✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
----------------
ကျောင်းတက်ရမဲ့နေ့မှာ ခြေထောက်သက်သာသွား၍တော်သေးသည်။ တဖြည်းဖြည်းနဲ့ နှစ်ကြီးစာမေးပွဲတောင်ဖြေရတော့မှာမဟုတ်လား ။ ကျောင်းမှာပင် လာတတ်သူကနည်းပါးနေသည်။ မေမေ့ကိုတော့ပြောထားသည်။ သည်တစ်ပတ်နောက်ဆုံးကျောင်းတက်မယ်လို့ ...၊ ဒါကို ပါပါးလာမှပြောပြတဲ့ ။ အလုပ်ကိစ္စနဲ့ရန်ကုန်ဆင်းသွားတာမို့ ပန်းယွန်းခြေထောက်နာသွားတာကို ပါပါးမသိ။ သိရင် စိုးရိမ်ပူပန်မှုနဲ့ဆူမှာသေချာသည်။ ပန်းယွန်းကို ဖူးဖူးမှုတ်ချစ်တဲ့ပါပါးသည် ပန်းယွန်းအနာတရဖြစ်မှာကို အစိုးရိမ်ဆုံး အကြောက်ဆုံးဖြစ်သည်။
"အရင်က ဖေဖေအကြောက်ဆုံးက သမီးမေမေ ပါပါးကိုမချစ်မှာကိုပဲ...၊ အခု အကြောက်ဆုံးကတော့ ပါပါးသမီးလေးမျက်ရည်ကျအနာတရဖြစ်မှာကို အကြောက်ဆုံးပဲ " တဲ့ ။ သည်ဖအေသည်မအေရဲ့သမီးအဖြစ် မွေးလာတာကို ပန်းယွန်း ဂုဏ်အယူဆုံးဖြစ်၏။
ကျောင်းသားတွေမရှိကြ၍ ဆရာတွေလည်းအတန်းသိပ်မဝင်။ သင်ချင်တဲ့ဆရာကဝင်သင်ပြီး လေ့ကျင့်ခန်းတွေပြန်လုပ်ပေးသည်။ မသိတာရှင်းရင် ရှင်းပြသည်။ သည်ကနေ့ကျောင်းတက်တဲ့အထဲ နဒီလှိုင်လည်းမလာ မြတ်သောမောင်လည်းမတက်ပါ။ မြတ်သောမောင်ရဲ့ဘာဘာညာညာမိန်းကလေးတတွေကတော့ လာလာမေးနေကြ၏။ မသိဘူး လို့ ဖြေရလွန်းလို့လည်း စိတ်တိုလာပြီ။ ကျူရှင်အပြင် ညပိုင်းစာသင်ဝိုင်းထပ်ခေါ်တာအပြင် အိမ်မှာလည်းအတူ စာလုပ်နေကြသူတွေပေမဲ့ တရင်းတနှီးကိုဘယ်လိုမှမရှိ။ အကောင်းပြောဖို့စကားစရင် သူကဖြတ်သည်။ သူကလေသံပျော့ရင် ကိုယ်ကအသံမာသည်။ ဒါတွေကြောင့် မျက်နှာချင်းသာဆိုင်နေရပေမဲ့ တည့်တယ်လည်းမရှိပါ။
"ငမောင်စုတ် ... ဘာဖြစ်လို့ကျောင်းမလာတာတုန်းဒင်းက "
ပန်းယွန်းလည်းသိချင်သည်။ မနေ့ကတွေ့တာလည်းအကောင်းကြီးပါ။ ဘာဖြစ်လို့လဲမသိ။ ကျောင်းမတက်တော့ဘဲ အိမ်မှာစာလုပ်နေတာပဲဖြစ်နိုင်သည်။ တွေ့မယ် ...ငါ့ကိုတောင်အဖော်မဆွယ်ဘူး ကြိတ်လုပ်တယ်ပေါ့....။
°°°°°°°°°°°
မေမေသုပ်ပေးသောလက်ဖက်ကို အိပ်ချင်ပြေစားရင်း မြတ်သောမောင် သင်ခန်းခြောက်ခန်းပြီးအောင် တစ်ထိုင်တည်းထွက်နေလိုက်သည်။ ပြီးရင် ရူပဗေဒက ဒက်ဖနေးရှင်းတွေကို အကုန်ပြန်နွှေးရဦးမည်။ နှစ်ချက်ခွဲပဲရှိသေးတာမို့ အချိန်ရပါသေးသည်။ လေးနာရီထိုးရင် ကျူရှင်သွားရမည်မဟုတ်လား ။ မေမေကတော့ ကိုကို့လိုအမှတ်ကောင်းပြီး ဆရာဝန်လိုင်းလျှောက်စေချင်သည်။ စိတ်မဝင်စားတာမဟုတ်ပေမဲ့ တက်ရမယ်ဆိုလည်းကိစ္စတော့မရှိပါ။ ကိုကို့နည်းတူ အမှတ်တွေကောင်းကောင်းနဲ့ အောင်ချင်စိတ်ပဲရှိသည်။ ပန်းယွန်း ထက်လည်း မနိမ့်ချင်တာလည်းပါ၏။ ဒါ့ကြောင့် အစွမ်းကုန်စာကြိုးစားနေရတာဖြစ်သည်။ အားကစားတောင် တခဏစွန့်ထားခဲ့သည်အထိပါပဲ ...။
မေမေဆိုတပြုံးပြုံးနဲ့ကျေနပ်ပီတိဖြစ်လို့ ။
"ကိုရေ ရှင့်သားငယ်လေးက သိပ်လိမ္မာတာတော့ " လို့လည်း ငိုသံသဲ့သဲ့နဲ့ တမ်းတပြောနေသေးသည်။ ကိုကို့လို မေေ အားကိုးရတဲ့သား ဖြစ်ကိုဖြစ်ရမယ်လို့လည်း သံန္နိဋ္ဌာန်ကချထားပြီးသားမဟုတ်လား ။
"ဟာ ညီ... စာလုပျနတောလား ၊ ခဏနားပါဦးလား ဟမျ "
အပြင်ကပြန်လာတဲ့ကိုကို သူ့အနားလာထိုင်ပြီး ခေါင်းကိုပုတ်သပ်နေသည်။ ကိုကို့ကိုပြုံး၍မော့ကြည့်ပြီး သင်္ချာစာအုပ်ကိုသိမ်းလိုက်သည်။ ဒက်ဖနေးရှင်းစာအုပ်ကိုရှာလိုက်ပြီးတွေ့တော့ လှန်လှောရင်းက...
"ကိုကို လေးနာရီထိုးရင် ညီ့ကိုကျူရှင်လိုက်ပို့ပေးပါလား ... ညီ့စက်ဘီး,ဘီးပေါက်နေလို့ "
"အေး ရတာပေါ့ကွ ... လိုပါသေးတယ် စာကျက်လိုက်ဦး ကိုကိုအပေါ်ခဏတက်လိုက်ဦးမယ် "
သူခေါင်းညိတ်ပြလိုက်တော့ ကိုကို အပေါ်ထပ်တက်သွားသည်။ မေမေ လို့ အော်ခေါ်နေသံလည်းကြားရသည်။ ဖေဖေရှိစဉ်ကထက် ကိုကို့အပေါ်ပို၍အားကိုးမိ၏။ ကျောင်းနားလိုက်တဲ့အထိ မိသားစုအပေါ် ကိုကို့ရဲ့စွန့်လွှတ်မှုက လေးစားလောက်သည်။ ထို့ကြောင့် အစ်ကိုဆိုတာထက်ပိုပြီိးချစ်သည်။
ကိုကို့ဆိုင်ကယ်နောက်က ပါလာတဲ့သူ့ကို ပန်းယွန်း မျက်ခုံးတွေတွန့်ကွေးသည်အထိ မျက်မှောင်ကုပ်ပြီးကြည့်နေသည်။ နှုတ်ခမ်းတို့ကလည်းစူလုံးနေ၏။ မြတ်သောမောင် ကိုကို့ကိုနှုတ်ဆက်ပြီး အထဲဝင်လာခဲ့တော့သည်။ ပန်းယွန်းကတော့ မျက်စောင်းထိုးပြီး ကိုကို့ဆီလျှောက်သွားလေသည်။ တစ်ချက်လည်ပြန်ကြည့်လိုက်ပြီးနောက် ထပ်မကြည့်တော့ပါ။
"ဪ ... ကလောမှာတော့ရှိသေးသားပဲနော် "
"အဟွန်း ... ယွန်းလေးကတော့လေ ...ကိုကိုအလုပ်မအားလို့ပါကွ ၊ ပြီးတော့ ကြောက်လို့ "
"ဘာကိုလဲ "
"အဲ့ဒီနေ့က ကိုကိုလိုက်ပို့တော့ ယွန်းလေးမေမေ ကိုကို့ကိုကြည့်တဲ့အကြည့်ကကြောက်စရာကြီးကွ ... သူ့သမီးကိုဒဏ်ရာရအောင်လုပ်တယ်ဆိုပြီးလေ ဒါတောင် ယွန်းလေးဖေဖေမရှိလို့ ... ရှိလို့ကတော့ ကိုကိုအသတ်ခံရမလားပဲ "
"အဟင်းဟင်း ... အဲ့ဒီကိုကိုကလေ ၊ မဟုတ်တာနော် မေမေကတောင်မေးပါသေးတယ် သားတိမ်ယံမလာတာကြာပြီတဲ့ အလုပ်များနေလို့နေမယ်တဲ့ သမီးသွားသွားမရှုပ်နဲ့တဲ့ သိလား "
"ဟုတ်လား ... ကိုကိုက ... အဲ ကျောင်းသားတွေအကုန်ဝင်ကုန်ပြီ သွားတော့လေ "
"ဟုတ်ဟုတ် တာ့တာ "
ပန်းယွန်း နှုတ်ဆက်ပြီးပြေးဝင်သွားလိုက်တော့သည်။ အထဲရောက်မှ ငဲ့ကြည့်တော့ ကိုကိုမောင်းထွက်သွားပြီပဲဖြစ်၏။ စိတ်ထဲတွင်တော့ ကျေနပ်သွားသလိုလို ပျော်သွားသည်။ စာသင်ခန်းထဲက မြတ်သောမောင်ကတော့ စာကိုပဲမဲလို့ ...။ ကြည့်ပါဦး စာကြိုးစားနေလိုက်တာ ...။
"မဖြစ်ဘူး ငါသူ့နောက်ကျလို့မဖြစ်ဘူး "
ထိုင်ခုံတွင် အလျင်အမြန်ဝင်ထိုင်ကာ စာအုပ်ထုတ်လိုက်သည်။ ထိုစဉ် ဆရာဝင်လာသဖြင့် သင်သောစာကိုသာ လိုက်လုပ်ရတော့သည်။ ပြန်တော့လည်း ပန်းယွန်းကိုအိမ်ကလာကြိုသည်။ မြတ်သောမောင်ကိုတော့ ကိုကိုလာကြိုတာမြင်လိုက်ရသည်။ မြတ်သောမောင်နဲ့ နေရာလဲထိုင်ချင်စိတ်တွေကသာ တဖွားဖွားပေါက်နေခဲ့တော့၏။
"ဟာ ပါပါး "
"ဘေဘီလေး "
မေမေနဲ့ ဘာတွေပြောပြီး ခေါင်းချင်းဆိုင်နေမှန်းမသိတဲ့ပါပါးသည် ပန်းယွန်းလှမ်းအော်ခေါ်သည်နှင့် ထရပ်ပြီး ပြေးဖက်သည်ကို ပြန်ဖက်လိုက်လေသည်။ ဆွဲ့မွေ့ပြီး ပါးကိုဘယ်ပြန်ညာပြန်နမ်းကာ အလွမ်းသယ်နေပါ၏။
" ပါပါးပြန်လာမယ်ဆိုတာ မေမေကကြိုမပြောဘူးသိလား ... ယွန်းအတွက်ဘာပါလဲ "
" ဘာပါရမှာလဲ အလုပ်သွားလုပ်တာလေ အလည်အပတ်သွားတာမှမဟုတ်ဘဲ ... ကလေးကျနေတာပဲ ခုထိ မိဘခရီးကပြန်လာရင် ဘာပါလဲ က မမေးမဖြစ် "
ပါပါးကိုဖက်ထားရာက နှုတ်ခမ်းလေးစူထော်ပြီး "တွေ့လားပြောနေတယ်" ဆိုတဲ့သဘောမျိုးနဲ့ ဖခင်ကိုတိုင်တန်းလိုက်သည်။ ထိုအခါ တဟားဟားနဲ့ စိတ်လွတ်ကိုယ်လွတ်ထရယ်လေသည်။ အကျယ်ကြီးလည်းမဟုတ်ပါ။ ပန်းယွန်းပါးလေးနှစ်ဖက်ကို မနာအောင်ဖွဖွဆွဲပြီး...
" မိန်းမကလည်းကွာ ... ကိုယ်တို့အတွက် သမီးလေးက ထာဝရကလေးပဲ ... မဟုတ်ဘူးလား "
"ဟုတ်တယ်ပါပါး ဟုတ်တယ် ... မေမေသိအောင်ပြောလိုက်ပါ ၊ နို့မို့ဆို မငယ်တော့ဘူးဆိုတာနဲ့ ဆူချင်နေတာပါပါးရဲ့ ... "
"ကြည့်စမ်း ဖအေကိုပြန်တိုင်တယ်ပေါ့ ဒီကလေး "
မေမေလှမ်းရိုက်တော့ ပါပါးကကာပေးသည်။ ကာပေးတဲ့ပါပါးကို မေမေကရိုက်နေပြန်သည်။ ဒါကို သွားကြီးဖြီးပြီး မေမေ့ကိုခေါင်းချင်းတိုးဝှေ့ကြည်စားနေသေး၏။ မေမေက ပန်းယွန်းရှိနေတယ်ဆိုတာကို မသိမသာမျက်စကဲပြသည်။ ဒါ့ကြောင့် ရယ်ကျဲကျဲနဲ့ပါပါးအရှိန်သတ်သွားပြီး ပန်းယွန်းဘက်လှည့်လာသည်။
" ဘေဘီ့အတွက်ဆိုပြီး ပန်းချီဆွဲဖို့ပစ္စည်းအစုံ ဝယ်လာပေးတယ် အကုန်ဘရန်းတွေချည်းပဲနော် စုပ်တံတစ်ချောင်းတောင် တစ်သိန်းပေးရတယ်ခင်ဗျာ "
"ဟယ် တကယ် ... ဘယ်မှာလဲ ကြည့်မယ်ကြည့်မယ် "
"ဆယ်တန်းတက်နေတာကို ဘာတွေဝယ်လာပေးတာလဲကိုရယ် ... မဟုတ်တာတွေ "
"အာ မေမေကလည်း ... ဖြေဖို့နည်းနည်းပဲလိုတော့တာပါ ၊ အခုလည်း မဆွဲပါဘူး သိမ်းထားမှာပေါ့ နော်ပါပါး "
"ဒါပေါ့ကွ ... လာ လိုက်ကြည့် "
ပန်းယွန်းလက်ကိုဆွဲပြီး လက်ဆောင်ကိုလိုက်ပြသည်။ များတာမှအများကြီးပါပဲ။ စမ်းပြီးဆွဲကြည့်တော့ ဆေးရောင်တွေက တောက်ပြီးဆွဲလို့ကောင်းသည်။ မစေးပျစ် ။စုပ်တံကလည်း ကိုင်လို့သုံးလို့ကောင်းလိုက်တာ ... ခုတောင် ပန်းချီကားတစ်ချပ်လောက် အပြီးဆွဲလိုက်ချင်သည်။ သမီးရဲ့ဝါသနာကို ပျိုးထောင်ပေးနေတဲ့ပါပါးရဲ့မေတ္တာတွေကို ပိုပိုနားလည်ပိုပိုချစ်နေရသည်။ ပါပါးက ပုံဆွဲဆို မေမေက စာပေ ။ ဆယ်တန်းဖြေပြီးတာနဲ့ သူမ လုပ်ချင်တာတွေမှအများကြီးတန်းကိုစီလို့ ...။ ဘယ်ကစလုပ်ရမလဲ ခုကတည်းက တန်းစီတွေးထားမှ ...။
°°°°°°°°
"ဖြေနိုင်လား မောင် "
"မေးစရာတောင်မလိုတဲ့စကားပါ "
ကြည့်စမ်း ။ ဒီကအကောင်းမေးတာကို ဖြေပုံက မြင်ပြင်းကပ်စရာကောင်းသည်။ မောင်က လက်ထဲကမေးခွန်းစာရွက်ကိုခေါက်ပြီး ပုဆိုးကြားညှပ်လိုက်သည်။ စာရေးတဲ့ပစ္စည်းတွေကိုတော့ ပန်းယွန်းလက်ထဲအကုန်အပ်ပြီး...
"နင်ယူသွားလိုက် ... ငါသွားစရာရှိလို့ အပြန်မှဝင်ယူမယ် "
"ဟမ် ဘယ်သွားမှာလဲ ... အိမ်မပြန်တော့ဘူးလား "
"နိုး ... မေမေ့ကိုပြောခဲ့ပြီးသား ၊ ပြန်စရာရှိတာပြန်စမ်းပါ ... အမေးအမြန်းထူလိုက်တာ "
လှမ်းထုလိုက်ပေမဲ့ မမိတော့။ အနားကဖြတ်လျှောက်သွားတဲ့ကောင်မလေးတွေရဲ့ ဖြေနိုင်လား လောကွတ်ချော်တာကိုတော့ ခေါင်းတညိတ်ညိတ်နဲ့ဖြေလို့ ။
မုန်းဖို့ကောင်းလိုက်တာနော် ...။
နဒီလှိုင် နဲ့ တစ်ခန်းထဲဖြေရတာမဟုတ်၍ မဆုံဖြစ်။ ပြန်သွားပြီပဲဖြစ်ရမည်။ စာမေးပွဲကြီးလည်းပြီးပြီဆိုတော့ အရာရာလွတ်လပ်ပြီ ။ အစီအစဉ်တကျဆွဲထားတဲ့အတွေးတွေ အကောင်အထည်ဖော်ဖို့ အိမ်မြန်မြန်ပြန်မှဖြစ်မည်။ ငှက်ကလေးတစ်ကောင်ရဲ့ပုံကို ရေးဆွဲဖို့ အကြိမ်ကြိမ်စိတ်ကူးနေခဲ့တာ အခုတော့ လက်တွေ့လုပ်ရတော့မည်ဖြစ်သည်။
ပါပါးရေမေမေရေ ... ယွန်းတော့ အောဒီပဲဆိုပြီးလည်း ပြန်ကြွားဖို့ အိမ်ကိုပြန်လာခဲ့တော့သည်။ အန်တီမြတ်ကိုလည်း သွားပူဆာရမည်။ ယွန်းနဲ့အတူ ကိုကို့ကို ကျောင်းပြန်ထားဖို့....။
°°°°°°°°°°°°°°°°°
ဒီနေ့ မေမေနဲ့ပန်းယွန်း ပါပါးရဲ့အလုပ်ဆီ သွားလည်ခဲ့ကြသည်။ သားအမိအတူချက်ပြုတ်ထားသော ထမင်းဟင်းများနဲ့အတူ လက်ဆုံလည်းအတူစားသောက်ဖြစ်ကြ၏။
" ဘေဘီစိတ်ပါဝင်စားတာပဲလုပ်... ပါပါးဘာမှမချုပ်ခြယ်ဘူး ၊ အရေးကြီးဆုံးက ပါပါးဘေဘီလေး ပျော်ရွှင်နေဖို့ပဲ "
ထိုစကားကြောင့် ပန်းယွန်းမျက်ရည်ကလေးပင်ဝေ့သီရ၏။ မေမေက ပန်ယွန်းခေါင်းလေးကိုဖွဖွသပ်ပြီး ငုံ့နမ်းနေသည်။ ပါပါးကလည်း နှစ်လိုဖွယ်ချစ်မဝတဲ့အပြုံးနဲ့ကြည့်နေပြန်သည်။
"ဟင့် ပါပါးနဲ့မေမေ့သမီးဖြစ်ရတာ ယွန်းကံအကောင်းဆုံးပဲသိလား "
နဘေးကမေမေ့ပါးကိုရွှတ်ခနဲနမ်းပြီး အလုပ်စားပွဲမှာထိုင်နေတဲ့ပါပါးဆီသွားကာ အနောက်ကသိုင်းဖက်လိုက်သည်။ ပါးကိုဘယ်ပြန်ညာပြန်နမ်းမွှေးလိုက်ပြီး လည်ပင်းကနေ တင်းနေအောင်သိုင်းထားရင်း ကပ်ချွဲနေလိုက်၏။ ပါပါးဆို ပြုံးလို့ရယ်လို့ ...။
"သူဋ္ဌေး ... ကိုတိမ်ယံခ ရောက်နေပါတယ် "
"ဟေ ဟုတ်လား ဝင်လာခိုင်းလိုက် "
အတွင်းရေးမှူးလာပြောပြီး သိပ်မကြာ တိမ်ယံခဝင်ရောက်လာသည်။ ဦးသတိုးတေဇက ပျူပျူငှာငှာနှင့်ကြိုဆိုပြီး နေရာပေးထိုင်စေပါသည်။ ပန်းယွန်းကတော့ ဖခင်အနောက်က တိမ်ယံခကို ငဲ့ကြည့်နေပါ၏။
"ကျွန်တော်ရောက်လာတာစောသွားတယ်ထင်တယ်... အန်တီတို့ရောက်နေတော့ "
"ရတယ်ရတယ်မောင်တိမ်ယံ ... သူစိမ်းတွေမှမဟုတ်ဘဲ ...၊ ကဲ ဘေဘီ ဘေဘီ့ကိုကိုအတွက် ကော်ဖီသွားဖျော်ပေးဦး"
"ဟုတ်ပါပါး "
တိမ်ယံခကိုပြုံးပြနှုတ်ဆက်ပြီး ပန်းယွန်းအပြင်ထွက်သွားသည်။ ပန်းလိပ်ပြာလည်း ခင်ပွန်းကို တစ်ချက်ကြည့်ကာထရပ်သည်။ ပြီးနောက် သမီးဖြစ်သူနောက် စိတ်မချနိုင်စွာ ထလိုက်သွားလိုက်တော့၏။ အခန်းထဲနှစ်ယောက်တည်းကျန်ခဲ့မှ
"ကျွန်တော် အားလည်းနာတယ်ဦးလေး ... ဒါပေမဲ့ ဦးလေးကူညီမှဖြစ်မှာမို့လို့ပါ ၊ တရုတ်ပြည်ဘက်က လုပ်ငန်းရှင်တချို့က ကျွန်တော်တို့နဲ့စာချုပ်ချုပ်ဖို့ကမ်းလှမ်းတယ်ဦးလေး .. ကျွန်တော်တို့ဆီကထုတ်တဲ့ဝိုင်ကို သူတို့ဘက်ကဦးပိုင်ယူမယ်တဲ့ ၊ အဲ့ဒါတွေ ကျွန်တော်သိပ်နားမလည်သေးဘူး ... ပြည်ပကလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ နည်းပေးလမ်းပြ ကျွန်တော့်မှာမရှိဘူး ဒါ့ကြောင့် ..."
"ဦး သိပြီ ... ဒီလိုလုပ် သူတို့နဲ့အဆင်ပြေမဲ့တစ်ရက်လောက်ချိန်းလိုက်လေ ... ဦး လိုက်ပြီးစကားပြောမယ် "
"ဟား ကျေးဇူးတင်ပါတယ်ဦးလေးရာ ... ကျွန်တော်ဒီ့အတွက်နဲ့ခေါင်းပူနေတာဗျ ၊ သူတို့နဲ့သာ စာချုပ်ချုပ်နိုင်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ ... ဒါပေမဲ့လည်း အတွေ့အကြုံမရှိတော့ သူတို့ကမ်းလှမ်းတာကို ဝမ်းသာအားရနဲ့တန်းပြီးလက်မခံရဲဖြစ်နေတာ ... မေမေက ဦးလေးကိုအကူအညီတောင်းကြည့်ဖို့ပြောတာနဲ့ လာခဲ့တာပါ "
"ဟုတ်ပြီဟုတ်ပြီ ... ငါ့တူကအကူအညီတောင်းဖို့အားနာနေတယ်ထင်တယ် ၊ နှစ်အိမ့်တစ်အိမ်လိုနေကြတာကွာ ဘာမှအားတုံ့အားနာမဖြစ်နဲ့ ဟုတ်ပြီလား .. ကိုဇွဲထက် မရှိတော့တဲ့နောက် ဦးကသာစောင့်ရှောက်ရမှာပါ ...ဟော မင်းညီမလာပြီ "
ပန်းယွန်း ကော်ဖီခွက်ကလေးကို တိမ်ယံခရှေ့ချပေးသည်။ အခုမှရင်ထဲကအလုံးကြီးကျသွားပြီဖြစ်တဲ့တိမ်ယံခ ပန်းယွန်းကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်လေသည်။
"ယွန်းလေးက လာလည်နေတာလား "
"ဟုတ် မေမေနဲ့အတူလာတာလေ... ကိုကိုကြာဦးမှာလားဟင် "
"ပြန်တော့မှာယွန်းလေးရဲ့ ... စက်ရုံကိုပြန်ရမယ်လေ "
"ဟုတ်လား ယွန်းလည်းလိုက်ချင်တယ် "
ယွန်းကပြောတော့ တိမ်ယံ ဦးသတိုးတေဇကိုကြည့်လိုက်သည်။ သမီးကိုကလေးသဖွယ်ပဲအမြင်နဲ့ တားမြစ်လိုဟန်လည်းမရှိပါ။ ဒေါ်ပန်းလိပ်ပြာကတော့ လိုက်စေချင်ပုံမပြ။
"လိုက်သွားလိုက်သွား ... အဲ ဖြစ်ရဲ့လားတိမ်ယံ မင်းညီမလိုက်ရှုပ်တော့မှာမင်းကို "
"အဟွန်း ဖြစ်ပါတယ်အန်ကယ် ဟိုမှာ ညီလည်းရောက်နေတယ်လေ .. ယွန်းလေးအဖော်ရှိပါတယ် ၊ ဒါဆို ကျွန်တော်ပြန်တော့မယ် ... ဟိုဘက်ကိုဆက်သွယ်ပြီးရင် ကျွန်တော်လာခေါ်ပါ့မယ်"
"မဟုတ်တာ ... ဖုန်းပဲဆက်လိုက် ဦးလာခဲ့မယ် ဟုတ်လား ၊ ဘေဘီ ဖုန်းယူသွားဦးလေ တွေ့တဲ့နေရာမေ့ပြီးမချခဲ့နဲ့ဦးနော် "
" ဟုတ်ကဲ့ပါ "
အသစ်စက်စက် iPhone 13 pro max ဖုန်းလေးကို ကောက်ယူပြီး တာ့တာလုပ်ပြကာ ကိုကိုနဲ့အတူထွက်လာခဲ့တော့သည်။ ကိုကိုဘာတွေများ အရေးတကြီးရှိလို့ ပါပါးနဲ့လာတွေ့တယ်မသိ။ ဖခင်မရှိတော့တဲ့ ကိုကို့အတွက် ပါပါးအမြဲကူညီဆောင်ရွက်ပေးဖို့ မေမေကတော့အမြဲမှာသည်။ သူငယ်ချင်းမြတ်လေးကိုကူညီချင်သည်ဟုဆို၏။ ပါပါးကတော့ အမြဲဆိုသလိုလို မေမေ့ရဲ့သဘောထားကိုအလေးထားတတ်သူဖြစ်သည်။ အခု ကိုကိုအကူအညီလာတောင်းတာကိုလည်း ပါပါးကူညီမှာပဲ။ ငယ်ငယ်လေးနဲ့လုပ်ငန်းကြီးတွေဦးစီးရတဲ့ကိုကို စိတ်ဖိစီးမှုတော့များမှာသေချာသည်။ ပန်းယွန်း ကိုကို့ရဲ့အမောတွေကိုပြေပျောက်အောင် သိပ်ကူညီချင်တာပဲ ...။
"ဟယ် ဖရဲသီးတွေခွဲနေတယ် "
ဖရဲသီးကိုထက်ခြမ်းခွဲပြီး အသားကိုခြစ်ယူနေကြသောလူတွေအနား ပန်းယွန်းရောက်သွားသည်နှင့် ဖရဲသီးတစ်စိပ်စိပ်ခိုင်းပြီး အားပါးတရကိုက်စားနေသည်။ အခုမှရေငတ်ပြေသွားပုံလေးနဲ့ သူ့အားမော့ကြည့်ပြီး စားမလား ပင် မေးနေသေး၏။ အရည်ရွှမ်းလွန်းသဖြင့် အရည်တွေမှာ လက်ကနေတောင်စီးကျနေသေးသည်။
"လာတော့ ... ဟိုမှာ ညီ ... ညီ့ဆီသွားရအောင် "
ညီ့ဆီဆိုတာနဲ့ ပန်းယွန်းမျက်နှာလေးမသိမသာမဲ့သွားသည်။ မတွေ့ချင်တာ ဘာလို့ ကိုကိုမသိတာပါလိမ့် ။
"ဒီမှာဘယ်သူပါလာလဲကြည့်ဦးညီ ... "
ပန်းယွန်းက ပါပါးဝယ်ပေးထားတဲ့ဖုန်းလေးကို မြတ်သောမောင်မြင်အောင်ပြနေသည်။ သူမြင်သွားတော့ ဟွန့်ခနဲမဲ့သွားတာမြင်လိုက်ရသည်။ ကိုကို သူ့ကို ဖုန်းဝယ်ပေးထားပုံမပေါ်သေး။ ကျေနပ်တယ် ... သူ့ထက်ဖုန်းအရင်ကိုင်ရတာကို ။
"ငကြွားမ နင်ကြွားချင်လို့ ဒီအထိလိုက်လာတာမဟုတ်လား "
"ဒါပေါ့ "
အိတ်ကလေးထဲပြန်ထည့်ပြီး ဝိုင်ပုလင်းဘူးစို့တွေကို ဖင်တပြန်ခေါင်းတပြန်ကြည့်နေသော ကိုကို့အနားသွားရပ်လိုက်သည်။ မောင်ကပါ ရောက်လာပြီး ယူကြည့်တော့ သူမကပါယောင်ယောင်နနလေးနဲ့ကိုင်ကြည့်လိုက်သည်။ ဘာမှန်းတော့မသိ။
မိတ္ထီလာကမှာထားသော ဖော့ဘူးစို့ကလေးများကိုစစ်ဆေးကြည့်ပြီး ကိုကိုကရှေ့ကသွားဖို့ပြင်သည်။ ပန်းယွန်းကပါ လိုက်အသွား ဖိနပ်ကလျောခနဲစလစ်ဖြစ်ပြီး လဲကျသွားမလိုဖြစ်သွားတော့သည်။ ဒါကို မောင်ရော ကိုကိုကပါ ပျာပျာသလဲလှမ်းဆွဲထားကြ၏။ လက်တစ်ယောက်တစ်ဖက် ကိုင်ထားမိကြပြီး ပန်းယွန်းက အလယ်မှာကိုးလို့ကန့်လန့်ကြီး ။ သည်အခြေအနေမှာ ကိုကိုကလက်လွှတ်လိုက်သဖြင့် မောင့်ဘက်ယိမ်းလက်စနဲ့ပိုယိမ်းသွားသည်ကို မောင်ကဆွဲဖက်ပေးထား၏။
"ရလားယွန်းယွန်း "
"အ ... အင်း ရပါတယ် "
"ဖိနပ်ကချောနေလို့ဖြစ်မယ် ... ကိုကို့ကိုတွဲလျှောက် "
မောင့်လက်ထဲက သူမကိုဆွဲယူပြီးခေါ်လိုက်သည်။ မောင်က တောင့်တောင့်ကြီးနဲ့ရပ်ကြည့်နေ၏။ ကိုကို့လက်မောင်းကိုဖက်ပြီးလိုက်ပါလာတဲ့ပန်းယွန်း မောင်နဲ့နည်းနည်းလေးဝေးသည်နှင့်...
"ဘာလို့လူကိုလွှတ်ချလိုက်တာလဲ "
"ဪ နှစ်ယောက်ဆွဲသလိုဖြစ်သွားလို့လေ ယွန်းလေးလက်နာသွားမှာစိုးလို့ လွှတ်ပေးလိုက်တာ "
"ဟွန့် အပြောကောင်းလို့နော် မဟုတ်ရင် ကျေနပ်မယ်မထင်နဲ့ "
တိမ်ယံ တဟင်းဟင်းနဲ့ရယ်ရင်း ပုလင်းတွေဘက်လျှောက်လာခဲ့သည်။ ပန်းယွန်း သူမဖခင်အလုပ်ထဲတော့ ဘယ်လိုနေသလဲမသိ။ သူ့စက်ရုံထဲမှာတော့ အရာရာကိုစိတ်ဝင်တစားလိုက်ကြည့်လို့ ။
" ဪ ညီရေ...မင်းပြန်ရင် ယွန်းလေးကိုခေါ်သွားဦးနော် ၊ မင်းလည်းပြန်တော့လေ မေမေနဲ့အတူနေဦး ဘော်ဒါတွေနဲ့အပြင်ထွက်ပြီးသိပ်မကဲနဲ့ ကြားလားကိုကိုပြောတာ "
လိုက်လျှောက်လာတဲ့ မောင် ခေါင်းညိတ်ပြနေတော့ တိမ်ယံ ပုလင်းထိပ်ကိုလက်ဖဝါးနဲ့ဖိပြီးလေလုံးလားစမ်းသပ်ရင်းက ခေါင်းပြန်ညိတ်ပြလိုက်သည်။
"ယွန်းကပြန်ရတော့မှာလား အခုမှရောက်တာကို "
"မဟုတ်ပါဘူး ညီပြန်မှအတူပြန်ကြလေ ... သြော ရောက်တုန်းလေး စတော်ဘယ်ရီသီးတွေ ခူးပေးလိုက်ဦးညီ ဦးလေးနဲ့အန်တီလည်းစားရတာပေါ့ "
"ဟုတ် ကိုကို ... လာလေ မလိုက်ဘူးလား "
"လိုက်သွားလိုက်ယွန်းလေး ... ကိုကို ကိုလှထွတ်နဲ့အလုပ်လုပ်ဖို့ရှိသေးလို့ နော် "
အင်တင်တင်မျက်နှာနဲ့ ပန်းယွန်းခေါင်းညိတ်လိုက်ရသည်။ အလုပ်ရှိတာပဲလေ ဆိုပြီး ဖြေသာတွေးကာ မောင့်အနောက်လိုက်သွားလိုက်သည်။ ပန်းယွန်း ဘာဖြစ်သွားသလဲ ရိပ်မိတဲ့မောင်ကတော့ မဲ့တဲ့တဲ့လေးပြုံးနေ၏။
" ဘာလဲ ရုပ်ကိုက .. အချိုးမပြေဘူး "
"နင်လေ အချိုးမပြေတာ ... တောင်းသယ်ခဲ့ "
တောင်းလေးကို သူမလက်ထဲထိုးထည့်ပြီး ဦးထုပ်ကိုဆောင်းကာ ရှေ့ကထွက်သည်။ နေပူနေဆဲမို့ ပန်းယွန်းအပြင်သို့မထွက်ချင်။ ခေါင်းပူမှာ အသားလောင်မှာကြောက်လို့ဖြစ်သည်။ ပြန်လှည့်ကြည့်လာတဲ့မောင်က သူ့ဦးထုပ်ဖားဖားကြီးကိုချွတ်ပြီး သူမကိုကိုယ်တိုင်ဆောင်းပေး၏။ ပြီးမှ သူမလက်ကိုဆွဲကာ စတော်ဘယ်ရီခင်းထဲခေါ်သွားပါတော့သည်။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၈) ဆက်ရန် >>>
#Ruby Linn