✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
--------------------
ကော်ဖီခွက်ကိုနှုတ်ခမ်းနားတေ့ရုံရှိသေး မြင်ကွင်းထဲရောက်လာတဲ့ပုံရိပ်လေးကြောင့် ခွက်ကိုပြန်ချထားလိုက်မိသည်။ ကော်ဖီဆိုင်ထဲပြေးဝင်လာတဲ့ကောင်မလေး ဆိုင်တံခါးကွယ်ကနေပုန်းရပ်နေ၏။ နောက်ကလိုက်လာတဲ့အန်တီကြီးကတော့ ကျီးကန်း ကြည့်ပြီး ဆိုင်ထဲဝင်လာလေသည်။
"ကြည့် ဘယ်ပုန်းပြန်တာလဲမသိဘူး ... လူကဖြင့်တက္ကသိုလ်တက်နေပြီ ခုထိပေါတောတောနဲ့စိတ်ထဲရှိရာလုပ်နေတုန်း ... လူကြားအောင်အော်ပြောလည်းမရှက်တတ်မကြောက်တတ်နဲ့ ငါသေသာသေလိုက်ချင်တော့တယ် "
အန်တီကြီးသည်ဆိုင်ရှင်နဲ့သိဟန်တူ၏။ တစ်ဆိုင်လုံးဝေ့ဝိုက်ကြည့်ပြီး ဆိုင်နောက်ဘက်ခန်းထဲသို့ဝင်သွားလေသည်။ ကောင်မလေးမှာ တံခါးအကွယ်ကနေ စားသုံးသူရဲ့နောက်ကိုပြေးပုန်းလိုက်တာဖြင့် လှစ်ခနဲ ။ ဘွင်းဘွင်းရှင်းရှင်းနဲ့ကိုယ့်အိမ်ကိုယ်ယာလိုထင်မှတ်နေပုံပေါက်တဲ့အန်တီကြီးအသံပျောက်သွားတော့ ကောင်မလေး ပြူတစ်ပြူတစ်နဲ့တဖြည်းဖြည်းထကြည့်သည်။ မတွေ့တော့မှ သူမဟုတ်တဲ့အတိုင်း မျက်နှာတည်ကြီးနဲ့ဆိုင်ထဲကထွက်ဖို့ပြင်၏။ အလှည့်မှာ သူ့ကိုမြင်သွားတဲ့ကောင်မလေး အီးခနဲသွားဖြီးသွားပြီး မမြင်ချင်ယောင်ဆောင်ပစ်လေသည်။ ပြီးနောက် ခပ်ကုတ်ကုတ်ထွက်သွားလေတော့သည်။
ကျန်ခဲ့တဲ့သူကတော့ ရင်ဘတ်ထဲဟာလာဟင်းလင်းကိုဖြစ်လို့ ...၊ ကျောင်းတက်ချိန်တုန်းကလည်း ဒီကိုမကြာမကြာပြန်လာတတ်သည်။ သူမလေးအကြောင်းစုံစမ်းသိရှိရသလောက် အင်္ဂလိပ်စာဒုတိယနှစ်တက်ဖို့ရှိနေတယ်လို့သိရသည်။ အဝေးသင်တက်တာမို့ တစ်ဆယ့်နှစ်လမှာ ဆယ်လလောက်ကအိမ်မှာမီးမွှေးနေသူဟုသိလိုက်ရလေသည်။ စိတ်ကဆတ်ပြီး မထင်ရင်မထင်သလိုပြုမူတတ်တဲ့ကောင်မလေးကို တစ်အိမ်လုံးက အပေါမ ဆိုတဲ့ ဘွဲ့ကိုပေးအပ်ထားသည်ဟုဆိုသည်။ ခုလည်း ဘာတွေလုပ်လို့ အန်တီကြီးဒေါသထွက်နေသလဲမသိ။ ကြည့်ရသလောက် မိခင်ပဲဖြစ်လောက်မယ်...
"အချိုရယ် ... ညည်းတူမအပေါမဘက်ကဖာမနေပါနဲ့ ၊ ဘယ်လောက်ဆုံးမမရကိုမရဘူး မနက်ကလည်းကြည့် ဆရာတော်ကျောင်းကို အချိုကပ်ဖို့ ကျောက်ကျောကျိုထားတာ သူ့ကိုအရင်သွားပို့ခိုင်းမိပါတယ်... သီလရှင်ကျောင်းသွားလှူလိုက်သတဲ့ ၊ တရားနာချိန်မှလိုက်သွားတော့ ဘာအချိုပွဲမှရောက်မလာဘူးဆိုလို့ အားချင်းဆိုင်တဆိုင်ဆိုင်ကမုန့်တွေဝယ်လှူလိုက်ရတယ်လေ ... တရားသာနာနေရပေမဲ့ ဒင်းကိုသတ်ချင်နေတာ ခုလည်းပြေးတာပြေးတာဆိုတာ ဒီဆိုင်ထဲဝင်လာတယ်မှတ်တာ ဘယ်ပတ်ပြေးသွားလဲမသိဘူး "
" အကြည်ရယ် ... ကလေးကလွှင့်ပစ်တာမှမဟုတ်တာ သီလရှင်ကျောင်းကိုသွားလှူတာပဲ ဒါလည်းကုသိုလ်မြောက်ပါတယ် "
"တခြားသွားလှူလို့ပြောတာမဟုတ်ပါဘူးဟယ် ဟိုမှာကြိုလျှောက်ထားတာ တရားနာရင်အချိုပွဲလှူမယ်ဆိုတာကို ... ဒါကိုသိရက်နဲ့ဒင်းကမိဘကိုသက်သက်အရှက်ခွဲတာ ပြီိးတော့ ဘာပြောတယ်မှတ်သလဲ မေမေတို့ကပြည့်တဲ့အိုးပဲဖြည့်ချင်တာတဲ့ ဆရာတော့်ကျောင်းကအလှူရှင်တွေမှပေါသောလို့တဲ့လေ ဆရာလေးတွေကျောင်းကျတော့ အလှူရှင်ပါးတယ်ဆိုပဲ ...ခွေးပါးစပ်ကနတ်သံထွက်သေးတယ်လေ မအေကိုသူလှူချင်ရင်လည်းကြိုပြောပေါ့ အခုတော့ သူကအပြစ်တောင်ပြောသေးတာ "
ဆိုင်ရှင်အန်တီကြီးရယ်ပါတော့သည်။အသာကလေးနားထောင်နေတဲ့သူလည်း ပါးစပ်ကိုလက်နဲ့အသာကာပြီးရယ်မိသည်။ ဆိုင်ထဲလည်းလူပါးနေ၍ သူငယ်ချင်းနှစ်ယောက် စကားစမြည်ပြောနေခြင်းသာ။
" တွေ့ရင်ပြန်လွှတ်လိုက်ဦး " လို့ဆိုပြီး ပြန်ထွက်သွားတာ သူတွေ့သည်။ သမီးကြီးကတည်ငြိမ်သလောက် အငယ်မကဆိုးတာကြောင့် တော်တော်ထိန်းရခက်နေပုံပေါက်နေပါသည်။
တာဝန်ယူချင်ပါတယ်လို့သာ အခုနေသွားပြောရင် ချက်ချင်းများ ထိုးထည့်ပေးလေမလား ...။ တစ်ခါက ကိုကိုပြောဖူးတဲ့အချစ်ရဲ့အကြောင်းတွေက မြတ်နိုးရာဆိုတဲ့ကောင်မလေးနဲ့မှ သွားကိုက်ညီနေတာအံ့သြစရာ ။ တစ်ခါလေးဆုံပြီး အမြဲတမ်းစိတ်ထဲစွဲနေတာ မတွေးပဲနဲ့တောင်ဝင်လာတဲ့ပုံရိပ် ... အရာဟူသမျှကသူ့ကိုပြုံးနေစေသည်။
ရန်ကုန်ကို သူမလိုက်သွားတာ အကြောင်းကနှစ်ချက် ။ တစ်ချက်က မြတ်နိုးရာကိုသတိရလို့ပဲဖြစ်ရာ နောက်တစ်ချက်ကတော့ ကိုကိုနဲ့ယွန်းကိုပွင့်လင်းသွားစေချင်၍ဖြစ်သည်။ ခရီးအတူသွားရင် ရင်းနှီးမှုပိုရပြီး ရင်ထဲကစကားတွေလည်းပွင့်အံကုန်မယ်ဆိုတာ သူသိသည်။ ဒါကို ကိုကိုအသုံးချတတ်ရင် ပွဲသိမ်းပြီ။ ဆက်လက်ဟန်ဆောင်ဖုံးကွယ်နေလို့ကတော့ ဒီတစ်သက်မိန်းမရနိုင်ချေမရှိနိုင်တော့ ။
သူငွေရှင်းပြီး ဆိုင်ထဲကထွက်လာတော့ ကောင်မလေး မယောင်မလည်နဲ့သူ့ဆိုင်ကယ်နားလာရပ်လေသည်။ ခပ်တည်တည်နဲ့ပင် မသိသလိုနေတော့ သူ့လက်မောင်းကိုလက်ညိုးနဲ့ထိုးပြီး " မှတ်မိတယ်မဟုတ်လား" တဲ့ ... ။ နေ့ရှ်ိသ၍တမ်းတမိတာ သူမလေးကမသိ ။ ဘာလို့ဒီလိုခံစားနေရသလဲ သူလည်းနားမလည် ။ မိန်းကလေးတွေနဲ့ချစ်သူမဖြစ်ဖူးတာကလွဲရင် လှပေ့ဆိုတာတွေနဲ့တောင် တပူးပူးတတွဲတွဲလုပ်ခဲ့တာ ... ဒီအူကြောင်ကြောင်ချာတိတ်မနဲ့မှ မြတ်သောမောင်တို့စျာန်လျောရတဲ့အဖြစ် ။
မျက်လွှာချပြီး မေးဆတ်ပြလိုက်တာ မှတ်မိတဲ့သဘောဆောင်တာမို့ ကောင်မလေးပြုံးသွားသည်။ လက်နှစ်ဖက်ကိုရိုက်ပြီးထွေးဆုပ်ကာ ...
"ဆိုင်ကယ်နဲ့လိုက်လို့ရလား "
တိုးတိုးလေးမေးလာသည်။ ခေါင်းခါပြလိုက်တော့ လုပ်ပါ တဲ့ ။ ဆက်ခေါင်းခါတော့ အောက်နှုတ်ခမ်းထော်လာပြီး ဘုကြည့်ကြည့်တော့သည်။ သူသိလိုက်ပါပြီ ကောင်မလေးတင်းသွားပြီဆိုတာ...
"မင်းဘယ်သွားမှာမလို့လဲ ... စောစောကမင်းမအေလိုက်ရှာနေတယ်လေ"
" စိတ်ထဲထားမနေနဲ့ လိုက်လို့ပြေးရတာရိုးနေပြီ ... လူကြီးအားတယ်မဟုတ်လား view point ကိုသွားရအောင်လား "
ခခယယလေးမဟုတ်ပေမဲ့ သွက်သွက်လက်လက်လေးတောင်းဆိုနေတာပါ ။ ဒီကတောင် view point တင်မဟုတ်၊ အိမ်ထောင်ထဲအထိခေါ်သွားချင်နေတာ ...။ တွေ့ချင်နေတာတောင် အထူးလိုက်ရှာနေစရာမလိုဘဲ အလိုလိုအနားရောက်လာတာ ထူးတဲ့ကုသိုလ်များလား ...
°°°°°°°°°°
မြို့ဆိုင်းဘုတ်ကိုတောင် ကျော်လာခဲ့ပြီပေမဲ့ စိတ်တွေကတော့ ရန်ကုန်မှာကျန်ရစ်ခဲ့လေသည်။ ယွန်းအနားမှာရစ်ဝဲနေသည်။ ခပ်တန်းတန်းနဲ့သူစိမ်းလိုဆက်ဆံခံရပုံကို အခုမှပိုနာကျင်ရသလို ရင်ဘတ်ထဲကထိုးထိုးနာသည်။ ဦးသတိုးရဲ့မျက်မှောင်ချီပြီးစူးစိုက်ကြည့်တတ်ပုံကိုလည်း ဇောချွေးပြန်ချင်သည်။ ဘာတွေသဘောမတွေ့သလဲ သူမသိ ။ အန်တီလိပ်ပြာကတော့ ပုံမှန်အတိုင်းဆက်ဆံလို့တော်သေးသည်။
"ဟာ ဟေ့ ဘယ်လိုမောင်းလာတာလဲကွ "
ရှေ့ကဆိုင်ကယ်လမ်းဘေးထိုးဆင်းသွားသည်။ ဘေးကလူတွေဝိုင်းအော်ကုန်ပြီ။ အတွေးလွန်သတိလစ်ပြီး မြို့ထဲဝင်လာလိုက်တာ ရှေ့ကဆိုင်ကယ်ကိုတောင် တွေ့လျက်နဲ့မမြင်ဖြစ်သွားသည်။ တော်သေးလို့ဆိုင်ကယ်မမှောက်သွားပေမဲ့ ဆဲရေးထောပနာပြုသံတွေတော့ ပွက်ပွက်ဆူသွားသည်။ ကားတံခါးဖွင့်ကာ လက်အုပ်ချီိတောင်းပန်ပြီး ဆက်မောင်းခဲ့သည်။ အိမ်ရောက်တော့ မေမေကစီိးမေးသည်။ ဦးသတိုးသက်သာကြောင်းကြားတော့ စိတ်အေးသွားပြီး သူ့ကိုနားဖို့ပြောပြီးအနားမရှိတော့ ။ အခန်းထဲရောက်တော့ ခုတင်ပေါ်ကန့်လန့်ဖြတ်လှဲချပြီး မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်သပ်ပစ်လိုက်သည်။ ယွန်းမျက်နှာကိုပဲမြင်နေရတာ သူ့အတွက်တော့အဆင်မပြေ။ မေ့သင့်သည်။ မချစ်သင့်တော့...။
"ကိုကိုရေ ပြန်လာပြီဆို "
ပြောပြောဆိုဆိုဝင်လာတဲ့မြတ်သောကြောင့် ကုန်းထလိုက်သည်။ ညီ့မျက်နှာမြင်ရတိုင်း လိပ်ပြာကမလုံ ။ အကြည့်ချင်းမဆုံချင်လည်းမရ ...။
" ဦးသတိုးနေကောင်းသွားပြီဆို ... ပြန်မလာကြသေးဘူးလား "
"ဒါတော့မသိဘူး ... တကယ်ဆို မင်းလိုက်ခဲ့ဖို့ကောင်းတယ် ယွန်းလေးတို့ကိုအားနာဖို့သိပ်ကောင်းတယ်ကွာ "
"ဘာအားနာစရာရှိလို့လဲကိုကိုရာ ... ကိုကိုသွားတာပဲဥစ္စာ ပြီးပြီပေါ့ ၊ ဘယ်လိုလဲ ယွန်းလေးနဲ့အခြေအနေ "
ဘာကိုမေးမှန်းမသိပေမဲ့ စိတ်ထဲဝင်ရာပြောလိုက်သည်။
"ငိုတာမှတစ်လမ်းလုံးပဲ အန်တီလိပ်ပြာကသက်သာတယ်ပြောမှတိတ်သွားတာပဲ "
မြတ်သော သူ့နှဖူးသူပြန်ရိုက်လိုက်သည်။ သူထင်သလိုပဲ ခုထိရိုးပုံရိုက်လက်လုပ်နေတုန်းပဲမို့ အားလည်းမရတော့သလို စိတ်ထဲလည်းမရိုးမယွဖြစ်လှသည်။
သည်လောက်တောင်မျိုသိပ်နိုင်တာ အံ့သြထိုက်နေပြီ။ ညကြီးမိုးချုပ် မိန်းကလေးတစ်ယောက်နဲ့ခရီးအတူသွားတာ ရင်ခုန်သံတွေပေါက်ကွဲမထွက်ကုန်ဘူးလား ။ ပြီးတော့ တခြားသူလည်းမဟုတ် ။ ကိုယ်ချစ်တဲ့မိန်းမလေးနဲ့ ... သူသာဆိုဘယ်လိုမှအောင့်အီးနိုင်မှာမဟုတ်တာသေချာသည်။ မြတ်နိုးရာကိုတောင် တွေ့တဲ့အကြိမ်ရေနည်းသေးလို့ ဖွင့်မပြောသေးတာ ။ နို့မို့ ပြောပစ်လိုက်ပြီ ။
"ကျစ် ကိုကိုယောက်ျားတော့စစ်ပါတယ်နော် "
"ဘာကွ "
"ယွန်းနဲ့အတူသွားတာ ကိုကိုဘာမှမဖြစ်ဘူးလား "
"ဖြစ်စရာလား ငါ့ညီရဲ့ချစ်သူ ငါ့ခယ်မကို "
သွားပြီမှားပြီ တ, လိုက်ပြီး ထိုင်ခုံကိုခြေထောက်နဲ့ဆွဲယူကာ နောက်ပြန်ခွထိုက်လိုက်သည်။ ကိုကိုကတော့ မျက်မှောင်ကြီးကုပ်ပြီး သူ့ဖြစ်အင်ကိုနားမလည်သလိုနဲ့ရှိနေ၏။ သူ့ချစ်သူလို့ထင်ပြီး ခုထိမျိုသိပ်ထားသတဲ့ ။ သစ္စာရှိလိုက်တဲ့ငါ့အစ်ကို ။
"ဒီမှာကိုကို ... ယွန်းကညီ့ချစ်သူမဟုတ်ဘူး "
"ဘာကွ မင်း ... မင်းမျက်နှာများချင်တာလား ဒါ့ကြောင့် ယွန်းလေးမျက်နှာပျက်နေတာကိုး "
"ဟေ့ဟေ့ အတွေးတွေချော်မနေနဲ့ ... စကားကိုပြီးအောင်နားထောင်ဦးလေကိုကိုရာ ... တကယ်က ယွန်းနဲ့ဘယ်တုန်းကမှချစ်သူမဖြစ်ခဲ့ဖူးဘူး ယွန်းကလည်းညီ့ကိုမချစ်ဘူး "
သေချာရဲ့လား ဆိုတဲ့ စူးစမ်းတဲ့အကြည့်တွေကို စိတ်သန့်သန့်နဲ့အစစ်အဆေးခံလိုက်သည်။ တွန့်ကွေးနေတဲ့မျက်ခုံးတွေကတော့ ခုထိမပြေသေး။
" သူနဲ့ညီ ချစ်သူဖြစ်ဖို့မပြောနဲ့ ဘယ်တုန်းကတည့်ခဲ့လို့လဲ ညီကသာချစ်တယ်ထင်ခဲ့တာ ... ဒါပေမဲ့ ကိုကိုပြောပြတဲ့အချစ်အကြောင်းကိုနားထောင်လိုက်မှသေချာသွားတယ် ညီယွန်းကိုမချစ်ဘူးဆိုတာ ၊ ယွန်းနဲ့က ဘယ်တုန်းကမှသဘောထားကိုက်ည်ီတယ်မရှိဘူး ... မုန့်လက်ဆောင်သောက်ရင် ညီကသကြားရည်နဲ့ သူကထန်းလျက်ရည်နဲ့မှ ... ကွေ့တီယိုဆိုလည်း ညီကအရည်နဲ့ သူကအခြောက် ...ခေါက်ဆွဲဆိုရင်လည်း ညီကနန်းပြား သူကနန်းလုံးကြိုက်တာ ၊ ဒီလောက်စိတ်သဘောထားမကိုက်တာ ဘယ်လိုချစ်သူဖြစ်မလဲ ဒါတောင် အစားအသောက်ပဲရှိသေးတာနော် တခြားမကိုက်ညီတာတွေမှအများကြီး ... ၊ ငယ်ငယ်ကတည်းက ညီ့ကိုဆို မခင်ချင်တဲ့သူ့ကို ညီတင်းနေခဲ့တာ သူ့ရဲ့အရေးပါတဲ့သူတစ်ယောက်ဖြစ်ရစေမယ်ဆိုတဲ့စိတ်မျိုးနဲ့ မေမေနဲ့ကိုကို့ကိုညာပြီး စေ့စပ်ဖို့တောင်းဆိုခဲ့တာ "
" ဒါဖြင့် သူကဘာလို့လက်ခံသလဲ "
"မေမေက အန်တီလိပ်ပြာကို ကလေးတွေမေတ္တာမျှနေတယ် စေ့စပ်ပေးထားကြမလားသွားပြောတယ်မဟုတ်လား ... နဂိုကမှ သမီးကိုစိတ်ပူနေတဲ့အန်တီလိပ်ပြာက ညီနဲ့ဆိုသဘောတူတယ်ဆိုပြီးလက်ခံတာ ၊ ယွန်းကိုတော့ စေ့စပ်ရမယ်ဆိုတဲ့အကြောင်းပဲပြောခဲ့ပုံပဲ ဒါ့ကြောင့် သူ့အမေဆန္ဒကိုချက်ချင်းမငြင်းဆန်ပစ်ချင်တာနဲ့ လက်ခံသလိုနေခဲ့တာ ဒါပေမဲ့ မကြာဘူးလေ သူစေ့စပ်ဖို့လက်မခံခဲ့တာကို ကိုကိုသိသားနဲ့ ... အဲ့ဒါ ညီနဲ့စိတ်ကောက်လို့မဟုတ်ဘူး "
ယုံကြည်စပြုလာတဲ့ကိုကို့မျက်နှာကိုကြည့်ပြီး မြတ်သောပြုံးလိုက်မိသည်။ ညီဖြစ်သူနဲ့ချစ်သူတွေလိုသိထားလို့ မျိုသိပ်ဟန်ဆောင်နေရတဲ့အစ်ကိုကို သူသနားလှပြီ ။ သူလည်းအခုဆို ချစ်တတ်နေပြီမို့ ကိုယ်ချင်းစာလှသည်။ ယွန်းကိုမကျေမနပ်ဖြစ်ပြီး ချစ်သူတွေလို့သာ ကိုကို့ကိုပြောမထားရင် ကိုကိုတို့နှစ်ယောက်ချစ်သူဖြစ်နေလောက်ပြီထင့်။
"အခု ညီချစ်နေတဲ့ကောင်မလေးရှိနေပြီ ... ဒါ့ကြောင့် ညီရန်ကုန်မလိုက်တာပေါ့ ကိုကိုတို့ကိုလွတ်လွတ်လပ်လပ်သွားစေချင်တာလည်းပါတယ် ယွန်းကိုချစ်ရဲ့နဲ့ဖွင့်ပြောပြီး အပိုင်သိမ်းပစ်လိုက်ရင် ပြ်ီးရောကို"
"ဟင် ... ဒါဆို ကိုကိုဘာလုပ်ရမလဲ "
"ဟား ဒီလူပျိုကြီးကတော့ အ,တာလား နုံတာလား မျိုသိပ်တာတွေများပြီး ... ၊ ရန်ကုန်ပြန်သွားပြီး ဖွင့်ပြောလိုက်တော့ပေါ့ ယွန်းအဖေကြီးက ကိုကိုနဲ့သဘောတူနေတာ ညီသိတယ် ... ယွန်းကလည်း အဲ သူ့မေးကြည့်ဗျာ "
မြတ်သောခေါင်းကုပ်ပြီး ပြုံးဖြီးဖြီးကြီးရှိနေသည်။ ညီနဲ့ချစ်သူမဟုတ်ဘူး ဆိုတာသိတော့ ကြိတ်ပြ်ီးဝမ်းသာသွားသည်။ အမှန်ဆို ထခုန်လိုက်ချင်တာ ၊ လူမြင်မကောင်းလို့သာ ... ၊ ချက်ချင်းထရပ်ပြီး အဝတ်ဗ်ီဒိုကိုဖွင့်လိုက်သည်။ ပြန်ပါလာတာတွေက အမဲထည်နဲ့ ဝတ်ခဲ့ပြီးသားတွေမို့ အသစ်ထပ်ရှာနေခြင်း ။
"ကိုကို ဘာလုပ်မလို့လဲ "
"မင်းပဲရန်ကုန်ပြန်ဆို "
"ဟ ... အခုမှပြန်လာတာ ခုပြန်သွားမလို့လား ရန်ကုန်နဲ့ကလောကို အိမ်ရင်းခေါင်းရင်းလိုနီးနီးကလေးမှတ်သလားကိုကိုရယ် ... ညီက နောက်ရက်မှပြောတာပါ "
"ဪ ... နောက်ရက်မှသွားရမှာလား မသိဘူးလေ အခုပြန်သွားရမယ်ထင်လို့ "
လူပျိုကြီး ရှက်ရှက်နဲ့ခေါင်းကိုတဗျင်းဗျင်းကုပ်နေတော့ သူဟားတိုက်ရယ်မိတော့သည်။ ဗီဒိုပဲပြန်ပိတ်မလို ရေချိုးခန်းထဲပဲဝင်မလိုနဲ့ ပျာတိပျာတာဖြစ်နေပုံကိုကြည့်ပြီး သူအခန်းထဲကထွက်ဖို့လိုပြီမှန်း သိလိုက်ရ၏။
"ကဲ ကိုကို ... ညီအပြစ်ညီချေတဲ့အနေနဲ့ ယွန်းကိုဖုန်းဆက်ပြောထားလိုက်မယ် ကိုကိုရန်ကုန်ကိုလာဖို့ရှိသေးတယ်ဆိုတဲ့အကြောင်းပေါ့ ... အခုတော့ တစ်ယောက်ထဲဆက်ရှက်နှင့်တော့ "
လှစ်ခနဲပြေးထွက်သွားတော့ ရှက်ရမ်းရမ်းပြီး ပြူးပြမိတဲ့မျက်လုံးက အလိုလိုချစ်ရည်မြလို့ တောက်ပလင်းလက်ကုန်သည်။ နှလုံးသားရပ်ဝန်းထဲလည်း နွေထွက်ပြီး ဆောင်းဥတုမှီသွားလေရဲ့...
°°°°°°°
"မေမေ အန်တီမျိုးဆီသွားမလည်ဘူးလား အလည်ခေါ်ထားတာ အားနာစရာ "
"မအားပါဘူးသားရယ် မင်းညီလည်းကျောင်းပိတ်ထားတော့ သူ့စိတ်မချဘူး "
"ဘွဲ့ပဲရတော့မယ်မေမေရယ် အခုထိစိတ်မချဘူးတဲ့လား ... အန်တီမျိုးကသူ့အစ်ကိုဆုံးပြီးကတည်းက ဆွေခန်းမျိုးခန်းပြတ်မှာဆိုးလို့ လာလာလည်နေတာနော် မေမေကဖာသိဖာသာနဲ့ "
သားအမိနှစ်ယောက် ကော်ဖီသောက်ရင်း အေးအေးလူလူပြောနေကြတာပါ ။ အေးအေးလူလူဆိုပေမဲ့ မအေးနိုင်တာက သူ ။ ရန်ကုန်ထပ်သွားဖို့လမ်းကြောင်းရှာနေတာဖြစ်သည်။ မဟုတ်ရင် ဘာသွားလုပ်မှာလဲ မေးဖို့ရှိသည်။ အလုပ်ကိုအကြောင်းပြပြီး လိမ်လို့ရပေမဲ့ မိခင်ကိုမလိမ်ရက် ။ သားသမီးကလိမ်ရင် ဘာမှမသိလိုက်ဘဲ အလိမ်ခံရမဲ့မိဘဘဝကို သူသနားသည်။ ဒါ့ကြောင့် အဒေါ်အိမ်အလည်သွားတဲ့ပုံစံမျိုးနဲ့ ရန်ကုန်ကိုနောက်တစ်ခေါက်သွားချင်တာ ။ ယွန်းက လုံးချင်းထုတ်ဖို့စီစဉ်နေတာကြောင့် တော်တော်နဲ့ ကလောပြန်ဖြစ်မှာမဟုတ်။ ကျောင်းဖွင့်မှပြန်လာကြမဲ့ပုံ ။
"သား ရန်ကုန်ရောက်ပြီး သူ့ဆီမဝင်လို့တဲ့ လှမ်းပြီးဆူနေတာ ငိုသံတောင်ပါသေးတယ် "
"ဟုတ်လား အမျိုးကဆွေမျိုးသိပ်မင်တာ ဒါတောင် သူ့ယောက်ျားက သိပ်လွှတ်တာမဟုတ်ဘူး ... အင်းပါလေ သွားကြတာပေါ့ လိပ်ပြာတို့ဆီလည်းဝင်ပြီးသတင်းမေးရမယ် ပဋ္ဌာန်းပွဲသာမရှိရင် သားတို့နဲမေမေတစ်ခါတည်းလိုက်ပါတယ် ... ကဲ ဒါဆို နောက်တစ်ပတ်လောက်သွားကြတာပေါ့ လေယာဉ်ပဲစီးမယ်နော်သား မေမေကားအကြာကြီးမစီးနိုင်ဘူး "
"ဟုတ်ကဲ့မေမေ သားစီစဉ်လိုက်ပါ့မယ် "
ကော်ဖီတောင်ကုန်အောင်မသောက်နိုင်တော့ဘဲ အပျော်တွေနဲ့ဗိုက်ပြည့်သွား၏။ မေမေကတော့ခေါင်းတဆတ်ဆတ်ညိတ်ပြီး ဘာတွေအလေးထားတွေးသလဲမသိပါ ။ ထင်တာတော့ အန်တ်ီမျိုးအကြောင်းပဲဖြစ်ရမည်။
သူ့ခွင်ဖန်တာမှန်းသိတဲ့မြတ်သောကတော့ သဘောတကျကျနဲ့ မေမေမှာတာတွေကို နာခံနေ၏။ ဟဲဟိုးလေဆိပ်အထိ မြတ်သော လိုက်ပို့ပေးသည်။ သူ့ကိုလည်း မပြန်မီ " good luck " ဆိုပြီး ပြောသွားသေးသည်။ ကံကောင်းမကောင်းဆိုတာကတာ့ ယွန်းအပေါ်မှာသာမှီတင်းနေသည်ပဲမို့ ....။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၂၇) ဇာတ်သိမ်းပိုင်း >>>
#Ruby Linn