✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
------------------
သင်္ကြန်အကျနေ့မို့ ပျော်ပွဲရွှင်ပွဲအသံတွေကသောသောညံနေ၏။ ခြောက်နာရီထိုးပဲရှိသေးတာတောင် မြူးကြွတဲ့တေးသံတွေက သူမအခန်းပြတင်းပေါက်နားအထိ ရောက်နေလေသည်။ မထချင်လည်းမရတော့ ။ အန်တီမြတ်တို့အိမ်ရှေ့မှာထိုးထားတဲ့မဏ္ဍပ်ကြီးထဲ အကျွေးအမွေးတွေနဲ့ဧည့်ခံနေပြီမဟုတ်လား ။ မေမေနဲ့ပါပါးက လာဝိုင်းကူပေးဖို့ ညကတည်းကပြောထားကြ၏။ သင်္ကြန်ဆိုပေမဲ့ အခုထိပိတောက်ပန်းကိုမမြင်ရသေး။ မရှိအောင်ရှားတာမျိုးတော့မဟုတ် ။ သူမ အိမ်တွင်းကြီးအောင်းနေလို့ဖြစ်သည်။ မနေ့က ဘုန်းကြီးကျောင်းကအပြန် ကိုကိုအိမ်လိုက်ပို့ပြီးကတည်းက အပြင်မထွက်။ ရင်တွေတလှပ်လှပ်ခုန်ပြီး ကိုကိုရိပ်မိမှာတောင်ကြောက်ရလို့ ပြန်လွှတ်ခဲ့တာဖြစ်သည်။
သန့်ရှင်းရေးလုပ်ပြီး အဝတ်လဲဖို့ပြင်လိုက်သည်။ ပိတောက်ပန်းကိုတမ်းတပြီး အဝါရောင်လေးဝတ်ချင်သွားသည်။ အဝါရောင်က မကြိုက်ဘူးလည်းမဟုတ်ပါဘဲ သ်ိပ်မဝယ်ဖြစ်မဝတ်ဖြစ်။အစိမ်း အဖြူ လိမ္မော် ခရမ်း နဲ့ အနီရောင်တွေသာ အဝတ်များသည်။ အဝါရောင်အဆင်တွေက နည်းနေသည်။ ရှိတာတွေကလည်းအပေါ်ရုံအနွေးထည်တွေဖြစ်နေ၏။ ထို့ကြောင့် မေမေ့ဗီဒိုထဲသွားမွှေကြည့်လိုက်သည်။ အပျိုတုန်းကအဝတ်အစားတွေက သပ်သပ်ကန့်ထားတာမျိုး ထိုအထဲရှာကြည့်တော့ ရင်ဖုံးလက်စကလေးကိုသွားတွေ့သည်။ လုံချည်မှာအပြောင်သားဖြစ်ပြီး စက်ရိုက်ပန်းပွင့်ကြီးတွေနဲ့အတော်လှ၏။ အရောင်လည်းမနွမ်းလှသေး။ ဂျိတ်ထဘီမို့ တော်ပါ့မလားဝတ်ကြည့်လိုက်တော့ ကွက်တိကျသွား၏။မေမေအပျိုတုန်းကလည်း သူမအရွယ်အစားလောက်ပဲရှိမယ်ထင်သည်။ အခုလည်း အဆီပိုကင်းပြီးသွယ်လျတုန်းပါပဲ....၊
ဗီဒိုအတွင်းဘက်ဘောင်မှာကပ်ထားတဲ့ မေမေနဲ့ပါပါးရဲ့ဓာတ်ပုံလေးကိုမြင်တော့ ငေးခနဲဖြစ်သွားသည်။ ပါပါးရင်ခွင်ထဲမှာ မျက်နှာအပ်ပြီးရှက်နေဟန်နဲ့ရှိနေ၏။ ပါပါးက သွားတန်းလေးတွေပေါ်သည်အထိရယ်ပြုံးကာ နှစ်လိုကြည်နူးဖွယ်အတိရှိနေပါသည်။
မေမေက လူများနေလို့ အမြန်လာကူဆိုပြီး ဖုန်းဆက်သဖြင့် ဓာတ်ပုံဆီမှအကြည့်ဖယ်ကာ တံခါးပြန်ပိတ်ပြီး ကသောကပါးနဲ့ပြေးဆင်းရသည်။ တစ်အိမ်လုံးကို ပိတောက်ပန်းတွေနဲ့အလှဆင်ထားတာမြင်လိုက်သည်နှင့် ပန်းအိုးထဲကအခက်သေးသေးတစ်ခက်ကိုချိုးကာ နားကြားညှပ်ပြီး ဆက်ပြေးဆင်းလာခဲ့တော့၏။
"ဟေး... မစိုသေးဘူးဟ "
ဆိုင်ကယ်နဲ့အတွဲက ရေပြွတ်တံလေးနဲ့ထိုးပက်၏။ နောက်ကကောင်မလေးကပက်လိုက်တာမို့ ယွန်းစိတ်ထဲဘဝင်မကျမဖြစ်တော့။ ယောက်ျားတွေချည်းဆို ယွန်းစိတ်ညစ်မိမှာလေ ။ ကောင်မလေးကအိတ်ထဲလက်နှိုက်ပြီး ဆက်လျှောက်လာခဲ့တဲ့ယွန်းကို လှမ်းကျဲသည်။ ယွန်းခေါင်းပေါ်ကပိတောက်ပန်းအကြွေလေးတွေတဖွဲဖွဲကျလာတာကြောင့် ပြုံးလိုက်မိတာကလှစ်ခနဲပါပဲ။ လက်ဖဝါးထဲကျလာတဲ့ပန်းကိုငုံ့နမ်းရင်းက ဆိုင်ကယ်ကိုပြန်ငဲ့ကြည့်တော့ မောင်းထွက်သွားပြီလေ ။ " အဲ့ဒါပန်းယွန်းတေဇမှတ်လား လှလာလိုက်တာ" လို့ ကောင်မလေးပြောသွားတာ ကြားယောင်နေမိတုန်း ။ ယွန်းကတော့မသိပါ။ တစ်ကျောင်းတည်းထွက်တွေပဲဖြစ်လိမ့်မယ်တွေးရင်း ခပ်သွက်သွက်ကလေးဆက်လျှောက်ခဲ့တော့သည်။ ဟိုဘက်လမ်းမှာပေမဲ့ ယွန်းကတော့ခြေချင်ပဲလျှောက်တာများသည်။ အခုလည်းစက်ဘီးအဆင်သင့်ရှိနေပါလျက် လမ်းလျှောက်ခဲ့မိပြီမဟုတ်လား ။
"ဘေဘီ ပါပါးတို့ဒီမှာ "
မဏ္ဍပ်ထဲကလူအများကြား ပါပါးကလက်ယမ်းပြနေသည်။ ထောင်ထောင်မောင်းမောင်းနဲ့မို့ ယွန်းတန်းမြင်ပါသည်။ မေမေကတော့ မုန့်လက်ဆောင်းဖက်တွေလိုက်ထည့်ပေးနေတာ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးပဲ ။
"ဟေ့ ဒါပါပါးမိန်းမအင်္ကျီပဲ "
ကြည်စယ်တဲ့သဘောနဲ့ ခပ်မြူးမြူးလေး ယွန်းနားကပ်ပြီး ပြောလိုက်တဲ့ပါပါးကြောင့် ယွန်းချစ်စဖွယ်နှုတ်ခမ်းလေးမဲ့လိုက်ရင်း...
"အမယ် မှတ်မိနေလိုက်တာပါပါးရယ် ... မေမေနဲ့ပတ်သက်ရင်ပါပါးမသိတာမမေ့တာကိုမရှိဘူး ...၊ မနာလိုတောင်ဖြစ်နေပြီနော်"
"ဟားဟား ... ဘေဘီကတော့လေ "
ယွန်းခေါင်းကိုဖွဖွပွတ်ပြီး ပါပါးသဘောတကျရယ်မောနေသည်။ ထိုစဉ် မေမေအနားရောက်လာပြီး ပါပါးခါးကိုတံတောင်နဲ့တွတ်ထိုးလိုက်၏။ ပြီးမှ ယွန်းကိုကြည့်ကာ...
"မအေ့ဗီဒိုထဲဝင်မွှေလိုက်တယ်ပေါ့လေ ကလေးလေး ... "
မေမေကယွန်းပါးလေးကိုဖျစ်ညှစ်ပြောသည်။ မဏ္ဍပ်လာသူတွေများလာတော့ သားအမိသားအဖတတွေစကားမကျန်ိုင်တော့ ။ ဝိုင်းဝန်းကူပေးနေရလေသည်။
"သမီးရေ ... ပန်းကန်လုံးတွေကအလျဉ်မမီတော့ဘူး ၊ အိမ်ထဲမှာအန်တီ့ယောင်းမရှိတယ် ကြောင်အိမ်ထဲကပန်းကန်လုံးတွေအကုန်ထုတ်ယူခဲ့လို့ သူ့ကိုသွားပြောပေးပါလား "
"ဟုတ်ဟုတ်အန်တီမြတ်"
မုန့်ဖက်အိုးလေးကိုတစ်ခြားသူကမ်းပေးပြီး ယွန်းလူကြားထဲကတိုးထွက်လိုက်သည်။ ထန်းလျက်ရည်ပုံးကိုင်ပြီး လိုက်ထည့်ပေးနေတဲ့မြတ်သောမောင် ယွန်းကိုတွေ့သည်နှင့် မေးငေါ့၍ ဘယ်လဲလို့မေး၏။
"ပန်းကန်သွားယူမလ်ို့ " ... ထိုမျှဖြေပြီးယွန်းဆက်လျှောက်လာခဲ့တော့သည်။ ဦးဇွဲထက်ရဲ့ညီမဝမ်းကွဲဆိုသည့်အန်တီကြီးကို ပန်းကန်လုံးတွေထပ်ထုတ်ပေးဖို့ပြောပြီး အတူတူဝိုင်းသယ်ပေးလိုက်သည်။
"သမီး ဒါအကုန်ပဲ... အန်တီပဲသွားပို့လိုက်တော့မယ် "
ယွန်းခေါင်းညိတ်ပြီး နောက်ဖေးခန်းထဲကမထွက်သေးဘဲ ထိုင်ခုံပေါ်ဝင်ထိုင်လိုက်သည်။ အိမ်ထဲနဲ့ခြံထဲ နှစ်ခေါက်လောက်အပြေးတစ်ပိုင်းသွားလိုက်ရတော့ နည်းနည်းမောသွားသည်။ ခဏကြာမှ မဏ္ဍပ်ဆီပြန်သွားဖို့ရာ ထရပ်လိုက်တော့သည်။
"ဟင် "
ရေနွေးကြက်သီးဖြန်းလေးနဲ့အဖြန်းပက်ခံလိုက်ရသလို လူတစ်ကိုယ်လုံးနွေးခနဲဖြစ်သွားသည်။ ကိုကိုသည် သနပ်ခါးပါးကွက်ကလေးတွေနဲ့လည်ကတုံးနဲ့ပါပဲ။ ဦးဇွဲထက်နှစ်ပတ်လည်တုန်းကမြင်လိုက်ရတဲ့ပုံစံအတိုင်း ထပ်မံမြင်လိုက်ရပေမဲ့ ကြည့်ရတာမရိုးသွားသလ်ိုပဲ။ ရင်ထဲအေးခနဲနွေးခနဲဖြစ်ရပြန်သည်။
"ယွန်းလေး ... ဒီမှာတစ်ယောက်တည်းဘာလာလုပ်နေတာလဲ "
"ပန်းကန်လုံးတွေဝိုင်းသယ်ပေးတာပါ ... ကိုကိုရော ဘာလာယူတာလဲ "
"ဘာမှမယူဘူး ... ယွန်းသုံးနေကျရေမွှေးနံ့လေး ဒီနားမှာရနေလို့ ဝင်ကြည့်တာ ၊ ကြည့်ပါဦး ...တယ်လှနေပါ့လား ရင်ဖုံးတွေနဲ့ဘာနဲ့ "
ကိုကိုစနောက်လိုက်တာကို မနေတတ်တော့ဘဲ ထွက်ပြေးချင်စိတ်တွေပေါက်နေတော့သည်။ ခေါင်းငုံ့ထားတဲ့ယွန်းကို ခါးလေးညွှတ်ကြည့်ရင်း ...
"အဟွန်း ... မိတ်ကပ်တွေလည်းဖုံနေတာပဲ အလှတွေပြင်ထားတယ်ပေါ့လေ ... ကဲ ပြောပါဦး ညီကဘယ်လိုမှတ်ချက်ပေးလိုက်လဲ သူ့ကောင်မလေးကို "
သူ့ကောင်မလေး ဆို၍ ငုံ့ထားတဲ့ခေါင်းက ဆတ်ခနဲထောင်သွား၏။ စနောက်နေဟန်ကိုကိုရဲ့မျက်နှာမြူးမြူးကိုမြင်တော့ ဘယ်ဘက်ရင်အုံက ဆစ်ခနဲကျဉ်သွားရလေသည်။
" ညီ့အနားသွားနေလေယွန်းလေးရဲ့... ညကတော့ပြောတယ် ယွန်းလေးကိုခေါ်ပြီး သင်္ကြန်အလည်ထွက်မလို့တဲ့ ကိုးနာရီလောက်ဆို "
ယွန်းအင်းမလှုပ်အဲမလှုပ်ရှိနေတာကို ကိုကိုမရိပ်စားမိဘူးလား ။ ဘာလို့အတင်းတွေပြောနေပါလိမ့်။ ခေါင်းကိုလက်ညိုးလက်ခလယ်နှစ်ချောင်းနဲ့ကုပ်ခြစ်ပြီး စိတ်ရှုပ်နေမှုကို ကိုကိုသိအောင်ပြပေးလိုက်သည်။
"ဟင် ... ကောင်မလေးအလှတွေပြင်ပြီး မြင်စေချင်ဇောနဲ့အလောတကြီးထွက်လာတယ်ထင်ပါ့ ... ကြယ်သီးလေးတော့စုံအောင်တပ်ဦးမှပေါ့ကွ "
မျက်လုံးကလေးပြူးသွားပြီး အလန့်တကြားငုံ့ကြည့်လိုက်ပါ၏။ အောက်ဆုံးကြယ်သီးလေးကို ယွန်းမတတ်မိ။ ဗိုက်သားကလေးတောင်မြင်နေရ၍ ယွန်းရှက်ရှက်နဲ့ ကြယ်သီးတပ်လိုက်သည်။
"အဟွန်း ခေါင်းပေါ်မှာလည်းပန်းပွင့်တွေနဲ့ပါလားကွာ "
ပြောပြောဆိုဆို ကိုကိုက ခေါင်းပေါ်ကပန်းပွင့်ဖတ်ကလေးတွေကိုဖယ်ရှားပေးနေပါသည်။ ယွန်းမော့ကြည့်တော့ ကိုကို့မေးဖျားကိုမြင်ရ၏။ ယွန်းရဲ့ထွက်သက်လေး ကိုကို့မေးဖျားကိုရိုက်ခတ်သွားလို့ထင်ပါသည်။ ကိုကိုငုံ့ကြည့်လာ၏။
"အဟမ်း ...မကြာခင်စေ့စပ်တော့မယ့်သူတွေဆိုတော့လည်း အလိုက်တသိပြန်ထွက်ရတာပေါ့လေ "
ကိုကို့ရဲ့အန်တီ ယွန်းတို့ကိုဘယ်လိုထင်သွားသည်မသိ။ ပြောချင်တာပြောပြီးလှည့်ထွက်သည်။ ထိုစဉ် အပြင်ကစကားပြောပြီးလျှောက်လာတဲ့ မြတ်သောမောင်နဲ့အန်တီမြတ်တို့အသံကိုကြားလိုက်ရ၏။
"မေမေကလည်း ကိုယ့်သားလေးဗိုက်ဆာနေတာကို ... ပစ်ထားချင်လို့ဘယ်ရမလဲ "
"မုန့်လက်ဆောင်သောက်ပေါ့ဟဲ့ "
"သားမှမကြိုက်ဘဲမေမေရာ ကော်ဖီလေးပဲဖျော်ပေး ... မေမေဖျော်တာမှမဟုတ်ရင် သားမျိုချလို့ကိုမရတာ "
" ကိုပို "
ထွက်ဖို့ပြင်တဲ့အန်တီိမျိုးနဲ့ သူတို့သားအမိ မျက်နှာချင်းဆိုင်သွားသည်။ အန်တီမျိုးသည် ဘာကိုမှရေရေရာရာသိပုံမရ။ ဘွင်းဘွင်းရှင်းရှင်းကြီးနဲ့...
"ပြန်လှည့်ရင်ကောင်းမယ်ထင်တယ်မမမြတ်ရေ ... ဟိုမှာ မမမြတ်သားနဲ့ချွေးမ ဘာတွေပြောနေကြသလဲမသိပေါင် "
မြတ်သောမောင် မျက်မှောင်ကြီးကုပ်ပြီး လျင်မြန်သောနှုန်းနဲ့ သူတို့အနားရောက်လာ၏။ ထိုအချိန် ယွန်းတို့လည်း လူချင်းကွာသွားခဲ့ပါပြီ။ ကိုကိုသည်မျက်စိမျက်နှာပျက်ပြီး ခေါင်းတခါခါနဲ့ရှိနေသည်။ ယွန်းနဲ့အထင်လွဲခံလိုက်ရလို့ ပျက်ယွင်းနေတဲ့မျက်နှာကို ယွန်းစေ့စေ့ကြည့်ပြီး...
"ဟင့်အင်း ... ယွန်းနဲ့သူ ဘာမှမဆိုင်ပါဘူး ၊ ယွန်းဘယ်သူနဲ့မှလည်းမစေ့စပ်ဘူး "
"သမီး "
"နင်လာခဲ့ယွန်း "
ဒေါ်မျိုးမျိုးလှိုင် အဖြစ်အပျက်ကိုနားမလည်ဟန်နဲ့ပြူးကြည့်နေသည်။ စောစောမြင်လိုက်ရတာ မျက်စိမှားစရာမရှိ။ လူချင်းဘယ်လောက်နီးအောင်ရှိနေပါစေ သူစိမ်းတရံတွေဆိုရင် မြင်ရုံနဲ့ခန့်မှန်းနိုင်သည်။ အခုဟာက ဘာမှမပတ်သက်ကြဘူးဆိုတာ မဖြစ်နိုင်။ ငယ်ရာကကြီးတဲ့ဒေါ်မျိုးမျိုးချစ် ထိုအကြည့်ထိုအမူအရာတွေက်ို မှားစရာမရှိအောင်ယုံကြည်နေသည်။ သားကြီးတိမ်ယံခနဲ့စေ့စပ်တာမဟုတ်ဘူးဆိုရင် ဒေါ်မြတ်လေးဟန် လူမှားပြီးစေ့စပ်ဖို့လုပ်နေတာပဲဖြစ်လ်ိမ့်မည်။
မြတ်သော ယွန်းလက်ကိုဆောင့်ဆွဲပြီး ဘယ်သူမှမရှိတဲ့နေရာကိုခေါ်လာခဲ့သည်။ အန်တီမျိုးရဲ့မှားယွင်းထင်မြင်ချက်ကြောင့် သူ့ခေါင်းကိုမြွေတက်ပေါက်သလိုပူထူသွားသည်။ အခုမှအလည်အပတ်ရောက်လာတဲ့အန်တီမျိုးအမြင်မှာ တလွဲထင်ရလောက်အောင် ကိုကိုကတော့ လုပ်မှာမဟုတ်။ လုပ်ချင်းလုပ် ယွန်းယွန်းကသာ သူ့အားမလိုလားလို့ သက်သက်လုပ်တာပဲဖြစ်ရမည်။
"တောက် ... နင်လာစမ်း "
"ငါ့လက်နာလာပြီနော် လွှတ်စမ်း ... "
အတင်းဆုပ်ကိုင်ထားတဲ့လက်ကို မြတ်သောမောင် ဆောင့်လွှတ်လိုက်တော့ လက်မောင်းအရင်းကအောင့်မျက်သွားသည်။ သို့သော် ရောဂါကိုဂရုမထားနိုင်။ ဘီလူးစီးနေတဲ့မြတ်သောမောင်ကို ဆောင့်တွန်းပြီး ...
"နင်ငါ့ကိုဒီလိုပိုင်စိုးပိုင်နင်းမလုပ်နဲ့မြတ်သောမောင် ... ငါသည်းခံနိုင်မှုကိုမစမ်းနဲ့ "
"ဘာဖြစ်လဲ ဟမ် ဟမ်"
မြတ်သောမောင် ဒေါသတွေထွက်ပြီး မေးတငေါ့ငေါ့နဲ့ ယွန်းပခုံးကိုဆောင့်၍ဆောင့်၍တွန်းကာမေးနေသည်။ ယွန်းယိုင်ယိုင်လဲနေသည်ကို မြတ်သောမောင် ဂရုမစိုက်ပါ။ ဒေါသတွေမိုးမွှန်နေပြီဖြစ်သည်။
"နင်ကဘာလဲ ... ရေမြောင်းဆက်သွယ်ရေးဦးစီးဌာနကလားပန်းယွန်းတေဇ... ငါမေးနေတယ်လေ ငါ့အစ်ကိုကိုရေလာမြောင်းပေးလုပ်နေတာ နင်မရှက်ဘူးလား ၊ ငါမေးနေတယ်လေ နင်မရှက်တတ်ဘူးလားလို့ ... အခုသူများတွေတစ်မျိုးထင်သွားကြပြီ ဒါကို နင်ကျေနပ်တယ်မဟုတ်လား "
"မြတ်သောမောင် ! နင်ငါ့ကိုမစော်ကားနဲ့ ... ငါဘာမှမလုပ်ဘူး ခုနကနင်မကြားဘူးလား ငါမဟုတ်တဲ့အကြောင်းပြောလိုက်တယ်လေ "
"အဲ့လိုငြင်းလိုက်ရုံနဲ့ပြီးသွားပြီလား ... သူကအကုန်လုံးကိုလျှောက်ပြောလိုက်ရင် ချော်လဲရောထိုင်နဲ့ကိုကို့ကိုနင်ယူမယ်မဟုတ်လား ... အဟွန်း ... ရှက်တတ်ရင် အခုတင်သေလို့ရတယ် အေး နင်သေသွားမယ်ဆိုရင်တောင် ငါနဲ့သက်ဆိုင်တဲ့သူအဖြစ်နဲ့ပဲ သေသွားရမယ် အဲ့ဒါကိုနင်အမြဲမှတ်ထား "
လက်ညိုးငေါက်ငေါက်ထိုးပြီး စိတ်ထဲထင်ရာစောက်ကားပြောဆိုနေတဲ့သူ့ကို ယွန်းဝေ့သီနေတဲ့မျက်ဝန်းတွေကြားက နာနာကျည်းကျည်းကြည့်နေမိ၏။ ရှက်ဒေါသတွေကြောင့် လည်ချောင်းရိုးတွေထောင်ထသည်အထိ အံကိုတင်းတင်းကြိတ်ထားရင်းက...
" နင်လည်းသေတဲ့အထိမှတ်သွားလိုက် ... နင့်လိုကောင်ကို ငါဘယ်လိုမှလက်မထပ်ဘူး ၊ ငါ့မိဘတွေကအတင်းတိုက်တွန်းရင်တောင် ကိုယ့်လျာကိုယ်ကိုက်ပြီးသေပစ်မယ် ... နင့် ကို မ ယူ ဘူး ..."
"သေလေ ... သေရဲရင် ၊ နင်နောက်ထပ်သိထားဖို့က နင်သေသည့်တိုင် ငါမပိုင်ရလည်းဖြစ်တယ် အေး ရှင်နေရင်တော့ နင့်ကိုဘယ်သူမှမပိုင်ဆိုင်စေရဘူး ..."
ယွန်း သူ့ရဲ့အတ္တတွေကိုမြင်သွားရတော့ ပါးစပ်အဟောင်းသားနဲ့မယုံကြည်နိုင်စွာငေးကြည့်ဖြစ်နေသည်။ ဒေါသကြောင့် နီကြင်နေတဲ့သူ့မျက်နှာကလည်း တင်းမာခက်ထန်လျက် လွန်စွာကြောက်ဖို့ကောင်းလွန်းနေသည်။ ယွန်းထံကသူ့အကြည့်တွေသည် ဟိုအဝေးတစ်နေရာကိုရောက်သွားသည်နှင့် ယွန်း သူနဲ့ဝေးရာပြေးထွက်လာခဲ့တော့သည်။
"ဘေဘီ ... ငိုလာတယ် ၊ ဘာဖြစ်လို့လဲ ပါပါးကိုပြော "
ယွန်းခေါင်းခါပြပြီး ခြံထဲကပြေးထွက်လာခဲ့တော့သည်။ ပါပါးသည် ယွန်းနောက်ကပြေးလိုက်လာပြီ။ ယွန်းရဲ့အရှက်တွေမာနတွေအားလုံး နင်းချေလိုက်တဲ့မြတ်သောမောင်ရဲ့စကားတွေကြောင့် နာကျင်ဝမ်းနည်းလွန်းစွာ ရှိုက်ကြီးတငင်နဲ့ လမ်းမပေါ်ပြေးလွှားနေမိ၏။ ရေပက်သူတွေလည်းလှမ်းပက်နေကြသည်။ ယွန်း ဘာကိုမှအာရုံမရတော့။
"အန်တီမျိုး အထင်မှားသွားတာပါမေမေ ... သား ယွန်းလေးခေါင်းကပန်းဖတ်တွေကိုဖယ်ပေးနေတာပါ ၊ တကယ့်ကိုရိုးရိုးသားသားပါမေမေရာ...၊ သားမေမေ့ကိုမလိမ်ပါဘူး ... "
"မေမေကရောလိမ်တယ်စွပ်စွဲနေလို့လားသား ... သားကိုမေမေမှာထားသားပဲ ယွန်းလေးနဲ့ဝေးဝေးနေဖို့ကို ... ဘယ်လိုဖြစ်ပြီး ဒီမှာအတူရှိနေကြတာလဲ "
သူဘယ်လိုဖြေရမလဲမသိတော့ ။ မေမေကယုံတယ်ပြောနေပေမဲ့ စူးစမ်းသလို သူ့မျက်နှာကိုပိုက်စိပ်တိုက်ကြည့်နေသည်။ ကြာတော့ မနေတတ်တော့ ။ အန်တီမျိုးကလည်း မသိလို့ပြောမိတာပါဆိုပြီး တောင်းပန်နေ၏။ မေမေ ပင့်သက်ရှိုက်ပြီး ခေါင်းကိုလေးသွဲ့စွာခါရမ်းရင်းက...
"အခုကစပြီးသေချာနားထောင် ... ယွန်းလေးနဲ့လုံးဝမျက်နှာချင်းမဆိုင်နဲ့တော့ ၊ မနေ့ကလည်း မေ့ပြီးအတူသွားခိုင်းမိတယ် ... ဒါကိုသားငယ်သိရင်စိတ်ကောင်းမှာမဟုတ်ဘူး ၊ မင်းညီအကြောင်းလည်းမင်းသိတယ် ... တစ်ခုခုဆိုရမ်းကားချင်နေတာ ၊ ဘာတွေပဲဖြစ်ဖြစ် သူ့အစ်ကိုဖြစ်တဲ့မင်းကို သူဘာမှပြောမှာမဟုတ်ဘူး ယွန်းလေးကိုပဲပြောဆိုမှာ ... ဒါကို သားလည်းမလိုလားဘူးမဟုတ်လား ... အရင်ကလို မောင်နှမသံယောဇဉ်တွေနဲ့ အတူတူရှိနေလို့မရတော့ဘူး ၊ ပတ်ဝန်းကျင်မှာပြောစရာဖြစ်အောင် မနေပါနဲ့သား ... သားကအကြီးပဲ သားထိန်းသိမ်းနေလိုက်ပါ "
"ဟုတ်ကဲ့မေမေ "
မေမေလှည့်ထွက်သွားသည်။ အန်တီမျိုးလည်းပါသွား၏။ သူတစ်ယောက်တည်း ခေါင်းငိုက်စိုက်ကျန်ရစ်ပြီး ဘာကိုဖြစ်လို့ဖြစ်မှန်းကိုမသိတော့။ ရင်ထဲကခံစားချက်ကို အမည်ဖော်လို့လုံးဝမရ။ ရှက်တာရော ဝမ်းနည်းတာရော ပေါင်းပြီး ခေါင်းကိုသာအားနဲ့မာန်နဲ့ဆွဲပွတ်နေမိတော့သည်။ သူ့နားထဲမှာ ကဲကဲဆတ်ငြင်းဆိုလိုက်တဲ့ယွန်းရဲ့အသံလေးကိုပြန်ကြားနေရတော့ ဘယ်အစိတ်အပိုင်းကမှန်းမသိတဲ့နေရာမှာ တဆစ်ဆစ်နာကျင်နေခဲ့၏။
°°°°°°
ပါပါးမေးနေတာကို ယွန်းမဖြေတော့ စိတ်တွေဆိုးနေသည်။ ယွန်းအခုချိန်မှာအားရအောင်ငိုချင်သေးသည်။ လတ်လတ်ဆတ်ဆတ်အစော်ကားခံလိုက်ရတဲ့စကားတွေအတွက် ယွန်းနှုတ်ကပြန်ပြောင်းပြောပြဖို့ ခက်ခဲနေပါသေးသည်။
"ပန်းယွန်းတေဇ ပါပါးမေးတာဖြေလေ ... ဘာကြောင့်ငိုသလဲ မဖြေဘူးလား ရတယ် မဖြေနဲ့ ... ဟိုအိမ်ကိုပြန်သွားမေးမယ် "
ဗြုန်းဆိုထရပ်လိုက်တာကြောင့် ယွန်းခေါင်းလေးခါကာ တားမြစ်လိုက်သည်။ ယွန်းဝမ်းနည်းတနဲငိုကြွေးနေတာကြောင့် ပါပါးစိတ်ပူနေမှာသေချာပါသည်။ ယွန်းပျော်ဖို့စိတ်ချမ်းသာဖို့ပဲဦးစားပေးတတ်တာကြောင့် အခုလိုငိုကြွေးနေခြင်းကို မချိသာမခံသာဖြစ်နေမှာမလွဲ ။
"ဒါဆို ဘေဘီပဲပြော ... ပါပါးမဆူဘူး ဘာဖြစ်ခဲ့လဲ "
"ဟင့် ... ပါပါး "
"မငိုပါနဲ့ဘေဘီရယ် ... ဘေဘ်ီငိုတာမြင်ရင် ပါပါးလူသတ်ချင်တယ်နော် "
ဖခင်ရင်ခွင်ထဲတိုးဝင်ပြီး ဖခင်ရဲ့နှစ်သိမ့်မှုကိုအတန်ငယ်ခံယူလိုက်တော့ ယွန်းအေးချမ်းရာရသွားသလိုလို အားတွေရှိသွားသလိုလိုနဲ့ ယွန်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အတွေးဝင်လာသည်။ ပါပါးသည် ယွန်းအတွက်အမြဲတံတိုင်းကြီးသဖွယ်ကာကွယ်ပေးဖို့ရှိနေသည်။ နွေးထွေးမှုကိုပေးစွမ်းနေပါသည်။
"ယွန်း... ဟင့် ... အန်တီမျိုးဆိုတဲ့သူက ယွန်းနဲ့ကိုကို့ကို အထင်လွဲသွားတယ်ပါပါးရယ် .. ဒါကို မြတ်သောမောင်က ယွန်းကို ရေလာမြောင်းပေးလုပ်နေတာလားတဲ့ အဟင့်ဟင့် ... ယွန်းရှက်လိုက်တာပါပါးရယ် ယွန်းလေ ... ယွန်းမလုပ်ပါဘူး တကယ်ပါ "
ရှိုက်ရင်းငင်ရင်းနဲ့ပြောပြပြီးတော့ ပါပါးလက်မောင်းမှာမျက်နှာအပ်လိုက်ပြန်ပါသည်။ ထိုအခါ ပါပါးကယွန်းခေါင်းလေးကိုပွတ်သပ်ချော့မြူနေ၏။ ကျားသစ်မလေးလိုသွက်လက်တဲ့အားမာန်မျိုးနဲ့ ယွန်းရဲ့ဖျော့တော့သောမျက်နှာလေး တဖြည်းဖြည်းအရောင်တောက်လာခဲ့သည်။ ဒါဟာ ပါပါးရဲ့အားပေးနှစ်သိမ့်မှုတွေကြောင့်ပဲမဟုတ်လား ။
"ယွန်း ငြင်းခဲ့တာပဲ ... ကိုကိုနဲ့ယွန်းဘာမှမဆိုင်ဘူးလို့ ... ၊ ပါပါးသိလား တိမ်ယံခဆိုတဲ့လူကြီးကလေ ယွန်းနဲ့လည်းအထင်မှားရော မျက်စိမျက်နှာပျက်သွားလိုက်တာ ... ခေါင်းတခါခါနဲ့ အဖြစ်သိပ်သည်းပြနေတာလေ ဒါ့ကြောင့် ဘယ်သူနဲ့မှမပက်သတ်ဘူးလို့ ပြောပစ်ခဲ့လိုက်တာ ... ဟင့် "
ယွန်းအသံလေး မခံချင်တဲ့စိတ်နဲ့ပြောလိုက်တော့ ခပ်စာစာလေးဖြစ်သွားသည်။ ပါပါးသည် ယွန်းကိုခပ်ငေးငေးနဲ့စေ့စေ့ကြည့်ပြီး မေးဖျားကနေမော့ယူ၍...
"ပါပါးကိုအမှန်အတိုင်းဖြေစမ်း... ဘေဘီ တိမ်ယံကိုချစ်နေတာလား "
"အမလေး ... ဒါဖအေမေးရမဲ့စကားလားဦးသတိုးရယ် "
မေမေအပြေးတစ်ပိုင်းရောက်လာပြီး တားမြစ်သည်။ ပါပါးက ခေါင်းတခါခါနဲ့ ယွန်းမျက်နှာလေးကိုသာ အပြန်ပြန်အလှန်လှန်ကြည့်နေ၏။
"ဖအေမို့လို့မေးတာပေါ့ကွ ... ဒါမင်းမေးရမဲ့စကားတွေလေ မင်းပြောတော့ မြတ်သောနဲ့ဘေဘီကချစ်သူတွေပါဆိုကွ ဖြေစမ်းပါဦး ၊ အခုငါ့သမီးကိုမင်းကြည့်စမ်း ... ငိုကြီးချက်မနဲ့ ငါ့ရင်ကိုမီးမြိုက်နေသလိုပဲကွ ... "
"အိုး ... မြတ်လေးက ဒီလိုပြောတဲ့ဥစ္စာပဲ "
"မင်းငါ့သမီးကိုမေးသလား ဖြေလေလိပ်ပြာ ... မင်းမမေးပါဘူး ငါသိတယ်ငါသိတယ် ... အရင်ကအကြောင်းတွေထားလိုက်တော့ ၊ ငါ့သမီးကိုအခုလိုမျိုးဖြစ်နေတာကို ဒီတိုင်းလျစ်လျူမရှုနိုင်ဘူး "
ပါပါးပြောပြောဆိုဆိုထရပ်သဖြင့် ယွန်းလည်းထရပ်မိသည်။ မေမေကတော့ မတ်တပ်သာရှိနေသူဖြစ်သည်။ ပါပါးက ယွန်းလက်ကိုဆွဲပြီး ထွက်ဖို့ပြင်သည်။ မေမေ့ကရှေ့ကတား၏။
"မင်းဖယ်စမ်း ... သူတို့ဘက်က သူတို့အကြိုက်လာတောင်းပြီးသွားပြီ ၊ အခုငါလည်း ငါ့သမီးအကြိုက် ငါပြန်တောင်းမယ် ... တိမ်ယံခကို သူကြိုက်တဲ့ကြေးတဲ့တင်တောင်းမယ်ရှင်းလား "
"ရှင်မဟုတ်တာမလုပ်နဲ့နော် ... ရှင်မွေးထားတာသမီးလေး အကုန်မျက်နှာပျက်အရှက်ရကုန်မယ် "
"အဲ့လိုအရေးမပါတာတွေလျှောက်တွေးပြီး ငါ့သမီးကတစ်သက်လုံးမချစ်တဲ့သူနဲ့နေရပါလားကွ ... တစ်သက်လုံးပေါင်းရမှာငါ့သမီးနော် ဘယ်အမိန့်နဲ့မှ ငါ့သမီးကိုချည်နှောင်မခံနိုင်ဘူး ... သတိုးတေဇရဲ့သမီး ပန်းယွန်းတေဇက သူလိုချင်တာကိုရရစေမယ် ... ဘယ်သူမှဖန်တီးပေးစရာမလိုဘူး ဒီအဖေတစ်ယောက်လုံးက အားလုံးဖန်တ်ီိးပေးပစ်မယ် ... ရှေ့ကဖယ်ကွာ ကြာတယ် "
ယွန်းရုန်းပေမဲ့ ပါပါးသိဟန်ပင်မတူ ။မေမေ့ကိုအတင်းတွေပြောဆိုပြီး သွားဖို့ဆိုင်းပင်းနေသည်။ ယွန်းနောက်ပါးက တဖွဖွခေါ်နေတာကိုလည်းမကြား။
"ပါပါး ... မသွားပါနဲ့ ယွန်းတောင်းပန်ပါတယ်ပါပါးရယ် ... ယွန်းအရှက်တွေထပ်မကွဲပါရစေနဲ့တော့ ၊ ကိုကိုကယွန်းကိုမချစ်ပါဘူး ယွန်းသိတယ် ... ယွန်းကိုမချစ်တဲ့သူနဲ့လည်း ယွန်းတစ်သက်လုံးအတူမနေနိုင်ဘူးပါပါး ... ယွန်းလက်ကိုလွှတ်ပါတော့ တောင်းပန်ပါတယ် ဟင့်ဟင့် ..."
ယွန်းရဲ့အော်ဟစ်တားမြစ်သံကိုကြားတော့မှ ခြေလလှမ်းတွေတုံ့ဆိုင်းပြီး လက်ကိုလည်းလွှတ်ပေးလေသည်။ မေမေ့မျက်နှာကိုစုံဆန်ခတ်ကြည့်ပြီးနောက် ငိုယိုတောင်းပန်နေတဲ့ယွန်းမျက်နှာကိုအကြာကြီးစိုက်ကြည့်သည်။ ပြီးနောက် ခါးကိုထောက် မျက်ခုံးကိုတွန့်နေအောင်ကွေးကာ အံကြိတ်သံကြီးနဲ့...
"ငါ့သမီး အခုလိုငိုကြီးချက်မဖြစ်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေနော် ... မင်းအတင်းတိုက်တွန်းနားချပြိ ငါ့သမီးကိုစေ့စပ်တာတွေပေးစားတာတွေလုပ်လို့ကတော့ မင်းနဲ့ငါ သတ်ပွဲပဲ "
ကျိန်းမောင်းပြီးထွက်သွားသည်ကို အံတကြိတ်ကြိတ်နဲကြည့်ပြီး လိပ်ပြာမျက်ရည်သုတ်လိုက်သည်။ ကိုယ်ကရော ဒီလိုဖြစ်စေချင်တယ်ထင်နေသလား ။ မြတ်လေးက လူငယ်ချင်းချစ်ကြိုက်နေကြတယ် လာပြောတုန်းကလည်း မယုံတစ်ဝက်ယုံတစ်ဝက်ရှိခဲ့သည်။ သမီးမျက်နှာကြည့်တော့လည်း ယုံစရာမရှိ။ သို့သော် ဟိုယခင်ကတည်းက မြတ်သောမောင်နဲ့ပဲ မျက်စိတွေ့ထားလို့ အသာလေးမှေးပြီး စေ့စပ်ဖို့လက်ခံခဲ့တာ ။ အခုလို သမီးလေးခါးခါးသီးသီးဖြစ်နေမှန်းမသိဘဲ ။ တိမ်ယံအပေါ်လည်း သည်လောက်သံယောဇဉ်ကြီးမယ်မထင်တာ တကယ့်စိတ်ရင်းအမှန်ပါ။ ကိုယ်လည်းချစ်တဲ့သူကိုပဲပိုင်ဆိုင်ချင်ခဲ့တာမှန်သည်။ သို့သော် တိမ်ယံခရဲ့အစားထိုးခံအချစ်ဖြစ်သွားမှာကို မိခင်တစ်ယောက်ရဲ့အတ္တနဲ့ တားမြစ်ချင်ခဲ့သည်။ အခုတော့ မအောင်မြင်ပါ။ သည်ကြားထဲ ဇာတိရုပ်တွေပေါ်လာပြီး လူကိုကျိန်းသွားတဲ့ဟိုလူကြီးကိုလည်း လုံးဝမကျေနပ်။ သမီးအရင်းတည်လို့ သင်းနဲ့တစ်ပွဲတစ်လမ်းတော့ ကျင်းပပေးလိုက်ဦးမည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၂၂) ဆက်ရန် >>>
#Ruby Linn