✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
---------------
၈ တန်းတက်တဲ့အချိန်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပန်းယွန်း ချူချာလာခဲ့၏။ မိုးတစ်စက် ခေါင်းပေါ်ကျတာနဲ့ ဖျားချင်ပြီ။ ပန်းယွန်းသည် ရွှေလိုဥထားခံရတာတောင် ဆေးရုံပါတက်ခဲ့ရသည်။
" သမီးညကအန်တာ အခြေအနေဘယ်လိုရှိလဲ "
" အရောင်တော့မပါဘူး ဒါပေမဲ့ လက်ရော ခြေထောက်မှာပါ အနီစက်တွေ တွေ့တယ်၊ ဆေးခန်းထပ်ပြကြည့်ရမှာပဲ၊ သမီးလေးက ဆေးခန်းမသွားချင်ဘူးပဲ ပြောနေတယ် "
" ဘယ်ဖြစ်မလဲ... ဘာပဲဖြစ်ဖြစ် ခုချိန်မှာ သူ့အလိုလိုက်လို့ ဘယ်ရမလဲ "
" ခုတောင် ဆေးသောက်ပြီးမှိန်းနေတာ နိုးရင် လိပ်ပြာကို အပျောက်မခံဘူး... "
" အေးကွာ "
သတိုးတေဇ စိတ်ညစ်ညူးစွာ ဟင်းချပြီး ဆိုဖာမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။ သူ အင်မတန် ဂရုစိုက်နေတဲ့ကြားက ယခုလိုဖြစ်ရတာ စိတ်ထဲမသက်သာပါ။ ဆေးရုံအုပ်ကြီးဆေးခန်းသွားပြသည့်အခါ သွေးလွန်တုပ်ကွေးရောဂါဖြင့် ပန်းယွန်းတေဇ ဆေးရုံတက်လိုက်ရသည်။
" သမီးလေး သက်သာသွားမှာပါ၊ ပါပါးတို့ရှိတယ်နော် "
" ပါပါး မေမေ... ယွန်းအနားမှာ အမြဲနေနော် "
" အေးပါ သမီးလေးရယ်... ဒီဆေးချိတ်ပြီးရင် နေကောင်းသွားမှာ နော်သမီးလေး... "
" အဲ့ဆေးက မူးတယ်မေမေ ယွန်းမူးတယ် "
" မေမေ ဆရာမကို ပြောလိုက်မယ်နော်၊ မျက်လုံးလေးမှိတ်ထား "
သမီးလေးက ထိုဆေးလာချိတ်ရင် အမြဲမူးတယ်ဟု ပြောတတ်ပြီး မလှုပ်ဘဲ မအီမသာဖြင့် ငြိမ်နေတတ်သည်။ တခြားအချိန်တွေမှာတော့ ရွှင်ရွှင်လန်းလန်းရှိ၏။ သုံးရက်နဲ့ နေ့တဝက် ဆေးရုံတက်ပြီး နေကောင်းသွားတော့ ပြန်ဆင်းလာခဲ့သည်။ ကျောင်းမတက်သေးဘဲ အိမ်မှာပဲ သုံးလေးရက် အားမွေးချိန်တွင် မိဘနှစ်ပါးစလုံးက သူမအား မျက်စိအောက်က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့် ဂရုစိုက်ကြပါသည်။
" မေမေ... ဒီည ယွန်း မေမေတို့နဲ့ လာအိပ်လို့ရမလားဟင် "
" သြော် သမီးလေး လာအိပ်လေ လာအိပ် လာလာ "
အသက် ၁၀ နှစ်လောက်ကတည်းက သီးသန့်အခန်းခွဲအိပ်ခဲ့သော သမီးလေးသည် ယခု သူမတို့အခန်းရှေ့မှာရပ်၍ မျက်နှာငယ်လေးဖြင့် အရုပ်ဖက်လုံးလေးပိုက်ထားတာတွေ့ရတော့ မိခင်တစ်ယောက်ရဲ့ ရင်ထဲ ပြောမပြတတ်အောင် နာကျင်ခံစားသွားခဲ့ရသည်။
" မေ့သမီးလေး... နေကောင်းလား၊ ဘယ်လိုနေသေးလဲ "
" ကောင်းပါတယ် အရမ်းကောင်း "
" သွားတိုက်ပြီးပြီလား "
" ဟုတ်ကဲ့ "
သတိုးတေဇနဲ့ ပန်းလိပ်ပြာကြားမှာ ပန်းယွန်း ဝင်ထိုင်လျက် တီတီတာတာ စကားတွေ ပြောနေခဲ့ပါသည်။
" ပါပါး... ယွန်းကို ပုံပြောပြ "
" ပါပါးကလား... "
" အင်း "
" ပါပါးမပြောတတ်ဘူး... သမီးက ကလေးစိတ်မကုန်သေးဘူးပေါ့ ပုံပြင်ပြောဆိုတော့ "
" ဟီး ဟုတ်တယ်... "
" သမီးမေမေ့ကိုပြောခိုင်းလေ သမီးအမေက ပြောတတ်တယ် "
" မေမေ "
ချွဲချွဲနွဲ့နွဲ့ ခေါ်လိုက်ရင်း မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်လာသော သမီးလေးရဲ့ နဖူးပြင်လေးကို အနမ်းဖွဖွပေးလိုက်၏။ ပြီးတော့ ရင်ဘက်ပေါ်ထိ စောင်ဆွဲခြုံပေးကာ ဆံပင်တွေကို အသာအယာသပ်ပေးလိုက်ရင်း လေအေးအေးနှင့် စကားစ၏။
" ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်... တိုင်းပြည်တစ်ပြည်မှာ အရမ်းကိုချောမောလှပတဲ့ "
" မင်းသမီးလေးတစ်ပါးရှိသတဲ့... အဲဒါ ယွန်းငယ်ငယ်တုန်းက ခဏခဏ နားထောင်နေကျလေ ဒီပြင့်ပုံပြောပြ "
" ဒီပြင့်ပုံဆိုရင် တစ်ခါတုန်းကပေါ့ လူတစ်ယောက်ရှိသတဲ့၊ တစ်နေ့မှာ ခရီးသွားရင်း ရွှေထုပ်ကြီး ကောက်ရတယ်တဲ့ကွယ်... "
" အိပ်သွားပြီ "
" အင်း... ကိုရယ် သမီးလေးကိုကြည့်ပြီး လိပ်ပြာစိတ်မကောင်းလိုက်တာ "
" စိတ်မကောင်းစရာဘာရှိလဲ မိန်းမရယ်၊ မဟုတ်တာတွေ ကြံဖန်တွေးမနေပါနဲ့ကွာ... သမီးလေးက နေကောင်းနေပါပြီ "
" ဒါပေမဲ့... "
သတိုးတေဇ ခေါင်းခါယမ်းပြပြီး ပန်းလိပ်ပြာရဲ့လက်တစ်ဖက်ကိုလှမ်းယူကာ သူ ကြင်နာစွာ နမ်းရှိုက်နှစ်သိမ့်ပေးလိုက်၏။ ပြီးနောက် အိပ်ပျော်နေသည့် သမီးလေးရဲ့ ပါးပြင်နုလေးကို ယုယစွာ မွှေးလိုက်သည်။
" အိပ်ပျော်အောင်အိပ်လိုက်ပါ ကိုယ်ရှိတယ်နော် "
°°°°°°°°
" အ! "
ဆွဲခြင်းကလေးကိုင်၍ တလှုပ်လှုပ်လျှောက်လာနေသော ပန်းယွန်းဆီ အဝေးကနေ လွင့်စင်လာသည့် ဘောလုံးက အရှိန်ဖြင့် သူမလက်မောင်းကို ခပ်ကြမ်းကြမ်းပွတ်တိုက်သွားတော့ ရုတ်တရက် အလန့်တကြားအော်လိုက်ပြီးမှ စပ်ဖျင်းဖျင်းဖြစ်သွားသည့် ကိုယ့်လက်ကိုယ် ပြန်ဖိဆုပ်ကိုင်ထားလိုက်မိ၏။
" ဆောရီး "
ဘောလုံးလာကောက်သော ကျောင်းသားဆီက ဝတ်ကျေတန်းကျေ ကြားရသော စကားသံတစ်ခု။ တစ်ခုခု ပတ်ခနဲ ပြန်ပြောချင်စိတ်ကို မြိုချဖို့ကြံရွယ်ပြီးမှ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားမိပါသည်။
" လွယ်လွယ်တောင်းပန်လို့ ရတယ်ပေါ့ "
လှည့်ထွက်သွားပြီဖြစ်တဲ့ ထိုကျောင်းသားက ပြန်လှည့်လာပြီး သူမအား ခပ်စိမ်းစိမ်းကြည့်၏။ ထိုစဥ် အနောက်ကနေ သူမပခုံးအား ရုတ်တရက် သိုင်းဖက်ခြင်းခံလိုက်ရသဖြင့် ဇက်ပုသွားကာ ကိုယ်ကို ရို့၍ လည်ပင်းလေးလိမ်လျက် လှည့်ကြည့်လိုက်သောအခါ...
" ဘာဖြစ်နေတာလဲ၊ မဖြစ်စလောက် ဘောလုံးလေးမှန်တာများ ရေးကြီးခွင်ကျယ်လုပ်နေတယ် သွားတော့ "
သူမကိုယ်လေးကို အကြမ်းပတမ်း တွန်းထုတ်လိုက်ပြီး တဆတ်တည်း မြတ်သောမောင် ပြောလိုက်၏။ သူမ မျက်နှာပျက်သွားကာ အံလေးကိုက်ထား၍ လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ဆက်လျှောက်လာခဲ့လေသည်။
" ဟျောင် မင်းတို့တွေ နမော်နမဲ့နိုင်လို့ဖြစ်တာ သူ့ကိုသေချာတောင်းပန်ရမှာပေါ့၊ လူလိုမသိကြဘူးလား... "
ဘောလုံးကန်သည့် လူတွေထဲ ရှူးရှူးရှဲရှဲဝင်သွားပြီး မြတ်သောမောင် ချုပ်တည်းထားသော ဒေါသတွေဖွင့်ချကာ ဖြဲလိုက်သည်။ ထိုလူတွေထဲတွင် သူနဲ့သိသောလူပါသလို မျက်မှန်းတန်းမိသော လူတချို့လည်းပါ၏။
သူ အကျီလက်ရှည်ကို ခေါက်တင်လိုက်ပြီး တစ်ပြိုင်နက် လက်သီးပါဆုပ်လိုက်သည်။
" ငမောင် ပြဿနာမရှာချင်စမ်းပါနဲ့၊ အသားပဲ့ပါ သွားတာလည်းမဟုတ်ဘူး "
" သွားစမ်းပါ အာရုံနောက်တယ် "
" ဘာစကားပြောတာလဲ ဟမ် "
မြတ်သောမောင် ရှေ့တိုးသွားပြီး နှစ်ကိုယ်ကြားရုံ အံကြိတ်သံဖြင့် ပြောလိုက်ကာ အခြေအနေတွေက တင်းမာစပြုပြီ။
" တော်ကြတော့ကွာ ဘာမှဟုတ်တာလည်းမဟုတ်ဘူး အချင်းချင်းတွေ "
" ဖယ်စမ်းကွာ "
သူ့ကိုလာဆွဲသည့် လူလက်ထဲက သူရုန်းထွက်လိုက်ပြီး ဘုကြည့်ကြည့်လိုက်၏။ ထို့ကြောင့် ဆွဲမဲ့သူကမဆွဲရဲတော့ပါ။ ထိုစဥ် နေ့လည်မုန့်စားဆင်းချိန်ပြီးတော့ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားရ၍ တဖြည်းဖြည်း လူစုခွဲသွားကာ ပြေငြိမ်းသွားပါတော့သည်။
မြတ်သောမောင် ကျောင်းခန်းထဲဝင်လာတော့ ပန်းယွန်းက သူအား ကျောခိုင်းထိုင်နေတာတွေ့ရ၍ မချိပြုံးပြုံးကာ သူနေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် စာဆက်သင်ကြ၏။ တစ်ချိန်နဲ့တစ်ချိန်ပြောင်းချိန်တွင် အခန်းထဲ ကျောင်းသားများ ဆူညံနေကြလေသည်။
" ယွန်းယွန်း... နင်လွတ်သွားတဲ့စာတွေ ငါတို့အကုန်ကူးရေးပေးထားတယ် သိလား... သြော် ပြောရဦးမယ် ငမောင်က ဘာပြောလဲဆိုတော့ သူစာဝိုင်းကူရေးပေးတာကို နင့်ကိုပြန်မပြောရဘူးတဲ့၊ သူ့လက်ရေးက ဒီလောက်သိသာနေတာကို ငါမပြောလည်း နင်သိမှာပဲလို့ ပြန်ပြောလိုက်တယ် "
နဒီလှိုင်က ထိုသို့ပြောတော့ သူမ သိပ်မယုံချင်ပါ။ ဘုကလန့်ကောင်က သူမအတွက် စာကူးပေးသတဲ့။ စောနကတင် သူမကို ရန်စကားတွေ ပြောခဲ့သေးတယ်မဟုတ်ပါလား။ တကယ်ပဲ သူမ သူ့စိတ်ကို နားမလည်နိုင်ပေ။
" စာတွေကလည်း တဖြည်းဖြည်း များလာလိုက်တာဟယ်... ဒါတောင် ၈တန်းမလို့နော်၊ ၉ တန်း ၁၀ တန်းရောက်ရင် စာတွေ ဘယ်လောက်ခက်လိုက်မလဲ ငါတွေးပြီး စိတ်ညစ်လိုက်တာ ယွန်းယွန်းရယ်... "
ငြိမ်သက်၍ နားထောင်နေဟန်ရှိသော ပန်းယွန်းသည် နဒီလှိုင့်ရဲ့ ညည်းတွားသံအောက် အတွေးတွေ ရောယှက်လျက်ရှိလေသည်။
°°°°°°°°°°°°°
" အင်း မောင်ပြော "
" မကိုသတိရလာလို့ ဒီအတိုင်း ဖုန်းဆက်လိုက်တာပါ မအိပ်သေးဘူးမလား... "
" အင်း စာလုပ်နေတုန်း မောင်ရော "
" မောင်ရောပဲ စာလုပ်နေရင်း မျက်လုံးညောင်းလာလို့ "
ည ၁၂ နာရီကျော်နေသော်လည်း သူတို့ကတော့ အိပ်ချိန်မှားကာ စာအုပ်ပုံထဲ ခေါင်းရောက်နေကြသည်။
" အဟွတ် ဟွတ် "
" မ ဘာဖြစ်လို့လဲ မ... "
" လည်ချောင်းယားလို့ "
" ဒါဆို သိပ်ညဥ့်နက်မခံပါနဲ့လား မရယ်၊ မနက်ကျရင် အစောကြီးထရဦးမှာ မဟုတ်လား "
" တို့ကို ဆရာ,မလုပ်ချင်ပါနဲ့ မောင်ရယ်... ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်နော် "
" မောင်က မအတွက် စိတ်ပူလို့ပါကွာ "
" အင်းပါ မောင်ရော စာတွေလိုက်နိုင််တယ်မလား "
" ဒါပေါ့ဗျာ "
" အဟင်း "
သူမရယ်သံလွင်လွင်လေးက ဖုန်းထဲကတစ်ဆင့် သူ့ရင်ထဲ တိုးခွေ့ဝင်လာတော့ အရည်ပျော်ကျသွားသည်။
" မ "
" ရှင် "
" ချစ်တယ် "
" အင်း "
" မရော "
" သူငယ်ချင်း အခန်းထဲဝင်လာလို့ မနက်မှတွေ့မယ် "
" မ ဟဲလို "
ရုတ်တရက် ဖုန်းချသွားတာမို့ သူကြားချင်တာကြားရဖို့ နောက်ထပ်တစ်ကြိမ် ဖုန်းပြန်ခေါ်လိုက်ပါသည်။
" မ "
" ဘာလဲကွယ် တို့စာလုပ်နေတယ် "
" မောင့်ကိုပြန်ပြောဦးလေ "
" တို့စာဖြောင့်ဖြောင့်လုပ်ပါရစေကွယ် တို့အဖြေကို မောင်သိနေတာပဲ ကျေနပ်တော့၊ ဖုန်းထပ်မဆက်နဲ့နော် "
ဟု မိုးထက်ကုဋေ ယတိပြတ် ပြောလိုက်ပြီး ဖုန်းချကာ silent ပါ လုပ်ထားလိုက်၏။
" မိုးထက်ရယ်... သူ့ခမျာ နင့်ကို အရမ်းချစ်ရှာတာ၊ ငါနင့်ကို တစ်ခုမေးချင်တယ် စိတ်မဆိုးနဲ့နော် "
အခန်းဖော် စုမြတ်က စကားပုလ္လင်ခံနေပေမယ့် အတွင်းသိအဆင်းသိမို့ သူမ ပြုံး၍ မေးငေါ့ပြလိုက်သည်။
" နင်တို့နှစ်ယောက်က တရားဝင်ချစ်သူတွေဆိုပေမယ့် နင်သူ့အပေါ် ဆက်ဆံတာ နည်းနည်းများ အေးတိအေးစက်နိုင်သလားလို့ "
စုမြတ်ကို သူမ ဦးစွာ အပြုံးလေးတစ်ခုနဲ့ ပြန်တုံ့ပြန်လိုက်ပြီး အေးစက်တည်ငြိမ်စွာပင် စကားတစ်ခွန်းဆိုလိုက်သည်။ ထိုစကားကြောင့် စုမြတ် အံ့အားသင့်သွားတာကိုလည်း သူမ သတိထားမိ၏။
" လူတစ်ယောက်ကိုချစ်ရင် ကိုယ့်အချစ်ကို ဘယ်တော့မှ သူမြင်သာအောင် ထုတ်မပြရဘူးတဲ့၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက် လေ့လာနေဆဲပဲ၊ အခုချိန်မှာ ဘာကိုမှ အတည်တကျမှတ်ယူလို့မရဘူး... တနေ့ သူ့ထက်သာတဲ့သူနဲ့ မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မှာတဲ့လဲ "
တိတ်ဆိတ် အေးချမ်းလှသည့် အခန်းထဲ အနည်းငယ် ပူအိုက်လာမှုကို ခံစားသိရှိသဖြင့် ပြတင်းတံခါးတစ်ချပ်ကို မိုးထက် သွားဖွင့်လိုက်၏။ ထိန်ထိန်သာနေသည့် လမင်းကို အမှတ်တမဲ့ မော့ကြည့်မိပေမယ့် သူမက စိတ်ကူးယဥ်သမားမဟုတ်၊ လက်တွေ့သမားပင်။ သူမဘဝကို သည်ထက်ပိုကောင်းအောင် တိုးတက်သထက်တိုးတက်အောင်သာ စွမ်းဆောင်ကြိုးစားဖို့ ရည်မှန်းချက်ကြီးကြီးထား၏။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၂) ဆက်ရန် >>>
#Ruby Linn