🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~
"မနေ့ကဘာလို့ကျောင်းလာမတက်တာလဲ... မျက်နှာလည်းမကောင်းပါလား၊ ဘာလဲ တစ်ယောက်ယောက်ကများ မှော်ဝင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လိုက်လေသလား... "
တစ်ခုခုကို ခလုတ်မတိုက်ရရင် မနေနိုင်သည့်အကျင့်အရ မျက်နှာရိပ်မသိဘဲပြောလာသော ညိုချောရဲ့ခနဲ့တဲ့တဲ့စကားကြောင့် ဖတ်လက်စစာအုပ်ကို မှော်ဝင် ရှေ့ကစားပွဲခုံပေါ် ညင်သာစွာ မှောက်တင်လိုက်၏။ ထို့နောက် ဘေးနားလာထိုင်နေသည့် ညိုချောအား သူမမျက်လွှာပင့်ကြည့်လိုက်ရုံရှိသေး ပျာပျာသလဲဖြင့်...
"အ. ဆောရီး...၊ ငါ့ကြောင့် စျာန်ပျက်သွားလား... "
"နင်ပေးလိုက်တဲ့ပါဆယ်ထုပ် ဘွားအိမ်ပါသွားလို့ မပေးဖြစ်လိုက်ဘူး "
"ရပါတယ်... တူမလေးမွေးနေ့အတွက် လက်ဆောင်ထည့်ပေးလိုက်တာပါ၊ ပြန်မှပေးလိုက်တော့မယ် "
"ဘာသောက်မလဲ "
"မှော်ဖျော်တိုက်တာ ဘာမဆိုကြိုက်ပြီးသားပဲ "
မှော်ဝင် မျက်ခုံးတွန့်လျက် ခေါင်းတစ်ချက်ညိတ်ကာ မတ်တပ်ရပ်လိုက်ပြီး ခြေသုံးလှမ်းလောက်လှမ်းပြီးမှ တစ်ခုခုကို ဖျတ်ခနဲ သတိရသွားသဖြင့် လက်ညှိုးတစ်ချောင်းထောင်၍ ညိုချောဘက်ပြန်လှည့်လာရင်း...
"သြော် မှော်ဝင်ကို ခုချိန်ထိ ဘယ်သူမှ စိတ်အနှောင့်အယှက်မပေးနိုင်သေးဘူး "
ဟု သူမပြောလိုက်ပြီး မဲ့ပြုံးပြုံးကာ မီးဖိုချောင်ထဲဝင်သွားလိုက်လေသည်။ ဘလက်ခ်ကော်ဖီနှစ်ခွက်စာဖျော်ပြီး အခန်းထဲမှ ပါဆယ်ထုပ်ကိုသွားယူကာ ပြန်ထွက်လာတော့ ဖုန်းပြောနေသည့် ညိုချောကိုတွေ့ရသည်။ ထို့ကြောင့် ကော်ဖီခွက်နှင့်ပါဆယ်ထုပ်အား ရှေ့ချပြီး ဆရာမသုတေးစစ်ရဲ့ အထွေးစာအုပ်ကို ပြန်ဖတ်နေလိုက်၏။ သူမ သည်စာအုပ်ကို မနေ့ညကတည်းကဖတ်နေတာ ခုဆိုတစ်ဝက်လောက်ရောက်နေပြီ။ အထွေးက သူမကို၊ သူမအာရုံကို လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် ဒီနေ့အပြီးထိဖတ်ဖို့ အားခဲထား၏။
"မှော်ဝင်... တကယ်တော့ ငါနင့်ကို တိုင်ပင်စရာတစ်ခုရှိလို့လာခဲ့တာ "
ဖတ်လက်စနေရာမှာ လက်ညှိုးသွင်း၍ ပိတ်လိုက်ပြီး ညိုချောကိုမော့ကြည့်ကာ မှော်ဝင်နားထောင်နေလိုက်ပါသည်။
"ကျောင်းပြီးရင် လက်ထပ်ဖို့ ငါတို့နှစ်ယောက်လုံး တိုင်ပင်ပြီးအစီအစဥ်ဆွဲထားတယ်၊ အဲဒါ... နင်ဘယ်လိုသဘောရလဲ၊ ကို့ကိုရောနင်ဘယ်လိုမြင်လဲ... ငါနင့်အမြင်ကိုသိချင်လို့ "
နှုတ်ခမ်းနီဆိုးနေကျနှုတ်ခမ်းက နှုတ်ခမ်းနီမဆိုးထားသဖြင့် အောက်နှုတ်ခမ်းသားလေးတွေ ခြောက်ကပ်နေရာ သူမလျှာဖြင့် တစ်ချက်သပ်လိုက်၏။ သူမအမြင်ကိုသိချင်တာဆိုပဲ။ ယောကျ်ားတစ်ယောက်အပေါ်မှာပေါ့။
"ငါယောကျ်ားတွေအကြောင်း ဂဃနဏမသိဘူးညိုချော... ပြောလည်းမပြောချင်ဘူး၊ အကယ်၍ ငါပြောလိုက်တဲ့အကြောင်းအရာက နင်လက်မခံနိုင်စရာတွေဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ... "
"ကိုယ်က ယူ့အမြင်သက်သက်ကိုပဲ သိချင်တာပါ မှော် "
"ငါ့အမြင်သက်သက်ဆို ငါဘာများပြောစရာလိုသေးလို့လဲ "
"နင်ကလည်းဟာ... ငါကနင့်ကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ရင်ဖွင့်တိုင်ပင်တာကို... ဒါကို နင်က "
"အေး... နင်ငါ့ကို မေးတဲ့မေးခွန်းကမှန်တယ် မှားတာက နင်လူမှားပြီးလာမေးနေတာပဲ၊ ဒီကိစ္စကို နင့်မိဘတွေနဲ့ မတိုင်ပင်ရသေးဘူးမလား... နင့်မိဘတွေနဲ့ တိုင်ပင်သင့်တယ်၊ ဆွေးနွေးသင့်တယ်၊ သူတို့အမြင်နဲ့အကြံဉာဏ်ကို ယူသင့်တယ်၊ လက်ခံသင့်တယ် "
"တော်ပြီဟာ... ငါပြန်တော့မယ် "
ညိုချောက သူမမျက်နှာကိုတောင် မကြည့်တော့ဘဲ တစ်ဖက်လှည့်ပြောရင်း ပါဆယ်ထုပ်ကို ဆောင့်အောင့်ယူကာ ထွက်သွားလေသည်။ ထိုအခါ ဖြန့်ချထားသည့် သူမဆံပင်တွေထဲ လက်ထိုးထည့်၍ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပါ၏။ သူမ စိတ်အပျက်ကြီးပျက်သွားကာ ပါးစောင်အား လျှာဖြင့်ထိုးရင်း သက်ငွေ့ချလိုက်၏။
လက်သီးဆုပ်ကို နှုတ်ခမ်းနားတေ့ကာ စဥ်းစားနေသည်က ညိုချောသူမအား ပြောသွားသောစကားတွေနှင့် သူမပြန်ပြောလိုက်သောစကားတွေကိုပင်။
ညိုချောရဲ့ချစ်သူ ဇင်ကိုလတ်သည် သချ်ာနှင့် ကျောင်းပြီးထားပေမယ့် ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ အဖြစ်မရှိသည့်အပြင် မိဘလုပ်စာထိုင်စားနေဆဲ ယောကျ်ားတစ်ယောက်အား ရုပ်ရည်နှင့် ကြွေလောက်စရာ အနုအလှစကားတွေကိုပဲကြည့်ပြီး လက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ညိုချောကို သူမဘာများပြောစရာရှိမှာလဲ။ ဘာမဟုတ်တဲ့ယောကျာ်းတစ်ယောက်အတွက်နဲ့တော့ သူမအမုန်းမခံနိုင်ပါ။
သူမတို့ဟာ အရွယ်ရောက်ပြီးသား စဥ်းစားတွေးခေါ်ဉာဏ်ရှိသည့် ပညာတတ်တွေပဲ။ သို့သော် ' ပညာတတ်တိုင်း စဥ်းစားတွေးခေါ်ဉာဏ်ရှိတာမဟုတ်ဘူး သမီးရဲ့ ' ဟူသော ဖေဖေ့စကားက သူမအတွက် သွေးထွက်အောင်မှန်ပါသည်။ လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ရမှာပါပဲလေ။
°°°°°°°°°°°°°°°°°°°°
နောက်တစ်နေ့တွင် ညိုချောက ဘာမှမဆိုဘဲ မှော်ဝင်ကိုချောဆွဲလာသဖြင့် ကျောင်းတက်ခဲ့သည့်အတောအတွင်း ရောက်ခဲသည့် ကျောင်းကန်တင်းသို့ သူမရောက်ရှိလာခဲ့၏။ အမိုးရောင်စုံအောက်မှာ ကော်ခုံလေးတွေဝိုင်းဖွဲ့ကာ ဟိုတစ်စု သည်တစ်စုနှင့် ထိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊
အတွဲများကိုတွေ့ရသည်။
"မှော်... လာကွ ဟိုမှာ "
ညိုချောက သူမလက်ကိုဆွဲပြီး ဝိုင်းတစ်ဝိုင်းသို့ခေါ်သွား၏။ ကြည့်လိုက်တော့ ယောကျ်ားလေးတွေထိုင်နေသည့်ဝိုင်းပင်။
စောနက လာချသွားသည့် ကော်ဖီအား တစ်ငုံယူသောက်လိုက်ပြီး ပြန်ချထားလိုက်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်စဥ် မြင်ကွင်းထဲ အလွန်ကရော့စ်ဖြစ်နေပြီး သည်နေရာနှင့် မလိုက်ဖက်သည့် ပန်းတစ်ပွင့်လွင့်လာရာ သူ့ရှေ့မှာထိုင်နေသည့် ဇင်ကို့ကိုကျော်၍ လှမ်းကြည့်လိုက်တော့ ဇင်ကိုက အနောက်သို့ လှည့်ကြည့်ကာ...
"အချေသတင်းကြီးတဲ့ ရွှေမင်းသမီး ဆိုတာ သူပေါ့ကွ "
"နာမည်က မှော်ဝင်၊ တော်ဝင်တဲ့အလှကို ပိုင်ဆိုင်ထားတယ် "
"ငါမင်းနဲ့မိတ်ဆက်ပေးမယ် "
"...."
သမာဓိကတော့ ကိုယ့်အတွေးနဲ့ကိုယ် တပြုံးပြုံးပင်။
ညိုချောချစ်သူက ညိုချောကို လှမ်းတွေ့သွားသဖြင့် လက်လှမ်းပြနေ၏။ အနားရောက်သွားတော့...
"ချောရယ်... စောင့်လိုက်ရတာ "
"မှော့်ကိုအပါခေါ်နေလို့ပါ ကိုရဲ့ "
ညိုချောက လွတ်နေသည့် စားပွဲခုံမှာဝင်ထိုင်လိုက်ပေမယ့် သူမကတော့ မထိုင်ဘဲ ခြေစုံရပ်နေ၏။
"ထိုင်လေ "
မှော်ဝင့်လက်ကိုလှမ်းကိုင်၍ ညိုချောက ပြောလိုက်ရင်း...
"မှော့်ကို ကို့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်ဦးလေ "
"သြော် ဟုတ်သား "
ဇင်ကိုက သူ့သူငယ်ချင်းသုံးလေးယောက်နှင့် မိတ်ဆက်ပေးပြီးနောက်...
"သူကတော့ ကျွန်တော့်သူငယ်ချင်းလည်းဟုတ်တယ်၊ ညီဆိုလည်းဟုတ်တယ်၊ သမာဓိ air asia လေကြောင်းလိုင်းက Cabin Crew လေ "
"တွေ့ရတာဝမ်းသာပါတယ်၊ မှော်ကတော့ ဝမ်းသာမယ်မထင်ဘူး... "
မှော်ဝင်သည် သူမကိုကိုယ်တိုင်မိတ်ဆက်လာသော သူမရှေ့မှ ထိုသူ၏အသံက ရင်းနှီးသလိုရှိတာမို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်စဥ် သမာဓိက မတ်တပ်ရပ်၍ ပြုံးစစဖြင့် သူမအား စိုက်ကြည့်နေတာကိုတွေ့လိုက်ရရာ ရုတ်တရက်ဟန်ချက်ပျက်သွားသလိုမျိုး ခန္ဓာကိုယ်လေး မသိမသာယိုင်နဲ့သွားရ၏။
ချက်ချင်းဆိုသလို ကိုယ်တွင်းအင်္ဂါများ ဆူပွက်လာကာ သူမလက်ဖဝါးတွေ ရုတ်ချည်းယားယံလာ၏။ ကံတရားက ဆန်းကြယ်သားလား။ သူမရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာပါလားကွယ်။ သူမရင်ထဲမှာခုနေသည့် အစိုင်အခဲတစ်ခုကို ထုတ်ပစ်ဖို့ အခွင့်အရေးက သူမရဲ့လက်တစ်ကမ်းမှာမို့ ကံတရားက သူမဘက်မှာရှိနေတာသေချာသည်။
"သိပ်ဝမ်းသာတာပေါ့၊ ရှင့်ဆီက တန်ရာတန်ကြေးတစ်ခုကို ကျွန်မ ပြန်ရတော့မှာမို့လို့လေ "
တည်ငြိမ်သောလေသံဖြင့် အေးစက်စွာ ပြောလိုက်သောအခွန်းတိုင်းက အားမာန်ပြည့်ဝလို့နေခဲ့သည်။ ပြီးတော့ သေသပ်လှပသော အပြုံးတစ်ခုကို ပြုံးလိုက်၏။ ထိုအပြုံး၏အဓိပ္ပာယ်ကို သူမမှလွဲ၍ တခြားဘယ်သူမှသိနိုင်မည်မဟုတ်ပါ။ အပြုံး၏နောက်ကွယ်မှာတော့... စောနက သူမလက်နှင့်မရည်ရွယ်ဘဲထိမိထားသည့် စားပွဲပေါ်မှ ကော်ဖီပူပူထည့်ထားသည့်ခွက်အား တစ်စက္ကန့်အတွင်း လျင်မြန်ဖျတ်လက်စွာ ကောက်ကိုင်၍ သမာဓိ၏မျက်နှာတည့်တည့်ကို လှမ်းပတ်လိုက်ပါ၏။
ပူလွန်းလို့ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော သူ့မျက်နှာကို သူမ မိန်မိန်ကြီးကြည့်နေရတာ သိပ်အရသာရှိတာပဲ။ သူမကို ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ သိချင်သောကြောင့် ရဲရဲတောက်နေသည့် သူ့မျက်နှာအား ခေတ္တခဏ စိုက်ကြည့်နေပြီးမှ အောင်နိုင်သူအပြုံးဖြင့် လှည့်ထွက်သောအခါ...
"ဟေ့ မင်းငါ့ဆီမှာ အကြွေးတင်သွားပြီနော်"
ဟု သမာဓိက လှမ်းအော်ပြောလိုက်ရင်း မျက်နှာပေါ်က ကော်ဖီရည်တွေကို တစ်ရှူးဖြင့် အသာသုတ်လိုက်၏။
"နင်သူနဲ့သိလို့လား မှော်၊ ဘယ်လိုတွေငြိခဲ့လို့ ဒီလိုလုပ်ရတာလဲ "
"သူ့အကြောင်းကို စကားထဲထည့်ပြောစရာအကြောင်းမရှိဘူး၊ အေး... နင်သိချင်တယ်ဆိုရင် နင့်သတိုးသားလောင်းကို သွားမေးလိုက် "
"နင့်ကိုတော့ ငါနားမလည်နိုင်တော့ဘူး၊ ကြာလေရူးလာလေပဲ "
ညိုချောတစ်ယောက် စိတ်ပျက်စွာ ညည်းတွားရင်း အနောက်မှာကျန်ရစ်ခဲ့လေတော့သည်။
"မင်းအဆင်ပြေရဲ့လား သမာဓိ၊ ငါမင်းကို မှော်ဝင်နဲ့ မိတ်ဆက်မပေးခဲ့သင့်ဘူး "
"Never mind "
ငါမင်းကို ပိုပိုသဘောကျလာပြီ မှော်ဝင်။ ငါသိခဲ့ဖူးတဲ့ မှော်က ခုထိမပြောင်းလဲသေးတဲ့အတွက် သိပ်ဝမ်းသာတယ်။ ကံကြမ္မာက တစ်ပတ်လည်လာတဲ့အခါ အောင်မြင်မှုတွေက ကျရှုံးမှုတွေ ဖြစ်လာနိုင်သလို၊ ကျရှုံးခဲ့သမျှဟာလည်း အောင်မြင်မှုတွေ ဖြစ်လာတတ်တယ်။
ကစားပွဲတစ်ခုဟာ အလှည့်အပြောင်းတွေရှိမှ စိတ်ဝင်စားစရာကောင်းတာဆိုရင် မကြာခင် အလှည့်အပြောင်းတစ်ခုနဲ့ မင်းကြုံတွေ့ရလိမ့်မယ်ထင်တယ်။ သိပ်မကြာခင်မှာပေါ့...။
°°°°°°°°
"သားလေးပြန်လာပြီ၊ မေမေတို့က သားအကြောင်းပြောနေကြတာ၊ မေမေ့သားလေး ဘုန်းကြီးသက်ရှည်ဦးမယ် "
မေမေက လှမ်းခေါ်သဖြင့် ခါးလေးကိုင်းကာ မေမေ့ဘေးနားသွားထိုင်လိုက်၏။ ဘေးကိုငဲ့ကြည့်လိုက်တော့ ဒေါ်လေးကိုပါ တွေ့ရသဖြင့် သမာဓိ ပြုံးပြနှုတ်ဆက်လိုက်ပါသည်။
"သားအကြောင်းဘာများပြောစရာရှိလို့လဲ မေမေရယ်... "
"ဒီလိုလေ... မေမေတို့ တောင်ကြီးကအိမ်ကိုမပြန်ဖြစ်တာလည်း ကြာနေပြီိဆိုတော့ သားအလုပ်နားနေတုန်း မေမေတို့အလည်ပြန်ရင်ကောင်းမလားလို့ တိုင်ပင်နေတာ "
"ကောင်းသားပဲ... သားတစ်ပတ်တော့ အချိန်ရပါသေးတယ် "
"ဒါဆိုမေမေတို့ မနက်ဖြန်သွားကြတာပေါ့၊ သားလည်းပြင်ဆင်စရာရှိတာပြင်ထားလိုက်၊ မေမေတို့လည်းပြင်ဆင်လိုက်ဦးမယ် "
"ဟုတ်ကဲ့ သားရေသွားချိုးလိုက်ဦးမယ် "
"အေး... သွားချိုး "
"အစ်မသားကလေ... ခုတော့ သားလိမ္မာလေးဖြစ်နေပြီပေါ့၊ ငယ်ငယ်တုန်းကတော့ ဂျစ်ကန်ကန်နဲ့ လူဆိုးလေးလိုပဲ "
"ငယ်ငယ်တုန်းကပါလေ၊ ငါ့သားက အဲ့လောက်ကြီးမဆိုးပါဘူး... ငါ့စကားဆို အမြဲနားထောင်တယ် "
သမာဓိသည် မေမေတို့ကို ကျောခိုင်းထွက်သွားသည့်တိုင် နောက်ပါးဆီမှ အမွှန်းတင်သည့် စကားသံတွေကို ကြားနေရဆဲ ဖြစ်လေသည်။
သူတို့မိသားစုတွေ ရန်ကုန်ကိုပြောင်းလာပြီးကတည်းက တောင်ကြီးကို မရောက်ဖြစ်တာ သုံးနှစ်ကျော်နီးပါးလောက် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခု နှစ်တွေကြာမှ တောင်ကြီးကိုပြန်ရမည်ဆိုတော့ သူ့စိတ်ထဲမှာတစ်မျိုးပဲ။ တစ်စုံတစ်ရာကိုလည်း သွားသတိရမိတယ်၊ ရင်ခုန်မိတယ်၊ စိတ်လှုပ်ရှားမိတယ်၊ ဒေါသဖြစ်မိတယ်၊ အငြိုးအတေးတွေထားမိတယ်၊ အမှားတွေလုပ်မိတယ်၊ အမှန်တွေလုပ်မိတယ်။ ယခု သူပြုံးနေမိပါတယ်။ မျက်လုံးတွေမှိတ်ထားပြီးတော့ပေါ့။
ဝရန်တာမှာရပ်နေတာမို့ ညစ်ညမ်းသောလေထုနှင့်အတူ ရောနှောပါလာတဲ့ သန့်ရှင်းလတ်ဆက်သည့် လေလေးကလည်း တဖြူးဖြူးတိုက်ခတ်လို့။ ခဏအတွင်း စိတ်ကလေးငြိမ်းချမ်းသွားလိုက်တာ၊ ဒါကြောင့် လူတွေဟာ ငြိမ်းချမ်းမှုကို အလိုရှိကြတာထင်ပါ့။ သူတောင် လက်တစ်ဆုပ်စာ ငြိမ်းချမ်းမှုကို ခဏတာလေး ခံစားလိုက်ရုံနဲ့ မခွဲခွာချင်တော့ဘူး။ ထပ်ပြီးလိုချင်မိတယ်။ ပျောက်ကွယ်သွားတဲ့ ငြိမ်းချမ်းမှုကို လိုက်ရှာရင်း လူတွေဟာ ပူလောင်နေကြပြန်ရော။
ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်တော့ ဘာရယ်ကြောင့်မှန်းမသိ သူရင်မောသွားတယ်။
သူဟာ စိတ်ကူးယဥ်တတ်တဲ့သူလား။ တခဏအတွင်း ငေးမောမင်သက်မိသွားရုံနဲ့ တစ်ဘဝစာ ရုန်းမထွက်နိုင်သူလား။ သေချာသောအဖြေကတော့ သူဟာ စိတ်ခံစားချက်(ချစ်မေတ္တာ) ကို ဦးစားမပေးတတ်ဘူးဆိုတာပါပဲ။
တစ်စုံတစ်ယောက်ကို... မဟုတ်သေးဘူး၊ သူမကို သူကျေးဇူးတင်ရလိမ့်မည်။ ဘာလို့ဆို လူတစ်ယောက်မှာ မှန်ကန်တဲ့တွန်းအားလိုတယ်၊ အဲ့တွန်းအားကို အသုံးချပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်တယ်။ အဲ့တော့ ကိုယ့်ကိုတွန်းအားဖြစ်စေတဲ့သူက ဘယ်သူဖြစ်ဖြစ်၊ ဘာပဲဖြစ်နေ ကျေးဇူးသိတတ်သူတစ်ယောက်အနေနဲ့ ကျေးဇူးတင်သင့်တာပေါ့။ ငါမင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ငါ့ကြားက အဖုအထစ်တွေကိုတော့ မင်းလည်းလွယ်လွယ်မေ့ပျောက်နိုင်မှာမဟုတ်သလို၊ ငါဆိုတဲ့ကောင်ကလည်း ဘယ်တော့မှ ပြည်ဖုံးကားချနိုင်မှာမဟုတ်ဘူး။ အတွေးနယ်ချဲ့ရင်း မျက်ခုံးပေါ်ဝဲကျနေသည့် ဆံမျှင်တွေကို လက်ညှိုးဖြင့်ဖယ်ရှားလိုက်ပြီး သမာဓိသည် အထဲသို့ပြန်ဝင်လာခဲ့တော့သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤
အခန်း(၈) ဆက်ရန် >>>
ပတ္တမြားအလင်း