✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
----------------
သူငယ်ချင်းတွေအတူတူအောင်ခဲ့ကြပေမဲ့ မေဂျာတွေမတူကြတော့ အကုန်လုံးနဲ့မတွေ့တော့သလောက်ဖြစ်နေသည်။ မြတ်သောမောင်တစ်ယောက်သာ မေဂျာတူပြီး အတူရှိကြသော်လည်း တရင်းတနှီးရယ်လည်းမဆက်ဆံပါ။ ကင်း ရာထူးကိုရပြီး မိန်းကလေးတစ်သိုက်နဲ့ လူမထပ်အောင် ဆိုင်ကယ်နောက်တင်ခေါ်တတ်သည်။ ယွန်းတော့ သူ့နောက်ကတစ်ခါမှမစီးဖူးခဲ့ပါ။ ပေါ်ပြူလာဖြစ်ရတာကို ယွန်းမကြိုက်။ အားတဲ့အခါ တချောင်ချောင်မှာ စာရေးစာဖတ်နေရရင်ကို ပြည့်စုံနေပြီဖြစ်သည်။ သည်ရောက်မှခင်မင်ရသော သော်တာခင်နဲ့တော့ ယွန်းတတွဲတွဲလုပ်တတ်ပါသေးသည်။ ခပ်ကုပ်ကုပ်စာဂျပိုးလေးလုပ်နေတာကိုပင် ကာလသားတစ်သိုက် လူပျိုလှည့်တတ်၍ စိတ်စနိုးစနောင့်ဖြစ်ရတာလည်းအခါခါ...။ ပါပါးက ကျောင်းတက်စဉ်နေရအောင်ဆိုပြီး အိမ်ဝယ်ပေးထားသည်။ အကူတစ်ယောက်သာထည့်ပေးထားပြီး မေမေကတော့ တစ်လတစ်ခါ နှစ်လတစ်ခါလောက်ရောက်လာတတ်၏။ ပါပါးကိုလည်းစိတ်မချ ယွန်းကိုလည်းပူပန်နေတဲ့မေမေ့ကို သနားသဖြင့် ခဏခဏမလာဖို့နဲ့စိတ်ချာယုံကြည်ပေးဖို့ နားချခဲ့ရသည်။ ဒါလည်းမရပါ။ လတိုင်းမေမေရောက်လာတတ်ပါသည်။
အလုပ်ကိစ္စတွေနဲ့ ဒီမြို့ကိုရောက်ရောက်လာတတ်တဲ့ကိုကိုသည် ယွန်းဆီဘယ်သောအခါမှရောက်မလာ။ မြတ်သောမောင်နဲ့သာတွေ့ပြီး ပြန်သွားတတ်၏။ လာလို့ပင်လာမှန်းမသိတဲ့ယွန်းကို မြတ်သောမောင်က ကိုကိုလာသွားသေးတယ် ဆိုပြီး ပြောပြတဲ့အခါမှသိခွင့်ရတာမျိုးဖြစ်သည်။ ကိုကိုသိပ်စိမ်းတာပဲလို့ အော်ပြောလိုက်ချင်သည်။ ဖုန်းဆက်ရင်လည်း တစ်ခွန်းနှစ်ခွန်းပြောပြီး ခပ်လောလောဖုန်းချသွားတတ်သေး၏။ "ယွန်းကိုရှောင်နေတာများလား " အတွေးရောက်မိပေမဲ့ အဓိပ္ပါယ်လည်းမရှိပါ။ ယွန်းတို့ကြားမပြေမလည်တာ ဘာတစ်ခုမှကိုမရှိခဲ့။ ဖြစ်နိုင်ရင် ကလောကိုပြန်ချင်ပြီ။ ကိုကို့ကိုတစ်ဝကြီးရန်လိုပစ်လိုက်ချင်စိတ်တွေပေါ်ပေါက်နေ၏။
"ယွန်းရင်ထဲမှာ ဟိုးငယ်ငယ်လေးတည်းကနေ ခုထိကိုကိုစိုးမိုးတုန်း " လို့ ရင်ထဲရှိတဲ့အတိုင်းပြောပစ်ချင်သည်။ မြန်မာမလေးဖြစ်ရတာ ကံဆိုးသည်မဟုတ်လား ။ ကိုယ်ကစလို့ ဖွင့်ပြောလို့မဖြစ်နိုင်တဲ့ဘဝပါလေ...။
နေမကောင်းတဲ့အချိန်ဆို မေမေ့ကိုသတိရသလို ဝမ်းနည်းတဲ့အခါတိုင်း ပါပါးကိုတမ်းတမိသည်။ မျက်စိရှေ့အတွဲကလေးတွေမြင်ရတိုင်းတော့ ကိုကို့မျက်နှာကိုပဲပြေးပြေးမြင်မိတော့သည်။ ဤလူသားသုံးဦးကတော့ ယွန်းဘဝမှာအချစ်ဆုံးနဲ့အလိုအပ်ဆုံးသူများပင်ဖြစ်ကြလေသည်။
ခြံတခါးဘဲလ်သံမြည်တော့ ယွန်းရဲ့လွင့်ပျံနေတဲ့စိတ်တွေပြန်စုစည်းသွားသည်။ အိမ်ရှေ့ထွက်ကြည့်တော့ မြတ်သောမောင်ဖြစ်နေသလို လက်ထဲတွင်လည်း အထုပ်တွေနဲ့ ။
"မြန်မြန်လာဖွင့် ... ငါသွားစရာရှိတယ် ၊ ရော့ရော့ မေမေပေးလိုက်တာ ဘာတွေလည်းတော့မသိဘူး "
"ဟင် နင်အိမ်ပြန်သွားသေးတာလား "
"မဟုတ်ဘူး မနေ့ကကိုကိုရောက်လာတာ ... အဲ့ဒါပေးခိုင်းလို့ "
ယွန်းမျက်နှာအိုကျသွားသည်။ စိတ်ထဲလည်းမကောင်းတော့ဘဲ မျက်ရည်ကအိချင်သွား၏။ ကိုကို ယွန်းဆီမလာပြန်ဘူးမဟုတ်လား ။ စောစောကမှလွမ်းတဲ့အကြောင်းတွေးနေခဲ့သေးတာ အခုဒီစကားကြားတော့ ခံစားချက်ကမြိုသိပ်လို့မရချင်တော့။ သို့သော် မြတ်သောမောင်မမြင်အောင် ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး ဟန်လုပ်ပြုံးကာ
"အေးပါ ... နင်ဘယ်သွားမလို့လဲငမောင် ၊ အမြဲလမ်းမှာပဲတွေ့တယ်နော် တွေ့တိုင်းလည်းလူကထပ်မသွားဘူး "
"ဘာလဲ ... သဝန်တိုလို့လား ၊ နင်သိဖို့ကသူတို့နဲ့ငါ ဘာမှမဆိုင်ဘူး ... ချစ်သူလည်းမဟုတ်ရည်းစားမဟုတ်ဘူး ၊ ဒီတော့ ဘာမှစိတ်မပူနဲ့...ငါသွားပြီ"
"ကောင်စုတ် ... စိတ်ပူတယ်ပဲဖြစ်ရသေးတယ် ဝေးသေး ဝေးတာမှဆယ်ကမ္ဘာလောက်ဝေးတယ်ဟေ့ "
လည်ချောင်းကလေးထောင်အောင်ပြောနေပေမဲ့ မြတ်သောမောင်ကတော့ ဆိုင်ကယ်ကိုဝူးခနဲလီဗာဆွဲပြီး လှည့်မကြည့်ဘဲလက်ပြကာ မောင်းထွက်သွားလေတော့သည်။ ဒေါသစိတ်ကလေးနဲ့ ခုန်ဆွခုန်ဆွဖြစ်နေတဲ့ယွန်းကသာ ကျန်ရစ်ခဲ့လျက် ။
အိတ်ထဲတွင် ဆွယ်တာတွေ မုန့်တွေအစုံပါနေသည်။ အားလုံး ယွန်းအကြိုက်တွေချည်းသာမို့ ကိုကိုပဲပေးတာလား အတွေးဝင်ကြည်နူးရသေးသည်။ သို့သော် မောင်လာပို့တုန်းကပြောသွားတာက မေမေလိုက်ခိုင်းလို့ တဲ့ ။ ဘာပဲဖြစ်ဖြစ် ပျော်ပါသည်။ သမီးကလေးလိုချစ်ပေးတဲ့အန်တီမြတ်ကြောင့်ပေါ့။
°°°°°°°°
စာမေးပွဲပြီးတော့ ပါပါးကိုယ်တိုင်လာခေါ်သည်။ ယွန်းစိတ်တိုင်းကျအကုန်ဖြည့်ဆည်းပေးသောပါပါးဆီက ကိုကို့ကိုဝယ်ပေးပါလို့ပူဆာရင်ကောင်းမလားတွေးမိသည်။ ထိုအခါ ကိုယ့်ဘာသာသဘောတကျထရယ်မိတာ ခိုးခိုးခစ်ခစ်မြည်လို့ ။ ပါပါးကတော့ ဘာမှမသိရှာ။သာမန်တွေးမိတာဖြစ်ပြီး အတည်လည်းတောင်းဆိုမှာမဟုတ်။ ပန်းယွန်းတေဇဆိုတဲ့သူမက ကလေးလိုအမူအရာတွေနဲ့ပေမဲ့ မိန်းမမာနကလေးတော့ရှိ၏။ သိုသိပ်သင့်သည်များကိုသိုသိုသိပ်သိပ်နဲ့နေဖို့ပဲရှိပါသည်။ အခုတော့ ကိုကိုနဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့ ရင်ခုန်သံတွေမြန်နေခဲ့သည်။ ပထမဆုံးဝတ္ထုတိုလေး မဂ္ဂဇင်းမှာပါလာတာ မြင်တုန်းကတောင် ဒီလောက်ရင်မခုန်ခဲ့ရပါ။
"မြတ်သောကတော့ အိမ်ရောက်နေပြီထင်တယ်... မနေ့ညနေကတည်းက ဆိုင်ကယ်မောင်းပြီးပြန်ချသွားတယ်ပြောတယ် .... ပါပါးက ဘေဘီ့ကိုစိတ်မချလို့ လိုက်မလာခိုင်းဘဲ လာကြိုတာ ၊ မြတ်သောကအမောင်းကျွမ်းကျင်ပေမဲ့ ပါပါးသမီးကိုလုံးဝစိတ်မချလို့"
"ကောင်းတာပေါ့ ယွန်းကိုပါပါးကိုအရမ်းလွမ်းနေတာ ၊ မေမေကမှလတိုင်းလိုလိုရောက်လာသေးတယ် ... ပါပါးကဒီသမီးလေးကိုပစ်ထားပြီးတော့ "
ဖအေကိုချွဲနေတဲ့ယွန်းကို ချစ်မဝတဲ့မျက်နှာလေးနဲ့အံကိုစေ့ပြုံပြီး ယွန်းခေါင်းကိုလှမ်းပုတ်နေပါသည်။ ကားမောင်းနေတဲ့ပါပါးရဲ့ပါးလေးကိုလှမ်းနမ်းပြီး လက်မောင်းမှာပါးတစ်ဖက်ကပ်ထားရင်း လိုက်ပါခဲ့၏။ ပါပါးကတော့ မေးဖျားလေးကိုလှမ်းလှမ်းစိတ်ပြီး ယွန်းကိုကြည်စယ်နေပါသည်။
"အလုပ်တွေတကယ်မအားလို့ပါဘေဘီလေးရယ် ... ပါပါးနေ့မအားညမနားရှာနေတာ ဟော့ဒ်ီကဘေဘီလေးအတွက်ဗျ"
"ဟိ ... ယွန်းသိပ်ကောင်းကံတာပဲနော်ပါပါး"
ခေါင်းညိတ်ပြပြီး ယွန်းခေါင်းလေးကိုပွတ်သပ်ပစ်နေသည်။ ဦးသတိုးတေဇ ရဲ့သမီး လို့ သိတဲ့သူတိုင်းဆီက အလေးပေးဆက်ဆံခြင်းကိုရမြဲရ၏။ ပါပါးရဲ့ဂုဏ်သတင်းသည် ပါပါးခြေချရာနေရာတိုင်း၌ ထင်ကျန်တတ်မြဲ။ ဂုဏ်သတင်းမွှေးမြဲဖြစ်လေသည်။ ကလောမြို့ရဲ့ဂုဏ်ဆောင် လူချမ်းသာများထဲကမှ ခွဲထွက်ထင်ပေါ်သူဖြစ်သည်။ လူရည်ပိုင်းကြောင့်ရော လုပ်ငန်းပိုင်းတွေကြောင့်ပါ ပါပါးကိုမသိသူနည်းပါး၏။ အခုချိန်ထိ အရွယ်တင်နုပျိုနေဆဲပါပါးကို မျက်စိကျတတ်တဲ့အမျိုးသမီးများလည်းရှိသည်။ ပါပါးကတော့ တစ်လောကလုံးမှာ ပန်းလိပ်ပြာဆိုတဲ့မိန်းကလေးကိုသာ မိန်းမအဖြစ်သက်မှတ်သူဖြစ်သည်။ ကာမေသုကံ ဆိုတာကိုမေမေတားမြစ်စရာမလိုဘဲ ပါပါးရှောင်ကျဉ်သော ကံတစ်မျိုးသာဖြစ်လေသည်။
ကားပေါ်တွင်အိပ်လာရင်းက နိုးလာတော့ အိမ်ရောက်နေပေပြီ။ အကူအဖြစ်အတူရှိခဲ့တဲ့ဒေါ်ချစ်ကိုတော့ လမ်းတွင်ချထားပေးခဲ့ပြီဖြစ်၏။ ကျောင်းပြန်ဖွင့်မှသာ ယွန်းနဲ့အတူ ပြန်လိုက်ရမှာပဲမို့ အခုမိသားစုဆီပြန်တာပဲဖြစ်သည်။
"သမီးလေးရောက်ပြီ "
ပျာပျာသလဲယွန်းအနားမပြေးရုံတမယ်ရောက်လာတဲ့မေမေ့ကိုပွေ့ဖက်ပြီး အလွမ်းသယ်နေမိတော့သည်။ ပြီးမှ သားအမိသားအဖသုံးယောက် အိမ်ထဲအတူဝင်လာခဲ့ကြ၏။
"သမီးအန်ကယ်ရဲ့နှစ်ပတ်လည်ပွဲရှိနေလို့သာ မေမေလိုက်မလာနိုင်တာ ... ၊ ကြည့်ပါဦး မျက်နှာကနီစပ်စပ်နဲ့ ဖျားများနေသလားသမီး "
မေမေက ယွန်းနှဖူး ပါး နဲ့ လည်ပင်းနေရာတွေကို လက်ခုံနဲ့ကပ်၍စမ်းပြီး စိတ်ပူပန်စွာမေးလေသည်။ ယွန်း ခေါင်းခါပြပြီး မဟုတ်ကြောင်းပြောလိုက်၏။ ဒါကိုပင် အနွေးထည်တွေထပ်ဝတ်ပေးနေသည်။
"မင်းဟိုဘက်အိမ်သွားပြီးပြီိလားမိန်းမ "
"မနက်ကတော့ အစောကြီးထသွားလိုက်သေးတယ် .... သမီးပြန်လာမှာဆိုတော့ ပြန်လာလိုက်တာ ၊ ကိုလည်းလိုက်ဦးမယ်မဟုတ်လား သွားကြမယ်လေခု "
"ကောင်းသားပဲ ... မသွားလို့ဘယ်ကောင်းမလဲ နော်ဘေဘီ ထ ဒီအတိုင်းနဲ့သာလိုက်ခဲ့တော့ "
"ဟုတ်ပါပါး "
ယွန်းတို့ကားနဲ့ပဲ တစ်ဖက်အိမ်ကူးလိုက်သည်။ ဧည့်သည်တွေအတော်စဲသွားချိန် ရောက်သွားတာမို့ လူသိပ်မရှိတော့။ မြတ်သောမောင် ခုံခင်းတွေကိုသိမ်းဆည်းနေတာမြင်ရသည်။ အပြာရောင်လည်ကတုံးလက်ရှည်လေးနဲ့ ယောပုဆိုးကိုဝတ်ဆင်ထားလို့ မြတ်သောမောင်ကိုမြင်ရတာဆန်းနေသည်။ ဆံပင်လှိုင်းတွန့်ကလေးများကို သေသေသပ်သပ်ဖြီးလိမ်းထားပြီး ဣန္ဒြေရရရှိနေပုံကိုတော့ ယွန်းသဘောတကျဖြစ်မိသည်။ ဒါမျိုးလေးနဲ့သာအမြဲဆို ဘယ်လောက်ကောင်းမလဲ ။ မျက်စိအေးတာအမှန်။
"ဟော ... သမီးတောင်ပြန်ရောက်ပြီ ... လာလာ လာကြ ... ၊ သားကြီးရေ ဒီမှာ သားဦးလေးတို့ရောက်နေကြပြီ မုန့်ပွဲတွေပြင်ယူခဲ့ပါဦး "
ကိုကိုကနောက်ဖေးမှာထင်သည်။ အန်တီမြတ်လှမ်းပြောလိုက်ပေမဲ့ မကြားမှာလည်းသိတဲ့အတွက် လာဝိုင်းကူနေတဲ့ကောင်မလေးကိုသွားပြောခိုင်းနေသည်။ ယွန်းမျက်လုံးတွေက မသိမသာရှာဖွေနေမိ၏။ ကိုကိုအဘယ်ပုံရှိနေမလဲလေ ...။
"ယွန်းယွန်း နင်နေမကောင်းဘူးလား "
ဆိုးဆိုးဆတ်ဆတ်နဲ့ နှဖူးကိုစမ်းလိုက်တဲ့မြတ်သောကြောင့် ယွန်းရှောင်ချိန်မရလိုက် ။ အန်တီမြတ်ကလည်း စိုးရိမ်ကာ ပါးလေးကိုတစ်ဖက်ကစမ်းသည်။
"နည်းနည်းနွေးသလားလို့ ... နွေရောက်နေပေမဲ မိုးကကြုံသလိုရွာနေတာရယ် ၊ ဘာဖြစ်လို့ဖြစ်မှန်းကိုမသိတော့ပါဘူး ရာသီဥတုတွေက အရင်လိုနေလို့မကောင်းတော့ဘူး ... ခေါင်းမူးနေတာကွယ် လိပ်ပြာကလည်းဘာလို့ခေါ်လာတာလဲ သမီးလေးကိုနားခိုင်းတာမဟုတ်လား "
"ယွန်းဘာမှမဖြစ်ပါဘူးအန်တီမြတ်ရယ် ... မနက်ကအစောကြီးထပြီးရေချိုးလိုက်တော့ ဖိန်းတိမ်းရှိန်းတိမ်းဖြစ်သွားတာပါ "
ယွန်းအနားဝိုင်းအုံနေကြစဉ် ကိုကိုသည် ဗန်းတစ်ခုထဲ မုန့်ပန်းကန်တွေကိုသယ်လျက်ရောက်လာ၏။ ကိုကိုကတော့ အဖြူရောင်လည်ကတုံးနဲ့ဖြစ်ပြီး ယောပုဆိုးအညိုလေးနဲ့တွဲဝတ်ထားလေသည်။ ပါးပြင်မှာလည်း ပါးကွက်ပါးပါးလေးတွေကိုမြင်လိုက်ရသည်။ ရင်ထဲအေးသွားသလိုလို နွေးသွားသလိုလိုနဲ့ တစ်မျိုးလေးခံစားသွားရလေ၏။
ရွှေတောင်ခေါက်ဆွဲသုံးပွဲကို နေရာချပေးပြီး ဗန်းကိုပိုက်ကာ အထဲပြန်ဝင်သွားသည်။ ယွန်း အံကလေးကြိတ်ပြီး စိတ်မကောင်းဖြစ်သွားတာကို တင်းခံထားမိ၏။ စိမ်းကားနေတာ စိမ်းကားနေတာ... ၊ ကြည်နူးတဲ့စိတ်လေးတောင် လှစ်ခနဲပျောက်သွားရသည်အထိပါပဲ ...။
°°°°°°°°°°°°°
"ဘယ်လိုမေမေ မောင်နဲ့ယွန်းကို ဟုတ်လား "
"အင်းလေ ... သမီးတစ်ယောက်တည်းကျောင်းသွားနေတာကို မေမေတို့လုံးဝစိတ်မချဘူး၊ မချေငံတဲ့သူမျိုးတွေနဲ့ တွေ့သွားမှာ မေမေတို့အမြဲတွေးပြီးစိတ်ပူနေရတာ ၊ ဒီတစ်ခါကျောင်းပြန်မသွားခင် စေ့စပ်ပေးထားမလားလို့ "
"ဟို ... ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ..."
"အဟင်း သမီးကအံ့သြသွားတယ်ထင်တယ် ... ဒီလို သားမြတ်သောက သမီးလေးကို တောင်းပေးပါဆိုလို့ မြတ်က မေမေတို့မှာလာတောင်းသွားတာ သမီးကိုကိုတောင်ပါသေးတယ် သမီးနဲ့သူ့ညီကိုသဘောတူတဲ့အကြောင်း ယွန်းလေးက သူ့ရဲ့တကယ့်ညီမလေးဖြစ်တော့မှာမို့ ပျော်တယ်ဆိုတဲ့အကြောင်းတွေတောင်ပြောသွားသေးတယ် "
"ဟင် "
ပါးစပ်အဟောင်းသားနဲ့ ယွန်းမျက်နှာသည် လငမုတ်ဖမ်းသကဲ့သို့ မှောင်မှောင်မဲကျသွား၏။ ဝမ်းခေါင်းထဲမှလှိုက်လှိုက်တက်လာသောအပူလုံးကို ရှိုက်၍ငင်၍မျိုသိပ်ရင်း မေမေ့ရှေ့မှာမို့ ဟီးတိုက်ငိုချခြင်းကို မပြုရဲ။ မေမေကတော့ ဘယ်လိုတွေးထင်တယ်မသိ ။ ယွန်းအရွယ်ရောက်ပြီဆိုတဲ့အကြောင်း ၊ မြတ်သောလေးနဲ့လိုက်ဖက်တဲ့အကြောင်း ၊ စေ့စပ်ထားပေမဲ့ လက်ထပ်ဖို့မလောသေးတဲ့အကြောင်းတွေကို ချော့မော့သံလေးနဲ့ပြောနေခဲ့သည်။ ယွန်း ခေါင်းကိုငိုက်စိုက်ကျတဲ့အထိငုံ့ကာ မေမေပြောသမျှကို ခေါင်းညိတ်နေလိုက်တော့၏။
"မင်းသဘောနဲ့လက်ခံတာလားလိပ်ပြာ ... သမီးကိုမေးသလား "
"မေးစရာလိုလားကိုရယ် ... သူတို့သံယောဇဉ်ရှိကြပါတယ် ၊ ကိုလည်းသမီးကိုစိတ်မချဘူးမို့လား ကိုဘယ်လောက်ပဲ သမီးကိုကြည့်ဖို့လူတွေလွှတ်ထားထား မဟုတ်မဟပ်တဲ့ကောင်ကကြံချင်ရင် အလစ်မှာကြံစည်လို့ရတယ် ... ဒီအရွယ်ဟာစိတ်ကစားတဲ့အရွယ်ကို ၊ ဘာကိုမှတွေးတောတတ်တာမဟုတ်ဘူး ချစ်ကြိုက်မိရင် ခက်ကုန်မယ် ... လိပ်ပြာပြောတာနားလည်လား "
"နားလည်တယ် ... ဒါပေမဲ့ ဘေဘီစိတ်ထဲမှာရှိတာက "
"ဘာလဲ ကိုကတိမ်ယံနဲ့ဖြစ်စေချင်တာလား ... လိပ်ပြာကတော့ မြတ်သောလေးကိုပဲသဘောကျတယ် ၊ သွက်သွက်လက်လက်နဲ့ထက်ထက်မြတ်မြတ်ကလေး ပြီးတော့သမီးနဲ့လည်းရွယ်တူ ...၊ တိမ်ယံက မိသားစုကိုဦးဆောင်နေရတဲ့ကလေး တည်တည်ကြည်ကြည်နဲ့ပေမဲ့ အရှုပ်အရှင်းတွေလည်းရှိခဲ့ဖူးတယ် သမီးထက်လည်းကြီးနေတယ်ကို ... "
"အဲ့ဒါမကောင်းဘူးလား ဘေဘီ့ကိုထိန်းကျောင်းပေးနိုင်..."
"အို ... ထိန်းကျောင်းပေးမဲ့သူကို လိပ်ပြာသမီးကမလိုပါဘူး ၊ အကြီးဆိုတာ အခြေအတင်ဖြစ်ရင်တောင် ပြန်ပြောလို့မကောင်းဘူးကို ... လိပ်ပြာစိတ်ထဲ ရှေ့သွားနောက်လိုက်ကိုမညီဘူး မြတ်သောနဲ့ကမှ ဒိုးတူဘောင်ဘက်ရှိမယ် ပြီးတော့ ကို့ရဲ့အလုပ်တွေကို သူပဲဦးစီးနိုင်မှာ တိမ်ယံက သူ့အမေလက်ထဲကခွဲထွက်မှာမဟုတ်ဘူး ....
နောက်ပြီး ကိုသိဖို့က သမီးကိုလာတောင်းခိုင်းတာ သားမြတ်သောဆိုတာပဲ "
" ကိုတို့တုန်းကလည်း ကိုယ်ကြိုက်တာကိုယ်ယူခဲ့ကြတာနော်လိပ်ပြာ ... အသက်အရွယ်တွေကအရေးမကြီးဘူး ... အဓိကက ကို့သမီးစိတ်ချမ်းသာဖို့ပဲ ၊ သမီးသာလက်ခံမယ်ဆို အငယ်ဖြစ်ဖြစ် အကြီးဖြစ်ဖြစ် ကိုကလက်ခံမှာပဲ "
ညအိပ်ချိန် လင်မယားနှစ်ယောက်တိုင်ပင်ဆွေးနွေးကြစဉ် သတိုးက ခုတင်စပ်ထိုင်နေရာက ထထွက်သွားသည်။ သမီးအတွက်ပဲ သူမလည်းလုပ်နေတာမဟုတ်ဘူးလား ။ တိမ်ယံနဲ့သူ့ချစ်သူအကြောင်းတွေကို စုံစမ်းကြည့်ခဲ့ပြီးသား ။ သေကောင်းပေါင်းလဲချစ်ခဲ့တဲ့အကြောင်း ... တစ်ဖက်က အတည်တကျမဟုတ်ဘဲ ဟိုလိုလိုဒီလိုလိုလုပ်နေတာကိုပင် တွယ်ကပ်နေတဲ့အကြောင်း။ နောက်ဆုံး ဟိုဘက်မိန်းကလေးကဖျက်လိုက်လို့ အသည်းကွဲပြီး အရက်တွေသောက်ခဲ့တဲ့အကြောင်းတွေ ကြားခဲ့သိခဲ့ရသည်။
သမီးကိုတော့ အဖြည့်ခံသဘောမျိုးဖြစ်သွားမှာ လိပ်ပြာကြောက်သည်။ လက်ထပ်ဖို့အထိရည်ရွယ်ချစ်ခဲ့တဲ့တိမ်ယံခအချစ်က ပျက်ပြယ်သွားပြီလို့ပြောရင်တောင် လိပ်ပြာမရုံ ။ သမီးကို ညီမလေးလိုချစ်ခဲ့တာ လိပ်ပြာအသိပါပဲ ။ သမီးလေးဘက်က ပုံစံပြောင်းနေတာလည်း လိပ်ပြာသိသည်။ အခုကတည်းက ခွဲခြားနေရာချပေးထားလိုက်ရင် သမီးလေးလည်း တိမ်ယံခကိုအမြင်ပြောင်းသွားနိုင်သည်။ တိမ်ယံခလည်း သမီးလေးကိုသူ့မိခင်နဲ့အတူ လာတောင်းပေးပြီးကတည်းက မတွေ့တော့ဘူးဆိုတာ လိပ်ပြာသိ၏။ လိုချင်တာလည်း ဒါပဲဖြစ်သည်။
သမီးလေး အစားထိုးခံမဖြစ်ဖို့ရယ်ပါ။ သည်အရွယ်စိတ်ကစားတတ်လို့ မေ့ပျောက်သွားမယ်လို့ယုံကြည်ရင်း ....။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၂၀) ဆက်ရန် >>>
#Ruby Linn