book

Index 9

အခန်း(၉)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~


"အဖျားမရှိဘူး... တစ်ရက်နှစ်ရက်တော့ အနားယူလိုက်ပေါ့ "


မေမေက သာမိုမီတာပြန်သိမ်းပြီး မှော်ဝင့်ကို တစ်ချက်ကြည့်လျက် ပြောလိုက်ခြင်းဖြစ်သည်။ အနားမှာလည်းဖေဖေရှိနေပါသည်။ မှော်ဝင် ဇက်ကိုဟိုဘက်ဒီဘက် လှည့်ချိုးလိုက်ပြီး ခါးကြောဆန့်လိုက်တော့ ဖေဖေက သူမကိုလှမ်းကြည့်ရင်း...


"ဘာစိတ်ညစ်စရာရှိလို့လဲ သမီးလေး... "


သမီးမျက်နှာကို အမြဲအရိပ်တကြည့်ကြည့်လုပ်နေသည့် ဦးဘုန်းခန့်က မျက်နှာညှိုးနေသယောင်ရှိသော သမီးဖြစ်သူကို မေးလိုက်ပါ၏။


" မရှိပါဘူးပါပါး "


"သမီးလေးမလိမ်တက်မှန်းပါးသိပါတယ်၊ စိတ်ထဲတစ်ခုခုခံစားနေရရင် ပြောသာပြောချလိုက် "


မှော်ဝင်သည် ဖေဖေ့စကားကြောင့် ကြည်နူးပီတိဖြစ်စွာ ပြုံးရယ်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထိုစဥ် မေမေက...


"ညည်းအဘွားတော်တော်လေး နေမကောင်းဖြစ်နေတယ်၊ အဲဒါညည်းစိတ်ကြောင့်လည်းပါတယ်၊ သွားတွေ့လိုက်ဦး "


" ရှင်! "


သူမ တအံ့တသြလေးဖြစ်သွားရသည်။ ဖေဖေ့ကို မျက်လုံးစွေကြည့်လိုက်တော့ ဖေဖေက သူ့စာအုပ်ထံမှ အကြည့်လွှဲကာ သူမဆီအကြည့်ရောက်လာရင်း...


"ပါပါးက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကျေကျေနပ်နပ်လုပ်တာပဲဖြစ်စေချင်တယ်၊ တခြားသူတိုက်တွန်းလို့ စိတ်မပါဘဲ လုပ်ရတာမျိုးမလိုချင်ဘူး... "


ထိုအခါ ချက်ချင်းပင် သူမ ဖေဖေ့အား ပြန်ပြောလိုက်သည်က...


"ညနေနေစောင်းရင် အဘွားဆီ မှော်သွားလိုက်ပါ့မယ် "


သူမစကားဆုံးတော့ ဖေဖေ့ထံမှ ခေါင်းညိတ်ခေါင်းခါ စကားသံကိုပင် မကြားရတော့သည့်အပြင် အသိအမှတ်ပြုသည့် အပြုံးတစ်ခုတောင် သူမမရရှိခဲ့ပါ။ 


°°°°°°°°°°°°°° 


"မြတ်တို့ အားမနာနဲ့ ထည့်စားနော်၊ သား... သမီးလေးကို ဟင်းထည့်ပေးလိုက်လေ "


" ဗျာ ဟုတ်ကဲ့ "


အန်တိီမြတ်တို့နှင့် သူနဲ့က သိပ်အစိမ်းကြီးမဟုတ်ပေမယ့် အန်တီမြတ်ရဲ့ သမီး အိမြတ်မွန်နဲ့တော့ စိမ်းသည်ဆိုရပေမည်။ အန်တီမြတ်တို့က သူတို့တောင်ကြီးမြို့မှာနေစဥ် အိမ်နီးနားချင်းတွေဖြစ်ခဲ့ပြီး သူ့ထက်နှစ်နှစ်ငယ်သည့် အိမြတ်မွန်နဲ့ ငယ်ငယ်နှာချေးတွဲလောင်းအရွယ်တုန်းက ဆော့ခဲ့တာကို ရေးတေးတေးပြန်မှတ်မိနေသော်လည်း ဘာရယ်မဟုတ် အမ်းတမ်းတမ်းဖြစ်နေ၏။ သူ့ကို အကဲခတ်သလို မသိမသာ လှမ်းလှမ်းကြည့်နေသည့် အိမြတ်မွန်ပန်းကန်ထဲ ကြက်သားတုံးသေးတစ်တုံး လှမ်းထည့်ပေးလိုက်၏။ 


ကျစ်... ငါဘာကြောင့် အနေရခက်နေသလို ခံစားနေရတာပါလိမ့်။ သက်ပြင်းမျှင်မျှင်လေးခိုးချလိုက်ရင်း မေမေ့အား လှမ်းရှိုးလိုက်တော့ တကယ့်ကို အားရဝမ်းသာပင် ထမင်းတောင်မစားနိုင်ဘဲ စကားကောင်းနေ၏။ အင်း... အခုလိုမျိုး အသိမိတ်ဆွေကို ထမင်းစားဖိတ်လို့ သမီးပါပါလာပြီဆို ရုပ်ရှင်ထဲကလို သားရေးသမီးရေးကိစ္စတွေ ရှိလာတော့မှာ ကျိန်းသေသလောက်ပါပဲ။ 


"သမီးလေးက နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ကျောင်းတက်နေတာနော် "


"ဟုတ်ပါတယ်၊ အင်္ဂလိပ်စာအထူးပြု​နဲ့ ဒုတိယနှစ်ရောက်နေပါပြီ "


"ကြိုးစားနော် သမီးလေး၊ အကူအညီလိုရင် သမီးအစ်ကိုကိုပြော "


"ဟုတ်ကဲ့ပါ အန်တီ "


အိမြတ်မွန်က မခို့တရို့အပြုံးလေးနဲ့ သူ့အား မရဲတရဲကြည့်ကာ ပြောခြင်းဖြစ်သည်။ ဒီကောင်မလေးအကြည့်တွေ သူ့အပေါ် မရိုးသားမှန်း ဆန့်ကျင်ဘက် ခံစားမှုတစ်မျိုးဖြင့် အလိုလိုသိနေ၏။ မနူးမနပ်နဲ့ ဒီအရွယ် စိတ်ကစားတတ်သည်မဟုတ်လား။ ဒီလို ကလေးမက လူကြီးမကျ လွယ်လွန်းသည့် မိန်းကလေးမျိုးကို သူနည်းနည်းလေးတောင် စိတ်မဝင်စားပါ။ ထမင်းစားပြီးတော့ တခြားအကြောင်းပြကာ သမာဓိ အိမ်မှလစ်ထွက်လာခဲ့၏။ မေမေ့သဘောဆန္ဒကိုလည်း ရိပ်စားမိနေသဖြင့် ထောင်ချောက်ထဲမဝင်မိစေရန် ရှောင်ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။ 


°°°°°°°°°°°°


ညနေနေဝင်ရီရောအချိန်တွင် အေးချမ်းတိတ်ဆိတ်သည့်တောင်ကြီးမြို့မှ မှော်ဝင် ကားလေးကို အေးဆေးမောင်းကာ ထွက်လာခဲ့ပါ၏။ ကားမှန်ချကာ လက်တစ်ဖက် အပြင်ထုတ်ရင်း လေထဲကအမှုန်လေးတွေကို ဖမ်းဖို့ကြိုးစားနေမိသည်။ သည်လိုအချိန်မျိုးမှာ အတွေးတွေက ကယောက်ကယက်ပေါ့။


နေ့လည်က ဘွားဘွားကို သွားတွေ့မည်ဟု စိတ်ထဲကမပါဘဲ ဖေဖေ့ကိုပြောလိုက်တာက သူမကြောင့် ဖေဖေ့ကိုစိတ်မဆင်းရဲစေချင်လို့၊ ဖေဖေကျေနပ်အောင်လို့၊ ဘွားဘွားစိတ်ချမ်းသာဖို့အတွက် မဆိုသလောက် သူမစိတ်ကို ချိုးနှိမ်ထားလိုက်ခြင်းပင်။ ဒီအတွက်တန်ပါတယ်။ သူမဘဝမှာ သူမအကျေနပ်ဆုံးအရာကို လုပ်နေတာဆိုလို့ ဆေးကျောင်းအမှတ်မှီရဲ့သားနဲ့ စီးပွားရေးတက္ကသိုလ်ကို ရဲဝင့်စွာရွေးချယ်တက်ရောက်ခဲ့ခြင်းပင်ဖြစ်သည်။ ကျောင်းပြီးရင် UK မှာ business diploma သွားတက်ဖို့ plan ချထားပြီးသားပါ။ အားလုံးစီစဥ်ပြီးလို့ သွားခါနီးကျမှ ဖေဖေတို့ကိုအသိပေးဖို့ သူမဆုံးဖြတ်ထားပါသည်။ 


" ဒုတ် ဒုတ် "


သူမကားသည် အကောင်းကြီးကနေ ညောင်ရွှေမြို့ရဲ့မြောက်ဘက် ကားလမ်းနံဘေးတွင် ရုတ်တရက် ထိုးရပ်သွား၏။ ဆီအမှတ်ကိုကြည့်လိုက်တော့ အနီပြနေသည်။ နောက်ပြီး အင်ဂျင်များကျသွားသလားမသိပါ။ ခုတလော သူမကားအင်ဂျင် ခဏခဏကျနေလို့ ဝပ်ရှော့ခ်ရောက်ရတာလည်း အကြိမ်ရေမနည်းပဲ။ အရင်ဆုံး ကားပေါ်မှ ဆင်းလိုက်၏။ အခုချိန် ကားတစ်စီးစီးကိုတားပြီး အကူအညီတောင်းရင် အခွင့်အရေးသမားတွေနဲ့ ကြုံတွေ့လာနိုင်တာမို့ သူမကားကိုကျောမှိီကာ အကြံအိုက်နေမိသည်။


ဟိုင်းဝေးလမ်းမကြီးထက် သမာဓိသည် ကားတစ်စီးနှင့် သူတစ်ယောက်ထဲ အေးအေးလူလူ ခရီးနှင်လာခဲ့ရာ ကားလမ်းဘေးဝဲရာတစ်ဖက်တွင် အဝါရောင်ကားတစ်စီးရပ်ထားပြီး မိန်းကလေးတစ်ယောက်ကိုလည်း မနီးမဝေးမှ သူလှမ်းမြင်လိုက်ရလေသည်။ သူမလားဟု ဖျတ်ခနဲ အတွေးဝင်လိုက်မိချိန် ကားရပ်ထားသည့်နေရာနှင့် ပို၍နီးကပ်လာသဖြင့် သူ့အတွေးတွေပိုသေချာသွားခဲ့ရသည်။ မှော်ဝင်ကားကို ဖြတ်ကျော်မောင်းနှင်လာခဲ့ပြီး အတော်ဝေးဝေးရောက်မှ အတွေးတစ်စက လေပြည်ညှင်းနှင့်အတူ သူ့ခေါင်းထဲ အပြေးအလွှားဝင်ရောက်လာသဖြင့် ကားကိုအနောက်သို့ ပြန်ကွေ့လိုက်ပြီး မှော်ဝင်ကားရှေ့တွင် အသာထိုးရပ်လိုက်ကာ သမာဓိ ကားပေါ်မှ ဆင်းလာခဲ့တော့သည်။


" ကားတစ်ခုခုဖြစ်လို့လား "


မှော်ဝင် အသံလာရာဘက်လှည့်ကြည့်လိုက်ရာ သူမမျက်နှာ ရုတ်ချည်း အရောင်ပြောင်းလဲသွားရသည်။ နှုတ်ခမ်းတင်းတင်းစေ့၍ မျက်တောင်မခက်ဘဲ ခပ်စေ့စေ့ကြည့်ပြီးမှ သက်ပြင်းဖျော့ဖျော့ချ၍ ကားထဲမှ ဖုန်းကိုနှိုက်ယူလိုက်ပါ၏။


"ကိုယ်ကအမြင်မတော်လို့မေးနေတာ၊ တခြားသူတွေလိုစိတ်မျိုးရှိရင် မမြင်ချင်ယောင်ဆောင် လှည့်ထွက်သွားတာကြာပြီ"


မှော်ဝင်က သမာဓိကို ရှိတယ်လို့တောင် ထင်မှတ်ထားပုံမရဘဲ လျစ်လျူရှုကာ တစ်နေရာသို့ ဖုန်းတွေဆက်တိုက်ခေါ်နေ၏။ 


"ဟဲလို မေမေလား၊ မှော်လမ်းမှာကားပျက်သွားလို့ အဲဒါ... "


"နင့်အဖေဆီဖုန်းဆက်လိုက်လေ၊ မဟုတ်လည်း ကားဝပ်ရှော့ခ်ကို ဖုန်းဆက်ပေါ့၊ တက္ကစီငှားစီးလိုက်လည်းဖြစ်တာပဲ... ဖုန်းဆက်နေသေးတယ်၊ မေမေဒီမှာမအားဘူး..."


မှော်ဝင် စကားပြောချိန်တောင်မရလိုက်၊ ဖေဖေ့ဆီဆက်ပြီးသွားပြီ မကိုင်ဘူးလို့ပြောမလို့ကို၊ ဒီတစ်ခါတော့ တကယ်ပဲ မေမေ့အပေါ် သူမစိတ်ကွက်ချင်မိသည်။ ဖြန့်ချထားသည့် ဆံပင်တွေထဲ လက်ထိုးထည့်ပြီး အပေါ်သို့သပ်တင်လိုက်ကာ နဖူးကိုလက်သည်းဖြင့် ခပ်ဖွဖွ ကုပ်ခြစ်နေမိ၏။ စုတ်သပ်နေမိပြီး စိတ်အချဥ်ပေါက်လာသည်ဆို ပိုမှန်လိမ့်မည်။ 


မှော်ဝင်ဖြစ်ပျက်နေပုံကို သမာဓိ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားရင်း ခပ်တွေတွေရပ်ငေးကြည့်နေရင်းက...


"ဒီမှာ... မင်းအဖက်လုပ်ပြီး စကားမပြောချင်ရလောက်အောင် ငါဆိုတဲ့ကောင်က လမ်းပေါ်မှာ ပေတေလေလွင့်နေပြီး မိဘဆီက လက်ဖြန့်တောင်းနေတဲ့ အမှိုက်လိုကောင်မဟုတ်ဘူး... "


ရုတ်တရက် မထင်မှတ်ထားသည့်စကားကြောင့် လှည့်ထွက်ဖို့ပြင်နေသည့် သမာဓိရဲ့ကျောပြင်ကျယ်ဆီသို့ မှော်ဝင် ဒိုင်းခနဲ အကြည့်ရောက်သွားကာ မတိုးမကျယ် ပုံမှန်လေသံဖြင့် အံ့သြမှုအနည်းငယ်ဖုံးလျက် မေးလိုက်မိသည်။


" ရှင်ဘယ်သူလဲ "


သူကြားချင်သည့်စကားကို သူမနှုတ်မှပြောလိုက်သည့်အပြင် ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရသဖြင့် အလွန်ကျေနပ်သွားပြီး သဘောကျသွားကာ မဲ့ပြုံးလေးပြုံးလိုက်မိပြီး သူမဘက်တည့်တည့် ပြန်လှည့်လိုက်၏။ ပြီးတော့ မချိုမချဥ်အပြုံးက သူနဲ့အတူ ကပ်ပါလာလျက်....


"ပျင်းစရာကောင်းတဲ့မေးခွန်းနဲ့ သိပြီးသားမေးခွန်းကို ငါမဖြေဘူး... "


ထိုအခါ လှောင်ပြောင်သလို သူမက ခပ်ဟဟပြုံး၏။ ဘဝင်လေဟပ် သွေးနားထင်ရောက်နေတဲ့ အရူးပဲ။ 


"ကိုယ်မိုင်းသောက်တံတားဘက်ကိုသွားမလို့ မင်းလမ်းကြုံလိုက်ခဲ့လို့ရတယ် " 


သမာဓိစကားဆုံးတော့ မှော်ဝင်သည် ဣန္ဒြေမဆယ်နိုင်လောက်အောင် ခွက်ထိုးခွက်လန် ရယ်နေတော့သည်။ သမာဓိ ခါးထောက်လျက် မျက်မှောင်ကြုတ်သွားပြီး လွှတ်ခနဲ ဒေါသထွက်သွားမိ၏။


"ငါ့အတွက် အချိန်ကငွေလိုပဲလို့ ပြောခဲ့တဲ့သူက လမ်းကြုံခေါ်နေတာပါလား ဟား ဟား..."


တစ်ချိန်တုန်းက ပြောခဲ့ဖူးသည့် သူ့စကားတွေနှင့် သူ့ကို ပြန်ဆော်လိုက်တာပင်။ အမှတ်သည်းခြေကြီးပါဘိ။ 


ဘယ်ခွေးတိုးပေါက်ကဝင်လာမှန်းမသိသည့် စေတနာတွေရဲ့ အနောက်မှာ ဆေးဆိုးပန်းရိုက်တွေပါလာနိုင်သည် မဟုတ်ပါလား။ မှော်ဝင်သည် သူမမျက်နှာပေါ်က မခိုးမခန့်သရော်အပြုံးတွေကို ချက်ချင်းခဝါချကာ ရုတ်ချည်း တည်တံ့သွားရင်း ခပ်ဆတ်ဆတ် ပြောချလိုက်၏။


"ကျွန်မအနားကို ဘယ်လိုနည်းနဲ့ချည်းကပ်လာ ချည်းကပ်လာ၊ ရှင်သိထားရမှာက ရှင့်အတွက် ရလဒ်ကောင်းမှာမဟုတ်ဘူး၊ အခုလို ကျွန်မကိုယ်တိုင် သတိပေးတာခံရတဲ့အတွက် ဝမ်းသာလိုက်၊ ပြီးတော့ အဲ့မှာတင်ရပ်နေလိုက် တက်မလာခဲ့နဲ့ "


မှော်ဝင်သည် ဆိုခဲစေမြဲစေ ဆိုသည့် လူမျိုးထဲတွင်တစ်ယောက်အပါအဝင်ဖြစ်သည်။ ဟင်ဆိုလှည့်မကြည့်တတ်သည့်အပြင် တစ်ခွန်းဆိုတစ်ခွန်း ထိထိမိမိပြောတတ်သူလည်းဖြစ်သည်။ သူမစိတ်ကြည်နေသဖြင့် သူ့ကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ် သတိပေးပြောကြားလိုက်၏။ နောက်တစ်ကြိမ်ဆိုတာရှိလာခဲ့ရင်လည်း မှော်ဝင်တို့က ယခုလို သဘောကောင်းအပြောချိုနေတော့မည်မဟုတ်။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မည်။ 


"ကျွန်မလမ်းမှာကားပျက်သွားလို့၊ လာခေါ်ပါလား... "


မှော်ဝင် ပတ်ဝန်းကျင်ကို မျက်လုံးကစားပြီး တစ်ချက်ကြည့်လိုက်ရင်း...


" ရွှေရန်ပြေစေတီနားမှာ... "


" ဟုတ်ပြီ "


သူမဖုန်းချလိုက်ပြီး ကားတံခါးလှမ်းဖွင့်ကာ ကားပေါ်တက်မည်အပြု ခြေလှမ်းများတန့်သွားရခြင်းက...


"ကြောက်နေတယ်၊ မင်းငါ့ကို ကြောက်နေတယ်မလား... "


သူ့ရဲ့တစ်ဖက်သက် စွပ်စွဲချက်တွေက သိပ်ကိုဟားတိုက်ရယ်ချင်စရာကောင်းနေပြန်ပါသည်။ သို့သော် သူမကို တိုက်ရိုက်စော်ကားပြောဆိုလာခြင်းဖြစ်ရာ သိပ်ကိုတရားလက်လွန်သွားပြီလည်းဖြစ်သည်။ 


တစ်ခုခုဆို စိတ်မထိန်းနိုင်ဘဲ သွေးဆူလွယ်သည့် မှော်ဝင်ရဲ့စိတ်ဓာတ်(အားနည်းချက်) ကို သိနေတာဟာလည်း သူ့အတွက် နိုင်ကွက်တစ်ခုလိုဖြစ်နေ၏။ သူ့မျက်နှာကို စေ့စေ့မကြည့်ချင်ရင်တောင်၊ အဖက်လုပ်ပြီးစကားမပြောချင်ရင်တောင်၊ စေ့စေ့ကြည့်ပြီး စကားပြောလာအောင် သူ့မှာလုပ်နိုင်စွမ်းရှိပါသည်။ ဒါကို သက်သေတွေ၊ သာဓကတွေပြဖို့ လိုမည်မထင်ပါ။ 


သမာဓိသည် မှော်ဝင်သည်းမခံနိုင်လောက်သည့် စကားလုံးများကို ရွေးချယ်ပြီး အကဲစမ်းပြောလိုက်တော့ သူတွေးထင်ထားသည့်အတိုင်း သူ့ဘက်သို့ သူမက ချာခနဲ လှည့်ကြည့်လာပါတော့သည်။ အောက်နှုတ်ခမ်းသားလေးကိုလည်း ပြတ်ထွက်မတက် ဖိကိုက်ထားတာတွေ့ရ၏။ ထိုအခါ မီးတောက်ကို လောင်စာထပ်ထည့်ပေးသည့်အနေဖြင့်...


" ဝန်ခံလိုက်စမ်းပါ "


ဟု ပြောရင်း သူရှေ့ခြေတစ်လှမ်းတိုးဖို့ ဟန်ပြင်လိုက်စဥ်မှာပင် မှော်ဝင်က သူ့ရှေ့လှမ်းလာသဖြင့် နောက်ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။ ဒါကိုပင် ရှေ့သို့တိုးလာပြန်ရာ သမာဓိလည်း အကြောင်းမဲ့နောက်သို့တရွေ့ရွေ့ဆုတ်ပေးနေမိ၏။ တဖြည်းဖြည်း ကတ္တရာလမ်းပေါ်ရောက်လာ၏။ အနားမှာ ကားများတဝီဝီသွားနေသံကို မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေ၏။ 


သူမနှုတ်ခမ်းပေါ်ဝဲနေသည့် မဲ့ပြုံးကို သင်္ကာမကင်းဖြစ်ကာ စိတ်ထဲထင့်နေသဖြင့် သူ့ခြေလှမ်းများရပ်လိုက်စဥ် ခပ်လှမ်းလှမ်းမှ ဟွန်းတီးသံနှင့်အတူ အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးကြောင့် ထိတ်ခနဲဖြစ်သွားရပြီး လျင်မြန်စွာ သူ့ရှေ့မှ မှော်ဝင်အား လမ်းဘေးသို့တွန်းပစ်လိုက်ကာ သူပါဘေးသို့ တိမ်းရှောင်လိုက်ရ၏။ ကံသီပေလို့သာပေါ့။ သူတို့နှစ်ယောက်လုံး ဘာမှမဖြစ်တာ။ ကားသမားဆီက ပြစ်တင်စကားဆိုသံကိုတော့ ငြိမ်ခံနေလိုက်ရသည်။ 


သမာဓိသည် ခါးထောက်လျက် အသက်ကိုပြင်းစွာရှူရှိုက်ရင်း...


"မင်းဒါဘာလုပ်တာလဲ၊ ရူးနေလား "


ဒေါသထွက်ထွက်ဖြင့် စိတ်ထဲရှိသည့်အတိုင်း ပိတ်ပြောပစ်လိုက်၏။ သူမကတော့ သွေးအေးစွာပင် သူ့အား မတုန်မလှုပ်ကြည့်နေ၏။ ဘယ်လောက်ရိုက်သက်ချင်စရာကောင်းလိုက်သလဲ။ 


"အ​ကြောက်တရား... ဆိုတာ ဘာလဲ၊ ပြောစမ်း "


ရုတ်တရက် သူတွေခနဲဖြစ်သွား၏။ ပါးစပ်အဟောင်းသား ဆွံ့အသွားရသည်။ သူမရဲ့ လုပ်ရပ်တွေက သဘာဝလွန်နေ၏။ ကားတိုက်ခံရဲတာကိုမှ အကြောက်တရားကင်းမဲ့တယ်၊ သတ္တိရှိတယ်ခေါ်တာလား။ ဒါဟာ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ပဲ။ 


"မင်းငါ့မျက်နှာကိုကြည့်ပြီး စကားမပြောရဲတာ၊ ကားလိုက်မစီးရဲတာ မင်းငါ့ကို ကြောက်လို့ပေါ့ကွ "


သူမနား အလျင်အမြန် ရောက်သွားပြီး မျက်နှာချင်းဆိုင်ရပ်၍ လေသံမာမာဖြင့် အပေါ်စီးကနေ တစ်လုံးချင်း စီးမိုးပြောလိုက်တော့ သူမကလည်း သူ့ကို တန်ပြန်စိုက်ကြည့်ကာ ခပ်ဆတ်ဆတ်ပြောလာသည်က...


"ရှင့်စိတ်နဲ့မနှိုင်းနဲ့၊ ရိုင်းသွားလိမ့်မယ် "


အံကြိတ်သံဖြင့် လက်ဖဝါးကိုလက်သည်းဖြင့် ခပ်ပြင်းပြင်းကုပ်ခြစ်နေရင်း ပြောလိုက်၏။ တစ်ယောက်နဲ့တစ်ယောက် စက္ကန့်မလပ်ကြည့်နေကြသည်က ချစ်ခြင်းတရားကင်းမဲ့စွာ၊ ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းမီးများစွာဖြင့်။ ငါးမိနစ်လောက်ကြာပြီးနောက် သူမတို့နား ကားတစ်စီးထိုးရပ်လာပြီး ကားပေါ်မှ လူတစ်ယောက်ပြေးဆင်းလာပါ၏။ 


"မှော်... ကိုယ်နည်းနည်းနောက်ကျသွားတယ်"


မှော်ဝင်သည် ရင်တွင်း၌ ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေပြီး သူမစကားကို တစ်ခွန်းမှ အကျောမခံဘဲ ခွန်းတုံ့ပြန်နေသော သမာဓိအား လည်ပင်းကျောတွေထောင်ထကာ သွားတွေကျိုးမတက် ကြိတ်ထားရင်းက လှည့်ထွက်ချိန်မှာ...


"ဟေး... မင်းငါ့ကို အကြွေးဆပ်ရဦးမယ်နော်၊ တစ်နေ့ငါဆက်ဆက်ပြန်တောင်းမယ်"


"Go hell ! "


အားစိုက်ထုတ်စရာမလိုဘဲ ပါးစပ်ဖျားမှ လျောလျောလျူလျူ ထွက်သွား၏။ ထိုစကားကို သူမကားပေါ်တက်ခါနီး လှည့်မကြည့်ဘဲ ဒေါသသံစွက်ကာ ပြောလိုက်ခြင်းဖြစ်သည်။ 


ဉာဏ်ဝင့်သူသည် အလိုက်တသိပင် ဆိတ်ဆိတ်နေကာ နေရာမှမောင်းထွက်လာခဲ့တော့သည်။ မှော်ဝင့်ကိုကြည့်ရတာ အတော်လေးဒေါသထွက်နေပြီး စိတ်မထိန်းနိုင်ဖြစ်နေသည့်ပုံပင်။ personal ကိစ္စလည်းဖြစ်ပြန်၊ မှော်မကြိုက်မှန်းလည်းသိနေတာမို့ သူမေးမနေတော့ပါ။ သိချင်စိတ်ကို ချိုးနှိမ်ထားလိုက်ရ၏။ ဘေးနားဂနာမငြိမ်ထိုင်လိုက်လာသည့် မှော်ဝင်ကို သူငဲ့ကြည့်လိုက်တော့ လက်သီးဆုပ်ကို နှုတ်ခမ်းနားတေ့ကာ လက်ညှိုးကိုဖိကိုက်လျက် ကျန်လက်တစ်ဖက်က ပေါင်ကိုလက်ချောင်းတွေဖြင့် ဖွဖွကုပ်ခြစ်နေတာကိုတွေ့ရသည်။


သူကြည့်နေသည့်ခဏအတွင်း စောနက ယောက်ယပ်ခက်ကာ စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသော မှော်ဝင်သည် မိနစ်ပိုင်းအတွင်း မယုံနိုင်ဖွယ် ပြန်တည်ငြိမ်သွားတာကို တွေ့လိုက်ရသောအခါ ဉာဏ်ဝင့်သူ အင်မတန် အံ့သြတကြီးဖြစ်သွားမိသည်။ အလွန်ဟန်ဆောင်ကောင်းသော၊ စိတ်ဓာတ်မာကြောသော အမျိုးသမီးအဖြစ် ထပ်မံကောက်ချက်ချလိုက်မိပါသည်။ 


ဉာဏ်ဝင့်သူသည် သူနှင့်ရင်းနှီးပြီး ပြင်နေကြဖြစ်သော ကားဝပ်ရှော့ခ်တစ်ခုတွင် မှော်ဝင့်ကားသော့ပေးပြီး ပြင်ခိုင်းထားပြီးနောက် မိုင်းသောက်သို့ဆက်၍ မောင်းနှင်လာခဲ့တော့သည်။


°°°°°°°°°°°°°°


"မင်းကောင်ကြီးခုထိမလာသေးဘူးလား၊ ငါတို့အူစိုအောင် အရင်လုပ်ထားနှင့်မယ်လေကွာ၊ ဘယ်လိုလဲ မိုးမင်း "


"အေးကွာ သဘောပဲ "


မတွေ့ရတာကြာပြီဖြစ်သည့် state ကျောင်းတုန်းက သူငယ်ချင်းတွေချည်း စုဝေးကာ စားသောက်ဆိုင်တစ်ဆိုင်တွင် ဝိုင်းဖွဲ့၍ စားသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောဆိုရင်း သမာဓိကို စောင့်နေကြ၏။ များမကြာမီ သမာဓိ ရောက်ရှိလာ၏။


"ဆောရီးကွာ... ငါနည်းနည်းနောက်ကျသွားတယ် "


"ဟျောင့် နည်းနည်းမဟုတ်ဘူးနော်၊ မင်းနာရီပြန်ကြည့်လိုက်ဦး "


"ဟုတ်ပါပြီ သူ့ကိုပေးထိုင်ခိုင်းလိုက်ပါဦးကွာ "


"မိုးမင်းက သူဒကာခံမယ်ပြောထားလို့နော်၊ မဟုတ်ရင် မင်းဒကာခံရမှာ သိလားသမာဓိ "


"အဟွန်း... မင်းတို့ထပ်မှာချင်ရင်မှာနော်၊ မိုးမင်းနဲ့ငါနဲ့ တစ်ဝက်စီရှင်းလိုက်မယ် "


"ဒီလိုမှပေါ့ မင်းကနည်းနည်းလေးမှ မပြောင်းလဲသေးဘူးပဲ "


"ဟုတ်ပါ့ ကိုယ့်ကျောင်းရဲ့ကင်းက အမြဲတမ်းချောနေတော့ ငါအခုထိ fa ဖြစ်နေတာ မဆန်းတော့ပါဘူးအေ "


" ဘာဆိုင်လို့လဲဟ "


"ဟီး... မဆိုင်ဘူးလား "


မိန်းကလေးသူငယ်ချင်းတွေကလည်း အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးဖြင့် ရှိန်နေတာမျိုး၊ အစိမ်းသက်သက်ဖြစ်နေတာမျိုးမရှိဘဲ အရွှန်းဖောက်တော့ သူတို့အားလုံး အုန်းခနဲ ဝိုင်းရယ်မောမိကြသည်။


ထိုစဉ် သူ့ဘေးနား ခုံဆွဲကာ အနားတိုးကပ်လာသူက စိုင်းခမ်းနောင်။ တခြားသူတွေ သူတို့အာရုံနဲ့သူတို့ ရှိနေကြချိန်မှာ သူတို့နှစ်ယောက် နှစ်ကိုယ်ကြားရုံ စကားပြောဖြစ်ကြသည်။


"မင်းဘာလို့နောက်ကျနေတာလဲ သမာဓိ "


" လမ်းမှာရှော့ခ်တစ်ခုကိုက်နေလို့ "


" မင်္ဂလာပွဲမှာ ပွဲကြီးပွဲကောင်းတွေ့ရမယ်ထင်ပြီး ငါမင်းကို အများကြီးမျှော်လင့်ထားခဲ့တာ၊ မထင်မှတ်ဘဲ မိုးမင်းက ဝင်ဖျက်သွားတော့ ဖီးလ်ငုတ်သွားတာပေါ့ကွာ "


" အဟွန်း... "


သမာဓိသည် တစ်ခုခုကို လှောင်ပြောင်သလို အသံထွက်၍ ရယ်မောလိုက်သည်။ ပြီးတော့ စမတ်ကျကျ ဘယ်ခြေပေါ် ညာခြေချိတ်တင်လိုက်၏။ 


"သမာဓိ... မင်းရဲ့နောက်ထပ် plan က ဘာများဖြစ်မလဲ၊ ဘယ်သူမှမသိပေမယ့် ငါကတော့ so excited ပဲ "


" Coming soon "


" သမာဓိ... မင်းက air asia မှာနော်၊ ပြည်တွင်းလား၊ ပြည်ပလား..."


မိုးမင်းရဲ့ကြားဖြတ်စကားကြောင့် သူတို့နှစ်ယောက် စကားစဖြတ်လိုက်ပြီး ပုံမှန်အနေအထားအတိုင်း ပြန်ထိုင်လိုက်ကာ...


" ပြည်ပ "


"ဟား... ဒါဆို မင်းဒေါ်လာစားရတာပေါ့၊ သူဋ္ဌေးပဲကွ၊ ဒါနဲ့ မင်းဘယ်တော့ပြန်မှာလဲ "


"သန်ဘက်ခါ ရန်ကုန်ပြန်မယ် "


သူရန်ကုန်ပြန်ရောက်လို့ လေယာဉ်ပေါ်တက်တဲ့အခါ သူများတွေလို လွမ်းစရာတွေ၊ ဆွေးစရာတွေ၊ အမှတ်ရစရာတွေကို သူနှင့်အတူ တနင့်တပိုး သယ်ဆောင်သွားစရာမလိုသည့်အတွက် ကံကောင်းမှုတစ်ခု၊ သူတစ်ဦးတည်းသာ ပိုင်ဆိုင်သည့် ဆုလာဘ်တစ်ခုဟု ဆိုရပေမည်။ 


ဆိုင်ပိတ်ခါနီးအထိ ငယ်သူငယ်ချင်းတွေနှင့် စကားပြောပြီးနောက် အိမ်ပြန်လာခဲ့ရာ သူ့ရင်ထဲမှာ အမည်မသိ ဟာတာတာတော့ ဖြစ်မိသား။ တစ်စုံတစ်ယောက်ကို ခွဲခွာရတော့မှာမို့ လှိုက်ခနဲ စို့နင့်လာသည့် ခံစားမှုမျိုးလိုလို၊ အထီးကျန်ဆန်သည့် ခံစားမှုလိုလို ပြောရခက်ခက်ဖြစ်နေ၏။ 


မည်သို့ပင်ဆိုစေကာမူ အပြန်လမ်းမှာတော့ သူတစ်ဦးတည်းသာ။ ငွေလမင်းကြီးကတော့ အဖော်အဖြစ် သူ့နောက်ထပ်ကြပ်မကွာ လိုက်ပါလာ၏။ သမာဓိ ကားမောင်းရင်း ကောင်းကင်ကိုလှမ်းမော့ကြည့်ကာ အနာဂတ်နေ့ရက်တွေအတွက် ခွန်အားတွေ၊ အားအင်သစ်တွေ၊ စွမ်းအင်တွေကို လပြည့်ဝန်းဆီမှ ရယူလိုက်ပါသည်။ ဒီညအဖို့ သူ့အတွက် အရာရာပြီးပြည့်စုံသွားပါပြီ။


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၀) ဆက်ရန် >>>


#ပတ္တမြားအလင်း


rate now: