book

Index 18

အပိုင်း(၁၈)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


-------------------


"တကယ်နော်မေမေ ကျိန်းသေတယ်နော် "


"တယ် ... ဒီကလေးနှယ် မအေကိုမယုံသင်္ကာနဲ့"


"ဟိ မေမေကလည်း ... ယွန်းကဝမ်းသာလွန်းလို့ပါ ၊ ဒါဆို ယွန်းစာရေးဆရာမတကယ်ဖြစ်တော့မှာပေါ့နော် "


ကိုးတန်းနှစ်ကတည်းက ရေးဖို့လုပ်ထားတဲ့ဝတ္ထုတိုလေးကို ဆယ်တန်းစာမေးပွဲဖြေပြီးတော့မှအဆုံးသတ်နိုင်ခဲ့သည်။ ဒါကို မေမေ့ကိုတခုတ်တရပြကြည့်တော့ မဂ္ဂဇင်းတိုက်ကိုပို့ပေးမယ်လို့ပြော၏။ စာမူလေးက ရှုထောင့်ဆန်းကတင်ပြထားပြီး စာဖတ်သူစိတ်ကိုအဆုံးထိခေါ်သွားပေနိုင်သည်တဲ့။ ပန်းကလေးတစ်ပွင့်ရဲ့နေရာကနေ ခံစားရေးသားထားတဲ့ ပန်းယွန်းရဲ့ဝတ္ထုတိုလေးကို မေမေနှစ်သက်သည်ဟုဆိုပါသည်။ 


"ဘယ်လိုများစိတ်ကူးပြီးရေးလိုက်သလဲ မေမေဖြင့် သမီးစိတ်ကူးလေးကိုသဘောကျလိုက်တာ"


"ယွန်း ဆရာမသန်းမြင့်အောင်ရဲ့ "ရင် ရင်ခုန်သံ" ဝတ္ထုတိုလေးကိုဖတ်ပြီး စိတ်ကူးရတာနဲ့ရေးဖြစ်တာမေမေရဲ့ ...၊ ပန်းကလေးတစ်ပွင့်ပွင့်လာရင် တွေ့တဲ့သူကခူးချင်တာနဲ့ မထိတရိစိပ်သွားရတာနဲ့ ... ဘယ်အချိန် သက်တမ်းမစေ့ဘဲ မြေခသွားမလဲ စိုးထိတ်တဲ့စိတ်တွေနဲ့ ရှင်သန်နေရတဲ့ပန်းကလေးတစ်ပွင့်ကိုယ်စား ခံစားရေးလိုက်တာ "


ပီတိဖြာဝမ်းမြောက်နေတဲ့အသံလေးနဲ့ ပြောပြနေသည်ကို ပန်းလိပ်ပြာ ခေါင်းတညိတ်ညိတ်နဲ့ပြုံး၍ နားထောင်နေသည်။ ခေါင်းကလေးကိုပွတ်သပ်ပြီး ကြည်နူးဆွတ်ပျံ့တဲ့ မျက်ဝန်းလက်လက်ကလေးတို့နဲ့ သမီးလေးကို ချစ်မဝဟန်အပြည့်ရှိနေ၏။ သူမမွေးထားတဲ့ သမီးလေး ကောင်းမွန်ပြည့်ဝစွာကြီးပြင်းလာခဲ့မှုအပေါ် ကျေနပ်မဆုံးဖြစ်နေလေသည်။ 


"မေမေ ... ယွန်း ဟိုဘက်အိမ်ခဏသွားဦးမယ်နော် "


"ချက်ချင်းဘာဖြစ် ... ရော် ဒီကောင်မလေးကတော့  ၊ ပြောပြီး လှစ်ခနဲပဲ ထွက်သွားတာ "


မေးချိန်တောင်မရလိုက်တဲ့ ပန်းယွန်းကို ပန်းလိပ်ပြာ ခေါင်းလေးသွဲ့စွာခါရင်းက ကျန်ရစ်လေတော့သည်။ 


ကိုကိုတို့မိသားစုတွေ ခြံထဲဝိုင်းဖွဲ့လက်ဆုံကြနေတုန်း ပန်းယွန်းရောက်သွားခဲ့သည်။ အန်တီမြတ် လည်ပင်းကိုနောက်ကနေသိုင်းဖက်ပြီး တိမ်ယံခနဲ့မြတ်သောမောင်ကို တစ်လှည့်စီကြည့်ကာ လည်ဆံကလေးဆန့်ပြီး ဂုဏ်ဖော်ဟန်အပြည့်နဲ့... 


"ယွန်း စာရေးဆရာမဖြစ်တော့မယ်သိလား ... မေမေက ယွန်းရေးတဲ့ဝတ္ထုတိုလေးကို မဂ္ဂဇင်းတိုက်ကိုပို့ပေးမယ်တဲ့ ...အဟိ "


"တကယ်လားသမီး ... သမီးအမေက စာပေအမြင်ရှိတယ် ၊ သူကမဂ္ဂဇင်းတိုက်ပို့ပေးမယ်ဆိုတော့ သမီးလေးရေးတာကောင်းနေလို့ပဲဖြစ်ရမယ် "


"အမယ် ဒါဆိုဘယ်ဆိုးလို့လဲ ... နင့်ဦးနှောက်ကဂျပိုးကိုက်မနေဘူးပဲ "


မြတ်သောမောင် ကျောက်ခက်သုပ်ကို တစ်သုပ်သွပ်ရင်း မျက်စပစ်ကာ မျက်နှာတည်နဲ့စလိုက်သည်။ အောက်နှုတ်လေးကိုကိုက်ပြီး လက်သီးဆုပ်လေးလုပ်ပြနေတဲ့ပန်းယွန်းကြောင့် အားလုံးသဘောတကျရယ်ကုန်ကြ၏။


"ယွန်းလေးကတော်လိုက်တာ ... နောက်များဆို ကိုကိုတို့ ယွန်းလက်ရာတွေဖတ်ရတော့မှာပေါ့ ၊ နေဦး မပြန်နဲ့ဦး ကိုကို့အတွက်လက်မှတ်ထိုးပေးဦး အမှတ်တရလက်မှတ်လေးကို ကိုကိုဦးဆုံးရချင်လို့ "


"ဟာ ... ကိုကိုကလည်း "


"ရှက်သွားပြီ ရှက်သွားပြီ ... ရှက်မနေနဲ့ နင်နဲ့ကိုမလိုက်တာ "


" မြတ်သောမောင် "


နာမည်ကိုတစ်လုံးချင်းဆီ ဆောင့်ခေါ်တော့ နှုတ်ခမ်းလေးမဲ့ပြသည်။ အန်တီိမြတ်က မစဖို့ လှမ်းပုတ်သတိပေးနေ၏။ ကိုကိုကတော့ ပြုံးလို့ ...


"ကိုကို နောက်တစ်ပတ် အောင်စာရင်းထွက်ပြ်ီနော် ... ယွန်းသွားရင် ကိုကိုလိုက်ပို့ပေးရမှာ "


"ငါနဲ့သွားမယ်လေ ... အတူကြည့်ရမဲ့ကိစ္စကို ကိုကို့ကိုသွားရှုပ်ပြန်ပြီ "


"နင့်ကိုငါမပြောဘူးနော် ဝင်ဝင်မပါနဲ့ ... နင်သွားကြည့်ချင်ရင် နင့်ဘာသာကြည့်ပေါ့ ၊ ငါနဲ့လာမရောနဲ့ "


"ကဲကဲ ဒီကလေးနှစ်ယောက် စရင်းနောက်ရင်းစိတ်ဆိုးစိတ်ကောက်ကြဦးမယ် ... ထိုင်ပါဦးသမီးရယ် ငါ့သမီးတောင်အပျိုကြီးဖြစ်လို့ ၊ တက္ကသိုလ်တက်ရင်တော့ ရင်ပူစရာပဲ ... စိတ်မချလိုက်တာနော် "


အန်တီမြတ်က စိတ်မချကြောင်းပြောတာကို မြတ်သောမောင်က ဟက်ခနဲထရယ်ပြီး လှောင်ပြောင်နေသည်။ ကိုကို့ကိုကြည့်တော့ အဓိပ္ပာယ်ဖွင့်မရတဲ့ မျက်ဝန်းတွေနဲ့ မင်သေသေလေးကြည့်နေ၏။ ဒါကိုပင် ပန်းယွန်းနေစရာမရှိဖြစ်သွားပြီး လူကောင်ကသေးသွားသလိုလို အကြီးကြီးဖြစ်သွားသလိုလို ။ 


"ကိုကိုကလည်း စိတ်မချဘူးများလား "


အတွေးနဲ့တင် သိမ့်ခနဲဖြစ်သွားရလေသည်။ ပေါ်တင်ကြည့်လည်းဖြစ်ပါလျက်နဲ့ ယွန်း ကိုကို့ကိုခိုးကြည့်နေမိပါ၏။


°°°°°°°°°°


ဆိုင်ကယ်ပေါ်ကဆင်းဆင်းချင်း ပါပါးရေ မေမေရေ ဆိုပြီး အော်ခေါ်ပြီး ပြေးလာတဲ့ယွန်းကြောင့် လူကြီးတွေအားလုံးထိတ်ထိတ်ပျာပျာဖြစ်သွားကြလေသည်။

အောင်စာရင်းထွက်မဲ့ညမို့ ဦးသတိုးတေဇတို့မိသားစု ဒေါ်မြတ်လေးဟန်အိမ်တွင် လာရောက်နေကြတာဖြစ်၏။ တိမ်ယံ မြတ်သောနဲ့ ယွန်း တို့ သုံးယောက် အတူအောင်စာရင်းသွားကြည့်နေတုန်း လူကြ်ီးတွေစကားဖောင်ဖွဲ့ကျန်ခဲ့တာဖြစ်သည်။


"ဟင့် သွားပါပြီပါပါးရယ် ... ယွန်းဆေးကျောင်းမတက်နိုင်တော့ဘူး ဟီးဟီး ... "


ဖခင်ပေါင်ပေါ်မျက်နှာအပ်ပြီး ဟီးတိုက်ငိုချလိုက်တော့ ဦးသတိုးလည်းမျက်နှာပျက် ဒေါ်ပန်းလိပ်ပြာလည်း စိတ်မကောင်းဘဲမျက်ရည်ဝဲရလေသည်။ ဆေးကျောင်းတက်ဖို့ကိုပဲ ယွန်းကစိတ်ထဲထားခဲ့တာမဟုတ်လား ။


"နှစ်ယောက်လုံး ဂုဏ်ထူးလေးဘာသာစီပါတယ်မေမေ "


တိမ်ယံ က ယွန်းအတွက်စိတ်မကောင်းဖြစ်နေတဲ့မိခင်ကို ပြောပြပြီး ယွန်းနံဘေး မုဆိုးဒူးထောက်ထိုင်ချသည်။ မြတ်သောမောင်က မိခင်ဘေးဝင်ထိုင်ပြီး သူအောင်မြင်ပြီဆိုတဲ့အကြောင်း အပြုံးတွေမျက်နှာထားတွေနဲ့ဖော်ပြနေသည်။ သားနှဖူးကိုလှမ်းနမ်းပြီး ဒေါ်မြတ်လေးဟန် မျက်ရည်ပေါက်ခနဲကျသည်။ သားတို့အဖေရှိရင် သိပ်ကောင်းမှာပဲလို့လည်း တလွမ်းတဆွေးတမိ၏။


"တိတ်ပါယွန်းလေးရယ် ... လေးဘာသာကြီးတောင်ပါတာပဲ ကျန်တဲ့နှစ်ဘာသာကလည်း ဂုဏ်ထူးမှတ်နဲ့သိပ်မကွာလောက်ပါဘူးကွာ ...၊ အမှတ်စာရင်းထွက်မှာ အတိအကျသိမှာပေါ့ နော် "


ယွန်းရဲ့တုန်လှုပ်နေသောကျောပြင်လေးကိုပွတ်သပ်ပြီး နှစ်သိမ့်မိသည်။ ယွန်းက ငိုလို့ကောင်းဆဲ။ လေးဘာသာနဲ့ ဆေးကျောင်းတက်ဖို့ရာနီးစပ်ဖို့ခက်ကြောင်း သိနေပုံရသည်။  လမ်းမှာလည်းတစ်လမ်းလုံး သူ့ခါးကိုတင်းတင်းဖက်ပြီး ငိုလာလိုက်တာ သူ့ကျောတစ်ပြင်လုံးလည်း စိုရွှဲလို့ ။ နှစ်သိမ့်တဲ့စကားလည်း ကုန်သလောက်ဖြစ်သွားတဲ့အထိပါပဲ ။ 


"တိတ်ပါဘေဘီရယ် ... ဘေဘီကြိုးစားထားတာ ပါပါးသိတယ် ၊ ကိုယ်စိုက်ပျိုးသလောက်ပဲ ကိုယ်ရတယ်ဆိုပေမဲ့ တစ်ခါတလေ ခြေချော်လက်ချော်ဆိုတာလည်းရှိတယ်... ဆယ်တန်းကပိုဆိုးတာပေါ့ ၊တိတ်ပါဘေဘီရယ် ဘေဘီငိုတော့ ပါပါးလည်းငိုချင်လာပြီ "


ငိုသံစွတ်သွားတော့ ယွန်းမော့ကြည့်မိသည်။ ပါပါးမျက်ဝန်းမှာမျက်ရည်ကြည်တွေတွေ့တော့ ငိုနေမိတာကိုနောင်တရသည်။ ပါပါးပေါင်ပေါ်ပြောင်းထိုင်ပြီး လည်ပင်းကိုသိုင်းဖက်ရင်း... 


"ပါပါးမငိုနဲ့နော် ယွန်းလည်းမငိုတော့ဘူး ... မေမေလည်းမငိုပါနဲ့ ၊ ယွန်းက ဆေးကျောင်းတက်ဖို့ကံမပါတာဖြစ်ပါလိမ့်မယ် ...ပြန်ရအောင်နော် ယွန်းအိပ်ချင်ပြီ "


"ဟုတ်သားပဲ ... ညနက်လှပြီ ...မမြတ် ကျွန်တော်တို့ပြန်တော့မယ် ၊ သားတို့ရော သားမောင်အတွက် ဦးဝမ်းသာတယ်ကွာ ကွန်ဂရက်ကျူလေးရှင်း ... မနက်တော့ သားအကြိုက် လက်ဆောင်ပို့ပေးမယ် ဟုတ်လား ... ၊ အခုတော့ ဘေဘီအိပ်ချင်နေလို့ ပြန်တော့မယ်ကွာ "


"ဟုတ်ကဲ့ဦး"


အားလုံးကိုနှုတ်ဆက်ပြီး မိသားစုတစ်တွေထရပ်လိုက်ကြသည်။ ယွန်းက ငိုထားလို့ဖောင်းအစ်နေတဲ့ မျက်လုံးလေးကိုပွတ်ပြီး တာ့တာ လုပ်ပြသည်။ ပြီးနောက် ဖခင်လက်မောင်းကိုမှီတွဲပြီး... 


"ပါပါး ယွန်းကိုကျောပိုး ... ပါပါးကျောပေါ်မှာအိပ်ပြီးလိုက်ချင်တယ် "


"ဘေဘီလေးသဘော ... လာ "


ဘောင်းဘီကိုအပေါ်မပြီး ထိုင်ချလိုက်သည်။ ယွန်းကျောပေါ်ရောက်သည်မှာ လက်နှစ်ဖက်ကို နောက်သိုင်း၍ဖက်ထား၏။


" ကဲ မြတ်လေးရေ ... ကားထားခဲ့တော့မယ် ၊ မနက်မှလာယူလိုက်တော့မယ်နော် "


"ရတယ်လိပ်ပြာ ထားခဲ့ထားခဲ့ ... "


ဒေါ်မြတ်လေးဟန်တို့သားအမိတတွေ ခြံရှေ့အထိ လိုက်ပို့လိုက်ကြသည်။ တိမ်ယံ ယွန်းကိုကြည့်တော့ မျက်လုံးမှိတ်ပြီး အိပ်နေသလိုလိုရှိနေ၏။ ယွန်းလေး သည်လောက်အထိ ခံစားသွားရတာကို သူ့ရင်ထဲမချိအောင်ခံစားနေရသည်။ သူမလေးရဲ့စိတ်ကူးယဉ်အိပ်မက်လေး ဖြစ်မလာတာကို ယွန်းနဲ့ထပ်တူပူဆွေးသောကပွေနေရတော့သည်။ 


"ယွန်းလေးသနားပါတယ်ကွယ် ... သူမျှော်လင့်တကြီးရှိခဲ့ရှာတာ ၊ သားကြီးကိုတောင် ကျောင်းပြန်တက်ဖို့ မေမေ့ကိုတိုက်တွန်းခိုင်းနေသေးတာ ...ကိုကိုနဲ့ကျောင်းအတူတက်ချင်တယ်တဲ့လေ ... ဟင်း ... ကဲ လာလာ အိမ်ထဲဝင်စို့ "


မြတ်သောမောင် မိခင်ကိုဖက်ပြီး ဝင်လာပေမဲ့ တိမ်ယံက ခြံထဲသို့သာခေါင်းတငဲ့ငဲ့ကြည့်နေ၏။ ယွန်းလေးကိုစိတ်မချလို့ အတူပင်လိုက်သွားချင်တာ ဘယ်သူမှမသိကြပါ။ 


"သားလေးလိုချင်တာသာပြော ... မေမေဝယ်ပေးမယ် ၊ မေမေ့သားကို ထိုက်ထိုက်တန်တန်ကိုဂုဏ်ပြုမယ် ဟုတ်လား "


"တကယ်နော်မေမေ "


"နှစ်ကယ်ကွာ "


"ဒါမှ တို့မေမေကွ "


မိခင်ပါးကို ဘယ်ပြန်ညာပြန်နမ်းပြီး အပျော်ကြီးပျော်သွားတော့သည်။ တန်ဖိုးကြီးတာတွေပူဆာဖို့ သူ့နှုတ်ကမထွက်ရက်တာအမှန်ပါ။ ဖခင်မရှိတော့တဲ့ကွက်လပ်ဟာ အတော့်ကိုကြီးမားသည်။ မလုံခြံသလိုလို အားကိုးမဲ့သလိုလိုနဲ့ ဖေဖေရှိတုန်းကခံစားချက်မျိုး မရတာကြာခဲ့ပြီဖြစ်သည်။ သည်အိမ်ရဲ့အရိပ်ကို ကိုကိုတင်မဟုတ် သူပါထပ်လောက်းမိုးပေးချင်သည်။ သားမွေးထားတာ ကျား တွေမဖြစ်သွားဖို့ သူဆင်ခြင်နေထိုင်ပြီး မိခင့်အတွက်လက်ရုံးဖြစ်ချင်လှပြီ။ 


°°°°°°°°°


ဟာလေးဒဘယ်ဇင် ၈၈၃ အိုင်းရွန်း ....


အိမ်ရှေ့တွင် နိုးန်ိုးချင်းတွေ့လိုက်ရတဲ့ ဖဲကြိုးပါလက်ဆောင်ဆိုင်ကယ်ကြီးကိုကြည့်ပြီး တံဆိပ်ကို ကိုင်တွယ်ရေရွတ်လိုက်မိသည်။ ပျော်လွန်းလ်ို့ သွားကလည်းအဖြီးသား ...။ ဦးသတိုးတေဇရဲ့လက်ဆောင်ကို အကြိုက်ကြီးကြိုက်သွားရတော့သည်။ သူ အမှန်တကယ်လိုချင်နေတာလည်း ဆိုင်ကယ်ပဲဖြစ်သည်။ သိန်းရာကျော်ဆိုင်ကယ်ကို မေမေ့က်ိုမပူဆာရက်လို့ လိုချင်စိတ်ကိုမြိုချထားခဲ့တာဖြစ်၏။


"ကြိုက်ရဲ့လားသား "


"ဟုတ်ကဲ့ ကျွန်တော့်အကြိုက်ပဲဦးရယ် ... ကွက်တိမှတကယ့်ကွက်တိကြီး "


"အဟား ... ဦးက မင်းတို့ညီအစ်ကိုကို ပစ်ထားတယ်ထင်လို့လား ၊ ကိုဇွဲထက်မရှိတော့တဲ့နောက် မင်းတို့ကိုအမြဲအရိပ်လိုကြည့်နေခဲ့တာ ... ကဲပါ စီးကြည့်ဦး အဆင်ပြေမပြေကို "


မြတ်သော ဆိုင်ကယ်ပေါ်တက်ခွပြီး မောင်းမထွက်သေးဘဲ ဒိုင်ခွက်တွေလက်ကိုင်တွေကိုကြည့်နေသည်။ သူ့လက်ဆောင်ကို သဘောကျသွားလို့ ကျေနပ်ရင်း ခေါင်းတညိတ်ညိတ်ရှိနေ၏။ ဒီကလေးတွေကိုလည်း သမီးလေးနဲ့ထပ်တူချစ်ပါသည်။ အားငယ်နေမဲ့ကလေးတွေကို တစ်ဖက်တစ်လမ်းက ဖေးမချင်သည်။ ကလေးတွေလိမ္မာကြတော့လည်း အတိုင်းထက်အလွန်သာ ။ ကိုဇွဲထက်က သူ့သားအငယ်ကို စိတ်မချတတ်သဖြင့် သူလည်း မြတ်သောကို ပို၍ဂရုစိုက်ဖေးမချင်သည်။ တိမ်ယံကတော့ အထူးပြောစရာမလိုအောင် လိမ္မာရေးခြားရှိတဲ့ကလေးပေတည်း။


"ဟဲ့ သား ... မင်းဆိုင်ကယ်လည်းမစီးတတ်ဘဲ ဆင်းဆင်း"


"စီးပါစေမမြတ်ရယ် ... မြတ်သောက သူ့သူငယ်ချင်းဆိုင်ကယ်တွေမောင်းဖူးနေကြပါ ၊ သူကောင်းကောင်းစီးတတ်ပါတယ် "


ထိုစကားကြောင့် မြတ်လေး အံ့လည်းသြ မျက်လုံးလည်းအပြူးသားပေါ့။ သားဆိုင်ကယ်စီးတတ်ပြီမှန်း မြတ်လေးတကယ်မသိပါ။ ကျောင်းသွားရင်တောင် စက်ဘီးပဲစီးသည်။ ဆိုင်ကယ်နဲ့ဆိုလည်း သူ့အစ်က်ိုနောက်ကသာစီးသွားတတ်၏။ သားအကြောင်းကို ကိုသတိုး သိနေပုံထောက်ရင် သားကိုကြည့်ရှုစောင်မပေးထားလို့ပဲဖြစ်မည်။ နှုတ်က မဖွင့်ဟမိပေမဲ့ စိတ်ထဲကတော့ ကျေးဇူးတင်စကားတွေဆိုနေမိသည်။ သူတို့ဖခင်မရှိတော့လို့ သားတို့အပေါ်အပြည့်အဝမစောင့်ရှောက်နိုင်တော့ဘူးရယ်လို့ ဝမ်းပမ်းတနည်းရှိနေခဲ့တာမဟုတ်လား ။ ကိုသတိုးနဲ့ လိပ်ပြာတို့လင်မယားက ပစ်မထားဘူးဆိုတာသိရတော့ မြတ်လေး အလွန်တရာဝမ်းမြောက်သွားရတော့သည်။ 


အတွေးတွေနဲ့ရှိနေတုန်း သားက မောင်းထွက်သွားချေပြီ။ စီးတတ်တယ်ပြောလင့်ကစား မအေဟာမအေပါပဲ ။ မပူဘဲရှိပါတော့မလား ။ ခဏကြာတော့ ပြန်ရောက်လာသည်။ ထိုအခါမှ သက်ပြင်းမောချလိုက်နိုင်ရဲ့။ 


°°°°°°°°°°°°°°°°


ပန်းချီဆွဲနေတဲ့ယွန်းကို နောက်ကနေ လှမ်းပုတ်လိုက်တော့ တုန်ခနဲဖြစ်သွားသည်။ သူ့ကိုလည်းမြင်ရော မျက်မှောင်လေးကုပ်ပြီး ပုံပြန်ဆွဲနေလေရဲ့ ...။


"နင်  Civil major ယူလိုက်တယ်ဆို ... မေမေလည်း ငါ့က်ိုအဲ့ဒါပဲယူခိုင်းတယ် ၊ ကျောင်းအပ်ဖို့သွားရင် အတူသွားကြမှာတဲ့ ...၊  ကျောင်းလည်းအပ်ရင်း အပန်းပြေခရီးလည်းထွက်ရင်းတဲ့ "


"ကိုကိုရောပါလား "


"အင်း ... နင်ဟာလေ အမြဲတမ်း ကိုကို ကိုကို ဆိုတာချည်းပဲ ၊ ငါလည်းအသက်နဲ့ပါ ငါ့က်ိုလည်းအရေးလုပ်ပါဦး "


ယွန်းနှုတ်ခမ်းလေး မဲ့သွားတာပဲရှိသည်။ ပြန်တော့ဘာမှမပြော။ ရှုခင်းပုံဆွဲနေတာ အတော်ပီပြင်သည်လို့ ပြောလို့ရသည်။ သူလည်း ထိုရှုခင်းကိုမြင်နေရသည်မဟုတ်လား ။ စုပ်တံ၌သာအာရုံထားပြီး အရောင်စုံခြယ်နေတဲ့ယွန်းသည် ပြင်ပအာရုံရှိဟန်မတူ ။ ယင်တစ်ကောင်လာနားတာကိုလည်း သိပုံမရ။ ဒါ့ကြောင့် သူကသာ လက်နဲ့ပုတ်ခါလိုက်ရသည်။


သူမထံကနေ အရေးလုပ်မခံရဘဲ အိမ်ပြန်ရောက်လာတဲ့အခါ ကိုကို့ကိုတွေ့လိုက်ရသည်။ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေပုံရ၏။ ဒီအတ်ိုင်း ဆက်လျှောက်ဝင်သွားဖို့လုပ်ပြီးမှ ကိုကိုရှိရာသို့ ခြေဦးပြောင်းလိုက်သည်။ သူ့က်ိုမြင်တော့ မော့ကြည့်ပြီး ခဏဆိုပြီးအသံမထွက်ဘဲဆိုသည်။ ဖုန်းချသွားတော့...


"ဘာပြောစရာရှိလို့လဲညီ ... ဖုန်းသုံးရတာအဆင်မပြေလို့လား "


"အဲ့ဒါပြေပါတယ် ကိုကို့ကိုမေးစရာရှိလို့"


"ဘယ်လို.. ဆိုပါဦး ဘာမေးမလဲ မေး"


"ပန်းယွန်းတေဇ အကြောင်းပါ ... သူ့က်ို ကိုကိုဘယ်လိုမြင်သလဲ "


ပထမတွေဝေသွားပုံနဲ့ ချက်ချင်းပြန်မဖြေ ။ နောက်တော့မှ တဖြည်းဖြည်းပြုံးလာပြီး ပေါ့ပါးစွာနဲ့ပင်... 


"ကလေးဆိုးလေးပေါ့ ... ခုထိ ကလေးစိတ်မကုန်သေးတဲ့ကလေးပိစိလေး "


"မဟုတ်ဘူးကိုကို ညီမေးတာတခြား ... ကိုကို့စိတ်ထဲ ယွန်းကိုဘယ်လိုသဘောထားသလဲ ဘယ်လိုမြင်လဲ သိချင်တာ "


"ဟင် ... ! အင်း ... ယွန်းလေးကို ညီမလေးတစ်ယောက်လို ချစ်ခဲ့တာပဲ ၊ ဒါပဲလေ ညီမလေးဟာ ညိီမလေးပေါ့ ... ဘယ်လိုမြင်ရဦးမှာလဲ "


"တစ်သက်လုံးအတွက် ညီိမလေး လိုပဲလို့ပြောချင်တာလားကိုကို "


ဒီတစ်ခါ ဆေးမိသွားတဲ့လူလို ငိုင်ငိုင်ကြီးဖြစ်သွားပြီး တော်တော်နဲ့ပြန်မဖြေတော့ပါ။ ထို့ကြောင့် မြတ်သော နားလည်သလိုအဖြေကိုထုတ်ယူလိုက်ပြီး လှည့်ထွက်လာခဲ့တော့သည်။ ထိုအခါမှ ညီ ဆိုပြီး လှမ်းခေါ်၏။ သူပြန်လှည့်မကြည့်လိုက်တော့ပါ။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၁၉) ဆက်ရန် >>>


#Ruby Linn


rate now: