book

Index 27

အပိုင်း(၂၇)ဇာတ်သိမ်းပိုင်း

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


-------------------------------


ရန်ကုန်မြေနင်းလိုက်ရသည်နှင့် ရင်တစ်ခုလုံးကိုဗြောင်းဆန်ကုန်တော့သည်။ ချစ်သူ့ဆီကိုအတောင်ပံဖြန့်လို့သွားချင်တယ် ... ဆိုတဲ့သီချင်းစာသားလေးလို အခုတင်ပြေးလွှားရောက်ရှိချင်နေခဲ့ပြီ။ ဆီပြောင်လက်နေတဲ့ဆံပင်ကိုလည်း လက်နဲ့မကြာခဏပွတ်သပ်မိရဲ့ ။ ခြောက်ကပ်ကပ်ဖြစ်နေတဲ့နှုတ်ခမ်းတွေကိုလည်း လျှာနဲ့သပ်မိပြန်သည်။ အန်တီမျိုးဆီိရောက်တာနဲ့ အိတ်ချပြီး စောလျင်နေတဲ့စိတ်ကိုခွင့်ပြုချက်လက်မှတ်ထုတ်ပေးလိုက်တော့...


"မေမေ ရန်ကုန်မှာရှိတဲ့ဦးသတိုးတို့ရဲ့အိမ်ကိုသိတယ်မဟုတ်လား ... သားကိုလိပ်စာပြောပြပါလား "


"အေး အဲ နောက်ရက်မှအတူသွားကြမယ်လေ ... ဘာတွေအလောကြီးနေတာလဲ ခုမှရောက်တာကို "


"သားယွန်းလေးနဲ့အရေးတကြီးကိစ္စရှိလို့ပါမေမေရာ... သိတယ်ဆိုလည်းပြောစမ်းပါနော်မေမေ "


စိတ်တွေလောပြီးအတင်းတောင်းနေတော့ မေမေလိပ်စာပြောပြပါသည်။ အန်တီမျိုးကတော့ သိနေတယ်ဆိုတဲ့ပုံစံနဲ့ ပြုံးတုံ့တုံ့လုပ်နေလေရဲ့ ...။ 


"ကားယူသွားတိမ်ယံ ... ဟိုအံဆွဲထဲမှာကားသော့ရှိတယ် "


"ကျေးဇူးအန်တီ ...ခဏပဲနော်မေမေ သားပြန်လာမှာ "


ကသုတ်ကယက်နဲ့နှုတ်ဆက်သွားတဲ့သားကို ဒေါ်မြတ်လေးဟန် နားမလည်ဟန်ပုံလေးနဲ့ရှိနေတုန်း ဒေါ်မျိုးမျိုး အသံထွက်၍တစ်ချက်ရယ်လိုက်တော့ လှည့်ကြည့်လာ၏။


"အမျိုး ... ငါ့သားဘာတွေဖြစ်သွားတာလဲ ပြောတော့ဖြင့် အန်တီမျိုးဆီသွားလည်မယ်ပြောပြီး ရောက်တာနဲ့ ဖင်ပူအောင်တောင်မထိုင်ဘူး ထွက်သွားတယ်ကြည့် ..."


"မမြတ်ကသာမသိတာ ကျွန်မဖြင့်သိပါ့ ... မမြတ်သားဘယ်လိုအကွက်တွေနဲ့ရွှေ့နေတယ်ဆိုတာ ၊ ကဲပါလေ ရောက်တုန်းတော့ခပ်ကြာကြာနေရမယ်နော်မမြတ် "


"အင်းပါအမျိုးရယ် နေမှာပါ သားကြီးက ကလောက မောင်လှထွတ် ဦးထွန်းတို့နဲ့ သားငယ်ကိုသူ့အလုပ်လွှဲထားပေးခဲ့တယ်လေ ... ခဏခဏမလာအားတော့ လာလည်ဖြစ်တုန်းလေး ကြာကြာနေရအောင်တဲ့ "


"အဟင်းဟင်း...  ဟုတ်တာပေါ့ ခဏလေးနဲ့ပြန်ရင်လည်း မျိုးကမလွှတ်ပါဘူးနော် မျိုးခင်ပွန်းကတော့ညနေမှပြန်ရောက်မယ် မမြတ်နားဦးလေ ..."


အိတ်တွေကိုသယ်ပြီး အခန်းထဲဝင်နားလိုက်သည်။ အသက်ရလာတော့ ပင်ပန်းတတ်နေပြီ။ အိတ်ကလေးတောင် အထဲထည့်ပေးမသွားတဲ့တိမ်ယံခကိုစိတ်ဆိုးစွာ... 


"ကောင်စုတ်လေး မအေကိုရောက်တာနဲ့ထားခဲ့တယ် ... ဘာတွေများအရေးကြီးလို့ အိတ်တွေတောင်နေရာချမပေးသွားရတာလဲ "


°°°°°°°


"ဧည့်သည်ရောက်နေပါတယ်မလိပ်ပြာ "


ခြံစောင့်လာပြောနေတုန်း နောက်ကနေတိမ်ယံခရောက်လာသည်။ ခုပဲပတ်တီးအသစ်လဲပြီးလို့ ဆေးဘူးသိမ်းနေတဲ့သူမ တိမ်ယံခကိုမြင်တာနဲ့ ဝမ်းသာအားရနဲ့ ... 


"ဟယ် တိမ်ယံ လာလေသား ... ကလောပြန်သွားတာမဟုတ်ဘူးလား "


"ပြန်လာတာပါ အန်တီမျိုးဆီ မေမေနဲ့အလည်လာတဲ့သဘောပေါ့၊ အလုပ်ကိစ္စတော့မရှိပါဘူး "


"မမြတ်ရောမပါဘူးလား "


ဦးသတိုးက ခေါင်းကိုအသာဖိပြီး ဆိုဖာမှာခပ်လျော့လျော့မှီထိုင်ရင်းမေးလေသည်။ အန်တီလိပ်ပြာကလည်း နောက်ကိုငဲ့ပြီးကြည့်နေ၏။ 


"မပါဘူးခင်ဗျ ... ခုပဲရောက်တာဆိုတော့ မေမေနားကျန်ခဲ့တာပါ ၊ ကျွန်တော်ကတော့ အရေးကြီးကိစ္စရှိလို့ လာလိုက်တာပါ "


ထိုင်ခုံမှာလည်းဝင်မထိုင်ဘဲ မတ်တပ်ရပ်လျက်နဲ့ ယွန်းကိုမျက်လုံးဝေ့ရှာလိုက်သည်။ အန်တီလိပ်ပြာထိုင်ခိုင်းနေတာကိုပင် မထိုင်ဘဲ လက်နှစ်ဖက်ကိုရှေ့မှာယှက်သမ်းပြီး... 


" ကျွန်တော် ယွန်းလေးကိုပြောစရာစကားရှိလို့ပါ ဦးလေးနဲ့အန်တီကိုလည်း တစ်ခါတည်းသိစေချင်ပါတယ် ... ဒါနဲ့ ယွန်းဘယ်မှာလဲဟင် "


"သမီးကထမင်းစားနေတာကွဲ့ ... ခဏလေး အန်တီသွားခေါ်ပေးမယ် "


အန်တီလိပ်ပြာ ထထွက်သွားတော့ ဦးသတိုးကသူ့အားစိုက်ကြည့်နေသည်။ တည်ကြည်လွန်းတဲ့မျက်နှာမှာ နှုတ်ခမ်းသားကိုတင်းတင်းစေ့ထားတော့ ရင်ထိတ်စရာ ... ၊ အကြည့်လွှဲလိုက်စဉ် အန်တီလိပ်ပြာအနောက်ကပါလာတဲ့ယွန်းကိုမြင်တော့ ပြုံးယောင်လေးသမ်းသွားမိသည်။ မျက်လုံးကလေးမှိတ်တုတ်မှိတ်တုတ်နဲ့ သူ့ကိုကြည့်နေတာကြောင့်လည်း အသည်းယားသွား၏။


"ဟို ...  ဦးလေးနဲ့အန်တီရှေ့မှာပဲ ကျွန်တော်ယွန်းလေးကိုရင်ဖွင့်စရာရှိလို့ပါ ၊ နောက်မှသိရတာမျိုးမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းနဲ့ မျက်နှာချင်းဆိုင်ချင်လို့ပါ "


"မင်းဘာကိုအဓိကပြောချင်တာလဲ "


စိတ်မရှည်တော့တဲ့ဦးသတိုးကြောင့် တံတွေးတစ်ချက်မြို မျက်လုံးနှစ်ဖက်ကိုစုံမှိတ်ချလိုက်ရင်း... 


"ကျွန်တော်ယွန်းလေးကိုချစ်တယ်လို့ပြောချင်တာပါ "


"ဟမ် "


"ဟေ"


ပါးစပ်တွေဟောင်းလောင်းနဲ့အံ့အားသင့်ကုန်ကြသည်။ အားလုံးကိုဝေ့ဝဲကြည့်ရင်း သူ့အကြည့်တွေက ယွန်းထံ၌သာတည်သွား၏။ မျက်နှာတစ်ပြင်လုံးနီနီရဲသွားတဲ့ယွန်းသည် ဂါဝန်စကိုဆုပ်ကိုင်ပြီး အောက်နှုတ်ခမ်းလေးကိုကိုက်လျက် ခေါင်းငုံ့နေ၏။


" ညီနဲ့စေ့စပ်မဲ့မိန်းကလေးအဖြစ်မရှိခင်ကတည်းက ကျွန်တော်ယွန်းလေးကိုချစ်တဲ့စိတ်ဖြစ်မိတာပါ ... သူငယ်သေးတော့ကျွန်တော်မျိုသိပ်ထားခဲ့တာပါ အခုမှပြောတာကလည်း ညီနဲ့ ဟို အဲ့ဒါ "


"သိပြီသိပြီ ... အခု ဦးတို့ရှေ့မှာတင် ဒီစကားပြောတယ်ဆိုတော့ ဦးတို့ကိုအသိအမှတ်ပြုအလေးထားမှန်းသိပါတယ် ဒါပေမဲ့ မင်းဟာမလွန်လွန်းဘူးလား ဖအေရှေ့သမီးကိုရည်းစားစကားပြောတာကတော့ကွာ မင်းဟာအဆန်းပဲ "


ဆန်းသွားသလား ။ သူမသိတော့ ... ၊ တစ်ခါတည်းအားလုံးကိုကြေညာချင်ခဲ့တာက သူ့ရင်ထဲကခံစားချက်ကို ယွန်းလေးမိဘတွေယုံကြည်စေချင်လို့ပါ။ ညီနဲ့စေ့စပ်ဖို့လည်းပြောထားဖူးတာမို့ ညီတစ်လှည့် အစ်ကိုတစ်မျိုးနဲ့ သူတို့သမီးကိုဆော့ကစားနေတယ် ထင်သွားမှာလည်းစိုးသည်။ သူ့မေတ္တာကို ယွန်းလေးတင်မဟုတ် ဦးသတိုးတို့ပါယုံစေ့ချင်၏။

မှားသွားပြီလား လို့ တွေးနေတဲ့သူ့မျက်နှာပျက်ပျက်ကြီးကိုကြည့်ပြီး ဦးသတိုးထရယ်တော့ သူအနေခက်သွားရသည်။


"အဟင်းဟင်း ... သိပ်လည်းစိုးရိမ်ပုံပြမနေပါနဲ့ကွာ လူရင်းတွေပဲ မင်းဘက်ကပွင့်လင်းတာကို ဦးသဘောကျပါတယ် ပွင့်လင်းသင့်တာတောင်ကြာပြီမဟုတ်လား၊ ဦးတို့လင်မယားကတော့အထူးပြောစရာမရှိဘူး ဘေဘီလက်ခံရင်ဖြစ်တယ် ကဲ ဘေဘ်ီ ... ဟင် ဘယ်ရောက်သွားတုန်း "


ယွန်းမရှိတော့ ...၊ ယွန်းဘက်ကသူ့ကိုလက်မခံနိုင်တာများလား ဒါမှမဟုတ် မိဘတွေရှေ့အရိုအသေတန်အောင်ပြောခဲ့မိသွားတာလား။ မျှော်လင့်ချက်တွေချက်ချင်းမဲ့သွားတဲ့အချိန် ဦးသတိုးကပြုံးစစနဲ့ အနောက်ကလိုက်သွားဖို့ ဟန်ပြသည်။ 


"ဦးလေး ကျွန်တော်လောသွားတာလား ... ဦးလေးတို့ရှေ့မှာပြောမိလို့များ ယွန်းလေးက "


"ဘာမှမဖြစ်ဘူး မင်းမှန်တယ် ... သွား လိုက်သွားချည်၊ ဦးသမီးအကြောင်းဦးအသိဆုံး လိုက်သာသွားအဆင်ပြေတယ် "


အန်တီလိပ်ပြာ ဦးသတိုးပေါင်ကိုလိမ်ဆွဲတာ သူမြင်လိုက်ရသည်။ သို့သော် မသိချင်ယောင်ဆောင်ပြီး ယွန်းလေးအနောက်လိုက်သွားလိုက်သည်။


"ရှင်ဘယ်လိုဖြစ်လို့ အတင်းကာရောပြောနေတာလဲ မွေးထားတာမိန်းကလေးနော် ကျွန်မသမီးစျေးကျအောင်မလုပ်နဲ့ "


"ဟ ကိုယ်ဘာပြောလို့လဲ ... လိုက်သွားလ်ို့ပဲပြောတာပါကွာ မင်းမလဲ ၊ ကိုယ့်အတွက်အရေးကြီးတာ ကိုယ့်သမီးရဲ့ပျော်ရွှင်မှုပဲ တခြားဘာမှထည့်မတွက်ဘူး အခုဒီကောင် ရောက်လာပြီးပြောလို့ မပြောရင်လည်းကိုယ်တိုင်သွားတောင်းပြ်ီးပေးစားပစ်မှာဗျာ "


"ပြောလေကဲလေ "


"အ နာတယ်နော် ဒီမှာဒဏ်ရာကြီးနဲ့ကွ "


"ခေါင်းကဒဏ်ရာနဲ့ ကျွန်မဆိတ်တဲ့ပေါင်နဲ့အဝေးကြီး "


ဇနီးသည်ကိုသိုင်းဖက်လိုက်ပြီး အဝေးသို့မျှော်ငေးကာ တွေးတွေးစစလေးလေးနက်နက်နဲ့... 


"ကိုယ့်ဘဝကမင်းသိတဲ့အတိုင်းပဲလေ ငယ်ငယ်ကတည်းကအချစ်ဆိုတာနဲ့စိမ်းခဲ့တယ် ဒါ့ကြောင့် ကိုယ်ဟာစိတ်ကြမ်းတဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရတယ် ... မင်းနဲ့တွေ့မှအချစ်ဆိုတာ နူးညံ့ခြင်း ပျော်ရွှင်ခြင်းဆိုတာတွေပေးတတ်မှန်းကိုယ်သိလိုက်ရတယ်၊ မင်းနဲ့လက်ထပ်ပြီးပျော်ရွှင်တဲ့ဘဝကို ကိုယ်ရခဲ့တယ် ၊ ဒီလိုပဲ သမီးကိုလည်းရစေချင်တယ် ပျော်ရွှင်စေချင်တယ် သမီးစိတ်ကိုကိုယ်သိတယ် အစွဲအလမ်းကြီးသလောက်စိတ်တည်တဲ့ကလေး အဲ့ဒါ ကိုယ်နဲ့တူတာ ...  မင်းတွေးကြည့်စမ်းပါမိန်းမရယ် ကိုယ်တို့သမီးမှာမိဘအသိုင်းအဝိုင်း ငွေကြေး ပညာရေး အားလုံးပြီးပြည့်စုံတယ် လိုနေတာက ချစ်ခြင်းတစ်ခုပဲ သူချစ်နေတဲ့သူကို ကိုယ်လက်ခံပေးချင်တယ် သမီးလက်ထဲကိုထည့်ပေးချင်တယ် ... ဖအေတစ်ယောက်လုပ်သင့်တာမလုပ်သင့်တာကိုယ်မသိဘူး ကိုယ်သိတာ ကိုယ့်သမီးတစ်မျက်နှာပဲ ... နားလည်တယ်မဟုတ်လားဟင် "


"အင်း လိပ်ပြာသိပါတယ် ... သမီးအတွက်ရှင်ကဖခင်ကောင်းတစ်ယောက်ပါ ၊ တိမ်ယံ့ဘက်ကသဘောထားအမှန်ကိုထုတ်ပြလိုက်တာနဲ့ပဲ လိပ်ပြာကျေနပ်ပါပြီ မဟုတ်ရင် အတင်းသမက်ဖမ်းမဲ့သူကြီးလုပ်နေဦးမှာရှင်က "


"အဟားဟား ... ငါ့မိန်းမကတော့လေ... ၊ 

ခု ဖမ်းစရာမလိုတော့ဘူး ပေးဖို့ပဲရှိတော့တယ်မဟုတ်လား မင်းသမီးစျေးမကျတော့ဘူး တက်စျေးနဲ့ချိတ်သွားပြီ "


မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကို လိပ်ပြာကမြင့်တင်ချင်သည်။ သူကတော့ သမီးမျက်နှာကိုသာကြည့်ချင်သည်။ သမီးအတွက်သမက်တောင်းမယ် ဆိုတာသည် တကယ်တမ်းစိတ်ကူးမရှိပါ ။ သူ မသိရိုးလား ... ဒီလိုလုပ်ရင် ကိုယ့်သမီးဘက်ကနာရမယ်ဆိုတာ ...။ဒါပေမဲ့ သမီးကိုစျေးကျမယ်ချည်ပြောနေတဲ့လိပ်ပြာကြောင့် တမင်စနောက်ပြောလိုက်တာဖြစ်သည်။ 

ဒီဖအေက ဒီသမီးမျက်နှာငယ်အောင်လုပ်မယ်လို့များ တကယ်ထင်နေသလားမသိ။ ဒီကြားထဲ ကိုယ့်သိက္ခာပါကျနိုင်တဲ့ကိစ္စ ။ သတိုးတေဇတို့သမက်သွားတောင်းတယ်လို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားနိုင်တာ မတွေးမိဘဲနေမလား ။ နားရွက်သေးသေးခေါင်းလေးလေးနဲ့ ဒီမိန်းမက လူမူရေးလည်းမသိ စီးပွားရေးတွက်လည်းမတွက်တတ်။ 

သမီးနဲ့ကိုယ့်ကို တုန်နေအောင်ချစ်ပေးတာလေးခံနေလို့ ... မဟုတ်ရင် မလွယ်ဘူးမှတ် ။


°°°°°°°°


"ရော့ အသည်း ရော့ နှလုံး ရော့ အူ"


ပန်းကန်ထဲ ပဲကြော်တွေခပ်ထည့်ပေးရင်း တကယ်တမ်းပြောနေတာက မဟုတ်မဟတ်တွေ ။ ယွန်း ထမင်းဝါးရင်း သူ့ကိုစိုက်ကြည့်နေမိ၏။ သူကတော့ ယွန်းကြည့်တာ သတိမထားဘဲ ပဲကြော်စိလေးတွေကိုသာ ခပ်ခပ်ထည့်ပေး၏။ ပါးစပ်ကလည်း စားစား ဆိုတာချည်းပဲ ။


"ဘာဖြစ်နေတာလဲ ပဲတွေကိုသူများပန်းကန်ထဲအများကြီးလျှောက်ထည့်နေတယ် "


"ပဲလား မသိပါဘူး အသည်းတွေအမြစ်တွေအူလေးတွေပဲအောက်မေ့တာ "


ယွန်း ခေါင်းကုပ်တော့ သူရယ်ပြီး ယွန်းလက်တစ်ဖက်ကိုဆတ်ခနဲဆွဲယူလိုက်သည်။ ယွန်းမျက်လုံးလေးပြူးပြီးသာ ရှိချေတော့၏။


"လက်ကလည်းအေးစက်နေလိုက်တာ ဘာလဲ ကိုကိုချစ်တယ်ပြောလိုက်လို့လား ... ကိုကို့ကိုမချစ်နိုင်ဘူးလားဟင် ၊ ကိုကိုမလိမ်ပါဘူး တကယ်ချစ်တာပါ ကားထဲအတူရှိနေတုန်းကတောင် မျိုသိပ်ထားတာတွေပွင့်ထွက်ကုန်တော့မလို့ မနည်းချုပ်တီးလိုက်ရတာ ... ညီပြောပြလို့သာ ယွန်းတို့ချစ်သူတွေမဟုတ်မှန်းသိရတာ "


"တစ်လျှောက်လုံးအဲ့လိုပဲထင်လာတာမဟုတ်လား ... မျိုသိပ်ထားပေါ့"


" ဒီရုပ်ကိုလည်းကြည့်ပါဦး အသဲအသန်ဖြစ်နေတာ ဘယ်လိုဆက်မျိုသိပ်နိုင်ပါတော့မလဲကွာ ... မင်းကိုချစ်တယ် အရမ်းချစ်တယ် အတူနေချင်ပြီ "


"ဟမ် ခုပဲဖွင့်ပြောခုပဲလက်ထပ်လို့ဖြစ်မလား ... ယွန်းဘွဲ့ရပြီးမှပေါ့လို့ "


"ဒါဆိုချစ်တယ်ပေါ့နော် ဟုတ်လား ယွန်းလေးသာချစ်တယ်ပဲပြောလိုက် ကိုကိုစောင့်နိုင်ပါတယ် "


ယွန်းရင်တွေတလှပ်လှပ်ခုန်ပြီး ထမင်းဆက်စားလို့တောင်မရ ။ ဗိုက်ဆာတာတောင်ပျောက်သွားသည်။ စာမူတွေနဲ့ ကာဗာဒီဇိုင်းက ခုမှအချောသတ်ပြီးသွားတာမို့ ဆာဆာနဲ့စားနေတာပါ ။ ကိုကိုရောက်လာပြီး ချစ်တယ်ပြောလိုက်မှပဲ ရင်တုန်ပြီးစားမဝင်တော့တာ ...။ ရှက်ရှက်နဲ့ခေါင်းကိုငုံ့ထားတာကို ကိုကိုကမေးဖျားကနေဆွဲမယူပြီး နှဖူးကိုဖျတ်ခနဲနမ်းသည်။ ပြီးနောက် မျက်လုံးကိုဖိသိပ်နမ်းသည်။ ယွန်းကြောင်နနလေးဖြစ်နေတာကိုအခွင့်ကောင်းယူပြီး ဟင်းနံ့စွဲနေတဲ့နှုတ်ခမ်းသားလေးကို နမ်းရှိုက်လိုက်ပါတော့သည်။


"ချစ်လိုက်တာကလေးရယ် "


"အို ကိုကိုနော် "


အတင်းဖက်ဖို့ကြိုးစားတာနဲ့ ယွန်းဇွန်းချပြီးပြေးထွက်လာခဲ့မိတော့သည်။ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်လေးဖြစ်နေပြီး ပေါက်ကွဲတော့မတတ် ရင်ခုန်သံတွေကိုပြန်ကြားရင်း ရှက်ပြီးရင်းရှက်နေမိပါတော့၏။


°°°°°°


နောက်ရက် အိမ်ရောက်သွားတော့မှ တိမ်ယံခအကြောင်းကို ဒေါ်မြတ်လေးဟန်သိရတော့သည်။ သားကြီးအတွက်လည်းရင်ထဲစိတ်မကောင်းဖြစ်သွားရသလို သားငယ်ရဲ့လိမ်ညာခဲ့မှုအပေါ်လည်းစိတ်ဆိုးချင်သည်။ ဒါ လိမ်စရာကိစ္စလား ... ကိုသတိုးသာသိရင် သားငယ်တော့လွယ်မှာမဟုတ် ။ 


လူကြီးတွေအောက်မှာစကားပြောနေကြတုန်း လူငယ်တွေကတော့ အခန်းထဲတွတ်ထိုးနေကြသည်။ ဦးသတိုး ဖင်တကြွကြွနဲ့ မနေနိုင်မထိုင်နိုင်စွာ ခဏဆိုပြီး ထထွက်လာ၏။


"ဒေါက်ဒေါက် "....


"ဘေဘီရေ တံခါးဖွင့်ဦး "


"ဟုတ်ပါပါး "


တံခါးဟလာပေမဲ့ တိမ်ယံကထိုင်ရာကမထ ဘာတွေငုံ့ဖတ်နေသလဲမသိ။ သူ မျက်ခုံးကျုံ့ပြီး ဘုကြည့်ကြည့်ကာ ...


"အဟမ်း ... အပြင်ထွက်နေကြလေ ... ၊ လက်မထပ်ရသေးဘဲ အခန်းထဲအတူမရှိသင့်ဘူးလေ"


ဒီလိုပြောတာနဲ့ နှစ်ယောက်သားဖင်ကုပ်ခေါင်းကုပ်နဲ့ထွက်လာကြတော့သည်။ ခုမှကျေနပ်စိတ်ချသွားတဲ့မျက်နှာနဲ့ထွက်သွားတဲ့ဦးသတိုးကိုကြည့်ပြီိး... 


"တွေ့လား ယွန်းလေးအဖေ အူတိုနေတာကွ အသိသာကြီး ... လူကိုမယုံသလိုလိုနဲ့အပြင်ထွက်ခိုင်းတယ် အဲ့ဒါကောင်းသလား "


"ကောင်းသားပဲ "


ယွန်း သူ့စကားကို ပြက်ရယ်ပြုလိုက်တော့ နောက်ကနေ တင်းနေအောင်ဖက်ပြီး ကောင်းချင်ဦး လ်ို့ ဆိုကာ ဂုတ်ပိုးလေးကိုဖိဖိပြီးမွှတ်သိပ်စွာနမ်းရှိုက်ပစ်လိုက်လေသည်။ ယားလွန်းလို့ တခစ်ခစ်နဲ့ရယ်မိသည်အထိ သူ ယွန်းအပေါ် နိုင်စားနေလေတော့သည်။


°°°°°°°


မြတ်သောမောင် ဇွဲကောင်းမှုနဲ့တောင် မြတ်နိုးရာရဲ့အချစ်ကိုမရသေး ။ ကောင်မလေးက အရူးကွက်နင်းပြီး ရှောင်ရှောင်ထွက်သွားတာများသည်။ ဒီလိုပေမဲ့ စိတ်လျော့စရာတော့မရှိ။ သူမလေးအစ်မကလည်း ကိုယ့်ကိုမကျေနပ်တာနဲ့ ညီမကိုဘာတွေသွေးထိုးသလဲမပြောတတ်။ ကိုကို့မင်္ဂလာပွဲကိုတောင် စုံတွဲမတတ်နိုင်တော့ ...။ 


ကျောင်းပြီးသည်အထိ စောင့်ခဲ့ရတာကို ကိုကိုတစ်ယောက်သည်းသည်းလှုပ်လျက်ပျာလောင်ခတ်ရှိနေ၏။ ဘွဲ့ယူပြီးပြီးချင်းလက်ထပ်ချင်နေတာကို ယွန်းကပန်းချီပြပွဲတစ်ပွဲမှာ သူ့လက်ရာတွေချပြချင်တယ်ဆိုပြီး အချိန်ဆွဲထားလို့ စိတ်ညစ်ပြီးရင်ဖွင့်ခဲ့သေးသည်။ 


"ယွန်းလေးက ကိုကို့ကိုတကယ်မချစ်ဘူးထင်တယ် " တဲ့ ။ ယွန်းကသူလုပ်ချင်တာတွေလုပ်ပြီးတော့ လက်ထပ်ဖို့စကားစသည်နှင့် ကိုကိုအပျော်ကြီးပျော်ကာ လက်ထပ်ပွဲကိုအမြန်စီစဉ်လေသည်။ ကိုကိုချစ်တဲ့ယွန်း ယွန်းချစ်တဲ့ကိုကို တို့နှစ်ယောက် ပေါင်းဖက်သွားခြင်းအတွက် သူဝမ်းသာမိသည်။ ကြားထဲကလူကြမ်းလုပ်ခဲ့မိတာကိုလည်း နောင်တရမိ၏။ 


မင်္ဂလာပွဲတစ်ခုလုံးကိုပန်းရောင်တွေနဲ့ချည်းပြင်ဆင်ထားသည်။ ဒါဟာ ယွန်းလေးအကြိုက်ပဲဖြစ်၏။ သတို့သမီးဝတ်စုံလေးနဲ့ ကြွရွနေအောင်လှတဲ့သူမအလှမှာ တိမ်ယံမင်သက်ရှုမောဖြစ်နေရသည်။ တိတ်တခိုးချစ်ခဲ့ရတဲ့ကလေးမလေးကို အမှန်တကယ်ပိုင်ဆိုင်လိုက်ရတာဟာ အ်ိပ်မက်မက်နေသလားထင်ဖွယ်ရာဖြစ်နေရသည်။ ယွန်းမခို့တရို့နဲ့သူ့ကိုမော့ကြည့်တိုင်း ရိုးရာမပြတ်တဲ့သူ့ရင်ဘတ်တစ်ခြမ်းက တဒိတ်ဒိတ်ခုန်ရ၏။ စည်ကားသိုက်မြိုက်တဲ့မင်္ဂလာပွဲလေး ဖော်ဆောင်လိုက်ရခြင်းအတွက် ယွန်းလေးဘယ်တော့မှနောင်တမရစေရပါ ။ 

သူ့အချစ်တွေနဲ့ငြိမ်းချမ်းနေချင်သည်။


"ကိုကို ယွန်းကိုကြယ်သီးဖြုတ်ပေးဦး အသက်ရှူတောင်ကျပ်လာပြီ "


မင်္ဂလာဦးအခန်းထဲရောက်ရောက်ချင်း ခန္ဓာကိုယ်နဲ့ကွက်တိကျနေတဲ့ဝတ်စုံကိုချွတ်ဖို့ကြိုးစားနေလေသည်။ အသက်တွေလည်းပြင်းပြင်းရှူနေတာမို့ စိုးရိမ်သွားရကာ... 


"ဒီလောက်တောင်လားကွာ ကျပ်တာကိုအကြာကြီးဝတ်ထားစရာလား ... အဝတ်လဲပြီးဧည့်ခံလို့လည်းဖြစ်ရဲ့သားနဲ့ "


"ဟာ တစ်သက်မှာတစ်ခါပဲ သတို့သမီးဝတ်စုံဝတ်ရတာ ယွန်းမချွတ်ချင်ပါဘူး ... ဟူး ခုမှပဲ အသက်ဝဝရှူလို့ရတော့တယ် အဟင်း "


ကြယ်သီးလေးတွေပြုတ်ကုန်တဲ့အတွက် ကျောပြင်မှာပြောင်စင်လေးဖြစ်နေသည်။ သူငေးခနဲဖြစ်သွားပြီးစိတ်မထိန်းနိုင်စွာ နမ်းရှိုက်ပစ်လိုက်တော့ ချက်ချင်းမျက်နှာချင်းဆိုင်လှည့်ကာ ရှက်ပြီးခေါင်းကိုတွင်တွင်ငုံ့ထားလေသည်။ ပြီးနောက် အနားကနေထွက်သွားတော့မဲ့သူမလေးကို လက်ကလေးလှမ်းဆွဲလိုက်ရာ... 


"အား ... ဘယ်လိုလုပ်လိုက်တာလဲ"


အိပ်ရာပေါ်လုံးထွေးကျသွားတာ အတင်းကုန်းထကာ ရမ်းနေသည်။ သူချစ်ခြင်းတွေပြည့်နေတဲ့မျက်ဝန်းနဲ့ ရွန်းရွှန်းစားစားကြည့်ရင်း ရယ်ပြုံးမိသည်။ သူရယ်လေ သူမလေးပိုရှက်လေ ...။ 


"ထွက်ပြေးတယ်ထင်လို့ ဖမ်းဆွဲလိုက်တာပါ ခုကအစောကြီးရှိသေးတာ ဘာလုပ်ရဦးမှာလဲ "


"ဟာ ... "


"ဟာရင် တစ်ခုခုစားမလား "


"ကြည့် ..."


"ကြည့်နေတာပဲလေ ကိုကို့မိန်းမကို ... ကြည့်လို့တောင်မဝဘူး "


"ဟော ..."


"ဗေဒင်ဆရာမဟုတ်ဘူးကလေးမရေ မဟောတတ်ဘူး ချစ်ပဲချစ်တတ်တာ "


ခါးကနေသိုင်းဖက်လိုက်ပြီး ဗိုက်သားနေရာလေးကိုမျက်နှာနဲ့ဖိကပ်လိုက်သည်။ ယွန်းကတော့ သူ့ကျောပြင်လေးကိုခပ်ဖွဖွထုရင်း... 


"သူများစကားကိုဆုံးအောင်မပြောရဘူး ... ဖြတ်ဖြတ်ပြီးဘာတွေပြောမှန်းကိုမသိဘူး "


ခါးကနေသိုင်းဖက်ထားရင်းက ပေါင်ပေါ်ဆွဲတင်လိုက်သည် ။ သူမမျက်နှာလေးအနှံ့နမ်းရှိုက်ရင်း အူတွေအသည်းတွေယားကာ အိပ်ရာပေါ်သို့ဆွဲလှဲပြီး မျက်နှာနှစ်ခုနီးကပ်အောင် တိုးနေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။


"ဒေါက် ဒေါက် "...


"ဘေဘီရေ တိမ်ယံ ... ထွက်ခဲ့ကြဦးလေ ဧည့်သည်တွေပြန်တော့မယ်တဲ့ ထွက်နှုတ်ဆက်ကြဦး"


မျက်နှာကြီးရှုံ့မဲ့သွားတဲ့သူ့ကိုကြည့်ပြီး ယွန်းကအသံတိတ်ရယ်သည်။ 


"တွေ့လား လက်မထပ်ခင်တုန်းတစ်မျိုး လက်ထပ်ပြီးလည်းတစ်မျိုးနဲ့ ... တံခါးချည်းလာလာခေါက်နေတယ်နော် "


"ဪ ကိုကိုကလည်း ဧည့်သည်တွေပြန်ခါနီးလို့လာခေါ်တာနေမှာပါ ကြယ်သီးပြန်တပ်ပေးဦး "


ပြန်တပ်ပေးနေပေမဲ့ မျက်နှာကမကြည်မသာ ။ အပြင်ထွက်ခါနီးတော့ ယွန်း ကိုကို့လည်တိုင်ကနေသိုင်းဖက်ပြီး မေးဖျားကိုနမ်းလိုက်၏။ ပြီတီတီမျက်နှာကြီးနဲ့ ပါးထိုးပေးနေတော့ ပါးနှစ်ဖက်ကိုဘယ်ပြန်ညာပြန်နမ်းလိုက်ရသေးသည်။


"ဒေါက် ဒေါက်... "


"ဘေဘီရေ "


"ကြည့် မင်းအဖေ"


"အဟွန်း ထားလိုက်ပါ လာ ပါပါးကဒီလိုပဲလောတတ်တယ် "


လက်ချင်းယှက်ပြီးထွက်လာကြတော့ ဦးသတိုးကသူတို့ကိုလိုက်ကြည့်သည်။ ဧည့်သည်တွေပြန်သွားကြတော့ ယွန်းကိုအနားထိုင်ခိုင်းပြီး ဘာတွေမှာတမ်းခြွေနေသလဲမသိ။ စောင့်နေရတာ ကြာသွားတော့ အန်တီလိပ်ပြာကိုခွင့်တောင်းကာ ယွန်းလက်ကိုဆွဲပြီး ခေါ်လာခဲ့တော့သည်။

နောက်လည်းတွေ့ရမှာကို အနားခေါ်ထားတာ ပုံကျသလား ။ သူများလင်မယားဦိးဖြစ်တဲ့နေ့မှာ အတူတူရှိချင်တာပေါ့ ... သဘောကောင်းတဲ့ယောက္ခမဖြစ်မယ်ထင်တာ ခုတော့မှ အူတိုတဲ့ယောက္ခမ ဖြစ်မှန်းသိရတော့သည်။ 

ဒီည တံခါး လာခေါက်ရဲခေါက်ကြည့် တံခါးဖွင့်မပေးဘူးမှတ် ။


°°°°°


"ယေး ငါ့မိန်းမသိပ်တော်တယ် "


ဗိုက်ကိုရွှတ်ခနဲနမ်းပြီး ဝမ်းသာအားရဆိုသည်။ ကိုယ်ဝန်ရှိနေတာကိုသိရတော့ ယွန်းတို့နှစ်ယောက် အတိုင်းမသိပျော်သွားသည်။ မေမေ့ကိုပြောတော့လည်း မြေးချီရပြီဆိုပြီး ဝမ်းသာနေလေရဲ့ ...။ ပါပါးကတော့ အိမ်မှာမရှိ။ မေမေဝမ်းသာပြီးမစောင့်နိုင်တော့ဘဲ ဖုန်းဆက်ပြောတော့ ...


"ဟ ငါဒီလောက်တံခါးခေါက်ခေါက်ပြီးခေါ်နေတာ ဘယ်အချိန်ကလေးရသလဲကွ " တဲ့ ။


ဒီက သမက်ကလည်း ပြန်ပြောလိုက်ချင်သေးသည်။ 


"အချိန်တွေမှပေါလို့သောလို့ တစ်ဒါဇင်လောက်ယူလိုက်လို့ရတယ်လို့ "


°°°°°°°°°°°°°°°°°°°°°°°°  ပြီးပါပြီ။ 

8:59 PM

(24.3.2022)


#Ruby Linn


rate now: