book

Index 20

အပိုင်း(၂၀)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


-----------------


"နင်ဘာအချိုးချိုးလိုက်တာလဲမြတ်သောမောင် "


"နင့်ကိုချစ်လို့လေ"


"သွားစမ်းပါ အပိုတွေမပြောနဲ့ ... အမှန်အတိုင်းပဲပြောစမ်းပါ "


စားသောက်ဆိုင်မှာချိန်းပြီး ဘာမှလည်းမစားကြ။ မှာပြီးသားတွေအကုန်အေးကုန်ပြီဖြစ်သည်။ ယွန်း မျက်နှာမှာဒေါသကြောင့် ရဲရဲနီနေပြီး မချိုမချဉ်မျက်နှာထားကြောင့် ပါးထရိုက်ချင်စ်ိတ်တွေ တဖွားဖွားပေါ်ပေါက်နေခဲ့တော့သည်။ မြုံစိစိလုပ်နေတာကို စိတ်မရှည်တဲ့အဆုံး ခုံကိုလက်နှစ်ဖက်လုံးနဲ့ ပုတ်ပစ်လိုက်၏။ ဒုန်းခနဲမြည်တော့မှ ကိုယ်ကိုမတ်မတ်ပြင်ထိုင်ကာ ယွန်းကိုစိုက်စိုက်မတ်မတ်ကြည့်သည်။


" နင့်ကိုငါမြင်ပြင်းကပ်လို့ "


" ဘာ "


" နေရာတကာခွဲခြားဆက်ဆံလွန်းလို့ ကြည့်မရလို့ လုပ်တာ ၊ ငယ်ငယ်လေးကတည်းက အခုထိ ငါ့ကိုပစ်ပယ်ထားလို့ ... နင့်ပါးစပ်က ကိုကိုကိုကိုနဲ့မိုးမွှန်အောင်တ,နေလို့ မြင်ပြင်းကပ်နေတာကြာပြီ ၊ အရေးမပါတဲ့ဘေးလူအဖြစ် ငါဆက်မနေနိုင်တော့လ်ို့ ... ပြီးတော့ နင့်ကိုငါချစ်လို့ "


"သွားစမ်းပါ... အချစ်ကိုခုတုံးလုပ်ပြီး ငါ့ကိုအနိုင်ပိုင်းအရယူလို့ နင်လူရာဝင်သွားမယ်မထင်နဲ့ ၊ အရင်တုန်းကရော ခုရော ငါ့ရင်ထဲမှာ နင့်အတွက်နေရာမရှိဘူး မြတ်သောမောင် "


"ဘာ "


ဆောင့်အော်လိုက်တဲ့အသံကြောင့် ယွန်းကိုယ်လေးတုန်ခနဲဖြစ်သွားသည်။ ဒေါသအမျက်တွေနဲ့ ထိုင်ခုံကနေ ကုန်းထရင်း ယွန်းရဲ့အင်္ကျီလည်စကို ဖမ်းဆွဲလေသည်။ ထို့နောက် သူ့မျက်နှာကို ယွန်းမျက်နှာနားတိုးကပ်လိုက်တော့ လေရှူထုတ်လိုက်တဲ့လေငွေ့တွေ လာလာရိုက်တော့၏။


"လွှတ်စမ်း "


"ငါ့နေရာကို ငါ့ဘာသာအရယူမယ် ... နင်နေရာပေးတဲ့အချိန်ထိ ငါစောင့်မယ်ထင်လားယွန်း ၊ အဲ့လိုထင်နေရင် နင်မှားမှာပေါ့ တစ်လောကလုံးသိစေရမယ် နင့်ဘဝရဲ့မရ်ှိမဖြစ်ယောက်ျား အရေးပါအရာရောက်ဆုံးယောက်ျားက မြတ်သောမောင်ဆိုတဲ့ငါပဲဆိုတာ"


အံကြိတ်သံနဲ့ ယွန်းနားကိုတေ့ပြီး ပီသစွာပြောနေသံကိုနားထောင်နေရင်းက ယွန်းအောက်နှုတ်ခမ်းကိုကိုက်ကာ ဒေါသစိတ်ကလေးလည်းမွှန်ထွန်သွားတော့သည်။ သူသည် နားသယ်စပ်ကို နှုတ်ခမ်းနဲ့မထိမထိကြည်စယ်နေသည်။ ရှက်သည့်စိတ်ကြောင့် သွေးသားတွေဖျင်းခနဲပူဆင်းသွားလျက်... 


"ဖယ်စမ်း ... နင့်ကိုငါမမုန်းခင် နင့်လုပ်ရပ်တွေရပ်တန်းကရပ်လိုက်ပါ၊ မဟုတ်ရင် နင်တစ်နေ့နောင်တရမယ်နော် "


"အဟက် ... ဘာလဲ နင်ကငါ့မရီးဖြစ်ခဲ့ရင် ငါကနင့်ကိုဒီလိုဆက်ဆံခဲ့လို့ ငါနောင်တရမယ်ထင်တာလား ၊ မရူးစမ်းနဲ့ပန်းယွန်းတေဇရယ် ... ဒီဘဝတော့ ကိုကိုနင့်ကိုချစ်လာဖို့မရှိဘူး ၊ ဘာလို့လဲသိလား မိုးထက်ကုဋေဆိုတဲ့မိန်းမတစ်ယောက်တည်းကိုပဲ ကိုကိုချစ်လို့ တခြားတစ်ယောက်ဆိုတာ ရှိလာမှာမဟုတ်ဘူး ၊ ဒီတော့ မျှော်လင့်မနေနဲ့၊ ငါ့ကိုပဲချစ်လာဖို့ကြိုးစား "


ယွန်းရဲ့မျက်ဝန်းတွေမှာ ရှက်ခြင်းတွေ ဒေါသဖြစ်ခြင်းတွေ ဝမ်းနည်းခြင်းတွေနဲ့ ရောပြွန်းယှက်နွှယ်နေ၏။ သူ့စကားကိုပြန်လည်မချေပနိုင်သည်အထိ ယွန်းရင်ခံသွားတာဖြစ်သည်။ မချစ်တော့လည်းဘာဖြစ်လဲ ။ ယွန်း သူ့အချစ်ကိုမရလည်း သေမှာမဟုတ်သလို မြတ်သောမောင်ကို ချစ်ဖို့ကိုလည်း သေတောင်စိတ်ကူးမှာမဟုတ်။ 


"အံတွေစွတ်ကြိတ်ပြီး ဝမ်းနည်းပြမနေနဲ့ ... မိန်းကလေးကဇာတ်လမ်းစလို့လည်းမကောင်းဘူးနော် တော်ကြာ နင်မနေနိုင်မထိုင်နိုင်သွားပြောရင် နင်အရှက်ကွဲမှာစိုးလို့ ... ၊ ကိုကို့စိတ်ကိုငါသိတယ် ... နင်သာသွားပြောရင် သနားသွားမှာအမှန်ပဲ ... သနားချစ်လေးချစ်ခံချင်ရင်တော့ ဖွင့်သာပြောလိုက်ပေါ့ ... ငါခွင့်ပြုပါတယ် ဟားဟား "


ကြည့်စမ်း ၊ လှောင်နေတာ...။ ယွန်းရဲ့အရှက်နဲ့သိက္ခာကို သူနင်းနေတာ။ မြင်းကမလှုပ်ခုံကလှုပ်နေလို့ သူဟားတိုက်လှောင်ပြောင်နေတာ ယွန်းခံရခက်စွာနာကျည်းသွားသည်။ မြတ်သောမောင်ရဲ့ ရှင်းသန့်သောမျက်နှာကိုလည်း ရွံရှာသွား၏။ ယခင်ကသံယောဇဉ်တွေတောင် မရှ်ိတော့ဘူးထင်ရလောက်သည်အထိ။


"နင်ဟာအတော်အောက်တန်းကျတဲ့ကောင်ပဲမြတ်သောမောင် ၊ နာမည်နဲ့လုံးဝကိုမလိုက်ဖက်ဘူး ... နင့်စိတ်ဓာတ်ကနင့်ဆံပင်တွေလိုပဲ မဖြောင့်ဘဲကောက်ကျစ်နေတာပဲ ၊ ငါဘယ်သူ့ကိုချစ်ချစ်နင့်လှောင်ပြောင်စရာဘာမှမလိုဘူး ...  ဟင့် ... နင့်ကိုမထင်ထားဘူး ... နင်ငါ့အပေါ်ဒီလိုပြောရက်လုပ်ရက်မယ်လ်ို့ ... အဟင့် "


ယွန်းမျက်ရည်စီးကြောင်းတွေနဲ့ သူ့မျက်နှာကိုတည့်တည့်ကြည့်ပြီး ဝမ်းပမ်းတနည်းထထွက်ပြေးသွားသည်။ ထိုအခါမှ ကျောက်ရုပ်လိုကျန်ရစ်ခဲ့တဲ့သူက ပတ်ဝန်းကျင်ကြောင့် ထိုင်ခုံပေါ်လက်မှိုင်ကျကျနဲ့ ထိုင်ချပစ်လိုက်တော့သည်။ သူသိတတ်ကတည်းက သည်မိန်းကလေး သူ့အပေါ်ဆက်ဆံပြောဆိုခဲ့တာတွေက ကြာတော့လည်းအစိုင်အခဲလိုဖြစ်လာခဲ့သည်။ သူ့အတွက်ဆို မလိုမလားနဲ့မျက်ကွယ်ပြုခြင်းကိုသာရ၏။ တစ်ခါတလေ "မောင်ရေ " ဆိုပြီး အနားပြေးရောက်လာတဲ့ယွန်းရဲ့ပုံရိပ်ကလေးကိုမြင်ချင်သည်။ တစ်ခါဖူးမှမမြင်ဖူးခဲ့ရ၍ သူ့နှလုံးသားတဆစ်ဆစ်နာရသည်။ ထိုနာကျင်မှုကိုစမ်းစစ်ကြည့်သော ချစ်နေတာကိုသိခဲ့ရသည်။ ချစ်တဲ့စိတ်နဲ့ မေမေ့ကိုတောင်းခိုင်းခဲ့တာဖြစ်သလို အနိုင်ရလိုခြင်းတွေလည်းပါသည်။ ကိုကို့ကိုနိုင်ချင်တာမဟုတ်။ ယွန်းရဲ့စိတ်ကို အနိုင်ရချင်တာပဲဖြစ်သည်။ လူတစ်ယောက်လုံးရဲ့ဖြစ်တည်မှုကို အရေးမပါသလိုလုပ်ခဲ့တဲ့ယွန်းကို တန်ပြန်ခံစားစေချင်သည်။ ဒါ့ကြောင့် စေ့စပ်ဖို့ပျက်စီးလို့မရ။


°°°°°


မျက်ရည်တွေသုတ်ပြီး ခြေချင်လမ်းလျှောက်နေတဲ့ယွန်းကို ဆိုင်ထဲကနေလှမ်းမြင်လိုက်ရသည်။ ခေါင်းကိုငုံ့လျှောက်နေသလို ခြေလှမ်းတွေကချိနဲ့နေသလို ။ 

" ညီနဲ့အတူသွားကြတာမဟုတ်ဘူးလား.... "  


သွားသင့်မသွားသင့်လည်းချိန်နေရသည်။ ညီ့အတွက်သွားရောက်တောင်းရမ်းပေးပြီးကတည်းက ယွန်းကိုသိသိသာသာရှောင်ပစ်ခဲ့သည်။ အရင်လိုတွဲသွားတွဲလာနဲ့နေလို့မဖြစ်တော့။ ယွန်းရဲ့သိက္ခာကို သူငဲ့နေမိတာပါ။ ညီနဲ့စေ့စပ်မယ့်မိန်းကလေးက အစ်ကိုနဲ့လည်းတတွဲတွဲ ဆိုတဲ့ ကဲ့ရဲ့ရှုံ့ချမဲ့အသံတွေထွက်မလာစေချင်။ အခုတော့ သူ့စိတ်တွေတင်းမထားနိုင်တော့...။ ယွန်းမျက်နှာမကောင်းမှန်းသိနေတော့ သူပင်သတိမထားခင် သူမလေးဘေးရောက်သွားတော့သည်။


"ယွန်းလေး ... တစ်ယောက်တည်းဘယ်သွားမလို့လဲ ၊ ညီရော ညီနဲ့အတူထွက်သွားတာမဟုတ်လားဟင် " 


သူလျပ်တပျက်ကိုင်မိတဲ့လက်လေးကိုရုန်းလိုက်တော့ သူအားတုံ့အားနာဖြစ်သွားသည်။ မသင့်တော်တာလုပ်မိပြန်ပါလား ...။ ပင့်သက်ရှိုက်ရင်း ဆက်လျှောက်သွားတဲ့ယွန်းကို ငေးကြည့်မိသည်။ သူမလေးပုံစံက အားအင်မရှိဘဲ ယိုင်နဲ့တော့မဲ့ပုံနှယ် ။ ဒီတိုင်း လှစ်လျူရှုလို့မဖြစ်တော့ဘူးလို့ အောက်မေ့လိုက်ပြီး သူမလေးနောက်ပြေးလိုက်ရပြန်၏။


"အိမ်ပြန်မလို့လား ... လာ ကိုကိုလိုက်ပို့မယ် ၊ အိမ်နဲ့အဝေးကြီးကျန်သေးတာကို လမ်းလျှောက်ပြန်လို့ဘယ်ဖြစ်မလဲ ၊ ခဏလေး ကိုကိုဆိုင်ကယ်သွားယူလိုက်ဦးမယ်နော် "


"မလိုဘူး ... ခြေထောက်ပါတယ် ကိုယ့်ဘာသာလျှောက်မယ် "


"မဟုတ်တာ ... ကိုကိုလိုက်ပို့ပါ့မယ် "


"ဘာလို့လဲ အမြင်မတော်လို့လား ... စိမ်းစိမ်းနေချင်တယ်မဟုတ်လား ဝေးဝေးနေစမ်းပါ ၊ သနားသဖြင့် ကူညီမနေနဲ့ ယွန်းဘယ်သူကူညီတာမှမလိုအပ်ဘူး "


ဆိုးဆိုးဆတ်ဆတ်နဲ့ယွန်းအပြောကို ပါးစပ်အဟောင်းသားလေးနဲ့ အံ့သြသလိုငေးကြည့်နေ၏။ မှိုင်းကျသွားတဲ့ကိုကို့မျက်နှာကို ယွန်းကြာကြာမကြည့်တော့ဘဲ ကယ်ရီကိုလက်လှမ်းတားလိုက်သည်။ 


"လာခဲ့ ... မငှားတော့ဘူးအစ်ကို "


သူ ရပ်သွားတဲ့ကယ်ရီသမားကို ရည်ရည်မွန်မွန်ပြန်ပြောပြီး ယွန်းလက်ကောက်ဝတ်ကိုဆွဲကာ ခေါ်လာခဲ့သည်။ ပေကပ်ကပ်လိုက်လာတဲ့ယွန်းကို ဆိုင်ကယ်အနားရောက်တာနဲ့ ဦးထုပ်လေးကို ကိုယ်တိုင်သေချာဆောင်းပေးလိုက်၏။


" တက်လေညီမလေး "


သူအရင်ခွပြီး ယွန်းကိုတက်ဖို့ပြောတော့ ယွန်းညင်သာမှုမရှိတက်ထိုင်လိုက်သည်။ ကိုကို့ဆိုင်ကယ်သည် ဘော်ဒီအနိမ့်မို့ ဘေးတစ်စောင်းလိုက်စီးလည်းအဆင်ပြေသည်။ မပြေနိုင်တာက မြတ်သောမောင်ရဲ့ဘီး ။ ဆိုင်ကယ်လေးမောင်းထွက်တော့ ယွန်းအရင်လို ကိုကို့ခါးကိုမကိုင်တော့ ။ ကိုကိုကလည်းညင်ညင်သာသာလေးမောင်းပေးပါသည်။


"ယွန်းလေး ကိုကို့ကိုစိတ်ဆိုးနေတာလား ... ဟင် ဖြေပါဦး အသံတိတ်နေတာ နေလို့အဆင်မပြေဘူး "


"ဘာလို့မေးတာလဲ ... တကယ်မသိလို့မေးတာလား သိရဲ့နဲ့အနိုင်ပိုင်းပြီးဂုဏ်ယူချင်တာလား "


...ကျွီ... ခနဲ ဘရိတ်အုပ်သံနဲ့အတူ ကိုကိုကမယုံနိုင်သလို လည်ပြန်ကြည့်ပါသည်။ မျက်နှာသေလေးနဲ့ ခံစားချက်မဲ့သလိုဖြစ်နေတဲ့မျက်နှာပေါ်မှာ တစ်ခုခုကို ကိုကိုအဖြေရှာသလို ပိုက်စိပ်တိုက်ကြည့်နေပါ၏။ ထို့ကြောင့် တစ်ဖက်လှည့်ရှောင်ရှားပစ်လိုက်သည်။


"ယွန်းလေးဘာဖြစ်နေတာလဲ ...  ဘယ်သူ့ကိုမကျေမနပ်ဖြစ်နေတာလဲ "


"မကျေမနပ်လား မဖြစ်ရဲပါဘူး ... ယွန်းအပေါ် ကိုကိုတို့ညီအစ်ကိုတွေအနိုင်ယူချင်ကြတာ ယွန်းနားလည်သွားလို့ပါ ..."


"ဟေ့ ဘယ်လိုစကားတုန်းကွ ... ဘယ်သူကအနိုင်ယူချင်တာလဲ "


ယွန်းစကားကြောင့် ဖင်ထိုင်မကျတော့ဘဲ ဆိုင်ကယ်ပေါ်ကဆင်းလိုက်သည်။ ယွန်းလည်းလိုက်ဆင်းလာသော်လည်း အဝေးသို့သာငေးနေ၏။ ယွန်းရဲ့ဘေးတစ်စောင်းလေးကိုကြည့်နေရင်းက စိတ်တွေစနိုးစနောင့်ဖြစ်နေရတော့သည်။ သူ့ဘက်က သူမလေးအတွက် အမြဲအရှုံးပေးထားပြီးသား ။ ဒါကို ဘယ်လိုအတွေးပေါ်ပြီး အနိုင်ယူတယ်ဖြစ်သွားရသလဲ။ သူ့ရင်ဘတ်ကတော့တဆစ်ဆစ်နာသွားပြီဖြစ်သည်။


" ဘာဖြစ်နေတာလဲ ဘာကိုအလိုမကျနေတာလဲယွန်းလေး ... ပွင့်ပွင့်လင်းလင်းပြောစမ်းပါ "


"ကိုကို့ကိုမုန်းတယ် ... နေရာတကာလူတတ်ကြီးသိပ်လုပ်လို့၊ မျက်နှာချင်းလည်းမဆိုင်ချင်ဘူး ရှင်းလား "


"ဘယ်လို... ၊ လူတတ်ကြီးဟုတ်လား... ညီနဲ့ယွန်းလေးတို့ဆက်ဆံရေးကြား ကိုကိုဝင်မပါပါဘူး ... ယွန်းလေးတို့အချင်းချင်းမေတ္တာရှိနေကြလို့ ကိုကိုလိုက်တောင်းပေးတာပဲရှိတယ် ... ဘာမှလူတတ်ကြီးလုပ်ခဲ့တာမရှိဘူး ၊ ဒါကို ယွန်းလေးမကျေမနပ်ဖြစ်နေတာဆိုရင် ကိုကိုတောင်းပန်တယ် "


"...."


" ယွန်းလေးကို ညီမလေးအဖြစ်တကယ်ပိုင်ရပြီဆိုပြီး ဘယ်လောက်ဝမ်းသာခဲ့ရသလဲ ၊ ဒီမြို့ကမကျဉ်းပေမဲ့ ကျယ်လည်းသိပ်မကျယ်လှဘူး ပြီးတော့ ဦးသတိုးတေဇရဲ့သမီး ပန်းယွန်းတေဇကို မသိသူကရှားတယ် ... ညီနဲ့တွဲလိုက် အစ်ကိုနဲ့သွားလိုက်လုပ်နေရင် ယွန်းလေးသိက္ခာကျမှာစိုးလို့ ကိုကိုရှောင်တဲ့သဘောပဲ ... ဒါယွန်းလေးကိုဥပေက္ခာပြုထားတာမဟုတ်ဘူးနော် ကိုကိုချစ်တဲ့သူတွေကို ဘယ်သူပြောတာမှမခံနိုင်လို့ "


"အို ...အရင်တုန်းကလည်းဒီလိုပဲသွားလာနေကြ ၊ အခုမှ ကိုကို့ဘက်ကစပြောင်းလဲတာ ယွန်းခံရခက်တယ်သိလား ...လူကိုအဖတ်မလုပ်တာ အမုန်းဆုံးပဲ "


"ကဲကြည့် ကလေးကျနေတာပဲ နှပ်တောင်ထွက်ကုန်ပြီ "


"ဖယ်ပါ စကားလမ်းကြောင်းတွေလွှဲစရာမလိုပါဘူး ... မပြောချင်နေ အခုပြန်လိုက်ပို့ "


ဒေါသသံလေးစွက်နေတဲ့စကားလုံးတွေကို မသိကျိုးကျွံပြုပြီး မျက်ရည်သုတ်ပေးမဲ့လက် ပြန်ရုတ်သွားသည်။ ဆိုင်ကယ်ပေါ်လည်းပြန်မတက်သေးဘဲ ယွန်းကိုငေးစိုက်ကြည့်နေပြန်၏။ မေးရိုးတွေကားထွက်ပြီး မခံချိမခံသာပုံပေါက်နေတဲ့ကိုကိုသည်...


" ကိုကိုကရော ပျော်နေတယ်ထင်လို့လား ... ယွန်းလေးကိုခပ်တန်းတန်းနေရတာ ဘယ်လောက်ခက်ခဲလဲရောသိလား ... အရင်လိုဆိုတာထည့်မပြောနဲ့ ၊ အရင်က မင်းကကလေး ခုကအရွယ်ရောက်နေပြီ မကြာခင်လည်းစေ့စပ်တော့မဲ့သူ ... အခြေအနေနဲ့အချိန်အခါတွေကပြောင်းကုန်ပြီ ဒါကိုမင်းနားလည်စမ်းပါ"


ကိုကိုပြောနေရင်းက မာန်တွေပါလာပြီး ယွန်းလက်မောင်းကိုကိုင်ကိုင်ဆွဲနေသည်။ တစ်ခါမှမသုံးနှုန်းဖူးတဲ့ ' မင်း' ဆိုတဲ့နာမ်စားကိုသုံးနေမိတာတောင် ကိုကိုသတိမှထားမိပါလေစ ။ ဒါ သူမကို လူကြီးအရာသွင်းလိုက်တာလား ။ ဒါမှမဟုတ် သူစိမ်းဆန်ဆန်တွေဆက်ဆံချင်တဲ့သဘောလား ။ ဝေခွဲမရ ။  သူမတွေဝေနေစဉ် ကိုကိုသည်ဆိုင်ကယ်ပေါ်ရောက်သွားပြ်ီဖြစ်သည်။ ယွန်းအတက်ကိုစောင့်စားနေပြီး တက်ပြီိးသည်နှင့် မောင်းထွက်တော့သည်။


"ကိုကို့ခါးကို မဖက်ရတော့ဘူးပေါ့နော် "


ယွန်းရဲ့လှောင်သံလေးပေါ်ထွက်လာတော့ တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားသည်။ သူပြောပြရှင်းပြတာကို ယွန်းလေးနားမလည်ပါလားဆိုတဲ့အသိနဲ့ ခေါင်းကိုခပ်သွဲ့သွဲ့ခါရမ်းမိ၏။ အရွယ်ရောက်နေပေမဲ့ ကလေးဆန်ချင်တုန်းဖြစ်တဲ့သူမလေးက သူ, စိမ်းသွားတာကိုပဲမြင်သည်။ အလိုက်သိစွာဘေးထွက်ပေးတာကိုတော့မမြင်ပါ။ 


°°°°°°°


သင်္ကြန်မှာမဏ္ဍပ်ဆောက်ပြီး အန်တီမြတ်အလှူပေးနေသည်။ မေမေလည်းပါဝင်ကာ စုပေါင်းအလှူလုပ်ကြသည်။ ညဘက်တရားပွဲလည်းထည့်ထား၏။ ယွန်း သင်္ကြန်အကြိုနေ့မှာအပြင်မထွက်ဖို့ဆုံးဖြတ်ထားသည်။ မေမေကတော့ ဟိုဘက်အိမ်ရောက်နေသည်။ ပါပါးကတော့ ဟိုတယ်ကိုခဏဆိုပြီးထွက်သွား၏။ မေမေကတော့ ဝိုင်းကူဖို့ခေါ်ပေမဲ့ မြတ်သောမောင်ကိုမမြင်ချင်တာနဲ့ နေရစ်ခဲ့တာဖြစ်သည်။


"ယွန်းယွန်းရေ .... ယွန်း နင်ဘယ်မှာလဲ အန်တီခေါ်ခိုင်းလိုက်တယ်ဟ ၊ ဟင် ဘာဖြစ်နေတာလဲအဲ့ဒါ "


"မမြင်ဘူးလား "


"နင်ကလည်းဟာ သင်္ကြန်ရက်ကြီးမှာ ဘာပုံတွေဆွဲနေတာလဲ ...၊ နင်ငါ့ကိုစိတ်ဆိုးနေတာမှတ်လား ငါတောင်းပန်ပါတယ် ငါမပြောသင့်တာတွေပြောမိတယ် ... ငါ့ကိုခွင့်လွှတ်နော်ယွန်း "


မီးတောက်ပုံကိုစိတ်လိုလက်ရရေးဆွဲနေတဲ့ယွန်းကို ဆက်မဆွဲစေဘဲ သူ့ဘက်ကိုဆွဲလှည့်ကာ တောင်းပန်စကားဆိုနေသည်။ စိတ်ဆိုးနေဆဲပေမဲ့ ယွန်းဟန်ဆောင်ပြုံးပြလိုက်သည်။ မေမေရဲ့လိုလားနေမှုကို ယွန်းမဖျက်ဆီးချင်ပါ။ မကြာသေးခင်ကမှ နာခံခဲ့တာမို့ ချက်ချင်းကြီးလွန်ဆန်ဖို့ခက်ခဲနေသေးသည်။ 


"ရပါတယ် ... ငါစိတ်ဆိုးပြေပါပြီ "


"တကယ်နော် ... ဒါဆိုရေလောင်းပြီ ဟားဟား "


ခါးကြားထဲထိုးထည့်လာတဲ့ရေဘူးလေးနဲ့ လောင်းလိုက်တော့ အလန့်တကြားထရပ်လေသည်။ မျက်နှာပျက်သွားပေမဲ့ ချက်ချင်းပြုံးသွားရကာ သူ့လက်ထဲကရေဘူးကိုလုယူသွားသည်။


"ဘယ်ရမလဲ ငါလည်းပြန်လောင်းမှာပေါ့ "


"ငါ့ကိုရေလောင်းတာ ... နင်ပထမဆုံးတော့မဟုတ်ဘူးဟ ကိုကိုရေလောင်းထားတာ အစောကြီးထဲက "


ကြည့်စမ်းပါဦး ... ဒါအမှန်ပြောတဲ့စကားဖြစ်နိုင်ပေမဲ့ တမင်သက်သက်ပြောနေပုံလည်းပေါက်နေပါသည်။ အရင်ကဆို ကိုကို့ဆီအပြေးသွားပြီး ရေလောင်းခဲ့တဲ့သူမသည် ကိုကိုရေပြန်လောင်းတာကိုပဲ လိုချင်ခဲ့တာဖြစ်သည်။ သို့သော် လောင်းစေချင်သူထံမရောက်ခင် မြတ်သောမောင်ကအမြဲအရင်လောင်းနေကြ။ ခုလည်း ယွန်းကိုမျှော်လင့်မနေဖို့ သူသတိပေးနေသလိုဖြစ်နေ၏။ ယွန်း ဒါတွေမမှုပါ။ ကိုကို့ကိုချစ်တဲ့စိတ်ဖြစ်နေရင်တောင် ကိုကို့ဘက်ကမစဘဲ ယွန်းစမှာမဟုတ် ။ ကိုကိုမြင်ပါစေလို့ပဲ ကြိတ်ဆုတောင်းမည်။ ဒါ ယွန်းလုပ်နိုင်တာအကုန်ပဲဖြစ်သည်။ 


"သားငယ် ပြန်ရောက်တာအတော်ပဲ ... ဘဘုန်းကျောင်းကို မုန့်လေးသွားကပ်ဦးကွယ် "


"ဟာ မေမေကလည်း ... သားသူငယ်ချင်းတွေနဲ့ချိန်းထားတယ် တစ်ယောက်ယောက်ကိုပို့ခိုင်းလိုက်လေမေမေကလည်း နော် "


"ဒီကလေးကတော့ ...သွားသွား ၊ ဟောယွန်းလေး  လာလေသမီး မုန့်လုံးရေပေါ်ကျက်ပြီ လာစားလှည့်ဦး "


"ဟုတ် ... ဟို ယွန်းသွားပို့ပေးမယ်လေအန်တီမြတ် "


"အေး သွားမလား ... နေဦး တစ်ယောက်တည်းတော့မသွားနဲ့လေ၊ သားကြီးဘယ်ရောက်သွားလဲမသိဘူး မောင်နှမနှစ်ယောက်အတူသွားလေ "


ယွန်း မျက်ခုံးပင့်သွားသည်။ လှည့်ထွက်သွားတဲ့မြတ်သောလည်းပြန်လှည့်ကြည့်၏။ ထန်းလျက်ခဲတုံးလေးများထည့်ထားတဲ့ဗန်းကိုသယ်လာတဲ့တိမ်ယံလည်း အနားရောက်လာသည်။ 


"အတော်ပဲသား ... သားညီမနဲ့ဘုန်းကြီးကျောင်းလိုက်သွားပေးဦး ၊ သားငယ်ကိုခိုင်းတာ မအားဘူးတဲ့လေ "


"ဟုတ်ကဲ့မေမေ လာလေယွန်းလေး"


ကိုကိုသည် အန်တီမြတ်ကမ်းပေးသောချိုင့်ကိုယူပြီး လှည့်ထွက်သည်။ ယခင်နေ့ကဝေးဝေးနေဖို့ပြောခဲ့တဲ့သူမဟုတ်တဲ့အတိုင်း ခေါ်နေပြန်သည်။ တကယ်ဆို " သားပဲသွားပို့လိုက်မယ်" လို့ ပြောလိုက်လို့ရသားပဲ ။ ဒါကို ခေါ်နေသည်။ မြတ်သောက မျက်လုံးကျွတ်ထွက်မတတ် ယွန်းကိုပြူးကြည့်နေသည်။ မတတ်နိုင် ... သူ မအားဘူးပြောလို့ ဖြစ်သွားတဲ့ကိစ္စပဲလေ ....။ 


"ရလား ကိုကိုချိုင့်ကိုင်မယ်လေ "


ယွန်းအဆင်မပြေမှာစိုးလို့ ပြောလိုက်ပေမဲ့ ယွန်းကခေါင်းသာခါပြသည်။ ခပ်တန်းတန်းလေးဖြစ်နေတဲ့ယွန်းကြောင့် သဘောတကျပြုံးရင်း မောင်းထွက်လာခဲ့သည်။


"စိတ်ကောက်နေတာလား "


"စာရင်းကိုမရှိဘူး "


"အဟင်း ... မလိမ်တတ်ဘဲနဲ့ကွာ ၊ မနက်ဖြန်သင်္ကြန်လည်ချင်လား ကိုကိုလိုက်ပို့မယ်လေ ... ညီနဲ့အတူသွားကြတာပေါ့ "


"မလည်ပါဘူး "


" ကြည့် ပြောတော့ဖြင့် အဖက်မလုပ်လ်ို့တဲ့ ... လုပ်တော့လည်း ဘုကလန့်ပါလားနော် ... သင်္ကြန်တွင်းကြ်ီးဗျ လူကြီးကိုရိုရိုသေသေဆက်ဆံရတယ် ကြားလား "


"မကြားဘူး "


"ပြီးရောကွာ မပြောတော့ဘူး ခေါ်လည်းမခေါ်တော့ဘူး ...အ "


နောက်ကျောကိုလက်သီးနဲ့ထုချလိုက်တော့ ကျောကော့သွားသည်။ ရှိုက်သံလေးလည်းကြားလိုက်ရတော့ ဆိုင်ကယ်ကဆက်မောင်းလို့မရတော့။ ဘေးထိုးရပ်ပြီး လည်ပြန်ကြည့်မိသည်။ ငိုမဲ့မဲ့လေးဖြစ်နေပေမဲ့ မျက်ခုံးကြီးတွေတွန့်ကွေးပြ်ီး အလိုမကျစိတ်ဆိုးနေတာကိုလည်းပြသနေ၏။ 


"ဟေး ... အတွဲဟ လောင်းကြ "


ကားတစ်စီးဖြတ်မောင်းသွားပြီး ကားပေါ်ကလူတွေဝိုင်းလောင်းလိုက်ကြတာ နှစ်ယောက်လုံးရေရွှဲနစ်သွားသည်။ 


"ဟာကွာ ဒီလောက်တောင်လောင်းရလား "


သူညီးတွားလိုက်ပြီး ဆိုင်ကယ်စက်နှိုးလိုက်သည်။ ဘုန်းကြီးကျောင်းထဲကိုတော့ သူပဲဝင်ပို့လိုက်ရသည်။ ရေစိုနေတော့ ယွန်းရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကအထင်းသား။ မမြင်ချင်လို့လည်းမရ ။ ထို့ကြောင့် အပေါ်ဝတ်ကိုချွတ်ပြီး ခါးနေရာကနေသိုင်းချည်ပေးလိုက်၏။ သူကတော့ စွပ်ကျယ်လက်ပြတ်နဲ့လည်းအဆင်ပြေသည်မဟုတ်လား ။


"ကိုကိုဖြည်းဖြည်းမောင်း... ယွန်းအေးလို့ "


မနက်အစောကြီးလည်းဖြစ် ရေကလည်းတစ်ကိုယ်လုံးရွှဲနစ်နေတော့ မေးရိုက်သံလေးပင်ထွက်နေသည်။ ပခုံးကိုတင်းနေအောင်ကိုင်ထားတဲ့လက်လေးနှစ်ဖက်က တဖြည်းဖြည်းခါးနားရောက်လာပြီး တင်းနေအောင်ဖက်လိုက်လေသည်။ ထိုအခါ သူလည်းနွေးထွေးသွားသလိုလို ခန္ဓာကိုယ်ကပူဆင်းသွားသည်။ 


"ဟေ့ အရှေ့မှာဆိုင်ကယ်ဟ ပက်ပက် "


"အိုး "


ဒုတိယအကြိမ်အလောင်းခံလိုက်ရတော့ ပိုပိုအေးကာ ကိုကို့ကိုတိုးဖက်ထားမိတော့သည်။ ကိုကို့ရဲ့နွေးနေတဲ့လက်တစ်ဖက်က သူမရဲ့လက်အေးအေးလေးတွေအပေါ်ဆုပ်ကိုင်တော့ တုန်ယင်စွာနဲ့ထပ်အုပ်ကိုင်ထားလိုက်၏။ ပါးလေးတစ်ဖက်ကိုလည်း ကျောပြင်မှာကပ်၍ အနွေးဓာတ်ခိုလုံနေမိသည်။ 


"အိမ်ပဲတန်းမောင်းလိုက်တော့မယ်နော်ယွန်းလေး... မဟုတ်ရင်ဖျားနေမယ် "


ပြန်မဖြေနိုင်တော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ကိုကိုမမြင်နိုင်ပေမဲ့ အသားချင်းထိနေတော့ သိတဲ့ပုံပါပဲ ။ သူမအိမ်လေးဆီသို့ တည့်တည့်မောင်းနှင်သွားတော့၏။


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၂၁) ဆက်ရန် >>>


#Ruby Linn


မကြာခင် အဖြေထွက်တော့မှာပါ၊ 

se se လား၊ လာ လာ se 😝


rate now: