှမ်းခေါ်သော သူမနားသို့ လျှောက်သွားကာ ဘေးချင်းယှဥ်ရပ်လိုက်ချိန် ကမ္ဘာမြေကြီး သိမ့်ခနဲ တုန်ဟီးသွားသလို ထူးခြားစွာ ခံစားလိုက်ရသည်။ အရင်ကဆို ပန်းယွန်းကို ကိုကို့စက်ဘီး ကယ်ရီရာမှာ အမြဲတွေ့မြင်နေကျမဟုတ်လား...။ ကိုကို့ အရိပ်လို ပူးတွဲတွေ့နေကျ မဟုတ်ပါလား။ ယခု သူမ သူ့ဘေးမှာ ရှိနေတာ အိပ်မက်မဟုတ်ပါ။ တကယ့် လက်တွေ့ပင်။ 


မြတ်သောမောင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အရှေ့အနောက် ဆက်သွယ်ထားသော သက်တန့်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ကောင်းကင်မှာရှိတဲ့ သက်တန့်ထက် မြေပြင်မှာရှိနေသည့် သက်တန့်က ပို၍ အရောင်သွေးစုံနေပါလိမ့်မည်။ 


°°°°°°°°°°


နယုန်လမှာတော့ စံပယ်တွေနဲ့အတူ ပန်းယွန်းတို့တက်ရမည့် ထ(၁) ကျောင်းကြီးရဲ့ရင်ခွင်က ဖွင့်လှစ်ခဲ့ပြီ။ ထိုရင်ခွင်ထဲ ခိုလှုံဖို့ သူမ အတော် စိတ်လှုပ်ရှားနေ၏။ မူလတန်းကနေ အလယ်တန်းသို့ ပြောင်းရွေ့ရမည်ထက် အထက်တန်းကျောင်းပါ ပူးတွဲဖွင့်ထားသဖြင့် ကိုကိုနဲ့ နေ့တိုင်း ကျောင်းအတူ တက်ရတော့မည်မို့​ ဖြစ်ပါလိမ့်မည်။ 


" မေမေ... ယွန်း ကိုကိုနဲ့ အတူသွားရမှာလားဟင် "


" သားတိမ်ယံက သူ့ဘာသာ သွားမှာပေါ့၊ သမီးကို သမိီးပါပါးလိုက်ပို့ပေးလိမ့်မယ်၊ ကျောင်းက အိမ်နဲ့ဝေးတာမှမဟုတ်ဘဲ နောက်နေ့ သားမောင်နဲ့ ကျောင်းအတူသွားပေါ့ "


" ယွန်းဘာသာ ယွန်းစက်ဘီးနဲ့ သွားလို့ရတာပဲ၊ မြတ်သောမောင်နဲ့ မသွားချင်ပါဘူးနော် "


သူမအတွက် ထမင်းချိုင့်ပြင်ပေးနေသည့် မေမေ့အနား ပူညံပူညံ လုပ်ကာ ဂျီကျနေမိသည်။ 


" ယွန်းယွန်း... သမီးက ကလေးပဲရှိသေးတယ်နော်၊ မိဘက သင့်တော်လို့ စီစဥ်တာ ဘာမှ စောဒကမတက်နဲ့ "


နှုတ်ခမ်းလေး မဲ့ချိတ်ရင်း ဘေးခုံမှာ ချထားသည့် ကျောပိုးလွယ်အိတ်ကို ကောက်လွယ်၍ အိမ်ရှေ့သို့ သုတ်သုတ်လျှောက်ထွက်သွားကာ ဒန်းပေါ်မှာ သွားထိုင်နေလိုက်၏။ ရင်ဖုံးအကျီအဖြူလေးနဲ့ ညာဖုံးကျောင်းစိမ်းလုံချည်လေးကို ဝတ်ထားသော ပန်းယွန်းသည် ကလေးလူကြီးဖြစ်လို့နေသည်။ သနပ်ခါးဖုံဖုံဖွေးဖွေးအပေါ်မှာ ယုန်ရုပ်လေး တင်ထားပြီး အလယ်ခွဲထားသည့် ဆံပင်ကို နှစ်ဖက်ခွဲစီးလျက် ခြေညှပ်ဖိနပ်အဖြူလေးကို စီးထားသည့် ပန်းယွန်းတေဇသည် ကျောင်းတော်ကြီးကို သွားဖို့ အဆင်သင့်ဖြစ်နေလေရဲ့။ 


" Let's go baby "


သတိုးတေဇ ထမင်းချိုင့်နှင့် ရေဘူးထည့်ထားသည့်အိတ်ကို တစ်ဖက်ကဆွဲလျက် ပန်းယွန်းရှေ့ရောက်လာပြီး ပြောလိုက်ခြင်းပင်။ သမီးကို ကျောင်းပို့ပြီး အလုပ်တန်းသွားဖို့ သူလည်း အဆင်သင့်ဖြစ်နေပြီ။ 


" နေဦး... ပစ္စည်းအားလုံးစုံပြီနော် "


" ဟုတ်ကဲ့ စုံပြီ "


" ဒါဆို သွားကြမယ် "


သူမတို့ ကားပေါ်တက်တော့ မေမေက အိမ်ပေါက်ဝကနေ ရပ်ကြည့်နေတာ တွေ့ရသည်။ ပါပါးက ကျောင်းရှေ့လိုက်ပို့ပြီး မုန့်ဖိုး ၅၀၀ ပေး၍ သူမပါးလေးကို မွှေးမွှေးပေးကာ ထားခဲ့၏။ ကျောင်းက အတော်ကျယ်၍ သူမတက်ရမည့် အခန်းကို လိုက်ရှာရမည်မို့ အိမ်ကနေ စောစီးစွာ ထွက်လာခဲ့လို့ တော်တော့သည်။ ကျောင်းအပ်နောက်ကျသောကြောင့် အခန်းက (C) ခန်းရ၏။ အတန်းတူသည့် သူငယ်ချင်းတွေကလည်း မရောက်ကြသေးပေ။ 


" ယွန်းယွန်း "


" နဒီ "


" နင်အခန်းရှာတွေ့ပြီလား၊ ငါလမ်းလျှောက်လာရလို့ နောက်ကျသွားတယ်ဟာ "


" မတွေ့သေးဘူး... မုန့်စျေးတန်းရဲ့ မျက်နှာချင်းဆိုင်မှာရှိတယ်လို့တော့ ကိုကိုက ပြောထားတယ် "


" ဟုတ်လား... ဒါဆို မုန့်စျေးတန်း အရင်သွားရှာမယ်လေ "


" အင်း "


" နင့်ကိုကိုရော "


" မတွေ့သေးဘူးဟ "


" ငါ ဗိုက်တောင်ဆာလာသလိုပဲ "


" ငါ့မှာ ပဲနို့ပါတယ် သောက်မလား... "


" အင်း "


သူငယ်ချင်းနှစ်ယောက် လက်ချင်းတွဲလျက် မုန့်ဆိုင် အရင်ရှာလိုက်ကြသည်။ သိပ်မရှာလိုက်ရ။ ရှေ့နည်းနည်း ဆက်လျှောက်ရုံနဲ့ တွေ့သွားသည်မို့ ထိုင်ခုံနေရာ အရင်ဦးလိုက်ကြသည်။ 


" ဘယ်မှာထိုင်ရင်ကောင်းမလဲ "


" ဒီမှာထိုင်မလား၊ စာသင်တာ မြင်ရအောင်လို့လေ "


အတန်းသုံးတန်းရှိသည့်အနက် အလယ်တန်းရဲ့ အလယ်ခုံနှစ်ခုံမှာ ထိုင်လိုက်ကြ၏။ သူမတို့လို နေရာလာဦးသည့် ကျောင်းသူတချို့ကိုလည်း တွေ့ရသည်။ ကျေင်းသားတွေတော့ မတွေ့ရသေး။ တဖြည်းဖြည်း ဘယ်ဘက်အတန်းနဲ့ အလယ်တန်းမှာ ကျောင်းသူတွေ ပြည့်လာနေပြီ။ ညာဘက်အတန်းကတော့ ကျောင်းသားတွေအတွက် ဖြစ်လိမ့်မည်။


" ယွန်း ငမောင်ရော...၊ အတူလာတာမဟုတ်ဘူးလား "


" ဟင့်အင်း "


သူမ ဘေးကထိုင်ခုံမှာ မူလတန်းတုန်းက အတူတက်ခဲ့ရသည့် သက်ထက်အောင်က ဝင်ထိုင်ပြီး သူမကို တွေ့သွားတော့...


" ဟဲ့ ယွန်းယွန်း ငမောင် မလာသေးဘူးလား "


" သြော်... ဘယ်လိုဖြစ်ကြသတုန်း၊ မလာသေးလို့ မတွေ့တာပေါ့၊ တကတဲ တော်တော်ချစ်နေကြတယ် "


" နင်ကလည်း ဒါလေးမေးတာကို ဘာဖြစ်တာလဲ၊ စိတ်ကြီးပဲ "


အစတည်းက စိတ်က ကြည်လင်နေတာ မဟုတ်လေတော့ ပတ်ခနဲ ပြန်ပြောမိသွားသည်။ 


" ငမောင် ငမောင်... ဟျောင့် ဒီကိုလာကွ "


သက်ထက်အောင်က အခန်းထဲ ဝင်လာသော မြတ်သောမောင်ကို သူ့ဘေးနား လာထိုင်ရန် လှမ်းခေါ်တော့ သူ လျှောက်လာခဲ့၏။ ရုတ်တရက် ပန်းယွန်းကို မမြင်မိသေး။ အနားရောက်မှ သူမကို တွေ့သွားတော့ တစ်ချက်ငဲ့ကြည့်ကာ သက်ထက်အောင်ကို ဘေးရွေ့ခိုင်းလိုက်ပြီး သူမဘက်ခြမ်းမှာ ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်လုံး မသိချင်ယောင်ဆောင်၍ တစ်ဖက်လှည့်ကာ သူငယ်ချင်းများဖြင့်သာ စကားစမြည်ပြောနေလိုက်၏။ 


" ပထမဆုံးရက်မို့ ဘာစာမှမသင်ဘူး " 


လို့ ဆရာမတစ်ယောက်က လာပြောသွားသောအခါ သူမတို့တွေအတွက် အတိုင်းထက်အလွန်ပေါ့။ နေ့လည်စာစားချိန်ရောက်တော့ ကိုကိုက သူမတို့ဆီ ရောက််ချလာ၏။ အကျီဖြူလက်ရှည် ပုဆိုးလေးနဲ့ ကိုကိုက ထင်ထားတာထက် သန့်ပြန့်လို့။ 


" ယွန်းလေး... ဦးလေး လိုက်ပို့တာမလား "


" ဟုတ်တယ်ကိုကို၊ ကိုကို ထမင်းစားပြီးပြီလား၊ ယွန်းတို့ အတူစားမယ်လေ "


" စားပြီးမှ ထွက်လာတာ "


" ဟင်၊ ယွန်းတို့ကို ဒီနေ့ စာမသင်ဘူးတဲ့ ဟီး "


" ကိုကိုတို့က စာသင်ရတယ် ကလေးရဲ့ "


ထုံးစံအတိုင်း ကိုကိုက သူမခေါင်းလေးကို ဖွဖွပုတ်သည်။ နူးနူးညံ့ညံ ပြောတာပင်။ ပြီးတော့ အနီးသို့ ဝေ့ဝဲကြည့်ကာ တစ်စုံတစ်ခုကို လိုက်ရှာနေဟန်ဖြင့်...


" ညီလေးရော "


" သိပါဘူး၊ ကျောင်းဆင်း ခေါင်းလောင်းထိုးတာနဲ့ ထွက်သွားတာတော့ တွေ့တယ် "


" ဟုတ်လား အင်း...၊ ဘာစားမလဲ ကိုကိုဝယ်ကျွေးမယ် "


" နေပါစေ ကိုကို ပိုက်ဆံကုန်နေပါ့မယ် "


" ဒီကလေးကတော့ လိမ္မာနေတာ "


ထိုအချိန် အပြင်မှာ ရပ်စောင့်နေသည့် အဖော်အဖြစ်ပါလာသော ကိုကို့သူငယ်ချင်းက ကိုကို့ကို လှမ်းခေါ်သဖြင့်...


" ကဲ... ကိုကိုပြန်တော့မယ်၊ ညနေတွေ့မယ်၊ ဦးလေး လာခေါ်မှာမလား "


" ဟုတ် "


တိမ်ယံခ ပြန်ထွက်သွားတော့ ကော်ရစ်တာမှာ မြတ်သောမောင်နှင့် မျက်နှာချင်းဆိုင် ဆုံ၏။ 


" ယွန်းယွန်းကို စောင့်ရှောက်နော်၊ သွားသွားမစနဲ့၊ တခြားသူတွေလည်း မစစေနဲ့ ကြားလား "


" ကိုကိုက ဘယ်လဲ "


" အခန်းပြန်မှာပေါ့ကွ၊ ကိုကို့ကိုစောင့်နေ အတူပြန်မယ် "


" ပြီးရော "


ပန်းယွန်းထိုင်နေသည့် နေရာကို လှမ်းကြည့်တော့ လည်ပင်းလေးဆန့်လျက် သူတို့ဘက်သို့ လှမ်းမျှော်ကြည့်နေတာ တွေ့ရသည်။ သူ့ကိုတော့မဟုတ်ပါ။ မြတ်သောမောင် လျော့ရဲနေသည့် ပုဆိုးအားပြင်ဝတ်လျက် အထဲသို့ ပြန်ဝင်ခဲ့လေတော့သည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၆) ဆက်ရန် >>>


#Ruby Linn


rate now: