✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
---------------
ရက်လည်ပြီးချိန် မြတ်လေးဟန်တို့အိမ်မှာ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ ပို၍ တိတ်ဆိတ်သွား၏။ နေ့မအိပ် ညမအိပ် အစားလည်းကောင်းကောင်းမစားတာကြောင့် မြတ်လေးကို ဆရာဝန်အိမ်ပင့်၍ ဆေးခေါ်ထိုးလိုက်ရသေးသည်။ ပန်းလိပ်ပြာကတော့ မြတ်လေးနဲ့အတူ ရှိနေ၏။ သိပ်မကြာခင် ခြံထဲ ခဏဆင်းသွားတဲ့ သတိုးတေဇနဲ့ တိမ်ယံခလည်း ပြန်လာကြပြီ။ အားလုံး ဝိုင်းထိုင်ကာ ဆွေးနွေးပွဲလေး စလိုက်ကြသည်။
" မြတ်လေးက ခြံလုပ်ငန်းကို မကျွမ်းကျင်ဘူး၊ ဒါပေမဲ့ မွေးကတည်းက ဘယ်သူမှ တတ်ကျွမ်းလာတာမဟုတ်တော့ မြတ်လေး လေ့လာမှာပါ သားတို့ ဘာမှမပူကြနဲ့၊ ပညာသာ ဆုံးခန်းတိုင်အောင်သင်ကြ တခြားမစဥ်းစားကြနဲ့ ဒီအမေရှိသေးတယ်... "
" မဟုတ်တာ မေမေရယ်... သားတစ်ယောက်လုံးရှိပါတယ်၊ မေမေ နေပူထဲထွက်စရာမလိုပါဘူး... သား ဆေးကျောင်းနားပြီး အလုပ်ထဲဝင်မယ်၊ ညီလေးက ကျောင်းဆက်တက် မေမေက အိမ်ဦးခန်းမှာပဲနေ နော်မေမေ "
" အို ကျောင်းနေရမဲ့အရွယ်မှာ အလုပ်မလုပ်ခိုင်းပါဘူး မေမေ့သားတွေကို၊ ပင်ပင်ပန်းပန်းမလုပ်စေချင်လို့ ကျောင်းထားခဲ့တာပဲ၊ ဒါကို မင်းတို့အဖေကြားရင် စိတ်ကောင်းမှာမဟုတ်ဘူးနော် မလုပ်ရဘူး ဒါပဲ "
သူတို့မိသားစုပြောတာတွေကို ပန်းလိပ်ပြာတို့လင်မယား တစ်ခွန်းမှ ဝင်မထောက်ဘဲ နားထောင်နေလိုက်၏။ ဘာလို့ဆို ဒါမျိုးက ချက်ချင်းဆုံးဖြတ်လို့ရတာမဟုတ်၊ အချိန်ယူစဥ်းစားရမည်။ တိမ်ယံခကတော့ ကျောင်းနားမည်ဟု ယတိပြတ်ဆုံးဖြတ်ထားပုံပေါ်သည်။ မြတ်သောမောင်က ကလေးသာသာဆိုတော့ ဘာမှဝင်မပြောတတ်။
°°°°°°°°°°°
ပန်းယွန်း ကိုကိုတို့အိမ်ရှေ့မှာ စက်ဘီးရပ်ပြီး အိမ်ဝင်းထဲ တိတ်ဆိတ်စွာ ပတ်ဝန်းကျင်ကိုလည်း အကဲခတ်လျက် ဝင်လာစဥ် အိမ်ထဲမှ ထွက်လာသော တိမ်ယံခကို မထင်မှတ်ဘဲ လှမ်းတွေ့လိုက်ရာ လှပ်ခနဲ ဝမ်းသာသွား၍ ခပ်ကျယ်ကျယ်လေး သူမ အော်ခေါ်လိုက်၏။
သို့သော် ကိိုကိုက အားကစားဖိနပ်ကလေးကောက်စီးပြီး လက်ထဲကဖုန်းကို နားနားကပ်၍ အလျင်လိုနေဟန်ဖြင့် ဆိုင်ကယ်ပေါ် တက်ကာ သူမကို ဖြတ်ကျော်၍ မောင်းထွက်သွားတာ မြင်ရသဖြင့် ရင်ထဲက နင့်ခနဲ အောင့်၏။ သူမ ကိုကို့ရဲ့ လျစ်လျူရှုခြင်းကို ခံလိုက်ရတာလား...။ လူက တစ်ပတ်လည်သွားသည်အထိ ခေါင်းချာချာလည်အောင် လှည့်ကြည့်မိလိုက်သည်။ နောက်ကြည့်မှန်ကများ သူမကို ကိုကိုမြင်သွား၍ ပြန်လှည့်လာလေမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးဖြင့်...။
တဖြည်းဖြည်းဝေးသွား၍ မျှော်လင့်ချက်ကဝါးလာသည့်အခါ လူက မသက်သာလှပါ။ နှုတ်ခမ်းလေးမဲ့ကျ၍ အိမ်ထဲခပ်ရို့ရို့ဝင်လာတော့ မေမေနဲ့ တန်းတွေ့သည်။
" သမီးလေး... ဘာလို့လိုက်လာရတာလဲ "
မေမေ့ခါးလေးကို သူမလှမ်းဖက်၍ မျက်နှာလေး ဝှက်ထားရင်း နှုတ်ဆိတ်နေမိသည်။
" ထမင်းစားပြီးပြီလား "
ပန်းယွန်း ခေါင်းသာယမ်းပြလိုက်၏။
" ဆာနေရောပေါ့ စားမလား၊ မေမေ ပြင်ပေးမယ် "
သူမတို့နှစ်ယောက် မီးဖိုခန်းထဲ ဝင်သွားတော့ မြတ်သောမောင် တစ်ယောက်တည်း ထမင်းစားနေလေရဲ့။ မေမေက သူမအတွက် ထမင်းပြင်ပေးခဲ့ပြီး ထားခဲ့သည်။
သူမ ထမင်းဖြူကို ဇွန်းနဲ့ဖွနေမိပြီး မျက်လုံးက အဝေးတစ်နေရာသို့ ရောက်နေကာ အသိစိတ်မကပ်ဘဲရှိနေစဥ် ထမင်းပန်းကန် စောင့်ချသံကြားလိုက်ရစဥ် ကိုယ်လေးတုန်သွား၍ လိပ်ပြာလေး ဘယ်နားရောက်သွားသည်မသိ။
" ကျစ်! "
မတ်တပ်ရပ်၍ ပန်းယွန်းအား ခပ်စိုက်စိုက်ကြည့်လျက် မြတ်သောမောင် စုတ်သပ်လိုက်ပြီး နေရာမှ ဆောင့်အောင့်ထွက်သွားလေ၏။ ဘာဖြစ်သွားတာလဲ...။ သူမ ဘာလုပ်မိလို့ သူ ယခုလို ကြမ်းတမ်းစွာ ပြုမှုနေတာလဲ။ စိတ်ထဲ မချမ်းမြေ့ကာ နေလို့ထိုင်လို့ မကောင်းတော့ပါ။ ဘာတွေဘယ်လို မှားယွင်းနေခဲ့တာလဲ။ ဘာကြောင့် သူမကို စိမ်းကားစွာ ဆက်ဆံနေကြလဲ သူမ သိချင်မိသည်။
°°°°°°°°°°
" ယွန်းရေ ဖြေနိုင်တယ်မလား၊ ငါကတော့ ၅ မှတ်တန် တစ်ပုဒ်မှားဖြေလိုက်မိတယ်ဟယ် "
" တစ်ပုဒ်တည်းမလား ကိစ္စမရှိပါဘူး၊ မနက်ဖြန်ဘာသာအတွက် အားမွေးလိုက်ဦး "
" မနက်ဖြန်က ရူပဆိုတော့ ငါတော့မထင်၊ နည်းနည်း choice ရင်ကောင်းမလား၊ ငါ့ကို နင်ရွေးပေးပါလား... "
" မဟုတ်တာ အများကြီးကျက်ခဲ့ပြီးပြီပဲ၊ ခုမှ choice မနေနဲ့၊ မသေမရှင်နဲ့ ကားသွားမယ်နော် "
" စိတ်ညစ်တယ် တော်ပြီ တော်ပြီ စာမေးပွဲဆို မကြားချင်ဘူး "
" ဒါနဲ့လေ ဟို ငမောင်ရော သူဖြေနိုင်တယ်မလားဟင် "
" သူက စတော်ကြီးပဲ ဖြေနိုင်မှာပါ "
" အင်းပါလေ "
" ခုတလော ငမောင့်ကိုကြည့်ရတာ တစ်မျိုးပဲနော်၊ မျက်နှာထားတင်းတင်းနဲ့ အချိုးမပြေဘူး... ငါတို့မို့ထင်တယ်၊ တခြားဟာမတွေဆို သွားကိုဖြီးလို့ စိတ်ပျက်တယ် "
မူပျက်နေသော ငမောင့်အကြောင်းကို နဒီလှိုင်တောင် ရိပ်မိနေပြီ။ သူမကတော့ ဖာဖာထေးထေးဖြင့် သူ့အဖေဆုံးထားတဲ့စိတ်ကြောင့်ပါလို့ ပြောလိုက်မိပါ၏။
°°°°°°°°°°°°°°°
" မောင် အဆင်ပြေရဲ့လား... မောင့်ဖေဖေ လလဲပြီးရင် ကျောင်းပြန်တက်မယ်မလား "
" ဟူး... မသေချာပါဘူး မရယ်... မောင့်သဘောအတိုင်းဆို ကျောင်းနားဖြစ်ဖို့များတယ်၊ မေမေကတော့ ဆက်တက်ဖို့ပဲ အားသန်တယ် "
" ဟင် အခြေအနေတွေက အဲလိုထိဖြစ်ကုန်တာလား မောင် "
" ဟုတ်တယ်မ၊ အိမ်စီးပွားရေးအတွက် ခြံလုပ်ငန်းကို မောင်ဦးစီးမှရမယ် "
အပေါ်အကျီကိုချွတ်၍ ပခုံးတစ်ဖက်ပေါ် တင်လိုက်ရင်း ပွယောင်းနေသည့်ဆံပင်တွေထဲ သူလက်ထိုးထည့်လိုက်ပြီး ဆွဲဆုပ်ကာ သက်ပြင်းလေးကြီးရှည်လျားစွာ ချလိုက်မိ၏။ တစ်ဖက်မှလည်း တိတ်ဆိတ်စွာ ရှိနေ၏။ သာကြောင်းမာကြောင်း ချစ်ကြောင်းလွမ်းကြောင်းတွေလည်း မပြောမိ။
အိမ်ထဲ ခေါင်းငိုက်စိုက်ဝင်လာရင်း တိမ်ယံခ ဖုန်းပိတ်လိုက်သည်။
ဧည့်ခန်းမှာ မေမေတို့တွေ ထိုင်နေတာတွေ့တော့ သူလှည့်ဝင်လိုက်၏။ ပန်းလိပ်ပြာပေါင်ပေါ် ကွေးကွေးလေးအိပ်နေတဲ့ ပန်းယွန်းတေဇဆီ သူအကြည့်ရောက်သွားစဥ်...
" ယွန်းလေးပါ ရောက်နေတာလား "
" အေး... သားတိမ်ယံ အခုမှပြန်လာတာလား "
" ဟုတ်ကဲ့ "
" ထမင်းရောစားပြီးပြီလား "
" မဆာသေးပါဘူး အန်တီရယ်... အန်တီတို့ရော စားပြီးကြပြီလား "
" ပြီးပြီ "
" မေမေ... နေကောင်းလား ဘယ်လိုနေလဲ "
" နောက်ကျလိုက်တာ သားရယ်... "
" ဟုတ်ကဲ့ သားသူငယ်ချင်းတွေနဲ့ တွေ့နေလို့ပါ "
အတော်လေး ချောင်ကျသွားသည့် မေမေ့ကိုကြည့်ပြီး သူစိတ်ထဲမကောင်းပါ။ လက်တွေကိုင်ကြည့်တော့ အေးစက်နေ၏။ မေမေက သူ့ကိုကြည့်၍ အားတင်းကာ ပြုံးရှာသည်။
" ဒါနဲ့မေမေ ညီရော "
" အခန်းထဲမှာ "
" ကဲ သားတိမ်ယံ ပြန်ရောက်ပြီဆိုတော့ လိပ်ပြာတို့ပြန်တော့မယ်နော် မြတ်လေး... ဘာစားချင်လဲ မနက်ဘာချက်ပို့ပေးရမလဲ ပြော "
" နေပါ နေ့တိုင်းချက်ပေးနေတာ၊ ကိုယ့်ဘာသာပဲ ချက်လိုက်တော့မယ်၊ လိပ်ပြာတို့လည်း ပင်ပန်းရောပေါ့ ပြန်နားလိုက်ကြ ဟုတ်လား "
" အဲဒါနောက်မှပြော၊ မြတ်လည်း နားလိုက်၊ သားတိမ်ယံ အန်တီတို့ စိတ်ချမယ်နော် "
" ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါ "
သတိုးတေဇက ပန်းလိပ်ပြာပေါ်မှာ အိပ်ပျော်နေသည့် သမီးလေးကို မနိုးစေဘဲ အသာအယာပွေ့ချီလိုက်ကာ ကားပေါ်သယ်သွားလိုက်၏။ အနောက်မှ လိပ်ပြာက လက်ဆွဲအိတ်ဆွဲလျက် နဘေးမှ လျှောက်လာခဲ့သည်။
°°°°°°°°°°°°°°
" အန်တီမြတ် "
" အွန် ယွန်းလေး... "
" ကိုကို "
အိမ်တံခါးပေါက်ဝမှာ အဖြူရောင် နှင်းဆီပန်းတွေ တပွေ့တပိုက်ဖြင့် ခြေစုံရပ်လျက်ရှိသော ပန်းယွန်းကို တိမ်ယံခ အပြင်သွားဖို့ထွက်လာရင်း တွေ့လိုက်ရာ သူမအား စီးမိုးကြည့်၍ ရေရွတ်လိုက်တော့ ပန်းယွန်းက သဲ့သဲ့ခေါ်လိုက်၏။
" ဟို ဘုရားပန်းလာပို့တာပါ အန်တီမြတ်ရော "
" မေမေက အပေါ်ထပ်မှာ လာ အိမ်ထဲဝင်လေ "
" ဟင့်အင်း မဝင်တော့ဘူးလေ၊ ကိုကိုပဲ ယူထားလိုက်တော့နော် "
ပန်းတွေကို ကိုကို့လက်ထဲ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် ချက်ချင်း လှည့်ပြန်ဖို့ပြင်သောအခါ...
" စာမေးပွဲဖြေနိုင်တယ်မလား ယွန်းလေး "
" ဟုတ်ကဲ့ "
" နေမကောင်းဘူးလား "
" ဟင် "
ဖြူဖျော့နေသည့် မျက်နှာလေးကြောင့် သူမ ပါးလေးကို လက်ဝါးဖြင့် အသာကိုင်တွယ်ကြည့်တော့ ဟင်ခနဲဖြစ်သွားသော သူမက ကိုယ်လေးကျုံ့သွားလေ၏။
" ယွန်းလေးတောင် ၁၀ တန်းရောက်တော့မယ်နော် အချိန်တွေက မြန်လိုက်တာ၊ မျက်စိအောက်တင် ထွားလည်းထွားလာတယ် ကလေးမက "
ကိုကိုက ရယ်ကျဲကျဲဖြင့် ပြောနေခြင်းသာ။ သူမက ဝိုင်းစက်နေသော မျက်လုံးလေးတွေဖြင့် တိမ်ယံခအား ငေးမော့ကြည့်နေသည်မှာ ကော့ပျံနေသည့် မျက်တောင်တွေ လှုပ်ရှားဖို့ မေ့မေ့လျော့လျော့ပင်။
°°°°°°°°°°°°
" ဒီ equation လေး တစ်ချက်စစ်ကြည့်ပေးပါလား ယွန်းယွန်း၊ ပပတွက်တာ တစ်ခုခုမှားနေသလားလို့ "
" အင်း ယွန်းကြည့်ပေးမယ်နော် "
ဗလာစာအုပ်လေးကို ပပလက်ထဲမှ တစ်ချက်ယူကြည့်လိုက်ပြီး သူမ အမှားရှာလိုက်သည်။ သူမလည်း ဒီ equation ကို တစ်ခါမှ မတွက်ဖူးပါ၊ နည်းနည်းတော့ လည်ထွက်သွား၏။ သေချာစစ်ကြည့်ပြီး သူမ နားလည်သလောက် ပပကို ပြန်ရှင်းပြလိုက်ပါသည်။
" ကျေးဇူးပါ ယွန်းရယ်... အခုမှ ရှင်းသွားတော့တယ်၊ မောင်က သူရှင်းပြမယ်ပြောပါတယ် ပပက သိချင်နေတာနဲ့ ယွန်းကိုပဲ မေးလိုက်တာ "
" အင် ဟင်း ရပါတယ် "
ပပ စာအုပ်လေးယူပြီး ထွက်သွားတော့မှ နဒီလှိုင်က ပန်းယွန်းကို လက်ကုပ်၏။ ပြီးတော့ ပပကို မျက်လုံးလေးစွေကြည့်လျက် အတင်းတုပ်လေသည်။
" အဟွန်း... မောင်တဲ့၊ အဲဒါ မြတ်သောမောင်ကိုပဲ ပြောတာနေမှာ၊ ဘာမှမဟုတ်ဘူး အဲဒါငါတို့တွေ ငမောင်နဲ့ရင်းနှီးမှန်းသိလို့ လာကလိသွားတာ အံ့သြပါ့အေ "
ခုထိ နဒီလှိုင် ပြောနေတာတွေ သူမ နားမရှင်း။ နားဝေတိမ်တောင်ဖြစ်နေ၏။ ခေါင်းလေးကုပ်၍ သူမ မအူမလည် ပြန်မေးမိလိုက်သည်။
" နေပါဦး ငမောင်နဲ့ ပပနဲ့က သူငယ်ချင်းတွေလေ မဟုတ်ဘူးလား "
" ဟေ ငါဒီလောက် အရိပ်ပြနေတာတောင် နင်က အကောင်မမြင်ဘူးလား ယွန်းယွန်းရယ်... "
ပန်းယွန်း ယုန်ဖြူလေးအသွင်ဖြင့် ခေါင်းလေးခါပြလိုက်တော့ နဒီလှိုင်က သူမနားတိုးလာပြီး နှစ်ကိုယ်ကြားရုံသာ ပြောလိုက်၏။
" သူတို့နှစ်ယောက်က သူငယ်ချင်းထက်ပိုတယ်ဆိုတာ သူတို့အမူအယာကြည့်ရုံနဲ့ သိနိုင်တယ်အေ "
" အဲဒါ နင့်ထင်ကြေးလေ၊ ငါတို့က ခုမှအထက်တန်းတောင်မအောင်သေးဘူး၊ ရည်းစားသနာကိစ္စက မဖြစ်နိုင်ပါဘူးဟာ "
" နင်နဲ့ငါ လောင်းမလား၊ ငါ ပပကိုမေးကြည့််မယ် "
" မလုပ်ပါနဲ့ နဒီရယ်... အားနာစရာကြီး "
" နေစမ်းပါ ပပရေ ခဏ ခဏ "
ဘယ်လိုမှ တားလို့မရသည့်အဆုံး နဒီလှိုင်က ပပကို လှမ်းခေါ်လိုက်သည်။ သူမမှာတော့ မျက်နှာပူထူလျက်။ ပပက သူမတို့ဆီ လျှောက်လာနေပြီ။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၄) ဆက်ရန် >>>
#Ruby Linn