book

Index 24

အပိုင်း(၂၄)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


-----------------


မနက်ဖြန်တောင်ကြီးပြန်ရတော့မှာမို့ စျေးထဲလိုအပ်တာတွေအဝယ်ထွက်ခဲ့သည်။ လက်ထဲမှာလည်းလိုချင်တာတွေပြည့်စုံပြီဆိုမှ ကားထဲပစ်တင်လိုက်သည်။ အထုပ်တွေများမယ်မှန်းသိလို့ ကားယူခဲ့ခြင်းပါ။ ပုံမှန်ဆို သူရော ကိုကိုရော ကားစီးလေ့မရှ်ိ။  နောက်ခန်းထဲတံခါးဖွင့် ကုန်းထည့်နေတုန်း  နောက်ကနေလူကိုပစ်ဆောင့်သဖြင့် အင့်ခနဲဖြစ်ပြီး ရှေ့ငိုက်ကျသွားသည်။ ဝင်တိုက်စရာမဟုတ်တာကိုဝင်တိုက်လိုက်တဲ့အတွက် ထိုလူကိုဒေါသထွက်ပြီးတောက်ခတ်လိုက်မိသည်။ တင်းမာသောမျက်နှာထားနဲ့ ဆတ်ခနဲလှည့်ကြည့်လိုက်၏။


"ဟေ့လူကြီး ဘာကြောင်ကြည့်နေတာလဲ ... ကားထွက်မယ်မဟုတ်လားအမြန်ထွက်စမ်းပါ  "


"ဘာကွ ! ဘာအထာတွေလာဖမ်းနေတာလဲ မင်းငါ့ကိုဘလိုင်းကြီးတိုက်လိုက်တာနော် အခုချက်ချင်းတောင်းပန် "


"ကျစ် အရေးထဲအရာကပေါ်နေပြန်ပြီ ဟုတ်ပြီ တောင်းပန်တယ် အခုတော့ ကားထဲအမြန်ဝင်ရအောင်နော် "


"ဘာ "


သူ့အသံဆောင့်ဆောင့်အောင့်အောင့်ကြီးထွက်သွားတော ကောင်မလေး ခန္ဓာကိုယ်ကနောက်သို့အနည်းငယ်လန်သွားပြီး သူ့အားပြူးကြည့်နေသည်။ မယုံနိုင်သလိုမျက်လုံးတွေနဲ့ပဲဖြစ်ကာ ဘာမဟုတ်တာလေးကိုပုံကြီးချဲ့နေတာပါလား ဆိုတဲ့  ခပ်မဲ့မဲ့ရွဲ့ရွဲ့အချိုးမျိုးလည်းမြင်နေရသည်။


"ဒီမှာ ... ! ဟာ ...လူကြီးဟာသိပ်အကြောပက်တာပဲ ကဲဝင်တော့ "


ခါးထောက်ပြီးရန်ပြန်ထောင်တော့မလိုလုပ်ပြီးမှ ပြာပြာသလဲမျက်စိမျက်နှာပျက်ပြီး လူကိုကားထဲအတင်းထိုးထည့်ကာ သူလည်းဝင်ထိုင်သည်။ တံခါးပိတ်လိုက်တာကလည်းငြင်ငြင်သာသာ ... ဂျိန်းခနဲပဲ ။


"မင်းဘာလုပ်တာလဲ "


"ရူး ... ဟော ဟိုမှာတွေ့လား လူနှစ်ယောက် အဲ့ဒါလူဆိုးတွေ ရာရာ့ကိုလိုက်ဖမ်းနေတာ ၊ ငြိမ်ငြိမ်နေနော် ကားနားရောက်လာပြီ အသက်တောင်ပြင်းပြင်းမရှူနဲ့ အို အီးတောင်ပေါက်ချင်ရင် ဖင်ရှုံ့ထားရှင် ဟုတ်ပြီလား "


ဘာလဲဟ ဆိုပြီး နှာခေါင်းရှုံ့ကာ နှုတ်ခမ်းမဲ့မိသည်။ ပုံစုံကထောင့်မကျိုးအပိုးမကျနဲ့ ကလေးလိုလိုခွေးလိုလို။ အသံမထွက်နဲ့သာပြောနေတာ သူကတော့ တရစပ်ကိုလေသေနတ်ပစ်နေတာမဟုတ်လား ။ လူဆိုးဆိုလို့သာငြိမ်နေလိုက်ရတာ မဟုတ်ရင် သင်းနဲ့မဟုတ်ဘူးမှတ်။ 


"ဟူး... ဒါနဲ့ ဒီနဲ့ခပ်လှမ်းလှမ်းအထိ တင်ခေါ်သွားပါလား ၊ မဟုတ်ရင် လွတ်မှာမဟုတ်ဘူး မြင်သွားနိုင်တယ် ကူညီပါနော် "


အမယ် စောနကပုံမျိုးမဟုတ်တော့ဘဲ နူးညံ့ညင်သာစွာနှုတ်ထွက်စကားဆိုလို့ပါလား ။ပြီးတော့ မျက်နှာလေးညိုးနေပုံက တကယ့်မှသနားစရာ ။ ကူညီလက်စနဲ့မထူးဘူးဆိုပြီး ခေါင်းညိတ်ပြလိုက်တော့ ချက်ချင်းလင်းလက်သွားတာ အထူးပြောနေဖို့မလို။ 


အခြေအနေကိုအရင်အကဲခတ်ပြီး ကားပေါ်ကဆင်းပြီးရှေ့မှာဝင်ထိုင်မောင်းလိုက်သည်။ ကောင်မလေးကတော့ကားနောက်ခန်းမှာပဲထိုင်နေပြီး သူ့အထုပ်တွေကို ဘာတွေဝယ်လာတာလဲဆိုပြီး စပ်စုနေလေသည်။


"ဟေ့ မထိနဲ့နော် ... ဒါလူ့စည်းကမ်းနားမလည်တာပဲကွ ၊ ခုလက်ပိုက်ထားစမ်း "


"ဟုတ်" (တကယ်တမ်းထွက်တဲ့အသံက ဝုတ် လို့သာ)


မြတ်သော မဲ့ပြုံးကလေးနဲ့ခေါင်းတခါခါသာရှိနေတော့သည်။ ကိုယ်အမူအရာကိုကိုယ်ပြန်သတိထားမိတော့ ကိုကို့ကိုသာပြေးမြင်သည်။ သူနဲ့ဖြစ်ဖြစ် ယွန်းနဲ့ဖြစ်ဖြစ် စကားပြောတဲ့အခါ *မနိုင်ဘူး* ဆိုတဲ့ပုံစံမျိုးနဲ့ ခေါင်းတခါခါရှိတတ်တာကိုတွေ့ရတတ်သည်။ 


"ရပ်တော့ ရပ်တော့ ... ဟာ ရပ်ဆို လမ်းမပေါ်မှာပဲရပ်လိုက်ရလား ယာဉ်စည်းကမ်းနားမလည်ဘူးလား ၊ တကယ်ပဲခက်ပါတယ်လေ ကဲကဲ ဟိုလူကြီး လမ်းဘေးဆင်းရပ်လေ ... ငါ့နှယ် ပြောနေတာတောင် ကြောင်တောင်တောင်နဲ့ "


အပြစ်တင်စကားကို တပည့်ကဆရာကိုဆူသလို ပြောနေသည်။ ဒါကိုတော့ သူကြိတ်ပြုံးလိုက်မိသား။ ကောင်မလေး ကားပေါ်ကဆင်းတော့ သူ့ကားမှန်ကိုလက်နဲ့ခေါက်ပြီးဖွင့်ခိုင်းသည်။ ပွင့်သွားတော့တံခါးပေါ်လက်နှစ်ဖက်ယှက်တင်ပြီး... 


"ရာရာက ဒီကလူကြီးကိုသိတယ် ... လူကြီးက ဟာလေးဒဘယ်ဇင် နဲ့ လမ်းသလားတဲ့လူကြီးပဲ နာမည်ကဘာတဲ့ "


အောက်နှုတ်ခမ်းသီးသန့်ကိုသာ လက်ညိုးကလေးတတို့တို့နဲ့စဉ်းစားဟန်ပြုနေတော့ သူ့စိတ်ညစ်သွား၍ခေါင်းကုပ်လိုက်မိသည်။ အဲ့လိုအရှုပ်ဇယားတွေ သူလုံးဝမကြိုက် ။ကူညီပြီးပြီပဲ ကျေးဇူးပြောပြီး ထွက်သွားလိုက်ရုံပဲပေါ့ ... ဒါကို 


"မြတ်သောမောင် "


"အေး ဟုတ်တယ် မြတ်သောမောင် "


သူစကားထောက်လိုက်တော့မှ သံယောင်လိုက်ကာပြောတော့သည်။ တကယ်မလွယ်တဲ့ဂျစ်တူးမလေး။ 


"မမနဲ့က တစ်တန်းတည်းမဟုတ်လား ... မမပြောပြလို့ ဒီကလူကြီးအကြောင်းကြားဖူးတယ် ... မမကပြောတာ ဘာလဲသိလား အလကားကောင်တဲ့ "


"ဘာကွ "


ခပ်မှန်မှန်ထွက်သွားပေမဲ့ ကောင်မလေးကတော့ ပြောပြီးမှအားနာသွားပုံပဲ ။ လက်အုပ်ချီသလိုလိုနဲ့ လက်ဝါးနှစ်ဖက်ကိုပွတ်တိုက်ပြီး... 


" လွန်တာရှိ ဝန္တာမိပါဆရာကြီးရယ် ... မမပြောပြလို့သာ နားရည်ဝပြီးပြောလိုက်မိတာပါ တကယ်တမ်းတော့ ဒီလိုမထင်ပါဘူး ရာရာ့ကိုစောစောကကူညီခဲ့တာပဲ မမပြောသလို အလကားလူတော့ ဟုတ်မယ်မထင်ပေါင် "


"နေပါဦး မင်းအစ်မကဘယ်သူလဲ "


"ရာရာ့မမကလား ပပတဲ့ ၊ ရာရာကတော့ မြတ်နိုးရာတဲ့ မှတ်ထားနော် ... နာမည်ကြားတာနဲ့လစ်ပြေးဖို့မှတ်ခိုင်းထားတာပါ ... လူကြီးကြည့်ရတာ ရာရာ့က်ိုသိပုံမရဘူးထင်တယ် နောက်တော့စုံစမ်းကြည့်ပေါ့ဟုတ်လား" 


ပပညီမမှန်းသိလိုက်ရကတည်းက သူ့မျက်ခုံးတွေအစွမ်းကုန်ပင့်တက်ကုန်ပါပြီ။ ကောင်မလေးကတော့ သွက်လက်ချက်ချာစွာမိတ်ဆက်ပြီး ရယ်ရယ်မောမောလုပ်နေသေးသည်။

ထိုစဉ်... 


"ဟဲ့ ရာရာ ... ညည်းကဒီမှာဟုတ်စ ညည်းနောက်လိုက်လာတဲ့ ညည်းဖအေနဲ့ဦးလေးရော "


"ဟဲ ဟဲ ... ရာရာသိမလားအန်တီရဲ့ "


"အရူးကွက်မနင်းနဲ့ရာရာ ... နင်လက်လိမ်ချိုးလိုက်တဲ့ကောင်လေး ညည်းကိုရဲတိုင်ထားလို့ အခုတင်မနည်းတောင်းပန်ပြီးရှင်းခဲ့ရတယ် ... ဘယ်နှယ့်အေ ပန်းခြံထဲသွားချိန်းတွေ့တဲ့အတွဲ ဘာလုပ်နေနေ ညည်းအပူလား ... လာစမ်းလာစမ်း "


ရာရာဆိုတဲ့ကောင်မလေးရဲ့အန်တီဆိုသူမှာ ရာရာ့ကိုပဲအမှုထားဟန်တူသည်။ ရာရာ့ကိုပုတ်လိုက်ရိုက်လိုက်နဲ့ ဆူချင် ပြောချင်တာတွေက်ို ခပ်ကြိတ်ကြိတ်ဆိုနေသည်။ ပြီးမှ ကြောင်ပြိီးကြည့်နေမိတဲ့သူ့ကိုသတိထားမိပြီး အားနာသွားဟန်တူလေသည်။ ခေါင်းညိတ်ပြုံးပြပြီး တဆက်တည်းမှာပဲ ရာရာ့ကိုမျက်စောင်းခဲကြည့်နေသည်။


" ညည်းဘာတွေရှုပ်လာပြန်တာလဲရာရာ ... အဲ အားနာလိုက်တာငါ့တူရယ် ဒီကောင်မလေးပြောမကောင်းဆိုမကောင်းလေး မင်းကိုဘာလုပ်လိုက်သေးလဲ "


"ခင်ဗျာ "


"ဒီလိုပါင့ါတူရယ် ... မနက်က ပန်းခြံမှာလမ်းလျှောက်မယ်ဆိုပြီး အိမ်ကထွက်သွားတုန်းကအကောင်း ... ဟိုရောက်တော့ ပြဿနာရှာတော့တာပဲကွယ် ပန်းခြံထဲအတွဲတစ်တွဲထိုင်နေတာကို ချောင်းသတဲ့ ၊ ချောင်းတာတောင်ကောင်းကောင်းမချောင်းဘူး ကောင်လေးက သူ့ကောင်မလေးကိုတင်ပါးကို လက်နဲ့ပွတ်တာကိုတွေ့သွားပြီး ဘာမပြောညာမပြော ပြေးလိမ်ချိုးလိုက်တာ လက်သန်းတစ်ချောင်းကျိုးသွားတယ်လေ ... ဒါကိုအိမ်ကလည်းသိရော သူ့ဖအေနဲ့ဦးလေး လိုက်ရိုက်တာ ပြေးတာမှတန်းလို့ ... တားချိန်တောင်မရလိုက်ဘူး အဲ ခုတော့ သင်းကပြန်ရောက်နေပြီ အနောက်ကလိုက်သွားတဲ့သူတွေတော့ ဘယ်ရောက်သွားသလဲမသိဘူး ခက်တယ်ခက်တယ် အင် "


ပြောပြောဆိုဆို ဒေါသပြန်ထွက်ကာ ရာရာ့ခေါင်းကို ဒေါင်ခနဲခေါက်ချလိုက်လေသည်။ ဇက်ကလေးပုပြီးခေါင်းကိုပွတ်သပ်နေပုံက ကလေးပိစိကလေးလိုချစ်စဖွယ်လေး ။ လျှာတစ်လစ်ထွက်နေတာမြင်တော့ ထပ်ခေါက်ဖို့ပြင်တဲ့အဒေါ်ကို မျက်နှာချိုသွေးပြီး နားနှစ်ဖက်ကိုဆွဲကာ တောင်းပန်နေသည်။ အန်တီကတော့ သူ့ကိုကပျာကယာနှုတ်ဆက်ပြီး ရာရာ့လက်မောင်းကိုဆွဲခေါ်သွားတော့ ပေကပ်ပေကပ်နဲ့ပါသွားပြီဖြစ်သည်။ သူ့မှာသာ သဘောတကျရယ်ရင်းပြုံးရင်းကျန်ခဲ့ရတာဖြစ်သည်။ 

သူသာ ဖအေနဲ့ဦးလေးကို လူဆိုးတွေလို့ပြောပြီး သူ့ကားနဲ့ပုန်းလိုက်လာတာကိုပြောလိုက်ရင် ရာရာ့ဆိုတဲ့ကောင်မလေးခေါင်းတော့ မီးပွင့်တော့မှာဧကန် ။


ဪ ... ဆုံမဲ့ဆုံတော့လည်း ပပညီမတဲ့လား ...။


°°°°°


ညနက်တဲ့အထိ စာထိုင်ရေးတော့ ကျောကချမ်းလာတာမို့ အနွေးထည်ထပ်ရပြန်သည်။ အခုဆို ယွန်း မျက်မှန်လေးတောင် အကူအဖြစ်တပ်နေပြီဖြစ်၏။ ဝတ္ထုတိုတွေသာထွက်ဖူးပြီး လုံးချင်းမထွက်ရသေးတာကြောင့် ကြိုးစားဖန်တီးနေခြင်းဖြစ်သည်။ ကျောင်းနှစ်ဝက်ပိတ်ရင်တော့ လုံးချင်းထုတ်ဖို့အားခဲထားသည်။ ခုမှစာသင်ချိန်အစမို့ အတော်လိုပါသေးသည်။ ဇာတ်ကောင်တွေကို သူ့နေရာနဲ့သူနေရာချပြီး ခေါင်းထဲပေါ်လာတဲ့ဇာတ်သွားအတိုင်း စာအုပ်ပေါ်ရေးလိုက်နားလိုက်လုပ်ရင်း ဖုန်းမြည်လာသည်။ ည၂ချက်ထိုးကြီးတွင်ခေါ်သောဖုန်းမှာ မြတ်သောမောင်ဖြစ်နေလေ၏။


" ဆို ဘာလဲ "


"နင်မအိပ်သေးဘူး အိပ်ရာသံနဲ့မဟုတ်လား "


"ဪ အိပ်နေတယ်ထင်ရင်လည်း ဘာလို့ဖုန်းခေါ်သေးလဲဟယ် ... ငါစာရေးနေတာ နင်ဘာပြောမလို့လဲ "


"အေး ငါမေးစရာရှိလို့ဟ ... နင်ကစာရေးဆရာမဆိုတော့ သိလောက်မယ်ထင်လို့ ၊ အချစ် ဆိုတာ ဘာလဲဟင် "


ဖုန်းနားကပ်ပြီးနားထောင်နေတဲ့ယွန်း မြတ်သောမောင်နှုတ်က အချစ် ဆိုတာပါလာတော့ ရှုံ့ချဟန်နဲ့မဲ့ပစ်လိုက်သည်။ သင်းပါးစပ်နဲ့ အချစ်ဆိုတဲ့နူးညံ့တဲ့စကားက လားလားမှမလိုက်ဖက်။ ယွန်းသိတော့သိသားပဲ ၊ လူကိုချစ်သလေးဘာလေးနဲ့ အဲ့အချစ်ရဲ့အဓိပ္ပါယ်ကိုတောင် သိမှာမဟုတ်ဘူးလို့ ၊ အခုတော့ ထင်သည့်အတိုင်း သင်းကတကယ်ကိုမသိ။ 


"နင်ဘာလုပ်မလို့လဲ ... ခုချိန်ကျမှ ဘာလဲ တရေးနိုးထယောင်တာလား "


"ကဲ ဒေါ်ယွန်းယွန်း ... စိတ်မရှည်တော့ဘူးနော် အခုငါနင့်အိမ်လာလိုက်ရမလား "


"ဟိုးဟိုး  ဒေါသချည်းပါပဲလား  သိချင်လို့မေးရင်လည်း ချိုချိုသာသာတော့လုပ်လေ ... ဒါမှတစ်ဖက်ကပြောချင်မှာပေါ့ "


"မိယွန်း "


စိတ်မရှည်တော့ဘဲ ဆောင့်အောင့်ခေါ်လိုက်သော ယွန်းရဲ့နှုတ်ခမ်းပြေပြေလေးပြုံးယောင်သမ်းသွားသည်။ မြတ်သောမောင်တို့ဆိုသည်မှာ စိတ်ရှည်သီးခံတယ်ဆိုတာမရှိ။ 


"အချစ်ကဆန်းပြားလွန်းပါတယ် ...ချစ်တတ်သွားရင်ပျော်ရွှင်စရာကြီးပဲ အဲ အပူတွေမိနေရင်တောင် လက်မလွှတ်ချင်ဘဲ ခံစားလို့ကောင်းနေကြတာလေ ... ပိုးဖလံမျိုးမီးကိုတိုး တဲ့ ကြားဖူးတယ်မဟုတ်လား ၊ အခန့်မသင့်လို့စိတ်ဆိုးစိတ်ကောက်နေကြရင်တောင် ပြန်တည့်သွားတဲ့အခါ အချစ်ရဲ့ရသတွေမြောက်နေပြီဆိုပြီး ပြုံးပြုံးပျော်ပျော်နဲ့ပြန်တစိမ့်စိမ့်တွေးနေကြတာရယ် ... သူ့မျက်နှာမြင်ရင်ကိုရင်တွေတလှပ်လှပ်တုန်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်ရတယ် အမြဲတမ်းမြင်ချင်တွေ့ချင်စိတ်လည်းဖြစ်တယ် ... မတွေးမိဘဲတောင်နှုတ်ကနေသူ့အကြောင်းတွေပြောနေတတ်တယ် ... ဒါပေမဲ့ အချစ်မှာ ရလိုမှုနဲ့ ဖြည့်ဆည်းမှု ဆိုပြီး နှစ်မျိုးကွဲတယ်ဟ တချို့က လူကိုမရမကလိုချင်တယ် တချို့ကအဝေးကနေပဲသူပျော်တာကြည့်ပြီး ချစ်နေတတ်တယ် ၊ ကျစ် ... မသိတော့ဘူးဟာ ငါလည်း "


"မသိပေလို့ ပြောလိုက်တာဆုံနေတာပဲ... အနီးချစ်အဝေးချစ် လို့ အလွယ်မှတ်ရင်ရတယ်မဟုတ်လားယွန်းယွန်း "


"မှတ်ချင်သလိုမှတ် တကတည်းဘာစိတ်ရူးပေါက်မှန်းမသိ... ဘာလဲ နင်စာရေးမလို့လား "


"ဟမ် ... အေး ရေးမယ် စာလုံးတွေတော့ရေးမှာမဟုတ်ဘူး နှဖူးစာရေးမှာ ဟားဟား ... ဒါပဲဒါပဲ နင့်အလုပ်နင်ဆက်လုပ်တော့ "


ပြောပြောဆိုဆိုဖုန်းချသွားတော့ ယွန်းမှာဖုန်းကိုသာကြောင်ငေးကြည့်နေမိတော့သည်။ အချစ်အကြောင်းမေးပြီး နှဖူးစာရေးတော့မယ်ဆိုပဲ ။ ချစ်ရတဲ့ကောင်မလေးတော့ တွေ့နေပြီထင်ပါရဲ့ ။သူအမြန်ချစ်သူတွေ့မှ ယွန်းလည်းကိုယ့်ဘာသာနေရလောက်မဲ့အဖြစ်မို့ တကယ်သာချစ်သူတွေ့ပါစေ ဆုတောင်းလိုက်မိ၏။ စားရေးလိုက် ပန်းချီဆွဲလိုက် လုပ်နေရရင်ကို ယွန်းကျေနပ်လှပြီ။ မလိုချင်တာကိုပစ်ချပြီး လိုချင်တာကိုလည်းစွန့်ပစ်ချင်သည်။ 

လိုချင်တိုင်းလည်း ရတာမဟုတ် ....။ 


°°°°°°°°


တောက်လျှောက်ဖုန်းဆက်နေတာကို မကိုင်ချင်၍ပိတ်ပစ်လိုက်သည်။ ဒါတောင် ပြန်ဖွင့်တော့လည်း ထပ်ခေါ်နေ၏။ မိုးထက်ကုဋေဆိုတဲ့မိန်းမ ဘာဖြစ်ချင်နေသလဲမသိ။ လူကို ဘောလုံးလိုလှိမ့်ဖို့ပက်ဖို့ကြိုးစားနေသလား ...။ 


"ဟဲ့သား ဖုန်းလာနေတာဒီတိုင်းကြည့်ပြီး ဘာလို့မကိုင်သလဲ ... အလုပ်ကိစ္စများဖြစ်နေမလားကွယ် "


"မဟုတ်ဘူးမေမေ ... အသိတစ်ယောက်ပါ ၊ ဪ မနက်ဖြန်တောင်ကြီးသွားဖို့ရှိတယ်နော်မေမေ မေမေ့သားဖို့ဘာထည့်ပေးဦးမလဲ "


"အဲ ... ဘာထည့်ပေးရကောင်းမလဲ ၊ ဒီကောင်လေး အစားအသောက်လည်းအပြင်စာပဲစားတာများတယ် နေပါဦး မေမေဖုန်းဆက်မေးလိုက်ပါဦးမယ်"


ဖုန်းကိုsilentလုပ်ရင်း ခေါင်းညိတ်လိုက်သည်။ မေမေကဖုန်းကိုပဲတစေ့တစောင်းကြည့်ပြီး လှည့်ပြန်ထွက်သွားသည်။ မကိုင်မရတော့ဘူးဆိုတဲ့အတွေးနဲ့ ကိုင်လိုက်တော့ ...


"တိမ်ယံရယ် နေနိုင်လိုက်တာနော် ... ဟင့် တို့လေ ဘာကြောင့်မှန်းမသိဘူး  မင်းကိုသတိရနေမိတယ် အရမ်းလည်းငိုချင်နေတယ် ... မင်းအသံလေးဖြစ်ဖြစ်ကြားချင်လို့ ဖုန်းတွေခေါ်မိတာ မင်းစိတ်ညစ်နေသလားဟင် "


"အဲ့လိုလည်းမဟုတ်ပါဘူး ... မမိုးထက်သတိရတိုင်းတော့ မဆက်ပါနဲ့ ကျွန်တော့်အတွက်အဆင်မပြေလို့ပါနော် ... ၊ ထပ်မဆက်ဖို့တော့မျှော်လင့်ပါတယ် "


"အဟင့်ဟင့် ... မောင်ရယ် မလေ မ,အလိုကြီးမိပြီထင်ပါတယ် အဟင့် "


တဟင့်ဟင့်နဲ့ငိုသံကြားနေတာတောင် မသနားမိဘဲ စိတ်ညစ်ညူးသာနေတော့သည်။ ဘာအခက်အခဲတွေများရှိနေသလဲ။ ဒီလိုပုံမျိုးနဲ့ လာညုပြတိုင်း တိမ်ယံခက ပြာပြာသလဲစိုးရိမ်တကြီးနဲ့ဖြစ်သွားမယ်ထင်သလားမသိ ...။ ဆယ်ကျော်သက်အရွယ်ကလို အလှမက်ပြီး ဟုတ်ကဲ့မ လုပ်နေမဲ့ကောင်လည်းမဟုတ်တော့။ ဒါတွေဒါတွေ မိုးထက်ကုဋေ သိဖို့ကောင်းပြ်ီ...။ 


"ဒီမှာမမိုးထက်ကုဋေ ... ကျွန်တော့်ကို မောင်လို့ခေါ်စရာမလိုတော့ဘူးထင်တယ် ကြားရတာအဆင်မပြေလို့ပါ ၊ ခင်ဗျားဘာသာအလိုကြီးကြီးအရရနည်းနည်း ကျွန်တော်နဲ့နည်းနည်းမှမဆိုင်ဘူးထင်တယ် ... အခုဖုန်းကိုင်လိုက်တာက ခင်ဗျားကိုစကားလက်ခံပြောဖို့မဟုတ်ဘူး ... ကျွန်တော့်ကိုဖုန်းထပ်မဆက်ဖို့နဲ့ ခင်ဗျားအရင်ကသိခဲ့တဲ့တိမ်ယံခ မဟုတ်တော့ဘူးဆိုတာ သိစေချင်လို့ကိုင်လိုက်တာပဲ ...ခင်ဗျားဖုန်းဆက်လို့ ဝမ်းသာအားရထကိုင်လိုက်တာမဟုတ်ဘူးဆိုတာလည်းသိထားပေးပါ ဒါပါပဲ "


စကားကိုတည်တည်ငြိမ်ငြိမ်နဲ့ ပြောချင်တာကို လိုရင်းပါအောင်ပြောပြီး ဖုန်းချပစ်လိုက်သည်။ သူလိုတိုင်းရမယ်ထင်နေသလား ။ ဟူး ... 


အင်္ကျီကိုအောက်ဆွဲချရင်း ထရပ်လိုက်သည်။ မနက်ဖြန်  အလုပ်ကိစ္စနဲ့ တောင်ကြီးသွားရမှာမို့ ယွန်းလေးအတွက်ဖိနပ်လေးတစ်ရံကြိုဝယ်ထားပြီးပြီဖြစ်သည်။ မေမေပေးခိုင်းတယ်ပြောပြီး ယွန်းလေးဖို့ သူလက်ဆောင်တွေပေးနေတာ ညီရောယွန်းလေးရောမသိ။ သူဒါတွေလုပ်နေလို့ ညီတို့ရဲ့ဆက်ဆံရေးမှာပြဿနာတော့ဖြစ်လောက်မယ်မထင်၍ စိတ်ထဲရှိတဲ့အတိုင်း လုပ်နေခြင်းဖြစ်သည်။ သူ့မှာ ယွန်းနဲ့ပတ်သက်လို့ စိတ်ထဲရှိရာဘာမှလုပ်ခွင့်မရခဲ့ဖူးပါ။ သွားသတိလာသတိစားသတိနဲ့နေခဲ့ရသည်။ အကယ်၍ လက်ထပ်ပြီးသွားခဲ့ရင် သူဘယ်လိုနေရမလဲမသိတော့ ။ ညီ့အတွက်ဝမ်းသာရင်တောင် သူ့နှလုံးသားကတော့ သူနဲ့ထပ်တူရှိပါ့မလားလည်းစိတ်ပူရပြန်သေးသည်။ အတူနေဖို့လည်းအဆင်ပြေမှာမဟုတ် ...  အလုပ်အကြောင်းပြပြီး အိမ်မှာမနေဖို့ကြံစည်ရပေဦးမည်။


°°°°°°°°


ယွန်းအိမ်မှာ လို့ ပြောသဖြင့် ကားကိုပြန်ကွေ့မောင်းရပြန်သည်။ မဆုံချင်ပေမဲ့လည်းတွေ့ရမှာမို့ လက်ဖျားတို့ကအေးစက်နေခဲ့ပြီ။ သူဘယ်လောက်မြိုသိပ်ထားပါစေ ... တစ်ခါတစ်ခါနှလုံးသားက ထထဖောက်သည်။ သူ့ဆန္ဒကိုဆန့်ကျင်တတ်၏။


"လာကိုကို ... ယွန်းကရွှေတောင်ခေါက်ဆွဲနဲ့ဧည့်ခံနေတာဗျ ဝင်စားဦး "


ခြံထဲဆင်းကြိုပြီး အိမ်ထဲရောက်လျင် မုန့်စားဖို့ဖိတ်ခေါ်လေသည်။ ယွန်းကမူ အေပရွန်လေးနဲ့ပဲဖြစ်ကာ သူတို့ဆီခပ်သောသောကလေးလျှောက်လာပြီး ...


"ဪ ကိုကိုရောက်လာပြီလား ... ငါကနင်စားနေရင်းဘယ်ပျောက်သွားလဲ လိုက်ကြည့်တာ .. လာလေကိုကို တစ်ခါတည်းဝင်စား"


"နေနေ စားပြီးပြီ ... ညီ့အတွက်ညီမှာတာတွေမေမေဝယ်ထည့်ပေးလိုက်တာကိုလာပေးတာ ၊ ဒါက ယွန်းအတွက် မေမေပေးလိုက်တာပဲ ... မုန့်စားနေကြတာမဟုတ်လား ဆက်စားကြလေ ကိုကိုသွားတော့မယ် အလုပ်ကိစ္စနဲ့လာတာလေ ဘယ်မှမဝင်ရသေးဘူး အထုပ်တွေအရင်လာပေးတာ "


"ဪ ဟုတ်ကဲ့ "


ယွန်းကဒါပဲပြောပြီး အထဲပြန်ဝင်သွားသည်။ မြတ်သောက အထုပ်ကိုဖွင့်ကြည့်ပြီး လိုချင်တာတွေပြည့်စုံလို့ ခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့...၊ မြတ်သောပခုံးကို ပုတ်ပြီး ...


"ကိုကို ဒီကကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ချိန်းထားတာ စောင့်နေကြမယ်ထင်တယ်ညီ ... ကိုကိုသွားမယ်နော် စာလည်းကြိုးစား နောက်ဆုံးနှစ်ဆိုပြီးအပျော်တွေစွတ်ကြူးမနေနဲ့ "


"အင်းပါကိုကိုရာ ... ညီအောင်အောင်ဖြေမှာပါ ၊ မေမေပြောလိုက်ဦး ယွန်းအတွက်မေမေဝယ်ပေးတဲ့ဆွယ်တာကြက်သွေးရောင်လေးက ယွန်းနဲ့အရမ်းလိုက်တယ်လို့ ...နော် ... တွေ့တယ်မဟုတ်လားကိုကို "


ရေနွေးပူပူနဲ့အပက်ခံလိုက်ရသလို တစ်ကိုယ်လုံးပူဆင်းသွားသည်။ သူလိမ်ညာခဲ့တာ ညီလည်းမသိတော့ မေမေဝယ်ပေးတာပဲထင်လို့ ဒီအတိုင်းပြောလိုက်တာပါပဲ။ ဒါပေမဲ့ မလုံတဲ့နောက်ကျောက ထထအပူတက်နေတော့အခက် ။  ခေါင်းညိတ်လို့သာ ပြန်ထွက်လာခဲ့သည်။ တဆက်တည်းလည်း အတွေးဝင်ပြီးသား ... ယွန်းကိုဘာပစ္စည်းမှာမပေးတော့ဖို့ပေါ့...။ သူ့လုပ်ရပ်တွေမှားနေတယ်လို့ အသိဝင်နေတုန်း ဆွယ်တာလေးနဲ့အရမ်းလှနေတဲ့ယွန်းကိုပြန်မြင်ယောင်နေခဲ့သည်။


ဪ ... ငါ့နှယ် ရူးရတော့မလားကွယ်...။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၂၅) ဆက်ရန် >>>


#Ruby Linn


rate now: