✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
-----------
" မ ဆေးကျောင်းတက်ရတော့မယ်ဆိုလို့ ကျွန်တော်ဝမ်းသာပါတယ်၊ မရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ နီးစပ်လာပြီပေါ့နော် "
" အဟင်း မင်းလည်းကြိုးစားပေါ့၊ တို့ မင်းကို ဆေးကျောင်းမှာ တွေ့ချင်ပါတယ် "
ချည်ထဘီအစိမ်းရောင်ပေါ်က ဖက်ဖူးစိမ်းရောင် ပိုးသားလက်ပြက်အကျီကို အချိုးအစားကျနစွာ ဝတ်ဆင်ထားသဖြင့် ကောက်ကြောင်းကထင်းနေအောင် ပေါ်လွင်နေသော တိမ်ယံခက ' မ ' လို့ မြတ်နိုးစွာ ခေါ်ရသော သူမနာမည်က ' မိုးထက်ကုဋေ ' ။ ဝင်းမွတ်သော အသားအရေဖြင့် မထိရက်မကိုင်ရက်စရာ နူးညံ့သိမ်မွေ့ ကျက်သရေရှိသော သူမကို တိမ်ယံခ ချစ်ခွင့်ပန်ထားသည်မှာ တစ်နှစ်ရှိခဲ့ပြီ။ သူမဆီက တိကျတဲ့အဖြေတော့ မရသေးပါ။ အခုဆို သူမက ကျောင်းပြီးသွားလို့ မကွေးမြို့က ဆေးတက္ကသိုလ်သို့ ပြောင်းရွေ့ကာကျောင်းတက်ရပေတော့မည်။ နောက်ဆို တွေ့ဖို့မလွယ်တော့ပေ။
" ကျွန်တော့်ကို မ ဘယ်တော့ အဖြေပြန်ပေးမှာလဲဟင် "
မိုးထက်ကုဋေသည် သူမရဲ့ ဖြန့်ကျထားသည့် ခါးထိရှည်သော ပိတုန်းရောင်ဆံနွယ်တွေကို အရှေ့သို့ပို့လိုက်ရင်း...
" မင်း တို့ကို တကယ်ချစ်တာလား စိတ်ကစားတာလား တို့စောင့်ကြည့်ဦးမယ်၊ ပြီးတော့ မင်းသာ ဆေးကျောင်းတက်ခွင့်ရမယ်ဆိုရင် အဲ့နေ့က မင်းလိုချင်တဲ့ အဖြေရတဲ့နေ့ပဲ၊ ဘယ်လိုလဲ... "
" ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်အောင်ကြိုးစားမယ်၊ ပြီးရင် မရဲ့အနား အရိပ်လိုနေပြီး ကာကွယ်စောင့်ရှောက်ပေးမှာပါ မ,ယုံကြည်ထားနော်၊ ကျွန်တော့်ကို စောင့်နေပါ "
တိမ်ယံခ စက်ဘီးကိုတွန်းလျှောက်ရင်း ရှက်ပြုံးလေး မခို့တရို့ပြုံးနေတဲ့ မမျက်နှာကို ကြည့်ရင်း ခိုင်မာသော စကားတွေကို ပြောလိုက်ပါ၏။ မမက ခေါင်းလေးငုံ့ကာ လက်နှစ်ဖက်ဆုပ်လျက် ရှေ့ဆက်လျှောက်နေ၏။ ငေးကြည့်ရုံနဲ့ ကျေနပ်ရတဲ့အခြေအနေမှာ မရဲ့ အေးချမ်းတဲ့အလှကြောင့် ကလောနဲ့ နာရီပေါင်း ၄ နာရီ ၄၉ မိနစ်ကြာသွားရသည့် မကွေးမှာ ကျောင်းသွားတက်မည့် မမကို သူ ဘယ်လိုမှ စိတ်မချနိုင်ပါ။ မယုံကြည်လို့မဟုတ်ပေမယ့် မမက သူ့ကို မေတ္တာရှိသလား မရှိဘူးလား သေချာမသိသောကြောင့်ပင်။
ထိုအခိုက်အတန့်၌ပင် တက္ကသိုလ်လမ်းချိုးထဲမှ စကိတ်ကိုယ်စီကိုင်လျက် ပြိုင်ဘီးဖြင့် စီးနင်းထွက်လာသော လူငယ်တချို့တွင် မြတ်သောမောင်က ရှေ့ဆုံးကပင်။ ပြည်သူ့ပန်းခြံနားတွင် ကိုကို့ကို မိန်းမလှတစ်ယောက်နှင့်တွဲတွေ့ရသဖြင့် သူ အံ့သြသွားရ၏။ ကိုကိုနဲ့ယှဥ်တွဲ၍ မြင်ရနိုင်သော မိန်းကလေးမှာ နှစ်ယောက်ပဲရှိသည်။ တစ်ယောက်က ပန်းယွန်းတေဇ၊ ဒါဆို သူ ဖျတ်ခနဲ တွေ့လိုက်တာက မမမိုးထက်များလား။ သေချာတော့ မမြင်လိုက်ရပေမယ့် ကျောဘက်ခြမ်းလေး မြင်ရရုံနဲ့ သိနိုင်သည့် အဆင်းလက္ခဏာ ရှိသည်မဟုတ်လား...။
ကိုကိုကတော့ သူ့အာရုံနှင့်သူ သူ့ကို မြင်ပုံမပေါ်။ ကိုကို့အကြည့်တွေက ထိုမမအပေါ် တစ်မျိုးပင်။ မြင်တွေ့နေကျအကြည့်မျိုးမဟုတ်။ တစ်ခုခုရစ်ငင်ထား၏။ ဘာလဲတော့ သူတိတိကျကျမပြောတတ်။ ဇဝေဇဝါဖြင့် စိတ်ထဲမတင်မကျဖြစ်ကာ စကိတ်ကွင်းသို့ ဆက်နင်းလာခဲ့လေတော့သည်။
°°°°°°°
" သမီးလေး ပစ္စည်းအစုံပါပြီနော်၊ ရေသန့်ဘူးရော "
" အိတ်ထဲမှာ အားလုံးပါတယ်၊ လေးနစ်နေတာပဲ အဟီး... "
အိတ်ကိုမလွယ်ခင် တစ်ချက်ပုတ်ပြပြီးမှ ကျောပိုးလိုက်ကာ သာမန်ထက် လွန်ကဲကာ လေးလံသည်ဆိုတဲ့အကြောင်း အမူအယာဖြင့် ခါးပါကိုင်းပြလိုက်၍ ချစ်စဖွယ် လျှာပါထုတ်ပြလိုက်သေးသည်။ မေမေက တစ်ချက်ပြုံးလျက်...
" ဆံပင်တွေတောင်ရှည်နေပြီ၊ သင်တန်းပြီးလို့ အပြန်ကျရင် ဆံပင်ညှပ်ဆိုင်ဝင်လိုက်ပါဦး... သမီးလေးက ဆံပင်ရှည်လာရင် ညှင်းသိုးသိုးနဲ့ ဖျားတတ်တဲ့အကျင့်ရှိလို့ "
ပခုံးသာသာလောက်ရှိပြီဖြစ်သော ပန်းယွန်းရဲ့ဆံပင်တွေကို တစ်ချက်သပ်တင်ပေးလိုက်ရင်း ပြောလိုက်တော့ သတိုးတေဇ ခေါင်းညိတ်လိုက်၏။
" ကဲ သွားကြမယ်ဟေ့ "
" ဟုတ်ကဲ့ "
ပါပါးလက်ကိုလှမ်းဆုပ်ကိုင်လျက် အနောက်မှာကျန်ခဲ့သည့် မေမေ့ကို လက်တပြပြလုပ်ရင်း သားအဖနှစ်ယောက် ထွက်လာခဲ့ကြသည်။ သင်တန်းထဲထိလိုက်ပို့ပြီး သင်တန်းဆရာမနဲ့ စကားပြောကာ သမီးဖြစ်သူကို ဆရာမနဲ့ သေချာအပ်ထားခဲ့ပြီးမှ သတိုးတေဇ အလုပ်သို့ ကားဖြင့် မောင်းလာခဲ့တော့သည်။
" ကလေးတို့ မင်္ဂလာပါ... ဆရာမနာမည်က မသန္တာလို့ခေါ်ပါတယ်၊ ပထမဆုံး အချင်းချင်းရင်းနှီးသွားအောင် တစ်ယောက်ချင်းစီ ရှေ့ထွက်ပြီး ကိုယ့်နာမည်ကိုယ် မိတ်ဆက်ကြပါဦး "
အခန်းထဲမှာ အတန်းသူအတန်းသား အယောက် ၂၀ တော့ရှိလိမ့်မည်။ တစ်ယောက်ချင်းစီ မိတ်ဆက်အပြီးမှာ ဆရာမက စားပွဲပေါ်က e-books ကို ဖွင့်ကြည့်ခိုင်းပါသည်။ ပန်းယွန်း စာအုပ်ကို ဖွင့်ကြည့်ရင်း ဘေးက ဝဝကစ်ကစ်ပါးဖောင်းဖောင်းနဲ့ ကောင်မလေးကို ဖော်ရွေစွာ ပြုံးပြတော့ သူကလည်း သူမအား ရင်းနှီးစွာ ပြန်လည်ပြုံးပြလာ၏။
" စာအုပ်ထဲက အရောင်တွေကို အရင်ဆုံးလေ့လာကြည့်ရအောင်၊ ပြီးရင် ကိုယ့်အကြိုက်က ဘာအရောင်လဲ၊ ဘာပုံဆွဲချင်တာလဲ ဆိုတာ ထပြောရမယ်နော် "
" ဟုတ်ကဲ့ပါ ဆရာမ... "
အဖြူ၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ နီညို ပန်းရောင်၊ ခရမ်းရောင်၊ အနက်ရောင်၊ ပြီးတော့ ပန်းဆီရောင်အရင့်အဖျော့၊ အဝါအနုအရင့်၊ အဖြူတောင်မှ နှစ်မျိုးကွဲထွက်နေသည်။ သူမသိတာဆိုလို့ အရောင်အနည်းအကျဥ်းသာ။ အရောင်မျိုးစုံကို ခွဲခြမ်းစိတ်ဖြာရင်း မျက်လုံးတွေပြာလာကာ ခေါင်းတွေတောင် မူးလာသလိုပင်။ မျက်တောင်ကို အဖွင့်အပိတ်လုပ်ရင်း ပန်းယွန်း အလုပ်ရှုပ်နေစဥ် ဆရာမက သူမနာမည်ကို ကျယ်လောင်စွာ ခေါ်လိုက်သဖြင့် ရုတ်တရက် လန့်ဖျပ်သွားမိ၏။
" သမီးရဲ့ အကြိုက်ဆုံးအရောင်က ဘာလဲ... တခြားသူငယ်ချင်းတွေ သိရအောင် အကျယ်ကြီးထပြောပါဦးကွယ် "
ထိုအခါ သွက်လက်စွာ ထရပ်၍ လက်ပိုက်ဖို့ပြင်တော့ ဆရာမက သက်တောင့်သက်သာပြောဖို့ခွင့်ပေးသဖြင့် သူမ လက်တစ်ဖက်က စားပွဲခုံပေါ်က ခဲတံကိုကိုင်လျက် ကျန်တစ်ဖက်ကိုတော့ ဘေးမှာချထားလိုက်ပြီး...
" ယွန်းက အရောင်ထဲမှာဆို လိမ္မော်ရောင်နဲ့ အဖြူရောင်ကို အကြိုက်ဆုံးပဲ၊ ပုံကတော့ ပြေးလွှားနေတဲ့ အရာတွေကို ဆွဲကြည့်ချင်ပါတယ်ရှင့် "
" အဖြူရောင်က ဖြူစင်သန့်ရှင်းခြင်း၊ စစ်မှန်ခြင်းကိုကိုယ်စားပြုပြီး လိမ္မော်ကတော့ ဖော်ရွေတယ်၊ ရိုင်းပင်းကူညီခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတယ်၊ သမီးက ပြေးလွှားနေတဲ့ အရာတွေကို ဆွဲချင်တယ်ဆိုတော့ သမီးစိတ်ကထူးခြားတယ်၊ ကြိုးစားနော် "
" ဟုတ်ကဲ့ "
" ကဲ နောက်တစ်ယောက် "
" အနီရောင်က ရဲရင့်ထက်မြတ်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲလုံ့လ ကို ရည်ညွှန်းတယ်၊ အပြာရောင်က အေးချမ်းခြင်း၊ မေတ္တာတရားကြီးမားခြင်း၊ အဝါက နွေးထွေးတယ်၊ ခရမ်းက ထူးခြားပြီး ပဟေဋ္ဌိဆန်တယ်၊ အစိမ်းက အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ အနက်ရောင်က လျှို့ဝှက်ခြင်း၊ လွှမ်းမိုးခြင်း၊ ဆွဲဆောင်မှုရှိခြင်းကို ကိုယ်စားပြုတယ် "
ဆရာမပြောတာတွေ တစ်ခုချင်းစီကို ပန်းယွန်းတေဇ လိုက်မှတ်ကာ စာအုပ်ထဲချရေးထားလိုက်ပါသည်။ ဗဟုသုတရသဖြင့် ဂရုစိုက်နားထောင်နေမိပါ၏။
" ပန်းချီကားတစ်ချပ်ကိုကြည့်ရုံနဲ့ ရေးဆွဲသူရဲ့ စိတ်ကို ခန့်မှန်းနိုင်စွမ်းရှိတယ် ကလေးတို့ရဲ့၊ အဲဒါကြောင့် သေချာသင်ယူရမယ်နော်၊ ဒီနေ့တော့ ဒီလောက်ပဲ... နောက်နေ့ထပ်တွေ့ကြမယ်၊ အတန်းမှန်တဲ့သူရယ် ပုံဆွဲတော်တဲ့သူရယ်ကို ဆရာမက သင်တန်းဆင်းရင် ဆုချမယ် ဟုတ်ပြီလား... "
" ဟုတ်ကဲ့ "
" ကျေးဇူးတင်ပါတယ် ဆရာမ... "
" ဂရုစိုက်ပြန်ကြပါ "
သင်တန်းကအပြန် ဆံပင်ညှပ်ဆိုင်ဝင်၍ ပခုံးကျော်လောက်ရှိသော သူမဆံပင်ကို ကုပ်ဝဲအတိညှပ်ချလိုက်ပါသည်။ ပြီးတော့ ဖောက်သည်ဖြစ်နေသည့်အတွက် သူမရဲ့ မညီမညာ ထူထဲလှသော မျက်ခုံးမွှေးတွေကိုပါ ညှိပေးလိုက်သေး၏။ ကြက်ဥပူတင်းဝယ်၍ အိမ်သို့ပြန်လာခဲ့သည်။
" မေမေ... ဟာ! အန်တီမြတ်လည်း ရောက်နေတာကိုး... "
ချွတ်လိုက်သည့် ရှူးဖိနပ်ကို ဖိနပ်စင်ပေါ် ကပျာကယာတင်လိုက်ပြီး ပန်းယွန်း မေမေတို့ရှိရာ အပြေးတစ်ပိုင်း လျှောက်သွား၍ မေမေ့ပေါင်ပေါ်ဝင်ထိုင်လိုက်သည်။
" သမီးပါပါးရော... "
" ယွန်းကို အိမ်ရှေ့လိုက်ပို့ပေးပြီး အလုပ်ပြန်သွားပြီ၊ ညနေစောစောပြန်ခဲ့မယ်တဲ့ "
" ဟုတ်ပါပြီ၊ ပထမဆုံးနေ့မှာ သင်တန်းက အဆင်ပြေရဲ့လား "
" Yes, everything is ok "
အရမ်းကို ပြုံးရွှင်ချိုမြနေတဲ့ ပန်းယွန်းတေဇရဲ့ မျက်နှာသွင်ပြင်ကိုကြည့်၍ ပန်းလိပ်ပြာရော မြတ်လေးဟန်ပါ အလိုလို ပြုံးရယ်စေမိရသည်။ အလယ်ခွဲလေးဖြင့် ပခုံးပေါ်ဝဲနေသော ဆံပင်ကြောင့် မျက်နှာလေးက ရှင်းလင်းကာ သေးသွယ်၍ ချစ်စရာအတော်ကောင်း၏။
" ပိတ်ရက်မှာ ယွန်းလေးက ပန်းချီသင်တန်းတက်တော့ အကျိုးရှိတာပေါ့၊ သားငယ်ကတော့ ခြင်းသွားခက်လိုက်၊ ဘောလုံးကန်လိုက်၊ စကိတ်စီးလိုက်နဲ့ အိမ်ကပ်တယ်လို့ကိုမရှိဘူး... သားယောကျ်ားလေးတွေများလေ၊ တီးတိုးဖော်ရထားတဲ့ လိပ်ပြာကို မြတ်အားကျလိုက်တာ၊ ယွန်းလေးက ချစ်စရာလေး... လိမ်လည်းလိမ်မာတော့ အားကိုးရမှာ ကျိန်းသေတယ် "
ယွန်းကို ချစ်စရာလေးလို့ ပြောသဖြင့် ရှက်သွားရသည်။ ပြီးမှ ဖျတ်ခနဲ သတိရသွားသဖြင့် အန်တီမြတ်ကို လှမ်းမေးလိုက်ပါသည်။
" ကိုကိုရောဟင် "
" သားကြီးက သူ့သူငယ်ချင်းတွေနဲ့ စာသွားလုပ်တယ်၊ ညနေလောက်မှ ပြန်လာမယ်ထင်တယ် "
" သြော်... မေမေ ယွန်းအပေါ်တက်တော့မယ်နော် "
" အင်း... မေမေပြီးရင် တက်လာခဲ့မယ် "
လူကြီးရှေ့မှာ ခါးကိုင်းသွားလို့ မသင်ပေးရဘဲ သမီးက မြတ်လေးဟန်ရှေ့ ကိုယ်ကိုကိုင်းညွတ်ကာ ဖြတ်လျှောက်သွားတော့ သူမ အသံတိတ်ပြုံးမိရသည်။ မြတ်နဲ့ စကားပြောပြီး အပေါ်တက်လာတော့ သမီးက ခုတင်ပေါ်မှာ ပုံပြင်စာအုပ်ဖတ်နေတာကို တွေ့ရ၏။
" သမီး "
အခန်းဝမှာ အသံပေးပြီး အထဲဝင်လာတော့ ပန်းယွန်းက လှဲနေရင်း လက်ထဲက စာအုပ်ကိုကျော်၍ သူမအားကြည့်လာသဖြင့် အနားက ခုံမှာဝင်ထိုင်လိုက်သည်။
" ဒီစာအုပ် ဖတ်ကြည့်ပါလား သမီးလေး... "
" ဟင်! ပုံပြင်စာအုပ်လား... ဘာစာအုပ်လဲ "
ပြောပြောဆိုဆို ပန်းယွန်း ငေါက်ခနဲ ထထိုင်လိုက်ရင်း ပုံပြင်စာအုပ်ဘေးချကာ ကမ်းပေးနေသည့် မေမေ့လက်ထဲက လက်လေးလုံးလောက်အထူရှိသော စာအုပ်ကိုလှမ်းယူ၍ ခေါင်းစဉ်ကို အသံထွက်ဖတ်ကြည့်လိုက်ပါ၏။
" သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် "
" မေမေ... ဒါ ဝတ္ထုစာအုပ်လားဟင် "
" ဟုတ်တယ်၊ သမီးယူထားလိုက်၊ ဖတ်ပြီးတော့မှပြန်ပေး... "
" အထူကြီးပဲနော်... အကြာကြီးဖတ်ရမှာ၊ ဟို ယွန်း ပုံပြင်စာအုပ်တွေ မဖတ်ရတော့ဘူးလားဟင် "
" ပုံပြင်လည်းဖတ် ဒီစာအုပ်လည်းဖတ်ပေါ့ သမီးရဲ့၊ ကဲ... ရေသွားချိုးတော့ မေမေ သရေစာစားဖို့ တစ်ခုခုပြင်ထားပေးမယ် "
" ဟုတ်ကဲ့ များများလေးနော် "
" အေးပါ၊ မကြာစေနဲ့နော် မြန်မြန်ချိုး "
မေမေ သူမကို ပထမဆုံးပေးဖတ်သည့် (ရသစာပေတွေနဲ့ ထိတွေ့ခွင့်ရသည့်) ဝတ္ထုစာအုပ်မှာ ' တက္ကသိုလ်ဘုန်းနိုင် ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ' ပင် ဖြစ်သည်။
ပန်းယွန်းသည် ကော်လံပါသည့် မိုးပြာရောင် လက်စက ဂါဝန်ရှည်လေးကို ဝတ်၍ အောက်ဆင်းလာတော့ မေမေက ဧည့်ခန်းက တီဗွီရှေ့မှာထိုင်၍ သစ်တော်သီးတွေ အခွံနွှာပြီးစိတ်နေတာကို လှမ်းတွေ့ရသဖြင့် ပျော်သွားရသည်။
" အဲဒါ ယွန်းစားဖို့လားဟင် "
" ဟုတ်တယ် လာထိုင် "
" အဟိ "
အမွေစိန်ကာတွန်းကားကို ကြည့်ရင်း သစ်သီးစားရင်း ငိုက်မြည်းလာသဖြင့် မေမေ့ပေါင်ပေါ်ခေါင်းအုံးကာ ဆိုဖာပေါ်လှဲချလိုက်စဥ်ခဏ ပန်းယွန်း အိပ်ပျော်သွားမိပါသည်။
°°°°°°°°°°°
ညနေခင်း၌ ခြံထဲမှာ ပန်းယွန်းတစ်ယောက်ထဲ ဒန်းစီးရင်း စာဖတ်နေစဥ် အိမ်ရှေ့မှ ဖြတ်သွားသော မြတ်သောမောင်ကို သေချာလှမ်းမြင်လိုက်ရသည်။ သူက စကိတ်စီးလျက်...။
သူစကိတ်စီးတာမြင်တော့ သူမလည်း စကိတ်စီးချင်လာသဖြင့် နှုတ်ခမ်းလေးကိုဖိကိုက်ရင်း အိမ်ပေါ်ပြေးတက်လာကာ...
" မေမေရေ... ယွန်း ကိုကို့ဆီ သွားလိုက်ဦးမယ် သိလား... "
" တော်ကြာ သမီးပါပါးပြန်လာတော့မှာနော် အကြာကြီးမနေရဘူး "
" ဟုတ် "
ဟိုဘက်ရပ်ကွက်မှာရှိသည့် ကိုကို့အိမ်ကို ပန်းယွန်း တစ်ချိုးတည်း ပြေးလာခဲ့တော့သည်။ အိမ်ရှေ့မှာ ကိုယ်ရှိန်သတ်ဖို့ အရှိန်လျော့လိုက်ပေမယ့် ကိုကို့ကို ခြံထဲမှာတွေ့လိုက်သဖြင့် နှုတ်ခမ်းပါးလေးတွေထက် အပြုံးလေးတစ်ခု ဖြစ်တည်သွားရင်း...
" ကိုကို "
" အွန်း ယွန်းလေး "
" ကိုကို ကိုကို ယွန်းကို စကိတ်စီးသင်ပေးပါလားဟင် နော်ကိုကို "
နှစ်ယောက်ထိုင် သစ်သားခုံတန်းလေးမှာထိုင်နေသည့် ကိုကို့ဘေးနားမှာ ခပ်ရို့ရို့ဝင်ထိုင်လျက် ကိုကို့လက်မောင်းကို ခပ်ဖွဖွကိုင်ရင်း မျက်နှာလေး မော့ကြည့်ကာ ချွဲလိုက်သော်လည်း ကိုကိုက သူမအား မျက်မှောင်ကုပ်ကြည့်၏။
" ဘယ်ကဘယ်လို စကိတ်စီးချင်သွားတာလဲ၊ မိန်းကလေးဆိုတာ ဣန္ဒြေရရနေရတယ်၊
ကိုကို့မှာ စာတွေလုပ်နေရတာနဲ့ စကိတ်စီးဖို့ အချိန်တောင်မရှိဘူး... ဒါပေမဲ့ ယွန်းသိပ်စီးချင်သပဆို ညီ့ကိုပြောလိုက်လေ "
" ဟင်! ဟင့်အင်း ရ ရတယ် "
" ဘာလို့လဲ၊ ဟိုမှာ ညီပြန်လာပြီ၊ ညီရေ... "
" ကိိုကို... ဟို "
စကိတ်ကို လက်တစ်ဖက်ကကိုင်လျက် သူတို့ဆီ လျှောက်လာသော မြတ်သောမောင်ကို တွေ့ရသောကြောင့် ပန်းယွန်း သူနဲ့မသင်ချင်သဖြင့် စကားတွေပါ ထစ်ငေါ့ကာ မျက်နှာက ရှုံ့တွ၍ မျက်ခုံးလေးတွေ ကုပ်ကျသွားရသည်။
" ညီမလေးက စကိတ်စီးချင်လို့တဲ့၊ ညီအားရင် ယွန်းလေးကို သင်ပေးလိုက်ပါဦး "
" ရပါတယ် "
ကိုကိုက မတ်တပ်ထရပ်ရင်း မြတ်သောမောင်ကို ပြောတာမို့ ပန်းယွန်းလည်း ထရပ်လျက် ရှေ့ဆံပင်တချို့ကို နားနောက်သွင်းလိုက်၏။ ကိုကို့ကို ဘယ်လိုပြောရမှန်းမသိ၊ ပါးစပ်တပြင်ပြင်ဖြစ်နေစဥ် တိမ်ယံခ သူမဘက်သို့ လှည့်၍...
" ကိုကို အိမ်စာသွားလုပ်လိုက်ဦးမယ်၊ ဂရုစိုက်သင်နော်၊ ရန်လည်းမဖြစ်ကြနဲ့၊ လိမ္မာတယ်... "
ခေါင်းလေးကို အသာအယာပုတ်၍ အပြုံးဖြင့် ပြောကာ လှည့်ထွက်တော့ သူမ မြတ်သောမောင်ကို မျက်လုံးပင့်ကြည့်ရာ သူကလည်း သူမအား စူးစိုက်ကြည့်နေ၏။
လေးလံသော သက်ပြင်းကိုသာချလိုက်မိရင်း တွေရပ်နေမိစဥ်ခဏဝယ်...။
" ဘာလဲ ငါက နင့်ကိုကိုမဟုတ်လို့ ငါနဲ့မသင်ချင်ဘူးပေါ့လေ ဟုတ်လား...၊ ငါကလည်း သင်လွယ်တတ်လွယ်တဲ့သူကိုပဲ သင်ပေးချင်တာပါ၊ တုံးတုံးအအ လူမျိုးကို မသင်ပေးချင်ဘူး "
" ဟင်! သူများကို၊ ကြည့်လိုက်လေ ယွန်း ဘယ်လောက် တတ်လွယ်လည်း သင်ပေးရင် သိလိမ့်မယ်၊ နင့်ထက် ပိုစီးတတ်သွားမှာစိုးလို့ ငါ့ကို မသင်ပေးချင်တာမလား... "
" ဟား... ဟာသပဲဟာ၊ အေး ကြည့်ရသေးတာပေါ့၊ အပြောကြီးတဲ့ မမရယ်... "
ပြောမဲ့သာပြောရတာ အမှန်တော့ ယွန်းကြောက်နေမိ၏။ ခန္ဓာကိုယ်ထိခိုက်မှာကို သိပ်စိုးရိမ်သဖြင့် အကြမ်းပတမ်း ကစားနည်းတွေ မကစားခဲ့ပါ။ မတော် ဒဏ်ရာရသွားရင်ဖြင့်။ သွေးသံရဲရဲတွေလည်း မကြည့်ရဲပါ။ ကိုကိုဆိုရင် စိတ်ချယုံကြည်နိုင်ပေမယ့် သူ့ကိုတော့ ဘယ်လိုမှ...။
" တက်လေ၊ ကြောက်လို့လား "
စကိတ်ပေါ် တက်ခိုင်းနေသော သူ့ကို တံတွေးမြိုချလျက် ကြောက်အားပိုနေသော မျက်နှာလေးဖြင့် ကြည့်နေရာ သူ တိတ်တိတ်ပြုံးမိသည်။ သူ သက်ပြင်းလေးချလိုက်ပြီး...
" ငါ့လက်ကိုင် ရဲရဲတက်၊ ငါရှိသ၍ နင်ဘာမှမဖြစ်စေရဘူး... စိတ်လျော့၊ စီးတက်ချင်တယ်မလား "
" အင်း "
တစ်ခါမှ မစီးဖူးတာမို့ စိတ်ပါလှုပ်ရှား၍ နှလုံးခုန်သံမြန်လာကာ ရေပါငတ်ချင်လာသည်။ သူ့မျက်နှာကိုကြည့်တော့ ယုံကြည်စိတ်ချလို့ရသည့် မျက်နှာသွင်ပြင်ဖြင့် ရဲဝင့်မှုအပြည့်မို့ သူ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်ကာ ရပ်နေသည့် စကိတ်ပေါ် ရဲရဲတက်စီးလိုက်တော့ သူက သူမလက်ကိုကိုင်၍ အရှေ့သို့ဆွဲခေါ်သွားလေသည်။ ဘီးတွေက ခပ်မှန်မှန် ရွေ့လျားနေသည့် အပေါ်တွင် လူက ဟန်ချက်ညီအောင် ထိန်းနေရသည်။ သူ့ကိုလည်း တစ်ဖက်က ကိုင်ထားရသေး၏။ ပျော်ဖို့အသာထား ပြုတ်မကျအောင် ဂရုစိုက်နေရတာမို့ အထုပ်ကြီးထမ်းထားရသလို စိတ်ထဲလေးလံလာရတော့သည်။
" လက်မလွှတ်နဲ့နော် မလွှတ်နဲ့နော် "
" ဘာလို့လဲ "
" ပြုတ်ကျမှာကြောက်လို့ "
" မောင်လို့ခေါ် "
" ဟင့် ကိုင်ထား "
" ခန္ဓာကိုယ်က ငြိမ်ငြိမ်နေ၊ ရှေ့ကိုကြိုကြည့်၊ ခြေထောက်တစ်ဖက် ထောက်ကြည့်စမ်း "
" မလုပ်တတ်ဘူး ဟင့် ကိုင်ထားနော်... "
" ပြောတော့ တတ်လွယ်တယ်ဆို၊ ကိုယ်ကိုငြိမ်ငြိမ်ထား "
" အင်း... "
" ခြေထောက် ထောက် "
" ဟင့်အင်း "
" ဟာ! လွှတ်လိုက်ရမလား... "
" ဟင့်အင်း "
" ဒါဆို ခေါ်လေ၊ မောင်လို့ "
" တော်ပြီ တော်ပြီ၊ မစီးတော့ဘူး ရပ် ရပ်ဆို "
" မောင် မောင် "
ဒီတော့မှ သူက အရှိန်လျော့ကာ ရပ်ပေးသည်။ သူမလည်း စိုးရိမ်မှုကြောင့် မောဟိုက်သွားသည်။ သူ့ကိုလည်း မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သေး၏။
" ပြောတော့ မိုးလားကဲလားနဲ့ကွာ၊ ကောင်မလေးတစ်ယောက် "
" အဲဒါ နင် အသင်အပြညံ့လို့လေ "
" ဘာရယ်... နင်ကြောက်ချီးပန်းတာကျ မပြောဘူး၊ ငါတို့ စကိတ်ကွင်းကို နင့်ကို ခေါ်သွားရမယ်၊ ဟိုမှာ နင့်ထက်ငယ်တဲ့ ကလေးမလေးတွေတောင် အေးအေးဆေးဆေး စီးနေကြတာ၊ သရုပ်မပျက်ဘူး...၊ နင်ကျ အော်ကြီးဟစ်ကျယ်နဲ့ "
" အို ဒါကတော့ အစပဲရှိသေးတာကို၊ ဘာကိစ္စမဆို အစမှာခက်ခဲတယ်ဟဲ့ သိလား... "
" ဒါဆို စီးဦးမယ်ပေါ့ "
" အင်း နင့်ငါ့ကို မောင်လို့ ညာမခေါ်ခိုင်းရင်၊ သင်နေတုန်း လက်လွှတ်မချရင် နောင်နေ့ဆက်သင်မယ်၊ ယွန်းစီးကိုစီးတက်စေရမယ် ကြည့်နေ "
" ဟွင်း... စဥ်းစဥ်းစားစားလည်းပြော၊ ငါ့နာမည်က မြတ်သောမောင်၊ ပြီးတော့ အခု ငါက နင့်ဆရာ ငါ့ကြိုက်သလို ခေါ်ခိုင်းမှာပေါ့ "
" အဟွန်း... စျေးကိုင်လိုက်တာနော် "
" ဒါဆို နင်မြန်မြန်စီးတက်အောင်လုပ်ပေါ့ "
" ယွန်းကို နင်နဲ့ငါနဲ့ မပြောနဲ့၊ မောင်လို့ အခေါ်ခံချင်ရင် ယွန်းကို မမ လို့ခေါ်ရမယ် မဟုတ်ရင် ခေါ်နိုင်ဘူး... စကိတ်စီးလည်းမသင်ဘူး ပေါက်တယ်နော် "
" တော်တော် အကြီးဖြစ်ချင်တယ်ပေါ့ "
" တော်တော် 'မောင်'အခေါ်ခံချင်တယ်ပေါ့ "
" ကောင်းပြီလေ၊ အပြန်အလှန်ပေါ့ "
" ok "
ဒီနေ့က မေမေတို့ပြောပြောနေကျ ရက်ရာဇာလားတော့မသိ၊ တွေ့တိုင်း အမြီးအမောက် မတည့် ရန်ဖြစ်နေကြ နှစ်ယောက်က သည်တစ်ခါမှာတော့ အကြောတည့်၍နေသည်။ ဘယ်နှစ်ရက်ခံမည်မသိ။
" ဘယ်နှနာရီရှိပြီလဲ "
" ၅ နာရီလောက်ရှိပြီထင်တယ် "
" ဟုတ်လား... ဒါဆိုပြန်မှ၊ ကိုကို့ကို သွားနှုတ်ဆက်လိုက်ဦးမယ် တာ့တာ "
ပန်းယွန်းတေဇသည် သူ့အား လက်ပြနှုတ်ဆက်သွား၍ သူတို့အိမ်ဘက် ပြေးထွက်သွားလေသည်။ သူကတော့ အိမ်ရှေ့မှာ ငူငူကြီးရပ်ကျန်ရင်း နှုတ်ခမ်းတင်းတင်းစေ့၍ ဆွေးမြည့်သောမျက်ဝန်းတစ်စုံကိုသာ ဖက်တွယ်အဖော်ပြုလျက်...။
°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°🌺🌺
အပိုင်း(၄) ဆက်ရန် >>>
#Ruby Linn
Please, tell me your favorite color.