✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
-----------
မဟူရာရောင် နက်မှောင်နေသည့် တင်ပါးဖုံးသော သူမရဲ့ဆံပင်တွေကို ယခုမှပဲ ဖြီးသင်ရှင်းလင်းပေးဖို့ အခွင့်သာခဲ့တယ်။ အရင်းကနေ အဖျားထိ ထူထဲလှတဲ့ ဆံပင်တွေကို တယုတယကိုင်၍ နှာဖျားဖြင့် နမ်းရှိုက်လိုက်တော့ စံပယ်ရနံ့ပျပျလေးရ၏။ ကြည်နူးစိတ်ဖြင့် ပြုံးရယ်မိရင်းက သူမရဲ့ ကုပ်ပိုးဖြူဖြူဝင်းဝင်းလေးကို သူ တစ်ရှိုက်မက်မက်ဖိနမ်းမိရာ ရုတ်တရက်မို့လားမသိ ပခုံးလေးတစ်ချက် တွန့်သွားတာက ချစ်စရာပါ။
" ကိုယ့်မိန်းမက ကျက်သရေရှိလိုက်တာ "
" အပိုတွေပါကွယ်၊ ကဲ လာ မနက်စာသွားစားမယ် "
ပန်းလိပ်ပြာသည် ပြောပြောဆိုဆို မှန်ရှေ့မှထရပ်ကာ သူမရဲ့ဆံပင်တွေကို ခေါင်းစည်းကြိုးဖြင့် နှစ်ပတ်ပတ်ကာ စည်းနှောင်လိုက်ပြီး အပေါ်ကနေ အကျီစကိုယူ၍ ပြုလုပ်ထားသော ဖဲပြားဆံညှပ်ကိုညှပ်လိုက်၏။
" ဘာဖြစ်လို့ ဒီလောက်ကြည့်နေတာလဲ "
" ချစ်လို့ပေါ့၊ အရမ်းချစ်လို့ပေါ့ "
အဲလိုနဲ့ သူမနှုတ်ခမ်းကို သူ မလိမ့်တပတ် နမ်းပြန်ပါသည်။ ခါးကို လက်တစ်ဖက်က တင်းနေအောင်ဖက်လျက် ကျောပြင်ပေါ်မှာ တစ်ဖက်က ပြေးလွှားနေသည်။ ချစ်စဖွယ် နူးနူးညံ့ညံ့အနမ်းတွေက ဘယ်တော့မှ ရိုးမသွားခဲ့။ ကြည်နူးချမ်းမြေ့မှု အပြည့်ဖြင့် သူ့ရဲ့ ရယ်သံလွင်လွင်က မနက်ခင်းကို အဓိပ္ပာယ်ရှိစေခဲ့ပါသည်။
မနက်စာစားပွဲဝိုင်းမှာ မိသားစု သုံးယောက် မျက်နှာချင်းဆိုင်မိကြချိန် ဆည်းလည်းသံလေးကို ဦးစွာကြားရလေသည်။
" ပါပါး... ယွန်းရဲ့ ရောင်စုံခဲတံလေးတွေ ကုန်နေပြီ၊ အဲဒါ ဝယ်ပေးပါဦးနော် "
" အင်း... ဒါနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ သမီး ဘာလုပ်မယ် စိတ်ကူးထားလဲ "
ထမင်းကြော်စားနေရင်း သတိုးတေဇ နွားနို့သောက်နေသည့် ပန်းယွန်းကို မေးလိုက်တော့ မအူမလည်မျက်နှာလေးဖြင့် သူ့အား မော့ကြည့်လာရာ သူက ထပ်မေးလိုက်၏။
" ပန်းချီကို စိတ်ဝင်စားလား... "
" ဟုတ်ကဲ့ "
" ဒါဆို ဆွဲပါလား သမီးရဲ့၊ ပါပါး ပန်းချီဆေးပစ္စည်းတွေ လိုအပ်တာတွေ ဝယ်ပေးမယ်လေ "
" ဆရာ,မပြ နည်းမကျတဲ့၊ ကိုယ့်ဘာသာဆို ဒီအတိုင်း စုတ်တံကိုင်ပြီး ဟိုခြစ်ဒီခြစ်ဖြစ်နေမှာပေါ့ ကိုရဲ့ "
" ကိုယ်ပြောတာက သမီးသာ စိတ်ဝင်တစားရှိရင် ကိုယ်ကိုယ်တိုင် ပန်းချီသင်တန်းအပ်ပေးမှာပေါ့ မိန်းမရယ်... "
" ယွန်း စိတ်ဝင်စားပါတယ်ပါပါး၊ ဒီအတိုင်းနေရင်လည်း အိမ်မှာ ပျင်းနေမှာ... "
" ကဲ ဒါဆို စားပြီးတာနဲ့ တို့သုံးယောက် ပန်းချီသင်ထောက်ကူပစ္စည်းတွေ သွားဝယ်ရင်း လျှောက်လည်ကြမယ် "
" ယေး ယေး... ဟုတ်သား ဒိီနေ့က ရုံးပိတ်ရက်ပဲ၊ ယွန်းဝပြီ let's go ... "
မိသားစုအတူတူ အပြင်သွားရမယ်ဆို ဘယ်ဖြစ်ဖြစ် တက်ကြွနေတဲ့ သမီးလေးကို ကြည့်ရင်း သူတို့နှစ်ယောက် ကြည်နူးကာ အချစ်တွေ ပုံအောထားမိသည်။ သူတို့အသက်ရှင်ရတဲ့အကြောင်းအရင်းသည် သမီးလေးကြောင့်ဟု ဆိုရမည်အထိပင်။
°°°°°°°°°°°°
" ဒီအရုပ်လေးလိုချင်တယ် မေမေ၊ ဒီပုံရောပဲ၊ အကျီလေး လှလိုက်တာ၊ ဖိနပ်လေးကို ကြည့်ပါဦး "
Ocean မှာ လှည့်ပတ်ကြည့်ရင်း မျက်စိအစာကျွေး၍ မလုံလောက်တော့တာမို့ ပန်းယွန်းသည် လက်ညှိုးလေးတစ်ချောင်းကို အရပ်ရှစ်မျက်နှာလှည့်ထိုးရင်း ပူဆာလာပါတော့သည်။ တစ်နေရာအရောက် သူမစိတ်ကို အလွန်ဆွဲဆောင်သွားသောအရာတစ်ခုကို တွေ့လိုက်ရ၏။ ဖန်ပုလင်းတစ်ခုထဲမှာ မင်းသားနဲ့မင်းသမီး အတူတွဲကနေသော အရုပ်လေးပင်။ သော့လေးတစ်ချောင်းကို သော့ခလောက်ထဲထိုးထည့်၍ လှည့်ဖွင့်လိုက်သောအခါ သံပတ်ပေးထားသော အရုပ်လေးက မျက်စိရှေ့တွင် ကနေလေရဲ့။ အလွန်ပင် စိတ်ဝင်စားမိသွားတော့သည်။
" မေမေ ဒါလေးလိုချင်တယ်၊ ယွန်းကို ဝယ်ပေးပါလားဟင် နော်လို့ "
" သမီးလိုချင်တာတွေက အများကြီးပဲ၊ အဲ့အများကြီးထဲက အကြိုက်ဆုံးတစ်ခုရွေး၊ မေမေ အဲ့တစ်ခုပဲဝယ်ပေးမယ် "
" ဟင်! ဘာလို့လဲ၊ မေမေ ဝယ်ပေးနိုင်ရဲ့သားနဲ့ "
ငိုမဲ့မဲ့လေး ဖြစ်လာသော သမီးလေးရဲ့ခေါင်းကို ပွတ်ပေးလျက် ပန်းလိပ်ပြာ အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်ပါ၏။
" မေမေတို့က ဝယ်နိုင်တာဟုတ်တယ်၊ တချို့ မပြည့်စုံတဲ့သူတွေဆို တစ်ခုဝယ်ဖို့တောင် သူတို့ခမျာ မစားရက် မသောက်ရက် ခြစ်ကုတ်စုပြီး ဝယ်ရတာ သမီးရဲ့၊ အဲဒါကြောင့် ရွေးချယ်စရာများနေရင် မလိုအပ်တာတွေ၊ အသုံးမတည့်တဲ့ပစ္စည်းတွေကိုဖယ်ပြီး ကိုယ်အကြိုက်ဆုံး အလိုအပ်ဆုံးတစ်ခုပဲ ရွေးရတယ်၊ ပိုက်ဆံရှိရှိ မရှိရှိပေါ့ နားလည်လား သမီးလေး... "
" ဟုတ် ကဲ့ "
သေချာရှင်းပြရင် နားလည်သော ကလေးကိုပိုင်ဆိုင်ထားလို့ သူမ ကံကောင်းသည်ဟု ဆိုရပေမည်။ သမီးလေးက ပုံဆွဲစာအုပ်သာ ဝယ်ခိုင်းသဖြင့် သူမ ပြုံးလိုက်မိရင်း...
" သမီးလေးက မေမေ့စကားနားထောင်တော့ မေမေက ဆုချရမှာပေါ့၊ ကြိုက်တာတစ်ခုထပ်ရွေး မေမေလက်ဆောင်ဝယ်ပေးမယ် "
" တစ်ကယ်နော် မေမေ "
" တကယ် "
ပြုံးရွှင်သွားကာ ပန်းယွန်းတေဇသည် တစ်နေရာသို့ အပြေးအလွှား ဦးတည်သွားပါတော့သည်။
" ဟိုလေ... ယွန်းက ပန်းချီသင်တန်းကို တစ်ယောက်ထဲ တက်ရမှာလားဟင် "
" သမီးက ဘယ်သူနဲ့တက်ချင်လို့လဲ "
" ကိုကိုနဲ့အတူတက်ချင်တာ "
" သမီးကိုကိုက ကျောင်းဖွင့်ရင် ၉ တန်းတက်ရမှာလေ၊ သမီးနဲ့ သားမြတ်သောမောင်က ၅တန်းတက်ရမှာဆိုတော့ သူတက်ချင်ရင် သူနဲ့တူတူတက်ပါလား သမီးရဲ့ "
ထိုအခါ အလိုလို နှုတ်ခမ်းကမဲ့သွားရင်း...
" သူက ပေါင်းလို့သင်းလို့ကောင်းတဲ့သူ မဟုတ်ဘူး မေမေရဲ့ သိလား... "
" တစ်ဖက်သားကို ဒီလိုချိုးချိုးဖဲ့ဖဲ့ မပြောရဘူးလေ သမီး "
" တကယ်ပြောတာ... ယွန်းပြောတာ နားထောင်ကြည့်၊ သူကလေ ကျောင်းမှာဆို ယွန်းရဲ့ပစ္စည်းတွေ ယူယူသုံးပြီး ပြန်မပေးတဲ့အပြင် ဖျောက်ပစ်သေးတာ သိပ်ဗရုတ်ကျတယ် အရမ်းစိတ်တိုဖို့ကောင်းတာပဲ၊ ပြီးတော့ မျက်နှာလည်းပြောင်တယ် ကျောင်းသူတွေကို လိုက်စသေးတာ၊ သိလား... သူနဲ့မဖြစ်ပါဘူး မေမေရာ... "
ချစ်စဖွယ် ခိုညည်းသလိုလေး ညည်းတွားနေသော အချစ်တော်သမီးကြောင့် သတိုးတေဇ ပြုံးမိရသည်။ မှာထားတဲ့ စတော်ဘယ်ရီအအေးကို ပါးစပ်တစ်ပြည့် ငုံငုံသောက်နေပုံက ပါးလေးဖောင်း၍ ဆွဲဖျစ်ညစ်ချင်စရာပင်။ ပန်းလိပ်ပြာကတော့ သမီးရဲ့ ခံယူချက်အမှားကို ပြင်ရမည်ဆိုသော အသိဖြင့် ဆုံးမစကားဆိုလာ၏။
" တစ်ဖက်သက်ပြောလို့ ဘယ်ရမလဲ၊ လူတစ်ယောက်မှာ ကောင်းတဲ့စရိုက်ရှိသလို မကောင်းတဲ့စရိုက်လည်း ဒွန်တွဲရှိတတ်စမြဲပဲ၊ သူက သမီးပြောသလို ပျော်ပျော်နေတတ်ပေမယ့် စာတော်တယ်လေ၊ အတန်းထဲမှာဆို အမြဲ သမီးနဲ့အတူ ပူးတွဲပထမရနေကြ မဟုတ်ရင် ဒုတိယပဲ၊ ရမ်းကားဆိုးသွမ်းနေတာလည်း မဟုတ်ပါဘူးကွယ် မေမေ အကဲခတ်ကြည့်ရသလောက်၊ အဲဒါကြောင့် လူတစ်ဖက်သားကို ကိုယ်ဘက်က အမြဲမကြည့်နဲ့ သူဘက်ကလည်း ကြည့်ပေးရတယ် ကြားလား၊ နောက်ဒီလို မပြောနဲ့ မေမေမကြိုက်ဘူး ဟုတ်လား..."
" ဟုတ်ကဲ့ပါ "
" ကဲ ပြီးရင် ကစားကွင်းသွားမယ်ဟေ့၊ အပြင်ထွက်ရတုန်းလေး ပါပါးသမီးကို နေရာစုံလိုက်ပို့ပေးမယ်ကွာ "
ထိုအခါမှ စူချင်နေသည့် နှုတ်ခမ်းက အထဲသို့ ပြန်ဝင်သွားလေရဲ့။ စိတ်ထဲမှာ ကိုကိုသာအတူပါလာခဲ့ရင် ကောင်းမှာပဲဟု တမ်းတနေစဥ် ကစားကွင်းကို ရောက်သွားတော့ သတိရစိတ်ကို ခဏသိမ်းထားလိုက်ရလေသည်။ ရေလွှာလျောစီးတဲ့အခါ ရေတွေကြားထဲ ပျော်လွန်းလို့ ပါးစပ်တောင်မစိနိုင်ခဲ့။ နှစ်ခေါက်တောင်စီးခဲ့သည်။ တိုက်ကားစီးတော့လည်း ကိုယ်တိုင်မမောင်းရလို့ ပါပါးကို ဂျီကျရသေး။ သရဲအိမ်ထဲဝင်တော့ လက်ထဲက အအေးဘူးတွေ မှောက်ကျ၊ အာတာပူစီတစ်ခုလုံး ဘယ်ရောက်သွားမှန်းမသိ၊ အပြင်ရောက်သည်အထိ ပါပါးနဲ့ မေမေ့လက်ကို တအားဆုပ်ကိုင်ထားလျက်။
အိမ်ပြန်ရောက်တော့ ပင်ပန်းပြီး ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့ ပန်းယွန်း တုန်းခနဲ အိပ်ပျော်သွားတော့သည်။
°°°°°°°°°°°°°°°°°°°
" အန်တီမြတ်... ကိုကိုရှိလားဟင် "
" ကျူရှင်သွားတယ်သမီးလေး... တော်ကြာပြန်လာတော့မှာပါ၊ အတော်ပဲ မုန့်တီသုပ်စားသွား လာ သမီးလေး... "
" ဟုတ်ကဲ့ "
အန်တီမြတ်နဲ့အတူ လိုက်သွားပေမယ့် စိတ်ကတော့ အိမ်ပြန်လာတော့မည်ဖြစ်သည့် ကိုကို့ဆီမှာ။ ပြီးတော့ ဖင်တကြွကြွဖြင့်။ ပြင်ဆင်ပြီး ရှေ့မှာလာချပေးသော ငါးဖယ်ဖက်လေးတွေ အတိုင်းသားမြင်နေရသည့် မုန့်တီသုပ်ကိုမြင်တော့ သွားရည်ယိုစိမ့်လာသည်။ ဟင်းရည်ကလည်း ငါးနံ့နဲ့ ငရုတ်ကောင်းရနံ့တွေ သင်းသင်းမွှေးနေ၏။
အခုမှ ပူပူလောလော အိုးပေါ်မှ ချထားသည်ထင်ရဲ့။ အငွေ့လေးတွေတောင် မြင်ရသည်။
စားချင်သောက်ချင်စိတ်က တားမရဆီးမရ ဝင်လာလေတော့ အားနာရမည့်သူလည်း မဟုတ်သဖြင့် ဇွန်းကောက်ကိုင်၍ ပန်းယွန်းတေဇသည် စတင်လွေးပါတော့သည်။ အစပ်လည်း အနေတော်ပင်။ အချဥ်လည်းမစူး။ စားနေရင်း မျက်လွှာပင့်ကြည့်ကာ အန်တီမြတ်ကိုလည်း လက်မထောင်ပြလိုက်သေးသည်။
ထိုအချိန် အရှေ့မှ စက်ဘီးဘရိတ်ညှစ်သံကြားရသဖြင့် မြိုချနေသည့် မုန့်ဟင်းခါးဖက်တောင် လည်ချောင်းမှာတစ်ဆို့သွားသလိုပင်။ ချက်ချင်း အပြင်သို့ ပြေးထွက်သွားလေတော့ တွေ့လိုက်ရသူက မျှော်လင့်ရသူမဟုတ်ပါ။
" အဲဒါ မျက်နှာက ဘာဖြစ်တာလဲ "
ချက်ချင်း ရုပ်တည်ဖြစ်သွားသော ပန်းယွန်းကို ခပ်မာမာ မေးလိုက်သူက မြတ်သောမောင်။ နောက်ကနေ ဝင်လာသူက တိမ်ယံခ ဖြစ်သည်။
" ကိုကို... အိတ်ပေး "
စက်ဘီးဒေါက်ထောက်နေသော ကိုကို့ဆီက လွယ်အိတ်တောင်းယူ၍ ကိုကို့လက်ကိုချိတ်၍ အိမ်ထဲဝင်လာခဲ့၏။
" သားတို့ မုန့်တီသုပ်စားမလား မေမေ တစ်ခါတည်း ပြင်လိုက်မယ် "
ထိုင်ခုံတွင် တိမ်ယံခရော မြတ်သောမောင်ပါ ဝင်ထိုင်လိုက်၏။ ကိုကို့ဘေးမှာ မြတ်သောမောင်ထိုင်သဖြင့် သူမ သူ့ဘေးမှာ အောင့်သက်သက် ဝင်ထိုင်ရသည်။
" အန်တီမြတ် ကိုကိုက အစပ်မစားနိုင်ဘူးလေ "
ကိုကို့ပန်းကန်ထဲ ငရုတ်သီးထောင်းထည့်နေသည်အထင်ဖြင့် အန်တိိီမြတ်ကို သူမ အလျင်အမြန် တားလိုက်တော့ မြတ်သောမောင် သူမကို လှမ်းကြည့်တာ သတိထားမိသည်။ အန်တီမြတ်ကလည်း သဲ့သဲ့ပြုံးလျက် နောက်တစ်ပန်းကန်အား မုန့်ဖက်ထည့်နေရင်း...
" ငရုတ်သီးပါတာက သားမောင်အတွက်ပါ သမီးရဲ့၊ သားတိမ်ယံ ငရုတ်သီးမစားတာ အန်တီမြတ်သိတာပေါ့ "
" ဟုတ်လား... အဟီး... "
မြတ်သောမောင်ကို ကျော်၍ ကိုကို့ကို ကြည့်တော့ ကိုကိုက ချိုမြစွာ ပြုံးပြတော့ သူမလည်း နှစ်ခြိုက်ကြည်နူးစွာ ပြုံးမိရ၏။ ထိုစဥ် ဘေးမှာရှိသည့် မြတ်သောမောင်က သူမ မြင်ကွင်းကိုကွယ်၍ အကျင့်ယုတ်စွာ ခါးမတ်ထိုင်လိုက်ရာ ကိုကို့မျက်နှာကို မမြင်ရတော့ချေ။ စိတ်တိုသွားရသည်။ အတော်စိတ်ပုတ်တဲ့သူပဲ။ သူသိသိကြီးနဲ့ လုပ်တာဖြစ်ရမယ်။ သူမလည်း မရမက ကျော်ကြည့်လိုက်သည်။ ကိုကိုက ခပ်အေးအေး မုန့်စားနေ၏။ ကိုကို့ကို ကြည့်ရတာ အေးချမ်းလိုက်တာ...။ စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးရေးရေးတောင် ပေါက်လာပြီ။ လူပျိုလေး ဖြစ်လာသည်ထင်ပါ့။ ဒီလိုဆိုတော့ သူမလည်း မြန်မြန်အရွယ်ရောက်ချင်ပြီ။ ဒါမှ ကိုကိုက သူမကို ကလေးလို မမြင်တော့မှာ မဟုတ်ပါလား...။
" ကိုကို ယွန်းတို့ စက်ဘီးလျှောက်စီးကြမယ်လေ၊ ယွန်း ကိုကို့ကို ပြောပြစရာတွေ အများကြီးရှိတယ်သိလား... "
" အင်း... သွားလေ "
ကိုကို့ရဲ့ စက်ဘီးကယ်ရီရာမှာ သူမထိုင်လိုက်ရတိုင်း ဘဝင်မြင့်သွားတက်ပါသည်။ ပီတီတစ်ခုကို ခံစားရ၏။ သူမတို့ကိုမြင်တိုင်း မမချောချောတွေ ရွယ်တူမိန်းကလေးတွေ ဖြစ်သွားတတ်သည့် မနာလိုမှုတွေ ရောနေသော ဟန်ပန်ကို မြင်ရတာတော့ သူမ မနှစ်မြို့ပါ။ ထိုအခါ ကိုကို့ခါးပေါ်က သူမလက်တွေကို ပိုတင်းတင်းဖက်ပစ်လိုက်သည်။ ဒါကိုသိသည့် ကိုကိုကလည်း ကြိတ်ရယ်သည်ထင်ပါရဲ့။
ကိုကိုက စက်ဘီးနင်းတာ ညင်သာသည်။ စကားပြောလည်းအေး၏။ စာလည်းတော်သည်။ ထို့ကြောင့် သူမလည်း စာတော်အောင်ကြိုးစားခဲ့ပါသည်။
စက်ဘီးတစ်ပတ်စီးပြီး အိမ်ပြန်လိုက်ပို့တော့ သူမတို့ခြံထဲ စကားဝါပန်းပင်အောက် ဒန်းပေါ်မှာ ပန်းယွန်းထိုင်ကာ ကိုကို့ကို ဒန်းလွှဲခိုင်းပါသည်။
" အဆုံးသတ်က ကစားကွင်းမှာ ပျော်ခဲ့တယ်ပေါ့၊ ကိုကို့ကိုကျ သတိမရဘူးမဟုတ်လား... "
" သတိရတာပေါ့ ကိုကိုရဲ့၊ တအားပဲ သိလား "
" မယုံပါဘူးဗျာ "
" ဟာ ကိုကိုကလည်း တကယ်ဆို "
" ကဲ ယုံတယ် ယုံတယ် "
" ဟင် ကိုကို့ဟာကြီးကလည်း... "
" ကလေးမ ဘာကိုပြောချင်တာလဲ "
ကိုကိုက အရှိန်ရနေသော ဒန်းကိုရပ်၍ ခေါင်းလေးလန်မော့ကာ ကြည့်နေသော ပန်းယွန်းမျက်နှာကို ငုံ့မိုးကြည့်ကာ မေးလိုက်ခြင်းပင်။
အို... ရင်ထဲ ပြောမပြတက်အောင်ပါပဲ။ ရင်တွေ ခုန်လိုက်တာလည်း မပြောပါနဲ့၊ ကိုကို့မျက်နှာကို အနီးကပ်မြင်ရသောအခါ ပန်းယွန်း ပါးစပ်အဟောင်းသား ပွင့်သွားလေသည်။ နှလုံးခုန်သံကလည်း မြန်ပါ့။ ဒီနေ့ ကစားကွင်းမှာ ရိုလာကိုစတာ စီးခဲ့ရစဥ် ခံစားရသည့် ခံစားချက်နဲ့ ထပ်တူထပ်မျှပင်။ သည်အရွယ်မှာ ထိုခံစားချက်ကို ခေါင်းစဉ်မတပ်တပ်သေးပါ။ အသက်ရှူသံတွေလည်း မြန်လို့ပါလား။ ထိုအခိုက် ကိုကိုက ဒန်းကို လေထဲ လွှဲလိုက်သောအခါ သူမ နှလုံးသားလေး ပြုတ်ကျမသွားအောင် ထိန်းသိမ်းရတာ အခက်ဆုံးဟု ထင်လိုက်မိပါသေးသည်။
" အ့ ကိုက်တယ် "
ခန္ဓာကိုယ်က တွန့်လိမ်သွားကာ လက်တစ်ဖက်က အကျီကျောနောက် ထိုးထည့်ရင်း ပန်းယွန်း အောင့်သက်သက် နာကျင်စွာ အော်လိုက်မိတော့ တိမ်ယံခလည်း ထိတ်ခနဲ ဖြစ်သွား၍ ဒန်းကိုရပ်လိုက်သည်။
" ဘာဖြစ်တာလဲ ယွန်းလေး... "
" ကိုက်တယ် ခါချဥ်ကောင်နဲ့တူတယ် ကြည့်ပေးပါဦး ကိုကို အ့ "
" အင်း ငြိမ်ငြိမ်နေ "
အကျီကို ခါထုတ်ပေးတော့လည်း သူမက အော်နေဆဲပင်။ ထိုင်နေရာမှ ထရပ်၍ သူမက ခုန်ဆွခုန်ဆွ လုပ်နေပြီး တအောင့်ကြာမှ အော်တာရပ်သွားကာ သက်ပြင်းချသံ ကြားရလေသည်။
" အတော်ဒုက္ခပေးတဲ့အကောင်ပဲ၊ ဟူး... မောလိုက်တာ "
ကျောနောက်ကို လက်ဖြင့်ဖိပွတ်ကာ မအီမသာပုံလေးဖြင့် ပြောနေသော ပန်းယွန်းတေဇကို သူကြည့်ရင်း ပြုံးလိုက်မိသည်။ တကယ့်ကလေးပေပဲ။
ထိုမြင်ကွင်းကို အမှတ်တမဲ့ မြင်လိုက်သော ပန်းလိပ်ပြာသည် ရှေ့ရေးကြိုတွေးမိရင်း သက်ပြင်းချလိုက်ကာ ခေါင်းခါယမ်းလျက် အိမ်ထဲပြန်ဝင်လာခဲ့လေတော့သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၃) ဆက်ရန်>>>
#Ruby Linn