🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~
မနက်၈နာရီလောက် မှော်ဝင်ကျောင်းသွားဖို့ ပြင်ဆင်နေစဥ် မေမေတို့ရုတ်တရက် အကြောင်းမကြားဘဲ သူမတိုက်ခန်းသို့ရောက်လာကြသဖြင့် အနည်းငယ် အံ့သြသွားရ၏။
"မေမေတို့မနက်အစောထဲကထွက်လာကြတာလား၊ ညကဖုန်းပြောတော့ မှော့်ကိုလည်း ဘာမှမပြောဘူး... "
ရောက်ရောက်ချင်း ဒေါ်လေးချိုစိမ့်က သူ့အိတ်လေးချပြီး အနောက်သို့ ခပ်သွက်သွက် လျှောက်ဝင်သွား၏။ မေမေကတော့ သူမကိုဘာမှမပြောဘဲ ဘေးဘီတစ်ချက်ဝေ့ကြည့်ပြီးမှ သူမအားငဲ့ကြည့်လျက်...
"ဒီနေ့ကျောင်းမသွားတော့နဲ့၊ ကားဝပ်ရှော့ခ်ပို့ထားလို့ မေမေတို့နဲ့လိုက်ခဲ့၊ နောက်နှစ်ရက်ပါ တစ်ခါတည်းခွင့်တင်လိုက် "
"ဘယ်လို ဘာ... "
"မေမေ့စကားမဆုံးသေးဘူးလေ "
တစ်ခါတလေ သူမတို့သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးက တင်းမာသယောင်ရှိသည်။ မှော်ဝင်သည် လက်နှစ်ဖက်ကို ပခုံးနားထိမြှောက်လျက် ခေါင်းတစ်ချက်ညိတ်ကာ အနားရှိထိုင်ခုံကို ဆွဲယူထိုင်လိုက်၏။ သက်ပြင်းချလိုက်သလားမသိ။ မေမေ့မျက်နှာကတော့ တင်းမာမနေဘဲ တည်ငြိမ်နေသည်။ တစ်အောင့်ကြာတော့ ဒေါ်လေးချိုစိမ့်ထွက်လာပြီး...
"ခုမှပဲ ပေါ့သွားတော့တယ်၊ သွားကြမယ်လေ "
ပြီးတော့ သူမဘက် လှည့်ကြည့်လာပြီး...
"ဟင် မှော်ဝင်အကျီသွားလဲလေ၊ ဘာထိုင်လုပ်နေတာလဲ "
ဘာပြောပြော၊ ဘာလုပ်လုပ်၊ အရုပ်တစ်ရုပ်လို၊ ကလေးငယ်တစ်ယောက်လို ကျရာနေစေရာသွားဆိုသည့်သဘောမျိုး၊ အပြုအမှုမျိုး သူမအပေါ် သက်ရောက်နေသဖြင့် စိတ်ထဲဘဝင်မကျ မတင်မကျဖြစ်နေရသော်လည်း ရေငုံနှုတ်ပိတ်ကာ မှော်ဝင် ဆက်ထိုင်နေဆဲဖြစ်သည်။
"သန်ဘက်ခါ ဝေဝေမင်္ဂလာဆောင်၊ မေ့နေတယ်ဆိုလည်း အခုသတိရလိုက်တော့၊ လိုအပ်တဲ့ပစ္စည်းတွေလာဝယ်တာ ညည်းကားနဲ့လိုက်ပို့ပေးရမယ် "
"လိုက်ပို့တာကရပါတယ်၊ ဒါပေမဲ့ မနက်ဖြန် သောကြာနေ့ ကျောင်းပျက်လို့မရဘူး၊ ပျက်ရင်ဖိုင်းထိမဲ့အပြင် အမှတ်ပါလျော့ခံရလိမ့်မယ် "
"ဆင်ခြေချည်းပဲ... မမ မမသမီးကို မမကြည့်ပြောထားဦးနော်၊ အိမ်ပြန်လာခိုင်းရင် တီကောင်ကိုဆားပတ်သလို ထွန့်ထွန့်လူးနေတာပဲ၊ ဧကန္တ တောင်ကြီးမပြန်ချင်ရလောက်အောင် ဒီမှာ သူ့ကို ဘာတွေကများ ဆွဲဆောင်ထားသလဲမသိဘူး...၊ ကြည့်လည်းလုပ်ကြဦး "
ဒေါ်လေးချိုစိမ့်စကားတွေက မထင်မှတ်ဘဲ သိပ်ရယ်စရာကောင်းနေသောကြောင့် ဟန်တောင်မဆောင်နိုင်ဘဲ မှော်ဝင် ခပ်သဲ့သဲ့ ပြုံးလိုက်မိသောအခါ မေမေက...
" မှော်ဝင်!... ညည်းမှာချစ်သူရှိနေပြီလား"
Oh my god!... ချစ်သူတဲ့၊ ရည်းစားအဆင့်တောင်မဟုတ်ဘူး...။
"တောင်ကြီးကိုမပြန်ချင်တဲ့ အချက်တစ်ချက်ထဲကိုပဲကြည့်ပြီး မေမေဒီလိုပြောတာဆိုရင် ဒီအတွက် မှော်ဘာမှဖြေရှင်းချက်ပေးစရာမလိုဘူးထင်တယ် "
"ရှေ့မှာသာဓကတွေအများကြီးပဲ ဝေးဝေးသွားကြည့်နေစရာတောင်မလိုဘူး...၊ အဲဒါတောင်မှ မျက်ကန်းတစ္ဆေလို မိုက်ရူးရဲဆန်ဆန်လုပ်မယ်ဆိုရင် ညည်းကိုယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးအားလုံး ပြန်ရုတ်သိမ်းရလိမ့်မယ်၊ မြဲမြဲမှတ်ထား... "
မေမေ့စကားတွေက သူမမပြောနဲ့ တော်ရုံလူတောင် မခံချင်စရာ၊ ကသိကအောက်ဖြစ်ချင်စရာပင်။ သို့သော် သူမနားလည်ပါသည်။ သူမမှနားမလည်ရင် ဘယ်သူကနားလည်နိုင်မှာတဲ့လဲ။
မေမေတို့သွားချင်သည့်နေရာတွေ၊ ဝယ်လာသည့်ပစ္စည်းတွေ ကူသယ်ပေးပြီး ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားပြီးနောက် မေမေတို့ကို သူမကိုယ်တိုင် တောင်ကြီးကိုလိုက်ပို့ပေး၍ အိမ်မှာတရေးတမောအိပ်ကာ ညနေစောင်းမှ ကားဆီဝင်ဖြည့်ပြီး ရန်ကုန်သို့ပြန်တက်လာခဲ့တော့သည်။
°°°°°°°°°°°°°°
"သားကြီး မင်းတောင်ကြီးပြန်ရောက်နေတာတောင် ငါ့အိမ်မလာဘူး၊ ပြောထားမယ် မနက်ဖြန် ငါ့အစ်ကိုမင်္ဂလာဆောင် မင်းဆက်ဆက်လာရမယ် သမာဓိ "
"မင်းမင်္ဂလာဆောင်မှမဟုတ်တာ၊ ငါကဘာလာလုပ်ရမှာလဲကွ သတိုးသားအရံလုပ်ပေးရမှာလား "
ဖုန်းကိုစပီကာဖွင့်ထားပြီး ဗေစင်ပေါ်တင်ထားကာ သမာဓိ ပါးသိုင်းမွှေးတွေ ရိတ်သင်နေရင်း သဲ့သဲ့ပြုံးမိသည်။
"အေး မဆိုးဘူးကွ၊ ကြိုသာသိရင် မင်းကိုငါသတိုးသားအရံလုပ်ခိုင်းတယ် "
"တော်စမ်းပါကွာ၊ မင်းအလှည့်ကျမှပြော "
"လာမှာလား၊ မလာဘူးလား၊ အတွေ့အကြုံရတာပေါ့ကွ၊ မင်းမင်္ဂလာဆောင်ရင်လေ "
"နားစမ်းပါ၊ ဒါနဲ့ ဘယ်နှနာရီလဲ "
"ညနေ ၄နာရီ ဟိုစိန်ခန်းမမှာ ၊ မင်းမလာရင်ငါ့အကြောင်းသိမယ် "
"ဟော... မသိရင် မင်းလက်ထပ်မှာကျနေတာပဲ၊ လာခဲ့မယ်ကွာ ဒါပဲ "
ဖုန်းချလိုက်ပြီး ပါးပေါ်မှခရင်မ်တွေကို ရေဆေးချနေစဥ် ဖုန်းဝင်လာသဖြင့် ခပ်မြန်မြန်ဆေးကြောပြီး လက်သုတ်ကာ ဖုန်းပြန်ဖြေလိုက်၏။
" အေး ပြော "
"မနက်ဖြန်ညနေ ဟိုစိန်ခန်းမမှာလုပ်မဲ့ မင်္ဂလာပွဲကို သူတက်လိမ့်မယ် "
"ဟိုစိန်ခန်းမ ဟုတ်လား"
" ဟုတ်တယ် "
"အဟက်... စောနကပဲ မိုးမင်းက သူ့အစ်ကို မင်္ဂလာပွဲကို ငါ့ကိုလှမ်းဖိတ်တယ်၊ တစ်နေရာတည်းတစ်ချိန်တည်းပဲ "
"ဟား... ဒါဆို ပွဲကြီးပွဲကောင်းပေါ့၊ ငါလည်းလာခဲ့မယ် ဒီပွဲကို လွတ်သွားလို့မဖြစ်ဘူး... "
" ဒါပဲ "
" အိုကေ "
ဖုန်းချလိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။ ငါမင်းကို ထပ်တွေ့ချင်နေတာနဲ့ အတော်ပဲ။ ငါတို့တွေ ထပ်တွေ့ကြတာပေါ့။ တွေ့တိုင်းကောင်းသောတွေ့ဆုံခြင်းမဟုတ်တဲ့အတွက် ဒီတစ်ခါရော ဘာတွေဖြစ်လာဦးမလဲ၊ သူသိပ်သိချင်နေပြီ။ မနက်ဖြန် ဖြစ်လာနိုင်သည့်အရာတွေကို ကြိုတွေးပြီး သူဒီညအိပ်လို့မှပျော်နိုင်ပါဦးမလား...။
°°°°°°°°°°°°°°°
"သား... မင်္ဂလာဆောင်သွားတော့မလို့လား ညနေမှဆို "
ခြံထဲမှာ စံပယ်ပန်းတွေခူးနေသည့် ဒေါ်ပန်းဖြူက ကားပေါ်တက်ခါနီး သမာဓိကို လှမ်းကြည့်ရင်း ပြောလိုက်သဖြင့် သမာဓိသည် ကားတံခါးဆွဲဖွင့်ဖို့ပြင်လိုက်ပြီးမှ မေမေ့ဆီ လျှောက်လာခဲ့တော့သည်။
"မိုးမင်းက သူငယ်ချင်းတွေစုံအောင် ဖိတ်ထားတယ်ပြောလို့ သူတို့နဲ့အေးဆေးစကားပြောလို့ရအောင် အိမ်ကစောထွက်မလားလို့ပါ မေမေ "
"မေမေ့ကို ၅မိနစ်လောက် အချိန်ပေးပါဦး"
"ဟုတ်ကဲ့ "
မေမေက သူ့အား ခေါင်းအစခြေအဆုံး စုန်ဆန်ခတ်၍ကြည့်လိုက်ပြီးမှ မျက်ခုံးပင့်လျက်...
"အမေ့သားက တစ်နေ့တစ်ခြားပိုပိုချောလာတာပဲ၊ အရင်ကထက်လည်း ပိုပြီးပြင်ပြင်ဆင်ဆင်နေလာတယ်ဆိုတော့ မေမေ့ကို မှန်မှန်ပြော... ကောင်မလေးရနေပြီလား "
"အဟွန်း... "
သမာဓိကရယ်ရင်း ဆံပင်ကိုတစ်ချက်သပ်၍ လည်ကုပ်ကိုဖိပွတ်နေတော့...
" ကောင်လေး... "
မေမေက ပြုံးစစဖြင့် လက်ညှိုးလေးရွယ်ကာပြောရင်း သူ့ပခုံးကို တစ်ချက်လှမ်းပုတ်၏။ ထို့နောက် နှုတ်ခမ်းပေါ်က အပြုံးကို အရှိန်သက်ကာ တည်ငြိမ်လေးနက်သောစကားကို မေမေက ဆိုလာသည်။
"သားကိုမေမေပြောထားရဦးမယ်၊ မေမေတို့အတွက် အဆင့်အတန်းမြင့်မှ၊ ချမ်းသာမှ၊ တတ်သင့်တဲ့ပညာထက်ပိုတတ်နေမှတို့ မလိုပါဘူးကွယ်၊ မေမေတို့လိုချင်တဲ့ သမီးချွေးမမျိုးက မိန်းမပီသရမယ်၊ အိမ်ထောင်မှုထိန်းသိမ်းနိုင်ရမယ်၊ ခင်ပွန်းဖြစ်သူရဲ့ မိဘတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရမယ်၊ အဓိကအရေးအကြီးဆုံးကတော့ မျိုးရိုးသန့်ဖို့ပဲ သား...၊ မျိုးရိုးမသန့်ရင် ရှေ့ကမေမေပြောခဲ့တာတွေအားလုံး ပြည့်စုံနေရင်တောင် ဘာမှတန်ဖိုးရှိမှာမဟုတ်ဘူး... "
"မေမေပြောတဲ့စံနှုန်းတွေက ဒီခေတ်သမီးပျိုတွေမှာရှိလိမ့်မှာမဟုတ်ဘူး "
"ရှိတာပေါ့သားရယ်၊ ဒါပေမဲ့ ရှားတယ်၊ ရှားပါးပစ္စည်းတွေကပဲ တန်ဖိုးရှိတာလေ "
မေမေ့စကားကြောင့် သူ့နှုတ်ခမ်းထက် အပြုံးလေးတစ်ပွင့်ဖြစ်ထွန်းသွားရသည်။ သိပ်ကိုအဓိပ္ပာယ်ပြည့်ဝတဲ့အပြုံးလေးပေါ့။
"သြော်... မေ့တော့မလို့၊ သားကို မေမေတစ်ခုပြောရဦးမယ်၊ မနက်ဖြန် မေမေ့မိတ်ဆွေတွေကို အိမ်မှာနေ့လည်စာစားဖို့ဖိတ်ထားတယ်သား၊ အဲ့အချိန်မှာ သားကိုရှိနေစေချင်တယ် "
ထိုစကားကို မေမေက အပြုံးလေးဖြင့် ပြောခြင်းဖြစ်သည်။ သူခေါင်းညိတ်လက်ခံလိုက်ပါ၏။ မေမေသည် ရှေးရိုးစွဲမိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသူမို့ ထုံးတမ်းအစဥ်အလာများကို တန်ဖိုးထားပြီး လိုက်နာကျင့်သုံးသူလည်းဖြစ်သည်။ သို့သော် သူ့ကို ထိုက်သင့်သည့် ယုံကြည်မှုနှင့် လွတ်လပ်ခွင့်ကိုတော့ ပေးထား၏။ တခြားသားသမီးအရင်းအခြာတွေလည်းမရှိတာမို့ သူ့ကိုသာပုံအောချစ်ခင်အားကိုးသော မေမေ့ကို သူကလည်း ထပ်တူချစ်ခင်ရပါသည်။
°°°°°°°°
" မှော်ဝင်လာတယ်ဟေ့ "
" ညီမလေးလာတယ်... "
"အထဲခေါ် ...အထဲခေါ်... "
မှော်ဝင် ကားပေါ်မှဆင်းလာတော့ ခန်းမထဲကနေ အစ်ကိုအစ်မဝမ်းကွဲတွေ စုပြုံထွက်လာကြပြီး သူမဘေးတစ်ဖက်တစ်ချက်တွင်ဝင်ကာ လက်မောင်းကိုလာကိုင်သူကကိုင်၊ လက်ကိုလာဆွဲသူကဆွဲဖြင့် ယောင်နနဖြင့် ခန်းမထဲရောက်ရှိသွား၏။
"စောင့်နေတာ၊ နောက်ကျလိုက်တာညီမလေးရယ် "
"လေးနာရီကွက်တိပါပဲ "
သူမလက်ကိုကိုင်ထားသူတွေရဲ့လက်တွေကို ပုတ်ချဖယ်ချလိုက်ရင်း ပုံမှန်လေသံနှင့် လက်ပတ်နာရီတစ်ချက်ကြည့်ကာပြောလိုက်၏။
"ကဲ လာ... လာ... လက်ဖွဲ့ခန်းထိုင်ရမယ်"
"ဟင် လက်ဖွဲ့ခန်း..."
သူမရဲ့စကားသံက လူတွေကြားထဲတိုး၍မဝင်ဘဲ စကားမဆုံးခင် လက်ဖွဲ့ခန်းသို့ အတင်းကာရော ဆွဲခေါ်သွားခြင်းကို ခေါ်လိုက်ရပြီး...
"ဟဲ့ ဖယ် ဟိုဘက်တိုး..."
သူမကို အလယ်မှာထိုင်ခိုင်းကာ ခုံပေါ်က လက်ဖွဲ့ပစ္စည်းတွေကို ဘေးရွေ့ထားလိုက်ပြီး အချိုပွဲတွေတစ်ခုပြီးတစ်ခုလာချပေးကာ....
"မှော်လေး... ဘာမှလုပ်စရာမလိုဘူး၊ ထိုင်ပြီးမင်္ဂလာပွဲလာတဲ့သူတွေကို အမှတ်တရလက်ဆောင်ပြန်ပေးရုံပဲ၊ ပြီးတော့ မုန့်လည်းစားဦး... "
"ဒီနေ့ မှော်လေးအရမ်းနန်းဆန်နေတယ် "
"ခဏလေး သတို့သမီးကိုသွားခေါ်လိုက်ဦးမယ်နော် "
မလတ်က ပြောပြီးသည်နှင့် သူမရှေ့မှ လျင်မြန်စွာ ပျောက်သွား၏။ လွန်ခဲ့တဲ့သုံးနှစ် သူမတို့အိမ်မှ မလတ်ပြန်သွားကတည်းက သူ့ချစ်သူနဲ့ခိုးရာလိုက်ပြေးပြီး အခုဆို သားတစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်နေပြီဖြစ်သည်။
အလျှိုအလျှိုထွက်သွားတော့မှ သူမမှာ ခေါင်းနောက်၊ မျက်စိနောက်ကျန်ရစ်ခဲ့ရတော့သည်။ နားထင်ကြောကို လက်ညှိုးဖြင့် ဖိပွတ်နေရင်း မေမေတို့ကို ခေါင်းလေးချာချာလည်သည်အထိရှာကြည့်နေစဥ် မေမေနှင့် မမဝေတို့စုံတွဲ သူမဆီ ဦးတည်၍ လျှောက်လာနေသည်ကို တွေ့လိုက်ရမှ သက်ပြင်းလေးချလိုက်မိပါသည်။
"မင်္ဂလာပွဲလာပြီး သတိုးသားနဲ့သတို့သမီး မတွေ့လိုက်ရဘူးမဖြစ်ရလေအောင် သေချာကြည့်ထား မှော်ဝင်၊ အခုအမျိုးတွေဖြစ်သွားပြီ "
မှော်ဝင် ခပ်သဲ့သဲ့ပြုံးလိုက်ရင်း မတ်တပ်ရပ်၍ မမဝေထံလက်ကမ်းပေးလိုက်ကာ...
"Congratulations ပါ မမဝေ... ဒီနေ့ သတို့သမီးလေးက နတ်သမီးတမျှလှနေတယ် "
ထိုအခါ မမဝေက ရှက်ပြုံးလေးပြုံးကာ သူမလက်ကိုဆွဲထားပြီးပြန်လွှတ်မပေးတော့ဘဲ အပေါ်ကနေအုပ်ကိုင်လျက် ပြောလာသည်က...
"မမက ညီမလေးကိုပြန်ပြီး မနာလိုဖြစ်နေတာ၊ မမထက်ပိုလှနေလို့လေ၊ ကိုမျိုး... သူက ဝေ့ညီမဝမ်းကွဲလေ "
မမဝေက မိတ်ဆက်ပေးနေတာမို့ မကောင်းတတ်လို့ သူမမျက်လုံးမှေးစင်းကာ မမဝေခင်ပွန်းအား တစ်ချက်ကြည့်ပြီး ခေါင်းအသာညိတ်ပြလိုက်ပြီးနောက် မျက်နှာလွှဲလိုက်ပါ၏။
"ဒါဆို မမဝေတခြားသူတွေကို သွားဧည့်ခံလိုက်ဦးမယ်၊ မမဝေမသိဘဲ ပြန်မသွားနဲ့နော် "
မမဝေတို့ထွက်သွားတော့ မေမေက သူမအနားမှာ ရှိနေသေး၏။
"မေမေ... ပါပါးရောလာမှာလား "
"အင်း နောက်ကျမယ်ပြောတယ် "
ဖေဖေလာမယ်ဆိုလို့ သူမနှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ မတွေ့ရတာကြာနေပြီမဟုတ်လား။ မေမေက သူမကို ပွဲပြီးတဲ့အထိနေခိုင်းပြီး အိမ်ကိုအတူပြန်မည်ဖြစ်ကြောင်းပြောကာ ထွက်သွားလေသည်။
မမဝေက မြို့ပြအင်ဂျင်နီယာ၊ သူ့အမျိုးသားက လျှပ်စစ်အင်ဂျင်နီယာမို့ မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားလို့နေသည်။ နှစ်ဖက်အသိုင်းအဝိုင်းကလည်းကြီးတာမို့ လာသမျှဧည့်သည်တွေကလည်း အဆင့်အတန်းရှိ၍ ည၆နာရီကျော်သည့်တိုင်အောင်လာသည့်ဧည့်သည်တွေက မစဲဘဲရှိရသည်။ သီတင်းကျွတ်ပြီးပြီမို့ မင်္ဂလာပွဲတွေကလည်း အပြိုင်အဆိုင်လို ဖြစ်လို့နေသည်။
တံခါးပေါက်နားမှာနေရသောကြောင့် အဝင်အထွက်လူတွေကိုကြည့်ပြီး လူလည်းမူးချာနောက်နေပြီ။ ပိုဆိုးသည်က လက်ဖွဲ့လာပေးသည့် ဂုဏ်သရေရှိဧည့်သည်လူကြီးမင်းတွေရဲ့ ဖန်တရာတေနေသည့်စကားတွေကြောင့်ပင်။
"သူလေးက ကေခိုင့်သမီးမလား၊ ကေခိုင်ငယ်ငယ်တုန်းကထက်တောင် ချောတာပဲ..."
"မှော်ဝင်မလား... ကြီးလာတော့ ပိုလှလာတယ် "
"ရန်ကုန်မှာကျောင်းသွားတက်နေတာဆို၊ သူများသားသမီးတွေများ ရွှေမှုန်စားပြီး ကြီးလာတယ်ထင်ပါ့၊ ယမင်းရုပ်လေးအတိုင်းပဲ... "
သူမသိချင်မိသည်။ သူတို့မှာ တခြားပြောစရာစကားမရှိတော့ဘူးလား၊ ပြောစရာစကားဒီလောက်တောင်နည်းပါးနေသလား။ သူမအလှက သူတို့အတွက် စကားစဖို့ အကြောင်းအရာတစ်ခုဖြစ်သွားလေသလား။ ဟာ... ဒါဆို သူမဘယ်သူ့ကို အပြစ်တင်ရမလဲ။ သူတို့ခဏခဏ ခလုတ်တိုက်မိနေတဲ့ သူမမွေးကတည်းက ဖြစ်တည်လာတဲ့ ဘုရားကပေးတဲ့ အလှတရားကိုလား၊ ဒါမှမဟုတ် ဆူးငြှောင့်ခလုတ်မှန်းသိသိရက်နဲ့ (မသိဘဲနဲ့) လာလာခလုတ်တိုက်နေတဲ့ သူတွေကိုလား။
လူတစ်ရာမှာ ရှစ်ဆယ်လောက်က သူတို့ကို ချီးကျူးတာ၊ သနားတာ၊ အမွှန်းတင်တာကို လက်ခံပျော်မွေ့ကောင်းပျော်မွေ့နိုင်ပေမယ့် သူမကတော့ ကျန်နေတဲ့ လူနှစ်ဆယ်ထဲမှာ ပါပါသည်။
မှော်ဝင်သည် ခေါင်းငုံ့လျက် တင်းရင်းနေသည့် ဇက်ကြောကို ဖိနှိပ်နယ်နေစဥ်ခဏဝယ်...
" နာမည် "
" သမာဓိ "
" လက်ဖွဲ့ကစာအိတ်နော် "
ထိုအသံကြားပြီး မှော်ဝင် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်မိရာ သူနှင့်အကြည့်ချင်းဆုံသွားပြီး မျက်လုံးထဲမှတစ်ဆင့် ထုတ်လွှတ်နေကြသည့် မီးတောက်သဖွယ် လျှပ်စစ်လိုင်းတွေသည် သူမတို့အနီးအနား၌ဖြာကျလျက်ရှိသည်။
ဖြူဖွေးနေသည့် အသားအရေပေါ်မှာ နနွင်းရောင်ဝါတောက်နေသည့် ချည်သားခါးတို အကျီလက်ပြတ်ကို ဝတ်ဆင်ထားပြီး ရွှေရောင်ချည်မျှင်အနားကွပ်ထားသော အဝါဖျော့ရောင်ချိတ်ထမီနှင့် သူမက နက်မှောင်သည့်ဆံပင်တွေကို နဖူးအပြောင်သိမ်းကာ ခပ်မြင့်မြင့်ထုံးဖွဲ့ထားရာ မိတ်ကပ်ပါးပါးခြယ်ထားသည့် မျက်နှာရှင်းရှင်းလေးက အညိုပုပ်ရောင်နှုတ်ခမ်းနီကြောင့် အလွန်ပင်တောက်ပနေ၏။ ရင်စေ့အကျီပေမယ့် သွယ်လျသည့် သူမလည်တိုင်၌ ဘာအဆင်တန်ဆာမှဆင်ယင်ထားခြင်းမရှိသလို တခြားနေရာများ၌လည်း ဆင်ယင်ထာတာမတွေ့ရသော်လည်း ဘယ်ဘက်လက်မှာတော့ တန်ဖိုးကြီးနာရီတစ်လုံးပတ်ထားတာကို ထူးခြားစွာ တွေ့ရ၏။
မြန်မာဝတ်စုံကို လှပတင့်တယ်စွာ ဝတ်ထားသော မှော်ဝင်... ဖိနပ်ကရော ဘာဖိနပ်စီးထားတာဖြစ်မလဲ။ ကတ္ထီပါဖိနပ်လား၊ ဒေါက်မြင့်ဖိနပ်လား၊ အထူလား၊ အပါးလား၊ ဘာအရောင်ဖြစ်လိမ့်မလဲ။ သူမခြေထောက်တွေက စားပွဲခုံအောက်မှာရှိနေတာမို့ သူမမြင်ရပါ။ ဟိုးအရင်ကလို ဖြူဖွေးသွယ်လျသည့် ခြေချောင်းလေးတွေနှင့် အစိမ်းရောင်သန်းနေသည့် ခြေခုံတွေ ပိုင်ဆိုင်သေးရဲ့လား။ ဒီအတွက်နဲ့တော့ သူမခြေထောက်တွေကို သူဘယ်တော့မှ ငုံ့ကြည့်လိမ့်မည်မဟုတ်ပါ။ ဒီတစ်သက် ဘယ်မိန်းကလေးကိုမှ သူဦးညွှတ်မှာမဟုတ်လို့ဘဲ။
သူမနှင့် အကြည့်ချင်းဆုံမိသည့် ၁မိနစ်အတွင်း သူလွန်လွန်ကျူးကျူး တွေးတောစိတ်ကူးယဥ်မိသွားသဖြင့် စိတ်ထဲအံ့သြရင်း ပြုံးမိရသေးသည်။ သူမကတော့ သူ့ကို ရှောင်လွှဲမရသည့် ဝတ္တရားအရတောင်မှအနည်းငယ်မျှ ပြုံးမပြခဲ့ပါ။ အေးစက်သယောင်နဲ့ ပူလောင်သည့်အကြည့်တို့ကိုသာ သူလက်ခံရရှိခဲ့ပါသည်။
' မှော်ဝင်ကတော့ မှော်ဝင်ပါပဲ '။
"သားကြီး... မင်းကဒီရောက်နေတာကိုး"
မိုးမင်းက အနောက်ကနေ သူ့ပခုံးကို လှမ်းဖက်လျက် အနားသို့ရောက်လာ၏။ ဒီတော့မှ နှစ်ဦးသား အကြည့်ချင်း ရုတ်သိမ်းလိုက်ကြတော့သည်။ ထိုစဥ် မိုးမင်း၏အကြည့်တွေသည် လက်ဖွဲ့ခန်းမှာထိုင်နေသည့် မှော်ဝင့်ဆီ တန်းတန်းမတ်မတ်ရောက်ရှိသွားပြီး...
"မှော်ဝင်မဟုတ်လား... ကျွန်တော့်ကိုမှတ်မိလား "
အနောက်ကနေ သမာဓိက လက်တို့ကာ သတိပေးနေပေမယ့် သူ့လက်ကို မိုးမင်းက ဖယ်ချပြီး စကားဆက်နေသည်။
"High school တုန်းက သချ်ာစွမ်းရည်ပြိုင်ပွဲမှာ တစ်ခါတွေ့ဖူးတယ်လေ၊ ကျွန်တော့်နာမည် မိုးမင်းပါ၊ အစ်ကိုမျိုးမင်းရဲ့ညီ၊ ခုအမျိုးတွေဖြစ်သွားကြပြီနော်၊ ဝမ်းသာလိုက်တာ "
မှော်ဝင်သည် သူမအိတ်ထဲ အမြဲဆောင်ထားနေကျ ပူရှိန်းပီကေနှစ်ခုသုံးခုကို ပါးစပ်ထဲထည့်ဝါးနေပြီး သူမရှေ့မှ အူကြောင်ကြောင်ကောင်အား မှင်သေသေကြည့်နေရင်း စကားသံရပ်သွားတော့မှ လက်ညှိုးတစ်ချောင်းသုံးကာ မိုးမင်းကို ရှေ့တိုးလာရန်ခေါ်လိုက်ပြီး ခုံပေါ်လက်ထောက်၍ ပီကေအား ပါးစပ်ထဲအလုံးလုံးနေလိုက်၏။
သူအတပ်သိနေသည်။ မှော်ဝင် မိုးမင်းကို တစ်ခုခု ထိခိုက်နာကျင်အောင်လုပ်တော့မယ်ဆိုတာ။ သူအခုချိန်ဝင်တားရင် မှီနိုင်သေးမှန်းသိပေမယ့် လူကြားထဲ မှော်ဝင် မည်သို့မည်ပုံ မိုးမင်းအား ပညာပေးမလဲသိရအောင် သမာဓိ အသာငြိမ်နေကာ လွှတ်ထားပေးလိုက်ပါသည်။
မှော်ဝင်ဆိုတာ ကြုံလို့စကားရောဖောရော လုပ်လို့ရသည့်၊ လွယ်ကူလို့ပရောပရည် လုပ်လို့ရသည့် ခပ်ပေါပေါခပ်ညံ့ညံ့ မိန်းမစားထဲကမဟုတ်မှန်း အကင်းပါးသော၊ လူကဲခက်တတ်သောသူတိုင်း သိနိုင်ပါသည်။ ခုတော့ ခပ်ပေါပေါခပ်ညံ့ညံ့ ယောကျ်ားတွေမှာရှိတဲ့၊ တွေ့ရတတ်တဲ့ အသိဉာဏ်ကင်းမဲ့ပြီး ပုံသေကားချပ်လိုမျိုး သူမကို လာဆက်ဆံပြောဆိုနေသဖြင့် ထိုသူ့အတွက်တော့ so sad ပဲ။
သမာဓိသည် မှော်ဝင်တို့ကို သေချာကြည့်နေစဥ်မှာပင် မှော်ဝင်က သူမညာဘက်ခြေထောက်ကို အသာရှေ့ထုတ်လိုက်ပြီး ၂လမထူသည့် ဒေါက်ဖိနပ်ချွန်ဖြင့် မိုးမင်းရဲ့ခြေထောက်ကို ဖိကြိတ်နင်းခြေကာ ကိုယ်ကိုရှေ့သို့ကိုင်းညွတ်၍ မိုးမင်းမျက်နှာနား သူမပါးစပ်ထဲမှ ပူဖောင်းအား မှုတ်ထုတ်လိုက်ရာ ပီကေတချို့ မိုးမင်းမျက်နှာတွင်ကပ်သွားတော့သည်။
'ဟာ... သိပ်လှတဲ့အကွက်ပါလား၊ မင်းကငါ့ကို ပညာတွေသင်ပေးနေတာပဲ။ မင်းရဲ့မာနအစွယ်ကို ငါဘယ်လိုချိုးရမလဲ အကြံရပြီထင်တယ်။' သမာဓိ စိတ်ထဲပြောလိုက်ရင်း လက်ပိုက်ဖြုတ်ကာ ခပ်သဲ့သဲ့ပြုံးလိုက်မိစဥ် မှော်ဝင်နေရာမှ ထထွက်သွားတာကို ရုတ်ခနဲ တွေ့လိုက်ရ၏။
"ဘာအထာလဲကွာ၊ ရူးများနေသလားမသိဘူး...၊ သူ့ကိုယ်သူလှတယ်၊ ယောကျ်ားလေးတွေစိတ်ဝင်စားခံရတယ်ဆိုပြီး မာန်တက်နေတာ ကျစ် "
မိုးမင်း လက်သီးလက်မောင်းတန်းကာ ဒေါသထွက်နေပြီး မချင့်မရဲနိုင်စွာ ပြောနေသည်ကိုကြည့်ပြီး သမာဓိ သဘောတကျ ခေါင်းခါယမ်းကာ ရယ်မိပြန်သည်။
ဆူးရှိမှန်းသိရက်နဲ့သွားကိုင်လို့ ဆူးစူးတာ... ကိုင်တဲ့သူရဲ့အပြစ်လား၊ သူ့ဘာသာနေတဲ့ ဆူးပင်ရဲ့အပြစ်လား...။
°°°°°°°°°°°°°°°°°°°°°°°°°
သူမခေါင်းထဲမှာ မူးနောက်မူးနောက်နဲ့၊ ဗိုက်ထဲမှာလည်း အစာမရှိဘူး။ ခေါင်းကို လက်ဖဝါးဖြင့် တစ်ချက်နှစ်ချက်ရိုက်ရင်း ခန်းမထဲမှအထွက် အထစ်သုံးဆယ်လောက်ရှိသည့် လှေကားတွေရဲ့ တစ်ဝက်လောက်အရောက်မှာ ရုတ်တရက် ကောင်းကင်တစ်ခုလုံး ချာချာလည်သွားပြီး သူမအမြင်အာရုံကို အနက်ရောင်က ဖုံးလွှမ်းသွားကာ ဘာမှမမြင်ရတော့ဘဲ လှေကားတစ်ထစ်ချော်နင်းမိသွားရာ ခန္ဓာကိုယ်လေး ယိုင်လဲသွားမလိုဖြစ်သွားစဥ်ခဏ သူမအနောက်ကနေ တစ်စုံတစ်ယောက်က သူမအား လှမ်းဆွဲဖမ်းထိန်းပေးထားသဖြင့် ရင်ခွင်တစ်ခုအတွင်းသို့ လုံးလုံးလျားလျား ဝင်ရောက်သွားရတော့သည်။
မှော်ဝင် ချက်ချင်း မျက်လုံးဖွင့်လို့မရသေးဘဲ မူးဝေနေသဖြင့် ထိုလူရဲ့လက်မောင်းအား အမှီသဟဲအဖြစ် တင်းတင်းဆုပ်ကိုင်ထားမိ၏။ ထိုလူ့ဆီက လာဗင်ဒါပန်းရနံ့ကို ထူးထူးခြားခြားရလိုက်ရာ ခေါင်းထဲကြည်လင်စပြုလာသည်။ ထိုစဉ်...
"မှော်... ဘာဖြစ်လို့လဲဟင်၊ အဆင်ပြေရဲ့လား "
သမာဓိသည် သူ့လက်ထဲက မှော်ဝင်အား ထိုလူ့လက်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်ပြီး နေရာမှခပ်မြန်မြန်ပင် ထွက်လာခဲ့တော့သည်။
" မှော်... "
အသံကြားတော့ သူမမျက်လုံးဖွင့်ကြည့်လိုက်ရာ ဉာဏ်ဝင့်သူကို တွေ့လိုက်ရသည်။ သူမကို တွဲထားပေး၏။ မျက်ရိုးကိုနှိပ်နယ်ကာ သူ့လက်ထဲမှ ရုန်းထွက်၍ တစ်ဖက်သို့လှည့်ကြည့်လိုက်ရင်း...
"ခုနက ဘယ်သူလဲ "
ဟု ဉာဏ်ဝင့်သူကို မေးလိုက်တော့...
"ကိုယ်လည်းအမှတ်တမဲ့ပဲ... ယောကျ်ားတစ်ယောက်၊ ဒါပေမဲ့ ကိုယ်သူ့ကို မတွေ့ဖူးဘူး..."
ဘယ်သူများလဲ...။ သူမကို ကူညီပေးခဲ့လို့ဆိုပြီး အခွင့်အရေးယူချင်ရင်ယူလို့ရတာကို(အခွင့်သာနေတာကို) ဒီအတိုင်းထွက်သွားတယ်ဆိုတော့...။ ထားပါတော့၊ သူမဦးနှောက်ကို အခုချိန်မှာ အလုပ်မပေးဘဲ အနားပေးထားတာပဲကောင်းပါတယ်လေ။
သူ မှော်ဝင်ကို အနီးကပ်သေချာကြည့်လိုက်မှ သူမရဲ့ဝိုင်းစက်သည့်မျက်လုံးလေးတွေမှာ မျက်ရစ်မပါတာကို သူသိမြင်ခဲ့ရတယ်။ တစ်ခုဝန်ခံရရင် နီးနီးကပ်ကပ်ထိတွေ့မှုကြောင့် သူရင်တော့ဖိုမိသားလား။ သို့သော်လည်း ဒါဟာ နေမင်းကို တိမ်ကွယ်သလို ခေတ္တခဏပါပဲ။
ညနေ ၅နာရီလောက်ကတည်းက တောင်ကြီးမြို့ကောင်းကင်ယံမှာ စောစီးစွာ နေဝင်သွားခဲ့ပြီဖြစ်သည်။ ခုဆို ပျပျမြင်နေရသည့် တစ်ကိုယ်တည်း ငွေလမင်းက တောက်ပသည့်ကြယ်ကလေးတွေခြံရံကာ ကောင်းကင်ကို အလှဆင်နေလေပြီ။ တစ်ကိုယ်တည်းသာ...။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤
အခန်း(၉) ဆက်ရန် >>>
#ပတ္တမြားအလင်း