🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~
"ဟဲ့ နင်တို့တွေ ဟိုသတင်းကြားပြီးပြီလား"
"အဆက်စပ်မရှိ ဘာသတင်းတုန်း "
"ကေခိုင့်အစ်မကြီးခင်မို့မို့နိုင်ရဲ့သမီးအကြောင်းလေ "
"ဘယ်သူ့ကိုပြောတာလဲ ...၊ ဘာဖြစ်လို့လဲ "
"အလတ်မကိုပြောတာ၊ အိမ်ထောင်ရှိယောကျ်ားတစ်ယောက်နဲ့ တိတ်တိတ်ပုန်းဖြစ်နေတယ်ကြားတယ် "
"အဲ့သတင်းလား... ငါလည်းကြားတယ်၊ ဂွင်ကြီးကြီးမိထားတယ်ထင်တယ်၊ ခင်မို့မို့နိုင်တို့က အထည်ကြီးပျက်လေ "
"အထည်ကြီးပျက်လည်း သူများမိသားစုကို မဖျက်ဆီးသင့်ဘူးလေဟယ်၊ မရှက်ဘူးလားမသိဘူး၊ ငါသာဆို ခွက်ဆွဲတောင်းစားလိုက်မယ်၊ အဲလိုအလုပ်မျိုးဘယ်တော့မှ မလုပ်ဘူး၊ ရွံလိုက်တာအေ "
"အဲ့ထက်ဆိုးတာရှိသေးတယ်၊ မရင်အေးရဲ့ သမီးမမအေးအကြောင်းရော သိပြီးကြပြီလား "
မှော်ဝင်သည် အဝတ်စားလဲရန်အတွက် အခန်းတံခါးအား ဖွင့်ရန်လက်အလှမ်း တံခါးနောက်က ပြောဆိုနေသောအသံတွေကို အမှတ်တမဲ့ ကြားလိုက်ရသဖြင့် လှမ်းနေဆဲလက်တစ်ဖက်က လေထဲတန့်သွားရ၏။ နက်မှောင်ထူထဲသည့် မျက်ခုံးတန်းက တွန့်ကျိုးနေ၏။ နှုတ်ခမ်းတပြင်ပြင်ဖြင့် လက်ကိုရုတ်သိမ်းလိုက်ပါ၏။ အမှန်နဲ့အမှားရောထွေးနေသဖြင့် တံခါးနားရပ်လျက် ဆက်၍နားထောင်နေလိုက်ပါသည်။
"လွန်ခဲ့တဲ့ ၃နှစ်ကျော်အချိန်တုန်းက မရင်အေးရဲ့သမီးက ကေခိုင့်အိမ်မှာ ကလေးဖျက်ချခဲ့တယ်တဲ့၊ အတွင်းလူကိုယ်တိုင် ငါ့ကိုအတိအကျပြောပြတာ "
ဘုရား ဘုရား...။
အပ်ကျမပ်ကျကိုပြောနေတာပါလား။
သူမသည် ထိုစကားကြားပြီး အတော်လေး တုန်လှုပ်သွားရပါသည်။ သူများအကြောင်းကို ဘယ်လိုများပြောထွက်နိုင်ကြတာလဲ။
"ဟယ်... ကြောက်စရာကြီးနော် "
"အေးလေ၊ သူတို့မျိုးရိုးက မသန့်ဘူး၊ ကျွန်မတို့အစ်ကို မကေခိုင်နဲ့ ယူတုန်းကဆို ဝိုင်းတားကြပါသေးတယ်၊ ဘယ်လိုမှတားမရတာနဲ့ လက်ခံလိုက်ရတာ၊ အစ်ကိုရဲ့ ဂုဏ်သိက္ခာနဲ့ ကျွန်မတို့မျိုးရိုးရဲ့အရှိန်အဝါကြောင့် သူတို့အမျိုးတွေ ကိုယ်ရောင်ကိုယ်ဝါ တောက်နေတာလေ၊ မဟုတ်ရင် သူများတံတွေးခွက်ထဲ မျောတာကြာပေါ့၊ အလကား တစ်လုံးချိုင့်တွေ "
ကိုယ်ခန္ဓာတစ်ခုလုံး အေးစက်ကာ မာနနှင့် ဂုဏ်သိက္ခာကို ရိုက်ချိုးခံလိုက်ရပြီး ရင်ကိုခွဲကာ အသည်းနှလုံးကို အရှင်လတ်လတ် မီးမြှိုက်ခံနေရသလို နာနာကျင်ကျင် ခံစားနေရ၏။ သွားတွေကျိုးမတက် အံကိုတင်းတင်းကြိတ်ကာ ဒေါသေကြောင့် သူမကိုယ်လေးတုန်ယင်နေ၏။
"မချိုစိမ့်တုန်းကလည်း လက်ထပ်ခါနီး တစ်ပတ်အလိုမှာ ချစ်သူနဲ့ခိုးရာလိုက်ပြေးသွားတာလေ၊ ဘယ်သူမှမသိခင် သွားပြန်ခေါ်ပြီး ဘာမှမဖြစ်သလို အပျိုလုပ်ပြီးတော့ မျက်နှာပြောင်တိုက်ပြီး လက်ထပ်လိုက်တာ"
"သေချာလှချည်လား...၊ အဲဒါတော့ ဟုတ်မယ်မထင်ဘူးနော် "
"အဟုတ်ပဲ၊ ကောင်လေးဘက်က အမျိုးတွေနဲ့သိတယ်လေ၊ သူတို့ဆီက ပြန်ကြားရတာ၊သေချာတယ် "
"မြကေခိုင်တို့အမျိုးတွေက အပုပ်နံ့ထွက်နေတာလေ၊ ဒါကို မတောက်တခေါက် ပညာတွေ၊ လက်တစ်ဆစ်လောက်ရှိတဲ့ မာနတွေ၊ ကျန်နေသေးတဲ့ သိက္ခာတွေနဲ့ဖုံးဖိပြီး ဟန်လုပ်နေရတာ၊ ဘုန်းခန့်နဲ့ မြကေခိုင်တို့ရဲ့သမီး မှော်ဝင်ကရော ဘယ်လိုလာဦးမလဲမသိဘူး၊ ခုတည်းက သူရှိတဲ့နေရာမှာဆို ယောကျာ်းတွေတရုန်းရုန်းနဲ့၊ သူ့အမျိုးတွေရဲ့ ခြေရာအတိုင်းလိုက်နင်းရင် ကျွန်မတော့ ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ် ဓားနဲ့လှီးမိမယ်ထင်တယ် "
"သွေးက ရေထက်ပျစ်တယ်လေ၊ ဒါပေမဲ့ ဘယ်အရာမှ ကြိုတင်ပြောလို့မရပါဘူး... "
တော်တော်တရားလွန်သွားပြီ။ သားသမီးချင်းကိုယ်ချင်းမစာ ပြောထွက်လိုက်ကြတာ၊ ပြောရက်လိုက်ကြတာ။ သူမဟာ ယောကျာ်းတကာကို ကြာပစ်နေတဲ့ မိန်းမပျက်လည်းမဟုတ်ပါဘဲနဲ့။ ပြောသွားတဲ့စကားတွေထဲမှာ အဆိုးဆုံးနဲ့အခံရခက်ဆုံးကတော့ 'ယောကျ်ားတွေတရုန်းရုန်းနဲ့' ဆိုတဲ့ စကားပင်။ သွေးဘယ်လောက်ပျစ်လဲသိချင်ရင် ပြရသေးတာပေါ့။
မှော်ဝင် တံခါးကို ဝုန်းခနဲ ဆောင့်ဖွင့်လိုက်၏။ ခြေလှမ်းကျဲဖြင့် အထဲသို့ဝင်သွားလိုက်ဖို့ ဆန္ဒရှိပေမယ့် တကယ်တမ်းမှာတော့ သူမ အခန်းပြင်မှာပဲရှိနေခဲ့ပါသည်။ သူမ ခန္ဓာကိုယ်ကို သံကြိုးတွေအထပ်ထပ်ဖြင့် တုပ်နှောင်ထားခံနေရသလိုမျိုး ရုန်းလေရုန်းလေ သူမပဲနာကျင်လေမို့ ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် အံ့သြတုန်လှုပ်နေမိသည်။
"ဒေါသကိုရှေ့တန်းမတင်ပါနဲ့ သမီး၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ ရန်ကိုရန်ချင်းမတုန့်နှင်းပါနဲ့ "
နားထဲမှာ ဖေဖေ့စကားသံတွေက ပဲ့တင်ထပ်နေခဲ့ပါသည်။ မဟုတ်ဘူး...။ သူမအော်လိုက်၏။ စကားသံကထွက်မလာခဲ့ပါ။ အသံတွေပါ ပျောက်ဆုံးနေခဲ့တာပါတကား။ မိမိကိုယ်ကိုယ် စိတ်တိုနေမိရင်း အံကြိတ်ထားသည်မှာ ခံတွင်းထဲ ငံကျိကျိအရသာကို ခံစားလိုက်ရသည်။ ရင်ဘက်တစ်ခုလုံးအောင့်မျက်ကာ ပြင်ပခန္ဓာကိုယ်နာကျင်မှုထက် အတွင်းစိတ်နာကျင်မှုကသာလွန်နေခဲ့ပါသည်။
အပိုင်းအစဖြင့် ပြန့်ကျဲနေသည့် အာရုံကို ခက်ခက်ခဲခဲ ပြန်စုစည်းလိုက်ပါ၏။ ငါဟာ ပညာတတ်တစ်ယောက်၊ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ် ငါ့မှာရှိတယ်။
တံခါးလော့ခ်မချထားတာမို့ ဖွင့်ဝင်လာခဲ့၍ ဒုန်းခနဲ အသံမြည်အောင် ပြန်ပိတ်ကာ အားလုံးကိုလျစ်လျူရှုလျက် ကိုယ်လုပ်စရာရှိတာကိုသာ ခပ်မြန်မြန်လုပ်နေလိုက်ပါသည်။ သူမရောက်လာသောအခါ အခန်းတစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားကြသည်။ သူမ အိမ်ကနေ ထည့်ယူလာခဲ့သည့် မြန်မာဝတ်စုံကို လဲဝတ်လိုက်ပြီးနောက် မည်သူ့မျက်နှာမှမကြည့်ဘဲ ပြန်ထွက်လာခဲ့ပါတော့သည်။ စိတ်ထဲမှာတော့ တော်တော်ဘဝင်မကျဘဲ ရှိရသည်။ တိတ်တိတ်နေခြင်းသည် ဝန်ခံခြင်းဆိုတာ ရာနှုန်းပြည့်မှန်သော စကားတစ်ခွန်း မဟုတ်မှန်း သူမသိလိုက်ရပါသည်။
ထို့နောက် ဘွားအခန်းထဲမှ ကားသော့ကို သွားယူပြီး ဘယ်သူမှနှုတ်မဆက်ဘဲ အိမ်ထဲမှထွက်လာခဲ့ပါ၏။ မေမေနှင့်ဘွားဘွားတို့သည်လည်း ဧည့်သည်တွေကို ဧည့်ခံနေတာမို့ သူမပြန်သွားတာကို သတိထားမိဟန်မပေါ်သေးပါ။ မနေ့ညက ဘွားဘွား သူမကိုပေးထားသည့် အညိုရောင်ကတ္ထိပါဘူးကို ဘွားအိပ်ရာနံဘေး၌ ဒီအတိုင်းထားရစ်ခဲ့ပါ၏။
"တစ်ဦးတစ်ယောက်ရဲ့စကားတစ်ခွန်းက ကျွန်မရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်မယ်၊ ဟောကိန်းထုတ်နိုင်မယ် လို့ ထင်နေရင်တော့
အမှားကြီးမှားသွားပါလိမ့်မယ်၊ ကျွန်မလက်တစ်စုံနဲ့ ကျွန်မရဲ့ အနာဂတ်၊ သမိုင်း၊ မှတ်တမ်းကို ကျွန်မကိုယ်တိုင် ပုံဖော်ထုဆစ်မယ်၊ အဲဒါ မှော်ဝင် ဆိုတဲ့ ကျွန်မရဲ့ ခိုင်မြဲတဲ့ သန္နိဋ္ဌာန်ပဲ "
°°°°°°°°°°°°°
"မှော်ဝင် ဒါဘာလုပ်တာလဲ၊ ခုချက်ချင်းပြန်လာခဲ့ "
"ညောင်ရွှေမြို့ထဲကို ဝင်လာနေပြီ၊ မှော် ပြန်လှည့်လာလို့မရတော့ဘူး မေမေ "
"မလိုချင်ဘူး... ၊ ခုချက်ချင်းပြန်လာခဲ့ "
"ကျောင်းမှာ ဒီနေ့ ကျူတိုရီရယ်ရှိလို့ မှော်နောက်ကျလို့မရဘူး၊ ပြန်မလာတော့ဘူး ဘွားဘွားကို မှော်နှုတ်ဆက်တယ်လို့ ပြောပေးပါ "
လိုရင်းပြောပြီးသည်နှင့် နားမှာတပ်ထားသည့် earphone ကိုဆွဲဖြုတ်လိုက်၏။ အဲ့အိမ်မှာ တစ်မိနစ်၊ တစ်စက္ကန့်လေးတောင် ဆက်နေချင်စိတ်မရှိဘူး။ ယုတ်ညံ့ပြီး မသတီစရာကောင်းတဲ့ အမျိုးယုတ်တွေအိမ်မှာ နေရတာဟာ သူမအတွက်တော့ ငရဲပဲ။ ဒါပေမဲ့ တစ်ချီချီမှာတော့ သူမနဲ့ထိပ်တိုက်တွေ့ရဦးမှာပါ။ ထိပ်တိုက်တွေ့လိမ့်ဦးမှာပါ။
တစ်နာရီကျော်နှစ်နာရီနီးပါး ကားမောင်းပြီးနောက် ရန်ကုန်မြို့ထဲဝင်လာခဲ့၏။ ကျောင်းတက်ဖို့စိတ်မပါတာမို့ တိုက်ခန်းမှာပဲ ခွေနေလိုက်ပါတော့သည်။ သို့သော် ဒီအတိုင်းထိုင်နေရင် ဟိုအကြောင်း ဒီအကြောင်းတွေက ခေါင်းထဲဝင်လာတာမို့ စိတ်ပြေလက်ပျောက် ကားပတ်မောင်းပြီး စျေးဝယ်ထွက်ရန် ဆုံးဖြတ်၍ ထွက်လာခဲ့၏။
"ဒါလေးက ၈သိန်းခွဲပါ ညီမလေး...၊ သူက limited edition ထဲမှာပါတယ်၊ အရောင်နှစ်မျိုးပဲထွက်တာလေ၊ ခဲရောင်က ရောင်းထွက်သွားတာ သိပ်မကြာသေးဘူး၊ အနက်ရောင်နဲ့ ညီမလေးနဲ့ အရမ်းလိုက်တယ် "
အနက်ရောင်ပြောင်ရွှဲနေသည့် Quartz အမှတ်တံဆိပ်နာရီက သူမလက်ကောက်ဝတ်မှာ လှပတင့်တယ်စွာ နေရာယူလျက်ရှိသည်။ တခြားပစ္စည်းတွေ မက်မက်မောမောမရှိပေမယ့် သူမကနာရီခရေစီမို့ နာရီမြင်လျင် အကြည့်လွှဲလို့မရပါ။ နာရီစုဆောင်းတတ်သူလည်းဟုတ်သည်။ ပြီးခဲ့တဲ့တစ်ပတ်မှ အသစ်စက်စက်ထွက်ထားသည့် ထိုနာရီလေးကို သူမမျက်စိကျနေ၏။ လက်မှာပတ်ပြီးသားမို့ ပြန်လည်းမချွတ်ချင်တော့ပါ။ ထို့ကြောင့် ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီး နာရီတံဆိပ်အား ဆွဲဖြုတ်လိုက်ကာ ပိုက်ဆံထုတ်လိုက်၏။
ပိုက်ဆံရေကြည့်လိုက်တော့ ၅သိန်းကျော်ပဲ အိတ်ထဲကျန်တော့တာမို့ ကွက်ခနဲ မျက်နှာပျက်သွားရ၏။ ဝယ်စရာရှိတာ အကုန်ဝယ်ပြီးသွားသဖြင့် လက်ထဲပိုက်ဆံဘယ်လောက်ကျန်သလဲဆိုတာ မကြည့်မိဘဲ ဇွတ်ဝယ်လိုက်မိသည့် မိမိကိုယ်ကိုပဲ အပြစ်တင်ရတော့မည်။
"ဟိုလေ ပိုက်ဆံမလောက်တော့လို့ သူငယ်ချင်းဆီဖုန်းဆက်လိုက်ဦးမယ်၊ ဒီနာရီကိုယူမှာပါ ခဏနော် "
ငွေရှင်းကောင်တာမှ ဝန်ထမ်းမိန်းကလေးနှစ်ယောက်အား ခွင့်တောင်း၍ တစ်ဖက်သို့လှည့်ကာ ညိုချောဆီ ဖုန်းခေါ်လိုက်ပါ၏။ ဖုန်းကဝင်ပေမယ့် ကိုင်မဲ့သူမရှိပါ။
"ကျစ်... အရေးဆိုသုံးမရတော့ဘူး "
အခေါက်ခေါက်အခါခါခေါ်နေသော်လည်း ဖုန်းလာမကိုင်ပါ။ စိတ်ရှုပ်သွားရ၏။ ဘာပဲဖြစ်ဖြစ် နာရီကလည်း ဝယ်ကိုဝယ်မှဖြစ်မည့်အခြေအနေပင်။
"ညီမလေး နာရီဖိုးရှင်းပြီးသွားပြီ၊ ယူလို့ရပါပြီ "
သူမ တအံ့တသြဖြင့် လှည့်ကြည့်ရင်း...
" ဘယ်လို "
"ဟုတ်ပါတယ် စောနက မောင်လေးတစ်ယောက် ညီမအတွက် လိုနေတဲ့ပိုက်ဆံသုံးသိန်းကျော်စိုက်ရှင်းသွားပါတယ် "
" ဘယ်သူလဲ "
" ခုနလေးတင်ထွက်သွားတာ၊ ဟိုမှာ "
ဝန်ထမ်းကောင်မလေး လက်ညှိုးထိုးပြရာ လိုက်ကြည့်လိုက်တော့ နက်ပြာရောင်ရှပ်အကျီနှင့် အနက်ရောင်စတိုင်ပင်ဘောင်းဘီ ဝတ်ထားသော လူရွယ်ယောကျ်ားတစ်ယောက်၏ ကျောပြင်ကျယ်ကိုသာ ဖျတ်ခနဲ လှမ်းတွေ့လိုက်ရ၏။ အရပ်အမြင့်က ခြောက်ပေသုံးလောက်ရှိမည်ထင်သည်။ အုံထူသော မဟူရာဆံပင်ကို သေသပ်စွာခပ်တိုတိုညှပ်ထား၏။ လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲ ထည့်ထားရင်း အပြင်သို့လျှောက်ထွက်သွားပါ၏။
"ရော့ ကျန်တဲ့ပိုက်ဆံ "
လက်ထဲက ပိုက်ဆံအား ကောင်တာပေါ်တင်လိုက်ပြီး လှည့်ထွက်တော့...
"ညီမ နာရီယူသွားဦးလေ "
" ကြိုက်သလိုလုပ်လိုက်တော့ "
ဟု ပြောရင်း အပြင်သို့ လျင်မြန်စွာ လျှောက်ထွက်လာခဲ့တော့သည်။ မှော်ဝင်သည် သဒ္ဒါလို့ဖြစ်စေ၊ မသဒ္ဒါလို့ပဲဖြစ်စေ သူများစွန့်ကျဲတာကို လက်ခံတဲ့သူမဟုတ်၊ သူများပေးစာကမ်းစာကို စားတတ်တဲ့သူမဟုတ်။ အထူးသဖြင့် သူတစ်ပါးအပေါ် အကြွေးတင်ခံတတ်သူမဟုတ်ပေ။
စာရင်းရှင်းဖို့ အမီလိုက်လာခဲ့ပေမယ့် ဘယ်သူဘယ်ဝါမှန်းမသိဘဲ နောက်ကျောပဲမြင်လိုက်ရသူအား ဘယ်နေရာမှာမှရှာမတွေ့တော့ပါ။
ထို့နောက် အာရုံနောက်လာတာမို့ အိမ်ပြန်ရန် ကားပါကင်ဆီသို့ ပြန်လျှောက်လာခဲ့၏။ စဥ်းစားကြည့်ရင် ဒီနေ့တစ်နေ့လုံး သူမ စိတ်ရှုပ်စရာတွေချည်းပဲ ကြုံတွေ့နေရသည်။ ကံဆိုးမှုတွေက အငြိုးနဲ့ သူမနောက် လိုက်လာသလားထင်မှတ်ရတယ်။ ကားထွက်ဖို့အတွက် ဘေးကကားနဲ့မလွတ်တာမို့ ကားကိုအနောက်သို့ဆုတ်လိုက်ချိန် မရည်ရွယ်ဘဲ နောက်ကကားနဲ့ ချိတ်မိသွား၏။
" ဟာ! "
စိတ်ပျက်စွာ ညည်းတွားလိုက်ရင်း ကားပေါ်မှဆင်းလာခဲ့၏။ နောက်ကားကိုကြည့်လိုက်တော့ ရှေ့မီးသီးနှစ်လုံးကွဲသွားပြီး ခေါင်းပိုင်းအနည်းငယ်ပွန်းရာပဲ့ရာထင်သွားတာကို တွေ့လိုက်ရသဖြင့် ပြဿနာဖြစ်တော့မယ်မှန်း ရိပ်စားမိလိုက်ပါသည်။
ထိုစဥ် ကားပိုင်ရှင်ဖြစ်သူက သူမအနားခြေစုံလာရပ်ပြီး ရင့်သီးသော စကားတစ်ခွန်းကို ခပ်ဆတ်ဆတ်ဆိုလာသဖြင့် ထိုသူအား သူမ ဖျတ်ခနဲ မော့ကြည့်လိုက်၏။
"ဗရမ်းဗတာနဲ့၊ ကားမမောင်းတတ်ဘူးလား"
"ဘာပြောတယ် "
" မင်း ဘာလုပ်ပေးမှာလဲ၊ မင်းကြောင့်ဖြစ်သွားတယ်ဆိုတာ လက်ရောခံရဲ့လား "
"ပြော လျော်ကြေးဘယ်လောက်လိုချင်လဲ"
သူမထက် ခေါင်းတစ်လုံးစာနီးပါးမြင့်သည့်သူမရှေ့မှ ထိုသူအား မေးဆတ်၍ မေးလိုက်ပါ၏။
"ငွေစကားပြောတယ်ပေါ့၊ ကောင်းပြီ ၁၀သိန်း... ခုချက်ချင်းလိုချင်တယ် "
"ရတယ်လေ၊ ၅မိနစ်စောင့် "
"မစောင့်နိုင်ဘူး၊ တစ်မိနစ်တောင် "
"အခု ကျွန်မမှာ ပိုက်ဆံပါမလာဘူး၊ ဒါပေမဲ့ ၅မိနစ်ပဲစောင့်၊ ရှင့်ရှေ့ ၁၀သိန်းမဟုတ်ဘူး ၁၅သိန်းရောက်လာစေရမယ် "
"အဟား... လောကမှာဘယ်အရာမှ အလကားမရဘူး၊ အပေးရှိရင် အယူရှိတယ်၊ ငါ့အတွက် အချိန်က ငွေလိုပဲ၊ အဲ့တော့ မင်းငါ့ကို တောင်းပန်၊ ငါလျှော်ပေးလိုက်မယ် "
"သွားသေလိုက်"
ထိုအခါ အဖြူရောင်သွားတန်းလေးတွေဖြင့် ဖွဲ့စည်းထားသည့် သွေးရောင်လွှမ်းနေသော နှုတ်ခမ်းပါးက လှောင်ပြောင်သလို ခပ်ဟဟရယ်၏။ ခါးထောက်လျက် သူမကို ခေါင်းတွင်တွင်ခါ၍ တစ်ချက်ကြည့်ကာ...
"အိုကေ၊ ဒါဆို ရတာယူရမှာပေါ့ "
စကားအဆုံး လျင်မြန်စွာဖြင့် သူမအနား ခြေတစ်လှမ်းတိုးလာပြီး ကိုယ်ကိုကိုင်းညွတ်ကာ အမည်းစက်တစ်စက်တောင်မရှိသည့် ဖွေးဥနေသော သူမပါးပြင်လေးကို သူ့နှာခေါင်းချွန်ချွန် နစ်ဝင်သွားသည်အထိ ဖိကပ်နမ်းခြင်းကို ရုတ်တရက်ဆန်စွာ ခံလိုက်ရပါသည်။
အတင့်ရဲစွာ ရိုင်းရိုင်းစိုင်းစိုင်းပြုမှုလာသော အရှက်ကင်းမဲ့သည့် ထိုသူ၏လုပ်ရပ်ကြောင့်
ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ညာလက်တစ်ဖက် မြှောက်တက်သွားစဥ် သူမလက်အား မိမိရရ ဖမ်းဆုပ်ကိုင်ခြင်းကို ခံလိုက်ရပြီးတစ်ပြိုက်နက် သူမကိုယ်လေးအား အကြမ်းပတမ်းဆောင့်ဆွဲခံလိုက်ရကာ....
"မှတ်ထား...၊ ဘာမဆို တန်ရာတန်ကြေးပြန်ပေးရတယ်၊ မင်းငါ့ကို တစ်ခုခုလုပ်ရင် မင်းလည်း တစ်ခုခုပြန်ပေးရမယ်"
ဟု ထိုလူက ပြောပြီးသည်နှင့် သူမလက်အား ဆောင့်လွှတ်ချလိုက်ပြီး သူမရှေ့မှ ကားမောင်းထွက်သွားသည်အထိ သူမအဖြစ်ကို လက်မခံနိုင်သေးဘဲ၊ ဆောက်တည်ရာမရဘဲ အသည်းနှလုံးထဲက နာကျင်မှုကို ပြင်းထန်စွာခံစားနေရသည်က ထိုလူအား တစ်ခုခုပြန်မလုပ်လိုက်ရလို့ပင်။ ဘာမှပြန်လုပ်ခွင့်၊ ပြောခွင့်မရဘဲ သူမရှေ့မှ ထွက်သွားခွင့်ပြုလိုက်မိသလို ဖြစ်သွားရာ ကြိတ်မနိုင်ခဲမရဖြစ်နေမိ၏။
"ရှင်လည်း တစ်ခုခုပြန်ပေးဖို့ပြင်ထား၊ မှော်ဝင်ရဲ့ အမျက်ဒေါသကို ဘယ်သူမှမခံနိုင်ကြဘူး "
" အား!..."
ရင်တွင်း ခံစားချက်အပူမီးတို့ လောင်မြိုက်ကာ လက်သီးကိုကျစ်ကျစ်ဆုပ်လျက် ကုန်းကျုံးအော်ဟစ်ပစ်လိုက်ပါ၏။
"ကစားပွဲကခုမှစတာ၊ ဒီထက် ခံနိုင်ရှည်ရှိဖို့ ပြင်ဆင်ထားလိုက်ပါဦး၊ လက်ရည်ချင်းမတူရင် ကစားရတာပျော်ဖို့မကောင်းဘူး "
စကားဆုံးတော့ သူ့နှုတ်ခမ်းထက် အမည်ဖော်ရခက်သော အပြုံးတစ်ခုဆင်မြန်းလိုက်၏။ ထိုအပြုံးက သူ့ရဲ့စတိုင်တစ်ခုဖြစ်မည်ထင်သည်။ မျက်လုံးတွေက လွန်ခဲ့သော ၃နှစ်ကျော်ကအတိုင်း တောက်ပ၍ယုံကြည်မှုတစ်မျိုးဖြင့် ပျိုးပျက်လက်နေကြ၏။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🖤🖤
အခန်း(၇) ဆက်ရန်>>>
#ပတ္တမြားအလင်း