✨ Black Verse ✨
[ကာရန်မဲ့ကဗျာ]
--------------
" အဲ့ဆိုင်က အစပ်တည့်တယ်နော်၊ ငါဖြင့် ပူထူပြီး နှပ်တောင်ထွက်တယ် "
" နင်က နှစ်ပွဲစလုံး အစပ်ထည့်စားတာကိုး ငါတော့ မစားနိုင်ပေါင် "
" အယ် ယွန်းယွန်း မကုန်တာ နင်စားသေးတယ်လေ "
" နည်းနည်းပါဟယ် "
" ဘယ်ဆက်သွားကြမလဲ "
အတန်းတင်စာမေးပွဲတွေဖြေအပြီး တစ်ရက်မှာ နဒီလှိုင် ပပတို့နဲ့အတူ ပန်းယွန်း စက်ဘီးပတ်စီး၍ မုန့်ထွက်စားချိန် မမျှော်လင့်ဘဲ ကိုကို့ကို ဆိုင်ကယ်တစ်စီးနဲ့ လှမ်းတွေ့ရတော့ သူမ ဝမ်းသာသွားပြီး အားပါးတရ နှုတ်ဆက်ဖို့ပြင်စဥ် ဆိုင်ကယ်အနောက်မှာ တခြားတစ်ယောက်ပါသေးတာကို သတိထားမိလိုက်၏။ မြန်မာဝတ်စုံလေးနဲ့ အစ်မတစ်ယောက်က အနောက်ကနေ ကိုကို့ခါးကိုဖက်ထားလျက် နှစ်ယောက်လုံး mask တပ်ထားသည်။
ပန်းယွန်း နဒီလှိုင်စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း ငိုင်ဆင်းသွား၏။ မျက်နှာလေး မဲ့ကျသွားကာ နှုတ်ခမ်းလေး မပွင့်တပွင့်ဟလျက် ကြောင်နနဖြစ်နေစဥ်...
" ယွန်းယွန်း ငါတို့ဘယ်သွားကြမလဲ "
" ဟင် "
ထိုအခါမှ သတိတစ်ချက်ဝင်လာပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားကာ အိမ်သာပြန်ဖို့ ပြောလိုက်မိသည်ထင်ပါရဲ့။ စောနက သူမ အပျော်တွေပျောက်သွားသလိုပင်။ တစ်စုံတစ်ခု ပျောက်သွားသလိုမျိုး ရင်ထဲ စိတ်မကောင်းဖြစ်နေသလို ခံစားနေရ၏။ အမှန်ဆို ကိုကို ပြန်ရောက်နေတာ ကြာပြီ။ အမြဲမျှော်ခဲ့ပေမယ့် တစ်ခေါက်ကလေး အိမ်ဘက် လှည့်မလာခဲ့ပါ။ သူမကလည်း တမင်စိတ်ကောက်သည့်အနေဖြင့် ကိုကို သူမကို လာမချော့မချင်း သွားမတွေ့ဘူးလို့ အားတင်းဆုံးဖြတ်ခဲ့၏။ ပြီးတော့ ယခုလို ကိုကို့ကို သူမ အပြင်မှာတွေ့တာ နှစ်ခါရှိပြီ။ ပထမတစ်ခါက သူမ စာအုပ်ဝယ်နေကျ အဟောင်းဆိုင်လေးမှာ။ အခုတစ်ခါကတော့ မိန်းကလေးတစ်ယောက်နဲ့ တွဲတွေ့ရခြင်းဖြစ်သည်။ ဘယ်လိုပင်ဖြစ်စေ စိတ်ထဲ မကျေမနပ်ဖြစ်ရတာတော့ အမှန်ပင်။
°°°°°°
" အန်တီ "
" ဟော သားတိမ်ယံ... ပြန်ရောက်နေတာလား "
" ဟုတ်ကဲ့ ကြာပြီလေအန်တီ၊ ဒီမှာ စတော်ဘယ်ရီဝိုင် လာပို့တာ အန်တီတို့မြည်းကြည့်ပြီး ဘယ်လိုနေလဲ တစ်ချက်လောက် ပြောပါဦးနော် "
" အေးပါ သားရယ် အချိုလား "
" ဟုတ်ကဲ့ ယွန်းလေးပါ သောက်လို့ရတယ်၊ ဒါနဲ့ ယွန်းလေးကိုလည်း မတွေ့ပါလား မရှိဘူးလား "
ပန်းလိပ်ပြာ လက်ထဲက ဝိုင်ပုလင်းရဲ့တံဆိပ်ကို ကြည့်နေရင်း ခေါင်းမော့လိုက်ကာ အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ တိမ်ယံခကို ပြောလိုက်၏။
" ရှိပါတယ် ခြံထဲမှာဖြစ်မယ် ညနေဘက်ဆို ယွန်းယွန်းက ခြံထဲဆင်းနေကျလေ သားမတွေ့ခဲ့တာဖြစ်မယ် "
" ဒါဆို သား ယွန်းလေးကို သွားတွေ့လိုက်ဦးမယ် "
" အေး သွား ရှိတယ် "
အဖုံးနီအား သူမ ဖွင့်ပြီး ဝိုင်အနံ့ကို တစ်ချက်ရှူလိုက်ပြီး နှုတ်ခမ်းကွေးညွတ်သွားကာ အဖုံးပြန်ပိတ်လိုက်၍ တံဆိပ်အား ထပ်မံကြည့်လိုက်၏။ အဖြူခံပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးထားသည်က " Royal Cloud "
ခြံထဲမှာ မေမေစိုက်ပျိုးထားသည့် ရွှေပန်း ငွေပန်း ဇီဇဝါပန်း စံပယ်ပန်းတွေ လှိုင်နေအောင် ပွင့်တာမြင်ရတော့ ဘုရားကပ်ဖို့အတွက် စိတ်ကူးလေးပေါ်လာခဲ့သည်။ ပန်းရနံ့စုံကြား လိပ်ပြာလေးပမာ ပျံဝဲ၍ ကြည်နူးရိပ်ဆင်နေစဥ် နံဘေးကို ခဏလျစ်လျူရှူလိုက်မိပါ၏။
ထိုစဉ် သူမ ဆံပင်ကြား ရောက်လာသော ဇီဇဝါပန်းတစ်ပွင့်။
" ကိုကို "
လှည့်ကြည့်ရင်း ခေါ်လိုက်သော ပန်းယွန်းကို တိမ်ယံခ နှစ်လိုဖွယ် ပြုံးပြ၏။ သူမက တစ်ဖက်လှည့်သွားပြီး ချစ်စဖွယ် ကလေးမျက်နှာလေးအား မှုန်ကုပ်ထားလိုက်သည်။
" ကိုကို့ကို နှုတ်တောင်မဆက်တော့ဘူးပေါ့ ဟုတ်လား "
နှုတ်ခမ်းစူထားသော ပန်းယွန်းရဲ့ မျက်နှာလေးမှာ အပြုံးရိပ်မရှိဘဲ မကြားချင်ယောင်ဆောင်ကာ ပန်းတွေကိုသာ ဆက်ခူးနေလိုက်သည်။
" ကိုကိုက ယွန်းလေးတို့သောက်ဖို့ ဝိုင်လာပို့တာ၊ ခုတော့ ယွန်းလေးက ကိုကို့မျက်နှာကို မကြည့်ချင်တော့ဘူးပေါ့လေ ရပါတယ် ကိုကိုပြန်မယ် "
" ကို ကို "
လှည့်ထွက်ဖို့ပြင်စဥ် သူမရဲ့ မတိုးမကျယ်ခေါ်သံလေးကြောင့် သူမဘက်ပြန်လှည့်လာကာ သူမျက်လွှာချထားလိုက်သည်။
" ကိုကိုက ယွန်းကို တွေ့ချင်လို့လာတာမှမဟုတ်ဘဲ ဝိုင်လာပို့ရင်း မလွှဲသာလို့ လာရတာမလား "
" မဟုတ်ပါဘူးကွာ ကိုကိုက... "
" ဟုတ်ပါတယ် ပြန်ရောက်တာဖြင့်ကြာပြီ ယွန်းဆီ တစ်ခေါက်ကလေး ရောက်ခဲ့လို့လား ဟင် "
ထိုအခါ တိမ်ယံခ သဘောကျစွာ ရယ်မောလိုက်ရင်း သူမခေါင်းလေးကို ဖွဖွပုတ်လိုက်၍...
" ကိုကို့ညီမလေးက အဲဒါကို ကောက်နေတာလား ဖြစ်ရမယ်ကွာ... "
" ဘာကိုကို့ညီမလေးလဲ... ယွန်းက ဘယ်သူ့ညီမမှမဟုတ်ဘူး အမျိုးလည်းမတော်ဘဲနဲ့ "
" ဟောဗျာ ယွန်းလေးက စိတ်ကောက်တတ်တယ် "
" မကောက်ပါဘူး "
ပြောပြောဆိုဆို သူမက ရှေ့ကလှည့်ထွက်တော့ သူနောက်က ဖြည်းဖြည်းလျှောက်လိုက်သွား၏။ စံပယ်ရုံတွေကြား ပွင့်အာနေသည့် စံပယ်တွေကို တစ်ပွင့်ချင်း ခူးဆွတ်နေသော သူမ မျက်နှာထားက ခပ်တည်တည်မို့ သူချော့ရတော့မည်ဆိုတာ သိလိုက်ပြီ။
" အင်း... ဘယ်ကလေးမလေးလဲ မသိပါဘူး ကိုကို့ကို ပြောဖူးတယ်သိလား... သူက ကိုကို့ကို အစ်ကိုအရင်းထက်တောင် ချစ်သေးတယ်တဲ့ ဘယ်သူပြောတာပါလိမ့်နော် "
" ဟင် ယွန်း ကိုကို့ကိုပြောတဲ့အထဲမှာ ချစ်တယ်ဆိုတဲ့ စကားမပါပါဘူးနော် "
" သြော် ယွန်းလေးပြောခဲ့တာလား "
" ကိုကိုနော် "
ရှက်ပြုံးလေးပြုံးကာ မကျေမနပ် ရွယ်လိုက်သော မျက်စောင်းလေးပေမယ့် လှပနေခဲ့ပါသည်။
" ယွန်းလေးဆီ ကိုကိုမလာနိုင်ခဲ့တာကို တောင်းပန်တယ်နော်၊ စိတ်ထားပြည့်တဲ့ ညီမလေးက ကိုကို့ကို နားလည်ပေးမယ်မလား "
သူ့စကားကြောင့် ပန်းယွန်း ငြိမ်သက်၍ တစ်ခုခု စဥ်းစားတွေးတောပြီးမှ လေးလေးနက်နက် စကားဆိုလာသည်။
" တချို့အရာတွေက စိတ်ထားပြည့်တယ်ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ အရာရာ သင်ပုန်းချေလို့မရဘူး ကိုကို... "
" ကိုကို့ညီမလေးက စာဖတ်အားကောင်းတော့ စကားတွေတတ်လာလိုက်တာ၊ ညီမလေးကျေနပ်အောင် ကိုကိုဘာလုပ်ပေးရမလဲ ပြော "
" ရပါတယ် ကိုကိုရယ်... "
" ဒါဖြင့် ကိုကိုခြံထဲသွားမလို့ ယွန်းလေး ကိုကိုနဲ့ လိုက်မလား "
" အခုလား ဆိုင်ကယ်နဲ့လား ကိုကို "
" အင်း "
" ဒါဆို မေမေ့ကို ယွန်း ခွင့်သွားတောင်းလိုက်ဦးမယ် ခဏစောင့် "
" အင်း ကိုကိုရှေ့မှာစောင့်နေမယ် "
ခူးထားပြီးသည့် ပန်းတွေယူလျက် ပန်းယွန်းတေဇ အိမ်ပေါ်ပြေးတက်သွား၏။ သိပ်မကြာပါ အနွေးထည်ပါးလေး အပေါ်ကထပ်ဝတ်၍ ပန်းရောင်ဦးထုပ်ဝိုင်းလေးဆောင်းလျက် ပြန်ပြေးထွက်လာတာ တွေ့ရသည်။
" ဒီနေ့ ၅ ရက်စျေးနေ့နဲ့တူတယ် ကိုကိုတို့ စျေးထဲဝင်ကြမလား "
" ဝင်လေ ရတယ် "
ဆိုင်ကယ်ကို စျေးထိပ်မှာ ရပ်ထားခဲ့၍ နှစ်ယောက် စျေးထဲဝင်လာခဲ့ကြသည်။ တကူးတက ဝယ်စရာမရှိပေမယ့် ကြုံလို့ ဝင်ကြည့်ခြင်းသာ။
" ယွန်းလေး... "
" ရှင် "
" ဟိုဘူးသီးကို ကြည့်စမ်း၊ သူ့ကို ဆံပင်စွပ်ပေးလိုက်ရင် ယွန်းလေးနဲ့ အမွှာဆို ယုံကြမှာ "
" ဟာ ကိုကိုနော် "
" ဒါဆို ဟိုးမှာ ဟိုခရမ်းသီးကို တွေ့လား ကိုကို "
" ဘယ်မှာလဲ "
" သုံးဆိုင်မြောက်က ဘဲဥသည်ဘေးက အသီးအရွက်တွေရောင်းတဲ့ဆီမှာလေ တွေ့ပြီလား "
" အင်း "
" အဲ့ခရမ်းသီးကို နှုတ်ခမ်းမွှေးတပ်ပေးလိုက်ရင် အဲဒါ ကိုကိုမှကိုကိုအစစ် သိလား... "
" ဟာ မဟုတ်တာ စောနက ဘူးသီးကမှ ယွန်းလေးပါ "
" ဟုတ်ပါဘူး ခရမ်းသီးက ကိုကိုပါ တကယ်ချွတ်စွပ် သိလား မျက်ခုံးမွှေးပါထည့်လိုက်ရင် ပိုတူသွားမှာ အဟိ "
" ဘူးသီးပါ "
" ခရမ်းသီးက ကိုကို "
" ဘူးသီး "
" ခရမ်းသီးဆို "
ထို့နောက် အချင်းချင်း စကားနိုင်လုပြောရင်း တိမ်ယံခနဲ့ ပန်းယွန်း စျေးထဲမှ ထွက်လာခဲ့ကြသည်။ လမ်းမှာ ဘူးသီး ခရမ်းသီး လုပ်လာခဲ့ကာ ခြံထဲရောက်လာခဲ့ကြ၏။
" စတော်ဘယ်ရီ စတော်ဘယ်ရီ "
" ကိုကို... စတော်ဘယ်ရီတွေ မရှိတော့ဘူး၊ ဘယ်ရောက်ကုန်တာလဲဟင် "
" တနေ့က မိုးတဖြိုက်နှစ်ဖြိုက်ရွာလို့ ပုပ်ကုန်မှာစိုးလို့ ကိိုကိုတို့ အကုန်လုံးခူးလိုက်တာ၊ တချို့ကိုတော့ ဝိုင်လုပ်တဲ့နေရာမှာ သုံးလိုက်တယ် "
" စတော်ဘယ်ရီ စားချင်တာကို "
" အနောက်ဘက်အိမ်လေးမှာ ရှိလောက်သေးတယ်၊ ယွန်းလေးစားချင်ရင် သွားမယ်လေ "
" ဟေး ဟေး... "
ပန်းယွန်းက ရှေ့ကနေ ကောင်းကောင်းလျှောက်တာမဟုတ် ခြေတစ်ပေါင်ကျိုးခုန်၍ လျှောက်နေခြင်းသာ။
" ယွန်းလေး ချော်လဲမယ်နော် "
" လုံးဝ အား... "
ပန်းယွန်း စကားမဆုံးလိုက် ချော်လဲပါလေရော။ တိမ်ယံခ ပြေးသွားကာ သူမကို ဆွဲထူလိုက်၏။
" ဒီကလေးမကတော့ ကျစ် "
" အား နာတယ် ကိုကို ယွန်းခြေထောက် "
" ပြစမ်း "
" ဒီနားလား... "
" အ အ အင်း "
ညာဘက်ခြေချင်းဝတ်နားကို လက်ဖြင့် သူသေချာကိုင်ကြည့်တော့ ပန်းယွန်းခမျာ နာလို့ အော်ရှာသည်။ သေချာလည်း မထောက်နိုင်ပါ။ သူ့ပခုံးအား ကျစ်ကျစ်ဆုပ်ထား၏။
" လေခိုသွားတာလား အကြောညှပ်သွားတာလား သိရအောင် သေချာကြည့်ကြည့်ရမယ်၊ ကိုကို့ကျောပိုးတက် အိမ်လေးထဲမှာ ဆေးပူရှိလောက်တယ် "
" ရပါတယ် ဖြည်းဖြည်းလျှောက်သွားလိုက်မယ် "
" တက်ပါ မြန်မြန် "
ကျောပိုးလိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ ပန်းယွန်းကိုချထားလိုက်ပြီး သူ အိမ်ပေါ်တက်ကာ ဆေးသွားရှာလိုက်သည်။ ပြီးနောက် သူမ ခြေထောက်ကို သူ့ပေါင်ပေါ်တင်ကာ နှိပ်နယ်ပေးပြီး ဂဠုန်ရာဇာ လေးလိမ်းပေးကာ အဝတ်စသန့်သန့်ဖြင့် စည်းပေးထားလိုက်၏။
" ကန်တော့နော် ကိုကို "
" မကန်တော့ပါရစေနဲ့ဗျာ "
" ဟို ယွန်းခြေထောက်ကိုကိုင်တော့ ယွန်းငရဲကြီးမှာစိုးလို့ ကန်တော့လို့ပြောတာပါ "
" သိပါတယ် ခုဘယ်လိုနေလဲ နည်းနည်းတော့ ပူလိမ့်မယ် "
" အရမ်းကြီးမနာတော့ပါဘူး... "
ပန်းယွန်း ညာဘက်ခြေထောက်ကို ထောင်၍ ထိုင်နေလိုက်သည်။ တိမ်ယံခ လက်သွားဆေးပြီး ခြင်းတောင်းထဲက စတော်ဘယ်ရီ နှိူက်နေစဥ် အပြင်က စကားသံတချို့ကြားလိုက်ရသည်။
" ကိုကိုရေ... ထမင်းချိုင့်ပါလာပြီဗျို့ "
မြတ်သောမောင် အသံပင်။ အဝေးက အော်လာခြင်းပါ။ ထို့ကြောင့် သူ အပြင်သို့ ထွက်လာခဲ့၏။
" အစောကြီးပါလား ဖေဖေ့ဆီ သွားပို့ပြီးပြီလား "
" ဖေဖေ့ကို သွားပို့ပြီးမှ ဒီလာခဲ့တာ "
မြတ်သောမောင် သစ်သားစားပွဲပုပေါ် လေးဆင့်ချိုင့်ကိုတင်ပြီး သင်ဖြူးဖျာပေါ် တင်ပျဥ်ခွေတက်ထိုင်လိုက်ရင်း တိမ်ယံခယူလာသည့် စတော်ဘယ်ရီ တချို့လှမ်းယူစားလိုက်၏။
" လေးထွန်း ထမင်းစားတော့မလား "
" အေးကွ "
နှစ်ဆင့်ချိုင့်လေးဆွဲ၍ ကွပ်ပျစ်ဆီ လျှောက်လာသော လေးထွန်းကို မြတ်သောမောင် လှမ်း၍မေးလိုက်ခြင်းဖြစ်သည်။
" စောစောစားလိုက်မယ်ကွာ မနက်စာမစားလာခဲ့ရဘူး၊ မင်းတို့ရော တစ်ခါတည်းစားပါလား "
" ဗျာ "
ညီအစ်ကိုနှစ်ယောက် မျက်စလှမ်းပစ်လိုက်၏။ ထိုအချိန်တွင် လေးထွန်းက သူတို့နှင့်အတူ ဝင်ထိုင်ပြီး ချိုင့်ကိုဖွင့်သည်။ ထမင်းတစ်ချိုင့် စတော်ပဲပြုတ်တစ်ချိုင့် ဇွန်းတပ်ထား၏။ ထမင်းက အပြည့်အသိပ်ပင်။ လေးထွန်းက သူ့ဘာသာသူ စားနေပြီ။
" ညီတို့လည်း စားတာပေါ့၊ ပူပူနွေးနွေးလေး နော်ကိုကို "
" အေး စားတာပေါ့ "
သူတို့လည်း ချိုင့်တွေဖြုတ်၍ ပါလာသည့်ဟင်းခွက်တွေကို အလယ်မှာ ချလိုက်၏။ ထမင်းက နှစ်ချိုင့်၊ အရည်သောက် တစ်ချိုင့်၊ ရှမ်းပဲပုတ်နဲ့ သီးစုံကြော် ကြက်မွှကြော် ရောထည့်ထားတာက တစ်ချိုင့်ပေါ့။ ပန်းယွန်းက သူတို့နှစ်ယောက်ဆီက ထမင်းကပ်စား၏။
" လေးထွန်းအတွက် "
" ကျေးဇူးပါကွာ ပါးစပ်အကျင့်ပျက်အောင်တော့ မလုပ်ကြပါနဲ့ "
" မဟုတ်တာဗျာ ထည့်စား "
" ကိုကို ယွန်းကိုလည်း ထည့်ပေးလေ "
" ဟုတ်သားပဲ ယွန်းလေးအတွက် အသားအရေလှအောင် သီးစုံကြော်စား "
" ကိုကိုရောပဲ ရော့ "
အပြန်အလှန်ထည့်ပေးရင်း မြတ်သောမောင်အတွက် တကယ်ကို မေ့နေကာ ဥပေက္ခာပြုသလိုဖြစ်နေ၏။ ထမင်းစားနေချိန် ရေငွေ့ပါသော လေတချို့တိုက်လာတော့ အေးစိမ့်စိမ့်လေးနဲ့ နေသာထိုင်သာရှိ၏။
°°°°°°°°°°
" မေမေ ဒီကဗျာ ဘယ်သူရေးတာလဲဟင် "
" ဘယ်ဟာလဲ "
" ဒီမှာ "
ဝါကျင်ကျင်စာရွက်ခေါက်လေးအား ပန်းယွန်း ယူလာပြီး ပန်းလိပ်ပြာကို ပေးလိုက်၏။ သူမ ယူကြည့်လိုက်ပြီး သတိရသွားလျက် တစ်ချက်ပြုံးလိုက်သည်။
" ဒါ ဘယ်ကတွေ့လာတာလဲ "
" မေမေတို့အခန်းထဲ ယွန်း လက်သည်းညှပ်သွားရှာရင်း အောက်ဆုံးဗီရိုအကန့်က စာရွက်ခေါက်တွေကြားက ထွက်လာတာလေ "
" ကြာပါပြီ မေမေ သမီးအရွယ်တုန်းက ရေးထားတာပါ၊ ဘာအကြောင်း ရည်ညွှန်းသလဲတောင် မသိတော့ပါဘူး... "
ထိုအခါ မေမေ့လက်ထဲက ထိုစာရွက်လေးအား ပြန်ယူလျက် သူမ ဆိုဖာမှာ ဝင်ထိုင်လိုက်ရင်း မှင်ရောင်မှိန်၍ ဝါးနေပြီဖြစ်သောထိုကဗျာမှ စာသားတွေကို အသံထွက်၍ ရွတ်ကြည့်မိသည်။
" အောက်ချင်းငှက်တွေဟာ သစ္စာရှိသတဲ့။
ပိုးစုန်းကြူးလေးတွေက ကိုယ်ပိုင်အလင်းနဲ့ ရပ်တည်သတဲ့။
ချိုးဖြူငှက်တွေဟာ ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သတဲ့။
ဘာတွေ ဘယ်လိုပဲရှိစေကာမူ အသင်၏ နှလုံးအိမ်၌ မေတ္တာသာ သန္ဓေတည်ခဲ့လျှင် အရာရာ အောင်နိုင်ရာတည်း...။ "
" ကဗျာလေးက ချစ်စရာလေးနော် မေမေ "
" အဲဒါ ကဗျာမဟုတ်ဘူးကွဲ့ ၊ ကဗျာမမည်တဲ့ စာလေးပါ၊ ကဗျာဆိုတာ ကာရန်ညီရတယ်၊ ကာရန်မှန်ရတယ်၊ အချီအချလည်းရှိသေးတယ်၊ အချိတ်အဆတ်လည်းမိဖို့လိုတယ်၊ ကာရန်တွေလွတ်သွားလို့ မဖြစ်ဘူး၊ ဒီစာတိုလေးက နည်းစနစ်မကျဘူး သမီးရဲ့ "
" ဒါပေမဲ့ ယွန်းကြိုက််တယ်လေ "
ပန်းယွန်းရဲ့ ထုံးစံအတိုင်း သွက်လက်စွာ ပြန်ပြောလိုက်မိပါ၏။
" လူတစ်ကိုယ် အကြိုက်တစ်မျိုးတဲ့၊ သမီးရဲ့ အကြိုက်က ထူးခြားတာပဲ "
ပန်းယွန်း ထိုစာရွက်လေးကိုကြည့်ရင်း နှုတ်ခမ်းပါးလေးတွေ ကွေးညွတ်သွား၏။
" မေမေ အောက်ချင်းငှက် မြင်ဖူးလားဟင် "
" မမြင်ဖူးပါဘူး စာတွေထဲမှာတော့ သူတို့သစ္စာကြီးတဲ့အကြောင်း ဖတ်ရတယ် "
သူမ ပိုးစုန်းကြူးကို မြင်ဖူးသည်။ ချိုးဖြူငှက်ကို တီဗွီထဲမှာ ခဏခဏမြင်ဖူးပါသည်။ အောက်ချင်းငှက်ကိုတော့ မမြင်ဖူးပါ။ ပန်းယွန်းသည် ဖုန်းလည်းမကိုင်ရသေးပေ။ ကျောင်းပြီးမှ ဝယ်ပေးမည်ဟု မေမေက ပြောထားသည်။ သူမကလည်း မပူဆာဖူးပါ။ အောက်ချင်းငှက်ကိုတော့ မြင်ဖူးချင်မိ၏။
°°°°°°°
" အန်တီမြတ်ရေ ကိုကိုရောဟင် "
" ရှိတယ် သမီးရေ၊ သားကြီးက အမြဲ အခန်းအောင်းနေတယ်၊ သားကြီး သားတိမ်ယံ သားညီမလာတယ်၊ အောက်ဆင်းလာခဲ့ဦး "
" ယွန်းယွန်းက တယ်လှနေပါလား၊ ဘယ်သွားမလို့လဲ "
" ယွန်းသူငယ်ချင်း မွေးနေ့သွားမလို့ပါ အန်တီမြတ် "
အဖြူရောင် ကော်လံပါလက်စကဂါဝန်လေးနဲ့ ပန်းယွန်းက နတ်သမီးတမျှ လှပနေ၏။ မျက်နှာက ကြွေရုပ်လေးအလား သနပ်ခါး အဖြူပွေးပါးပါးလိမ်းထား၍ မှုံညပ်နေသည်။ တိမ်ယံခ အောက်ဆင်းလာပြီး ပန်းယွန်းကိုတွေ့တော့ သူ အံ့သြစွာ မေးလိုက်သည်။
" ယွန်းလေးက ဂါဝန်အသစ်လေးနဲ့ပါလား၊ လှနေတာ "
" ဟုတ်လား ကျေးဇူးပါ "
ပန်းယွန်း နည်းနည်းတော့ ဘဝင်မြှင့်သွားတာအမှန်ပင်။ မျက်နှာက ပြုံးရိပ်မပြယ်တော့ပါ။ ပြုံးလျက်ပင် တိမ်ယံခကို သူမ ပြောလိုက်သည်က...
" ယွန်း သူငယ်ချင်းမွေးနေ့ပွဲ သွားမလို့၊ အဲဒါ ကိုကို လိုက်ပို့ပေးနော် "
" ဟင် ဘယ်လို ကိုကိုကလေ "
" အင်း ဟုတ်တယ် "
" ကျောင်းကသူငယ်ချင်းလား... "
" ဟုတ်တယ် ကိုကိုရဲ့၊ ကိုကို ယွန်းကို လိုက်ပို့ပေးမယ်မလားဟင် "
တိမ်ယံခ သူမစကားကြောင့် အနည်းငယ် စဥ်းစားလိုက်၏။ သူ့အား အတိုင်းထက်အလွန် မျှော်လင့်စောင့်စားနေသည့် ပန်းယွန်းကိုလည်း အားနာမိသည်။
" ညီရော မသွားဘူးလား "
" သိပါဘူး "
" မေမေ ညီရော "
" ဒီကောင်လေးက အိမ်ကပ်တယ်မရှိပါဘူးဟယ်... စကားပြောကြဦး မေမေ ထမင်းသွားချက်လိုက်ဦးမယ် "
" ဟုတ်ကဲ့ "
မြတ်လေးဟန် အနောက်ဘက်ဝင်သွားတော့ နှစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။ သူ ဘာပြောရမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ကလေးတွေကြား မသွားချင်တာတော့အမှန်ပင်။
" ညီကသွားမှာပါ သူက အပေါင်းအသင်းမက်တယ်၊ သူနဲ့အတူသွားပါလား ယွန်းလေး၊ ကိုကိုက အပြင်သွားစရာရှိလို့ "
" ဟင် ကိုကိုကလည်း သူနဲ့မသွားချင်လို့ ကိုကို့ကို လာခေါ်တာကို "
" ဟုတ်ပါတယ် ကိုကိုကလိုက်မပို့ချင်လို့ပြောတာ မဟုတ်ဘူးလေ၊ ကိုကိုလိုက်လာရင် ယွန်းတို့ သူငယ်ချင်းတွေကြား ကိုကိုက ကန့်လန့် ကန့်လန့် ဖြစ်နေမှာပေါ့ "
" မဖြစ်ပါဘူး ယွန်းက ကိုကို့ကို သူတို့နဲ့ မိတ်ဆက်ပေးချင်တာ၊ ယွန်းမှာ ဆေးကျောင်းသား အစ်ကိုတစ်ယောက်ရှိတယ်ဆိုပြီး ကြွားချင်တာပေါ့ "
" မဟုတ်သေးဘူး... ညီနဲ့က အတူတူကျောင်းတက်တာဆိုတော့ သူနဲ့အတူသွားတော့ ပိုကောင်းတာပေါ့ ဟုတ်ဘူးလား... "
" နေပါတော့ လိုက်မပို့ချင်လည်းနေ၊ ကိုကိုက ယွန်းကို အရင်လို ဂရုမစိုက်တော့ဘူး... တော်ပြီ မသွားတော့ဘူး... "
" ဟော... "
စိတ်ဆိုးမာန်ဆိုးဖြင့် ပန်းယွန်း ထထွက်လာပြီး အရှေ့ရောက်တော့ မြတ်သောမောင်က မချိုမချဥ်ပြုံးလျက် တိုင်ကိုမှီရပ်ရင်း သူမကို စောင့်နေဟန်ရှိသည်။ အနားရောက်လာတော့ မျှော်လင့်ထားသလို ခနဲ့စကားကြားရပေမယ့် တကယ်တမ်းမှာတော့ လူက မခံသာပါ။
" မယ်တော်ကျော်ပြီး ဒွေးတော်သွားလွမ်းတာကို ဘယ့်နှယ်လဲ "
" ဘာပြောတယ် "
" ညီ "
ရုတ်တရက် အနောက်မှာလာရပ်သော တိမ်ယံခက မြတ်သောမောင်ရဲ့ပခုံးတစ်ဖက်အား လက်ဖြင့်ဆုပ်ကိုင်ရင်း ဟန့်တားသည့်အနေဖြင့် ခေါ်လိုက်တော့ သူ စကားရပ်လိုက်၏။ ပန်းယွန်းသည် မျက်ရည်အဝိုင်းသားဖြင့် သူတို့အား လှည့်ကြည့်လာပြီးမှ ခြံထဲကနေ ပြေးထွက်သွားတော့သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺
အပိုင်း(၁၁) ဆက်ရန် >>>
#Ruby Linn