✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
-----------
သည်နေ့က ရှမ်းပြည်နယ်ရဲ့မြို့တိုင်းလိုလိုမှာရှိတဲ့ ငါးရက်တစ်ကြိမ် ရောင်းချလေ့ရှိသည့် စျေးနေ့မို့ ပန်းယွန်း မေမေနှင့်အတူ ကလောမြို့မစျေးသို့ မနက်စောစောထ၍ စျေးခြင်းတောင်းကိုင်ကာ လိုက်လာခဲ့ပါသည်။ ကလောမြို့မစျေးက ပြည်ထောင်စုလမ်းမနဘေးမှာရှိပြီး အနီးဝန်းကျင်က တောင်ပေါ်သူတောင်ပေါ်သားတို့ စုစည်းရာဟုလည်း ခေါ်ရပေမည်။
" အသီးအရွက်တွေ လက်ဆတ်တယ်နော် "
" တို့ဟူးပူပူလေး... "
" ဝါးမြစ် ပဲမြစ် "
" ရှမ်းချဥ်၊ ဆွန်တန်ခြောက် "
စျေးဝယ်သူများ ကြိတ်ကြိတ်တိုးနေသဖြင့် မေမေက သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမအရပ်က ပုတာမို့ လူကြီးတွေကြားထဲ မြှုပ်၍နေသည်။ တောင်ပေါ်ဦးကြီးတွေက အရပ်တွေက အရှည်ကြီး။ ခေါင်းပေါင်းပေါင်းထား၏။ အသားငါးထက် သစ်သီးဝလံတွေ ပိုပေါ၍ လက်ဆတ်သည်ဟု ဆိုရမည်။ ဒါကြောင့် တောင်ပေါ်သူတောင်ပေါ်သားတွေ ကျန်းမာပြီး အသားအရေလှတာနေမှာ။ စိတ်ထဲတွေးလိုက်မိသည်။ ဖရဲသီးရဲရဲကိုမြင်တော့ ကိုကိုတို့ စိုက်ခင်းကိုတောင် ပြေးသတိရမိသည်။ နှစ်ရက်စာ သုံးရက်စာ လိုအပ်သည့် အခြောက်အခြမ်းလေးတွေဝယ်ပြီး မနက်စာအတွက် စျေးထဲက ကောက်ညှင်းငချိတ်ဝယ်လာခဲ့ပြီး ပန်းယွန်းတေဇ လမ်းတစ်လျှောက်စားလာခဲ့သည်မှာ အိမ်ရောက်သည်အထိပင်။
အသီးအရွက်နဲ့ အသားငါးတွေကို ဆားရည်ဖြင့် သေချာဆေးကြောနေသော မေမေ့ကို ပန်းယွန်း အနားကပ်၍ ဂျီကျပူဆာနေမိ၏။
" မေမေ... ကိုကိုတို့စိုက်ခင်းထဲသွားချင်တယ်၊ သွားချင်တယ်လို့ နော် နော်မေမေ နော် "
" ယွန်းယွန်း မေမေဘာလုပ်နေလဲ သမီးမြင်တဲ့အတိုင်းပဲ မကူညီရင်နေ နားပူနားဆာတော့ မလုပ်နဲ့နော် "
နှုတ်ခမ်းလေး စုထော်သွား၍ အိမ်ရှေ့သို့ မသာမယာ လျှောက်ထွက်သွားလိုက်ပါသည်။ သက်ပြင်းကိုချည်း လိမ့်ချနေပြီး ဘာလုပ်ရင်ကောင်းမလဲ အကြံအိုက်နေစဥ် မြတ်သောမောင်က ဆင်ဝင်အောက် စက်ဘိီးရပ်၍ အိမ်ပေါ်သို့ ကပျာကယာ ပြေးတက်လာသောအခါ သူမ မသိချင်ယောင်ဆောင်နေလိုက်၏။
" အန်တီလိပ်ပြာ... အန်တီ... "
" လာပြီဟေ့၊ သားမောင် ဘာဖြစ်လို့လဲ "
လက်သုတ်ပဝါဖြင့် ရေစိုနေသည့်လက်ကိုသုတ်ရင်း ထွက်လာသော ပန်းလိပ်ပြာက မြတ်သောမောင်ကို မေးလိုက်တော့ သူ အနားလျှောက်သွားကာ...
" မေမေက မက်မန်းသီးလာပေးခိုင်းလိုက်လို့ပါ "
" သြော် အန်တီမှာထားတာ လာယူဖို့မေ့နေတာ သားရေ၊ ပိုက်ဆံယူသွား... "
အထုပ်လှမ်းယူရင်း ပြောလိုက်သော အန်တီလိပ်ပြာကို သူလက်တစ်ဖက်ကာပြလျက်...
" မှာထားသလောက်မရလို့ တစ်ယောက်တစ်ဝက်စီ ခွဲယူတာတဲ့၊ ပိုက်ဆံပေးမနေပါနဲ့လို့ မေမေက ပြောလိုက်တယ် အန်တီ "
" ဟုတ်လား... ကျေးဇူးပဲနော် "
" ဟို ကိုကိုရော... "
ခပ်လှမ်းလှမ်းကပင် လက်ချောင်းလေးတွေ ကုပ်ခြစ်ကာ ဘယ်သူ့ကိုမှမကြည့်ဘဲ အကြည့်တွေကို ကစားလျက် မေးလိုက်သော ပန်းယွန်းတေဇ...။
ထိုစကားကြောင့် မြတ်သောမောင် အလိုလို မျက်ခုံးတန်းတွေ တင်းရင်းသွား၏။ သူမဆီက အမြဲကြားနေရသော စကားတစ်ခွန်း။ ထိုစကားတစ်ခွန်းဟာ သူ့အတွက် ဘယ်လိုမှ မနှစ်မြို့နိုင်။ ထိုစဥ် အနားလာရပ်သော သူမ။ သူ အကြည့်တွေလွှဲကာ မသိကျိုးကျွံပြုတော့ ထပ်မေးလာသော အလားတူမေးခွန်း။ အန်တီလည်းရှိနေတာမို့...
" ကိုကို ခြံထဲသွားတယ် "
" ဟယ် တကယ် "
သူမ အသံကြားရုံနဲ့ ပြုံးရယ်နေမှန်း သိနိုင်တာမို့ တမင်မျက်နှာလွှဲထားလျက် အန်တီ့ကို သူနှုတ်ဆက်လိုက်သည်။
" သား ခြံထဲသွားရဦးမှာမို့ ပြန်တော့မယ် အန်တီ "
" အေးကွယ် "
" ဟို... ယွန်းလည်းလိုက်ချင်တယ်၊ ယွန်းကိုပါ ခေါ်ပါလားဟင် "
" ယွန်းယွန်းတို့က လုပ်ပြီ "
" မေမေကလည်း... "
" အန်တီခွင့်ပြုရင် သားသူ့ကိုခေါ်သွားလိုက်ပါ့မယ်၊ ခါတိုင်းလည်းလိုက်နေကျပဲ၊ ထမ်းခေါ်သွားရတာမှ မဟုတ်တာ "
ဘာပဲဖြစ်ဖြစ် သူ့စကားက အဆံလေးနဲ့။ သူမ မေမေ့နားပြေးကပ်ကာ ခါးလေးကိုဖက်၍ ချွဲပြလိုက်တော့ မေမေက သဘောဟု ပြောပြီး ညနေသင်တန်းမတက်ခင် ပြန်လာရန် သတိတရမှာလိုက်ပါသေးသည်။
စက်ဘီးကိုယ်စီနင်း၍ ထွက်လာတော့ သူမက သူ့ထက် ပိုသွက်သွက်နင်းကာ ကျော်တက်သွားနေသည်။ မျက်နှာကလည်း ပျားရည်ဖိတ်ကျထားသလိုပင် ပြုံးဖြီးလို့၊ ပျားလာတုပ်ပါစေဟု ညစ်ကာ ကျိန်မိလိုက်၏။ ထို့နောက် သူလည်း ခပ်သွက်သွက်နင်းကာ သူမရှေ့က ပိတ်၍စီးလိုက်တော့ သူ့ကိုကျော်တက်၍ မရတော့။
" ကိုယ့်လက်ယာ ကိုယ်နင်းလေ မြတ်သောမောင်၊ မဟုတ်လည်း ဘေးကပ်၊ ဟာ... "
" အား... ဘုန်း "
ရှေ့ကသွားနေသည့် သူ့စက်ဘီးက ရုတ်တရက် ရပ်လိုက်တော့ သူမလည်း ရှေ့ဆက်မသွားတက်သဖြင့် စက်ဘီးဂိုက်ကို လမ်းဘေးသို့ဦးတည်လိုက်ရာ လူက စက်ဘီးပေါ်က ပြုတ်ကျပါလေရော။ ပြုတ်ကျကျချင်း လန့်၍ အော်လိုက်မိပါသေးသည်။
" ဘယ်လိုဖြစ်တာလဲ "
" ဘာကိုဘယ်လိုဖြစ်ရမှာလဲ၊ နင် စက်ဘီးကို သေချာနင်းပါလား "
" ဟာ နင်က အနောက်က ကပ်လိုက်တာကို "
" သြော် နင် ရှေ့ကပိတ်နင်းနေတာလည်း ထည့်ပြောလေ၊ စိတ်ညစ်တယ်၊ တော်ပြီ ဘာမှလာမပြောနဲ့ ဟင့် "
ဖရိုဖရဲဖြင့် မြေမှုန်တွေကြား လူးလဲထကာ လဲကျနေသည့် စက်ဘီးကို ထူမတ်ပြီး ဗျစ်တောက်ဗျစ်တောက် ပြောလျက် အခဲမကြေဖြစ်နေ၏။ ဖုန်မှုန့်တွေပေနေသည့် ခန္ဓာကိုယ်အနောက်ဘက်ကို လက်ဖြင့် ဖုတ်ဖက်ခါထုတ်လိုက်ပြီး စက်ဘီးပေါ်တက်စီးလိုက်သည်။ တော်ပါသေးရဲ့၊ အနာတရ မဖြစ်လို့။ ဘာပဲဖြစ်ဖြစ် ဟိုရောက်ရင် သူ့ကို ကိုကိုနဲ့ ပြန်တိုင်ပြောဦးမယ်၊ ကြည့်နေ...။
ပန်းယွန်းရဲ့ ဘယ်ဘက်ခြေမျက်စိနား သွေးစတစ်ခု စွန်းပေနေတာကို အနောက်မှာကျန်ရစ်ခဲ့သော သူ အသေချာမြင်လိုက်ရသည်။ သူ ပြောနိုင်သည့် တစ်ခုသော စကားတစ်ခွန်းက 'မရည်ရွယ်ပါဘူးကွာ...' ၊ သူမကိုတော့ သူ ပြောဖြစ်မည်မထင်ပါ။
" ကိုကို ကိုကို... ကိုကို... "
စတော်ဘယ်ရီခင်းနှစ်ခင်းရဲ့ ကြားမှာ လျှောက်လမ်းဖောက်ထားသော လမ်းသွယ်ကလေးအတိုင်း ပန်းယွန်းသည် ဝတ်ထားသည့် ဂါဝန်လေး လေထဲဝဲသွားသည်အထိ ပြေးလွှား၍ အော်လာသော ချစ်စဖွယ်အသံလေးက ခြံတစ်ခြံလုံး လွှမ်းမိုးသွားလေသည်။
" ကိုကိုရေ... "
ခြင်းတောင်းကို စလွယ်သိုင်းလွယ်၍ စတော်ဘယ်ရီခူးနေသော တိမ်ယံခ နီးလာပြီဖြစ်သော သူမရဲ့ အသံလေးကြောင့် သူထိုင်ခူးနေရာမှ မတ်တပ်ရပ်၍ လက်လှမ်းပြရင်း...
" ယွန်းလေး... ကိုကို ဒီမှာ "
" ခစ် "
" ကိုကိုကလည်း ယွန်းကိုတော့ မခေါ်ဘူး "
" ခု ဘယ်သူနဲ့လာတာလဲ "
တစ်ဖက်ကူးသွားလိုက်ပြီး ကိုကို့အနား ခြေစုံရပ်၍ တောင်းထဲက စတော်ဘယ်ရီ အသေးတစ်လုံးနှိုက်ယူကာ အကျီရင်ဘက်နဲ့ဖိပွတ်ရင်းက...
" ကိိုကို့ညီနဲ့၊ ကိုကို့ကို တိုင်ရဦးမယ်သိလား၊ သူ့ကြောင့် ယွန်းလမ်းမှာ စက်ဘီးမှောက်သွားတယ် သူ့ကို ကောင်းကောင်းဆူပေးနော် ကိုကို "
" ဒဏ်ရာရသွားသေးလား ကိုကို့ကို ပြပါဦး "
ကိုကိုက သူမ ခန္ဓာကိုယ်လေးကို ခေါင်းအစခြေအဆုံး ကြည့်ကာ ကိုယ်တစ်ပတ်လည်သွားသည်။ ပြီးတော့ ခေါင်းလေးကို ဖွဖွပုတ်၍ စိုးရိမ်သံလေးဖြင့် ပြောလာသည်က...
" ကိုကို့ကို တော်တော်စိတ်ပူအောင် လုပ်တာပဲ၊ ခု ညီရော... "
" သိဘူး... "
ပြောပြောဆိုဆို ပန်းယွန်း လက်ထဲကအသီးကို တစ်ကိုက်ကိုက်လိုက်၏။ အချဥ်စူး၍ မျက်လုံးတစ်ဖက်ပါ မှေးမှိတ်သွားရသည်။
" ဖင်ရှုံ့တာ ရွေးစားရတယ်၊ ရော့ ဒါလေးစားကြည့် "
တိမ်ယံခ တောင်းထဲက ရွေးလိုက်သည့် အသီးကို လက်နှစ်ဖက်ဖြင့်ပွတ်လိုက်ပြီး သူမပါးစပ်ထဲ ကိုယ်တိုင်ထည့်ပေးလိုက်ပါ၏။
" ချိုတယ် ချိုတယ်၊ ယွန်းလည်း ကူခူးပေးမယ်လေ နော် "
" နေပါ... အရိပ်ထဲ အေးဆေးသွားနေ ကိုကို လာခဲ့မယ်၊ ခဏပဲ... "
" ဦးလေးဇွဲရော အနောက်ဘက်အိမ်မှာလား "
" ဖရဲခင်းထဲ သွားတယ် "
" ဖရဲခင်း!... ယွန်းသွားချင်တယ်၊ ကိုကို လိုက်ပို့ လိုက်ပို့ပေး... "
ကိုကို့အဖေ ဦးလေးဇွဲထက်က စတော်ဘယ်ရီခင်းနဲ့ ဖရဲခင်းနှစ်ခြံပိုင်ကာ စီးပွားဖြစ် စိုက်ပျိုးပြီး အသက်မွေးသူဖြစ်သည်။ ဖရဲခင်းက ဟိုဘက်ခြံမှာပေမယ့် ခြံတစ်ခြံက ဧကထောင်ချီကျယ်၍ တစ်ခြံနဲ့တစ်ခြံက အလှမ်းဝေးသည်။
" ညီ့ကို စောင့်လိုက်ဦးမယ်လေ၊ သူလာရင် အတူသွားကြတာပေါ့ "
" ဟွန့် "
စိတ်ကောက်သည့်ပုံစံဖြင့် ခပ်ခွာခွာမှာ သွားရပ်ပြီး အပင်ကြားမြှုပ်နေသည့် စတော်ဘယ်ရီတွေ ကိုယ်တိုင်လိုက်ခူးကာ ချဥ်လည်း ရွဲ့၍ စားနေမိသည်။ နှစ်ယောက်ထဲ သွားချင်တာကို...။
" ကိုကိုက ဒီမှာကိုး "
" အင်း... ညီ ယွန်းကို စက်ဘီးမှောက်အောင် လုပ်တယ်ဆို၊ နောက်မဖြစ်စေနဲ့၊ အခု ဖရဲခင်းသွားမယ်... လာ ယွန်းလေး... "
ပန်းယွန်းကို မြတ်သောမောင် လှမ်းကြည့်တော့ မျက်နှာကို နွယ်ပင်တွေကြား ကွယ်ဝှက်ထားတာ တွေ့ရသည်။ ကိုကို ခေါ်နေသော်လည်း သူမက ပေကပ်ကပ်လုပ်ကာ နေ၏။ ထိုအခါ ကိုကိုက ပန်းယွန်းလက်ကို လှမ်းဆွဲခေါ်သွားရာ သူနောက်မှ ဖြည်းဖြည်း လျှောက်လိုက်သွားမိသည်။
" ဒီမနက် ယွန်း မြို့မစျေးကို မေမေနဲ့ လိုက်သွားသေးတယ်၊ စတော်ဘယ်ရီနဲ့ ဖရဲသီးတွေကို တွေ့တော့လေ ကိုကိုတို့ခြံထဲကများလားဆိုပြီး တွေးလိုက်မိသေးတာ "
" ကိုကို... ယွန်း သရဖီပန်းလိုချင်တယ် "
" သရဖီပန်း... "
" အင်း "
" ဒီနားမှာ သရဖီပန်း ဘယ်ရှိမလဲ "
" ရှိပါတယ် ကိုကိုရဲ့၊ တပေါင်းလမှာ သရဖီပန်း ပွင့်နေကျပဲလေ "
" ဖရဲခင်းရောက်မှ အနီးအနားမှာ ကိုကို သွားရှာလိုက်မယ် "
" ဟုတ်ကဲ့ "
သုံးယောက်အတူ ယဥ်လျှောက်လာပေမယ့် သူကတော့ တစ်ယောက်ထဲ သိသာစွာ ခွဲထွက်နေသည်။ ဒါကတော့ သိပ်စိတ်ထဲမရှိ။
ဘာမှလည်း ထူး၍မခံစားရပါ။ သူ့အသည်းက ထင်ထားတာထက် မာသည်လေ။ ပြီးတော့ သူက လူကြီးစိတ်မွေးနိုင်သည်ဟု ဆိုရပေမည်။ တစ်ယောက်ကတော့...
" ကိုကို မမမိုးထက် ဆေးကျောင်းတက်ခွင့်ရတယ်လို့ ကြားတယ် အဲဒါဟုတ်လား "
" ဟုတ်တယ် "
" ဒါဆို မကွေးမှာ သွားတက်ရမှာပေါ့၊ မတွေ့ရတော့ဘူး "
မမမိုးထက်ဆိုတာ ဘယ်သူလဲ။ ဘာလို့ မြတ်သောမောင်က အလေးအနက် ပြောနေတာလဲ။ ကိုကိုကရော ဘာလို့ အလေးအနက်ဖြစ်နေသည့်ပုံပေါ်နေတာလဲ။ ဟာ... သူမ အတွေးလွန်နေတာများလား။ ပန်းယွန်း ခေါင်းကုပ်လျက် နားမလည်စွာ ငြိမ်ကျသွားသည်မှာ မေးခွန်းများစွာဖြင့်။
တိမ်ယံခ မြတ်သောမောင်စကားကို နားလည်သဖြင့် အသံတိတ်ကာ အဖြေပေးလိုက်သည်။ တဖြည်းဖြည်း လျှောက်သွားရင်း ဖရဲသီးတွေစိုက်ပျိုးထားသည့် ခြံထဲသို့ ရောက်သွား၏။
" လေးထွန်း ဖေဖေရှိလား... "
" ဟော လူစုံတက်စုံပါလားဟေ့၊ မင်းတို့အဖေ တို့ဆရာက ဆေးဖြန်းတဲ့အလုပ်သမားတွေနဲ့ စကားပြောနေတယ်၊ အိမ်လေးထဲမှာ "
" လေးထွန်း... ဝလာတယ်နော် "
" ဟေ ဟုတ်လား၊ ဖရဲသီးစားသွားနော်၊ မကြိုက်ဘူးမလား... ယွန်းယွန်း "
ယွန်းယွန်းက နောက်တာကို လေးထွန်းကလည်း ပြန်၍ကြည်စယ်သွားကာ တပြုံးပြုံးဖြင် ရှေ့ဆက်လျှောက်သွားလေသည်။ ပန်းယွန်းသည် မြေပေါ်ချစိုက်ထားသော အတော်အတန်ကြီးနေပြီဖြစ်သည့် ဖရဲသီးတွေကြောင့် စိတ်လှုပ်ရှားကာ သွားရည်တမြမြ ဖြစ်ချင်လာကာ ကိုကို့ဘက် လှည့်ကြည့်လိုက်စဥ်...
" ကိုကို သွားယူလိုက်မယ်၊ အရိပ်ထဲက သွားစောင့်နေ၊ နှစ်ယောက်လုံး "
အင်မတန် အလိုက်သိလွန်းသည့် ကိုကိုကြောင့် ပန်းယွန်းမျက်နှာ ပြုံးစိစိဖြစ်သွားရင်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၍ မနီးမဝေးမှာရှိသည့် ဝါးရုံပင်အောက်သို့ပြေးသွားကာ လမ်းဘက်သို့လှည့်၍ ဖိနပ်တစ်ဖက်ချွတ်ထိုင်လိုက်၏။ ဝါးချောင်းတိုတစ်ချောင်းဖြင့် မြေကြီးပေါ် ကုပ်ခြစ်နေသည်က စာလုံးဖော်နေခြင်းသာ။ အနားလာထိုင်သည့် မြတ်သောမောင်ဆီလည်း အာရုံမရှိ။
" ဘာလုပ်တာလဲ "
ထိုစဉ် သူမခြေထောက်တစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲယူခံလိုက်ရတော့ ထိုင်နေရာမှ ဟန်ချက်ပျက်သွားကာ ကိုးရိုးကားရားဖြင့် မြေကြီးပေါ် ဖင်ထိုင်ရက် ဖြစ်သွားလျက် မြတ်သောမောင်အား ရန်လိုစွာကြည့်၍ ခပ်ဆတ်ဆတ် မေးလိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်မှာ ထူးဆန်းသည့် သူ့အပြုအမှုကြောင့်ပင်။
အနာကပ်ပလာစတာတစ်ခုကို ပန်းယွန်းရဲ့ ခြေထောက်ကဒဏ်ရာမှာ သူကပ်ပေးလိုက်ကာ နဂိုအတိုင်း တင်ပျဥ်ခွေ ပြန်ထိုင်နေလိုက်၏။ သူ့အား မှုန်ကုပ်ကာ ကြည့်နေသော ပန်းယွန်းကို တန်ပြန်စိုက်ကြည့်လိုက်သည်။ ဘာစကားမှမဆို။ ခဏအတွင်း သူမ အကြည့်လွှဲသွားသည်က တိမ်ယံခကြောင့်သာ။
" စားထားနှင့်၊ ကိုကို ပန်းသွားခူးလိုက်ဦးမယ် "
ဖရဲသီးတစ်လုံးကို အလယ်ကတစ်ခြမ်းခွဲပြီး တစ်ဖက်စီကိုင်လာသည်ကို ပန်းယွန်းလက်ထဲထည့်ပေးရင်း တိမ်ယံခ ပြောလိုက်သောအခါ...
" လိုက်မယ် ယွန်းလည်း လိုက်မယ်လေ "
" ဒီကလေးမ အကုန်လိုက်ချင်နေတော့တာပဲ၊ နေပူတယ် ဒီမှာစောင့်နေ၊ နှစ်ယောက် ရန်ဖြစ်မနေနဲ့ဦး "
စိတ်ချလက်ချထားခဲ့၍ တိမ်ယံခ အနီးတဝိုက် သရဖီပန်းရှာထွက်ခဲ့လေသည်။ နှစ်ယောက်လုံးက အိမ်မှာ အငယ်ဆုံးတွေဆိုတော့ အချင်းချင်း ရန်ဖြစ်စကားများ ဗိုလ်လုကြတာ အဆန်းတော့မဟုတ်။
" ဟဲ့ မမမိုးထက်ဆိုတာ ဘယ်သူလဲ "
" ဘယ်သူ့မေးတာလဲ "
စလာကတည်းက ကန့်လန့်တိုက်ပြီ။ သိချင်တော့လည်း အောက်ကျို့သင့် အောက်ကျို့ရမှာပေါ့နော်။ အနည်းငယ် မျက်နှာချိုသွေးသည့်ပုံ ပေါ်နေလိမ့်မည်။
" မောင့်ကိုလေ "
ထိုအခါ ကျေနပ်သွားသည့်ဟန်မပြသည့် မြတ်သောမောင် ခေါင်းလေးတစ်ဖက်စောင်းငဲ့၍ စဥ်းစားဟန်ပြုပြီးမှ...
" ကိုယ့်ကိစ္စမဟုတ်တာ စိတ်မဝင်စားစမ်းပါနဲ့ "
" အဲဒါတော့ အဲဒါပေါ့၊ ဒါပေမဲ့... "
" ကိုကိုပြန်လာပြီ ဘာမှ ဒါပေမမဲ့နဲ့ "
သူက ဆတ်ခနဲ မတ်တပ်ရပ်လိုက်တာမို့ သူမပါအယောင်ယောင်အမှားမှား ထရပ်လိုက်မိသည်။ ကိုကို့လက်ထဲမှာ သူမလိုချင်သည့် ပန်းတွေပါလာသည်မို့ အရိပ်ထဲမှ နေပူထဲ ပြေးထွက်လိုက်သော်လည်း ဇောလေးတစ်ခု ကပ်နေသဖြင့် ပူတယ်လို့ကိုမထင်ပါ။
" ဒီကလေးတော့ လာ အိမ်လေးထဲသွားမယ်၊ ညီ ဖေဖေ့ဆီသွားရအောင် "
အိမ်လေးက ခြံရဲ့အနောက်ဘက်မှာရှိတာမို့ အရှေ့ဘက်နဲ့ အတော်လှမ်းသည်။ ထမင်းစားချိန်ပိုင်းလိုက်တာမို့ ခြံထဲ အလုပ်သမားတွေ ရှင်းလို့နေ၏။ သူတို့တွေပဲ ရှိသည်ထင်ပါရဲ့။ တိတ်ဆိတ်လို့။ ပန်းယွန်းက အရှေ့ကပေါ့။ တိမ်ယံခနဲ့ မြတ်သောမောင်က အနောက်ကလျှောက်လိုက်လာသည်။
" ကိုကို လာ "
မြတ်သောမောင် သူ့အစ်ကိုလက်ကိုဆွဲလျက် တိုးတိုးပြောလိုက်တာပင်။ တိမ်ယံခ ယောင်နနဖြစ်သွားရင်း မျက်ခုံးပင့်ကြည့်ရုံရှိသေး မြတ်သောမောင်က သူ့ကို အနောက်ဘက်ပြန်ဆွဲခေါ်သွားပြီး ဝါးရုံပင်အကွယ်၌ ပုန်းလျှိုးကွယ်လျှိုး နေရာယူလိုက်ကြ၏။ ပြီးတော့ တိုးတိုးနေရန် အချက်ပြပြီး အဝေးမှာရှိတဲ့ ပန်းယွန်းတေဇကို မျက်လုံးမှိတ်ပြမှ တိမ်ယံခ နားလည်သွားရသည်။ သူ ခေါင်းခါယမ်းပြလိုက်ကာ အပြင်သို့ထွက်မည်ပြုတော့ ညီက ဆွဲထား၏။ ဒါကို ရှေ့မှာအာရုံကျနေသည့် ပန်းယွန်း မသိရှာပါ။
" ကိုကို ယွန်းကို အဲလိုမနောက်ပါနဲ့၊ ကိုကို ကိုကို... "
ယခုမှ သတိထားမိတဲ့ ပန်းယွန်း အရပ်ရှစ်မျက်နှာ မျက်လုံးကစား၍ နှုတ်မှလည်း တတွတ်တွတ်ဖြင့်သာ။ ရုတ်တရက် အသိစိတ်ကို ပြင်းစွာ လွှမ်းမိုးလာသည်က သူမကိုများ ထားရစ်ခဲ့ပြီလား။ စနောက်သည်ဟု တကယ်ပဲ မထင်ခဲ့ရိုးအမှန်ပါ။ တခြားလည်း မတွေးမိအောင် ထူပူနေခဲ့ပြန်သည်လေ။ မလုပ်လောက်ပါဘူးဟု တွေးထင်ထားခဲ့သော်လည်း...။
ဘာရယ်မဟုတ် သူမတစ်ယောက်ထဲဟုသော အားငယ်စိတ်က ခန္ဓာကိုယ်မှတစ်ဆင့် အသိအာရုံသို့ လျင်မြန်စွာ ရောက်ရှိလာပြန်လေတော့ မျက်ရည်ဥများ ရစ်သီလာ၍...
" ကိုကို... "
အသံက တိုးလျသွားသည်။ ငှက်သံတွေက ငှက်ဆိုးထိုးသံတွေအလား...။ ပူပြင်းလှသည့် ရာသီဥတုကလည်း ခန္ဓာကိုယ်ကို အသိလာပေးသည်။ လည်ပင်းက ချွေးတွေက ခန္ဓာကိုယ်အောက်ပိုင်းသို့ စီးကျလာတာကို သတိပြုမိ၏။ စူးရှပြင်းထန်လှသည့် အလင်းရောင်အောက် စက္ကန့်ပိုင်းမျှ သတိလက်လွတ်ရှိနေစဥ် လှုပ်နိုးလိုက်သည်က...
" ကျွတ် ကျွတ် ကျွတ် "
မြတ်ပင်တွေကို တစ်စုံတစ်ခုက လာတိုးသံ။ တုတ်ချောင်းချင်း ပွတ်တိုက်သံလိုလို။ ထို့ကြောင့် စီးကျလာမည့် မျက်ရည်တွေ သူ့အလိုလို ခမ်းခြောက်သွားသည်က အံံ့သြဖွယ်ရာ...။ ပို၍ အထိတ်တလန့်ဖြစ်သွားရသည်က မြတ်ပင်စိမ်းစိမ်းတွေကြား မျက်စိလျင်လျင်ဖြင့် တွေ့လိုက်ရသည်မှာ အစိမ်းရောင်မြွေပင်...။
" အား... "
ငယ်သံပါအောင် လိပ်ပြာလွင့်မတက် ပန်းယွန်း ကျုံးအော်ဟစ်ပါလေတော့သည်။ အမှန်တော့ မြွေက အဝေးကို ထွက်သွားနေပြီ။ ဒါကို မျက်လုံးမှိတ်ပြီး ကုန်းအော်နေတာပင်။
" ယွန်းလေး ဘာဖြစ်လို့လဲ "
" မြွေ မြွေ ကြောက် တယ် "
ဦးစွာ ရှေ့မှထွက်လာသူက မြတ်သောမောင်ဖြစ်သော်လည်း ပန်းယွန်းဘေးနား အရင်ဆုံးရောက်သွား၍ မေးလိုက်သူမှာ တိမ်ယံခ ပင်။ လက်ညှိုးလေး တညွှန်ညွှန် ဖြစ်နေတော့ တိမ်ယံခ အနီးဝန်းကျင် ရှာကြည့်လိုက်ရင်း...
" မရှိပါဘူး မရှိတော့ဘူး... "
ဘယ်လိုပြောပါစေ ခေါင်းတစ်ခါခါဖြင့် ပန်းယွန်း မျက်နှာလေးရှုံ့မဲ့နေရင်းက ပြစ်တင်ပြောဆိုလာသော စကားများ...။
" ဘာလို့ ယွန်းကို တစ်ယောက်ထဲ ထားခဲ့ရတာလဲ၊ ကိုကို မကောင်းဘူး... မကောင်းဘူး..."
" ကိုကိုမထားခဲ့ရပါဘူး "
" ထားခဲ့တယ် ထားခဲ့တယ် "
မျက်လုံးနီနီကို လက်နှစ်ဖက်ဖြင့် ဖိပွတ်လျက် ပြောနေရာ သူ သူမရဲ့လက်တွေကို ဆွဲယူလိုက်ရင်း ကျောပြင်လေးကို အသာအယာပွတ်သပ်ချော့မြူ၍ နူးညံ့ညင်သာ ချိုမြသော ကဗျာဆန်ဆန် စကားကို ကဗျာဆရာမဟုတ်သော သူ့ဆီက ကြားခွင့်ရခဲ့ပါသည်။ ထိုစကားက...
" မထားခဲ့ရက်ပါဘူး ကလေးရယ်... "
ထိုညို့ငင်သော စကားလေးက တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲမှာ တေးမှတ်စရာတစ်ခု၊ အက်ကွဲကြောင်းလေးတစ်ခု ဖြစ်သွားလေသလား။ ထူးဆန်းဖွယ် မခံမရက်နိုင်အောင် နင့်ခနဲ အောင့်သက်သွားခဲ့ရတာကိုရော ဘယ်သူသိမည်နည်း။ တတိယလူတော့ ဘယ်တော့မှ မဖြစ်စေရပါ။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၅) ဆက်ရန် >>>
#Ruby Linn