✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
-----------------
မ ရဲ့ လမ်းခွဲစကားက ရိုးရိုးလေးမဟုတ်ခဲ့။ ပညာတတ်ဘွဲ့ရကိုသာ လက်ခံနိုင်မည်။ သူမ လက်ထပ်မဲ့သူက ငွေကြေးပြည့်စုံတာတစ်ခုတည်းမဖြစ်ရဘူး ။ ပညာရေးမှာလည်းထူးချွန်ထက်မြတ်တဲ့သူမျိုးလည်းဖြစ်ရမယ်တဲ့။ "ခဏသဘောနားထားတာပါမရယ်" လို့ ခခယယပြောခဲ့တာတောင် ပစ်ပစ်ခါခါမဲ့ပစ်လိုက်လေရဲ့။
"အလုပ်ထဲစိတ်ရောက်သွားရင် ပညာရေးမှာနိမ့်ကျသွားမှာပဲတိမ်ယံ ...၊ မင်းက တဆင့်ချင်းတဆင့်မသွားဘဲ ကျော်တက်တာ ... မင်းအမေကလည်းမမိုက်ပါဘူး ကျောင်းသားကိုကျောင်းထုတ်ပစ်ပြီး အလုပ်လုပ်ခိုင်းရတယ်လို့" တဲ့ ...။
မေမေ့ကိုတောင် ဆွဲ၍အပြစ်ဖို့လိုက်သေးသည်။ စတွေ့ကတည်းက ခုထိ(မေမေ့ကိုဆွဲမထည့်ခင်) အထိ မ လို့ အမြတတနိုးခေါ်ခဲ့တဲ့ မိုးထက်ကုဋေ ကို အထင်တကြီးရှိခဲ့သည်။ တစ်ဘဝလုံးစာလိုသတ်မှတ်ပြီိးချစ်ခဲ့မိသည်။ သူမအတွက်ကတော့ သူဟာ ဆရာဝန်လောင်းသူဋ္ဌေးသားလေးဆိုတဲ့ဂုဏ်ပုဒ်ကြောင့်နဲ့ လက်တွဲခဲ့မှန်း ခုမှသိရတော့သည်။ အတော်လည်းအံ့အားသင့်ခဲ့ရသည်။ ဘယ်လိုပင်တောင်းပန်စေတာမူ ဥပေက္ခာပြု၍ ခပ်စိန်းစိန်းနေနေခဲ့လေသည်။
တောင်ကြီးလိုက်သွားတုန်းက မိုးထက်ကုဋေနဲ့ တွေ့ဆုံပြောဆိုခဲ့ကြတာတွေကို ပြန်ပြောင်းသတိရရင်း အံကိုတင်းနေတောင်ကြိတ်ထားမိလျက်သားဖြစ်သွားသည်။ မေးရိုးတွေတောင်ထောင်ထောင်ထလို့ ...၊ အချစ်ကိုအချစ်လို ရိုးရိုးမမြင်တဲ့မိန်းမ ... အပေါ်ယံပကာသနတွေကိုသာမြင်နေတဲ့မိန်းမ ... တစ်သက်မှာတစ်ယောက် တစ်ယောက်မှာတစ်ချစ်ပဲချစ်မယ်လို့ စိတ်ကူးယဉ်မျှော်လင့်ခဲ့သမျှ "မင်းဘွဲ့ရတဲ့အထိ ငါကျောက်ပျဉ်ရွက်ပြီးမစောင့်နိုင်ဘူး " ဆိုတဲ့တစ်ခွန်းနဲ့ ပယ်ချပစ်ခဲ့လေသည်။ ဒါတောင် မုန်းသွားပြီလို့ သူ့နှုတ်ကမထွက်ဖြစ်ခဲ့ပါ။ သို့သော် အတော်တော့လန့်သွားခဲ့ရပြီဖြစ်သည်။
"ကိုတိမ်ယံ ဒီမှာ တဆေးဖာတွေရောက်နေပြီ ...၊ စက်ရုံဂိုထောင်ထဲတစ်ခါတည်းထည့်လိုက်ရမလား ... ကားပေါ်မှာပဲထားဦးမလား "
"ဘာလို့လဲ လူမရှိဘူးလားသယ်ဖို့ "
"ဟုတ်တယ်ဗျ ... အလုပ်သမားတွေ ဖောက်သည်တွေဆီ ပစ္စည်းသွားချနေတယ်လေ ...၊ " တော့ပ်ချိုက်" နဲ့ " ဘူမိနတ်သန်" က ပစ္စည်းမှာတာ ရက်တူသွားလို့ အလုပ်သမားတွေကို ခွဲထည့်ပေးလိုက်ရတယ်"
စက်ရုံတာဝန်ခံကိုလှထွတ် ပြောပြနေတာကို ခေါင်းတဆတ်ဆတ်ညိတ်နားထောင်ရင်း မျက်ခုံးကိုလက်မနဲ့ကုပ်ခြစ်လိုက်သည်။ ဘယ်လိုလုပ်ရင်ကောင်းမလဲတွေးနေတာပါ။ ကားပေါ်တဆေးဖာတွေ သည်အတိုင်းထားလို့မဖြစ်။ ညနေအတော်စောင်းလောက်မှ အလုပ်သမားတွေပြန်ရောက်လာနိုင်မှာမို့လား ...။
"ကဲ ကိုလှထွတ် ... ကျွန်တော့်ကိုပင့်ပေးဗျာ ထမ်းမယ် ...၊ ဖာတွေကိုတော့ ဒီအတိုင်းထားလို့မဖြစ်ဘူး ... များလည်းမှသိပ်မများတာ ရတယ် လာပင့်တင်ပေး"
ကိုလှထွတ် မျက်လုံးပြူးသွားသည်။ လှုပ်လှုပ်ရှားရှားဖြစ်သွားပုံက သူ့ကိုထမ်းစေချင်ပုံမပေါ်တာလည်းသူသိသည်။ သို့သော် အလုပ်သမားမှမရှိတာ သူပဲလုပ်ရမယ်လို့သဘောပိုက်ပြီး ကားတံခါးကိုသွားဖွင့်ပစ်လိုက်သည်။ ကိုလှထွတ်ကတော့ သူ့နောက်ကတကောက်ကောက်လိုက်လို့။
"မဟုတ်သေးပါဘူးဗျာ ... ထားလိုက်ပါ ၊ ဖာတွေဒီလောက်များတာ အဆင်မပြေပါဘူး ၊ ကိုတိမ်ယံစိတ်မချရင် အလုပ်သမားတွေပြန်လာတဲ့အခါ မပြန်ခိုင်းသေးဘဲ ဂိုထောင်ထဲထည့်ခိုင်းလိုက်ပါ့မယ် "
" သူတို့လည်းထမ်းပိုးပြီးပြန်လာတာ ပင်ပန်းလာကြမှာပေါ့ ... ကျွန်တော့်ကိုသာပင့်ပေးစမ်းပါဗျာ ကိုယ့်အလုပ်ကိုယ်လုပ်တာ ဘာဆန်းလဲဗျာ အားမနာနဲ့ လာပင့်ချည်"
ကားပေါ်ခုန်တက်ပြီး ဖာတွေကို အဝသို့တွန်းလိုက်သည်။ ပြီးမှပြန်ဆင်းလာပြီး တစ်ဖာကို ညာပခုံးပေါ်ကိုယ့်ဘာသာတင်မှ ကိုတင်ထွတ်က သူထမ်းမယ်ပြောသည်။ သူဋ္ဌေးနဲ့အလုပ်သမား ယှဉ်လျင် အလုပ်သမားကပဲလုပ်ရမယ်ဆိုတာသိသည်။ ဒါပေမဲ့ သူထမ်းပိုးချင်နေသည်။ ဒါမှ နာကျင်စရာအတွေးတွေထဲက တစ်ခဏမေ့ပျောက်သွားရမှာ ...။ မ နဲ့ အကြောင်းတွေက လနဲ့ချီသွားတာတောင် အကင်းမသေနိုင်သေးတာဖြစ်သည်။ ပိုချစ်တဲ့သူ နာကျင်ရရင်လည်းပိုတယ်ဆိုတာ အမှန်ပဲ။ ခုထိ နာနေတဲ့ဝဲရင်အုံကသက်သေ...။
"ဟာ ကိုကို ... ကိုကြီးလှထွတ် ကိုကို့ကိုခိုင်းနေတာလား"
"ဟာ ပန်းယွန်းကလည်း သူဋ္ဌေးကခိုင်းရမှာလားဟ ... သူ့ဘာသာသယ်မယ်လုပ်တာ ...နင်လာတာကောင်းတယ် ပြန်ခေါ်သွားစမ်းပါ ၊ မဟုတ်ရင် မနက်ဖြန် အိပ်ရာကတောင်ထနိုင်မှာမဟုတ်ဘူး "
ပန်းယွန်း မြင်လိုက်တာက ဂိုထောင်ထဲဝင်သွားတဲ့ ကိုကို့ကျောပြင်ကိုပါ။ ဒါ့ကြောင့် ကားပေါ်ကကိုလှထွတ်ကို မေးနေတာဖြစ်၏။ ပြန်ရောက်လာတဲ့ကိုကိုသည် ချွေးတွေနစ်လို့ မျက်နှာကြီးလည်းနီနေသည်။ မနိုင်တာမျိုးမဟုတ်ပေမဲ့ ထမ်းတာများပြီးမောနေတာမျိုးဖြစ်သည်။
"ဟင် ယွန်းလေး ဒီလိုဘာလာလုပ်တာလဲ "
"ကိုကိုကရောဘာလုပ်နေတာလဲ ... လာ အိမ်ပြန်မယ် ကြည့်ဦး ချွေးတွေချည်းပဲ "
ပန်းယွန်းပြောပြောဆိုဆို သူ့မျက်နှာကချွေးတွေကို လက်ကောက်ဝတ်စောင်းနဲ့သုတ်ပေးလိုက်သည်။ ဒါကို အသုတ်မခံဘဲရှောင်ရှားကာ ကိုလှထွတ်ကိုထပ်ပင့်ခိုင်းနေလေသည်။
"ပင့်ပေးလိုက်ကိုကြီးလှထွတ် ... ပြီးရင် ယွန်းကိုပါပင့်ပေး ယွန်းလည်းထမ်းမယ် "
"ဘာ ... ကျစ် နေစောင်းနေပြီယွန်း နင်ပြန်တော့ ၊ ညကျောင်းမသွားရဘူးလား"
"ဒါယွန်းကိစ္စပါ ... အခု ကိုကိုဆက်ထမ်းမှာလား ထမ်းရင်ယွန်းလည်းလိုက်ထမ်းမှာ ၊ မထမ်းတော့ဘူးဆိုရင်အတူပြန်မယ် "
လက်ကလေးပိုက်ပြီး ခပ်နွဲ့နွဲ့ကလေးနဲ့ သူ့ကိုမေးပစ်မေးလိုက်သည်။ ကိုကို နှဖူးကချွေးကိုသပ်ချပြီးခေါင်းခါသည်။ ကိုလှထွတ်လည်း ကားပေါ်ကဆင်းလာ၏။
"ဟော ပြန်လာကြပြီ"
ဘူမိနတ်သန် bar က ပြန်ရောက်လာသည့်ကားသည် သူတို့အနားထိုးရပ်လာ၏။ အဆင်ပြေပြေပို့ပြီးကြောင်းသတင်းပေးပြီး ကိုလှထွတ်ရဲ့ဆော်သြမှုကြောင့် တဆေးဖာတွေဝိုင်းဝန်းသယ်နေကြတော့သည်။ သူခါးထောက်ပြီးအမောဖြေနေစဉ် ပန်းယွန်းက သူ့လက်ကိုဆွဲပြီိးခေါ်ထုတ်လာသည်။ သည်ကောင်မလေး ဘာကြောင့်ဒီအထိရောက်လာပါလိမ့်။ စက်ရုံကို ဖရဲစိုက်ပျိုးတဲ့ ဧကငါးဆယ်လောက်ကိုဖြတ်ပြီး ဆောက်လုပ်ထားတာဖြစ်သည်။ စတော်ဘယ်ရီစျေးထွက်က ကျတယ်မရှ်ိသလောက်ရှားပေမဲ့ ဖရဲကတော့ အတက်အကျများသည်။ တရုတ်ကအရောင်းအဝယ်ရပ်ဆိုင်းလိုက်လျင် ရုတ်ချည်းဆိုသလို စျေးကွက်ပျက်ပျက်သွားတတ်တာမ်ျိုးလည်းရှိ၏။ ဒါ့ကြောင့် ဖေဖေကစိုက်ဧကကိုလျော့ချပစ်လိုက်တာဖြစ်သည်။
"မသိရင် အလုပ်သမားကြီးကျနေတာပဲ မမိုက်လိုက်တာကိုကိုရာ ... "
"အဟင်း ကိုကိုကမိုက်ပြရမှာလားကွ ယွန်းစကားကမဟုတ်ဘူးနော် "
"အဲ့ကိုကိုဟာလေ စကားအကျကိုသိပ်ကောက်တာပဲ ... ယွန်းပြောတာ ကိုကိုကိုယ်တိုင်ထမ်းပိုးနေတာမဖြစ်သင့်ဘူးလို့ပြောတာ သိပြီိလား "
"အင်းအင်း ... တော်တော်သိသွားပြီ ၊ ယွန်းသင်ပြပေးလို့ "
သည်တစ်ခါတော့ ပန်းယွန်းခြေဆောင့်ပါတော့သည်။သူ့ဖက်လှည့်လာတဲ့ပုံကလည်း စူစူဆောင့်ဆောင့်ချည်း။ သူမထိတရိပြုံးနေတာမြင်တော့ လက်သီးဆုတ်ကလေးနဲ့ သူ့လက်မောင်းကိုလာထု၏။
"တော်ပြီ ... ကိုကို့ကိုမခေါ်တော့ဘူး "
"ကလေးပီစိလေးကျနေတာပဲ စိတ်ကောက်တတ်တာရောဂါလိုဖြစ်နေပြီထင်တယ်..ဟုတ်လား"
"အား ကိုကိုနော် ငိုလိုက်မှာ "
"ငိုလေ ဘယ်သူမှမရှိဘူး ကျယ်ကျယ်ငိုလိုက် အသံကနဂိုပြဲတာဆိုတော့ ... အဟင်း ဟင်း "
သူ စနောက်နေတာကို မခံမရပ်နိုင်စွာ တကယ်အားပါစွာထုတော့ သူထွက်ပြေးရတော့သည်။ သူမလေးကို စစပြီးပြေးတော့ အံကလေးကြိတ်ပြီး ပြေးလိုက်နေလိုက်တာ ... ကောင်းကင်ကတိမ်စလေးတစ်စ လေတိုက်လို့ ဟိုဒီရွေ့လျားနေသလို ကြည့်လို့ကောင်းနေ၏။ ဂုတ်ထောက်နေတဲ့ဆံပင်တွေကလည်း ယိမ်းထိုးလို့ ...။
"အား ..."
"ဟာ... ယွန်းလေး "
ခြေခေါက်ပြီး ပစ်စလက်ခတ်လဲကျသွားတာမို့ စိုးရိမ်တကြီးအနားပြေးသွားလိုက်သည်။ တအီိးအီးနဲ့ငိုနေတဲ့ကောင်မလေးက နာသွားတဲ့ခြေထောက်လေးကိုဖိလို့ကိုင်လို့။ သူကိုင်ကြည့်နေတာကိုပုတ်ထုတ်ပစ်သည်။
"လာမထိနဲ့သိလား အဟင့်ဟင့် ..."
"ယွန်းလေးရယ် ... ကိုကိုကစတာပါ အတော်နာသွားလားဟင် ၊ ကိုကို့ကိုရိုက်လို့အနာပျောက်မယ်ဆို ရိုက် အဆုတ်ကွာအောင်ရိုက်လည်းဖြစ်တယ် "
ချက်ချင်းလေဝင်သွားတဲ့ခြေထောက်လေးကို တယုတယထွေးကိုင်လိုက်မိသည်။ သူ့လက်ဖိလိုက်တိုင်းနာသွားတာကြောင့် စိတ်မကောင်းလိုက်တာလွန်ပါရော ။ သူ့ကြောင့်ဖြစ်သွားရတယ်မဟုတ်လား ။
"ယွန်းလေး ကိုကို့ကိုစိတ်ဆိုးနေပြီလား "
"ဟုတ်တယ် စိတ်ဆိုးတယ် ... နောက်တစ်ခါ ကိုကိုရှိတဲ့နေရာကိုမလာတော့ဘူး ပါပါးနဲ့လည်းတိုင်မယ် မေမေနဲ့လည်းတိုင်မယ် အန်တီမြတ်နဲ့လည်းတိုင်ကိုပြောပစ်မယ် "
" ဆယ်တန်းဖြစ်နေပြီ သူငယ်နာမစင်သေးတဲ့ကလေးလေးကို ကိုကိုကအဲ့သလိုခေါ်လိုက်မယ်ကွာ ... မကောင်းဘူးလား "
"အာ မကောင်းဘူး ခုချ "
"မချဘူး ခြေထောက်ကလေဝင်ပြီးဖောင်းကားနေပြီ ကိုကိုပွေ့ချီမှဖြစ်မှာပေါ့ကွ ...၊ ဒါမှမဟုတ် ဖရဲသီးသယ်တဲ့လှည်းနဲ့တင်ခေါ်သွားရမလား "
"ကိုကိုနော် "
သည်တစ်ခါတော့ ရှက်ပြုံးလေးတဲ့အံကြိတ်ပြနေသည်။ သူ့ရင်ဘတ်ကိုလက်နဲ့တွန်းကန်ထားသည်။ သူမအသားနဲ့မထိမခံနိုင်ဘူးဆိုတဲ့သဘောမျိုးပဲနဲ့ဖြစ်လိမ့်မည်ထင်သည်။
"ဪ ငါ့ကို အဖတ်မတန်လုပ်တတ်ကြတဲ့မိန်းကလေးတွေချည်းပါလား ... မိုးထက်ကုဋေ လောက်နဲ့ဆိုရင်ပဲ ကိုကိုနောင်ကျဉ်ရပါပြီ ... "
°°°°°°°°°°°
" Malaysia is separated into two sections by the South China Sea; Peninsula Malaysia links with Thailand on the mainland of Asia , ..."
"နင်ဘယ်လိုတွေ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေတာလဲယွန်းယွန်း ...၊ ပြီးတော့ ကျက်နေတာက မလေးရှားကြီး ဆရာမပြောတာ ဗီယက်နမ်မဟုတ်ဘူးလား ဟမ် "
ဆရာကြီးဆန်ဆန် ခါးထောက်ပြီး ဆရာကတပည့်ကိုကြိမ်းသလိုကြိမ်းနေသောမြတ်သောမောင်ကို ဘုကြည့်ကြည့်ပစ်လိုက်သည်။ မေမေ့ကြောင့်သာ သင်းနဲ့အတူစာလုပ်နေရတာဖြစ်သည်။ ကိုယ့်စိတ်ကိုယ့်ကိုဆို ဝေးစွခြောက်ပါးပဲ။
" ငါ ရနေလို့ငါ့ဆိုနေတာပေါ့ဟ ... ဆရာမဖတ်ခိုင်းတဲ့ ဗီယက်နမ်အကြောင်းက နောကျေနေလို့ ဟိုဘက်ကမ်းနေပြီ "
"ဟုတ်လား ... ဒါဆို ဗီယက်နမ်ရဲ့မြို့တော်နာမည်လေးပဲ ငါ့ကိုပြောပြစမ်းပါ "
"ဟွန့် ဒါလေးများ ... မသေမချင်းမှတ်ထား ဗီယက်နမ်ရဲ့မြို့တော်က မနီလာဟဲ့မနီလာ "
မျက်မှောင်ကုပ်သွားသောမြတ်သောမောင်ကြောင့် လက်မကလေးထောင်ပြီး ဂုဏ်ဆာနေရင်းက ဟက်ဟက်ပက်ပက်ထရယ်ပစ်လိုက်တဲ့သူ့ကြောင့် ပတ်ဝန်းကျင်ကိုတောင် ကြောင်တောင်တောင်လိုက်ကြည့်မိသည်။ ဘာတွေ့လို့ဒီလောက်ရယ်နေရတာပါလိမ့်။
"အရူးမ ... မနီလာ ဟုတ်လား ... ငါကမသေမချင်းမှတ်ထားရမှာပေါ့လေ ... ယွန်းယွန်းရာ နင်လေ ဒါနဲ့များဆရာဝန်ဖြစ်ချင်သေးတယ် စာမေးပွဲကဘာမှမလိုတော့ဘူး ဘာမှကိုသေချာမရနိုင်သေးဘူး ...၊ ဒီပုံနဲ့ ဆရာဝန်လား ဖြစ်ဦးမယ် အားကြီးကြီး ၊ မသေမချင်းပြန်မှတ်ထားလိုက်ဦး မန်ီိလာက ဖိလစ်ပိုင်ရဲ့မြို့တော် ... ဗီယက်နမ်ရဲ့မြို့တော်က ဟနွိုင်းဟ ...သေသေချာချာမှတ် "
နားထင်ကိုပါ လက်ညိုးနဲ့လှမ်းထောက်လိုက်တဲ့သူ့ကြောင့် မလိုလားစွာရှုံ့မဲ့ပစ်လိုက်သည်။ ရှက်သွားတာလည်းပါ၏။ သူမ အတည်ကြီးကို သိသလိုလိုနဲ့ပြောချလိုက်တာမဟုတ်လား ... သူ လှောင်လို့ကောင်းပြီပေါ့ ။
"ဒါ့ကြောင့် နင့်အမေကစိတ်မချတာ ... ငါနဲ့အတင်းအတူစာကျက်ခိုင်းတာ နင်ကျမကျန်ခဲ့အောင်ပဲဖြစ်မယ် ဟားဟား "
"ကောင်စုတ် ... ဖြစ်ရမယ်အားကြီး ၊ စောင့်ကြည့်နေလိုက် အချိန်တွေအများကြီးကျန်သေးတယ် ...အ"
စိတ်လိုလက်ရ ထရပ်လိုက်တော့ လေဝင်နေတဲ့ခြေထောက် အောင့်ခနဲဖြစ်သွား၏။ ပျာပျာသလဲငုံ့ကြည့်ပြီး ဘာဖြစ်တာလဲမေးနေသည်။ ပန်းယွန်းအိမ်မှာ သူစာလာလုပ်ရတယ်မဟုတ်လား ။ သူမရောက်ခင်ကတည်းက ပန်းယွန်းစာထိုင်လုပ်နေတာမို့ ခြေထောက်လေဝင်တာ သူ မသိ။ သောကြာနေ့ညနေကဖြစ်တာဆိုတော့ ကျူရှင်မှာလည်းမဆုံဘူးမို့လား ။ပန်းယွန်းဘာဖြစ်သွားသလဲဆိုတာ ကိုကိုကမပြောဘူးလား ။ ကြည့်စမ်း ပန်းယွန်းအကြောင်းကို စကားစမြည်ဖြစ်ဖြစ်တောင် ကိုကိုထည့်မပြောဘူးပေါ့လေ တွေ့ကြတာပေါ့ ....။
"ဒုန်း "
"ဟ ဘာဖြစ်တာလဲ "
ခုံကို လက်သီးနဲ့ထုချလိုက်တာမို့ မြတ်သောမောင်က အလန့်တကြားမေးသည်။ အောက်နှုတ်ခမ်းကိုသာကိုက်ပြီး နှုတ်ကမဖြေဘဲ ခေါင်းခါရမ်းပြလိုက်သည်။
"ငါ့အကြောင်းကို မပြောမနေဖြစ်အောင်ကိုလုပ်ဦးမယ် တွေ့မယ်ကိုကိုအစုတ်ပလုတ် ... သူ့ကြောင့် ခြေထောက်နာသွားတာကို သတင်းမေးတောင်ရောက်မလာဘူး "
ကြိမ်းတာတွေများပြီး သွားတွေတောင်ကျိန်းချင်လာသလိုလို ...။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၇) ဆက်ရန် >>>
#Ruby Linn