✨Black Verse✨
[ ကာရန်မဲ့ကဗျာ ]
----------------
စာမေးပွဲလည်းဖြေပြီးသွားပြီ။ ရက်လည်းအတော်ကြာသွားပြီ။ ဒါတောင် တိမ်ယံခ ဆိုတဲ့လူကြီး ပန်းယွန်းဆီ ယောင်ပြီးပင်ရောက်မလာ။ အပို့အကြိုမလုပ်ပေးလို့ ပန်းယွန်း စိတ်မကောင်းဖြစ်နေတာပါ။ မေမေခိုင်းလို့ သူတို့အိမ်ရောက်သွားရင်တောင် မြတ်သောမောင်နဲ့သာဆုံသည်။ ကိုကိုကတော့ အလုပ်ထဲရောက်နေတာ ဒါမှမဟုတ် စာရင်းလုပ်နေတာ ဆိုတာကိုသာ ကြားရသည်။ ပန်းယွန်းရောက်နေတယ်ဆိုပြီး တကူးတကလေးတောင် ဆင်းလာမတွေ့။ ဒါကြောင့်တွေနဲ့ ပန်းယွန်း ထိုအိမ်ကိုမေမေသွားခိုင်းလည်းမသွားတော့ပါ။ တစ်ယောက်တည်း မြုံ၍စိတ်ကောက်နေမိသည်။
ကိုကို့ကိုစိတ်ကောက်ပြီး အိမ်တွင်းပုန်းရတာလည်းခတစ်မျိုးကောင်းသည်။စာအုပ်တွေဖတ်ဖြစ်နေသလို စာလည်းတိုတိုထွာထွာရေးဖြစ်နေသည်။ ပန်းချီကားချပ်တွေလည်း ငါးချပ်လောက်ရနေပြီမို့ အလုပ်တော့ဖြစ်နေသည်။ ပါပါးဆို ပန်းယွန်းအခန်းထဲရောက်လာတိုင်း ပန်းချီလက်ရာတွေကို ကောင်းကောင်းချီးမွှန်း၏။ များတဲ့အခါ ပန်းချီပြပွဲလေးကျင်းပပေးမယ်လို့တောင် အားပေးစရာပြောလေသည်။ စာလေးတွေကိုတော့ ပါပါးကိုထုတ်မကြွားမိခဲ့။ ဟိုရေးဒီရေးတွေထဲ အချစ်အကြောင်းလည်းနည်းနည်းပါသည်မဟုတ်လား ။ ဖခင်ဆိုတော့ ပေးဖတ်ရမှာ ရှက်တာပေါ့ ။ ဒါ့ကြောင့် ပါပါးလာရင် အံဆွဲထဲပြေးဝှက်ထားရသည်။ မေမေ့ကိုတော့ ပန်းယွန်းပေးဖတ်သည်။ မေမေလည်း စာပေကိုဝါသနာထုံသူမဟုတ်လား ။ မရေးဖြစ်ရင်တောင်မှ ဖတ်ကြည့်လိုက်တာနဲ့ စာတစ်ပုဒ်ကောင်းမကောင်းကို အကဲဖြတ်နိုင်စွမ်းရှိနေပြီလေ ။ ဒီတော့ အားကိုးတကြီးကိုပြဖြစ်သည်။
" စာအုပ်တွေကိုသာ အလေးပေးဖတ်ပါဦးသမီးရယ် ... မေမေ့သမီးလေးက ဒီလောက်ပါရမီရှိတာ စာဖတ်အားများပြီး ဗဟုသုတပြည့်နေဖို့ပဲလိုတာ " ဆိုပြီး စာအုပ်တွေများစွာကို ပန်းယွန်းအတွက် မေမေဝယ်ပေးပါသည်။ အချစ်ဇာတ်လမ်းတွေလည်းပါသလို ဘဝသရုပ်ဖော်တွေလည်းပါသည်။ ဟာသတွေလည်းပါသလို စစ်ပွဲအကြောင်းရေးထားတဲ့ဇာတ်လမ်းတွေလည်းဖတ်ရသည်။ သမိုင်းကိုအခြေခံထားတဲ့ဇာတ်လမ်းတွေဖတ်ဖြစ်သလို ဂမ္ဘီရ နဲ့ သရဲဇာတ်လမ်းတွေလည်း ဖတ်ရှုရပါသေးသည်။ စာရေးဆရာတွေကတော့ အစုံပါပဲ။ ဘယ်သူ့ကြိုက်သလဲဆိုတာတောင်မပြောတတ်။ အကုန်လုံးက ပန်းယွန်းရဲ့ဆရာသမားတွေပဲမဟုတ်လား ။ စာအုပ်တွေ ဝယ်လာပေးတဲ့မေမေ့ကိုကျေးဇူးတင်သလို ထိုစာအုပ်ကိုရေးတဲ့စာရေးဆရာကိုလည်းကျေးဇူးတင်သည်။ ထုတ်ဝေသူတွေကို ပန်းယွန်း စာအုပ်လေးတစ်အုပ်ထဲ ရောပြွန်းမှတ်ထားသည်။ အကယ်၍ ပန်းယွန်း စာအုပ်ထုတ်ဖြစ်ခဲ့ရင် ထိုထုတ်ဝေသူတွေဆီ ဆက်သွယ်ဖို့ပဲဖြစ်၏။
"ယွန်းလေးရေ သမီး ထမင်းစားရအောင်လေ "
"ဟုတ်မေမေ လာပြီ "
. စိုးထိတ်သည့်ကိုယ် မဖြစ်လိုပါ . ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပန်းယွန်းရေးနေရာက ရပ်နားလိုက်သည်။ ဘော့ပင်ကို အဖုံးပြန်ဖုံးပြီး ခွက်ထဲစနစ်တကျပြန်ထည့်သည်။ ထိုင်ခုံကို စားပွဲနဲ့တွန်းကပ်လိုက်ပြီး ထမင်းစားဖို့ထွက်လာခဲ့သည်။
ထမင်းစားခန်းက စကားသံတွေကိုကြားနေရသည်။ ပါပါး အိမ်ပြန်လာစားတာပဲထင်ပြီး ထမင်းစားခန်းထဲဝင်သွားလိုက်၏။ မြင်လိုက်ရတော့ ကိုကိုရယ်ပါ။ မေမေနဲ့တပြုံးပြုံးစကားတွေဆိုနေရာကနေ ထိုအပြုံးမပြတ်တဲ့မျက်နှာနဲ့ ပန်းယွန်းကိုလှည့်ကြည့်လာသည်။
"ယွန်းလေး ... လာလေ"
"ဟွန့် "
နှုတ်ခမ်းဖူးအစုံကို စူထော်လိုက်ပြီး မေးကလေးပါပစ်ကာ ချာခနဲပြန်ထွက်လာခဲ့သည်။ မမြင်ချင်ပါဘူးဆိုမှ။ ခြေလှမ်းတွေက အိပ်ခန်းဆီသို့မဟုတ်ဘဲ ခြံထဲသို့လျှောက်သွားမိသည်။ နောက်ပါးကပြေးလိုက်လာတဲ့ခြေသံကြောင့် သော့သော့ကလေးပင် တိုးလျှောက်လိုက်သေးသည်။
"ဟေ့ ညီမလေး ... စောင့်ဦးလေကွာ "
"နဲဗား "
"ဟာ ဒီကောင်မလေးတော့"
တိမ်ယံ အပြေးတစ်ပိုင်းလျှောက်သွားတဲ့ပန်းယွန်းအနောက် အမြန်လိုက်နေရသည်။ သူ့ကိုမြင်တာနဲ့ ချက်ချင်းစူပုတ်သွားတဲ့ကောင်မလေးကို သူချော့ရပေမည်။ စာမေးပွဲတုန်းက အပို့အကြိုမလုပ်ပေးလို့ ခုထိ စိတ်ကောက်နေတာပဲ။ အမှန်တကယ်လည်းသူမအားပါ ။ ဦိးလေးသတိုးတေဇ မိတ်ဆက်ပေးထားတဲ့လုပ်ငန်းရှင်တွေဆီက လုပ်ငန်းအကြောင်းအသေးစိတ်ကို လေ့လာမှတ်သားနေရသလို ဝိုင်စက်ရုံမှာလည်း လက်တွေ့လိုက်လေ့လာနေခဲ့တာဖြစ်သည်။ ဒါကို ဒီကောင်မလေးသိဟန်မတူ ။ ပစ်ထားတယ်ဆိုပြီး အရင်လိုစိတ်ကောက်ပြနေသည်။
" ညီမလေး ... ယွန်းလေး ... ကိုကို့ယွန်းလေး ... ကိုကို ယွန်းလေးစားဖို့ ကင်းမွန်ထောင်းယူလာတယ် အကောင်တွေကလည်းကြီးပြီး လတ်လတ်ဆတ်ဆတ်ကွ စားလို့အရမ်းကောင်းတယ် ၊ ယွန်းလေးကိုကျွေးချင်လွန်းလို့ ယူလာကျွေးတာလေ ဒါကို မစားဘဲနေတော့ ကိုကိုစိတ်မကောင်းဘူး ... ၊
ကိုကို ဘယ်လောက်အလုပ်များသလဲ ယွန်းလေးသိရဲ့လား ဖင်ယားတာတောင်မကုပ်အားလို့ ထုံးသုတ်ထားရတယ် "
သူမလေးဘေးဝင်ထိုင်ရင်း ပြောလိုက်တော့ တစ်ဖက်လှည့်ပြီး ခွိခနဲရယ်လေသည်။ သူ့ကိုတော့ လှည့်ကြည့်မလာ ။ ညီကတော့ပြောသည်။ ကျောင်းမှာ ပန်းယွန်းဘယ်လောက်တော်ကြောင်း နဲ့ ကြိုက်တဲ့သူတွေပေါများကြောင်းကို။ တစ်နှစ်ထက်တစ်နှစ်မတူတဲ့ပန်းယွန်းသည် အတော့်ကိုလှသွေးကြွယ်နေပြီဖြစ်သည်။ ဦးသတိုးတေဇ နဲ့ ဒေါ်ပန်းလိပ်ပြာ တို့ရဲ့အလှကို ပိုင်ဆိုင်ရရှိထားသူလေးဆိုတော့ အထူးပြောစရာမရှိတော့ပါ။ လူကသာပြောင်းလဲနေတာ စိတ်ကကလေးစိတ်။ ခုထိ စိတ်ကောက်ပြနေတုန်း....
" ယွန်းလေးကို ပစ်ထားတာမဟုတ်ပါဘူး ... မယုံရင်မေမေ့မေးကြည့် ၊ နေ့တိုင်း ယွန်းလေးဖြေနိုင်လား နေကောင်းရဲ့လား မေးနေတာ ... အလုပ်မအားလို့သာ မပို့မကြိုရတာ ပို့ချင်တာမှတအား ၊ ဒါကို ယွန်းလေးကနားမလည်ပေးဘဲ စိတ်ဆိုးစိတ်ကောက်နေတာဆိုတော့ ကိုကိုတကယ်စိတ်မကောင်းဘူး ... မတွေ့ချင်ဘူးဆိုတော့လည်း ပြန်တော့မယ်နော် နောက်တစ်ခါ လာမတွေ့တော့ပါဘူး "
ပန်းယွန်းကို ငဲ့ကာငဲ့ကာနဲ့ကြည့်ရင်း ပြောနေမိသည်။ ပန်းယွန်းငြိမ်သက်နေသည်။ လက်ကလေးတွေတောင်မလှုပ်။ ဒန်းပေါ်က သူထလိုက်တော့ ဒန်းလှုပ်သွားသည်။ ထိုအခါမှ တအင့်အင့်နဲ့ရှိုက်သံလေးပေါ်ထွက်လာခဲ့တော့၏။ ကြည့်စမ်း ... ကောင်မလေး ငြိမ်ပြီးငိုနေတာပဲ ။ စနောက်လိုက်တာကို အတည်ထင်သွားတာပဲဖြစ်မည်။
"ဟာ ဘာလို့ငိုတာလဲကွာ ဟေ့ မငိုနဲ့လေ ... ကိုကိုက ယွန်းလေး ပြန်ပြောအောင်စနောက်လိုက်တာပါ ၊ ဘာလို့လာမတွေ့ရမှာလဲ လာတွေ့မှာပေါ့ ကိုကို့မှာစကားပြောဖို့ ယွန်းလေးပဲရှိတာကို နော် မငိုနဲ့ လိမ္မာတယ် "
ဒန်းပေါ်ပြန်ထိုင်ပြီး သူမလေးကိုသူ့ဘက်ဆွဲလှည့်လိုက်သည်။ ကလေးငယ်လေးလို တသိမ့်သိမ့်ငိုကြွေးနေတဲ့သူမလေးကို သနားကြင်နာသွားရပြီး မျက်ရည်ကြည်ကလေးတွေကို သုတ်ပေးမိ၏။ ပန်းယွန်းကတော့ ဘုကြည့်ကြည့်နေပါသည်။
"ဟင့် နောက်တစ်ခါအဲ့လိုပြောရဲပြောကြည့်သိလား ... ယွန်းဆီကိုကိုမလာတော့ရင် ယွန်းသေမှာ "
သူ့လက်မောင်းကိုထုရိုက်ပြီးပြောနေသည်။ သူမပါးပြင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးရင်း နှစ်သိမ့်တဲ့အပြုံးနဲ့ငေးစိုက်ကြည့်နေမိသည်။ ငိုတာတောင် လှတောင်ငိုတတ်တဲ့ကလေးလေးပါပဲ...။ မထင်မှတ်ဘဲ ပန်းယွန်းသည် သူ့ရင်ခွင်ထဲတိုးဝင်ပြီး ခါးကိုသိုင်းဖက်ထားလေသည်။ ဘေးဘီကိုမလုံမလဲဝေ့ကြည့်တော့ ဘယ်သူမှရှိမနေပါ။ သွေးမတော်လို့ မသင့်တော်မှန်းနားလည်ပေမဲ့ သူခွာထုတ်လို့မဖြစ်။ ပန်းယွန်းစိတ်ဆိုးသွားနိုင်သည်။ ဒါ့ကြောင့် အလိုက်သင့်လေးနေပြီး သူမဆံပင်လေးတွေကို ပွတ်သပ်ပေးနေမိသည်။
"ယွန်းလေး မငိုနဲ့တော့နော် နောက်ဆို ကိုကိုယွန်းလေးပြောသမျှနာခံပါ့မယ် ... သေမယ်လို့တောင် ဘယ်တော့မှမပြောရဘူးနော် ကြားလားယွန်းလေး "
"ဟုတ် "
"ကဲ ထမင်းသွားစားရအောင် ... ခင်ဗျားလေးဗိုက်ထဲကအသံကိုကြားနေရတာ ဂွီတဲ့ "
"အဟင်း ကိုကိုနော် "
"အဟက် ... စတာစတာ လာ ယွန်းလေးမေမေစောင့်နေမှာပေါ့ အားနာစရာကြီး "
ခုမှပင် ပျော်ပျော်ပါးပါးနဲ့ သူ့နောက်လိုက်လာသည်။ မနက်ဖြန် ခြံထဲလာခဲ့မယ်လို့လည်း ကြိုပြောနေသေးသည်။ စိတ်ချမ်းသာအောင်ခေါင်းညိတ်ပြလိုက်ရ၏။ ထွားကြိုင်းတဲ့ကောင်မလေးမို့ အပျိုကြီးလိုလိုဖြစ်နေသည်။ တခြားသူအမြင်မှာ တွဲသွားတွဲလာလုပ်ဖို့မသင့်တော်တော့။ ဒါကို ယွန်းလေး နားလည်ဦးမှာမဟုတ်။ ရှောင်နေရင်လည်း တစ်ယောက်တည်းကြိတ်ဝမ်းနည်းပြီး ငိုနေဦးမည်။ ခက်တော့ခက်နေသည်။ ရိုးရိုးလေးတွေးလို့ရသားနဲ့ သူ ဆန်းဆန်းတွေတွေးနေမိသည်။ ဘာကြောင့်လဲ ? ...
°°°°°°°°°°
နဒီလှိုင်နဲ့ ချိန်းဆိုပြီး မုန့်အတူသွားကြသည်။ ဘောလုံးကန်ကပြန်လာတဲ့ မြတ်သောမောင်လည်း သူမတို့ကိုမြင်တာနဲ့ ကပ်လိုက်လာသည်။ ထို့ကြောင့် သုံးယောက်ဖြစ်သွား၏။
"ချွေးတွေနဲ့မောင်ရယ် ... နံလိုက်တာ နည်းနည်းဝေးဝေးနေ "
"အေးလေ ရေပြန်ချိုးပါလားဟ "
မြတ်သောမောင် အအေးဘူးကို တဂျိုက်ဂျိုက်မော့သောက်နေသည်။ သူမတို့ပြောတာကို လက်တော့ကာပြ၏။ အချိုရည်နင်မှာစိုးလို့့ပန်ယွန်းဘေးကနေ သတိပေးရသည်။
"အား ... ၊ နင်တို့ကလည်းဟာ ငါဒီလောက်မနံပါဘူး တစ်ပွဲပဲကန်ခဲ့တာ "
စားစရာတွေရောက်လာတော့ မြတ်သောမောင်ပဲအရင်နှိုက်သည်။ နဒီလှိုင်က ပခုံးတွန့်ပြသည်။ ပန်းယွန်းက ထားလိုက်ပါဆိုတဲ့သဘောနဲ့ မျက်လုံးမှိတ်ပြလိုက်၏။
"ဟဲ့ မနက်ကဘယ်သွားနေတာလဲ ... ငါတောင် ကိုကို့ဆီသွားပြီး မနက်စာအတူစားခဲ့သေးတယ် "
"ဪ ... ငါက အိပ်နေတာလေ ၊ ကျူရှင်တွေမဖွင့်ခင်အားအပြည့်သွင်းနေတာ ... အပိုတွေလုပ်မနေအားဘူး "
"ကြီးကြီးကျယ်ကျယ် ... ဒါ့ကြောင့် ပပနဲ့ ကြိုက်နေတာမဟုတ်လား "
"သွားစမ်းပါဟာ အာရုံနောက်လွန်းလို့ ... ပျော်ရမလားလို့သွေးတိုးစမ်းကြည့်တာ ပုံမလာပါဘူး ၊ ငါ့ကို ဟိုဟာလုပ် ဒီလိုနေ နဲ့ ... ဟွန့် ဒါမျိုးဝေးပါသေးတယ် မြတ်သောမောင်တို့က "
ပစ်ပစ်ခါခါလုပ်ပြနေတဲ့မြတ်သောမောင်ကိုကြည့်ပြီး နဒီနဲ့ပန်းယွန်း မျက်လုံးပြူးရတော့သည်။ ကြိုက်နေတယ်ထင်ခဲ့ကြတာမဟုတ်လား ။ ခုတော့ ဘာမှမဆိုင်သလို ပြောနေတော့ အံ့သြကုန်ကြသည်။ မောင့်ကိုလည်း နားမလည်သလိုငေးမိကြ၏။ မိန်းကလေးကို မြတ်သောမောင်တစ်ယောက် ဘယ်လိုရှုမြင်နေပါသလဲ ။ မကောင်းဘူးထင်ရင် ဖယ်ရှောင်သွားတဲ့အကျင့်ကရော ဘယ်ကအစပြုလို့ ဘယ်မှာအဆုံးသတ်လိမ့်မလဲ ...။ နှစ်ယောက်သား ပခုံးကိုယ်စီတွန့်ပြီး လက်လန်တယ် လို့ ဖွင့်မပြောရုံတမယ် ရှိနေကြသည်။ သူကတော့ အရေးမစိုက် အစားငတ်သူလို စားသောက်နေလေတော့သည်။
အချိန်တွေအကုန်မြန်သည်ဆိုရမလား ။ ကိုကိုနဲ့စိတ်ဆိုးစိတ်ကောက်မရှိတော့ဘဲ သင့်မြတ်နေခဲ့သည်မှာ ကျောင်းတွေပင်ပြန်ဖွင့်တော့မည့်အချိန်ရောက်လာခဲ့တော့သည်။ မိသားစုလုပ်ငန်းကို ဦးစီးနေရတဲ့ကိုကိုလည်း ပါပါးနဲ့အလုပ်အကြောင်းတွေတောင် ပြောနေကြသည်အထိ ကိုကိုရင့်ကျက်ခဲ့ပြီ။ စတော်ဘယ်ရီဝိုင် နဲ့ ဖရဲဝိုင် ကို ပြည်တွင်းစျေးကွက်ဖြန့်နိုင်ဖို့ ကြိုးစားနေတာမို့ ကိုကိုအတော်ပမ်းနေပြီဖြစ်၏။ အတော်လည်းပိန်သွားလေသည်။ မြတ်သောမောင်တို့ကတော့ လွယ်အိတ်တစ်လုံးနဲ့ ကျော့လို့ကော့လို့ ...၊ ကိုကိုဖြင့်သနားပါတယ် ဆိုပြီး တစ်ခါမှဝိုင်းမကူ။ ကျူရှင်တက်ပြီး အားကစားဆိုတာကို မအားလည်းကစားတဲ့ကောင်မျိုး ။ ပေါ့ပေါ့ကလေးနဲ့ ဖြတ်သန်းနေသည်။ အလိုက်မသိလို့ မုန်းလိုက်တာလေ...။
ကျောင်းစတက်တဲ့နေ့က တောင်ကြီး ကို ကိုကိုအလောတကြီးထွက်သွားသည်။ ပြန်လာတော့ အရက်သောက်လာတယ်လို့ အန်တီမြတ် မေမေ့ကို တငိုငိုနဲ့လာပြောနေသံကြားရသည်။ ပန်းယွန်းပင် အံ့သြရသည်။ ကိုကိုအရက်မှမသောက်တတ်တာ ပန်းယွန်းသိတာပေါ့ ။ အလုပ်အဆင်မပြေလို့လဲ သောက်တာမကြားခဲ့ရ ။ မေမေကတော့ အန်တီမြတ်သွားတော့ ပါးပါးကိုပြန်ပြောပြပြီး မှတ်ချက်ပေးနေသည်။ " သူ့ကောင်မလေးကဖြတ်သွားလို့နေမှာပေါ့ " ဆိုပြီး။ ထိုစကားကြားပြီး ပန်းယွန်း အင်အားတွေချိနဲ့ကုန်သလိုချည်းဖြစ်သွားသည်။ ဝမ်းနည်းလုံးကြီးစို့ပြီး ငိုလည်းမငို ။တလှပ်လှပ်နဲ့ရင်တုန်နေပြီး နှမြောတသစိတ်တွေလည်းဖြစ်ရသည်။ ကိုကို့ကို ဘယ်မိန်းကလေးနဲ့မှ မပတ်သက်စေချင်ပါ။ ဝန်တိုလွန်းလှသည်။ ကိုကိုရည်းစားထားတာကို မောင်တစ်ယောက် သူမကိုမပြောပြပါလား ။ သူမဒေါသက မောင့်အပေါ်တိမ်းသွားသည်။ အရက်မသောက်ဖို့ သွားပြောလိုက်ချင်သည်။ ဒါပေမဲ့မဖြစ်။ မေမေ မှာထားသည်။ အရက်မူးနေတဲ့သူ ၊ ဒေါသဖြစ်နေတဲ့သူ ၊ ပြီတီတီလုပ်ပြနေတဲ့သူတွေနား မကပ်ရဘူး ။ ဝေးဝေးရှောင်ရမယ်လို့ ဆုံးမထားသည်။
"ကိုကို လိမ္မာပါ " လို့ပဲ ကြိတ်ဆုတောင်းနေမိတော့သည်။
သည်နှစ်တော့ မောင်နဲ့ပန်းယွန်း တစ်ခန်းထဲပေမဲ့ နေရာခြင်းဝေးနေသည်။ အသစ်ရောက်လာတဲ့ကျောင်းသူတွေနဲ့ မောင် သင့်မြတ်ပေမဲ့ ပန်းယွန်းကိုတော့ လိုမှခေါ်ပြောသည်။ ဒါကိုပဲ ပန်းယွန်း ဒေါသထွက်ရ၏။
" ဟဲ့ မောင် ... ငါ့ကိုသင်္ချာစာအုပ်လေးခဏလောက်ဟာ"
"မရှိဘူး မေသဉ္ဇာ ငှားသွားပြီ "
တစ်ချက်ပဲမော့ကြည့်ပြီး ခင်မျိုးချစ် နဲ့ ဆက်စကားပြောနေသည်။ "နှာဘူး " လို့သာ ကြိတ်ဆဲပြီး ဘောက်ဆတ်ဆတ်နဲ့ ပြန်လှည့်ထွက်လာခဲ့တော့သည်။ နောက်ပါးမှပြုံးကြည့်နေတဲ့သကောင့်သားကိုတော့ ပန်းယွန်း မမြင်လိုက်တော့ပါ ။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၆) ဆက်ရန် >>>
#Ruby Linn