✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
-----------------
မိုးမှာမရွာပါဘဲ ညို့နေသည်။ လေပြင်းတိုက်ပြီးနေမပူတော့ နေရတာတအုံ့နွေးနွေးရှိလှ၏။ ကလောရဲ့အေးချမ်းတဲ့အရသာကို သည်ကနေ့တော့ ခံစားလို့မရချေ။ ရောင်စုံဆေးပုလင်းတွေထဲက အပြာရောင် နဲ့ အဝါရောင်ကို သီးသန့်ဆွဲယူလိုက်သည်။ အဖုံးဖွင့်ပြီး ဆေးမင်ရည်ခွက်အလွတ်ထဲ တပြိုင်နက်သွန်လောင်းချလိုက်၏။ ပြီးနောက် စိတ်ရှည်လက်ရှည်မွှေနေမိသည်။ ရောနှောသွားတဲ့အခါ အရောင်မှာ အစိမ်းရောင်သို့ ကူးပြောင်းသွားလေသည်။ မတူညီတဲ့အရောင်နှစ်ခုရဲ့ပေါင်းစပ်မှုသည် သီးခြားအရောင်တစ်ရောင်ဖြစ်လာဖို့တော့ တူညီတဲ့လားရာရှိနေကြသည်။ အသွင်မတူတဲ့လူနှစ်ဦးပေါင်းဖက်ကြမယ်ဆိုရင်ရော တူညီတဲ့အသွင်ဆောင်နိုင်ပ့ါမလား ...။
ပိတောက်တွေလည်း ကြွေပြီး မြေပြင်မှာဝေနေပြီ။ တေးဂီတသံတွေလည်းရပ်ဆဲခဲ့ပြီ။ တစ်နှစ်မှာတစ်ခါစိုခွင့်ပက်ဖြန်းခွင့်ရတဲ့သင်္ကြန်ရေလည်း ခြောက်သွေ့သွားခဲ့ချေပြီတကား ။ သို့တိုင် သင်္ကြန်အခါတော်ရက်မြတ်တွေက ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကြောင့် ယွန်းရင်ထဲမှာတော့ အပူငွေ့တွေပျံနေခဲ့သည်။ သင်္ကြန်ရေလို မအေးမြတဲ့ မျက်ရည်ပူတွေကျဆင်းလျက်ရှိနေသည်။ ဒါတွေသိရင် ပါပါးပွဲကြမ်းမှာစိုးတာကြောင့် ဘာမှမဖြစ်နေဟန် ဆောင်နေရ၏။ မေမေသည်လည်း စိတ်ဆိုးနေလေရာ ယွန်းမှာအလယ်က နေရခက်ခက်ရှိနေပါသည်။ ပါပါးကလည်း စိတ်ဆိုးပြနေတော့ ပိုအခက်တွေ့ရ၏။
"ပါပါးပြန်လာပြီနဲ့တူတယ်မေမေ"
ယခင်ကဆို အမြဲကြိုနေကျကို အခုတော့ ထိုင်ရာကမထ တရားစာအုပ်ကိုသာငုံ့ဖတ်နေလေသည်။ မေမေ တရားပေါက်သွားမလားတောင် ယွန်းစိုးရိမ်မိသည်။ တရားစာအုပ်တွေပဲအဖတ်နေသည်မဟုတ်ပါလား ။ ယွန်းကသာပြေးကြိုလိုက်ရသည်။
"လာပါပါး ... မေမေတရားစာအုပ်တွေပဲဖတ်နေတယ်သိလား "
"အဲ့တော့ ..."
"အဲ့တော့မလုပ်နဲ့ပါပါးရေ ... တော်ကြာ လူ့လောကကိုစိတ်ကုန်ပြီး ပါပါးနဲ့ယွန်းကိုထားခဲ့မှဖြင့် အခက် "
"ထားခဲ့ထားခဲ့ "
ဧည့်ခန်းတွင်စာထိုင်ဖတ်နေသောလိပ်ပြာကို တစ်ချက်ကြည့်ပြီး ဆက်လျှောက်သွားလိုက်သည်။ စကားမပြောတာ တစ်ပတ်ပင်ကျော်လှပြီ။ " ကိုရေ " ဆိုပြီး အနားလာပြီးတောင် စကားလေးမဆို။ သူမှားကြောင်းပြောဖို့ကတော့ ဝေးစွဝေးစွပါပဲ ...။
နေပါစေ သည်လောက်သမီးလေးကို အတင်းအာဏာသုံးချင်နေတဲ့မိန်းမ ။
"တကယ်ကြီးပြောနေတာပေါ့လေ... မနေ့ကပြောတယ် သူအိမ်မှာနေချင်စိတ်မရှိတော့ဘူးတဲ့ ၊ သမီးအတွက် သူလည်းစေတနာမေတ္တာနဲ့လုပ်ပေးခဲ့တာပဲတဲ့ ဒါကိုအမိန့်အာဏာသုံးတယ်လို့ထင်တာ မေမေလည်းဝမ်းနည်းသွားမှာပေါ့ပါပါးရယ် ... ဒီလောက်အကြာကြီးမခေါ်မပြောတာလည်းမရှိခဲ့ဘဲနဲ့ အခုယွန်းကြောင့်ဆိုတော့ ယွန်းလည်းစိတ်မကောင်းဘူး ၊ မေမေ့ကိုပြန်ခေါ်လိုက်ပါနော် "
အခန်းထဲရောက်သည်အထိ ဘေးနားကနေကပ်လိုက်ပြီး တတွတ်တွတ်ပြောနေသည်။ သမီးကိုကြည့်တော့ မျက်နှာငယ်လေးနဲ့တောင်းပန်တိုးလျိုးနေသလိုလို...။
"ကျစ် ... ဘေဘ်ီိမသိဘူး ပါပါးအရင်ခေါ်လို့လုံးဝမဖြစ်ဘူး မဟုတ်ရင် ဘေဘီ့ကိုသူ့ဆန္ဒအတိုင်းလုပ်ခိုင်းလိမ့်မယ်"
"ပါပါးရယ် ... မေမေကယွန်းကိုစိတ်ဆင်းရဲအောင်ဘယ်တုန်းကမှမလုပ်ပါဘူး ၊ ယွန်းကသာ မေမေစိတ်မကောင်းဖြစ်မှာစိုးလို့ နာခံသလိုနေခဲ့တာပါ ... မြတ်သောမောင်နဲ့လည်း စေ့စပ်မပေးတော့ဘူးလို့လည်းယွန်းကိုပြောပြီးပါပြီ ... ပါပါးစိတ်လျော့တော့နော် မေမေတကယ်ထွက်သွားရင် ပါပါးပဲရင်ကွဲမှာ ခံစားနိုင်ရင်တော့ မခေါ်နဲ့ပေါ့ "
မေးကလေးငေါ့ငေါ့ပြီး စိတ်ဆွပြောနေတဲ့ယွန်းကို ဦးသတိုး စွေကြည့်နေရာက သေချာလှည့်ကြည့်လိုက်သည်။ ခါးထောက်ရပ်လျက်ရှိနေပြီး မျက်ခုံးအစုံကလည်းတွန့်ကွေးလျက်ရှိပြီးသားပါ။ ယွန်းက အောက်နှုတ်ခမ်းကိုထော်ပြီး မျက်စိအောက်ကို လက်ညိုးကလေးတွေနဲ့ဆွဲချပြပြီိးနောက် ထွက်သွားသည်။ "ငိုနေရမယ်နော်" ဆိုတဲ့ပုံစံလေး လုပ်ပြသွားတာပါ ။ ပြန်ခေါ်ပါလို့သာပြောတာ ရင်ကြားစေ့ပေးဖို့ကျ မသိချင်ယောင်ဆောင်နေသည်။ ဒီဖအေလည်း ဘယ်လိုခံစားနေရသလဲ သိရဲ့နဲ့....။
"မေမေရေ ... ပါပါးခေါင်းမူးလို့တဲ့ တပျို့ပျို့နဲ့အန်ချင်နေသလိုပဲ "
သူမအနားရောက်လာပြီး ဖခင်နေမကောင်းကြောင်းပြောပြကာ နံဘေးဝင်ထိုင်သည်။ ဖတ်လက်စကိုစာမျက်နှာမှတ်လိုက်ပြီးပိတ်လိုက်၏။ သတင်းစာရွက်ကိုကောက်ကိုင်ပြီး သူမကိုကြည့်နေတဲ့သမီးဖြစ်သူက...
"မသွားသေးဘူးလား ... ပါပါးတကယ်ဖြစ်နေတာနော် ၊ ယွန်းကိုလည်းအော်ထုတ်လိုက်တာ ဘယ်သူမှသူ့အနားမလာကြနဲ့တဲ့ ၊ ခေါင်းမူးပြီးခေါက်ခနဲလဲရင်တောင် ကြိတ်ခံနေလိုက်မယ်တဲ့ "
ဟုတ်ရဲ့လား ဆိုတဲ့စူးစမ်းရှာဖွေတဲ့အကြည့်တွေနဲ့ သမီးဖြစ်သူကိုစိုက်ကြည့်နေမိသည်။ မိဘတွေစကားမပြောဘဲနေတာကို စိတ်ကောင်းဟန်မတူ။ ဒါ့ကြောင့် ရင်ကြားစေ့ပေးဖို့လုပ်နေသလား အတွေးရောက်နေတာဖြစ်သည်။
"ဆရာဝန်လည်းမခေါ်နဲ့တဲ့ ... ပါပါးနဲ့တော့ခက်တာပဲ ၊ ခုနက ယွန်းကိုအော်ဟစ်နှင်ထုတ်နေတာ မေမေမကြားဘူးလား အင်းလေ ဘယ်ကြားမလဲ စာအုပ်ထဲစိတ်နစ်နေလို့နေမှာပေါ့ "
"တကယ်လား ... စောစောကတော့လမ်းလျှောက်သွားတာအကောင်းကြီးပါ"
"စောစောကမေမေလှမ်းကြည့်လိုက်သေးတာလား အဟွန်း ... "
"ဘာအဟွန်းလဲ ... ထ ညည်းဖအေဖို့သံပရာရည်သွားဖျော် "
"ဟမ် မေမေကရော"
" ဟဲ့ ကျုပ်ကညည်းဖအေကိုသွားကြည့်ရမှာပေါ့ ကြာတယ် အမြန်ထ "
ယွန်း ကြိတ်ပြုံးလိုက်ပြီး ထရပ်လိုက်ရသည်။ သံပရာရည်ကိုချဉ်ချဉ်လေးဖျော်ဖို့ အမြန်လာဖို့ ပြောပြီး ကပျာကယာအပေါ်တက်သွားသည်။ ယွန်း အောက်ကနေမျှော်ကြည့်ရင်း မေမေမရှိတော့မှ လက်ခုတ်ကလေးတီးပြီး ကြိတ်ဝမ်းမြောက်နေတော့သည်။ မေမေသာအနားရောက်သွားရင်တော့ ပါပါးလက်ကလွတ်မှာမဟုတ်တော့။ အလကား ဟန်ဆောင်နေကြတာများ ယွန်းမသိတာခက်လို့ ၊ တစ်ယောက်ကတစ်ယောက်ရဲ့အရိပ်လိုရှိချင်နေတဲ့သူနှစ်ယောက်မဟုတ်လား ။ ယွန်းကြောင့်နဲ့မို့ ပြန်ပြေလည်စေချင်လွန်းလှသည်။ မေမေနဲ့ပါပါးမခေါ်မပြောတာ ကြားကနေတောင် မနေတတ်ပါ။
"ဟင် အတော်မူးနေသလား မှန်းစမ်း "
ခုတင်စပ်တင်ဝင်ထိုင်ပြီး စိတ်မှိုင်လက်မှိုင်ကျကာ နားထင်ကိုလက်နဲ့ထောက်ထားတုန်း ပျာပျာသလဲအနားဝင်ထိုင်ကာ နားထင်ကိုစမ်းနေသည်။ မျက်နှာကိုလည်းသေချာကြည့်ပြီး ...
"အရမ်းမူးနေရင်လှဲနေလိုက် ... အဲ အန်ချင်သေးလား လိပ်ပြာနှိပ်ပေးမယ် ၊ စောစောကတောင်အကောင်းကြီးကို ချက်ချင်းဘာဖြစ်တာလဲ ထမင်းပုံမှန်မစားဘူးလား "
ခဏတော့ကြောင်သွားပေမဲ့ သမီးရဲ့လက်ချက်ပဲဆိုတာသိလိုက်သည်နှင့် အလိုက်သင့်လေးနေလိုက်သည်။ အိပ်ရာပေါ်လှဲလိုက်တော့ စောင်ကိုရင်ဘတ်နားအထိခြုံပေးသည်။ ပြီးမှ နားထင်ကိုခပ်ဖွဖွလေးနှိပ်နယ်ပေးနေပါ၏။
"မူးလိုက်တာကွာ ကျစ် "
"အတော်မူးနေလား ... ယွန်းကလည်းကြာလိုက်တာ သံပရာရည်ဖျော်ခိုင်းထားတာကို ဒီကလေးခိုင်းတာသိပ်ကြာတာ ... ၊ ဆေးပဲသောက်မလား အစာရောရှိရဲ့လား ... ဘယ်လိုဖြစ်ပြီး မူးရတာလဲ ... ရင်ထဲရောနေလို့ကောင်းလား ... အန်ချင်စိတ်ရောရှိနေသေးလား "
"လိပ်ပြာ ... မင်းမေးခွန်းတွေကြောင့် ကိုပိုမူးနေပြီနော် ၊ နားထင်မနှိပ်နဲ့ ဒီနေရာကိုနှိပ် မူးတော့မူးနေတာပဲ ရိုးရိုးမူးတာတော့မဟုတ်ဘူး ... အချစ်မူး အလွမ်းမူး မူးနေတာသိရဲ့လား"
"ဟမ် ... ရှင် "
လိပ်ပြာ အခြေအနေကိုရိပ်မိသည်နှင့် ခုတင်ပေါ်ကဆင်းပြေးဖို့ပြင်သည်။ သတိုး သန်မာတဲ့လက်ကြီးနှစ်ဖက်နဲ့ဆွဲဖက်ထားပြီး ပြေးထွက်ခွင့်မပြုတော့ ။ တုံးလုံးကနေဆွဲဖက်လိုက်တာကြောင့် လိပ်ပြာလည်းအလဲလဲအပြိုပြိုဖြစ်သွားသည်။
"လူကို အရူးလုပ်တယ်ပေါ့ရှင်တို့သားအဖ ... ဖယ်နော် ရှင့်ကိုခွင့်မလွှတ်ဘူးသိလား "
"ဘာလို့လဲ ကိုယ်သမီးစိတ်နဲ့ပြောမိတာလေ ... သမီးလေးငိုနေတာ ကိုယ်လုံးဝမကြည့်ရက်တာ မင်းလည်းသိတာပဲမိန်းမရယ် ၊ ဒီအရွယ်အထိချစ်မဝဖြစ်နေတဲ့မိန်းမကိုသတ်စရာလား ချစ်လို့တောင်မဝတဲ့ဟာကို "
"မကြီးမငယ်နဲ့နော်ရှင် ... ကဲ မလွှတ်ဘူးလား စိတ်တိုလာပြီနော် "
"အဲ့လိုစိတ်တိုပြီးရှူးရှူးရှဲရှဲဖြစ်နေတာလေးကိုလည်း သိပ်ချစ် "
"အိုး "
သူ ကုန်းထပြီး လိပ်ပြာကိုရင်ခွင်ထဲသိမ်းဖက်ထားလိုက်သည်။ လူးလွန့်ရုံးနေတဲ့သူမကို အပိုင်ချုပ်ထားပြီး မေးကနေမော့ယူပစ်လိုက်၏။ ပြီးနောက် အလွမ်းတွေနဲ့အတိုးကျနမ်းမွှေးပစ်လိုက်လျင် လက်သီးဆုပ်ကလေးတို့ သူ့ကျောမှာထင်ကျန်သွားတော့သည်။ မျက်ရည်ကြည်ကလေးတွေမြင်တော့လည်းစိတ်မကောင်းနိုင်။ လိပ်ပြာနဲ့အချေအတင်ဖြစ်ခဲ့တာ ဘယ်အချိန်နောက်ဆုံးလဲတောင်မမှတ်မိတော့။ နှစ်ယောက်သားသင့်မြတ်ခဲ့သမျှ သမီးကိစ္စနဲ့မှ ပထမဆုံးအကြိမ်ခွန်းကြီးခွန်းငယ်ဖြစ်ကြခြင်းဖြစ်လေသည်။
"ကိုယ်နောက်ဆို မင်းကိုမအော်တော့ဘူးနော် ... သမီးအတွက်မင်းလည်းကောင်းစေချင်တာ ကိုယ်သိပါတယ် ၊ သမီးလေးငိုကြီးချက်မဖြစ်နေတော့ ကိုယ်ပူထူသွားလို့ပါ ... ဒီငမိုက်သားကိုခွင့်လွှတ်ပါနော် "
"အခုမှဘာငမိုက်သားလဲ ... လူကိုလက်ညိုးငေါက်ငေါက်ထိုးပြီးပြောသွားတာ လုံးဝမကျေနပ်ဘူးသိလား အဟင့် ..."
"ဟောဗျာ ... ချော့ကာမှငိုရသလားမိန်းမရယ် ၊ ကလေးလေးကျနေတာပဲ မငိုနဲ့နော် ကိုယ့်သမီးမျက်ရည်ကျတာလည်းကိုမကြိုက်ဘူး ကို့မိန်းမငိုတာလည်းမကြိုက်ဘူး ... မင်းတို့ကိုအပျော်ရွှင်ဆုံးဘဝတွေပေးချင်တာပါ ကိုယ့်ကိုခွင့်လွှတ်နော် "
စိတ်ပျော့ပျောင်းသွားပြီးဖြစ်တဲ့လိပ်ပြာ သူ့ရင်ခွင်ထဲမျက်နှာအပ်ပြီးတသိမ့်သိမ့်ရှိုက်ငိုနေပါတော့သည်။ ထိုစဉ် ဖွင့်ထားတဲ့တံခါးကိုခေါက်ပြီး အခန်းဝရပ်နေတဲ့ယွန်းကိုတွေ့လိုက်ရ၍ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ပြေလည်သွားပြီ လို့ အရိပ်ပြတော့ သွားကလေးတွေပေါ်အောင်ပြုံးပြလေသည်။
"အဟမ်းအဟမ်း ... သံပရာရည်ရပြီနော် ပူးပူးကပ်ကပ်လေး အဲ့ မဟုတ်ပါဘူး အေးအေးချိုချိုလေးလို့ပြောတာ "
လျာကလေးတစ်လစ်နဲ့ စနောက်ပြီး လှစ်ခနဲပြေးထွက်သွားတော့သည်။ သမီးရှေ့ရှက်နေတဲ့လိပ်ပြာ သမီးအသံလေးပျောက်သွားမှ ရင်ခွင်ထဲကမျက်နှာခွာပြီး ...
"ရှင်တို့သားအဖ တကယ့်ကလိမ်ကကျစ်တွေ"
"မင်းယောက်ျားနဲ့မင်းသမီးပဲကွ ... ဒီလောက်တော့ရှိမှာပေါ့ ဟားဟား "
လူကိုပါကလိမ်ကကျစ်စာရင်းထဲထည့်လိုက်တဲ့သူ့ကို လိပ်ပြာမျက်စောင်းကလေးရွယ်ပြီး ဘုကြည့်ကြည့်ပစ်လိုက်သည်။ ထိုအခါမှ ဘွာတေး လုပ်ကာ သိမ်းကြုံးဖက်လိုက်ပြန်လေ၏။
"ကိုယ့်အချစ်နဲ့သစ္စာကိုယုံပါကွာ ... ကိုယ့်ကိုထားပြီး ဘယ်မှထွက်မသွားပါနဲ့နော် အဲ့လိုသာဆို ကိုယ့်ရူးကျန်ခဲ့မှာ "
ဟင် ... ! လိပ်ပြာလည်း ထွက်သွားမယ်မပြောခဲ့မိပါလား ။ ဒါ သမီးအလိမ္မာလေးရဲ့စနက်ပဲဖြစ်လိမ့်မယ်တွေးရင်း ပြုံးလိုက်မိပါသည်။ ပေါက်ကရလျှောက်ပြောခဲ့တာပေမဲ့ မိဘနှစ်ပါးကိုပြေလည်ဖို့ကြိုးစားပေးခဲ့သည်ပဲ။ သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပါတယ်လေ ... ကိုယ့်ချစ်သမီးလေးပဲဥစ္စာ ။
°°°°°°°°
စေ့စပ်တာတွေမရှိခဲ့ပေမဲ့ ကျောင်းတွေပြန်တက်တဲ့အချိန်မှာတော့ ယွန်းဟာမြတ်သောမောင်ရဲ့ဘာလ်ိုလိုအနေအထားရောက်ခဲ့ရလေသည်။ ထိုသတင်းလိုက်ဖွသူက ယွန်းကိုချစ်စကားဆိုချင်နေကြတဲ့သူတွေရဲ့ပါးစပ်ကဖြစ်နေသည်။ မြတ်သောမောင်က ထိုသူများကို လျှောက်ပြောခဲ့တယ်ဆိုတာ မှားယွင်းထင်မှတ်စရာမရှိချေ။ ဒါကိုလည်း သင်းကခပ်ပြောင်ပြောင်ပဲဝင်ခံခဲ့သည်။ ဘယ်လိုဝဋ်ကြွေးကြောင့် သင်းဒုက္ခပေးအရှက်ခွဲတာကိုခံနေရလည်းမသိ။ မြတ်သောမောင်ကြောင့်ခံစားရတိုင်း အေးတိအေးစက်နဲ့ရှိနေတတ်တဲ့တိမ်ယံခကိုသာအပြစ်တွေထပ်ထပ်တင်နေမိသည်။ သင်းတို့ညီအစ်ကိုတွေ တစ်ယောက်တစ်မျိုး နှိပ်စက်ဖို့များ လူဖြစ်လာသလားထင်မှတ်ရ၏။
"ပန်းယွန်းရေ ... နင့်လူကိုလည်းပြောထားဦးနော် ရွှေအဆင်းဆိုတဲ့မိန်းမနဲ့တတွဲတွဲပဲသိလား အခုမြတ်သောမောင်ရဲ့ဆိုင်ကယ်နောက်မှာ သူပဲဒိုင်ခံစီးနေတော့တာဟ "
"အဲ့ဒါဘာလုပ်ရမှာလဲ ... ငါစိတ်မဝင်စားဘူး ၊ သူနဲ့ငါလည်းဘာမှမပတ်သက်ဘူးဆိုတာ နင့်ကိုလည်းဘယ်နှခါလောက်ငါပြောပြနေရဦးမှာလဲသော်တာရယ် တကယ်စိတ်ရှုပ်တယ် "
"နင်ကသာ ဘာမှမဆိုင်ဘူးဇွတ်ပြောနေတာ... မြတ်သောမောင်က တစ်ကျောင်းလုံးပတ်ပြောထားပြီိးပြီ ၊ နင့်အနားကပ်ရဲတဲ့ကောင်ကပ်တဲ့ သူနဲ့အတွေ့ပဲလို့ကျိန်းတယ်တဲ့ဟ... ပထမနှစ်ကကောင်လေးဆို သူ့အကြောင်းမသိတော့ ပြဿနာထဖြစ်တာ ထိုးကျကြိတ်ကျနဲ့ မော်ကွန်းထိန်းဆီတောင်ရောက်သွားကြသေးတယ်တဲ့ "
သော်တာခင့်ရဲ့စကားတွေကို အံ့သြမင်သက်စွာနဲ့မျက်လုံးအပြူးသားလေးနားထောင်နေမိသည်။ ဒါတွေယွန်းတကယ်မသိပါ ၊ ယွန်း သူ့အကြောင်းစိတ်လည်းမဝင်စား ။ ကိုယ့်ကြောင့် ထိုးကြိတ်တယ်အထိဖြစ်တယ်ကြားတော့လည်း စိတ်မကောင်းပါ။ မြတ်သောကိုမချစ်နိုင်တာကလွဲရင် ခင်မင်စိတ်ရှိသည်။ ကိုကို့ကိုခိုးချစ်ခဲ့ရတဲ့အတွက်ကြောင့်လည်း တစ်ချိန်ချိန်အမျိုးတော်နိုင်သည်ဆိုတဲ့အမှတ်နဲ့ တရင်းတနှီးလည်းနေခဲ့ဖူးသည်။ ထိုစဉ်ကတော့ ရှောင်ခွာသလိုလို ဂရုမစိုက်သလိုလိုနဲ့နေခဲ့ပြီး အပြစ်ပယ်ခံလို တစ်ဖက်သက်တွေးနေခဲ့သည်။ တစ်ဖက်ပိတ်အတွေးတွေနဲ့သူအရူးထတိုင်း ယွန်းကတော့လိုက်မရူးပေးနိုင်။ အရင်ကလည်းမဆိုင်သလိုနေခဲ့သလို နောက်လည်းဆိုင်စရာလုံးဝမရှိ။
ရွှေအဆင်းဆိုတဲ့ကွင်းဘွဲ့ရအလှပဂေးလေးနဲ့အလျဉ်းသင့်နေသည်မှာ လဝက်ကုန်သည်အထိပင်။ မြတ်သောမောင်အကြောင်း ယွန်းကောင်းကောင်းသိသည်။ ဘယ်သောအခါမှ မိန်းကလေးတစ်ယောက်ကို အတည်တကျတွဲတယ်မရှ်ိ။ လျှောက်ပြန်သံပေးတော့လည်းသူ အီစီကလီလုပ်တော့လည်းသူ မျက်နှာပြောင်တိုက်ပြီး တခြားတစ်ယောက်ပြောင်းသွားတတ်တာလည်းသူရယ်ပါပဲ ။
ယွန်းနဲ့စေ့စပ်ဖို့သဘောမတူတာကလွဲရင် ပါပါးသည်မြတ်သောမောင်အပေါ်တွင်လည်း ယခင်ကအတိုင်းခေါ်မြဲပြောမြဲ။ ကိုကို့အပေါ်တွင်လည်းထိုနည်းတူစွာပင်။ သမီးဖြစ်သူနဲ့ပတ်သက်ဆက်နွှယ်မှုရှိနေတဲ့အကန့်ကသက်သက် စောင့်ရှောက်ကြည့်ရှုရမဲ့လူမှုရေးကသက်သက် နဲ့ ခွဲခြားဆက်ဆံပါသည်။ စီးပွားရေးသမားမို့ အရာရာကိုခွဲခြမ်းစိတ်ဖြာတတ်ပြီး မလိုအပ်ရင် ပူးတွဲမမြင်တတ်ပေ။ ဥပမာ ယွန်းနဲ့ မြတ်သောမောင်တို့ကိစ္စပါပဲ။ မြတ်သောမောင်နဲ့သင့်မြတ်နေပေမဲ့ ယွန်းကိုတော့ သူနဲ့အတင်းစေ့စပ်ပေးမှာမဟုတ်တာလည်းသိသည်။ မေမေစီစဉ်ရင်လည်း ဖျက်ပေးမဲ့သူ ။
ဒုတိယနှစ်ဖြေပြီးတော့ မဂ္ဂဇင်းတွေမှာယွန်းရဲ့အခန်းဆက်ဝတ္ထုတွေပါလာနေပြီဖြစ်သည်။ ကျောင်းစာတွေမလစ်ဟင်းဖို့ပဲ သတိပေးခဲ့ကာ ဝတ္ထုတွေပါလာတဲ့အတွက်လည်း ပါပါးကအမြဲဂုဏ်ယူပြောတတ်ပါသေးသည်။ မေမေကတော့ စာမူပို့တာကိုတာဝန်ယူထားသူဖြစ်လေရာ လစဉ်ပါလာတိုင်းဖုန်းဆက်အကြောင်းကြားတတ်၏။ တတိယနှစ်ရောက်လျင်မူ ဝတ္ထုတိုပေါင်းချုပ်လေးထုတ်ဖြစ်ခဲ့လေသည်။ အန်တီမြတ်က ဝမ်းသာတကြီးဖုန်းဆက်ပြောခဲ့ပေမဲ့ မြတ်သောမောင်နဲ့တိမ်ယံခတို့ကမူ သိပင်သိပုံမရကြ။ တစ်နေ့ ယွန်းထံသူရောက်လာပြီး ယွန်းရဲ့စာအုပ်လေးကိုပြကာ
"နင်ရေးထားတာလား "
"အင်း"
"နင်တကယ်စာရေးဆရာမလုပ်နေတာပေါ့လေ ... ငါကနင်ပေါက်ကရလျှောက်ပြောတယ်မှတ်တာ ၊ တကယ်လုပ်နေတာပဲ နင့်အတွက်ငါဝမ်းသာပါတယ် "
ဝမ်းသာစကားပြောဖော်ရခဲ့လို့ ယွန်းလည်းပျော်ပါသည်။ ကျောင်းကလူတွေလည်း ယွန်းစာရေးတာသိသွားကြပြီး အားပေးဖတ်ရှုပေးကြသည်။ အပုဒ်တိုင်းကဖတ်ကောင်းလိုက်တာလို့ လူကိုယ်တိုင်လာရောက်မိတ်ဆက်ပြီး ပြောတဲ့သူတွေတောင် အမြောက်အမြားရှိနေခဲ့ပြီိမဟုတ်လား ။ အခုထိ သွေးအေးလူသားကြီးလိုနေနေတဲ့တိမ်ယံခကတော့ ကျများပျောက်သွားပြီလားထင်မှတ်ရလေသည်။ ယွန်းကိုမြင်ရင်ရှောင်ထွက်သွားတတ်ပြီး ဒီနှစ်တွေများမှာ စကားရယ်လို့ လေးလုံးကွဲအောင်မပြောဆိုဖြစ်ကြတော့ပါ။ ဒါတွေပြန်တွေးတိုင်း ဝမ်းနည်းရသည်။ စိမ်းကားရက်လေခြင်းတွေမှာ မိန်းကလေးတစ်ယောက်အဖို့ အသံတိတ်စိတ်ကောက်နေရလေသည်။ ကိုကို့အချစ်တွေ မိုးထက်ကုဋေဆီမှာပဲ ပုံအပ်ထားတုန်းလားသိချင်၏။ ထိုမိန်းမကိုလည်း မနာလိုဝန်တိုရပြန်သည်။ ချစ်တဲ့စိတ်ကအခက်သားလား ... နေ့စဉ်နဲ့ပူလောင်နေရသည်။ တစ်ခါတစ်ခါလည်း သူ့အကြောင်းလေးတသသတွေးနေရရင်ကိုအေးချမ်းနေသလိုလိုနဲ့ ပြုံးရွှင်တဲ့အခါမျိုးလည်းရှိ၏။ မြတ်သောမောင်ကိုလက်မခံတာ သူ့ကြောင့်ရယ်လို့များ အတွေးမပေါက်ဘူးလား။ ယွန်းအပေါ်ချစ်တဲ့စိတ်လေး နှမ်းစိလောက်အောင်မရှိခဲ့တာပဲဖြစ်ပါလိမ့်မည်။ သူမချစ်တာကိုတွေးမိတိုင်း သူ့ကိုရင်ခုန်နေတတ်တဲ့နှလုံးသားကိုပဲ တဘုန်းဘုန်းထုရိုက်ပစ်လိုက်၏။ အဲ့ဒါ ... အလိုက်မသိတဲ့နှလုံးသားကို ဒဏ်ပေးတာ ...။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၂၃) ဆက်ရန် >>>
#Ruby Linn