✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
----------------
" ဟဲ့ နင်နဲ့ မြတ်သောမောင်က ဟိုဒင်းဟိုဟာ ရည်းစားတွေ ဖြစ်နေကြတာလား "
အမလေး... သူမ နဒီလှိုင်အစား မျက်နှာတွေ ပူထူသွား၏။ ဘယ်လိုကြောင့် ဒဲ့တိုးမေးရဲရတာလဲ။ တစ်ဖက်ကိုလည်း အားတွေနာလိုက်တာ။ ဒီကြားထဲ ပပဆီက အဖြေကို နားကစွင့်နေမိပါသေးသည်။ ထိုအချိန် ပပက ရှက်ပြုံးလေး မပွင့်တပွင့် ပြုံးပြလျက် ရှေ့မှာအလိမ်လေးတွေချထားသည့် ဆံပင်တိုကို နားနောက်ပို့ရင်း စာရေးသည့်ခုံကို လက်ညှိုးလေးဖြင့် ကုပ်ခြစ်နေတော့ နဒီလှိုင် စိတ်မရှည်တော့ဘူးထင်ပါရဲ့။
" မပြောချင်လည်းနေပါအေ "
" ဟို ပပနဲ့ မောင်နဲ့က ရည်းစားတွေလို့ နဒီ့ကို ဘယ်သူပြောတာလဲ... မောင်ပြောတာလား "
" မပြောပါဘူး... ငါ့အထင်ကို သေချာအောင် နင့်မေးကြည့်တာလေ "
ပန်းယွန်းတေဇက အသံကျယ်ကျယ်ပြောနေသည့် နဒီလှိုင့်ကို လက်ကုပ်သည်။ ထမီစကို မသိမသာ ဆောင့်ဆွဲ၏။ ဘယ်လိုမှ တားမရပေ။
" ပပတို့က အခု သူငယ်ချင်းတွေပါလေ "
ဟု ပြောပေမဲ့ သူမစကားက အနှောင့်အသွားမလွတ်ပါ။ သူမ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားရင်း ပပကို မော့ကြည့်နေပြီး ဘာလို့မှန်းမသိ သက်ပြင်းချမိ၏။
ပပက တစ်ဖက်သို့လှည့်ထွက်သွားကာ မြတ်သောမောင်စားပွဲခုံရှေ့တွင် ရစ်သီရစ်သီလုပ်နေချိန် မောင်က ရောက်လာသောအခါ ပပက အပြုံးမျက်နှာဖြင့်...
" မောင်... ဘာလို့နောက်ကျနေတာလဲ၊ ပပက မောင်ကျောင်းမတက်တော့ဘူးထင်နေတာ "
" အိမ်စောင့်မရှိလို့ နည်းနည်းနောက်ကျသွားတာပါ ဘာပြောစရာရှိလို့လဲ "
လွယ်အိတ်ကို ပုံးထဲထည့်လိုက်ရင်း သူမော့မကြည့်ဘဲ မေးလိုက်တော့ ပပက...
" ဟင့်အင်း နေ့လည်ကျမှ ပပ နားမလည်တဲ့စာတွေ လာမေးတော့မယ် "
" အင်း "
" ဒါဆို ပပ နေရာပြန်သွားတော့မယ်နော် "
" အင်း "
ခေါင်းတောင်မဖြီးခဲ့ရသေးတာမို့ သူလက်နှစ်ဖက်နဲ့ပဲ ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်တွေကို သပ်လိုက်သည်။ ကျောင်းတက်ချိန်နီးမှ ထွက်လာတာမို့ သိပ်မကြာခင် ကျောင်းတက်ခေါင်းလောင်းထိုးပြီး အခန်းရှေ့တွင် သွားတန်းစီကာ နိုင်ငံတော်သီချင်းဆို၍ ကျောင်းအုပ်ဆရာမကြီး မိန့်ခွန်းပြောပြီးသည်နှင့် ဘုရားရှိခိုးကာ အတန်းစကြရ၏။
သက်မွေးချိန်မှာ အတန်းအားသဖြင့် မြတ်သောမောင် မှောက်အိပ်နေလိုက်သည်။ ပန်းယွန်းက ပုံထိုင်ဆွဲနေ၏။ ပုံတွေက ရေးရေးရာရာမရှိဘဲ ရောက်တက်ရာရာပါ။ မြတ်သောမောင်နဲ့ ပန်းယွန်းတေဇသည် ရုတ်ချည်း သူစိမ်းတရံလို အသွင်ပြောင်းသွားကာ ကျောင်းတက်ကျောင်းဆင်းလည်း ကိုယ့်ဘာသာသွား၍ ကျူရှင်ဆိုလည်း သီးသန့်သွားကြ၏။ မေမေကတော့ သူမကို မြတ်သောမောင်နဲ့သာ ကျောင်းအတူသွားခိုင်းပါသည်။ တစ်ခါတစ်ခါ အတူသွားလားဟု မေးလာလျှင် လိမ်ပြောရသည့်အခါတွေရှိသည်။
ခုနောက်ပိုင်း ကျူရှင်သွားလျှင် ဘေးကနေ အစ်ကိုကြီးတစ်ယောက် ကပ်လိုက်လာလေ့ရှိသည်။ ယွန်းဖြင့် ကြောက်လိုက်တာလေ၊ အသားတွေတောင် တုန်ယင်ချင်တယ်။ နှောင့်ယှက်တာမျိုးမဟုတ်ပေမယ့် မသိရင် လိုက်ပို့လိုက်ကြိုသည့်သူလို ဖြစ်နေ၏။ စိတ်ကျဉ်းကြပ်ရပါတယ်။ သည်တစ်ခါတော့ အဲ့အစ်ကိုကြီးက တစ်ဆင့်တက်လာ၏။
" ယွန်းယွန်းက စာတော်တယ်နော်၊ စကားနည်းတဲ့ပုံလေးပဲ... ယုန်ပေါက်လေးကျနေတာပဲ " တဲ့။
ပန်းယွန်း အဲ့အစ်ကိုကြီးကို တစ်ခါမှ စေ့စေ့တောင် မကြည့်ရဲပါ။ သူ ဘယ်လိုပုံစံရှိလဲ စိတ်လည်းမဝင်စား။ အိမ်အမြန်ရောက်ဖို့နဲ့ ကျောင်းအမြန်ရောက်ဖို့သာ အားသန်နေသောကြောင့်ပင်။ သူငယ်ချင်းတွေနဲ့ လမ်းမှာတွေ့ရင်တော့ အလိုက်သိစွာ ရှောင်ဖယ်နောက်ဆုတ်သွားတတ်၏။
" ယွန်းယွန်း နင့်နောက်ကို ဘယ်ကအကောင်ကြီးလိုက်နေတာလဲ "
" အစ်ကိုကြီးလုပ်ပါဟယ် "
နဒီလှိုင်တို့က ပြောလိုက်ရင် ဒုတ်ထိုးအိုးပေါက်ပဲ။ သူမက နားမရိုင်းအောင် ဝင်ထောက်ရ၏။
" အဲဒါ ဘယ်သူလဲ "
ဆွေဆွေကလည်း စကားဝိုင်းထဲ ဝင်လာ၏။
ပန်းယွန်း ခေါင်းခါပြလိုက်ရင်း...
" မသိပါဘူး... ယွန်းဖြင့် သူ့မျက်နှာကို တစ်ခါလားပဲမြင်ဖူးတယ် "
" ဟေ ယွန်းအစက ငမောင်နဲ့ အတူသွားလာနေတာ မဟုတ်လား... ခုဘာဖြစ်ကြပြန်တာလဲ "
ဆွေဆွေ့အမေးကို သူမ ချက်ချင်းပြန်မဖြေနိုင်ပါ။ ခွေးအကြီး လှည်းနင်းသလို ဖြစ်နေ၏။ ခေါင်းလေးကုပ်လိုက် စာအုပ်တွေ လှန်လှောလိုက်ဖြင့်။ ကျူရှင်ဆင်းတော့ ငမောင်က သူမကို စကားလာပြော၏။ ပြောပုံက စိတ်ရှည်ချင်စရာပါ။
" အတူပြန်မယ် နင်နင်း "
" အို ကိုယ့်ဘာသာအနိုင်နိုင်ရယ် "
စကားသာအဖက်တင်သွားသည်၊ နောက်ဆုံးတော့ သူ့ကို သူမ တင်နင်းရ၏။ တကယ့် ဒုက္ခအိုးပါ...။
" ယွန်း မနင်းနိုင်တော့ဘူး၊ တစ်လှည့်လာနင်းဦး၊ မောင့်စက်ဘီးက ဘာဖြစ်လို့လဲ "
ပြောပြောဆိုဆို ပန်းယွန်း စက်ဘီးပေါ်က ဆင်းလိုက်ပေမယ့် သူကတော့ မဆင်းဘဲ ခေါင်းလေးမော့၍ လေလေးတချွန်ချွန်ဖြင့်။ တကယ်လည်း သူ့ခန္ဓာကိုယ်က လေးနစ်နေတာမို့ သူမ ကြာကြာတင်မနင်းနိုင်ပါ။ ထိုစဉ် သူမနောက် အမြဲလိုက်လာနေကျ အစ်ကိုကြီးက လမ်းချိုးကနေ ထွက်လာတာ လှမ်းတွေ့ရသဖြင့် သူမ ရင်ထိတ်သွားကာ စက်ဘီးပေါ် လျင်မြန်စွာတက်၍ နင်းထွက်တော့ အနောက်က မြတ်သောမောင်က အငြိမ်မနေဘဲ လှုပ်ယမ်းနေရာ ဂိုက်ကိုမထိန်းနိုင်တော့ပေ။
" ဆင်းစမ်း ဆင်းစမ်း သေအောင်လုပ်နေတာ "
မြတ်သောမောင် ခုန်ချလိုက်ပြီး စက်ဘီးကို ဆွဲထားလိုက်တော့ သူမ ကားကားကြီးစက်ဘီးပေါ် ရပ်သွား၏။ ဒါကိုမမှုဘဲ အနောက်မှာ ပြောင်းထိုင်ကာ လက်ဖျားတွေ အေးစက်လာပြီး ဇောချွေးတွေ ပြန်လာသည်။ မျက်နှာကို မြတ်သောမောင်ကျောဆီ ပို့ထားကာ အသက်ရှူသံ ပြင်းပြင်းဖြစ်နေသော ပန်းယွန်း တိတ်ဆိတ်သွား၏။
နောက်နားက ကပ်လိုက်လာသော စက်ဘီးကို မြတ်သောမောင် တစ်ချက်စွေကြည့်လိုက်သည်။ ပြီးနောက် သူ့ခါးပေါ် ဖွဖွတင်ထားသော ပန်းယွန်းလက်ကို အပေါ်ကထပ်ကိုင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် စက်ဘီးဆက်နင်းလိုက်၏။ သူ့ နှုတ်ခမ်းတွေ မသိမသာ တွန့်ကွေးကာ မဲ့ပြုံးလေးပြုံးလျက် ထပ်မံလှည့်ကြည့်လိုက်တော့ အနောက်က စက်ဘီးက ရပ်ကျန်နေခဲ့တာကို တွေ့လိုက်ရသဖြင့် ကျေနပ်သွားသည်။
" မနက်ဖြန် ကျောင်းမသွားခင် ငါ့ကိုစောင့် "
ပန်းယွန်းရဲ့ အဖြေကိုမစောင့်ဘဲ သူမအိမ်ရှေ့မှာတင် စက်ဘီးရပ်ထားခဲ့ပြီး သူ့အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။
မြတ်သောမောင်နဲ့ တစ်စက္ကန့်ကြာကြာနေရင် သူမ ရူးမယ်ထင်တယ်။
°°°°°°°
"သူ့စိတ်ကိုနားမလည်နိုင်ဘူး တကယ်တကယ်သိလား ... ကျစ် "
နဒီလှိုင့်ကို ရည်ညွှန်းပြောနေတာပေမဲ့ မကြည့်ဘဲ သင်္ချာစာအုပ်အထူကြီးကိုသာ ခုံနဲ့ရိုက်နေမိ၏။ နဘေးက နဒီလှိုင်ကတော့ မျက်ခုံးကြီးပင့်ကြီး ကြည့်နေလိုက်တာ ထူးဆန်းအံ့ဖွယ်မြင်ရသလို ။
"ငမောင် နင့်ကို ဘာလုပ်လို့လဲ ... ၊ မဟုတ်မှလွဲရော နင့်ကိုလည်း ပပလို "
"တော်စမ်းပါဟယ် စိတ်ညစ်ရတဲ့အထဲ ... ၊ သူကငါနဲ့စကားပြောရင် စိတ်မရှည်သလို စိတ်မပါသလို နဲ့ အင်တင်တင်ဖြစ်နေတာ နင်လည်းသိတယ်မဟုတ်လား ...၊ အဲ ဒါပေမဲ့ ငါမလိုလားတာ မကြိုက်တာတွေနဲ့ကြုံတိုင်း သူနဲ့သာ တစ်ခါလောက်ပက်ပင်းတိုးကြည့် ... လုံးဝကိုမကြုံရတော့ဘူးဟ ၊ ငါကျူရှင်ပြန်တိုင်း လိုက်လိုက်နေတဲ့အစ်ကိုကြီးလေ သိလား ... အခု သူငါ့နောက်မလိုက်တော့ဘူး မောင်နဲ့ငါအတူပြန်တဲ့နေ့က သူလိုက်လာတာနောက်ဆုံးပဲ "
"ဟုတ်လား ဒါဆို တွေးစရာပဲ ... နင်မသိခင် အဲ့အစ်ကိုကြီးနဲ့သွားတွေ့ပြီး မနှောင့်ယှက်ဖို့ပြောလိုက်လို့ဖြစ်မယ် ...၊ ငမောင့်အကြောင်းလည်းသိတဲ့အတိုင်း ဆိုးဆိုးဆတ်ဆတ်ရယ် "
တွေခနဲ ဖြစ်သွားပြီးမှ ပန်းယွန်း ခေါင်းကိုခါရမ်းပစ်လိုက်သည်။ သူမအတွက် သည်လောက်အထိ သူပေးမှာမဟုတ်။ သူ့မျက်လုံးရှေ့ အီစီကလီလုပ်ခံနေရတာတောင် ဟန်မပျက်တဲ့သူ။ နဒီလှိုင်ပြောသလို ဝေးလှပါသေးတယ်။ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လိမ့်မယ်လို့ စိတ်ဒုံးဒုံးချပစ်ရင် Circle အခန်းကိုလှန်လိုက်သည်။ နောက်ပြီး ထောက်ချွန်ဘူးပါမပါ လွယ်အိတ်ထဲကုန်းကြည့်ရပြန်သည်။ မေ့တတ်တာမဟုတ်ပေမဲ့ အကယ်၍သျှမ်းပြီးမပါလာလျင် သင်္ချာဆရာကြီိးရဲ့ နားထင်မွှေးဆွဲခံရခြင်းကို ဧကန်ခံရမည်မဟုတ်ပါလား ။
"တော်ပါသေးရဲ့ ပါလို့ "
ထောက်ချွန်ဘူးကို ခုန်ပေါ်တင်လိုက်ရုံရှိသေး ။ လက်တစ်ဖက်လှစ်ခနဲဝင်လာပြီး ဆွဲသွားသည်။မော့မကြည့်လည်းသိသည်။ မြတ်သောမောင်ပဲဆိုတာ ...
"ဘာလုပ်တာလဲ "
"ဘာလုပ်တာမြင်လို့လဲ ... ထောက်ချွန်ခဏငှားတာလေ သင်္ချာချိန်ပြီးရင် ပြန်ပေးမယ် စိတ်ချ "
"ဟာ ဘယ်ရမလဲ ငါနားထင်မွှေးဆွဲခံရမှာပေါ့ ... နင်မပါတာနင့်ဘာသာအပြစ်ပေးခံလေ ၊ ဘာလို့ ငါ့ကိုဒုက္ခပေးနေရတာလဲ "
"ဒုက္ခ ! အင်း ... တုတ် ... ခဆိုတော့ မဲ့တာ ၊ အဟဲ တုတ်မရှိဘူးလို့ပြောတာမဟုတ်လား စိတ်ချစမ်းပါ ဆရာက တုတ်မကိုင်ဘူး "
တစ်ယောက်တည်း ရူးကြောင်ကြောင်တွေးပြီး ရယ်ကျဲကျဲလုပ်နေတဲ့သင်းကို လည်စိထညှစ်ချင်စိတ်တွေပေါက်လှပြီ။ အမယ် ခုမှသေချာကြည့်မိပါရဲ့ ၊ ဆံပင်တွေကိုဆီလူးထားတာ ပြောင်လို့လက်လို့ ။
ပါးမှာလည်း သနပ်ခါးပါးပါးလူးထားသေး၏။ အရင်က မျက်နှာပြောင်ပဲနေတတ်သူပါ။ ခုတော့ ဘာစိတ်ကူးထပေါက်လဲမသိ။ မေးချင်ပေမဲ့ ထောက်ချွန်ဘူးယူသွားလို့ အမြင်ကမကြည်နိုင်သေးပါ။ မြတ်သောမောင် ဟာ မြတ်သောမောင်ပဲပေမဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းနေတတ်သူအဖြစ် ပန်းယွန်းအတွေးထဲထင်မြင်ရမိ၏။
သချာင်္ချိန်ရောက်တော့ ထောင်ပြရသည်။ လက်ထဲမရှိတဲ့ပန်းယွန်း ထရပ်လိုက်ရသည်။ ဆရာက အနားရောက်လာပြီး နားထင်မွှေးဆွဲမယ်အပြု
"ဟာ ယွန်းယွန်း ဒါနင့်ထောက်ချွန်မဟုတ်လား ရော့ရော့ ငါ့ငှားပြီးပြန်မပေးရသေးတာ "
"ဒါဆို ပါတယ်ပေါ့ ... ကဲ ထိုင်ထိုင် "
ဆရာ့ရှေ့မှ မင်သေသေလေးလှမ်းယူလိုက်ရပေမဲ့ ဆရာလည်းကျောခိုင်းသွားရော လည်ချောင်းရိုးထောင်သည်အထိ အံကြိတ်လိုက်သည်။ ပြန်ထိုင်ရင်း ဆရာမမြင်အောင် လက်သီးပုန်းပြလိုက်တော့ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးပြီး သူကခနဲ့တဲ့တဲ့လေးရယ်နေ၏။
"ဟင် "
ဘေးတစ်စောင်းမို့ သူ့ရယ်ပုံသည် ကိုကိုနဲ့ပင် ဆင်တူသယောင် ။ များသောအားဖြင့် တူတယ်မထင်ရပေမဲ့ ညီအစ်ကိုတွေမို့လားမသိ တစ်ချက်တစ်ချက်သွားသွားဆင်သည်။ ကိုကိုဆို တစ်ဖက်သားမခံချိမခံသာဖြစ်စေတဲ့ ခနဲ့တဲ့တဲ့အပြုံးမျိုး ဘယ်တုန်းကမှမပြုံး ။ စမ်းချောင်းကရေ ရေတံခွန်ကရေ ကောင်းကင်ကတိုက်ရိုက်ကျလာတဲမိုးရေ တို့ သကဲ့သို့ အေးမြလန်းဆန်းခြင်းမျိုးသာပေး၏။ သင်းနဲ့ကိုကို လားလားမှပုံစံမတူ ။ ဒါကိုလည်းကျေနပ်မိသည်။ ကိုကို ဆိုတာ ဘယ်သူနဲ့မှ စံနှိုင်းပြီး ချပြစရာမရှိတဲ့ ရှားပါးအိုအေစစ်လေးမဟုတ်ပါလား ။ အထူးသဖြင့် ပန်းယွန်းအတွက်ပေါ့ ။
သနပ်ခါးအကြောင်း မမေ့မလျော့စကားစပ်မိတော့ ပပကလူးကြည့်ပါလား ပြောလို့ လူးလာတဲ့အကြောင်း သတင်းပေးနဲ့တကွ နဒီလှိုင်ပြောပြနေသည်။ ကြားကြားချင်း ပါးစပ်အဟောင်းသားဖြစ်သွားရသလို ဟုတ်ကောဟုတ်ရဲ့လားလို့ ပြန်မမေးရုံတမယ် အမူအရာတွေနဲ့ ပန်းယွန်းကြောင်နနဖြစ်နေသည်။ ထို့အတူ တစ်ခုခုကိုကျပျောက်သွားသလို နှမြောတသစိတ်မျိုးနဲ့ တွေဝေမိန်းမောသွားလျက် ...
°°°°°°°°°
"ဆေးဖျော်ပြီးပြီလားလေးထွန်း "
"အေး ပြီးပြီဟ "
အပင်အားဆေးဆေးရည်များကို ရေနဲ့ဆတူဖျော်ပြီး ပုံးထဲမျှထည့်နေသည်။ ဖရဲခင်း ပိုးအနည်းငယ်ကျသဖြင့် ပိုးသတ်ဆေးဖြန်းနေကြခြင်းသာ။ သူ ခါးထောက်ပြီး တမျော်တခေါ်ဖရဲခင်းတွေကို သက်ပြင်းတဟင်းဟင်းချရင်း ကြည့်နေမိသည်။ စာအုပ်ထဲ အသင့်ပါတဲ့ စာလုံးစားကြောင်းတွေကိုသာ ကျက်ရမှတ်ရတဲ့ကျောင်းသားဘဝက လောလောလတ်လတ် ခြံထဲဆင်းလုပ်ရတာမဟုတ်လား ။ မစိမ်းသက်ပေမဲ့ မရင်းနှီးတဲ့ဒီအလုပ်တွေက သူ့အတွက်တော့ စိန်ခေါ်မှုတွေသာဖြစ်၏။ မိသားစုအရေး စားဝတ်နေရေး တွေနဲ့ စိုးရိမ်ပူပန်မှုရှိနေခဲ့သလို ချစ်ရသူ မ ကိုလည်း လွမ်းဆွတ်လှပြီ။ သူမတတ်ဖြစ်တော့တဲ့ကျောင်းမှာ မ တစ်ယောက် ယောင်တောင်တောင်နဲ့ သူ့ကိုများသတိတရရှိနေမလား ။ စာတွေရော စိတ်နှစ်ကျက်ရဲ့လား သိချင်လှသည်။ ဖုန်းဆက်ဖြစ်ပေမဲ့ တကယ်တမ်းပြောဖြစ်တာက "မောင် နောက်နှစ်ပြန်တက်ဖို့သာစိတ်ကူး" ဆ်ိုတာနဲ့ ဖုန်းချသွားတတ်သည်။ ပြန်တတ်ဖို့ဆိုတာ မသေချာတဲ့သဘောမှာ ရာနှုန်းပြည့်နေသည်။ ကိုယ်လွတ်ရုန်းပြီး မေမေ့ကို အလုပ်တွေထဲထားမပစ်ခဲ့နိုင်။
"ဟော ကိုကို ဘာတွေလုပ်နေတာလဲ "
နှစ်ကိုက်အကွာလောက်ကနေ လှမ်းအော်ပြောနေတဲ့ နားယဉ်ပြီးသားအသံလေးကြောင့် ကိုယ်တိုင်ဆေးဖြန်းမလို့ ကိုင်ထားတဲ့ပုံးနှစ်ပုံးကို အောက်ပြန်ချလိုက်ရသည်။ ထိုအခါ လေးထွန်း ယူဖြန်းတော့၏။
"ယွန်းလေး ခြံထဲဘာလာလုပ်တာလဲ အေးကလည်းအေးနဲ့ မနက်အစောကြီးကို "
ပန်းယွန်းကို ပူပူပန်ပန်ပြောလိုက်ပေမဲ့ သူမလေးနောက်က လိုက်လျှောက်လာတဲ့ ညီ့ကိုလည်း ကြည့်လိုက်ပါသည်။ သည်နှစ်ယောက် ပူးပူးတွဲတွဲတွေနဲ့အတော်အလျဉ်းသင့်နေပုံရသည်။ သူတို့တည့်တာကိုသာလိုလားတာမို့ ကျေနပ်စွာပြုံးရပြန်၏။
"ပြောကိုကိုပြော ... အတင်းလိုက်မယ်ဆိုတာချည်းပဲ ၊ ညီကကိုကိုစားဖို့မုန့်လာပို့တာ လမ်းမှာသူနဲ့တွေ့ပြီး လိုက်ချလာတာ "
"ဪ ... လာလာ ထိုင်ချဦး ၊ ကိုကိုဆေးဖြန်းလိုက်ဦးမယ် "
ပြောပြောဆိုဆိုပင် လှည့်ထွက်တာမို့ ပန်းယွန်း ပျံလွှားလေလို တိမ်ယံခအနားရောက်သွားရ၏။ ပြီးနောက် ကိုကို့လက်မောင်းကိုတင်းနေအောင်ချုပ်ဖက်ကာ
"ဒါတွေမလုပ်ပါနဲ့ကိုကိုရယ် ဟိုမှာ လေးထွန်းလုပ်နေသားပဲ ...၊ နောက်ထပ်ဖြန်းဖို့ ဆေးပုံး ရှိသေးတယ်ဆို မောင့်ကိုခိုင်း ... မောင်လုပ်လိမ့်မယ် ၊ နော်မောင် ... မနက်စောစော သွေးပူလေ့ကျင့်ခန်းလေးပေါ့ဟာ "
မြတ်သောမောင် မျက်နှာကြီးတင်းပြီးဆူနေပြီ။ ဒါကိုသိတဲ့ ပန်းယွန်း မေးလေးတငေါ့ငေါ့နဲ့ " သွားလေ " ဆိုပြီး ထပ်ခိုင်းပြန်သည်။ ကိုကိုကတော့ နှုတ်ခမ်းလေးစေ့ပြီိး တဟင်းဟင်းနဲ့ရယ်လို့ ။ မောင်ကတော့ အင်္ကျီလက်ဖျားကိုခေါက်တင်ကာ ထောင်းတိမောင်းတိနဲ့ လေးထွန်းလက်ထဲကဆေးဖြန်းပုံးတွေကိုလုယူပြီး ဖြန်းနေလေရဲ့ ။ ကိုကိုက တပြုံးပြုံးနဲ့လှမ်းတားသည်။ ဟိုကမလာတော့ ပန်းယွန်းတွဲထားတဲ့လက်လေးကို ဖြုတ်ပြီိး မြတ်သောမောင်အားလက်ဆွဲကာခေါ်လာလေရဲ့ ။ ကိုကိုဖြုတ်ထားခဲ့တဲ့လက်ကိုပွတ်သပ်ရင်း မြတ်သောမောင်ကိုဘုကြည့်ကြည့်လိုက်သည်။
"ဖရဲခင်းထဲက အဖျက်ပိုးလိုကောင် "
ဆောင့်အောင့်ပြီး နားခိုတဲထဲဝင်ထိုင်လိုက်သည်။ လက်တစ်ဖက်ကကိုင်ထားတဲ့မုန့်ကိုသတိရမှ ကိုကို့အတွက် တို့ဟူးနွေးကို ပန်းကန်ထဲပြောင်းထည့်ပေးလိုက်ပြီး အော်ခေါ်လိုက်ပြန်၏။
"လာကိုကို ဘာမှမစားရသေးဘူးမို့လား အရင်စားပြီးမှအလုပ်လုပ်ရတယ်ကိုကိုရဲ့ ... ၊ မဟုတ်ရင် လေပင့်ပြီးခေါင်းမူးတတ်တယ် "
"သိလှချည်လားညီမလေး... ၊ မနက်စောစောထွက်လာမှ ဒီအချိန်ဆေးဖြန်းဖြစ်မှာမို့ပါကွာ ၊ ကိုကိုလည်းဗိုက်မဆာသေးပါဘူးကွ "
ကိုကို ပန်းယွန်းခေါင်းကိုပုတ်ပုတ်ပြီးပြောတော့ ပန်းယွန်းမှာ ဇက်ကလေးပုပြီးပြုံးဖြီးနေ၏။ ဒါကိုမြင်ပြီး အားမနာတမ်းမဲ့ရွဲ့နေသည်က မြတ်သောမောင်သာတည်း။ အနွေးထည်ထပ်ထားတာတောင် လေတိုက်သဖြင့် ပိုအေးနေသည်မှတ်ရသည်။ လက်အိတ်စွပ်မလာဘဲ မနက်စောစောစက်ဘီးထစီးရင်းက လိုက်လာတာမို့ လက်ဖျားတွေအေးစက်ကုန်ပြီ ။ အလိုက်သိတဲ့ကိုကိုက သူချွတ်ထားတဲ့သူ့လက်အိတ်ကို ပန်းယွန်းကို ကိုယ်တိုင်စွပ်ပေးပါ၏။ ပြီးနောက် သူ့အနွေးအိတ်ထဲထည့်ခိုင်းထားပါသေးသည်။
"ခဏလောက်ထည့်ထား နွေးသွားလိမ့်မယ် " တဲ့ ။
ကြင်နာမှုအပြည့် နူးနူးညံ့ညံ့နဲ့ကရုဏာပါတဲ့ ကြည်လင်တဲ့အသံလေးကြောင့် ချက်ချင်းပဲနွေးထွေးသွားသလိုလို ။ မြတ်သောမောင်က ရေနွေးပူပူငှဲ့ပေးသည်။ ပန်းယွန်းက ကိုကို့လက်မောင်းကို မမှီတမှီပုံစံလေးနဲ့ ကြက်သားဖက်လေးစား အချဉ်လေးနဲ့မှကောင်းတာနော်ဆိုတာကတစ်ဖုံ အနားကနေ တွတ်ထိုးနေသည်။ မျက်ခုံးရိုးတွေတွန့်ကွေးပြီး နှာခေါင်းတရှုံ့ရှုံ့နဲ့လုပ်နေသောမြတ်သောမောင်မှာ ကြာကြာမနေတော့ဘဲ ထထွက်သွား၏။ သွားသွား ... ဝေးလေကောင်းလေ ။ ဒါမှ ကိုကိုနဲ့နှစ်ယောက်တည်း စကားတွေဖောင်ဖွဲ့လို့ရမှာ "
" စာမေးပွဲဖြေရတော့မှာ စာတွေရောရနေရဲ့လား ... ကိုကို့အကူအညီလိုရင်လည်းပြော သိလား ၊ အဲ ပြန်ပါတော့လားညီမလေးရဲ့ ကျူရှင်ချိန်ရှိတယ်မို့လား "
"ဟုတ် ၁၁နာရီမှ ကိုကိုရဲ့ ... တော်ကြာဆို ယွန်းပြန်မှာပါ ၊ ဒါနဲ့ စောနက ကိုကိုပြောတယ်နော် အကူအညီလိုရင်တောင်း ဆိုတာ ... အဲ့ဒါ စာမေးပွဲဖြေရက် ကိုကို ယွန်းကိုဆိုင်ကယ်နဲ့လိုက်ပို့လိုက်ကြိုပေးရမယ် ဘယ်လိုလဲ "
မေးကလေးမော့လို့ ကြည်မြမြလေးကြည့်နေတဲ့ပန်းယွန်းကို သူငေးခနဲစိုက်ကြည့်မိသွားသည်။ ကောင်မလေးမှာ အတော်ပင်မျက်နှာပွင့်အသားပွင့်လာပြီး ထွားနေလိုက်တာ မမြင်ချင်လည်းမြင်ရ မတွေ့ချင်လည်းတွေ့ရနဲ့ ခက်လှပြီ။ ကလေးလေးလို အနားကပ်တုန်းမို့ ပိုဆိုးနေပါသည်။ ညီမလေးလိုချစ်ပေမဲ့ အရင်းမဟုတ်မှန်းသိတဲ့ပတ်ဝန်းကျင်မှာ သူနဲ့ပန်းယွန်းကို တစ်မျိုးများမြင်နိုင်သလား ။ အကယ်၍ မ သာမြင်သွားရင်ဆိုတဲ့အတွေးနဲ့ ခန္ဓာကိုယ်ကို ပက်ခနဲနောက်လှန်လိုက်မိတော့သည်။ ဝဲဘက်ရင်အုံက နွေးတေးတေးလေးဖြစ်နေ၏။ မုန့်စားပြီး ရေနွေးပူပူသောက်နေလို့လားမပြောတတ်။
"ဟို ... နေ့တိုင်းတော့ ဘယ်ဖြစ်မလဲညီမလေးရဲ့ ၊ သိတဲ့အတိုင်း ကိုကိုကအလုပ်တွေနဲ့မအားဘူးလေ "
"တော်ပါ အလုပ်မလုပ်တုန်းကလည်း အားတာဆိုတော့ ... ပြန်တော့မယ် "
"ဟော ချက်ချင်းကြီးလား "
"ဟုတ်တယ် မောင့်ကိုပြောလိုက် ယွန်းပြန်နှင့်ပြီလို့ "
"စိတ်မကောက်ပါနဲ့လား ဟေ့ "
ကြည်စားသလို ပေါ့ပေါ့ကလေးချော့နေတဲ့ကိုကိုသည် ရှူးဖိနပ်လေးကိုကြိုးကုန်းချည်နေတဲ့ပန်းယွန်းအနားရောက်လာပြီး ကူချည်ပေးနေသည်။ သူ့လက်တွေကိုပုတ်ထုတ်လည်းမရ ။ ပန်းယွန်း ဘာပြောပြော ကိုကိုအနုနည်းနဲ့ငြင်းဆန်တတ်တာကို ဝမ်းနည်းလွန်းလှသည်။ စိတ်အလိုအရ မျက်ရည်ကပေါက်ခနဲကျသွား၏။ ဒါကို ကိုကိုက မေးဖျားကလေးကိုင်ပြီး ကျန်တစ်ဖက်နဲ့ မျက်ရည်တွေကိုဖွဖွသုတ်ပေးပါသည်။ ထိုလက်ကို ပန်းယွန်း ဖယ်ရှားဖို့ကိုင်လိုက်တာပါ ။ ဒါပေမဲ့ ကိုကိုက ပါးပြင်နုနုမှာ သူ့လက်ကိုတင်းအုပ်ထားတာမို့ ပန်းယွန်းလက်ကလေးက ကိုကိုလက်ခုံပေါ်အုပ်ကိုင်ထားသလိုဖြစ်သွား၏။ ပန်းယွန်း သွေးတွေပြောင်းပြန်စီးသွားပြီး မျက်လုံးတွေပင်ပြာဝေသွားသည်။ ခုန်လိုက်တဲ့ရင် တုန်လိုက်တဲ့ဒူးပါလေ ... ။ ငေးငေးကြီးကြည့်နေတဲ့ကိုကို့ကိုတွန်းဖယ်ပြီး ပြေးထွက်လာခဲ့ကာ တစ်လမ်းလုံး ဒူးတွေခဏခဏညွှတ်ညွှတ်ကျလို့ ။ စက်ဘီးကိုလည်း မနည်းအားယူနင်းနေရသည်။ အိမ်ပြန်ရောက်လို့ မေမေက "ကြာလိုက်တာ ဘယ်ဝင်နေသလဲ " မေးတာတောင် ပြန်မဖြေနိုင်။ ရင်ခုန်ရလွန်းလို့မောလှပြီမဟုတ်လား ။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၅) ဆက်ရန် >>>
#Ruby Linn