book

Index 23

အပိုင်း(၂၃)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


-----------------


အလုပ်ကအပြန် နာရီစင်နားတွင် အမှတ်မထင်ဘဲတွေ့ရသူမှာ မိုးထက်ကုဋေပင်တည်း။ အရင်ကထက်ပိုမိုရင့်ကျက်တဲ့အလှတရားနဲ့ အပြုံးအရယ်မရှ်ိ နဂိုကျော့ရှင်းတဲ့ဟန်လေးနဲ့ ဆိုင်ကယ်မောင်းလာခြင်းဖြစ်သည်။ သူ့ကိုမြင်တာနဲ့တုံ့ခနဲရပ်သွားပြီး ပြုံးပြသဖြင့် မကောင်းတတ်၍ပြန်ပြုံးပြလိုက်သည်။ တကယ်ဆို သူမနဲ့ပတ်သက်မိတဲ့အဖြစ်ကိုတောင် မေ့ထားခဲ့ပြီမဟုတ်လား ။ ငွေဂုဏ်ပညာဂုဏ်မြောက်လှတဲ့သူမကို အထင်ကြီးစိတ်လည်းမရှ်ိတော့သလို ချစ်တဲ့စိတ်လည်းပြန်ရှာဖွေကြည့်လို့မရတော့တာ အတော်ကလေးပင်ကြာခဲ့ပါပြီ။ နှစ်တွေလည်းကြာခဲ့ပြိီမို့ ပြန်တွေ့ကြတော့လည်းအမှတ်တမဲ့ပါပဲ ...။


"တိမ်ယံ "


"ဟုတ်မမိုးထက် ... တစ်ယောက်တည်းလား ဘယ်သွားမလို့လဲ "


တစ်မြို့တည်းသားတွေပေမဲ့ မတွေ့ဆုံဖြစ်ကြ။ မကွေးမြို့မှာပဲဟောက်စ်ဆင်းရတယ်လို့တော့ သိရသည်။ လက်ရှိတွဲနေသူကလည်း မကွေးမြို့သားပဲဖြစ်ကာ သူဋ္ဌေးသားလည်းဖြစ် သင်္ဘောသားအရာရှိလည်းဖြစ်နေပြန်သည်။ သူမလိုချင်တဲ့အဘက်ဘက်ကပြည့်စုံတဲ့သူမျိုးလို့တော့ ဆိုရနိုင်သည်ပေါ့။ သို့သော် မနာလိုမဖြစ်မိဘဲ ဘုန်းကြီးရူးနဲ့လှေလူးတွေ့ကြသည်လို့ပဲ အောက်မေ့ထားခဲ့၏။ နောက်ပိုင်းသတင်းတွေတော့ မသိချင်တော့၍ လာပြောကြရင်တောင် နားမထောင်ဖြစ်ခဲ့တော့ပါ။ 


"မှတ်ပုံတင်ရုံးကပြန်လာတာလေ ... တို့အခုရန်ကုန်မှာတာဝန်ကျတယ် အနောက်ပိုင်းဆေးရုံမှာပေါ့ "


"အော် ..."


ဘွဲ့ရပြီးနှစ်နှစ်အတွက်အစိုးရကတာဝန်ပေးတဲ့ဆေးရုံ၌သာ တာဝန်ထမ်းဆောင်ရတာဖြစ်သည်။ ရန်ကုန်ကဆေး၁ဆေး၂ကသူတွေတောင် ရန်ကုန်အပြင်ရောက်ကြရသေးတာ ... မကွေးကျောင်းဆင်းကရန်ကုန်တွင်တာဝန်ကျတယ်ဆိုတော့ နည်းနည်းနောနောမဟုတ်တဲ့နောက်အင်အားကြီးပါ။ သူမချစ်သူရဲ့ဖခင်ကလူကြီးမင်းဆိုသူများနဲ့အပေါင်းသင့်သည်ဟု သတင်းသဲ့သဲ့တော့ကြားဖူးပါရဲ့လေ ...၊ ကောင်းပါတယ် လို့ပဲ သဘောပိုက်လိုက်တော့သည်။ 


"ကောင်းပါတယ်ဗျာ ... ကျွန်တော်ဝမ်းသာပါတယ် ၊ ဒါဆိုခွင့်ပြုပါဦး "


"ဪ ... ဒါနဲ့ ကျောင်းပြန်တက်ဖို့စိတ်မကူးတော့ဘူးလား ၊ တကယ်ဆို သိပ်နှမြောစရာကောင်းတယ် မင်းသာဆရာဝန်ဖြစ်ရင် သိပ်တော်တဲ့ဆရာဝန်ဖြစ်မှာသေချာတယ် "


"အဟွင်း ... ရှိပါစေတော့ဗျာ ဆရာဝန်ဖြစ်ဖို့ကံပါမလာတာပဲနေပါလိမ့်မယ် ၊ ပြီးတော့ ကျွန်တော့်မိဘလက်ငုတ်လက်ရင်းကိုပဲအမြဲလုပ်ကိုင်သွားရမှာဆိုတော့ စာပြန်သင်လည်းအပိုပဲပေါ့ဗျာ ... ဆရာဝန်ကိုမှချစ်မယ်ဆိုတဲ့မိန်းကလေးတွေထပ်ရှိနေသေးရင်လည်း ကျွန်တော်ဒီတစ်သက်မိန်းမမယူဖြစ်တော့လောက်ဘူးထင်ပါရဲ့ ... အမေမုဆိုးမကိုစောင့်ရှောက်ပေးနေရတာနဲ့တင် အတော်ဝမ်းမြောက်လှပါပြီ ၊ တခြားခံစားချက်တွေဟာ အပေါ်ယံလောက်ပါပဲ မုန့်နဲ့ထမင်းလိုပေါ့ မုန့်မစားရလည်းဖြစ်တယ် ထမင်းမစားဘဲမနေနိုင်ဘူးဆိုတာလေ "


မိုးထက်မျက်နှာညိုခနဲမဲခနဲဖြစ်သွားပြီးမှ မပြုံးချင့်ပြုံးချင့်နဲ့ဟန်လုပ်ပြုံးပြနေသည်။ တစ်ချိန်ကသူကျောင်းထွက်ခဲ့လို့ လမ်းခွဲပစ်လိုက်တဲ့အကြောင်းကို မိုးထက်ကုဋေ မရူးသေးရင် မှတ်မိနေဦးမှာပါ။ မှတ်မိလို့လည်းမျက်နှာတွေကသိသိသာသာပျက်ယွင်းနေခဲ့တာမဟုတ်လား ။ အားနာတဲ့အရိပ်တော့မမြင်ပေမဲ့ လိပ်ပြာမလုံလို့ရှက်ရွံံ့သွားမျိုးတော့ မျက်နှာပေါ်ထင်နေသည်။ ဘာပဲဖြစ်ဖြစ် သူမမျက်နှာကိုတည့်တည့်ကြည့်ပြီး ခံပြင်းစွာပြောလိုက်မိတော့ သူ့ရင်ထဲကအဖုအထစ်လေးတွေပပျောက်ကုန်၏။ သူမနဲ့ပတ်သက်တဲ့ချစ်စိတ်နာကျည်းစိတ်တို့မှန်သမျှ ရေထဲနစ်နေတဲ့ကြာရွက် ရေပေါ်ဘွားခနဲပေါ်လာတာတောင် ရေစက်လုံးဝမကျန်ခဲ့သလိုမျိုး အလုံးစုံကင်းရှင်းကုန်လေသည်။ ဒါကိုပဲ နှစ်ထောင်းအားရရှိနေမိလေသည်။


"နေရင်းထိုင်ရင်းမုန့်ဘဝရောက်သွားတာတော့ ဘဝင်မကျချင်ဘူး ... ဒါပေမဲ့ မင်းကအနာနဲ့လူပဲ ဒဏ်ရာမြင်ရင်တော့ မင်းနာကျင်ခံပြင်းစိတ်လေးပေါ်ပေါ်လာမှာပေါ့ ၊ တစ်ခုသိရမှာက တို့ဘဝကိုတို့ပဲပိုင်တယ် ... အကောင်းဆုံးဆိုတာတွေကိုလှမ်းမြင်နေတဲ့အချိန် အသင့်အတင့်နဲ့ရောင့်ရဲပြီး ဘဝကိုဖြတ်သန်းရမှာပျင်းစရာကြီးပါကွာ တကယ်တော့ မင်းကချစ်သူကောင်းတစ်ယောက်ပါ ဒါပေမဲ့ တို့လိုချင်တဲ့ခင်ပွန်းပုံစံမဟုတ်တာတော့အမှန်ပဲ ... ၊ ကဲပါလေ ပြီးပြီးသားတွေကို ပြန်စမြုတ်မပြန်ချင်တော့ပါဘူး ... မင်းအကြောင်းတွေလည်း တို့ကြားပါတယ် စီးပွားရေးလည်းတိုးတက်အောင်မြင်နေတဲ့အကြောင်းတွေပေါ့ တကယ်စိတ်ရင်းနဲ့ဝမ်းသာစရာပြောပါရစေ "


"ကျေးဇူးတင်ပါတယ် ... နေလည်းအတော်စောင်းနေလို့ ပြန်လိုက်ပါဦးမယ် ၊ ပြန်ရောက်ချိန်မှအိမ်မရောက်ရင် မေမေစိတ်ပူတတ်လို့ပါ "


နာရီစင်ဘေးကပ်ရပ်ပြီး ဆိုင်ကယ်ပေါ်ဆင်းကာ ကိုယ့်ဆိုင်ကယ်နားကိုယ်ရပ်ကာ စကားပြောနေကြခြင်းမှ သူ နှုတ်ဆက်ကာ ဆိုင်ကယ်ပေါ်တက်လိုက်သည်။ စက်နိုးပြီးနောက် ခေါင်းတစ်ချက်ညွတ်အပြုံးတစ်ချက်ပြကာ ထပ်မံနှုတ်ဆက်လို့ စိတ်လက်ပေါ့ပါးစွာမောင်းနှင်လာခဲ့တော့သည်။ အိမ်နားရောက်မှ သူ့ကိုယ်သူ သတိထားမိလေသည်။


အမယ် ... ငါသီချင်းညီးလာလို့ပါလား ...


မျက်နှာသုန်မှုန်ပြီးကျန်ရစ်ခဲ့တဲ့မိုးထက်မှာတော့ သူ့ထက်အရင် အကျောတင်းပြီးထွက်သွားတာကို မချိတင်ကဲဖြစ်လို့နေလေသည်။ ထားရစ်ခဲ့ရင် ကျန်ခဲ့မယ့်သူက မိုးထက်ဖြစ်စရာလား ။ ဖြစ်ရင်းဖြစ် သင်းကသာကျန်ရစ်ခဲ့ရမှာ ။ ကိုယ်အရင်ထွက်မသွားခဲ့မိတာကိုနောင်တရရင်း လှလှကလေးမဲ့ပစ်လိုက်သည်။ 

မအေချစ်သားဟာ လင်ကောင်းမှမဖြစ်နိုင်တဲ့ဟာ ... လွမ်းစရာတော့မရှိ ...။ 


°°°°°


"ကိုကို နောက်နှစ်ဆိုညီတောင်ဘွဲ့ယူတော့မယ် ကိုကိုဘယ်တော့ဘွဲ့ယူမလဲ "


မန္တလေးသင်္ကြန်ကနေ ပြန်ရောက်လာပြီး အိမ်မှာပဲအေးငြိမ်းသက်သာလုပ်နေတဲ့မြတ်သော သူ့အားကောက်ကာငင်ကာထမေးသဖြင့် စစ်နေတဲ့ငွေတွေတောင် ဘယ်လောက်ရောက်သွားသလဲမသိ။ ခေါင်းကငုံ့လက်စနဲ့မျက်လွှာလှန်လိုက်မိတော့ မေးဆတ်ပြီး ဖြေလေလို့ဆိုနေသည်။ ထိုအခါ ခပ်ကုန်းကုန်းလေးငွေရေနေရာမှ ခါးကိုမတ်လိုက်ပြီးညီဖြစ်သူကိုတည့်တည့်ကြည့်လိုက်သည်။ တဖြည်းဖြည်းညိုလာတဲ့မျက်နှာမျိုးနဲ့ နှုတ်ခမ်းစေ့ပြုံးလိုက်ပြီးမှ ... 


"ဒီအရွယ်ကျမှ ကျောင်းတတ်ချင်စိတ်လည်းမရှိတော့ဘူးညီ ... မင်းဘွဲ့ရရင်ပဲကိုကိုကျေနပ်လှပြီ ၊ ဘွဲ့ယူပြီးရင်တော့ လုပ်ငန်းတွေကိုခွဲဝေပေးရမယ် ဒါမှယွန်းလေးနဲ့လက်ထပ်တဲ့အခါ ညီ့ဘက်ကအဆင်သင့်ဖြစ်နေမှာ ... ဦးလေးတို့ဘက်က သူတို့သမီးကိုမတောင့်မတထားနိုင်ခဲ့တာ မင်းနဲ့ယူမှဒုက္ခဝေသွားတယ်လို့ ကိုကိုမကြားချင်ဘူး ... ကိုကို့ညီဟာစီးပွားအရှာတော်သလိုလင့်ဝတ်လည်းကျေတယ်ဆိုတာ ဦးလေးတို့ကို အခုကတည်းကသိစေချင်တယ် "


"ဟိုး ဟိုး ...နေဦးကိုကိုနေဦး ... ယွန်းနဲ့ညီစေ့စပ်ပွဲပျက်သွားတာ ကိုကိုသိတယ်နော် ဒါနဲ့ပဲလက်ထပ်ဖို့တွေပြောနေတယ်ဗျာ "


"စေ့စပ်ပွဲပျက်တာမဟုတ်ပါဘူး နောက်ဆုတ်လိုက်တဲ့သဘောမျိုးပါပဲ ... ယွန်းလေးကညီ့ကိုစိတ်ဆိုးစိတ်ကောက်ဖြစ်သွားလို့သာ ဒါကလည်း ကိုကို့အပြစ်ပါ ကိုကိုသာယွန်းလေးအနားမသွားခဲ့ရင်သိပ်ကောင်းမယ် "


နောင်တရနေတဲ့မျက်နှာရိပ်မျိုးနဲ့ ဣန္ဒြေရရခေါင်းခါနေသည်။ မြတ်သော ကိုကို့ကိုကြည့်ပြီး အခြောက်တိုက်ရယ်ချင်စိတ်တွေပေါက်နေ၏။ ဟန်ဆောင်ကောင်းလိုက်တာလို့ စိတ်ထဲရှိသလောက်အော်ပြောလိုက်ချင်၏။ သူနဲ့ချစ်သူဖြစ်သွားကြပြီလို့ မျက်နှာပြောင်တိုက်ပြိလိမ်ပြောခဲ့တုန်းကလည်း ကိုကိုဝမ်းသာအားရဖြစ်သွားခဲ့သည်။ ဒါဟာ ဟန်ဆောင်ခြင်းမဟုတ်တာတော့ ကောင်းကောင်းခန့်မှန်းနိုင်သည်။ ယွန်းအပေါ် ကိုကို့မေတ္တာဟာ အဖြူထည်ချည်းပါပဲလို့ စိတ်ကိုအတင်းနှစ်စွဲထားပုံရသည်။ ဒါ့ကြောင့်လည်း ဘာမှမခံစားရသလိုပြုံးနေနိုင်တာဖြစ်မည်။ 


"နေသားကျသွားပြီလား... ယွန်းကအခုဆို ညီတို့ညီအစ်ကိုအပေါ်သိပ်စိမ်းလွန်းနေတယ် ၊ ညီနဲ့တော့အလိုက်သင့်လေးရှိပေမဲ့ ကိုကို့ကိုတော့တော်တော့်ကိုစိမ်းရင့်သွားတာနော် ... ကိုကိုမို့နေနိုင်တာ ညီဆိုအတင်းလိုက်ခေါ်မှာပဲ တစ်သက်လုံးကချစ်ချစ်ခင်ခင်နေခဲ့ကြပြီးမှ သူစိမ်းလိုဖြစ်သွားတာမျိုးတော့ ညီမကြိုက်ဘူး "


ကိုကိုက ရင့်ကျက်တာရော ဟန်ဆောင်ကောင်းတာရောပေါင်းပြီး တဟင်းဟင်းနဲ့ရယ်မောနေသည်။ ဘယ်လောက်ပင်အကဲခတ်ခတ် မရိပ်မိနိုင်လောက်အောင်ကို ဖုံးကွယ်ပစ်ထားတာ သူ့ကြောင့်ပဲမှန်းသိသည်။ တက္ကသိုလ်မတက်ခင်အချိန်က သူတစ်ခါမေးခဲ့ဖူးတာကို ကိုကိုမဖြေနိုင်ခဲ့တာ ပြီးတော့ မေမေ ဝယ်ထည့်ပေးလိုက်တယ်ပြောပြီး ယွန်းအတွက်ပစ္စည်းတွေပို့ပေးတာ အားလုံးကိုသူသိသည်။ ကိုကိုဆိုတာ သူ မနာလိုဝန်တိုရမဲ့သူ,မဟုတ်။ ကိုကိုနဲ့ယွန်းကြားကိုဝင်ခဲ့တာက ယွန်းကိုမကျေနပ်လို့သက်သက်ပဲဖြစ်သည်။ ချစ်လည်းချစ်သည်။


" အဲ့ဒါတွေနောက်မှရေစမ်းပါကိုကိုရာ ... ထွက်ပြေးဖို့ခြေထောက်လည်းမရှိကြပါဘူး ၊ ညီမေးတာကိုသာ လေးလေးနက်နက်ဖြေပေး ... အချစ်ဆိုတဲ့ခံစားချက်က ဘယ်လိုမျိုးလဲ "


မျက်ခုံးနှစ်ဖက်တွန့်ပြီး တွေခနဲစိုက်ကြည့်ပြီးမှ နှုတ်ခမ်းစေ့လို့တဟင်းဟင်းရယ်သည်။ ကိုကိုသည် ယွန်းနဲ့သူ့ကိုချစ်သူတွေလို့ပဲထင်မှတ်နေသေးသည်။ ဒါကလည်း မေမေနဲ့ကိုကို့ကို အဲ့လိုပဲအသိပေးပြီး စေ့စပ်ဖို့တောင်းဆိုခဲ့တာမဟုတ်လား ။ ချစ်သူထားပြီး အချစ်အကြောင်းမေးတော့ ကိုကိုလှောင်ရယ်လိုက်တာဖြစ်သည်။ 


"အဲ့လိုမရယ်နဲ့ဗျာ ... တကယ်သိချင်လို့မေးတာကို လှောင်ရလားကိုကိုရ "


"မဟုတ်ပါဘူး သဘောကျလို့ပါညီရာ ... ချစ်သူကျထားတတ်ပြီး ချစ်တာကြခုမှလာမေးနေလို့ အဟင်းဟင်း ... ကဲကဲ ဟုတ်ပြီ မရယ်တော့ဘူး ၊ အချစ်ကခံစားချက်အမျိုးမျိုးကိုပေးတတ်တာပဲ ...အချစ်နဲ့ထိတွေ့ခံရတဲ့သူတိုင်း တစ်ခါတစ်ခါနူးညံ့သွားမယ် ပျော်ရွှင်နေမယ် မြင်မြင်သမျှကိုချစ်တဲ့စိတ်နဲ့ဆိုအပြစ်မဆိုတော့ဘူး သည်းခံတတ်လာမယ် ခွင့်လွှတ်တတ်လာမယ် ကိုယ်ချင်းလည်းစာတတ်လာတယ်ပေါ့ကွာ ... အင်း ပြီးတော့ သူ့အကြောင်းတွေးလိုက်ရုံနဲ့ကို သကြားစားရသလို ချိုမြိန်ပြီး အလိုလိုကိုပြုံးနေတော့တာပဲ ၊ သူစိတ်ကောက်တဲ့ပုံလေးကလည်းချစ်စရာဖြစ်နေမှာပဲ သူဒေါသထွက်နေရင်လည်း ချစ်မဝဖြစ်နေမှာပဲ ... အနားမှာရှိလို့ကတော့ ပါးကလေးပဲလက်နဲ့ထိရထိရ ဆံပင်ကလေးပဲသပ်ပေးရပေးရ လုပ်ချင်နေတာ သဘောက ချစ်တဲ့သူနဲ့နီးနီးကပ်ကပ်နေချင်တာပေါ့ ကဲ သိပြီလား ... ဒါ အချစ်အကြောင်း ကိုကိုသိတာ အကုန်ပဲ"


စကားရှည်ကြီးကို ဒူးပေါ်တံတောင်ဆစ်ထောက်ပြီး မေးကိုလက်နဲ့ထောက်ကာ နားထောင်ရင်းပြီးသွားတော့ ဟင်းခနဲလေကိုပြင်းပြင်းရှူထုတ်ပစ်လိုက်သည်။ အောက်နှုတ်ခမ်းလေးအနည်းငယ်ထော်ပြီး သဘောမတွေ့သလိုဖြစ်တာကို ကိုကိုကခေါင်းတခါခါနဲ့ရယ်ရင်း ပိုက်ဆံအုပ်တွေရောအလုပ်ဖိုင်တွေပါသိမ်းကာ ထရပ်၏။


" ကဲ ကိုယ်တော်ချောလေး ... ခင်ဗျားလေးနဲ့သာဆို ကျွန်တော်မျိုးဒီကနေ့အလုပ်ပြီးမယ်မထင် ၊ သိချင်တာလည်းဖြေပြီးပြီဆိုတော့ ကြွတော့မယ်ဗျို့ ... ထပ်သိချင်သေးရင် မင်းချစ်သူကိုသာမေးပေတော့ ဟုတ်လား "


ကြည့် ... ။ နောက်သလိုလိုပြောသွားသေးသည်။ အဲ့အစ်ကိုဟာလေ အတည်မေးလို့မေးမှန်းမသိ။ ချစ်တယ်ဆိုတဲ့စကားလုံးသာ ကြားဖူးလွန်းလို့ နားရည်ဝနေတာ ... ၊ တကယ်တော့ အနက်အဓိပ္ပါယ်တွေ ဘာမှနားမလည်။ ခုမှ နည်းနည်းကလေးရှင်းသွားသလိုလို ... သူ မချစ်တတ်သေးဘူးဆိုတာကို ရိပ်စားမိသွားသလိုလိုပါပဲ ...။


ယွန်းအပေါ် တခြားမိန်းကလေးတွေထက် သူပိုခဲ့သည်။ ဒါကို အချစ်လို့ခေါင်းစည်းတပ်ပြီး ဘေးလူအဖြစ်ကနေ အဓိကနေရာကိုသူပါဝင်ခဲ့သည်။ ကျောင်းမှာဆို ယွန်းနဲ့သူ့အကြောင်း မသိသူမရှိ။ ယွန်းဘယ်လောက်ငြင်းငြင်း ဘယ်သူမှမယုံအောင်လည်း သူလုပ်တတ်သည်။ ဥပမာ မိန်းကလေးခပ်ထူထူရှ်ိနေတဲ့အချိန်မျိုးတို့ ကန်တင်းလိုနေရာမျိုးတို့မှာဆို ယွန်းကိုပိုင်စိုးပိုင်နင်းနဲ့ပြောဆိုဆက်ဆံခဲ့သည်။ " ဆုံနေကျနေရာမှာစောင့်နေ " ဆိုတာမျိုး ..."ညကျရင်မနေ့ညကလိုဖုန်းဆက်ရင်းနဲ့အိပ်မပျော်သွားနဲ့နော် " ဆိုတဲ့ ဘာလိုလိုညာလိုလိုစကားမျိုး ..."စိတ်ကောက်နေတာဆိုရင် ငါလူရှေ့လည်းမရှောင်ဘူးနော် " ဆိုတာမျိုးကတစ်ဖုံနဲ့ ပိုင်ဆိုင်ကြောင်းကိုပြသပေးခဲ့သည်။ တကယ်လည်းအလုပ်ဖြစ်ပြီး ယွန်းဘယ်လောက်ဆိုဆို ဘယ်သူကမှမယုံတော့ ။ ယွန်းရှက်လို့ဖုံးကွယ်နေတာရယ်လို့ပဲ သဘောပေါက်သွားကြတာချည်း။ 


တခြားဘယ်ကောင်တွေကိုမှ ယွန်းအနားအကပ်မခံ။ ကောင်းကောင်းတားလို့မရရင် ထိုးကြိတ်လွှတ်သည်။ ဒါကို ပတ်ဝန်းကျင်က အချစ်သူရဲကောင်းကြီးလို့ဆိုစမှတ်ပြုကြသည်။ ဒါကိုလည်း သူကျေနပ်မိ၏။ စာရေးဆရာမတစ်ဦးအနေနဲ့ လာရောက်မိတ်ဆက်စကားပြောချင်ရင်တောင် သူ့ဆ်ီိအရင်ရောက်လာပြီး သူခွင့်ပြုမှသွားခွင့်ရှ်ိသည်။အဓိကကတော့ ယောက်ျားလေးတွေအတွက် ဒီနည်းကိုသုံးတာဖြစ်သည်။ နောက်တော့ စာရေးဆရာမချစ်သူဆိုတာလည်း တချို့တွေကသိရော ယွန်းကိုရှိန်ပြီး သွားမတွေ့ရဲတဲ့ ကောင်မလေးတွေလည်း သူ့ဆီရောက်လာကြလေသည်။ ဤသည်ကိုလည်း ကိုယ့်ကိုကိုယ်ကျေနပ်မဆုံး ။ 

သူဟာ ယွန်းရဲ့အရေးပါဆုံးဆိုတဲ့လူနေရာကို ရောက်နေပြီမို့ သဘောခွေ့ရဝမ်းမြောက်ခဲ့ရတာပဲရှိသည်။ စောစောက ကိုကိုပြောခဲ့သလို အချစ်ရဲ့ခံစားမှုမျိုးတော့ တစ်ခါမှမခံစားဖူးခဲ့ရပါ။ ဒါ့ကြောင့် အချစ် ဆိုတာနဲ့ သူ အလှမ်းဝေးဦးမလား ...။


°°°°°°°


ဟိုတယ်တွင် စတက်ဖ်ပါတီရှိတာကြောင့် ယွန်းနဲ့မေမေပြင်ဆင်နေရသည်။ ပါပါးကတော့ အသေအချာမှာသွားသည်။ "အလှဆုံးပြင်ခဲ့နော်" တဲ့ ။ ပါပါးကတော့ တခြားပါတနာတွေကိုကြိုဆိုရမှာမို့ ဦးစွာထွက်သွားခြင်းဖြစ်၏။ မေမေက မဟူရာရောင်တော်တောက်နဲ့မို့ ဖြူသောအသားမှာထင်းထင်းရင်းရင်းပေါ်သည်။ အဆီပိုမရ်ှိဘဲ အချိုးကျသောခန္ဓာကိုယ်ရဲ့အလှကလည်း မြင်သူငေးရမဲ့အနေအထားမို့နဲ့။ ယွန်းတောင် မေမေ့လောက်မလှပါ။ ယွန်းရွေးပေးထားတဲ့စိန်လည်ဆွဲလေးကို လည်တိုင်မှာဆွဲပေးလိုက်တဲ့အခါ မှန်ထဲကတဆင့်မေမေ့အလှတို့သည် စိန်ရဲ့အစွမ်းနဲ့အပြိုင် တောက်ပသွားတော့၏။ 


"လှလိုက်တာမေမေရယ် ... ယွန်းပြောသားပဲ ဒါလေးကဒရက်စ်နဲ့အရမ်းလိုက်ပါတယ်လို့ ပါပါးမြင်ရင်တော့ မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားတော့မှာ ဟာဟ "


ယွန်းပြောစမှတ်ဖြစ်အောင်ပင် လှလွန်းနေတဲ့လိပ်ပြာသည် ယွန်းရဲ့စကားလေးကြောင့် ပါးပြင်နုနုရဲရဲထွတ်သွား၏။ ဦးသတိုးရဲ့ လှလိုက်တာမိန်းမရယ်ဆိုပြီး ချီးမြောက်တဲ့အသံလေးတောင် နားထဲကြားနေရသလိုလိုပါပဲ ။ တကယ်တမ်းတော့ သူ မရှိပါ။  ဧည့်ခံပွဲမှာ လာသမျှမိတ်သင်္ဂဟတွေကို ဧည့်ခံနေရလို့ ပင်ပန်းနေရော့သလား ။ 


" သမီးပြီးပြီမို့လား ... မြန်မြန်သွားရအောင် ဟိုမှာသမီးအဖေတစ်ယောက်တည်းရယ် စောင့်မျှော်နေလောက်ရောပေါ့ လာသမီး "


ယွန်းမှာအထွေအထူးဘာမှမပြင်ဆင်ခဲ့ပါ။ ဆံပင်တွေကိုအလိမ်လေးကောက်ထားပြီး ဘဲကလစ်လှလှလေးတစ်ချောင်းသာ ပန်ဆင်ထား၏။ ပခုံးပြောက်ပုံစံလေးနဲ့ ဒူးအတိဂါဝန်ကားကားလေးက ကိုယ်လုံးသေးသေးသွယ်သွယ်လေးမှာကွက်တိကျနေသည်။ မိုးသားရောင်လေးမို့ ညခင်းအလှမှာ မျက်စိအေးဖွယ်တော့ဖြစ်နေမှာသေချာသည်။ 


"ဟင် " 


ယွန်း ရပ်ကျန်ခဲ့သည်။ မေမေက ပါပါးလက်ဆွဲခေါ်ရာပါသွားပြီး အတူတူတောင်ဧည့်ခံနေပြီ။ ယွန်းခြေလှမ်းတွေ တဖြည်းဖြည်းနောက်ဆုတ်လိုက်ပြီး လှည့်ထွက်ခဲ့တော့ ဝိုင်တွေကော့တေးတွေအချိုရည်တွေသယ်လာတဲ့ဝိတ်တာကောင်လေးနဲ့တိုက်မိလေသည်။ အဝလေးမှာဖြစ်သွားတာမို့ လူတွေသိပ်သတိမထားမိကြ။ ဝိတ်တာလေးသယ်လာတဲ့အရည်တွေ ယွန်းဂါဝန်ပေါ်တချို့တစ်ဝက်ကျသွားတော့ ပြာပြာသလဲတောင်းပန်လေသည်။ ယွန်း လက်ပြတားလိုက်ပြီး ဟိုတယ်အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်တော့သည်။ မလုံမလဲစိတ်နဲ့ လှည့်ကြည့်မိတော့ ကိုကို့မျက်လုံးနဲ့ဆုံလေသည်။အို.... 


ခြေထောက်တွေက မော်တာတပ်ထားသလို အလျင်အမြန်ပဲ လူသူဝေးတဲ့နေရာဆီပြေးလျှောက်မိသွားသည်။ နောက်ကခြေသံကိုကြားရတော့ ရင်ထဲတလှပ်လှပ်နဲ့... 


"ကိုကိုလိုက်မလာစေနဲ့ ပြန်လှည့်ပါစေ "


လက်ကလေးနှစ်ဖက်ယှက်ထွေးပြီး ဆုတောင်းပေမဲ့မပြည့်။ ကိုကိုအနားရောက်လာပြီ... ။ အပြာနုရောင်လက်ရှည်နဲ့အဖြူရောင်စတိုင်ပင်န်ကိုတွဲဖက်ဝတ်ထားသဖြင့် ကြွကြွလေးနဲ့လူငယ်ဆန်နေသည်။ သို့သော်လည်း တည်ကြည်ရင့်ကျက်တဲ့မျက်နှာ သေသပ်ပုံကျစွာဖြီးထားတဲ့ဆံပင်ပုံစံတို့ကြောင့် လူကြီးဆန်တဲ့လူငယ်အသွင်နဲ့ ခန့်ခန့်ညားညားရှိနေတာဖြစ်၏။ ဒါကိုအဝေးကလှမ်းမြင်ပြီး ရင်ခုန်သံတွေဗြောင်းဆန်ကုန်လို့ ထွက်ပြေးဖို့ကြံကာမှ တွေ့သွားပြီးလိုက်လာခဲ့ပြီ ။


"ယွန်းလေး ဘယ်ကိုပြေးထွက်သွားတာလဲ ... ဘာဖြစ်လို့လဲ ဂါဝန်တွေမှာလည်းရေတွေစိုကုန်ပြီ လာစမ်း "


နောက်ကိုတဆုတ်ဆုတ်လုပ်နေလို့ စိတ်မရှည်တဲ့အဆုံး ယွန်းလက်မောင်းကိုဆွဲကိုင်ပြီး ရပ်တန့်စေလိုက်သည်။ ဂါဝန်ကအရောင်နုပေမဲ့ အရည်တွေကအဖြူတွေမို့ ရေစိုသွားသော်လည်း အမြင်တော့ဆိုးမသွားပါ။ ဝိုင်နီတွေသာပါပြီးပေသွားလို့ကတော့ အခက်ဆိုပြီး မဖြစ်သွားတာကိုတွေးပူလိုက်မိသည်။ ယွန်းကိုတွေ့သည့်တိုင် မခေါ်မပြောခဲ့တာကြာခဲ့ပါပြီ ... အခုလည်းခေါ်ဖို့ပြောဖို့စိတ်ကူးမရှိ။ သို့သော် သူမလေး ဝိတ်တာနဲ့ဝင်တိုက်ပြီး ပြေးထွက်သွားတာမြင်တော့ စိတ်တွေပူပန်ပြီး တောက်လျှောက်ပြေးလိုက်မိတာဖြစ်၏။


ကုန်းပြီး သူ့ဘောင်းဘီထဲပါလာတဲ့ပုဝါနဲ့သုတ်ပေးရင်း အားမရတော့ မုဆိုးဒူးထောက်ထိုင်ချကာ သေချာသုတ်ပေးနေမိသည်။ ပါးစပ်ကလေးတဟဟနဲ့အံ့သြသလို ငုံ့ကြည့်နေတဲ့ယွန်းကိုတော့ မော့မကြည့်မိအောင် ကြိုးစားနေရသည်။ မော့ကြည့်လို့မဖြစ်... လှစ်ခနဲမြင်လိုက်ရတာတောင် အကြည့်လွှဲပစ်လ်ို့မရခဲ့တဲ့ဟာ တည့်တည့်သာကြည့်မိလို့ကတော့မလွယ်။ ညီ ပါမလာတာခက်ပြီ ။ မဟုတ်ရင် ယွန်းနောက်ကို ညီ့ကိုပဲပြေးလိုက်ဖို့ပြောခဲ့မိမှာ...။ 


"ရပြီရပြီ ယွန်းအဆင်ပြေတယ် "


"ဟင်... အင်း အသားနဲ့သိပ်မကပ်တော့ပါဘူး ...၊ ဒါနဲ့ ဘယ်ကိုပြေးတာလဲ ဘာဖြစ်လို့လဲ "


"ယွန်းအကြောင်းကို ဘယ်လိုဖြစ်လို့စိတ်ဝင်စားသွားတာလဲ မသိချင်ယောင်ဆောင်လည်းဖြစ်နေတဲ့ဥစ္စာ"


"ကျစ် ... အဲ့လိုရွဲ့တာမျိုးကိုကိုမကြိုက်ဘူးသိလား ၊ 

ညီနဲ့ယွန်းလေးတို့ စေ့စပ်ပွဲပျက်သွားခဲ့ရလို့ ကိုကိုဘယ်လောက်အားနာခဲ့ရသလဲ ... ကိုကို့ကြောင့်သာ မင်းတို့ချစ်သူတွေ အခန့်မသင့်ဖြစ်သွားခဲ့တာ ဒါကိုတွေးပြီး ခုထိစိတ်မကောင်းဖြစ်ရတုန်းပဲ "


ရှင်းပြပြီးလို့ သူမအား သိပြီလားနားလည်ပြီလား ဆိုတဲ့ဟန်နဲ့ မေးဆတ်ပြီးခါးထောက်လိုက်လေသည်။ ပြီးနောက် တစ်ဖက်သို့ကျောခိုင်းလှည့်၏။ ပြန်ထွက်သွားမလို့ခြေလှမ်းပြင်ပြီးမှ ကိုယ်ကိုပြန်စောင်းငဲ့ကာ...  


"လာလေ ... ဒီမှာတစ်ယောက်တည်းဘာလုပ်မလို့လဲ လာခဲ့ "


"အို နေပါ ... တော်ကြာ လူတွေမြင်သွားလို့ မောင်နဲ့ယွန်း ထပ်ပြီးဝေးရပါဦးမယ် "


မျက်ခနဲအောင့်သွားတဲ့ရင်ဘတ်ကြောင့် မျက်နှာလည်းတစ်ချက်ပျက်သွားရသည်။ ပြီးမှ ပြန်အဖတ်ဆယ်ပြုံးလိုက်ရင်း နှုတ်ခမ်းပါးတို့တွန့်ကွေးအောင်ပြုံးလိုက်မိ၏။ ဟုတ်ပေတာပဲ ဆိုတဲ့ပုံမျိုးနဲ့ ခေါင်းတဆတ်ဆတ်နဲ့ညိတ်ရင်းက... 


"အိုခေပါ ... ဒါဆို အရင်သွားမယ် ပြီးရင်တော့ နောက်လိုက်ခဲ့တော့ တော်ကြာ ဦးလေးတို့စိတ်ပူနေလိမ့်မယ် "


ကြည့်စမ်းပါလေ ... သူများတွေစိတ်ပူနေမဲ့အကြောင်းသာပြောသွားသည်။ သူစိတ်ပူတယ်လို့ တစ်ခွန်းဟမသွား ။ ချစ်သူ ချစ်သူ ... ဘယ်ကဘယ်လို ဒီဝေါဟာရကိုမှ မြတ်သောမောင်နဲ့သူမကြားမှာ ဖြစ်တည်နေသလဲ ။ တစ်လောကလုံးက ချစ်သူစုံတွဲလို့အထင်ခံနေရတာကိုလည်း ဖြေရှင်းလို့လုံးဝမရခဲ့။ ကြာတော့ ဒါကိုပဲနေသားကျလာသလ်ိုလိုနဲ့ အားညောင်းခံပြီး ရှင်းမပြခဲ့တော့ပါ။ ဒါပေမဲ့ တစ်ယောက်သောသူကိုတော့ ရှင်းပြချင်သည်။ ဒါကလည်း သူ မေးမှပါလေ ... သူ မမေးဘဲ ယွန်းဖြေချင်ရင်တောင် မျိုသိပ်ထားမည်။ သူတောင် မတော်ဘူးဆို သံတော်ဦးတောင်မတင်ရဲတဲ့သူမဟုတ်လား ။ ယွန်းကမိန်းကလေးမို့ သူ့ထက်ပိုနှုတ်ဆိတ်နေမှသင့်မည်ဖြစ်ရာ တိတ်တိတ်နေပြီးအထင်မှားကို ဆက်မှားခံနေလိုက်ဖို့ပဲရှိတော့သည်။ 

မြတ်သောမောင်အပေါ်ပေးဆပ်ရမဲ့အတိတ်ဝဋ်ကြွေးနဲ့ တိမ်ယံခအပေါ်ပေးဆပ်ရမဲ့ နှလုံးသားဝဋ်ကြွေးတွေက အားလုံး တစ်ဖက်သက်ဆန်လွန်းသည်။ တစ်ယောက်က မတောင်းပဲရတဲ့ချစ်သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မရဘဲတောင်းတမိတဲ့ချစ်သူရယ်ပါ ... လူတိုင်းရဲ့စ်ိတ်အတွင်းကျကျမှာတော့ မရနိုင်တာကို ပိုလိုချင်စိတ်က အလေးသာတတ်၏။ ယွန်းလည်း မရတာကိုမှ ပိုပိုပြင်းထန်မွတ်သိပ်စွာ တိတ်တဆိတ်တောင်းတနေခဲ့မိလျက် 

အချစ်မီးလျံကြားက လွန်မြောက်ပါရစေ ...။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၂၄) ဆက်ရန် >>>


#Ruby Linn


rate now: