✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
-------------------
နှစ်ဝက်စာမေးပွဲပြီးလျင် ပါပါးရောမေမေရောလာကြိုမယ်ပြောထားသည်။ သို့သော် နီးမှ ရန်ကုန်ကမိတ်ဆွေတစ်ဦးရဲ့သမီး မင်္ဂလာဆောင်ရှိလို့ လာမကြိုနိုင်တော့ဟုဆို၏။ ယွန်းလည်းကျောင်းပိတ်လျင် မေမေနဲ့အတူရန်ကုန်ဆင်းပြီး လုံးချင်းထုတ်ဖို့ရှိလေသည်။ အခုတော့ စာမေးပွဲပြီးတာနဲ့ ယွန်းလိုက်သွားဖို့ပဲရှိတော့သည်။
"နင်ကျောင်းပိတ်တာနဲ့ရန်ကုန်သွားမှာပေါ့နော် ... သော်တာလည်း ရန်ကုန်မရောက်တာတောင်ကြာပြီ ကျောင်းပြီးလို့ဘွဲ့ရရင်တော့ ဖေဖေကရန်ကုန်ကသူ့မိတ်ဆွေအလုပ်မှာ အလုပ်သွင်းပေးမယ်တဲ့ဟ ... နင်ရော စာပဲရေးမှာလား အလုပ်ဝင်ဦးမလား "
"အင်း... စာကတော့ရေရှည်ရေးဖြစ်မယ်ထင်တယ် အလုပ်ကတော့ ပါပါးဟိုတယ်မှာပဲဝင်လုပ်ရမှာပဲ ရတဲ့ဘွဲ့နဲ့ကိုက်ညီတဲ့အလုပ်ကိုလုပ်ဖို့လည်းစိတ်ကူးမရှိပါဘူး ... အမှတ်မမီလို့သာ ဒီမေဂျာယူလိုက်ရတာ ယွန်းကစာရေးတာနဲ့ပန်းချီဆွဲနေရရင်ကိုကျေနပ်ပြီ "
"နင်ကတော့ သူဋ္ဌေးသမီးကိုးဟ ကလောမြို့ကဦးသတိုးတေဇဆိုရင်လေ ငါတို့ညောင်ရွှေကမသိသူမရှိပဲ သူ့ဇနီးဆို လှလွန်းချောလွန်းလို့ တသသပြောနေကြတာ ... သူဋ္ဌေးသူဋ္ဌေးချင်းကနေ ပြောကြဆိုကြရင်း နာမည်ကြီးလာတာပေါ့ဟာ ... ကလောမြို့ကထိတ်ထိတ်ကြဲသူဋ္ဌေးသမီးက ဘာအလုပ်မှမလုပ်ဘဲ နေလို့တောင်ရနေတာကို ၊ နင်ကံကောင်းတယ်သိလား "
သော်တာကကံကောင်းတယ်ပြောတော့ ယွန်းပီတိဖြာစွာပြုံးမိသည်။ ယွန်းဘယ်လောက်ကံကောင်းသလဲ သိပါသည်။ ပါပါးရဲ့တုန်နေအောင်ချစ်တာခံရသလို မေမေ့ရဲ့အသက်သွေးကြောလေးဖြစ်နေတာနဲ့တင် ကံကောင်းလှပြီ ။ စည်းစိမ်ဥစ္စာတွေအပေါ်မှာတော့ အထူးတလည်ခံစားချက်မရှိပါ။ ဒါကလည်း မိဘတွေကလိုလေသေးမရှိထားခဲ့တာကြောင့်ပဲဖြစ်လိမ့်မယ်ထင်သည်။
"ပါပါးကယွန်းကိုသိပ်ချစ်တာ ... ယွန်းမျက်နှာညိုနေတာတောင်မကြိုက်ဘူး ၊ မေမေကလည်း အစစအရာရာဂရုစိုက်လွန်းတယ် ... စာရေးဖို့ဝါသနာပါလာတာ မေမေ့ကြောင့်ပေါ့ မေမေကငါ့အတွက်လမ်းပြကြယ်ပဲ ဒါ့ကြောင့် ယွန်းမှာငယ်ငယ်ကတည်းကရည်ရွယ်ချက်ရည်မှန်းချက်တွေရှိနေခဲ့တာ ... ပန်းချီကတော့ ပါပါးကြောင့်ပေါ့ "
"အမယ် ... လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးပြောနေတယ် ၊ ဒီကလည်း သူကံကောင်းတာကိုပဲပြောနေတာပါနော် တကယ်သိလား သော်တာယွန်းကိုအရမ်းအားကျတယ် ... သော်တာမိဘတွေကတော့ ယွန်းမိဘတွေလောက်မနွေးထွေးလှဘူး သားသမီးလည်းများတာကိုး ...အဲ ... စာမကျက်ဘဲ စကားများနေတယ် အဟဲ "
ဖော့ဘူးနဲ့ထည့်ထားတဲ့လက်ဖက်သုပ်ကိုကလော်စားပြီး သူ့နေရာသူပြန်ထိုင်သွားသည်။ စာကြည့်တိုက်တွင်စာလုပ်နေကြတာမို့ စကားပြောရတာတောင် တိုးတိုးညင်းညင်းလေး ။ ယွန်း ပြုံး၍သာကျန်ခဲ့သည်။ ယွန်းဘဝကိုယွန်းကျေနပ်နေရာမှ မိဘတွေကိုသတိရသွားပြီး နှုတ်ခမ်းကစူချင်သွားသည်။
ယွန်းကိုမစောင့်ဘဲ ရန်ကုန်သွားကြတာ ကောင်းသလားလို့ ...။
°°°°°°°°
မိတ်ဆွေတွေနဲ့သောက်စားပြီးအပြန် ပါပါးကားအက်စီးဒင့် ဖြစ်လို့တဲ့။ မေမေဖုန်းဆက်အကြောင်းကြားကြားချင်း ယွန်းကြောင်တောင်ကြီးဖြစ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ဒေါ်ချစ် လက်လာကိုင်မှသတိဝင်သည်။
"ဒေါ်ချစ် ... ပါပါးလေ အဟင့် ... "
ဒေါ်ချစ်ပခုံးမှာမှီပြီး ငိုလိုက်မိတော့သည်။ ဆေးရုံတင်ထားတယ်သာပြောပြီး အခြေအနေဘယ်လိုရှိလဲ သေချာမပြောပြ။ ပါပါးသာတစ်ခုခုဖြစ်လို့ကတော့ ယွန်းကမ္ဘာကြီးပျက်မှာ ...။
"သိပ်လည်းမစိုးရိမ်ပါနဲ့သမီးရယ် ... ကဲ လာလာ အထုပ်တွေထည့်ပြီး လိုက်သွားကြတာပေါ့ "
ခေါင်းတဆတ်ဆတ်ညိတ်ရင်း မျက်ရည်တွေရောနှပ်တွေရောသုတ်ကာ အခန်းထဲပြေးဝင်လိုက်သည်။ ကျောင်းအပြီးပိတ်တာမဟုတ်၍ လိုအပ်တာသာအိတ်ထဲအမြန်သွက်သွက်ထည့်ပြီး....
"နေဦး ... ကား ကား ... အငှားကားခေါ်ရမယ် ၊ လေယာဉ်နဲ့ပဲသွားရမလား အိုး မသိတော့ဘူး "
တီတီ....။ ကားဟွန်းသံကြောင့် ယွန်းရောဒေါ်ချစ်ရောခေါင်းထောင်သွားပြီး နှစ်ယောက်သားအိမ်ရှေ့အပြေးသွားကြည့်ကြသည်။ ခြံရှေ့တွင်တွေ့ရသောကားထဲကထွက်လာတာက တိမ်ယံခ ။ လည်သာဂျာကင်အနက်ရောင်နဲ့ ဂျင်းဘောင်းဘီခပ်ပွပွကိုဝတ်ဆင်ထားပြီး ချည်ထိုးဦးထုပ်လည်းဆောင်းထားသေးသည်။
ဘာလာလုပ်ပါလိမ့် ...။
ဘဲလ်တီးနေတာကြောင့် ယွန်းတို့ထွက်ပြီးတံခါးဖွင့်ပေးလိုက်သည်။ ယွန်းကိုမြင်တာနဲ့ ကိုကို့မျက်နှာမကောင်းဖြစ်သွားပြီး အနားကပ်လာကာ...
"ယွန်းလေးအရမ်းစိတ်မကောင်းဖြစ်နေလား ... ကိုကိုအခုယွန်းလေးကိုလာခေါ်တာ ဦးလေးဆီသွားကြတာပေါ့ ၊ ညီကတော့မလိုက်ဖြစ်ဘူး ကိုကိုကတော့ရန်ကုန်သွားဖို့ရှိတာနဲ့ တစ်ခါတည်းပဲသွားဖို့လုပ်လိုက်တာ ညီ့ကိုတော့တစ်မျိုးမထင်နဲ့နော် "
ရော် ... ဒီလူနဲ့တော့ ခက်လှပါပြီ ။ ဒီက ဘာတွေများ သူ့ညီကိုအပြစ်တွေပြောနေလို့လဲ ။ အမြဲ ည်ီ ဆိုတာပဲပြောနေလို့ စိတ်ပျက်လှသည်။
"ရပါတယ် ယွန်းဘယ်လိုမှသဘောမထားပါဘူး ... ခဏနော် အထုပ်အပိုးတွေသွားယူလိုက်ဦးမယ် ဒေါ်ချစ်ကတော့ရန်ကုန်မလိုက်နဲ့တော့နော် ဒီကနေပဲပြန်လိုက်တော့သိလား "
အခန်းဆီသွားရင် ယွန်းမှာနေတာဖြစ်သည်။ ဒေါ်ချစ်ကိုငွေပေးခဲ့ပြီး အိမ်ကိုသေချာစစ်ဆေးပြီးသော့သေချာခတ်ခဲ့ဖို့မှာကြားနေစဉ် ကိုကိုကအထုပ်ကိုလက်ပြောင်းယူပြီး နောက်ခန်းထဲထည့်ပေးသည်။
"ယွန်းသွားတော့မယ်နော်... အိမ်ကိုစိတ်ချမယ်နော်ဒေါ်ချစ် "
"အင်းပါစိတ်ချနော်... သမီးသာလမ်းခရီးမှာဂရုတစိုက်နဲ့သွား ဟိုရောက်ရင်လည်း ဒေါ်ချစ်ကိုလှမ်းပြောပါဦး ဒေါ်ချစ်လည်းစိတ်ပူလို့ပါ "
"ဟုတ်ကဲ့ ဒါဆိုသွားမယ်နော် "
ကားပေါ်တက်လိုက်သည်နှင့် ဘက်ဆုတ်ပြီးမောင်းနှင်တော့၏။ ပါပါးအတွက် စိတ်မချလွန်းလို့ လက်အုပ်ကလေးချီကာ ဘုရားစာတွေဆိုရင်း ဘာမှမဖြစ်ဖို့ ဆုတွေတောင်းနေမိတော့သည်။ ကိုကိုကတော့ ယွန်းကိုစာနာသနားစွာနဲ့ပဲတကြည့်ကြည့်လုပ်နေပါသည်။ သူဟာ ဖခင်ဆုံးရှုံးထားတဲ့သူမဟုတ်လား ။
"ဟင်း ... ကိုကိုလည်းတကယ်စိတ်မကောင်းဘူး ၊ ဦးလေးဒီလိုမဖြစ်ဖူးပါဘူး အသောက်အစားတွေအရမ်းများသွားသလားပဲ "
"အဟင့် ဟင့် ... ပါပါးကပုံမှန်ဆို မသောက်တတ်ဘူးကိုကိုရဲ့ ... သူ့ပါတနာတွေနဲ့ဆုံမှသာ နည်းနည်းပါးပါးသောက်တတ်တာပဲရှိတာ ၊ ရန်ကုန်မြို့ကကားအရမ်းကြပ်တယ်မဟုတ်လား ကိုယ့်မြို့လိုလမ်းကလည်းမကျွမ်းဘူးလေ အဟင့် ဒါကိုမောင်းတော့ အီး ဟီး ..."
"ယွန်းလေးကကွာ အရမ်းမငိုနဲ့လေ "
မြို့ထဲကအထွက်ပင်ရှိသေး ယွန်းဒီလိုငိုနေပုံနဲ့တော့ စိတ်ပူစရာကောင်းလှသည်။ သူ ယွန်းလက်ဖမိုးလေးကိုထပ်ဆုပ်ကိုင်ရင်းအားပေးတော့ ဝမ်းနည်းတသမဆုံးဖြစ်နေတဲ့ မျက်ဝန်းညိုတို့နဲ့လှည့်ကြည့်လေသည်။ ဖြစ်နိုင်ရင် ပွေ့ဖက်အားပေးချင်သည်။ ယွန်း ဒီလောက်အထိ ဝမ်းနည်းစို့နစ်နေတာ တစ်ခါမှမမြင်ဖူးခဲ့ရ၍ ရင်ထဲမချိ။ ဖခင်ကိုဆုံးရှုံးရမှာစိုးနေတဲ့သူမလေးရဲ့ခံစားချက်ကို သူနားလည်၍ ဖေးမချင်မိ၏။ ညီသာလိုက်လာရင်ကောင်းမှာ ...။
မေမေကတော့ အန်တီလိပ်ပြာကို ယွန်းလေးအားသူခေါ်လာမယ်ဆိုတဲ့အကြောင်း ဖုန်းဆက်ပြောထား၍ အခေါ်မလွှတ်တာဖြစ်သည်။ မနေ့ကညကဆေးရုံရောက်သွားသော်လည်း ယွန်းလေးမှာစာမေးပွဲတစ်ရက်ကျန်တာကြောင့် သူစောင့်နေရခြင်းပင်။ အနီရဲရဲဆွယ်တာအင်္ကျီလေးနဲ့အပြိုင် ပါးစို့နှစ်ဖက်လုံးရဲရဲနီနေပြီး မျက်လုံးတို့လည်းနီရဲနေပေပြီ။
သူမ စိတ်ပူပန်လွန်းနေတာမြင်တော့ အန်တီလိပ်ပြာထံဖုန်းဆက်လိုက်တော့သည်။
"ဟယ်လို အန်တီလိပ်ပြာ ဦးလေးအခြေအနေဘယ်လိုနေသေးလဲဗျ ကျွန်တော်နဲ့ယွန်းလေးကတော့ထွက်လာကြပြီအန်တီ "
"အေးကွယ် သမီးကိုခေါ်လာပေးတာ ကျေးဇူးတင်ပါတယ် ... မင်းဦးလေးတော့ မနေ့ကညလယ်လောက်ကတည်းကသတိပြန်လည်လာပြီလေ ခေါင်းကိုရှစ်ချက်လောက်ချုပ်လိုက်ရတယ် တော်သေးတာပေါ့ကွယ် မှန်ကွဲစက မျက်ခုံးစပ်သွားထိုးလ်ို့ မျက်လုံးသာဆိုမတွေးဝံ့စရာပဲ ... အခုတော့ အိုင်စီယူထဲမှာပဲနေရသေးတယ်...၊ သမီးကိုလည်းသေချာပြောပြလိုက်ဦးနော် သမီးလေးအရမ်းငိုနေမှာအန်တီသိတယ် သားကပဲသေချာချော့မော့ပေးပါကွယ် သမီးပါပါးစိုးရိမ်စရာမရှိတော့ဘူးလို့"
"ဟုတ်ကဲ့အန်..."
"မေမေ ပါပါးတကယ်ကောင်းသွားမှာပါနော် ယွန်းကိုမထားခဲ့ဘူးမို့လားမေမေ ဟင် ... အဟင့် "
သူပြန်ဖြေနေတုန်း ဖုန်းလုပြီး ငိုရှိုက်သံလေးနဲ့ဝမ်းနည်းတနည်းမေးမြန်းနေသည်။ ပထမ သူစဆက်ကတည်းက သူ့ကိုစိတ်ဝင်တစားကြည့်နေတာပါ။ ဟိုဘက်ကစကားစပျက်ပြီလည်းဆိုရော ဖုန်းကိုသူ့လက်ထဲကလုယူပြောတော့တာဖြစ်သည်။
"မဟုတ်တာသမီးရယ် ... သမီးပါပါးကခေါင်းလေးပဲနည်းနည်းထိသွားတာပါ၊ ဘာမှစိုးရိမ်စရာမရှိတော့ဘူးသိလားသမီးလေး ... အဲ နေဦး သမီးပါပါးကစကားပြောမလို့တဲ့ "
ယွန်းတုန်နေတဲ့နှုတ်ခမ်းလေးကို လက်ညိုးလက်မနှစ်ချောင်းနဲ့ညှစ်ကိုင်ရင်း နားစွင့်နေသည်။ တစ်ဖက်မှ " ပါပါးဘေဘီလေး " လို့ ဆိုလိုက်တော့ ဟီးခနဲငိုချလေတော့သည်။ ဖခင်ကျန်းမာနေကြောင်းသိလိုက်တော့ ဝမ်းသာစွာငိုမိခြင်းမှန်း တိမ်ယံသိလိုက်ပါ၏။ ထို့ကြောင့် ပြုံး၍ငေးသာကြည့်နေမိသည်။
"ပါပါး ယွန်းလာပြီနော် ... ယွန်းကိုမထားခဲ့ရဘူးနော် ပါပါးနေကောင်းအောင်နေနော် မေမေ့ကိုလည်းအိပ်ခိုင်းဦးနော် နာစ့်ရောရှိရဲ့လား "
"အဟွန်း ရှိပါတယ်ဘေဘီရယ် ... ပါပါးလည်းခေါင်းကိုက်ခေါင်းနာတာကလွဲရင် ဘာမှမဖြစ်ဘူး ဘေဘီ့မေမေလည်း ခုမှဖုန်းလာလို့နိုးသွားတာပါ ဘာမှစိတ်မပူနဲ့ ... ဘေဘီ တိမ်ယံနဲ့အတူလာတာမဟုတ်လား အချိန်တွေလည်းကြာပြီ ဖွင့်သာပြောလိုက်ကွာ နော "
"ဟာ ပါပါးကလည်း "
ယွန်းမျက်နှာအသွင်တစ်မျိုးပြောင်းသွားသည်။ အသံကလည်းကနွဲ့ကလျဆန်သွား၏။ ဘာကြောင့်မှန်းတော့မသိပါ။ ယွန်းလေးပါပါး သူ့သမီးစိတ်ပူတာလျော့ပါးအောင် ဘာတွေစနောက်နေပါသလဲ ။ ယွန်းလေးကတော့ "ဒါပဲပါပါးရာ " ဆိုပြီး ဖုန်းချပြီး သူ့ကိုထိုးပေးနေတော့သည်။
"ဦးလေးဘာပြောလဲယွန်းလေး သက်သာတယ်တဲ့လား "
"ဟမ် ... အင်း သက်သာတယ်တဲ့ ၊ အရမ်းစိတ်ပူပြီးတစ်လမ်းလုံးငိုမလာနဲ့တဲ့လေ "
"ဪ တော်သေးတာပေါ့ ကိုကိုဖုန်းဆက်လိုက်မိလို့ ... မဟုတ်ရင် ကိုကိုမောင်းနေတဲ့ကားက မြေကြီးပေါ်မဟုတ်ဘဲ ရေပြင်ပေါ်မောင်းရတော့မလို့ ၊ ... ယွန်းလေးငိုနေလို့လေ "
သူပြောတာကိုအထာမပေါက်တဲ့ကောင်မလေး သူ့အားမျက်လုံးအဝိုင်းသားလေးနဲ့မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးကြည့်နေတာကြောင့် သူမလေးငိုနေလို့ဆိုတဲ့အကြောင်းပြောပြလိုက်တာဖြစ်၏။ ထိုအခါမှ အာခနဲအာမေဋိတ်အသံပြုပြီး လည်တိုင်ကိုလက်ချောင်းကလေးတွေနဲ့ကုပ်ခြစ်ပွတ်သပ်နေလေတော့သည်။
ကားလေးတရိပ်ရိပ်နဲ့မောင်းနှင်လာလိုက်တာ တဖြည်းဖြည်း လိမ္မော်ရောင်ညနေခင်းကိုရောက်သွားခဲ့ပြီ ။ ကားပြတင်းမှန်ကိုချ၍ ပြင်ပအလှကိုငေးမောနေတဲ့ယွန်းမျက်နှာမှာ ကြည်လင်နေလေသည်။ ဖခင်အတွက် ပူပန်မှုလျော့နည်းသွားလို့ ပတ်ဝန်းကျင်ကိုသတိပြုမိတာဖြစ်မည်။ နှုတ်ခမ်းလေးမှာ ပြုံးစစကလေးနှင့် တောင်ပြာတန်းတို့ကို ငေးမောရင်းလိုက်ပါလာလေတော့သည်။
"ကိုကိုညောင်းပြီလား ယွန်းတလှည့်မောင်းမယ်လေ "
"မောင်းတတ်လို့လား "
"နည်းနည်းပါးပါးပေါ့ ... ကိုကိုခြေလက်ဆန့်ချိန်လေး ယွန်းမောင်းမယ်လေ "
"ရပါတယ်ဗျာ ... တောင်ဆင်းလမ်းတွေဆင်ခြေလျောတွေနဲ့ ကျွန်တော်မျိုးစိတ်မချပါဘူး ၊ ဘေးမသီရန်မခဘဲ ရန်ကုန်ရောက်အောင်ခေါ်သွားရမှာ ကျွန်တော်မျိုးတာဝန်ပါ "
"ကြည့် စကားကိုကောင်းကောင်းမပြောဘူး ကျွန်တော်မျိုးတွေဘာတွေနဲ့ ... ၊ အူမြူးနေသလားပဲ "
"အူမြူးတယ် အဟွန်း ... ဟုတ်မယ်ထင်တယ် ဦးလေးကလည်းစိုးရိမ်စရာမရှိဘူး ယွန်းလေးနဲ့လည်းခရီးအတူသွားရလို့ပျော်နေတာဖြစ်မယ် တွေးကြည့်ရင် ကိုကိုတို့ခရီးအတူမသွားဖူးသေးဘူးနော် "
"အင်း ... ပထမနှစ်ကျောင်းအပ်တုန်းကလည်း အတူတူသွားကြမယ်ဆိုပြီး ကိုကိုကျန်ခဲ့တယ်နော် နောက်နှစ်တွေကျတော့ ခရီးလည်းမထွက်ဖြစ်ကြတော့ဘူး "
သူခေါင်းညိတ်ထောက်ခံပြီး ရှေ့ကြည့်မောင်းနေရာက လှည့်ကြည့်ပြုံးပြလိုက်သည်။ သူမရဲ့ပြုံးတုံ့တုံ့မျက်နှာလေးက ညခင်းရဲ့ကားမီးရောင်အောက်မှာ ကြယ်တစ်ပွင့်လို့လင်းလက်တောက်ပနေလေသည်။ ပုံမှန်မျက်လုံးမျိုးနဲ့တော့မဟုတ်ဘဲ ချစ်ရည်လဲ့နေတဲ့မျက်လုံးမျိုးနဲ့ကြည့်မယ်ဆိုရင် ထို့အတိုင်းမြင်နိုင်ပေလိမ့်မည်။
"မှောင်လာပြီ တံခါးပိတ်တော့နော် "
ပတ်ဝန်းကျင်ကမဲမဲမှောင်လာသလို လူကလည်းအိပ်ချင်လာသည်။ သို့နှင့် အိပ်ပျော်ခြင်းသို့ရောက်သွားခဲ့ချေ၏။ ကားကလေးသည် အမှောင်ရိပ်ထဲတိုးဝင်ပြီး အရှိန်ကောင်းစွာ မြို့တွေရွာတွေကိုဖြတ်သန်းမောင်းနှင်နေလေတော့သည်။ ဖျတ်ခနဲနိုးလာတော့ အပျင်းကြောလေးဆန့်ပြီး ဝါးခနဲတစ်ချက်သမ်းလိုက်သည်။ နဘေးတွင် ကိုကိုမရှိတော့သလို ကားကလေးကလည်း စားသောက်ဆိုင်ကြီးရှေ့တွင်ထိုးရပ်ထားသည်။ ဘယ်ရောက်နေသလဲ ယွန်းမသိ ။ ရန်ကုန်တော့ရောက်ဟန်မတူသေးတာသေချာသည်။
ပတ်ဝန်းကျင်ကို မှန်ဖွင့်ပြီးလိုက်ကြည့်နေစဉ် ကိုကိုရောက်လာသည်။
"ဆင်းဦးလေ... တစ်ခုခုစားရအောင် အပေါ့အပါးလေးသွားချင်သွားလို့ရတယ် လာ "
အပေါ့လည်းသွားချင်စိတ်ဖြစ်နေရာ ယွန်းတံခါးဖွင့်ဆင်းလိုက်သည်။ ကိုကိုကလည်းအလိုက်တသိပင် toilet ရှိရာကိုလိုက်ပို့၏။ သူမမနိုးခင်ကပင် ကိုကိုကိစ္စရှင်းပြီးလို့ဖြစ်မည်။ စားဖို့ကိုလည်းကိုကိုမှာထားလို့ထင်သည်။ ထိုင်တာနဲ့တန်းချပေးလေ၏။ ပုံမှန်ဆိုစောင့်ရတာသိပ်ကြတယ်မဟုတ်လား ...။
"ပရှူးပဲမှာထားတယ် ကြိုက်တယ်မဟုတ်လား "
"အင်း "
"ရော့ "
ယွန်းပန်းကန်ထဲသို့ သူ့ပန်းကန်ထဲမှ ကြက်သားအတုံးလေးတွေရွေးချယ်ထည့်ပေးနေလေသည်။ လက်ဖက်ရည်ပူပူလေးတစ်ခွက်ကိုလည်း ယွန်းအတွက်မွှေနှောက်ပေးပြီး အပူလျော့အောင်လုပ်ပေးနေသေးသည်။
" ကိုကိုစားလေ ... အဲ့ဒါတွေထားလိုက်ပါ "
"အင်း ဘယ်လိုလဲစားကောင်းလား "
ဇွန်းနဲ့အလုတ်ခပ်ကြီးကြီးသွင်းရင်းနဲ့ ယွန်းကိုကောင်းလားမေးနေသည်။ ယွန်းခေါင်းညိတ်ရင်း တစ်သုပ်သွင်းလိုက်တော့ ပြုံးပြုံးကြီးနဲ့ကြည့်နေတော့၏။
ဂရုတစိုက်လုပ်နေသဖြင့် ယွန်းနေရတာပင်ကျုံ့နေသလိုလို။ အရင်ကလိုပဲပြန်ဆက်ဆံနေတော့ ပျော်လည်းပျော်နေခဲ့သည်။
"လက်ဖက်ရည်လည်းကောင်းတယ်နော် ... စားစား ငိုထားရတော့ အားကုန်နေမှာ အဟွင်း "
"ဟွန့် ... ၊ ခုဘယ်မြို့လဲ ကြာဦးမှာလား "
"ပျဉ်းမနားအထွက်မှာလေ ... ရန်ကုန်နဲ့ဝေးသေးတယ်ကွ ဘာလဲ ကားစီးရတာပျင်းနေပြီလား "
"အင်း ... အိပ်ပြီးပဲလိုက်ရတော့မှာပေါ့ အတူလာတဲ့သူကတေမိဥစ္စာ "
"ဘာရယ်ဘာရယ် ဒီကောင်မလေးကတော့လေ "
ယွန်းခေါင်းကိုဖွဖွပွတ်လိုက်တဲ့ကိုကို့ကြောင့် ဇက်ကလေးပုသွားရသည်။ လက်ကျန်လက်ဖက်ရည်လေးကိုမော့ပြီး ကိုကိုဘေရှင်းတာကိုစောင့်နေလိုက်သည်။ ပါပါးက အစအနောက်သဘောနဲ့ ယွန်းကိုဖွင့်ပြောလိုက်တဲ့လေ ။ ကိုကိုကမခုတ်တတ်တဲ့ကြောင်လုပ်နေလို့ ပါပါးသမီးအပျိုကြီးစာရင်းဝင်သွားမယ်လို့တောင် ရွှတ်နောက်နောက်ပြောနေသေးသည်။ တစ်ခါဖူးမှ ဒီလိုအကြောင်းမျိုး ပါပါးမပြောဖူးပေမဲ့ ဆေးရုံရောက်မှခေါင်းကွဲပြီး သမီးကိုလူပျိုစကားပြောခိုင်းနေသည်။ ပါပါးရောမေမေရောက ယွန်းမတော်သူတွေနဲ့ဆုံစည်းသွားမှာ ကြောက်မှန်းသိပါသည်။ ယွန်းကိုယ်တိုင်ကလည်း ယောက်ျားမြင်တိုင်း ကိုယ့်ကိုလာကြိုက်သလား ကိုယ်ကပြန်ကြိုက်ရကောင်းမလားရယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပါ။ ရင်ထဲမှာရှိနေတဲ့သူတစ်ယောက်ကြောင့်ပဲဖြစ်ပါလိမ့်မည်။
ကားထဲဝင်တော့ ကိုကိုကအထုပ်တစ်ထုပ်ထည့်ပေးသည်။ အချိုအချဉ်မုန့်ထုပ်တွေချည်းပဲဖြစ်ကာ ယွန်းအပျင်းပြေစားဖို့ဝယ်လာခဲ့သည်တဲ့ ။ မူလအတိုင်း ကားကလေးကတရိပ်ရိပ်ပြေးနေလေပြီ။ ယွန်းကတော့ နေကြာစေ့ခွာရင်း ယွန်းတို့ကားရှေ့ကဖြတ်သွားတဲ့ကားတွေနဲ့ ကားလမ်းဘေးကအလင်းရောင်ဖျဖျဆိုင်သေးသေးလေးတွေကိုလိုက်ကြည့်ရင်း မျက်စိကြောင်နေတော့သည်။
"ပြန်အိပ်ချင်အိပ်လေယွန်းလေး "
"ဟင့်အင်း မျက်စိကြောင်သွားပြီ ...ကိုကိုစားဦးမလား "
"စားချင်သားပဲ ခွာလို့မှမရတာ "
ခွာပြီးသားလေးတွေပေးလိုက်တော့ လက်ဖြန့်ပြီးပါးစပ်ထဲပက်ထည့်လေသည်။ ကိုကိုတမြုံ့မြုံ့နဲ့စားနေတာကြောင့် ထပ်၍ခွာပေးမိသည်။
"ယွန်းလေးလည်းစားဦးလေ "
"ကိုကိုစားပါ ယွန်းကပျင်းနေတာ အခုအလုပ်ရသွားတာပေါ့ "
နေကြာစေ့တစ်ထုပ်ကုန်အောင်ကိုကိုစားတာကို ယွန်းစိတ်ရှည်လက်ရှည်ခွာပေးမိတာဖြစ်သည်။ အချဉ်ပေါင်းစားတော့လည်း ယွန်း ကိုကို့ပါးစပ်နားတေ့ပြီးခွံ့ပေးရသေး၏။ ရေသောက်မယ်ဆိုသဖြင့် ရေဘူးအဖုံးဖွင့်ပြီး ကမ်းပေးလိုက်ပါသည်။ စားလိုက်သောက်လိုက်နဲ့ တောင်ငူကိုလည်းဖြတ်ပြီးသွားလေပြီ။အမြန်လမ်းမကြီးတွင် ကားကြီးကားငယ်တွေကတဝီဝီနှင့်မောင်းနှင်နေကြတုန်းဖြစ်လေသည်။
"ဆီဖြည့်လိုက်ဦးမယ် ခဏပဲ "
ကားလမ်းဘေးထိုးဆင်းကာ ကားနောက်ခန်းကဓာတ်ဆီိပုံးကို သွားယူပြီး ဘောနပ်ကိုဖွင့်လေသည်။ ယွန်းလည်းခြေလက်ဆန့်ရအောင်ဆင်းပြီး တဝီဝီတကျွီကျွီနဲ့အော်မြည်နေတဲ့ပတ်ဝန်းကျင်ကအကောင်ပလောင်သံများကြောင့် ကျောချမ်းကာလက်ကလေးပိုက်မိသည်။
"အေးတယ်နော် ... အောက်ကိုလည်းကြည့်လျှောက်ဦး မြွေပါးကင်းပါးနဲ့ "
ပူပူပန်ပန်ပြောလို့မဆုံး အနားကိုခုန်ပြေးလာတဲ့သူမလေးကြောင့် ရယ်ချင်ရဲ့ပက်ကျိဖြစ်သွားသည်။ သူ့ခြေထောက်နားကိုလည်းငုံ့ကြည့်ပေးပြီး ဆ်ီိဖြည့်တာကိုကြည့်နေ၏။
" ညီပါရင်ကောင်းမယ်နော် ယွန်းလေးစကားပြောဖော်ရတာပေါ့ "
"အင်းနော် ...၊ ဘာတွေအရေးကြီးသွားလဲမသိဘူး အတူတောင်လိုက်မလာနိုင်ဘူး "
" ကိုကိုလည်း ညီနဲ့ပဲသွားခိုင်းမလို့ပါ ... မေမေကလည်း ညီကားမောင်းတာကိုစိတ်မချဘူးလေ ကိုကိုကလည်းအလုပ်ကိစ္စနဲ့ရန်ကုန်ဆင်းဖို့ရှိနေတော့ ... အဲ့ဒါကြောင့်ပါ "
ဘာတွေရှင်းပြနေတာလဲ... မြတ်သောနဲ့အတူမသွားရ လို့ ဝမ်းနည်းနေတယ်လို့များအထင်ရောက်နေပြန်တာလား ။ စိတ်ထဲခုသွားပြီး ကားထဲပြန်ဝင်ထိုင်လိုက်တော့သည်။ မျက်နှာလေးတင်းနေတော့ ကိုကိုကကားတံခါးပိတ်ပြီး စက်မနိုးသေးဘဲ
" အလိုက်မသိသလိုဖြစ်သွားရင်ဆော်ရီးပါ ညီကလည်းကလောမှာဘာတွေအရေးတကြီးရှိမှန်း ကိုကိုမသိဘူး မေးတာလည်းမဖြေဘူးလေ "
"ကိုကို့ "
"ဟင် ... ဘာလို့လဲ ကိုကိုပြောတဲ့အထဲမှာ ဘာစိတ်ခုစိတ်ဆိုးစရာပါသွားလို့လဲ ကိုကိုက "
"တော်တော့ ဘာမှမပြောနဲ့တော့ ... ယွန်းပါပါးဆီအမြန်ရောက်ချင်ပြီ "
"ညီနဲ့ပြဿနာဖြစ်ထားတာလား ဒါ့ကြောင့် ညီမလိုက်တာလား "
"ကိုတိမ်ယံခ ... ယွန်းတော်တော့လို့ပြောနေတယ်လေ ၊ တညီညီနဲ့ ဒါတွေပဲပြောတော့မှာလား "
"ကိုကိုစိတ်ပူလို့လေ ... ပြဿနာဖြစ်ရင်ကိုကိုလည်းသိချင်တာပေါ့ ဒါမှကြားကဖြေရှင်းပေးလို့ရမှာ၊ နောက်နှစ်ဆိုပဲဘွဲ့ရတော့မယ် လက်ထပ်ဖို့လည်း ..."
ယွန်းနားနှစ်ဖက်ကိုပိတ်ပြီးခေါင်းခါယမ်းနေတာကြောင့် သူပါးစပ်ပိတ်လိုက်ရသည်။ မျက်ရည်ဥတွေကြောင့် အရောင်လက်နေတဲ့ယွန်းမျက်လုံးတွေကို စိုက်ကြည့်ရင်း သက်ပြင်းမောချမိလေသည်။
" ယွန်းတို့ဘာပြဿနာမှမရှိဘူး ဒီလောက်ဆိုရပြီလား ကားပြန်မောင်းဖို့ "
"မရဘူး မင်းလိမ်နေတာ... ပြောလေ မဟုတ်ဘူးဆို ဘာလို့မျက်ရည်ကျလဲ မင်းမျက်ရည်ကျအောင် ညီဘာတွေအမှားလုပ်သလဲ ပြော ကိုကိုဆုံးမပေးမယ် ... ကိုကို့ရှေ့မှာတော့ မင်းမျက်ရည်မကျပါနဲ့ မင်းခံစားနေရတာမြင်ရင်လေ ကိုယ်လေ ကိုယ်..."
ဖိတ်သွန်ကျလာတဲ့မျက်ရည်တွေကို သုတ်ပေးရင်း သူ့ရင်တွေအကြမ်းပတမ်းခုန်ပေါက်နေလေသည်။ သူမလေးငိုနေတာကြောင့် စိတ်တွေလွှတ်ထွက်ကုန်ပြီထင်သည်။ မျက်ရည်တွေကုန်စင်သွားတော့ လည်တိုင်မှပွတ်ဆွဲကာ ပခုံးသားတွေကိုပွတ်သပ်နေမိရင်း စကားတို့ရှေ့ဆက်ဖို့အားယူနေတုန်း ဖုန်းဝင်လာခဲ့သည်။ ညီ့ထံမှဖုန်းမှန်းသိလိုက်ရတော့ ယွန်းပခုံးပေါ်ကသူ့လက်နှစ်ဖက်လည်း အင်အားမဲ့စွာပြုတ်ကျကုန်လေသည်။ မျက်လုံးတွေကိုခပ်ကြာကြာစုံမှိတ်ပြီး လွှင့်ပျယ်ချင်နေတဲ့စိတ်ကိုစုစည်းပြီး ဖုန်းကိုင်လိုက်၏။
"အင်းညီ ...မရောက်သေးဘူး တောင်ငူတော့ကျော်လာပြီ အင်းအင်း ပေးလိုက်မယ် "
ယွန်းကိုဖုန်းပေးပါဆိုလို့ပေးလိုက်သည်။ ယွန်းဖုန်းပြောနေစဉ် ခေါင်းတစ်ဖက်ငဲ့ကာ မျက်နှာကိုလက်တစ်ဖက်နဲ့ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။ စောစောက သူဘာဖြစ်သွားတာလဲ ။ ညီ့ကြောင့်ငိုနေတာမှန်းသိတော့ စိုးရိမ်လောကြီးသွားခဲ့သလို ညီ့အပေါ်စောင့်ထိန်းရမဲ့ဝတ္တရားတွေလည်း ပျက်ကွက်လုနီးနီးဖြစ်သွားခဲ့သည်။ တော်သေးတာပေါ့ ... ညီဖုန်းဆက်လိုက်လို့ ...၊ မဟုတ်ရင် သတိလွတ်ပြီး ရင်ထဲရှိတာတွေဖွင့်ပြောမိတော့မှာ ။
"ကျေးဇူးပဲညီ မင်းဖုန်းဆက်လိုက်တာ ... မဟုတ်ရင် ကိုကိုမင်းကိုသစ္စာဖောက်မိတော့မှာ ဟူး...."
ပင့်သက်ရှည်ရှိုက်ပြီး ယွန်းကိုငဲ့ကြည့်မိသည်။ တအင်းအင်းနဲ့ဘာတွေမှာတမ်းခြွေလို့ ခေါင်းညိတ်နေသလဲမသိ။
"အင်းပါ ရောက်ရင်ဖုန်းဆက်မယ် ဒါပဲမဟုတ်လား "
ဖုန်းကိုလက်ထဲထိုးပေးသည်။ မျက်လွှာချထားတာကြောင့် မျက်လုံးချင်းလည်းမဆိုင်မိတော့ ။
လိပ်ပြာမလုံနေတဲ့အတူတူ ဒီလိုပဲကောင်းပါတယ်လေ ... မဟုတ်ရင် သူမူပျက်နေတာ ရိပ်မိသွားနိုင်သည်မဟုတ်လား ။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၂၆) ဆက်ရန် >>>
#Ruby Linn