book

Index 12

အပိုင်း(၁၂)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨ Black Verse ✨

[ကာရန်မဲ့ကဗျာ]


-------------- 


၉ တန်းရောက်သောအခါ သူငယ်ချင်းတွေ အခန်းတွေကွဲကုန်ကြသည်။ အတွဲ(၁)၊ အတွဲ(၇)၊ အတွဲ(၂) ဟု ကွဲသွားပြီး အတွဲ(၁)က ရူပဗေဒ ဓာတုဗေဒနဲ့ ဘောဂတွဲ၊ အတွဲ(၇)က ရူပဗေဒ ဓာတုဗေဒနဲ့ ဇီဝဗေဒ၊ အတွဲ(၂)က သမိုင်းနဲ့ ပထဝီ တို့ အတွဲတွေကွဲသဖြင့် ပန်းယွန်းတို့သူငယ်ချင်းနှစ်ယောက်နဲ့ မြတ်သောမောင်တို့ သူငယ်ချင်းနှစ်ယောက်က အတွဲ(၇) ယူကြပြီး A ခန်းမှာ တက်ကြရသည်။ ပြီးတော့ ၉ တန်းတက်တော့ ပန်းယွန်း ကျူရှင်တက်လိုက်၏။ မြတ်သောမောင်နဲ့အတူ သွားရသည်။ 


" ဝေး ငမောင် ငမောင်... ဟေး... "


ဘောလုံးကွင်းရဲ့အပြင် သံဇကာတွေနားက ပန်းယွန်းလက်နှစ်ဖက် ဝေ့ယမ်းကာ ဘောလုံးကန်နေသည့် အုပ်စုထဲမှ မြတ်သောမောင်ကို လိပ်ခေါင်းထွက်မတက် သူမ လှမ်းအော်ခေါ်လိုက်သောအခါ... 


မြတ်သောမောင်က ခပ်ညစ်ညစ်လှည့်ကြည့်လာ၍ သူမအား သူ့ထံမလာရန် လက်ကာပြပြီး သူ့သူငယ်ချင်းတွေကို တစ်ခုခုပြောလိုက်ပြီးမှ သူမဆီသို့ ခပ်သုတ်သုတ်ပြေးလာ၏။ 


" ဘာလဲ ဘာကိစ္စလဲ ဒီကိုဘာလို့လိုက်လာတာလဲ ယောကျ်ားလေးတွေနဲ့ နင်မမြင်ဘူးလား " 


စောက်နဲ့ထွင်းသလို နင့်သီးစွာ ပြောလာသော သူ့ကို သူမ ကြက်သေသေ၍ ကြောင်ကြည့်နေပြီးမှ နှုတ်ခမ်းလေးမဲ့ကာရွဲ့ကာဖြင့် ပြောလိုက်မိသည်။


" ကျူရှင်တက်ရမယ်လေ၊ အဲဒါကြောင့် လာခေါ်တာ၊ ဘယ်မိန်းကလေးက ဒီနေရာ လာခေါ်ချင်မှာလဲ နောက်ကလိုက်ခဲ့ " 


" ဟေ့ ဒီမှာ ယွန်းယွန်း "


" ဘာလဲ " 


ရှေ့ဆက်သွားနေရင်း သူမ ဘုဆတ်ဆတ်ပြောလိုက်၏။ 


" ကျူရှင်ချိန်အမီပြန်လာရင် ပြီးရောမလား၊ နောက် ဘယ်တော့မှ လိုက်မခေါ်နဲ့ ကြားလား " 


" ဟဲ့ ကြားလား... " 


သူက ရှေ့ကပိတ်ရပ်ပြီး သူမအား ငေါက်လိုက်၏။ သူမက သူ့အား မော့ကြည့်လာပြီး အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ သူ့ရင်ဘက်ကို ပိတ်တွန်းပစ်လိုက်သည်။ နောက်သို့ အနည်းငယ် သူ ​ခြေလှမ်းရွေ့သွားသောအခါ သူမက သူ့ကို ဖြတ်ကျော်၍ လျှောက်ထွက်သွား၏။ သူမရဲ့ မထီမဲ့မြင်ပြုမှုကြောင့် သူ တောက်တစ်ချက် ခေါက်လိုက်လေသည်။ သူ့အသားကို ဘယ်မိန်းကလေးမှ လာထိတွေ့မကြိုက်ပါ။ 


အိမ်ပြန်ရေမိုးချိုးပြီး သူမကို ဝင်ခေါ်ကာ သူကျူရှင်သို့ ထွက်လာခဲ့လေ၏။ ကျူရှင်မှာတော့ လူစုံနေပြီ။ မကြာခင် ဆရာမရောက်လာပြီး သင်္ချာတွက်ကြ၏။ ဆရာမက နမူနာပုစ္ဆာတစ်ပုဒ်ကို တွက်ပြီပြီး ဆင်တူရိုးမှားတစ်ပုဒ် ကိုယ့်ဘာသာ တွက်ရသည်။ အဖြေက ပြောပြပြီးသားပါ။ သို့သော် သူမတွက်တာ အဖြေမထွက်။ 


" နဒီ ယွန်းအဖြေမထွက်ဘူး... ဘယ်လိုတွက်တာလဲ " 


" ငါရောပဲ အ​ဖြေက ၃ တဲ့၊ ငါ့အဖြေက ၅ ဖြစ်နေတယ် နင့်ထက်ပိုဆိုး " 


" အေးဟယ် " 


" ငမောင့်ကို မေးကြည့်ရအောင် " 


" နေစမ်းပါ သိက္ခာကျတယ် ဆရာမ တွက်ပြတာပဲ စောင့်လိုက်တော့မယ် " 


သူမ တားနေသည့်ကြားက နဒီလှိုင်က သူ့အား မေးဖြစ်အောင်မေးလိုက်သေးသည်။ 


" ဟဲ့ ငမောင် နင်အ​ဖြေထွက်လား " 


ဆိုတော့ သူက ' အေး ' ဟု အပေါ်စီးက လေသံနဲ့ ပြန်ဖြေပါတယ်။ 


ထို့နောက် အားလုံးတွက်ပြီးသောအခါ ဆရာမက white board မှာ ပြန်လည်ရှင်းပြ၏။ သည်တော့မှ ကိုယ့်အမှားကိုယ်သိရတော့သည်။ တယ်လည်းရှန်းတဲ့ ငါပါလားနော်။ ၃ ကို ၁ လို့ မှားရေးရတယ်လို့...။ 


သင်္ချာဆရာမထွက်သွားပြီး ရူပဗေဒ ဆရာမ မလာခင် ကြားချိန်တွင် တခြားသူများက အပြင်ထွက်သွား၍ တချို့က စကားစမြည်ပြောနေကြချိန် ပန်းယွန်းက စောနက သင်္ချာပုဒ်စာအား အခါပေါင်းများစွာ စိတ်ပျက်ပျက်ဖြင့် ဖိတွက်နေမိစဥ် မြတ်သောမောင်က အပြင်သို့ထထွက်သွားလေ၏။ ထိုအခါ...


" ဟဲ့ ဟဲ့ ယွန်းယွန်း "


" ဟင်... " 


" ဟိုမှာကြည့်စမ်း ငမောင့်ကို " 


စာရေးနေသည့်လက်ကို တံတောင်ဖြင့်တွတ်ရင်း နဒီလှိုင် ထိုသို့ပြောသဖြင့် သူမ ဘောပင်ချကာ အပြင်သို့ လှမ်းကြည့်မိလိုက်၏။ တံခါးကို မှီနွဲ့ရပ်ရင်း သူက အတန်းဖော်မိန်းကလေးတစ်ယောက်နဲ့ ဖော်ရွေစွာ စကားပြောနေပုံပင်။ သိပ်ဂရုမထားဘဲ ဒီအတိုင်း တစ်ချက်ကြည့်ပြီး ဘောပင်ပြန်ကိုင်တော့ နဒီလှိုင်က သူမကို တွေးတွေးဆဆဖြင့် တိုးတိုးပြောလာ၏။ 


" ပပနဲ့ ငမောင်နဲ့ကို အမြဲတတွဲတွဲတွေ့နေရတယ် ဒီရက်ပိုင်းလေ၊ နဒီတော့ သူတို့မရိုးဘူးထင်တာပဲ "


သူမ နဒီ့ကို မျက်ခုံးပင့်ကြည့်လိုက်မိပြီးမှ မြတ်သောမောင်ထံသို့ အကြည့်တွေ ဒုတိယအကြိမ် ဝဲသွားတော့ တစ်ခုသတိထားမိ၏။ ရယ်ရယ်မောမော စကားပြောနေတာပဲ။ သူ့ထံမှာ ထိုအမူအယာမျိုး တွေ့ခဲလှပေစွ။ သို့သော် သူတို့မရိုးဘူးဆိုတာတော့ မဖြစ်နိုင်ကောင်းပါဘူး...။ သူမက ပင်ကိုယ်သဘောရိုးဖြင့်သာ တွေးဆလိုက်ခြင်းပင်။ အို... သူတို့ဘာနေနေပါ သူမအရေးလား။ 


အကြည့်တွေရုတ်သိမ်းရုံရှိသေး သူက အထဲသို့ပြန်ဝင်ကာ မျက်နှာချိုဖြင့် နေရာတွင် ပြန်ထိုင်၏။ သြော်... သူက ပြုံးတက်သေးတာလား။ သူမဖြင့် တစ်ခါမှ မတွေ့ဖူးခဲ့ပါ။ 


" ဟက်ရေ နင်တို့တွေ ဆရာမ ဒေါ်ခင်ဆွေမြင့် ရေးခိုင်းထားတဲ့ စကားပြေ ရေးပြီးကြပြီလား ငါမရေးရသေးလို့ ပြီးတဲ့သူရှိရင် ခဏငှားစမ်းပါဟယ် " 


" ဒေါ်လင်းလင်းဋ္ဌေးရဲ့ letter တွေလည်း မရေးရသေးပါဘူး... ဘယ်သူမှ ရေးပြီးမှာလည်းမဟုတ်ဘူး ထားလိုက် " 


" ယွန်းရော ပြီးပြီလား "


" ယွန်းလား... ရေးတုန်း နည်းနည်းကျန်သေးတယ် " 


ကျူရှင်ဆင်းချိန်မှာ ကျောင်းသားတွေစုံသဖြင့် အော်ဟစ်၍ ခရားရေလွှတ်တတွတ်တွတ် ပြောလာကြသည်။ 


" ယွန်း နင့်စက်ဘီးလည်းမတွေ့ပါလား " 


" ဟီး ယွန်း ငမောင်နဲ့ကပ်လိုက်လာတာ၊ နင်းရမှာ ပျင်းလို့ " 


စကားပြောရင်း ပန်းယွန်း မရည်ရွယ်ဘဲ အနားရှိသည့် မြတ်သောမောင်ကို တံတောင်ဆစ်ဖြင့်ထိလိုက်မိသောအခါ စူးစူးဝါးဝါးအသံထွက်ပေါ်လာ၏။ 


" ငါ့အသားကိုမထိနဲ့ " 


ရုတ်တရက်မို့ သူမ လန့်ဖျပ်သွားကာ ယောင်နနဖြစ်သွားရင်း သူ့အား ငဲ့ကြည့်မိသည်။ ထိုအချိန်မှာ သူငယ်ချင်းမတွေက...


" အံမယ် ငမောင်ကလည်း ကြီးကျယ်နေရော... ဒါလေးထိတာ ဘာဖြစ်တာမှတ်လို့ " 


" အေးလေ " 


ပန်းယွန်းကလည်း တိုးတိုး သံယောင်လိုက်လိုက်၏။ သို့သော် သူက မီးကိုထိမိသည့်အလား ဖျပ်ဖျပ်လူး၍ ခေါင်းတခါခါဖြင့်...


" ငါမကြိုက်ဘူး "


" ထိတယ်ဟယ် ဘာဖြစ်သလဲ ထိတော့ "


ရှက်ရှက်ဖြင့် သူမ သူ့လက်မောင်းကို အားဖြင့် ဆွဲယူလှုပ်ယမ်းရင်း ပြောလိုက်ခြင်းသာ။ နဂို သူ ဒီလိုမဟုတ်ပါ။ ဗြုန်းစားကြီး ပြောင်းလဲသွားတဲ့သူ့အကျင့်တွေကို သူမ ကျင့်သားမရသေးဘူးဟု ဆိုရမည်။ သူ့အပြုအမှုဆန်းတွေက တစ်ခါတစ်ခါ သူမကို အကြပ်ရိုက်စေရုံမက ကသိကအောက်ပါ ဖြစ်စေ၏။ 


" လာ လာ ပြန်မယ် "


ခြေလှမ်းကျဲတွေဖြင့် ရှေ့ကခပ်ကော့ကော့ လျှောက်ထွက်သွားနှင့်ပြီဖြစ်တဲ့ မြတ်သောမောင်။ ပန်းယွန်းတို့ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပခုံးအား ဆတ်ခနဲ တွန့်ပြလိုက်၏။ ပန်းယွန်း သူမခေါင်းကို ခပ်ဖွဖွ ကုပ်လျက် သွက်သွက်လျှောက်သွားလိုက်လေသည်။ 


°°°°°°°°°


" ဟဲလို "


" ဘုရားရေ အမလေး အင်း အင်း လာခဲ့မယ် လာခဲ့မယ်နော် အားတင်းထား... " 


" မိန်းမ ဘယ်သူဆက်တာလဲ " 


" အမလေး ကိုရယ် " 


ပန်းလိပ်ပြာ ချက်ချင်းစကားမဆိုနိုင်ဘဲ ရင်ဘက်ကို လက်ဖြင့်ဖိထားရင်း အသက်ကိုမှန်မှန်ရှူရှိုက်သွင်းနေတော့ သတိုးတေဇ စိတ်ပူစွာ သူမ ပခုံးသားလေးကို တင်းတင်းဖက်ထားပေးလိုက်၏။ နောက်မှ တဖြည်းဖြည်း စကားပြောနိုင်လာသည်။ 


" မြတ်လေ... သူ့ယောကျ်ား ဆုံးပြီတဲ့ " 


" ဟေ ဘယ်လိုဖြစ်ရတာလဲကွာ " 


" ခြံထဲမှာ မူးပြီးသတိလစ်သွားတာတဲ့၊ ချက်ချင်း ဆေးရုံပို့ပေမယ့် လမ်းမှာတင် ဆုံးသွားတယ်တဲ့လေ၊ ဆရာဝန်ကြီးတွေက ဦးနှောက်သွေးကြောပေါက်တဲ့ရောဂါနဲ့ သေဆုံးကြောင်းအတည်ပြုလိုက်လို့ အခုအိမ်ပြန်ခေါ်လာနေကြပြီဆိုပြီး မြတ်လေး ငိုယိုပြီး ဖုန်းဆက်လာတယ် ကိုရယ်... လိပ်ပြာ ရင်ထဲမကောင်းလိုက်တာ " 


" အေးကွာ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး " 


" လိပ်ပြာတို့ အခုလိုက်သွားမှဖြစ်မယ် " 


" လိုက်သွားရမှာပေါ့ " 


လှေကားပေါ်က အောက်ထပ်သို့ဆင်းလာနေဆဲ ပန်းယွန်းသည် မေမေတို့ ပြောနေတာတွေကို စလယ်ဆုံး အလုံးစုံကြားသိလိုက်ရလေသည်။ ဆက်၍ မဆင်းတော့ဘဲ ရောက်သည့်နေရာ၌ ဒူးတုပ်ထိုင်ချလိုက်ကာ လက်ရန်းကို ခေါင်းလေးမီထားလိုက်၏။ 


ဒါဆိုရင်ဖြင့် ကိုကိုတို့မှာ အဖေမရှိတော့ဘူးပေါ့နော်။ ပန်းယွန်းလည်း တစ်နေ့ မေမေတို့ကို ခွဲရမှာလား၊ ဟင့်အင်း မထားခဲ့ချင်ဘူး၊ နေလည်းမနေခဲ့ပါရစေနဲ့...။ ရုတ်တရက် ဆောက်တည်ရာမရသည့် စိတ်အစဥ်ကို ငယ်သူမို့ ထိန်းကွပ်ပဲ့ပြင်နိုင်စွမ်းမရှိပါဘဲ မျက်ရည်တွေတွေကျလာရင်းမှ ရှိုက်သံကလေးထွက်လာရင်းမှ ဟီးတိုက်ငိုကြွေးပါလေတော့သည်။ 


°°°°°°°°°°°°°°°°°°°°°


" မနက်က အလုပ်မသွားခင် ဆတ်သား​ခြောက်လေး စားချင်တယ်လို့ ပြောသွားတယ်... မြတ်ကိုယ်တိုင် သွားဝယ်ပြီး ချက်ထားတယ်လေ၊ မစားသွားရှာဘူး အမလေး... ဘာကြောင့်များလဲ၊ အားလုံးအဆင်ပြေခါမှ ဘာလို့လဲ " 


" ရင်တွေနာလိုက်တာ... မြတ်ရင်တွေနာလိုက်တာ၊ ကိုဇွဲထက်ရေ... မြတ်ကို ထားခဲ့ပြီလား... ရှင်ပြောတော့ သားငယ်လေးကို စိတ်မချဘူးဆို ဟင် အမလေး... " 


မြတ်လေးဟန်က ဇွဲထက်ရဲ့ ရုပ်အလောင်းဘေးမှာ ရှိုက်ကြီးတငင်ငင်ဖြင့် ပြောလိုက် ရင်ထုလိုက်ဖြင့် ဖြေမဆည်နိုင်ဖြစ်နေတော့သည်။ တစ်ဖက်မှာရှိတဲ့ မြတ်သောမောင်ကလည်း မျက်ရည်တွေအရွှဲသားဖြင့်။ 


" လိပ်ပြာ... သူမရှိတော့ဘူး... ထားခဲ့ပြီ၊ အားလုံးကိုထားခဲ့ပြီ အင့် ဟင့် အား... " 


ပန်းလိပ်ပြာ ရောက်လာချိန်တွင် မြတ်လေးဟန်ကိုယ်လေးကို ဆွဲဖက်ထားရင်း ကျောလေးကိုဖွဖွပွတ်ပေးစဥ် နှစ်သိမ့်ပေးချိန် မြတ်လေးဟန် တက်မတက်ချက်မတက် ဖြစ်သွား၏။ 


" ဖိပါဟဲ့ ရှူဆေး... ယပ်ခပ်ကြ တခြားလူတွေ ဝေးဝေးသွား... ရင်ဘက်ဖိ " 


လူတွေ အနည်းငယ်ရှဲသွားကြပြီး ဝိုင်းဝန်းပြုစုလိုက်ကြတော့ အနည်းငယ်သက်သာလာသည်။ မျက်ရည်တွေကတော့ တာရိုးကျိုးသည့်အလား မျက်ဝန်းအိမ်မှ အဆတ်မပြက်ပေါ့။ သူမပါ မျက်ရည်တွေ လိမ့်ကျလာသည်။ ရေလေး အနည်းငယ်သောက်ပြီး ပန်းလိပ်ပြာ ရင်ခွင်ထဲမှာ ရှိုက်သံလေးထွက်လို့နေသည်။ 


" ဖြေပါ သူငယ်ချင်းရယ်... ကံပါလာရင် ရှောင်လွှဲလို့မရဘူးမဟုတ်လား... သူသေခါနီး ပြင်းပြင်းထန်ထန် မခံစားသွားရတာပဲ တော်လှပြီ တရားနဲ့ဖြေလိုက်ပါ လိပ်ပြာရှိတယ်နော် " 


" အိုး... မရဘူး ရင်ထဲကြပ်လိုက်တာ လိပ်ပြာရယ်... စောလွန်းတယ်လေဟာ စောလွန်းတယ်၊ အိပ်ရာထဲလဲနေလို့ ရောဂါခံစားနေရလို့ ကုမရလို့ သေသွားတာ လက်လွှတ်လိုက်ရတာကမှ ဖြေသာဦးမယ် အခုဟာက အ အာ အား... " 


" မြတ်လေးရယ်... " 


သူမပါ မြတ်လေးနဲ့အတူ ရောငိုမိလေတော့ အသုဘအိမ်လာသူတွေပါ ဘယ်သူ့နှစ်သိမ့်ရမှန်းမသိ ဖြစ်ကုန်ကြသည်။ မြတ်လေးက သူ့ရင်ဘက်သူ ထုနေသဖြင့် သူမ လက်တွေဆွဲယူချုပ်ထားရ၏။ ဖြစ်ပြီးတာက ဖြစ်ပြီးခဲ့ပြီ။ ကျန်ခဲ့သူက လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။ အလှူဒါနဖြစ်ဖြစ် သေသူယူသွားနိုင်မဲ့ ကုသိုလ်တွေ ပြုရဦးမည်။ 


" မြတ်လေး နင်စိတ်ထိန်း နင့်မှာ သားတွေရှိသေးတယ်၊ ခုဆို သူတို့က နင့်မျက်နှာကြည့်နေရတော့မှာ၊ နင်က ပြိုလဲနေလို့မဖြစ်ဘူး... အခု လုပ်စရာရှိတာ ဆက်လုပ်ဖို့ နင်ကျန်းမာမှဖြစ်မယ် သူငယ်ချင်း... " 


အသုဘကို သုံးရက်ထားမည်။ တိမ်ယံခက ယခု မကွေးကနေ ထွက်လာနေပြီ။ အခေါင်းဆက်ဖို့အတွက် စီစဥ်စရာရှိတာတွေကို သတိုးတေဇက ဦးဆောင်ကာ စီစဥ်ညွှန်ကြားပေး၏။ အစားအသောက်ဘက်ကိုတော့ ပန်းလိပ်ပြာ တာဝန်ယူလိုက်သည်။ အသုဘအိမ်ဆိုတော့ သတင်းမေး ပူဆွေးကြောင်းပြောဖို့ ရင်နှီးသူတွေ တဖွဲဖွဲ ရောက်လာကြ၏။ ညနေစောင်းတော့ တိမ်ယံခ ရောက်လာသည်။ 


" ဖေဖေ " 


အိမ်ရှေ့ခန်းတွင် လဲလျောင်းလျက် မျက်နှာပေါ် လွှားထားသည့်ပဝါဖြူကို လှပ်လိုက်ချိန် ရင်ဝက စူးခနဲ ထိုးအောင့်၏။ နှုတ်ခမ်းတွေက ဖြူစုတ်နေရုံမှအပ အားလုံးလူကောင်းပကတိလိုပင်။ ငိုထားလို့ နီမြန်းဖောင်းကားနေသည့် မေမေ့မျက်နှာကို သူတွေ့တော့ ငိုချင်စိတ် ယူကြုံးမရစိတ် ဝမ်းနည်းအားငယ်သည့်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရတော့ပါဘဲ ဖေဖေ့ရင်ဘက်ပေါ် မျက်နှာမှောက်ချ၍ တအင့်အင့် ငိုကြွေးလေ၏။ 


ဘယ်လိုများ ဖြစ်ရတာလဲ...။ မယုံနိုင်သေးဘူး...။ သူတို့ရှေ့က ဘာမဆို မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် အဖေက ခုမရှိတော့ဘူးတဲ့။ အရိပ်မဲ့ပြီ၊ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးမဲ့ရင် တက်မရှိတဲ့လှေလို ဦးတည်ရာမဲ့ပြီပေါ့...။ သူက အစ်ကိုကြီးတော့ အဖအရာ နေရာယူပြီး ဘာမဆို အရင်တိုင်းရှိအောင် ထိန်းကွပ်ရပေတော့မည်။ သူ တာဝန်ယူနိုင်ပါ့မလား... ။ 


" ပိုက်ဆံ ၅ သိန်းလောက်လိုနေတယ်၊ ခြံထဲမှာ ကုန်ကျစရိတ်တွေအတွက် ပေးဖို့ရှိတာ အခုထိမပေးရသေးလို့ ဖုန်းဆက်တောင်းနေကြပြီ " 


ခြံထဲက မန်နေဂျာက အားနာနာဖြင့် မြတ်လေးဟန် အနားကပ်၍ ခပ်တိုးတိုးပြော၏။ 


" သားငယ်... ဗီရိုထဲက ပိုက်ဆံ ၁၀ သိန်းယူလာခဲ့ " 


၅ သိန်းကို ခြံမန်နေဂျာအား ပေးလိုက်ပြီး ကျန်တဲ့ ၅ သိန်းကိုတော့ ပန်းလိပ်ပြာ လက်ထဲထည့်ပေးလိုက်၏။ ရက်လည်ကျရင် ချက်ပြုတ်ဖို့အတွက်ပင်။ တခြားကုန်ကျစရိတ်တွေလည်း ရှိသေးသည်။ သတိုးတေဇကိုလည်း ပေးရဦးမည်။ ခြံလုပ်ငန်းအကြောင်း မြတ်လေးဟန် တစ်ခုမှ နားမလည်ပါ။ အိမ်မှာပဲနေပြီး အိမ်ရှင်မတာဝန် ဇနီးတစ်ယောက်ရဲ့တာဝန်ကိုသာ ကျေပွန်အောင် ဆောင်ရွက်ခဲ့လေတော့ အလုပ်ထဲတောင် တစ်လနေလို့ တစ်ခါမရောက်ဖြစ်ခဲ့ပါ။ ယခု ကိုဇွဲထက်မရှိတော့ သူမတို့ ဘာဆက်လုပ်ကြမလဲ... မသိတော့ပါဘူး...။ 


" မမြတ်လေး... လောလောဆယ် ကျွန်တော် ခြံထဲ ဦးစီးလုပ်ကိုင်ပေးမယ်၊ မမြတ်လေး ဘယ်လိုသဘောရလဲ၊ ရက်လည်ပြီးတဲ့အချိန်ထိဖြစ်ဖြစ်ပေါ့ "


" အို အတိုင်းထက်အလွန်ပါပဲ ကိုသတိုးတေဇရယ် မြတ်လေးတို့ကို ကူညီပေးပါဦး... ကျေးဇူးလည်းတင်ပါတယ် " 


" ရပါတယ်ဗျာ ကျေးဇူးတင်စကားပြောဖို့မလိုပါဘူး... " 


အခုလောလောဆယ် မြတ်လေး အပူမီးဝိုင်းနေသဖြင့် သူမတို့တွေက ကူညီပေးနိုင်တာ ကူညီပေးလိုက်ကြပါသည်။ ညဘက်တွေမှာတော့ မြတ်လေးတို့ဆီမှာ အိပ်ချင်ပေမယ့် အိမ်မှာပန်းယွန်းတစ်ယောက်ထဲမို့ သမီးလေးကလည်း သူမအား အရင်ကထက်ပိုကပ်နေသဖြင့် အိမ်ပြန်အိပ်ရ၏။ 


သေခြင်းတရားမှာ စောတယ်နောက်ကျတယ်ဆိုတာ မရှိပါလား...။ 


ပန်းလိပ်ပြာ မေ့ထားဖြစ်ခဲ့သောအရာကို ထိတွေ့ခံစားလိုက်ရသဖြင့် အတော်လေး သံဝေဂတရား ရသွားခဲ့လေတော့သည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၁၃) ဆက်ရန် >>>


#Ruby Linn


rate now: