🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~
မနက်ဝေလီဝေလင်းကတည်းက အိမ်တစ်အိမ်လုံး စကားပြောသံ၊ ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသံ၊ ခုံရွေ့သံများဖြင့် ဗြောင်းဆန်နေကာ ဘယ်လိုမှ လိမ့်ပိန့်အိပ်၍ မရသောကြောင့် ငေါက်ခနဲ အိပ်ရာပေါ်၌ ထထိုင်လိုက်၏။ ဖုန်းနာရီကြည့်လိုက်တော့ 4 am ။ ညတုန်းကလည်းညဥ့်နက်သည်အထိ ဘွားနှင့်စကားပြောရင်း ဘွားအခန်းမှာပဲ အိပ်ပျော်သွားခဲ့တာပင်။ နိုးလာတော့ ခေါင်းတစ်ခြမ်းကိုက်နေပြီး မျက်လုံးဖွင့်ဖို့ အတော်လေးအားယူနေရ၏။ အပြင်က ဆူညံပူညံအသံတွေကြားပြီး ဘွားမနိုးတာပဲ တော်ပါသေးသည်။
"ဒေါက် ဒေါက် "
ဘွားခါးလေးဖက်ပြီး သူမပြန်အိပ်ဖို့ကြံရုံရှိသေး တံခါးလာခေါက်သံကြားရ၏။ အဆက်မပြတ်ခေါက်နေခြင်းမဟုတ်ဘဲ တစ်ချက်ချင်းခေါက်နေသံပင်။ သိပ်မကျယ်လှ။ အစကမဖွင့်ဘဲ ဒီအတိုင်းထားလိုက်ဖို့စိတ်ကူးမိပေမယ့် မတော်လို့ ဘွားနိုးသွားရင် ခက်ရော့မယ်ဆိုတဲ့အတွေးက အရင်ဝင်လာသဖြင့် တံခါးဖွင့်ပေးလိုက်ပါသည်။
အလင်းဘက်ခြမ်းတွင် ရပ်နေသော မေမေ့ကို အမှောင်ဘက်ခြမ်းမှနေ၍ သူမထင်းခနဲ မြင်လိုက်ရသည်။ မေမေကတော့ သူမကို မျက်မှောင်ကုပ်ကြည့်လျက်....
"မျက်နှာသစ်ပြီးထွက်လာခဲ့၊ လုပ်စရာအလုပ်တွေရှိတယ် "
ဟု ပြောပြီးသည်နှင့် မှောင်ရိပ်သန်းနေသည့် အခန်းတွင်းသို့ တစ်ချက်လှမ်းကြည့်ရင်း လှည့်ထွက်သွား၏။ မှော်ဝင်သည် တံခါးအား အသံမမြည်အောင် အသာပြန်ပိတ်၍ မျက်နှာသစ်ရန်ရေချိုးခန်းထဲသို့ ဝင်သွားလိုက်ပါတော့သည်။ ယခုအချိန် တောင်ကြီးတစ်မြို့လုံးသည် နှင်းတွေဝါးမြိုခြင်းခံထားရမှာ ကျိန်းသေသည်။ ရေခဲရည်တစ်မျှ အေးစက်လှသည့် ရေကိုကိုင်ထားရသဖြင့် သူမလက်တွေ ထုံကျင်နေပါသည်။ မျက်နှာသစ်ပြီး ခေါင်းဖြီးပြီးသောအခါ ညအိပ်ဂါဝန်နီညိုရောင်လေးအပေါ်မှ သိုးမွေးအနွေးထည်အပါးလေးကိုထပ်ဝတ်၍ အခန်းပြင်သို့ထွက်လာခဲ့တော့သည်။
အပြင်မှာရှိနေတဲ့သူတွေက သူမကိုမြင်သောအခါ ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်နေကြသည်မှာ ကျောခိုင်းသွားရမှာပင် နောက်ကျောမလုံသလို ခံစားလိုက်ရပါသည်။ ကျောလယ်လောက်ရှိသော ဆံပင်တွေကို အနောက်မှာစုစည်းထားတာ ဖရိုဖရဲဖြစ်နေလို့လားဆိုတော့လည်း မဖြစ်ပါ။ ခြေမျက်စိထိရှည်သည့်ဂါဝန်က သူ့တို့မျက်လုံးထဲမှာ ဖိုသီဖတ်သီဖြစ်နေလို့လား၊ ဖြစ်တန်ကောင်းပါရဲ့။ သူတို့အကြည့်တွေကို မနှစ်မြို့သော်လည်း အချိန်ကုန်ခံမနေတော့ဘဲ မေမေ့ကိုသာ လိုက်ရှာလိုက်ပါ၏။
"သမီး... မှော် "
အသံလာရာလှည့်ကြည့်လိုက်တော့ သူမကိုပျော်ရွှင်ရယ်မောအောင် လုပ်နိုင်သော တစ်ဦးတည်းသောသူကို မြင်တွေ့လိုက်ရာ နှုတ်ဖျားမှ ချိုမြစွာ သူ့အလိုလို ထွက်ကျသွားသော နာမ်စားတစ်ခုက...
" ပါး... "
ဖေဖေ့ဆီ ရုတ်ခနဲ လျှောက်သွားလိုက်ပြီး အနားရောက်မှ သူမအတွက် အမြဲတမ်းဖွင့်ဟထားသည့် ရင်ခွင်နွေးနွေး၌ ခိုလှုံလိုက်ပါ၏။
"ပါးသမီးလေးကို လွမ်းနေတာ "
"ပါးကဘယ်တုန်းကရောက်နေတာလဲ "
"မနေ့ညကလေ၊ ပါးရောက်တော့ သမီးလေးအိပ်နေရောပေါ့၊ ည၁၂ နာရီကျော်နေပြီ "
ဖေဖေ့ခါးကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်ထားတော့ ဖေဖေကလည်း သူမကိုယ်လုံးကို ပြန်လည်ပွေ့ဖက်ထားရင်း....
"မော့ပါဦး... ပါးအသည်းနှလုံးလေးရဲ့ မျက်နှာကိုကြည့်ပါရစေဦး "
ခေါင်းလေးမော့၍ ဖေဖေ့မျက်နှာ လပြည့်ဝန်းကို သွားတန်းလေးတွေပေါ်အောင် နှစ်ခြိုက်စွာ ပြုံး၍ကြည့်တော့ ဖေဖေက သူမနှာဖူးလေးကို နှုတ်ခမ်းဖြင့် ညင်သာနူးညံ့စွာ နမ်းရှိုက်ပါ၏။
"သားအဖတွေ နောက်မှအလွမ်းသည်၊ မှော်ဝင် ထမင်းစားခန်းထဲကိုလိုက်ခဲ့ "
ရုတ်တရက်ရောက်လာသည့် မေမေက သူမတို့ကို ခပ်ဆတ်ဆတ်ပြော၍ ရှေ့မှထွက်သွားနှင့်ပါသည်။ မှော်ဝင်ကတော့ ကလေးတစ်ယောက်လို အပျော်ကြီးပျော်နေသည်မှာ မျက်နှာပေါ်က အပြုံးတွေသည် သက်သေဖြစ်ပါလိမ့်မည်။ ဖေဖေသည် သူမဘဝ၊ သူမအားကိုးရာ၊ သူမတွယ်တာရာ၊ ကမ္ဘာပေါ်မှာ သူမအချစ်ဆုံး အထင်အကြီးဆုံး ယောကျာ်းတစ်ယောက်လည်းဖြစ်သည်။
"ကဲ ကဲ သွားလိုက်ဦး၊ မဟုတ်ရင် သမီးလေးကို ပွားနေလို့ နားငြီးနေဦးမယ် "
ဖေဖေက သူမခေါင်းကို ဖွဖွပုတ်၍ ချိုသာသော အသံအေးဖြင့် ပြောပြီးနောက် အနားမှလှည့်ထွက်သွားပါတော့သည်။ သူမလည်း ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်ပါ၏။
ထမင်းစားခန်းထဲ၌ ကျွန်းစားပွဲနှင့်ခုံတွေကို ဘေးကပ်ထားပြီး အားလုံးက ကြမ်းပြင်ပေါ် ဒီအတိုင်းထိုင်နေကြတာကို ဦးစွာမြင်လိုက်ရသည်။ ထို့နောက် မုန့်ဗန်းတွေ အချပ်လိုက်ထပ်ထားတာကို တွေ့ရသည်။ သစ်သီးခြင်းတွေ၊ သစ်သီးကိတ်တွေ အခန်းပြည့်ရှိနေသဖြင့် လူတွေပြည့်ကျပ်ညှပ်နေကာ တစ်ယောက်နဲ့တစ်ယောက် ထပ်၍ထိုင်နေရ၏။
"မှော်... ဒီကိုလာ အချိုပွဲပြင်ရအောင်"
နောက်နားကျကျမှာထိုင်နေသည့် မေမေက သူမကို လက်ပြ၍လှမ်းခေါ်နေသဖြင့် ဂါဝန်အနားသေချာသိမ်းလျက် လူကြားထဲကနေ တိုးဝှေ့၍ ကိုယ်ကိုကိုင်းညွတ်ကာ မေမေ့အနား လျှောက်သွားလိုက်ပါ၏။ အနားရောက်သောအခါ မေမေက နေရာမှဖယ်ပေးကာ သူမကို သူ့နေရာတွင် ထိုင်ခိုင်းသဖြင့် ဝင်ထိုင်လိုက်ရသည်။
"ပန်းကန်တွေသေချာသုတ်ပြီး မုန့်ပွဲတွေပြင်ရမယ်၊ ဝိုင်းကူလုပ်ပေးလိုက် မှော်၊ မေမေအပြင်မှာ ဘာလိုအပ်လဲ သွားကြည့်လိုက်ဦးမယ် "
ခေါင်းညိတ်ပြလိုက်ပြီး သူမရှေ့က ပန်းကန်တစ်ချပ်နှင့် အဝတ်စအားယူလိုက်၏။ ဘေးနားကို ဝေ့ဝဲကြည့်လိုက်တော့ ဖေဖေ့တူမက သူမကို လှမ်းကြည့်နေသဖြင့် ပြန်ကြည့်လိုက်ပါ၏။ သူ့ပုံစံကြည့်ရတာ သူမကို ရှိန်နေသလိုပင်။ သူမဘက်က အရင်အကြည့်လွှဲပြီး ပန်းကန်အား အဝတ်ဖြင့်ပြောင်အောင် သုတ်နေလိုက်ပါ၏။
°°°°°°°°°°°°°°°°°°
"အန်တီ... "
"ဟော... သားဉာဏ်ပါလား၊ အစောကြီး..."
"ဟို မှော်ရောက်နေတယ်ဆိုလို့လေ၊ သားမနေ့ကတည်းကလာချင်တာ assignments တစ်ခုအတွက် practical လုပ်နေရလို့ ဘယ်လိုမှလာလို့မရဘူးဖြစ်သွားလို့ပါ "
"အေးပါကွယ်၊ မှော်ဝင် ထမင်းစားခန်းထဲမှာရှိတယ် "
" ဟုတ်ကဲ့၊ သားဝင်သွားလိုက်မယ်နော် "
" အေး... ဝင်သွားလိုက် "
မှော့်အတွက် တောင်ကြီးကနေ ဒီအထိလိုက်လာတဲ့ ဉာဏ်ဝင့်သူဆိုတဲ့ ကောင်လေးရဲ့ မှော်ဝင့်အပေါ်မှာထားတဲ့ သံယောဇဉ်ကလည်း မသေးပါလား။ မတုန်မလှုပ် ကျောက်ရုပ်လို အေးစက်မာကျောနေတဲ့ မှော်ဝင်... အဘက်ဘက်ကပြည့်စုံတဲ့ ဉာဏ်ဝင့်သူအပေါ်မှာ ပျော့ပျောင်းလာဖို့ မျှော်လင့်မိပါတယ်။ အရာရာမှာ သည်းခံခွင့်လွှတ်တတ်တဲ့ ဉာဏ်ဝင့်သူရဲ့ မေတ္တာတွေကို သမီးလေး အနှေးနဲ့အမြန် မြင်နိုင်သိနိုင်ပါစေ။
"တစ်ဆိတ်လောက်၊ လမ်းနည်းနည်းဖယ်ပေးပါလားဗျ "
ဟိုလူ့ခလုတ်တိုက်၊ ဒီလူ့ခလုတ်တိုက်နှင့် လူကြီးတွေကို တောင်းပန်ကာ အားနာနာဖြင့် မှော်ဝင့်ဘေးနားသို့ ရောက်ရှိသွား၏။
"ကျွန်တော် ဒီမှာထိုင်လို့ရမလား..."
" ကျေးဇူးပါဗျ "
မှော့်ဘေးနားမှာထိုင်နေသည့် မိန်းကလေးအား ခွင့်တောင်း၍ ဝင်ထိုင်လိုက်၏။ မှော့်မျက်နှာလေးကို အနီးကပ်မြင်ခွင့်ရသဖြင့် သူအရမ်းတွေစိတ်လှုပ်ရှားနေကာ မှော့်ဘက်သို့ လှည့်ထိုင်လျက် တစိမ့်စိမ့်ကြည့်နေမိပါ၏။
မှော်ဝင်သည် သီးစုံကျောက်ကျောဗန်းထဲမှ လှီးပြီးသား ကျောက်ကျောတွေကို ပန်းကန်ထဲသို့ အလှဆင်၍စီထည့်နေစဥ် စိတ်ထဲစနိုးစနှောင့်ဖြစ်တာမို့ ဘေးကိုခေါင်းငဲ့ကြည့်လိုက်ရာ ဘယ်တုန်းကရောက်နေမှန်းမသိသည့် ဉာဏ်ဝင့်သူက သူမကိုငေးစိုက်ကြည့်နေသဖြင့် ရုတ်တရက် လန့်ဖျပ်သွားရ၏။
ဉာဏ်ဝင့်သူသည် အံ့သြနေသည့် မှော်ဝင်ကို ပြုံးပြလိုက်ပြီး...
"ကိုယ်ဘာကူလုပ်ပေးရမလဲဟင် "
မလိုလား မကြည်ဖြူသည့်ဟန်ဖြင့် မှော်ဝင်က သူ့ကို ရုတ်ခနဲ အကြည့်လွှဲသွားပါသည်။ သူ ခပ်သဲ့သဲ့ပြုံးမိရပြန်ပါသည်။ မှော်နဲ့ပတ်သက်တာမှန်သမျှ သူနှစ်ခြိုက်သည်။
"မနေ့က မှော်ရောက်နေတယ်လို့ မေမေပြောလို့ ကိုယ်သိသိချင်းလာမလို့ဘဲ... ဒါပေမဲ့ ကျောင်းစာတွေလုပ်နေရလို့ အခုမှထွက်လာခဲ့ရတယ်၊ မှော့်ကို အရမ်းသတိရနေတာ၊ ဟာ မှော့်အတွက် လက်ဆောင်ဝယ်ထားတာ ယူလာဖို့မေ့ခဲ့ပြီ "
"အာ... နားငြီးလိုက်တာ၊ တွတ်ထိုးနေတယ်"
သူမအသံက မဆိုသလောက် ကျယ်သွားသဖြင့် အနားရှိလူတွေရဲ့ အာရုံစိုက်ခြင်းကို ခံရပြန်သည်။
"ဆောရီး ဆောရီးပါ၊ ကိုယ်မရည်ရွယ်ပါဘူး... မှော် ကိုယ့်ဆီမှာ အာရုံရှိမယ်မထင်လို့ပါ "
ဉာဏ်ဝင့်သူသည် ဆေးကျောင်းသား၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး သူမကို ချစ်ခင်စွဲလန်းသော ခပ်ညံ့ညံ့ယောကျ်ားတွေထက် အနည်းငယ်သာလွန်သော ယောကျ်ားတစ်ယောက်ဖြစ်သည်။ မိဘချင်းက နှစ်အိမ့်တစ်အိမ်လိုဖြစ်နေပြီး သူမတို့ကို လူသိရှင်ကြားစေ့စပ်ကြောင်းလမ်းထားတာ မဟုတ်သော်လည်း အချင်းချင်းနှုတ်ကျွံထားပြီးဖြစ်သည်။ ယခုသူမအဖြစ်က မလှုပ်သာမလူးသာ အနေအထားမို့ အံကြိတ်လျက် ငြိမ်နေရ၏။
"ဘာလို့ ကိုယ်ဖုန်းဆက်တာမကိုင်တာလဲဟင်၊ နောက်ပြီး ဒီကိုလာမယ်ဆိုတာ ကြိုပြောရင်..."
" ဘာလုပ်ဖို့လဲ "
လက်ထဲကပန်းကန်အား ဆောင့်ချလိုက်ပြီး ဆတ်ခနဲ လှည့်ကြည့်ရင်း ခပ်ဆတ်ဆတ်ပြောလိုက်၏။ ဒေါသစိတ်က လူကိုဖိစီးကာ အသက်ရှုနှုန်းမြန်ဆန်လာပြီး လက်သီးကျစ်ကျစ်ဆုပ်ထားမိ၏။ ယောကျ်ားဆို ဘယ်ယောကျ်ားမှ အရောမဝင်ချင်လို့ ကိုယ့်ဘာသာ သီးသန့်နေနေတာကို သူမကို တစ်မျိုးမဟုတ်တစ်မျိုး လာလာနွယ်နေကြတယ်။
မှော့်မေးခွန်းကြောင့် ရုတ်တရက် သူငေးငိုင်သွားရသည်။ အဖြေမရှိတာမဟုတ်ပေမယ့် မှော့်မျက်ဝန်းထဲက မကျေနပ်မှုတွေ၊ ဒေါသအငွေ့အသက်တွေမြင်လိုက်ရသဖြင့် သူပူလောင်သွားရသောကြောင့် ခေတ္တခဏ ဆွံ့အသွားခြင်းသာ။
"မှော်ဝင်... အဘွားအတွက် မနက်စာသွားပို့လိုက်ဦး "
"ခင့်ကိုပေး အန်တီကေခိုင်၊ ခင်သွားပို့လိုက်မယ်၊ အဘွားအတွက်မနက်စာကို ခင်ပဲအမြဲ သွားပို့နေကျ "
စိတ်လျော့လိုက်ပြီး သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ပြီးမှ ဘွားရဲ့ဒုတိယမြေးမလေး ခင်ခင်က ကြားထဲက မျက်နှာဝင်လုပ်ကာ မေမေ့လက်ထဲမှ ဗန်းကိုဆွဲယူပြီး အခန်းပြင်ထွက်သွားတော့ သူမတစ်ယောက်ထဲ မတ်တပ်ရပ်လျက် ယောင်အမ်းအမ်းဖြစ်ကျန်ခဲ့တာမို့ ရှေ့သွားဖို့ ခြေလှမ်းလိုက်သောအခါ သူမဂါဝန်အနားစကို တက်နင်းမိသွားပြီး အရှိန်လွန်သွားကာ ကိုးရိုးကားရားဖြင့် လဲကျသွားသည်မှာ ဉာဏ်ဝင့်သူပေါင်ပေါ် ကွက်တိထိုင်မိလျက်သားဖြစ်သွားရ၏။
ရုတ်တရက် ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်မှန်းမသိလိုက်ဘဲ ကြောင်နနဖြစ်နေပြီးမှ အတင်းကုန်းကျုံးထရပ်လိုက်သော်လည်း ဟန်ချက်ပျက်သွားပြီး ပြန်လဲကျမလိုဖြစ်ပြီးမှ အောက်မှာရောက်နေသည့် ဉာဏ်ဝင့်သူက သူမခါးလေးကိုကိုင်၍ ထူမတ်ပေးသောအခါမှ ကောင်းကောင်းမတ်တပ်ရပ်နိုင်ပါ၏။ သူမတစ်ကိုယ်လုံးမှာရှိသည့် သွေးများဆူပွက်ကာ ရှက်လွန်းသဖြင့် မျက်နှာတစ်ဝိုက်နီမြန်းနေပြီး အသားတွေတဆတ်ဆတ်တုန်ရီနေ၏။ မိမိဒေါသကြောင့်ဖြစ်တာမို့ ကုလားမနိုင် ရခိုင်မမဲတော့ဘဲ အားလုံး၏စက်ကွင်းမှ လွတ်မြောက်ရန် ထမင်းစားခန်းထဲမှ လျင်မြန်စွာ ထွက်လာခဲ့ပါတော့သည်။
စိတ်ထဲတနုံ့နုံ့ဖြင့် ကိုယ့်ကိုယ်ကိုယ် ထုရိုက်သတ်ချင်နေမိပါသည်။ သူမသည် ယခုလို နမော်နမဲ့နိုင်လှသူမဟုတ်။ ယခုဖြစ်ရပ်ကို သင်ခန်းစာယူပြီး နောက်ထပ်မဖြစ်ဖို့ သတိကြီးကြီးထားရပေတော့မည်။
"အဝတ်စားသွားလဲလိုက်တော့လေ မှော်ဝင်"
"မှော့်အဝတ်စားတွေ ဘယ်မှာထားလဲ မေမေ"
"အပေါ်ထပ်အဝတ်လဲခန်းထဲမှာ "
ဂါဝန်လေးမ၍ ခပ်မြန်မြန်ပင် လှေကားထစ်တွေကို နင်းတက်သွားစဥ် အနောက်မှ ဉာဏ်ဝင့်သူ ထပ်ကြပ်မကွာ လိုက်လာသည်ကို သတိပြုမိသွားကာ ချာခနဲ လှည့်ကြည့်လိုက်၏။ ထို့နောက် သူမအပေါ်သို့ ဆက်တက်သွားတော့ သူကလည်း သူမနောက်သို့ဆက်လိုက်လာသဖြင့် သူမခြေလှမ်းတွေကို ရပ်လိုက်၏။ အံတင်းတင်းကြိတ်ထားရင်း လှေကားအလယ်လောက်မှာ ခြေစုံရပ်နေသည့် ဉာဏ်ဝင့်သူအား လှည့်ကြည့်လိုက်ပြီး...
"ဘာလုပ်ချင်လို့လဲ "
"မှော့်မျက်နှာလေးကြည့်ပြီး စကားအေးဆေးပြောချင်လို့ပါ "
ဘာအားကိုး၍ ထိုစကားပြောထွက်သလဲတော့မသိ။ ပြောထွက်သည့် ပါးစပ်ကိုတော့ ချီးကျူးမိပါရဲ့။ အိပ်နေတဲ့ကျားကို ပုတ်နိုးရင်ဘာဖြစ်မလဲဆိုတာ လူတိုင်းကိုလိုက်မရှင်းပြနိုင်ပေမယ့် မဖြစ်မနေပတ်သက်နေရသည့် ဉာဏ်ဝင့်သူကိုတော့ အချိန်တစ်ခုပေးပြီး ပြောပြပေးရပါလိမ့်မည်။
" ကျွန်မကိုဘာမှတ်နေလဲ "
"ရှင့်ရှေ့မှာရပ်နေတဲ့သူကို ဘယ်သူထင်နေတာလဲ "
" ပြောစမ်း "
ဉာဏ်ဝင့်သူပခုံးအား သူမလက်ဖြင့် ဆောင့်တွန်းရင်း အောက်သို့တစ်ထစ်ချင်း ဆင်းလာခဲ့ရာ ဉာဏ်ဝင့်သူသည် နောက်ပြန်အနေအထားဖြင့် အောက်သို့ဆင်းရင်း သူမအား သရဲသဘက်ပုံစံလိုမျိုး အံ့သြတကြီးကြည့်နေ၏။ ထိတ်လန့်တုန်လှုပ်မှုတို့မမြင်ရပါ။ သနားသော အကြည့်တွေသာ မြင်ရပါသည်။ ထိုအကြည့်တွေကို သူမမကြိုက်ပါ။ သူ့ဆီက လိုချင်တာလည်း ဒါမျိုးမဟုတ်ပါ။
"မကြည့်နဲ့၊ နောက်အဲ့လိုမကြည့်နဲ့ "
အာခေါင်ခြစ်သံဖြင့် တစ်လုံးချင်းပြောလိုက်ရင်း လက်နှစ်ဖက်ဖြင့် သူ့ရင်ဘက်အား တွန်းလိုက်ရာ လှေကားခြေရင်းသို့ ရောက်ရှိသွား၏။ ခန္ဓာကိုယ်တွင်း အပူမီးတို့လောင်ကျွမ်းနေသည်မှာ နှာခေါင်းထဲမှ နားထဲမှ အငွေ့တွေထွက်လာသလိုမျိုး ခံစားနေရသည်။ သူမသည် ထိုမျှ အဆင်ခြင်ဉာဏ်ကင်းမဲ့သည့် လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မထားခဲ့ပါ။
" မှော်ဝင်! "
ဉာဏ်ဝင့်သူနောက်ပါးဆီမှ ထွက်လာသောအသံဖြစ်သည်။ အသံကား ဆောင့်အောင့်၍ ခေါ်လိုက်သောအသံ။ ထို့နောက် ရှေ့ထွက်လာပြီး...
"ဒါဘာဖြစ်နေကြတာလဲ၊ မှော်ဝင် ခုသွား အပေါ်တက်တော့ "
မှော်ဝင်သည် တုတ်တုတ်မျှမလှုပ်ဘဲ သူမမျက်နှာချင်းဆိုင်တွင်ရှိနေသော ဉာဏ်ဝင့်သူအား ခပ်စိုက်စိုက်ကြည့်နေဆဲပင်။ သူမ မေမေ၏စကားကို လျစ်လျူရှုထားမိ၏။
"မှော်ဝင်! မေမေပြောနေတယ် "
နောက်ထပ်ပြောလာသော မေမေ့စကားကို မပစ်ပယ်ဝံ့တာမို့ တောက်တစ်ချက်ခေါက်လိုက်ပြီး အပေါ်ထပ်သို့တက်သွားလိုက်ပါတော့သည်။
"သားကပဲ သားညီမကို ခွင့်လွှတ်သည်းခံပေးလိုက်ပါကွယ်၊ သားလည်း သားညီမအကြောင်းသိနေတာပဲ "
"သားစိတ်ထဲဘယ်လိုမှမထားပါဘူး အန်တီ၊ တကယ်တော့ သားမှားတာပါ၊ မှော်မကြိုက်မှန်းသိရက်နဲ့ စိတ်အလိုလိုက်မိသလိုဖြစ်သွားတယ် "
မှော် ဘာကြောင့် သူ့ကို ခါးခါးသီးသီး ဖြစ်နေတာပါလိမ့်။ သူ့လုပ်ရပ်တွေက မိန်းကလေးတစ်ယောက် လက်မခံချင်လောက်အောင် လွန်လွန်ကျူးကျူးဖြစ်နေလို့လား၊ ကာယိန္ဒြေပျက်ပြားအောင်လုပ်မိလို့လား၊ မနှစ်မြို့ဖွယ် ယုတ်ညံ့တဲ့ စကားကြမ်းတွေပြောမိလို့လား။ ဘာကြောင့်များ အမြင်မကြည်ဘဲ မုန်းတီးနေရတာလဲ။ ဘာကြောင့်များ...။
°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°•°🖤🖤
အခန်း(၆) ဆက်ရန်>>>
#ပတ္တမြားအလင်း