book

Index 1

အပိုင်း(၁)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama

✨Black Verse✨

 [ ကာရန်မဲ့ကဗျာ ] 


----------


နံနက်ခင်း ရောင်နီဦးသည် ပြတင်းတံခါးမှတစ်ဆင့် ပန်းရောင်ကန့်လန့်ကာကိုဖြတ်သန်း၍ အခန်းတွင်း မှန်တင်ခုံပေါ်သို့ ဖြာကျလျက်ရှိရာ ပြတင်းပေါက်အပြင်ဘက်မှာ ချိတ်ဆွဲထားသော လှောင်အိမ်ထဲရှိ အစိမ်းနဲ့အဝါစပ် ကြက်တူရွေးငှက်လေးကလည်း တေးသီကျူးလျက်...


" မေ့ချစ်တုံးလေး... ပူတူတူးလေး... အသည်းကျော်လေး... ထတော့လေ "


အိပ်ရာထက် ကိုယ်လေးကိုင်းလျက် နက်ရွှဲဖြောင့်စင်းနေသည့် ကုပ်ဝဲဆံပင်လေးကို ဖွဖွပွတ်သပ်ကာ လေပြည်ညင်းအလား နူးညံ့ပျော့ပျောင်းသော စကားသံလေးက တစ်ယောက်အိပ်အခန်းကျယ်ထဲ ပျံ့လွင့်သွားလေသည်။ ချည်စောင်ထဲ ကွေးကွေးလေးတစ်စောင်းလှဲအိပ်နေသည့် ပုလဲလို ကြည်လင်ဖြူဥနေသော သမီးဖြစ်သူ ပါးမို့မို့လေးကို နှာတံဖျားလေးနစ်ဝင်သွားသည်အထိ ချစ်မြတ်နိုးစိတ်ဖြင့် နမ်းလိုက်မိတော့ 

အောက်လျော့ချ၍ မျက်နှာလေးဖုံးသည်အထိ စောင်ထဲတိုးဝင်သွားရင်း ထွက်လာသော ကလေးသံသေးသေးလေးက အိပ်ချင်မူးတူးဖြင့်သာ...။ 


" ပါပါးရော ပါပါး... "


" သမီးပါပါးက အစည်းအဝေးရှိလို့ အောက်ထပ်မှာ မနက်စာစားနေပြီ ချစ်ကလေးရဲ့၊ အိပ်ပုတ်လေးရဲ့၊ မျက်နှာသစ်ရအောင် "


" အင်... ပါပါးကိုခေါ်ပေး... ပါပါးနှိုးမှထမှာ ခေါ်ပေး... "


" သမီးလေး မဆိုးနဲ့နော်၊ မေမေ လာနှိုးနေပြီပဲဟာ "


" ပါပါး... "


စောင်ခြုံထဲက ကုန်းအော်နေသော အသံအဆုံး အခန်းထဲဝင်လာသော ခြေသံသဲ့သဲ့ ကြားလိုက်ရတော့ စောနက မိခင်ကို ဂျီကျနေတဲ့ အသံလေးက မီးကိုရေနဲ့ငြိမ်းလိုက်သလိုမျိုး ဟုပ်ခနဲ ပျောက်သွားကာ စောင်ကိုတင်းတင်းဆွဲခြုံ၍ အိပ်ချင်ယောင်ဆောင်လိုက်သော ၉ နှစ်အရွယ် ကလေးမလေးတစ်ယောက်။


" ကို့သမီးက ကိုလာနှိုးမှ ထမယ်ဆိုပြီး အိပ်ချင်ယောင်ဆောင်နေလေရဲ့ "


" မေမေနော် "


ထိုအခါ အက်ရှနေသော အသံသေးလေး ထွက်လာသဖြင့် ပန်းလိပ်ပြာ သဘောကျစွာ ပြုံးရယ်ရင်း စကားပြန်ပြင်လိုက်ရသည်။ 


" အဲ ပြန်အိပ်နေတယ်လို့ပြောတာ "


" ပါပါးသိတာပေါ့၊ ပါပါးသမီးလေးက ပါပါးနှိုးမှထတယ်ဆိုတာ၊ မောနင်း ဘေဘီလေး... ထတော့နော်၊ ပါပါးအလုပ်သွားရဦးမှာ "


သတိုးတေဇသည် စောင်ကိုလှပ်၍ ချစ်သမီးလေးရဲ့ ကိုယ်လေးကို လက်ထဲပွေ့ချီလိုက်ကာ အနမ်းမိုးတွေ ရွာသွန်းဖြိုးလျက် သူ့ရဲ့ တစ်နေ့တာကို စတင်နေကြပင်။ 


" ပါပါးပြန်လာရင်လေ ယွန်းအတွက် ရေခဲမုန့်ဝယ်လာခဲ့ပေးနော်၊ ပြီးတော့ ပူတင်းရောပဲ၊ 

ဖက်ထုပ်လည်းပါတယ်၊ ချောကလက်တော့ မမှာတော့ပါဘူး သွားပိုးစားမှာစိုးလို့ ဟီး... "


သတိုးတေဇရဲ့ ကိုယ်ပေါ်ခွထိုင်လျက် စိမ်းဖန့်ဖန့် ပါးသိုင်းမွှေးတွေကို လက်ချောင်းလေးတွေဖြင့် မထိကလု ဆော့ကစားနေသော သမီးဖြစ်သူ ပန်းယွန်းတေဇရဲ့ လက်တွေကို ဆွဲယူဆုပ်ကိုင်ရင်း ငုံ့မိုး၍ သူမေးလိုက်သည်။


" ကုန်ပါ့မလား...၊ သမီးမှာတာ အများကြီးပဲလေ "


" မေမေမှ အငယ်လေးမွေးမပေးတာ "


အနားမှာ လက်ပိုက်လျက် သားအဖနှစ်ယောက်ကို ပြုံးကြည့်နေသော ပန်းလိပ်ပြာ သမီးဖြစ်သူရဲ့စကားကြောင့် မျက်နှာလေး တည်သွားတော့ ပန်းယွန်းတေဇ အလိုက်သိစွာ စကားလမ်းကြောင်း ပြောင်းလိုက်၏။


" စိတ်မပူပါနဲ့ ပါပါးရဲ့၊ ကိုကို့ကိုပါ တစ်ဝက်ခွဲကျွေးလိုက်မှာပေါ့ "


" ဟုတ်ပါပြီဗျာ၊ ပါပါး မမေ့မလျော့ ဝယ်လာခဲ့ပါ့မယ် သမီးတော် "


" Yes, sir "


" ကို... ကုမ္ပဏီသွားဖို့ နောက်ကျနေဦးမယ်၊ သမီးလေး ကိုယ့်ဘာသာ သန့်ရှင်းရေး လုပ်တတ်နေပြီနော်၊ ပြီးရင် မနက်စာစားဖို့ ဆင်းလာခဲ့ "


" ဟုတ် ကဲ့ "


ပါပါးကိုယ်ပေါ်ကဆင်းကာ လေးတွဲသော အသံတိုးတိုးဖြင့် ပြောလိုက်ရင်း မျက်လုံးနက်နက်တွေကို အုပ်ကွယ်နေသည့် ရှေ့မှ ဆံမျှင်တချို့ကို ဖယ်ရှားလိုက်ပြီး ကိုယ်ပေါ်က စောင်ကိုဖယ်ခွာလျက် မခေါက်တတ်ခေါက်တတ်ဖြင့်ခေါက်ကာ အခန်းထဲမှ ထွက်သွားသော ပါပါးနဲ့ မေမေ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိသေး၏။ 


" နေ့လည်ကျရင် အပြင်စာတွေ မစားနဲ့နော်ကို၊ ကိုကြိုက်တတ်တာလေးတွေ ပြင်ထည့်ပေးထားတယ်၊ ကော်ဖီရောပဲ "


" အင်းပါမိန်းမရယ်... ကိုယ်ဘယ်တုန်းက အပြင်စာစားခဲ့ဖူးလို့လဲ၊ စိတ်ချပါ ထမင်းလည်း အချိန်မှန်စားမယ် ဟုတ်ပြီလား... "


" အင်း "


ပန်းလိပ်ပြာ မီးဖိုခန်းထဲ သွက်သွက်လျှောက်ဝင်သွားပြီး ထမင်းဘူးနဲ့ ကော်ဖီဘူးထည့်ထားသည့် လက်ဆွဲအိတ်အသေးကိုယူလျက် အပြင်သို့ထွက်လာကာ ခင်ပွန်းဖြစ်သူလက်ထဲ သေချာထည့်ပေးလိုက်ရာ သူက လှမ်းယူပြီးနောက် ခပ်ပြေပြေ ပြောင်ရှင်းနေသည့် သူမနဖူးပြင်လေးထက် နွေးခနဲ ခံစားလိုက်ရသည်။ 


ပန်းလိပ်ပြာ ကြည်နူးစွာ မော့ကြည့်သောအခါ...


" ကိုယ်ညနေ စောစောပြန်ခဲ့မယ်နော် "


ဟု သတိုးတေဇ ပြောလိုက်သဖြင့် သူမ သဲ့သဲ့ပြုံးရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့ သူက လက်ပြရင်း ကားပေါ်တက်ကာ ခြံဝင်းထဲမှ မောင်းထွက်သွားလေသည်။ သူမလည်း အိမ်ထဲပြန်ဝင်လာပြီး အိမ်မှုကိစ္စတွေ ဆက်လုပ်နေလိုက်ပါ၏။ အတန်ကြာသည်အထိ သမီးဖြစ်သူ အသံတိတ်နေသဖြင့် သင်္ကာမကင်းဖြစ်လာရာ နာမည်ခေါ်လျက် အပေါ်ထပ်သို့ တက်လာတော့ အခန်းထဲမှာ ရှိမနေပါ။ အောက်ပြန်ဆင်းလာခဲ့ရင်း...


" ယွန်းယွန်း ယွန်းယွန်း... "


" ကျစ်! ဒီကောင်မလေး ဟိုဘက်အိမ်သွားတာပဲဖြစ်ရမယ်၊ ဘယ်အချိန်ထွက်သွားပါလိမ့် "


တံခါးဝတွင် ခါးတစ်ဖက်ထောက်ရပ်ရင်း မြည်တွန်တောက်တီးနေသော ပန်းလိပ်ပြာသည် အိမ်ရှင်မပီသ၍ ကလေးတစ်ယောက်အမေတောင် ဖြစ်နေပါပေါ့လား။ 


°°°°°°°°°°°°°°°


" ကိုကို ကိုကို ကိုကို... "


ကျွန်းလှေကားကိုဝိုက်၍ အပေါ်ထပ်သို့ တက်လာခဲ့ရင်း ပန်းယွန်းသည် နှုတ်မှလည်း အမြဲစွဲ၍ ရင်နှီးနေသည့် နာမ်စားလေးတစ်ခုကို ပျော်ရွှင်စွာ ရေရွတ်လျက် လှေကားဘေး ဒုတိယမြောက်အခန်းကို လက်သီးဆုပ်သေးသေးလေးဖြင့် ခြေဖျားလေးပါထောက်လျက် ထု၍အသံပေးလိုက်တော့ ချလပ်ဆို ပွင့်သွားသော တံခါးတစ်ချပ်...


" ယွန်းလေး... "


သူ့ရင်ဘက်သာသာလောက်သာရှိသော ချစ်စဖွယ် အပြုံးပိုင်ရှင်လေးက သူ့အား လင်းလက်ပြိုးပျက်သော မျက်ဝန်းတွေဖြင့် မော့ငေးကြည့်နေတာကို ရုတ်တရက် မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် တအံ့တသြအသံဖြင့် ရွတ်ဆိုလိုက်သော တိမ်ယံခ...။


" ယွန်းတို့ ဆိုင်ကယ်လိုက်စီးမယ်ဆို၊ ကိုကိုက အခုမှ နိုးတာလား၊ ကိုကို မေ့တော့မမေ့ပါဘူးနော် "


မျက်နှာတောင် သစ်ရသေးဟန်မပေါ်သော ကိုကို့ကိုကြည့်၍ သူမ ပြောလိုက်တော့ ကိုကိုက တည်ကြည်သော မျက်နှာထားဖြင့်...


" ကိုကိုမမေ့ပါဘူး၊ ယွန်းလေးတို့ အိမ်ကနေသွားစောင့်နေနော် ကိုကိုလာခေါ်မယ် "


" ဟင့်အင်း ဟင့်အင်း ဒီမှာပဲစောင့်မယ် "


" ယွန်းလေး! "


ဟန့်တားသံက အမိန့်သံပမာ အနည်းငယ် မာကြောနေခဲ့ရာ သူမက သူ့ကို ရှည်လျားသည့်မျက်တောင်ကြီးတွေပင့်၍ ညှိုးလျသော အသွင်ဖြင့် ကြည့်နေလေတော့ သူ တိတ်တဆိတ် သက်ပြင်းချ၍ ပခုံးပေါ်ဝဲနေသော ဆံပင်ထူထူတွေရှိသည့် သူမဦးခေါင်းကို ချော့မြူသည့်အလား တစ်ချက်သပ်ပေးလိုက်ရင်း...


" ယွန်းလေးက လိမ္မာတယ်နော် "


ဟု ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သောအခါ ကြည်လင်သွားသော မျက်နှာလေးဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ ' မြန်မြန်လာခဲ့နော် ' ဟု သူမက ဆိုလျက် လှေကားပေါ်က တဒုန်းဒုန်း အသံမြည်အောင်ပြေးဆင်းသွားလေသည်။ 


အိမ်ပေါက်ဝမှာ ခြေစုံရပ်၍ အကြောင်းမဲ့ အပေါ်ထပ်ကို လှမ်းငေးမျှော်ကြည့်ပြီးမှ ပန်းယွန်းခြေလှမ်းတွေက တရွေ့ရွေ့ရှေ့ဆက်လျှောက်တော့ နဖူးနဲ့မာကြောသောအရာတစ်ခု တိုက်မိသွားသည်က ဒုတ်ခနဲ အသံမြည်သွား၏။ ထိုအခါ နာကျင်သွားသဖြင့် ရှေ့တည့်တည့် လှည့်ကြည့်တော့ တိုင်လုံးဖြူဖြူက နီးကပ်စွာ ရှိနေခဲ့သည်လေ။ 


ကိုယ့်နဖူးကိုယ်ပွတ်နေစဥ် ဆင်ဝင်အောက် အကြမ်းပတမ်း စီးနှင်းဝင်လာသော ပြိုင်ဘီးအနီရောင်စက်ဘီးက သူမအနားတွင် ကပ်၍ရပ်လိုက်သဖြင့် လန့်သွားကာ နောက်ဆုတ်ချိန်တောင် မရလိုက်ပါ။ ကြောင်၍ရပ်နေမိ၏။ 


ကြည့်စမ်း...။ တိုက်မိမလိုဖြစ်သွားတာတောင် သူက စက်ဘီးပေါ်မှာ မိန့်မိန့်ကြီးထိုင်နေနိုင်သေးတယ်၊ ခုထိမဆင်းသေးဘူး။ ကိုကိုက နံ့သာဆီဆိုရင် ညီဖြစ်တဲ့ သူကတော့ တကယ့်ကို ကျီးအာသီးပဲ။ ပုံစံက ထောင့်မကျိုးပုံမကျ ရုပ်ကလပ်က မျောက်တောင် အမျိုးမတော်ချင်တဲ့ရုပ်အဆင်းနဲ့။ ပန်းယွန်းတေဇသည် သူမအား ဂျစ်ကန်ကန်ကြည့်နေသည့် မြတ်သောမောင်အား ဘုကြည့်ပြန်ကြည့်လျက် စိတ်ထဲက ချီးမွမ်းခန်းဖွင့်ကာ ဂုဏ်ပုဒ်တွေတပ်ပေးနေစဥ်မှာပင်...


" နင် ငါ့ဘာကြည့်တာလဲ "


ဟု အမေးခံလိုက်ရသဖြင့် တစ်ခွန်းတည်း ခပ်ကျယ်ကျယ်ပြောကာ သူ့အား လှည့်တောင်မကြည့်တော့ဘဲ ထွက်လာခဲ့လေသည်။


" ရုပ်ဆိုးလို့ "


ဒင်းက စကားတစ်ခွန်းထက် ပိုပြောလို့ကောင်းတဲ့ အကောင်မဟုတ်။ စကားပြောတာလည်း မယဥ်ကျေး။ မိန်းကလေးကို ချိုချိုသာသာ ပြောရကောင်းမှန်း၊ အလျော့ပေးရကောင်းမှန်း သိတဲ့လူမဟုတ်လေတော့ သူမ လေကုန်ခံမနေတော့ပါ။ ကြာကြာနေရင် ရန်ဆက်ဖြစ်ဖို့ပဲ ရှိတော့သည်။ 


°°°°°°°°°°°°


" ယွန်းလေး... "


" ကိုကို ယွန်းဒီမှာ "


တိမ်ယံခသည် အိမ်ထဲအရင်ဝင်သွားသော်လည်း အန်တီပန်းလိမ်ပြာက ယွန်းလေး ခြံထဲဆင်းသွားသည်ဆိုသဖြင့် သူခြံထဲဆင်းလာခြင်းသာ။ အခုလည်း သူလှမ်းခေါ်ကြည့်တော့ သူမအသံကိုသာ ကြားရပြီး လူပျောက်နေ၏။ 


" ညီမလေး ဘယ်မှာလဲ "


" ဒီမှာလေ ကိိုကိုရဲ့ "


သစ်ပင်အောက်ရောက်တော့ သူမအသံက အပေါ်ကနေထွက်လာသဖြင့် သူမော့ကြည့်လိုက်၏။ သူမက ကိုင်းတစ်ကိုင်းပေါ်ကနေ သူ့အား ပြုံးကာ ငုံ့ကြည့်ရင်း လက်နှစ်ဖက် ဝေ့ယမ်းပြသောအခါ သူ ရင်ထိတ်သွားရသည်။


" ပြုတ်ကျမယ် ဆင်းခဲ့စမ်း၊ ခုဆင်း "


" ဟုတ် "


ဆင်းဆိုတော့ သူမက ကိုးရိုးကားရားဖြင့် ဟိုကဆင်းရမလို ဒီကဆင်းရမလိုနဲ့ ကတုန်ကယင်ဖြစ်နေတော့ သူပိုစိတ်ပူလာရသည်။ ဖွဟဲ့ မတော်ပြုတ်ကျတော့မှာဖြင့်။ ထိုစဥ် သူထင်တဲ့အတိုင်း ဖရိုဖရဲဖြင့် သူမက အောက်ကိုပြုတ်ကျလာပါရော။ သူလည်း လှမ်းဖမ်းပေမယ့် အရှိန်နဲ့ကျလာတာမို့ သူမရော သူပါ မြေပြင်ပေါ် အတုံးအရုံးလဲပြိုကျသွားပါတော့သည်။ တိမ်ယံခက ပန်းယွန်းတေဇကို အောက်ကနေပွေ့ဖက်ပေးထား၏။ 


" အ့ ဟင့် "


ထိုအခါ ပန်းယွန်းဆီက မျက်ရည်မကျဘဲ မျက်နှာရှုံ့မဲ့ကာ ရှိုက်သံထွက်လာသောအခါ သူ စိတ်တိုသွားရ၏။ သူ့ကိုယ်ပေါ်က သူမကို တွန်းဖယ်လိုက်ရင်း သူမတ်တပ်ရပ်လိုက်ကာ လေသံမာမာဖြင့် ကျုံ့ကျုံ့လေးထိုင်နေဆဲ သူမအား ဖိဟောက်လိုက်သည်။


" အဲ့အပေါ်ကို ဘာကိစ္စတက်သွားရတာလဲ၊ ကိုယ့်ကိုယ်ကိုယ် မိန်းကလေးဆိုတာ သတိရောရရဲ့လား ဟမ် "


" ဟင့် ဘာလို့ သူများပြောတာ အရင်နားမထောင်ဘဲ လှိမ့်ဆူနေရတာလဲ ဟီး ကိုကို့ကို မချစ်တော့ဘူး မချစ်တော့ဘူး... " 


ခြေနှစ်ချောင်းကို မြေကြီးနဲ့ပွတ်ကာ လိမ်ကောက်၍ အော်ငိုနေသော ပန်းယွန်းတေဇကို တိမ်ယံခ ဒီအတိုင်း ခါးထောက်လျက် ရပ်ကြည့်နေလိုက်သည်။ ထိုအခိုက် အိမ်ထဲမှ ပန်းလိပ်ပြာ ကပျာကယာ ပြေးထွက်လာပြီး...


" သမီးလေး... ဘာဖြစ်ကြတာလဲ သားတိမ်ယံ "


" ဟင့်... ယွန်းကလေ ငှက်အော်သံကြားလို့ ငှက်ကလေးများ အောက်ပြုတ်ကျတာလားဆိုပြီး ဟင့် သစ်ပင်ပေါ်တက်ကြည့်တာကိုလေ... အဲဒါကို ကိုကိုက ရောက်လာပြီး အမြန်ဆင်းခိုင်းတော့ ယွန်းသစ်ပင်ပေါ်က ပြုတ်ကျတာပေါ့လို့ အင့် အ အင့်... ဟင့် "


အပြစ်လုပ်ထားသူမို့ သူမကိုဆူမှာစိုးလို့ မိခင်ဖြစ်သူကို အရင်ဦးအောင် ပြန်တိုင်နေသော ပန်းယွန်းတေဇအား သူ မမှိတ်မသုန်စိုက်ကြည့်လိုက်တော့ မိခင်ရင်ခွင်ထဲ တိုးဝင်သွာ၍ သူ့ကို ငဲ့တောင်မကြည့်တော့။ ရှိုက်သံလေးသာ တအင့်အင့် ထွက်လို့နေသည်။ 


" ကဲ ဘယ်နားထိသွားသေးလဲ ဆေးထည့်ရအောင် "


ပြန်မဖြေဘဲ သူမ မေမေ့ရဲ့ခါးကို တင်းနေအောင် ဖက်ထား၍ ရင်ခွင်ထဲ မျက်နှာလေးဝှက်ထားမိ၏။ 


" သားတိမ်ယံရော ဒဏ်ရာရသွားသေးလား... "


" ပွန်းပဲ့ရာလောက်ပါပဲ အန်တီ၊ သားပြန်တော့မယ်နော်၊ မေမေက သူညနေလာခဲ့မယ်လို့ မှာလိုက်တယ် "


" အေး အေး သား... "


မေမေ့ကိုသာ နှုတ်ဆက်ပြီး ပြန်သွားသော ကိုကို့ကို မျက်နှာဖွတ်ထားသည့် ပန်းယွန်းသည် ခေါင်းလေးအသာငဲ့၍ ကြည့်လိုက်တော့ ရှိုက်သံသဲ့သဲ့နှင့်အတူ ညာဘက်မျက်ဝန်းအိမ်မှ ခိုတွဲနေသော မျက်ရည်စက်တစ်ပေါက်က နွားနို့ကဲ့သို့ ဖွေးဖြူသော ပါးပြင်ပေါ် လျောခနဲ ကျသွားတော့မှ အကြည့်တွေ လွှဲဖယ်လိုက်လေ၏။ 


" ကိုကို ကိုကို... "


" သမီးလေး သမီးလေး... "


တစ်ခုခုကို စိတ်ထဲမှာ စွဲလမ်းရင် အားငယ်ဝမ်းနည်းတဲ့အခါ ညညအိပ်ရင် ထယောင်တတ်တဲ့ အကျင့်လေးတစ်ခု ပန်းယွန်းတေဇမှာရှိနေတဲ့အတွက် မိခင်ဖြစ်သည့် ပန်းလိပ်ပြာမှာ သမီးအတွက် ရတက်မအေးဘဲ ယနေ့ သမီးဖြစ်သူနံဘေး လာအိပ်ပေးချိန် အိပ်နေရင်း သူစွဲလမ်းရာကို ယောင်ယမ်းခေါ်နေခြင်းပင်။ 


အစွဲလမ်းကြီးလိုက်တာ သမီးလေးရယ်...။ သူမ သူငယ်ချင်း မြတ်လေးဟန်ရဲ့ သားနှစ်ယောက်မှာ အကြီးဖြစ်တဲ့ တိမ်ယံခကို သမီးလေး ပို၍ခင်မင်တွယ်တာ သံယောဇဉ်ရှိမှန်း ရိပ်စားမိပါ၏။ အစ်ကိုလည်း အရမ်းလိုချင်၊ မောင်လေးလည်း သိပ်လိုချင်တဲ့ သမီးလေးကို သူမ အငယ်လေးတစ်ယောက် ထပ်မွေးမပေးနိုင်တဲ့အတွက် သူမကိုယ်တိုင် စိတ်မကောင်းဖြစ်ရပါတယ်။ 


သမီးလေးရဲ့ နဖူးစပ်က ဆံပင်လေးတွေကို သပ်တင်ပေးရင်း သူမ အသံတိတ်သက်ပြင်းချမိပါ၏။ သမီးလေးရဲ့ အနာဂတ်မှာ ဘာတွေများ ကြုံတွေ့ရနိုင်မလဲ။ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သတ္တိရှိရှိ ကျော်လွှားနိုင်ပါ့မလား။ ပွင့်လင်းစွာနေပြီး တွယ်တာမိသူအပေါ် အရာရာအလျော့ပေးပေါင်းတတ်သည့် စိတ်ထားရှိသူဖြစ်တဲ့အတွက် မေတ္တာရေးမှာရော ကံကောင်းနိုင်ပါ့မလားလေ...။ အိပ်မပျော်မဲ့အတူ တွေးမိတွေးရာတွေးရင်း တိတ်ဆိတ်သောညကို ဖြတ်သန်းခဲ့ရလေသည်။ 


°°°°°°°°°°°°°°°°


" မေမေရေ... ယွန်းစတိုးဆိုင်သွားလိုက်ဦးမယ် သိလား မေမေ "


" ဘာသွားလုပ် နေဦး မိယွန်း... "


ပန်းလိပ်ပြာ အပြင်ထွက်ကြည့်တော့ ပန်းယွန်းက စက်ဘီးတစ်စီးနဲ့ မျက်စိအောက်က လှစ်ခနဲ ပျောက်ကွယ်သွားချေပြီ။ ခုတလော ဒီကလေး ခြေများနေတာ သတိထားမိ၏။ ဘာတွေကြိတ်လုပ်နေသည်မသိ။ ခေါင်းလေးခါ၍ အိမ်ထဲပြန်ဝင်လာခဲ့ရလေသည်။ 


" အန်တီ ဆီစိမ်စက္ကူရှိလား "


" မရှိပါဘူး ကလေးရယ် "


" ဟွန် ဒါဆို ဖဲပြားလေးတွေရော "


" ကလေးက ဘာလုပ်မလို့လဲ၊ အန်တီတို့ဆီမှာ မုန့်ပဲသရေစာတွေပဲရှိတယ် "


စိတ်ညစ်ညစ်ဖြင့် သူမ မျက်နှာလေးမဲ့သွားရင်း ရှူးဖိနပ်စီးထားသည့် ခြေထောက်တစ်ဖက်ကို မြေကြီးနဲ့ကုပ်ခြစ်လျက် မျှော်လင့်ချက်သေးသေးဖြင့် မေးမိပြန်သည်။ 


" စာမှတ်ကဒ်ရော ရှိလားဟင် "


ဆိုင်ရှင်ရဲ့ အားနာသောအကြည့်နဲ့ ခေါင်းခါမှုကိုသာ ပြန်ရရှိသဖြင့် သက်ပြင်းချကာ လက်လျော့လှည့်ပြန်မည်ပြုတော့ ဘေးက ကြားလိုက်ရသော စကားသံတစ်ခု...


" ပီကေတစ်ဘူးပေးပါ "


ကောင်တာစားပွဲပေါ် လက်တစ်ဖက်ထောက်တင်လျက် ပြောလိုက်ရင်း ဘေးက ပန်းယွန်းတေဇနဲ့ အကြည့်ချင်းဆုံသွားတဲ့ မြတ်သောမောင် မချိုမချဥ်ပြုံးလိုက်၏။ 


တစ်ချက်မျှ ကြည့်လိုက်ကာ ပန်းယွန်းသည် ဘောင်းဘီအိတ်ထဲက စက်ဘီးသော့ကို ထုတ်ယူလိုက်သောအခါ သော့ကပါမလာခဲ့။ အိတ်နှစ်ဖက်စလုံးနှိုက်ရှာကြည့်ပြီး ချက်ချင်း စက်ဘီးနားသွားကြည့်တော့ သော့ကိုမတွေ့ရသဖြင့် ခဏတော့ ထူပူသွားမိတာအမှန်ပင်။ နောက်မှ သတိရလျက် ဆိုင်ထဲပြန်ဝင်သွားပြီး ရန်စွယ်ငေါငေါဖြင့် ပြောလိုက်မိသည်မှာ မြတ်သောမောင်ကိုပင်။


" ငါ့စက်ဘီးသော့ နင့်ဆီမှာမဟုတ်လား ပြန်ပေး "


အသက်အရွယ်က သိပ်ကွာတာမဟုတ်လို့ ဒေါသအလျောက် နင်တစ်လုံး ငါတစ်လုံးဖြင့် ပြောလိုက်မိပါ၏။ 


" အလိုလေး... အိုးစွပ်မစားခွက်စွပ်မစား စွပ်စွပ်စွဲစွဲ "


" နင့်အကြောင်း ငါကောင်းကောင်းသိတယ်နော် မြတ်သောမောင်! ပြန်ပေး... မဟုတ်ရင် အန်တီမြတ်နဲ့ တိုင်ပြောမှာ "


" အဟား... ဒါလား နင့်သော့ "


မိုးပေါ် key change လေးမြှောက်ပြသောအခါ ဝမ်းသာရွှင်ပျသွားသော မျက်နှာဖြင့် ပန်းယွန်း သူ့ဆီက လှမ်းယူဖို့ပြင်တော့ သူက ပြန်ရုတ်သိမ်းထားလိုက်ရာ သူမ မျက်နှာလေး တင်းမာသွားရသည်။ 


" အန်တီမြတ်နဲ့ တိုင်ပြောမှာနော်၊ နင် ကျောင်းမှာ ငါ့ခဲဆစ်တွေယူသုံးပြီး ဖျောက်ပစ်တာတွေ၊ စာအုပ်ငှားပြီး ပြန်မပေးတာတွေ၊ ပီကေဝါးပြီး ကျောင်းသူလေးတွေရဲ့ ဆံပင်ကိုလိုက်ကပ်တာတွေ ပြီးတော့... "


" တော်တော့ ငါ့ကိုလာမခြိမ်းခြောက်နဲ့၊ ကိုယ့်ဘာသာ ပြုတ်ကျပြီး လျှောက်ရမ်းနေတယ်၊ ခုနေ စက်ဘီးမပါဘဲ အိမ်ပြန်သွားရင် ဘယ်သူအရင်အဆူခံရမယ်ထင်လဲ ပြောကြည့်လိုက် "


သူက မျက်ခုံးတစ်ဖက်တောင် လှုပ်ပြနေသေးတာမို့ သူမပို၍ စိတ်တိုလာရကာ ရင်ထဲမကောင်းဖြစ်လာရင်း ငေါင်ဆင်းသွား၍ တွေဝေသွားစဥ်ခဏဝယ် သူက ထပ်ပြောလာပြန်သည်။ 


" စောနက ငါ့ကို ဘယ်လိုခေါ်လိုက်တယ် "


" ဟင်! "


" ကိုကို့ကိုကျ ကိုကို ကိိုကိုနဲ့ ပါးစပ်ဖျားက မချဘဲ ငါ့ကိုတော့ မြတ်သောမောင်တဲ့၊ ဒါဆို ငါ့ကို ' မောင် ' လို့ ခေါ်လေ၊ သော့ပြန်ပေးမယ် "


" အောင်မာ! ခေါ်နိုင်ဘူး ... "


ကြည့်စမ်း... ပြောပုံက တင်တင်စီးစီးနဲ့ သူ့ကိုယ်သူ ဘာမှတ်နေသလဲမသိဘူး...။ မောင် တဲ့။ 


" သော့ပြန်မလိုချင်ဘူးပေါ့ ဟုတ်လား... "


ထိုအခါမှာတော့ ပန်းယွန်းတေဇသည် အလေးအနက် စဥ်းစားရချေပြီ။ သည်လို တစ်ဖက်သက် ပြောလို့ဘယ်ရလိမ့်မလဲ။ ခဏအတွင်း ဖျတ်လက်စွာ အကြံကုန်ဂဠုန်ဆားချက်လိုက်ပြီး...


" ဒါဆို နင်ငါ့ကို ' မမ ' လို့ခေါ်လေ၊ အဲလိုဆို နင်ပြောတဲ့အတိုင်း ငါလည်းခေါ်မယ် "


သူ့မျက်နှာကြည့်တော့ စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ပုံမပေါ်သည့်အပြင် အဓိပ္ပာယ်တစ်မျိုးဖြင့် စိုက်ကြည့်နေရင်း သွားတက်ချွန်ချွန်လေးတွေပေါ်အောင် ချိုမြစွာ ပြုံးရယ်လိုက်ကာ အိတ်ထဲလက်တစ်ဖက် ထည့်လျက် စမတ်ကျကျဖြင့်...


" မ "


ဟု တစ်လုံးတည်း ရွတ်ဆိုသံအဆုံး သူမ နှုတ်ခမ်းတွန့်ကွေးရုံပြုံးလျက် သူ့ရှေ့ လက်တစ်ဖက်ဖြန့်ကာ...


" ကောင်းပြီ မောင် "


ထိုစဥ် သူမလက်ထဲကျလာသော သော့ချိတ်တစ်ခု။ သော့ကို ဆုပ်ကိုင်ရင်း ဟန်ပါပါဖြင့် ပြုံးကာ ပန်းယွန်း ဆိုင်ပြင်လျှောက်ထွက်လာခဲ့၏။ 


သူ့ထက် ရက်ပိုင်းလောက်သာ အသက်ကြီးသော သူမက ' မမ ' လို့ အခေါ်ခံရတာ ကြိုက်သတဲ့။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🌺🌺


အပိုင်း(၂) ဆက်ရန် >>>


#Ruby Linn


rate now: